← Chapters

ထိတ်လန့်နေသောငှက် (၂)

Vol. 105 Ch. 1437

ထိတ်လန့်နေသောငှက် (၂)

Vol. 105 Ch. 1437

ထိုအနံ့မှာ ဆိုးဝါးလွန်းသည်။ ယင်းအနံ့ မြေပြင်ထက်သို့ လွှမ်းခြုံလာနေသည့်အခါ ကင်းမြှီးကောက်နက်ကလန်ဝင်များစွာသည် အော့အန်လုနီးပါး ဖြစ်သွားကြ၏။ ကျုံးသဟုန်၏ ကျင့်ကြံမှုမှာ အဆင့်နိမ့်ကာ သူသည် လောဘကြီး၏ပုံရိပ်ကိုလည်း သိမထားပေ။ ထို့ကြောင့် သူက တိုက်ရိုက် အန်လိုက်မိ၏။

သူ့အော့အန်မှုက လောဘကြီး၏အမူအရာကို သုန်မှုန်သွားစေသည်။ လောဘကြီးက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ ယပ်တောင်ကြီးတစ်ခု ပေါ်လာ၏။ ထိုယင်တောင်မှ တောက်ပလာပြီး ရှေ့သို့ ဝေ့ယမ်းသည်။

မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်ကုန်၏။ တောင်များ ပြိုကျသည်။ ဝမ်လင်း၏လှိုဏ်ဂူသည်ပင် ပျက်စီးသွားသည်။

ကင်းမြှီးကောက်နက်ကလန်ဝင်များသည် ထိုလေပြင်းကို တောင့်ခံနိုင်စွမ်း မရှိဘဲ သွေးအန်လိုက်ရ၏။ သူတို့သည် နောက်သို့ လွင့်စင်ကုန်သည်။ ကင်းမြှီးကောက်နက်ခေါင်းဆောင်မှာ ခါးသီးစွာ ရုန်းကန်ရ၏။ သို့သော် သူသည် မဟန်နိုင်ဘဲ နောက်သို့ ဖြည်းဖြည်းချင်း လွင့်သွားရသည်။

မြေပြင်ထုသည် ပြိုကျကာ ကောင်းကင်သည်ပင် ဆုတ်ပြဲသွားပလား မှတ်ထင်ရသည်။ ကျန့်ဟူသောအဘိုးအိုက သွေးအန်ကာ မေ့မျောသွားတော့၏။ သူလည်း အဝေးသို့ လွင့်ထွက်သွားကာ အရိပ်အယောင်ပင် မမြင်ရတော့ပေ။

ယပ်တောင်၏ခွန်အားကား ဤနေရာရှိ ကျင့်ကြံသူအားလုံးကို တုန်လှုပ်စေသည်။

ကျုံးသဟုန်သည် ပြင်းထန်သောအားတစ်ခု၏ ဖမ်းကိုင်ခြင်းကို ခံရကာ သူသည် လောဘကြီး၏ရှေ့သို့ တိုက်ရိုက် ကျရောက်သွား၏။ သူက လောဘကြီးနှင့် ပိုနီးကပ်လာသည့်အခါ အနံ့ဆိုးမှာ ပိုပြင်းလာ၏။ ထိုအနံ့ဆိုးကြောင့် သူ၏အမူအရာမှာ ကြီးစွာ ရုပ်စိုးနေတော့သည်။

လောဘကြီးက ကျုံးသဟုန်ကို စိုက်ကြည့်ကာ ဖြည်းဖြည်းချင်း မေးလိုက်သည်။ “နံသေးလား…”

“မနံ…မနံတော့ပါဘူး…” ကျုံးသဟုန်၏ စိတ်သည် တုန်ယင်မိ၏။ သူသည် ထိုအနံ့ဆိုးကို တင်းခံထားရ၏။ သူသည် သူ့ရှေ့မှလူက သူ့အား မယုံကြည်မှာကို ကြောက်နေ၏။ ထို့ကြောင့် သူက အားပါးတရလေရှိုက်သွင်းကာ ဟန်ဆောင်ပြသည်။ သို့ပေမည့် ထိုအဖြစ်က သူ့ကို နောက်တစ်ကြိမ် ထိန်းမထားနိုင်ဖြစ်စေကာ အန်ထွက်သွားစေ၏။

လောဘကြီးရဲ့ မျက်လုံးထဲရှိ သတ်ဖြတ်ချင်စိတ်ကို ကြည့်ကာ ကျုံးသဟုန်ကာ အားတင်းအော်ဟစ်လိုက်သည်။ “ငါ့သခင်ရဲ့ ကျင့်ကြံမှုဟာ ကောင်းကင်ကိုဆန့်ကျင်တယ်။ သင်သာ ငါ့ကို သတ်ခဲ့ရင် သင် သံသယမရှိ သေရလိမ့်မယ်။ ကင်းမြှီးကောက်နက်ကလန်ခေါင်းဆောင်တောင် ငါ့သခင်ရဲ့ ရိုက်ချက်တစ်ချက်ကို ခံနိုင်စွမ်း မရှိဘူး။ သင့်ရဲ့ ကျင့်ကြံမှုအဆင့်က မြင့်ပေမယ့်လည်း သင်ဟာ သူ့ပြိုင်ဘက် မဟုတ်နိုင်ဘူး…”

လောဘကြီးက နှာခေါင်းရှုံ့လိုက်၏။

ထိုကဲ့သို့ သေရေးရှင်ရေးအခိုက်အတန့်တွင် ကျုံးသဟုန်သည် အရာအားလုံးကို စွန့်စားကာ ထပ်အော်သည်။ “သခင်ဟာ အခုလမ်းမှာ ပြန်လာနေပြီ။ အချိန်မရွေး ရောက်လာနိုင်တယ်။ သင် ငါ့ကို ထိရဲထိကြည့်။ သံသယမရှိ သေရလိမ့်မယ်။ ကင်းမြှီးကောက်ကလန်တောင် ငါ့သခင်ရဲ့ ကျေးကျွန်တွေ ဖြစ်လာခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ငါ့ကို ဒဏ်ရာရစေခဲ့လို့ပဲ။ သင်လည်း တူတူပဲ ဖြစ်လိမ့်မယ်…”

“သူ့ကျင့်ကြံမှုအဆင့်က ကောင်းကင်ဘုံကိုဖိဆန်တယ်ဟုတ်လား။ မင်းသာ ဒီလိုမပြောခဲ့ရင် အဆင်ပြေသေးတယ်။ ဒါပေမဲ့ အခုတော့ ဒီအဘိုးအိုက မင်းရဲ့သခင် ဘယ်လောက်အစွမ်းထက်လည်း ကြည့်မယ်။ မင်းလို ကျွန်တစ်ယောက်က ဒီအဘိုးအိုကို စော်ကားခဲ့မှတော့ မင်းရဲ့သခင်လည်း အမှားကြောင့်ပဲ။ ငါ့သည်းခံနိုင်စွမ်းကို လာထိပါးတဲ့သူမှန်သမျှ သေရမယ်…”

လောဘကြီးသည် သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ မူလစွမ်းအင်သည် ကျုံးသဟုန်၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာ၏။ ကျုံးသဟုန်၏ခန္ဓာကိုယ်မှ ပျက်စီးသွားတော့မည့်အလား သူသည် သွေးအန်လိုက်ရပြီးနောက် သိပ်မဝေးသောနေရာသို့ လွင့်ကျသွားသည်။

“မင်းတို့အားလုံးဟာ ကင်းမြှီးကောက်နက်ကလန်ရဲ့ အစိတ်အပိုင်းဖြစ်နေရင်တော့ ဒီအဘိုးအိုက မင်းတို့နှစ်ယောက်ကို သတ်ရတာ တကယ်အဆင်မပြေ ဖြစ်အုံးမယ်။ ဒါပေမဲ့ မင်းတို့က အဲ့လိုမဟုတ်မှတော့ မင်းဆရာက ငါ့ကို ဘယ်လိုများ သတ်မလဲဆိုတာ ငါ တကယ်မြင်ချင်မိပြီ…” လောဘကြီးသည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ လေပြင်းတစ်ခုသည် သည်ဂြိုဟ်ပေါ်ရှိ ကင်းမြှီးကောက်နက်ကလန်ဝင်များအားလုံးကို ဝေ့ခတ်သွားသည်။

ထိုသို့ပြုလုပ်ပြီးနောက် လောဘကြီးက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းရင်း မောက်မာစွာဖြင့် တိမ်ပင်လယ်ကလန်ထံသို့ ပြောလိုက်၏။ “မင်းတို့အားလုံးဟာ ဒီအဘိုးအိုနဲ့အတူ ဒီကျွန်ရဲ့ သခင်ကို စောင့်ကြမယ်။ မင်းတို့အားလုံးကို ငါ့ရတနာရဲ့ခွန်အားစွမ်းပကားကို ပြသပေးမယ်…”

“ဒီအဘိုးအိုရဲ့ ရတနာတွေအသုံးပြုတာကို ကြည့်ရတာဟာ မင်းတို့ဘဝရဲ့ မဟာကံကောင်းမှုတစ်ခုပဲ။ ဒီအဘိုးအိုရဲ့ ရတနာတွေဟာ အစွမ်းထက်ပြီး လူအနည်းကသာ ယှဉ်နိုင်တယ်။ ဒီအဘိုးအို ကောင်းကင်ဘုံဒုက္ခအဆင့်ကျင့်ကြံသူတစ်ယောက်ကို သတ်တာကို မြင်လိုက်ရရင် မင်းတို့တစ်သက်လုံး ဒီမြင်ကွင်းကို မေ့နိုင်တော့မှာ မဟုတ်ဘူး…”

လောဘကြီး၏အသံသည် အလွန်မောက်မာ၏။ သူက သူ့လက်ကိုဝေ့ယမ်းလိုက်သည်။ ရှေးဟောင်းကျောက်ပြားချပ်ကိုးခုသည် သူ့ရှေ့တွင် ပေါ်လာပြီး ကောင်းကင်ကိုပါ အရောင်ပြောင်းစေသည်။ သူက လက်ထပ်မံ ဝေ့ယမ်းလိုက်ရာ ဓားကိုးဆယ့်ကိုးလက် ပေါ်လာပြီး ကြောက်မက်ဖွယ်ဓားစွမ်းအင်ကို ပေးစွမ်းသည်။

နောက်ထပ်လှိုင်းတစ်ခု ပေါ်လာခြင်းနှင့်အတူ သူသည် အစိမ်းရောင်အလင်းစများကို ပက်ဖြန်းလာစေ၏။ ထိုအစိမ်းရောင်အလင်းများ မြေပြင်ထက်သို့ ကျရောက်သွားသည့်အခါ မြေပြင်ထုသည် စတင်လှုပ်ခါလာပြီး သိပ်သည်းသောတောအုပ်တစ်အုပ် ပေါ်လာသည်။ ထိုအခြင်းအရာများက တိမ်လွတ်မြောက်ခြင်းကလန်မှ လူများကို စိတ်လှုပ်ရှားစေသည်။ သူတို့သည် လောဘကြီး သူ၏ရတနာများကို အသုံးပြုသည်ကို တွေ့မြင်ရသည့်အပေါ် အိပ်မက်တစ်ခုအလား ခံစားကြရ၏။

“အရှင်လောဘကြီးရဲ့ ရတနာတွေဟာ ဒီပြိုလဲကုန်းမြေမှာ ကျော်ကြားလှပါတယ်။ ငါတို့က ဒါကို ကိုယ်တိုင်ကိုယ်ကျ မြင်ရတာဟတာ ငါတို့အတွက် ဂုဏ်ယူစရာပါပဲ…”

“အရှင်လောဘကြီးရဲ့ ရတနာတွေဟာ ကောင်းကင်ဘုံဒုက္ခအဆင့်ကျင့်ကြံသူတွေကိုတောင် သတ်နိုင်တယ်တဲ့။ ဒီလိုအရာမျိုး အရင်က လုံးဝ မဖြစ်ဖူးခဲ့ဘူး။ ဒီလိုမျိုး မြေပြင်ထုပျက်စီးစေနိုင်တဲ့ရတနာမျိုးဟာ ဘယ်လိုအရာမျိုးလဲဆိုတာ ငါ မသိဘူး။ ဒီနေ့တော့ နောက်ဆုံးမှာ ဒီလိုရတနာကို ငါ ကိုယ်တိုင်မြင်ခဲ့ရပြီ…”

“အရှင်လောဘကြီးမှာ ရတနာတွေအများကြီး ပိုင်ဆိုင်ထားတယ်။ ဘယ်သူကမှ သူ ဘယ်လောက်များများ ပိုင်ဆိုင်ထားလဲ မသိကြဘူး။ သူ့ရဲ့ ရတနာအစွမ်းကို ခုလိုမျက်မြင်တွေ့ရတာဟာ ကံကောင်းခြင်းပဲ…”

ပတ်ဝန်းကျင်ရှိ တိမ်လွတ်မြောက်ခြင်းကလန်မှ ကျင့်ကြံသူများသည် စိတ်လှုပ်ရှားနေကာ သဘောတူညီစွာ ခေါင်းညိတ်ကြသည်။

ကျုံးသဟုန်ကလည်း ကောင်းကင်ထက်သို့ စိုက်ကြည့်နေ၏။ သူသည် ထိတ်လန့်ကြောက်ရွှံ့နေသည်။ သူက ဒီလောဘကြီး၏နောက်ခံပုံရိပ်ကို မသိသော်လည်း ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ အမူအရာကို တွေ့မြင်ရသည့်အခါ သူ့စိတ်နှလုံးမှာ ပြိုလဲရသည်။

လောဘကြီးသည် အလွန်မောက်မာသည့်အမူအရာဖြင့် သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ သူ့အောက်ရှိ တောအုပ်ထံမှ ဟိန်းမြည်သံတစ်သံ ထွက်ပေါ်လာသည်။ တောအုပ်တစ်ခုလုံးသည် အသက်ဝင်လာသည့်အလား။ တွန့်ခေါက်လာ၏။ လူတိုင်းရှေ့တါင် ပေါ်လာသည့်အရာက သူတို့အား ပင့်သက်ရှိုက်မိစေလေသည်။

ကြီးမားသော ထိုတောအုပ်ကြီးက ရုတ်တရက် မြင့်တက်လာ၏။

“ဒါက ဘယ်လိုတောအုပ်မျိုးလဲ။ ဒါဟာ သစ်ပင်တွေနဲ့ဖွဲ့စည်းထားတဲ့ ကြီးမားတဲ့သက်ရှိအရာတစ်ခုဆိုတာ ရှင်းနေပြီ…”

သစ်ပင်ကြီးများသည် စုဝေးလာလျက် တဖြည်းဖြည်း ထရပ်လာသော ဧရာမသစ်ပင်လူသားတစ်ယောက်အသွင် ဖြစ်လာသည်။ ထိုသစ်ပင်လူသားသည် ပေထောင်သောင်းချီ မြင့်မားကာ အစွမ်းထက်အော်ရာကို ပေးစွမ်းနေသည်။ ၎င်း မတ်တပ်ရပ်နေရင်း မြေပြင်ထုမှာ အပြင်းအထန် တုန်ခါရလေ၏။

လောဘကြီး၏ခန္ဓာကိုယ်သည် လှစ်ခနဲဖြစ်ကာ ထို့နောက် သူသည် သစ်ပင်လူသား၏ဦးခေါင်းထက်တွင် မားမားရပ်လိုက်သည်။ သူ့အမူအရာက ပိုမောက်မာလာ၏။ ထို့နောက်သူ့ရှေ့တွင် မိုးကြိုးတုန်ဟည်းသံ ဖြစ်ပေါ်ကာ ကြီးမားသောအဟတစ်ခု ပွင့်ဟလာသည်။

ဧရာမမီးပြင်းဖိုသည် ဖြည်းဖြည်းချင်း ပျံသန်းထွက်လာပြီး သူ့ဘေးနားတွင် လွင့်မြောသည်။

“အင်ပါယာမီးပြင်းဖို…။ ဒါဟာ လောဘကြီးရဲ့ကျော်ကြားလှတဲ့ ရတနာတွေထဲကတစ်ခုပဲ။ အင်ပါယာမီးပြင်းဖို…”

“လောဘကြီး နိဗ္ဗာနသန့်စင်ခြင်းအဆင့်မှာ ရှိတုန်းက သူဟာ ဒီရတနာကို အသုံးပြုခဲ့ပြီး သူ့နောက်လိုက်လာတဲ့ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူသုံးယောက်ကို ရင်ဆိုင်ခဲ့တယ်လို့ ငါ ကြားခဲ့ဖူးတယ်။ သူက တစ်ယောက်ကို သတ်ပြီး ကျန်တဲ့နှစ်ယောက်ကို ဒဏ်ရာအပြင်းအထန် ရစေခဲ့တယ်တဲ့…”

လောဘကြီးသည် သူ့ညာလက်ကို ထပ်မံ ဝေ့ယမ်းလိုက်ရာ မြူနက်ထု ပေါ်လာသည်။ ယင်းမြူနက်ထုသည် လှံရှည်တစ်လက်အဖြစ် ကြုံ့လာ၏။

ထိုလှံမှာ မြူဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး ပြင်းထန်သောအဖျက်အစီးအော်ရာကို ပေးစွမ်းသည်။

ယင်းရတနာများ ထွက်ပေါ်လာမှုက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးကို တုန်လှုပ်သွားစေသည်။ သူတို့သည် လောဘကြီးကို ထိတ်လန့်စွာ မကြည့်မိဘဲ မနေနိုင် ဖြစ်ရ၏။ ကျုံးသဟုန်သည်ပင် စတင်၍ ထိတ်ပျာလာပြီး သူ့စိတ်ထဲတွင် ခါးသက်စွာ ခံစားနေရသည်။

လောဘကြီးက ထိုအကြည့်များကို ကျေနပ်၏။ သူက ထိုအကြည့်များကို ရသည့်အခါ သူသည် သူ့ခန္ဓာကိုယ်ပေါ်မှ အနံ့ဆိုးကို မေ့ထားနိုင်သည်။ ဝမ်လင်းကြောင့် ခံစားခဲ့ရသော အရှက်ရမှုကို မေ့ဖျောက်ထားနိုင်သည်။

“ဒါတွေဟာ ဒီအဘိုးအိုရဲ့ ရတနာတွေထဲက အချို့အဝက်ပဲ ရှိသေးတယ်။ ငါဟာ အခုချိန်ထိ ထုတ်မသုံးရသေးတဲ့ ရတနာတွေအများကြီး ရှိနေသေးတယ်။ ဒီအဘိုးအိုမှာ ရတနာတွေအများကြီးရှိပြီး ဒီလိုပိုင်ဆိုင်မှုအရာမှာ တတိယအဆင့်ကျင့်ကြံသူတောင် ယှဉ်နိုင်မှာ မဟုတ်ဘူး…”

လောဘကြီး၏ ခွန်အားအပြည့်အသံ ထွက်ပေါ်လာသည့်အခါ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် ပို၍ စိတ်လှုပ်ရှားလာကြသည်။

ကျုံးသဟုန်၏အမူအရာသည် ဖြူရောလာ၏။ သူက တွေးသည်။ “ပြီးသွားပြီ…အဆုံးသပ်ပြီ။ သူ့မှာ ဒီလောက်ရတနာတွေ ရှိနေလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ ကြည့်ရတာ ဒီရတနာတွေအားလုံးဟာ အစွမ်းထက်လှတဲ့ပုံပဲ…”

ထိုအခိုက်အတန့်တွင် လောဘကြီး၏အောက်ရှိ သစ်ပင်လူသားသည် အပေါ်သို့ မော့ကြည့်ကာ ၎င်း၏မျက်လုံးထံမှ ကြောက်မက်ဖွယ်အစိမ်းရောင်အလင်းကို ထုတ်ဖော်၏။ လောဘကြီးသည် မောက်မာမှုအပြည့်ဖြင့် ကောင်းကင်ထက်သို့ မော့ကြည့်သည်။

သူ့ပတ်လည်ရှိ ရတနာများသည် ကျယ်လောင်စွာ မြည်ဟိန်းပြီး အသက်ဝင်တော့မည့် အရိပ်လက္ခဏာ ပြသလာသည်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးသည်လည်း ကောင်းကင်ထက်သို့ စိတ်လှုပ်ရှားမှုကြီးစွာ မော့ကြည့်ကြသည်။ သူတို့အားလုံးသည် လောဘကြီး၏ရတနာများ၏ ခွန်အားကို တွေ့မြင်ရဖို့ စောင့်ဆိုင်းနေကြ၏။

ကောင်းကင်ထက်တွင် လှိုင်းဂယက်များ ပေါ်လာ၏။ လူတိုင်း၏အကြည့်က ယင်းလှိုင်းဂယက်များထံ စုစည်းလာချိန်တွင် ပုံရိပ်တစ်ခုသည် ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။

ထိုပုံရိပ်သည် အနည်းငယ် ဝေဝါးနေ၏။ သို့သော် မထူးခြားနားခံစားမှုက လောကတွင် ပြည့်နှက်လာသည်။

လောဘကြီး၏အမူအရာသည် အလွန်အမင်းမောက်မာ၏။ သို့သော် သူက ထိုပုံရိပ်ကို တွေ့မြင်သည့်အခါ သူ့ခန္ဓာကိုယ်သည် တုန်ယင်လျက် မျက်လုံးသူငယ်အိမ် ကြုံ့သွားသည်။ သူ့စိတ်မှာ တုန်ရီလျက်၊ သူ့ပါးစပ်မှာ ဟောင်းလောင်းပွင့်ဟကာ သူ၏မျက်လုံးထဲတွင် မယုံကြည်နိုင်မှု ပြည့်နှက်သည်။ သူသည် သူ့မျက်လုံးကိုပါ အလိုလို ပွတ်ကြည့်လိုက်မိပြီး သေချာထပ်ကြည့်သည်။ သူ၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွားလေ၏။

သူသည် သူ့ကြောက်ရွှံ့ခြင်း၏ရင်းမြစ်ကို တွေ့မြင်ရဖို့ အိပ်မက်ထဲ၌ပင် မခန့်မှန်းကြည့်ရဲခဲပေ။ သူ၏ကြောက်ရွှံ့ခြင်းရင်းမြစ်မှာ သူ၏ရတနာများကို လုယူခဲ့သော သူ့အိပ်မက်ဆိုး ဖြစ်လာသော ဝမ်လင်းပင်။

“ဒါ…ဒါ မဖြစ်နိုင်ဘူး။ ငါ့မျက်စိ မကောင်းတော့ဘူး။ အမြင်တွေ ဝါးနေပြီ…” လောဘကြီး၏စိတ်နှလုံးမှာ တုန်ခါလျက် သူသည် ချွေးများ ရွှဲနစ်လာသည်။ သူ့တစ်ကိုယ်လုံးလည်း တုန်ရင်နေ၏။ ထိုပုံရိပ်က ပိုရှင်းလင်းလာချိန်တွင် လောဘကြီးသည် နောက်ထပ် ထပ်ကြည့်သည်။ သူ့စိတ်ထဲတွင် ပေါက်ကွဲသံ ပဲ့တင်ထပ်ကာ သူ၏မျက်လုံးသည် ပြူးကျယ်သွားလျက် မယုံကြည်နိုင်မှု အထင်းသား ပြည့်နှက်သည်။

သူ့အိပ်မက်ဆိုးများသည် စိတ်ထဲ၌ ပေါက်ကွဲထွက်လာ၏။

“သူ…ဒါက သူပဲ…။ သူက ဘယ်လိုလုပ် ဒီနေရာမှာ ရောက်နေတာလဲ။ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။ သူဟာ အတွင်းနယ်မြေမှာ ရှိတာ။ ဒါ့ကြောင့် ဒီနေရာကို ဘယ်လိုများ ရောက်လာနိုင်ပါ့မလဲ….။ အကုသိုလ်ပဲ။ သူဟာ ငါ့အတွက် အကုသိုလ်ပဲ….။ သူဟာ ငါ့မှာ ရတနာအသစ်တွေ ထပ်ပိုင်ဆိုင်ထားမှန်း ကျိန်းသေသိလောက်မယ်။ ဒါ့ကြောင့် သူ ငါ့ရှိကနေ ထပ်လုဖို့ ရောက်လာခဲ့တာ ဖြစ်ရမယ်…”

အဖြစ်အပျက်များသည် မြန်လွန်း၏။ ထိုပုံရိပ်လှမ်းထွက်လာသည့်အခိုက်တွင် လူတိုင်းသည် လောဘကြီးကို စိတ်လှုပ်ရှားစွာ ကြည့်ကြသည်။ သူတို့သည် လောဘကြီးက ရတနာတစ်ခုကို ထုတ်ယူကာ သည့်လူကို ချက်ခြင်းသတ်ပစ်မည်ကို မျှော်လင့်နေကြ၏။

လောဘကြီးသည် ထိတ်လန့်တကြား အော်ဟစ်လိုက်၏။ သူက တွေဝေမနေဘဲ နောက်ဆုတ်ကာ သူ့အမြန်နှုန်းကို အဆကိုးဆယ်ဖြစ်သည့်အထိ တိုးပွားရန် မန္တာန်တစ်ခုကို ချက်ခြင်း အသက်သွင်းသည်။ သူက ချက်ခြင်း ထွက်ပြေးလေတော့၏။

သူ့ထွက်ပြေးသော အမြန်နှုန်းမှာ အံ့မခန်းပင်။ သူက သူ စောနကထုတ်ယူခဲ့သော ရတနာများကို ပြန်သိမ်းဆည်းရန်ပင် အချိန်မရှိတော့ပေ။ အဖြစ်အပျက်မှာ ရုတ်တရက်ဆန်လှ၏။ ကျုံးသဟုန်အပါအဝင် ကျင့်ကြံသူတိုင်းသည် မင်သက်ကုန်ကြသည်။

“ဒါ…ဒါက အရှင်လောဘကြီး ဘယ်လိုမန္တာန်မျိုးကို အသုံးပြုလိုက်တာလဲ…”

“သူဟာ ကျိန်းသေပေါက် မြန်လွန်းတယ်။ ဖျပ်ခနဲ ပျောက်သွားပြီ။ သူဟာ အစွမ်းထက်ရတနာတစ်ခုခုကို မထုတ်ခင် ပြင်ဆိုမှုအချို့ အထိုင်ကျနေတာများလား…”

“သူ ခုလေးတင် အော်လိုက်တယ်လေ။ ဒါက…ဒါက တစ်ခုခုမှား နေသလိုပဲ။ သူဟာ ကြောက်မက်ဖွယ်အရာတစ်ခုနဲ့ တွေ့ကြုံလိုက်ရသလိုမျိုးပဲ…”

“ငါ…ဘာကြောင့်များ အရှင်လောဘကြီး ထွက်ပြေးသွားတာလို့ ခံစားမိနေရတာလဲ…”

“လောဘကြီးလား…”

“လောဘကြီး…” ဝမ်လင်း၏ပုံရိပ်သည် လှမ်းထွက်လာခဲ့သည်။ သူသည်လည်း မင်သက်နေမိပေသည်။

***

All Chapters