← Chapters

ရတနာများကို စုဆောင်းခြင်း

Vol. 105 Ch. 1438

ရတနာများကို စုဆောင်းခြင်း

Vol. 105 Ch. 1438

ဝမ်လင်းသည် ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းတွင် လောဘကြီးကို တွေ့ရလိမ့်မည်ဟု ဘယ်တုန်းကမျှ မတွေးထားခဲ့ပေ။ သူ့မှတ်ဉာဏ်ထဲ၌ လောဘကြီးသည် လမြွေနဂါးကြောင့် သေဆုံးခဲ့ပြီးဟုသာ ထင်ထား၏။

ဝမ်လင်းသည် လောဘကြီးကို တွေ့မြင်သည့်အခိုက်အတန့်တွင် သူ့စိတ်ဓာတ်အင်အားဖြင့်ပင် သူသည် ခဏတာ ကြောင်ကာ မင်သက်သွားမိ၏။

သူ ထပ်မံကြည့်လိုက်သည့်အချိန်တွင် လောဘကြီးသည် အရိပ်အယောင်ပင်မတွေ့ရသည့်အထိ ထွက်ပြေးသွားခဲ့ပြီး ဖြစ်သည်။ သူ့နောက်တွင်တော့ ငေးကြောင်နေသော ကျင့်ကြံသူတစ်ထောင်ကို ချန်ထားခဲ့၏။

ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။ လောဘကြီး၏ကျင့်ကြံမှုအဆင့်ဖြင့် ထိုသူသည် ချိပ်ပိတ်နယ်မြေအစီအရင်ကို ချိုးဖျက်နိုင်ရန်မှာ မဖြစ်နိုင်ပေ။ သို့တိုင်တောင်မှ သူသည် ယခုချိန်တွင် ဤနေရာ၌ ရောက်နေသည်။

လောဘကြီး၏အမြန်နှုန်းမှာ မြန်လွန်းသဖြင့် ဝမ်လင်းကိုပင် မင်ငေးသွားစေ၏။ မျက်စိတစ်မှိတ်အတွင်း သူသည် သည်ဂြိုဟ်ကနေ ထွက်သွားပြီးဖြစ်ကာ သူ့ရတနာများကိုပင် ပြန်သိမ်းဆည်းသွားခြင်း မရှိပေ။

တောအုပ်ကြောင့် ဖြစ်ပေါ်သော ဧရာမသစ်ပင်လူသားသည်ပင် နေရာတွင် ရပ်နေဆဲသာ။ လောဘကြီး၏ထိန်းချုပ်မှု ကင်းမဲ့သွားသည့်နောက် ၎င်းထံတွင် အဖျက်အစီးစွမ်းအား ဆက်ရှိမနေတော့ပေ။

ထိုဧရာမသစ်ပင်ကြီးဘေးတွင်တော့ ဧရာမမီးပြင်းဖိုတစ်ခုလည်း ရှိနေ၏။ ယင်းမီးပြင်းဖိုက ရှေးဟောင်းအော်ရာတစ်ခုကို ပေးစွမ်းသည်။ ၎င်း၏ကြောက်မက်ဖွယ်အော်ရာမှာလည်း လျော့ပါးဆုံးရှုံးသွားတာ မရှိပေ။

ထိုနေရာ၏ ဘေးတစ်ဖက်တွင် မြူဖြင့် ပြုလုပ်ထားသောလှံရှည်တစ်လက် ရှိသည်။ ၎င်းသည် အပြည့်အဝဖြစ်ပေါ်ခြင်း မရှိသေးဘဲ လှံမှမြူ၊မြူမှလှံအဖြစ်သို့ ပြောင်းလဲနေ၏။ ၎င်းသည် အသက်ရှုချိန်တစ်ကြိမ်စာအတွင်းမှ အနည်းဆုံးအကြိမ်တစ်ရာလောက် ထိုကဲ့သို့ အသွင်ပြောင်းနေသည်။

အစီအရင်တစ်ခုအသွင် ဖြစ်ပေါ်နေဟန် တူသော ကျောက်ပြားကိုးခုလည်း ရှိသေးသည်။ ယင်းတို့က တစ္ဆေအလင်းတစ်ခုကို ပေးစွမ်းကာ အစွမ်းထက်အကာအကွယ်တစ်ခုအသွင် ဖြစ်ပေါ်နေဟန် ထင်ရသည်။ ထိုဧရိယာတွင် ဓားပျံကိုးဆယ့်ကိုးချောင်း လှည့်ပတ်နေ၏။

ဝမ်လင်း၏အကြည့်သည် ထိုရတနာများအားလုံးပေါ်သို့ ဝေ့ဝိုက်ကျရောက်သွားသည်။ သူက အသက်ခပ်ဝဝရှုသွင်းလိုက်မိသည်။

“ဒီလောဘကြီး…ငါ့သူ့ကို မတွေ့ရတာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ။ သူ့မှာ အံ့မခန်းရတနာတွေအများကြီး ပိုင်ဆိုင်လာခဲ့ပြီပဲ…” ဝမ်လင်းသည် ကျင့်ကြံသူတစ်ထောင်ကို ကြည့်ပင်မကြည့်ချေ။ သူက သူ့လက်ကို ကြမ်းတမ်းစွာ ဆန့်ထုတ်လိုက်လေ၏။

ဧရာမလက်တစ်ဖက်သည် ကောင်းကင်ကို ဖုံးလွှမ်းကာ ဆင်းသက်လာချေသည်။ ဓားပေါင်းကိုးဆယ့်ကိုးလက်မှာ စတင် တုန်ယင်လာ၏။ ထိုလက်က အံ့မခန်းဆွဲအားတစ်ခု ရှိနေသည့်အလား ယင်းဓားအားလုံးသည် စုပ်ယူခြင်း ခံလိုက်ရသည်။

ဓားကိုးဆယ့်ကိုးလက်ကို ဆွဲငင်ယူပြီးနောက် ဝမ်လင်းက သူ့ပါးစပ်ကို ဟလိုက်ပြီး မူလစွမ်းအင်အဆီအနှစ်ကို ထွေးထုတ်လိုက်သည်။ ထိုစွမ်းအင်သည် ဓားကိုးဆယ့်ကိုးလက်ကို လေပြင်းအလား ရိုက်ခတ်လွှမ်းခြုံသွားပြီး လောဘကြီး၏နတ်ဘုရားအာရုံအမှတ်အသားများသည် မြန်ဆန်စွာ ပျက်စီးသွားချေ၏။

လောဘကြီး၏ နတ်ဘုရားအာရုံသည် ဓားများထံမှ ပတ်သယ်ခံနေရစဉ်တွင် သည်ကျင့်ကြံခြင်း၏အဝေးသို့ ရောက်နေသော လောဘကြီးမှာ ထွက်ပြေးနေ၏။ သူ့မျက်နှာထက်တွင် ထိတ်လန့်မှုအထင်းသား။ သူသည် သနားစရာအခြေအနေ ရောက်နေ၏။

သူက ဝမ်လင်းကို တွေ့မြင်သည့်အခါ သူ့စိတ်မှာ ဗလာကင်းမဲ့သွားပြီး ထွက်ပြေးရန်ပင် မတွေးမိခဲ့ပေ။ ဝမ်လင်းအပေါ် သူ့မသိစိတ်ထဲက‌ ကြောက်ရွှံ့မှုသည် ပေါက်ကွဲထွက်လာပြီး ယင်းစိတ်က သူ့အား ချက်ခြင်းလိုလို အစွမ်းကုန် ထွက်ပြေးမိစေခြင်းသာ။

သူသည် သူ့ရတနာများကို ဝမ်လင်းက တစ်ခုပြီးတစ်ခု သိမ်းဆည်းသွားမည်ကို ကြောက်နေ၏။

အဖြစ်အပျက်မှာ မြန်လွန်းသည်။ သူ ထွက်ပြေးလာခဲ့ပြီးနောက် ရုတ်တရက် အသိပြန်ဝင်လာ၏။ သူသည် ရုတ်တရက် ရပ်တန့်လိုက်သည်။ သူ့အမူအရာမှာ မသေချာမရေရာမှုဖြင့် ပြည့်နှက်သွားသည်။

“ဒီအဘိုးအိုဟာ အခုဆို အရင်ထက် အဆများစွာ ပိုသန်မာလာခဲ့ပြီ။ ငါ့ရတနာလက်နက်တွေဟာလည်း အရင်ထက် အများကြီး ပိုသန်မာလာခဲ့ပြီ။ ငါဟာ ကောင်းကင်ဘုံဒုက္ခအဆင့်ကျင့်ကြံသူတွေကိုတောင် တိုက်ခိုက်နိုင်ပြီ။ ဒီဝမ်လင်းဟာ ဂျူနီယာတစ်ယောက်သာသာပဲ။ ဒါပေမဲ့ ဘာကြောင့် ငါ ထွက်ပြေးမိခဲ့တာလဲ…” လောဘကြီးသည် အံတင်းတင်းကြိတ်ကာ ဖြစ်ပျက်သမျှကို ပြန်စဉ်းစားကြည့်သည်။ သူ့စိတ်ထဲ၌ ဒေါသလှိုက်တက်လာသည်။ သူသည် ဝမ်လင်းကို ဒေါသထွက်တာ မဟုတ်ပေ။ သူ့ကိုယ်သူကို ဒေါသထွက်တာ ဖြစ်၏။

“ဒီအဘိုးအိုဟာ ဆက်မပြေးတော့ဘူး။ ငါ ဝမ်လင်းကို သတ်ပစ်ပြီး လက်စားချေရမယ်…”

လောဘကြီး၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ပြည့်နှက်လာ၏။ သူက နောက်လှည့်ကာ ပြန်သွားရန် ပြင်သည်။

သို့ပေမည့် ထိုအခိုက်အတန့်တွင် သူ့အမူအရာမှာ ကြီးစွာ ပြောင်းလဲသွား၏။ သူ့ခန္ဓာကိုယ်သည် တုန်ယင်လာပြီး သူ၏မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွားသည်။

“ဓားကိုးဆယ့်ကိုးလက်ပေါ်မှာရှိတဲ့ ငါ့နတ်ဘုရားအာရုံဟာ အတင်း ပယ်ဖျက်ခံလိုက်ရပြီ။ သေစမ်း။ ဝမ်လင်းက ငါ့နတ်ဘုရားအာရုံကို အားနဲ့ ပယ်ဖျက်ပစ်နိုင်တယ်ဆိုတော့ သူ့ကျင့်ကြံမှုအဆင့်ဟာ ဘယ်အဆင့် ဖြစ်နေမလဲ…” လောဘကြီးသည် တန့်သွား၏။ သူ့အမူအရာမှာလည်း သုန်မှုန်သွား၏။ သူသည် အတိတ်တုန်းက အိပ်မက်ဆိုးကို ထပ်မံ တွေးမိပြန်သည်။

သူ့မျက်လုံးထဲတွင် အတွေးများ တဖျပ်ဖျပ် ဖြစ်ပေါ်နေ၏။ သူသည် ဝမ်လင်းထံသို့ တိုးဝင်သွားတော့သည်။ သို့ပေမည့် သူသည် ခြေသုံးလှမ်းသာ လှမ်းလိုက်ပြီးနောက် ရပ်တန့်သွားသည်။ သူ့မျက်နှာသည် ဖြူရောသွားပြီး တုန်လှုပ်လာပြန်သည်။

“အရိုးအကာအကွယ်ကျောက်ပြားကိုးခုရဲ့ နတ်ဘုရားအာရုံလည်း အတင်း ဖယ်ရှားခံလိုက်ရပြီ။ ငါဟာ ဒီကျောက်ပြားတွေကို ဆန်းကြယ်တဲ့အုတ်ဂူအပြင်ဘက်မှ တွေ့ခဲ့တာ။ ငါ့နတ်ဘုရားအာရုံဟာ ဒီကျောက်ပြားတွေပေါ်မှာ လုံးဝပေါင်းစပ်နေပြီ။ ဒါ့ကြောင့် သာမန်ကျင့်ကြံသူဆို ဒါကို လွယ်လွယ်နဲ့ ဖယ်ရှားပစ်နိုင်မှာ မဟုတ်ဘူး။ သူက ငါ့နတ်ဘုရားအာရုံကို ဘယ်လိုလုပ် ဒီလောက်အချိန်တိုအတွင်း ဖယ်ရှားပစ်နိုင်ရတာလဲ…”

လောဘကြီးသည် ချီတုံချတုံ ဖြစ်လာသည်။ သူသည် ဝမ်လင်း၏ကျင့်ကြံမှုအဆင့်မှာ မရိုးရှင်းဟု ခံစားမိ၏။

“ငါ ချက်ခြင်း ထွက်ပြေးလာမိတဲ့အတွက် ငါ့ကိုယ်ငါ မုန်းလိုက်တာ။ ဒါ့ကြောင့် ဝမ်လင်းရဲ့ ကျင့်ကြံမှုအဆင့်ကို စစ်ဆေးကြည့်ဖို့တောင် ငါ အချိန်မရလိုက်ဘူး။ ဒါပေမဲ့ သူက ကျောက်ပြားနဲ့ဓားတွေကို ယူဆောင်သွားနိုင်ခဲ့ရင်တောင် ငါ့ရဲ့ အင်ပါယာမီးပြင်းဖို၊ မြူမိစ္ဆာလှံ၊ ကောင်းကင်ဘုံမြှုပ်နှံ့ခြင်းသစ်သားစိတ်ဝိညာဉ် တို့ရှိသေးတယ်။ သူက ဒါတွေကိုတော့ အချိန်တိုအတွင်း ယူသွားနိုင်မှာ မဟုတ်ဘူး…” လောဘကြီးသည် သူ လာခဲ့သောလမ်းကြောင်းအတိုင်း ပျံသန်းလာနေ၏။ သူ၏အမူအရာမှာ ကြမ်းကြုတ်နေသည်။

သို့ပေမည့် အသက်ရှုစာကြာချိန်သုံးကြိမ်စာပြီးနောက် လောဘကြီး၏ခန္ဓာကိုယ်ထံမှ တစီစီအသံတစ်ခု ထွက်ပေါ်လာသည်။ သူ သွေးအန်လိုက်ရ၏။ သူ့မျက်နှာဖြူရောသွားသည်။ သူ့အမူအရာမှာလည်း ကြီးစွာ ပြောင်းလဲသွားသည်။

“မြူမိစ္ဆာလှံ...ဒါပါ ယူဆောင်ခံလိုက်ရပြီ…” လောဘကြီး၏ စိတ်ထဲ၌ ထိတ်လန့်ကြောက်ရွှံ့မှုတို့ လှိုက်တက်လာ၏။ ထိုအခိုက်တွင် သူသည် ဝမ်လင်းကို ပြဿနာရှာန် ဆက်မတွေးတော့ပေ။ သူ့စိတ်ထဲ၌ ထွက်ပြေးရန်အတွေးသာ ထပ်မံ ကြီးစိုးလာ၏။

တုံ့ဆိုင်းမနေဘဲ လောဘကြီးက လှည့်၍ အကွာအဝေးတစ်ခုထံသို့ ထွက်ပြေးသွား၏။

“အကုသိုလ်…ငါ့အတွက် ပြေးမလွတ်နိုင်တဲ့အကုသိုလ်ပဲ။ ဒီသောက်ဝမ်လင်းဟာ ငါ့အတွက် အကုသိုလ်ကောင်ပဲ…” လောဘကြီး၏စကားလုံးများထဲတွင် ခါးသီးမှုတို့ ပြည့်နှက်သည်။ ဒေါသလည်း ပါသည်။

သူသည် လမြွေနဂါးကြောင့် သေဖို့ ကျိန်းသေလုနီးနီး အခြေအနေက လွတ်မြောက်လာခဲ့ပြီးနောက် ကြီးမားသောအခွင့်အလမ်းများကို ရှာတွေ့ခဲ့၏။ သူက ပိုအစွမ်းထက်သော ရတနာများကိုလည်း ရရှိလာခဲ့ကာ လောကကို ကိုင်လှုပ်နိုင်ပြီဟု တွေးထားခဲ့၏။

သို့ပေမည့် သူသည် ထိုကဲ့သော ကောင်းမွန်သောဘဝကို မရခင်မှာပင် ဝမ်လင်းနှင့်ထပ်ဆုံရပြန်သည်။ လောဘကြီး၏စိတ်နှလုံးအတွင်းမှ ဝမ်းနည်းမှု လှိုက်တက်လာ၏။ သူသည် ထွက်ပြေးနေရင်း အော်ဟစ်မိလိုက်သည်။

အသက်ရှုချိန် အတော်အတန်ကြာပြီးနောက် လောဘကြီး၏ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး သူက သွေးထပ်ကာထပ်ကာ အန်လိုက်ရ၏။ သူ ထွက်ပြေးနေရင်း သူ့ခန္ဓာကိုယ်မှာ မတည်မငြိမ် ဖြစ်လာသည်။

“သောက်အကုသိုလ်ကောင်။ သူ ငါ့ရဲ့ အင်ပါယာမီးပြင်းဖိုကိုပါ လုသွားခဲ့ပြန်ပြီ။ ငါ့အင်ပါယာမီးပြင်းဖို…” လောဘကြီး၏စိတ်နှလုံးမှာ တင်းကြပ်နေ၏။ သူ့ရင်ဘက်ကို ခပ်ကြမ်းကြမ်း လက်တစ်ဆုံက ဆုပ်ကိုင်ထားသည့်အလား။

“တိမ်လွတ်မြောက်ခြင်းကလန်ရှေ့မှာ ငါ ဒီလောက်များတဲ့ ရတနာတွေ မထုတ်ခဲ့သင့်ဘူး။ တစ်ခုတစ်လေ ဒါမှမဟုတ် ဘာတစ်ခုမှကို မထုတ်ယူခဲ့သင့်တာ…” လောဘကြီးသည် ထွက်ပြေးနေရင်း သူလုပ်ခဲ့သည့်အဖြစ်သနစ်အပေါ် နောင်တရနေ၏။

သူသည် အလွန်မြန်ဆန်စွာ သွားနေပြီး သိပ်မကြာခင်တွင် ဝမ်လင်းရှိနေသော ဂြိုဟ်နှင့် အလွန်ဝေးသောအရပ်သို့ ရောက်လာခဲ့ပေပြီ။ သူသည် ပြိုလဲကုန်းမြေအတွင်းနက်ပိုင်းသို့ ပျံသန်းနေသည်။

ကင်းမြှီးကောက်နက်ကလန်၏ ဂြိုဟ်ပေါ်တွင်မူ ဝမ်လင်း၏ဧရာမလက်တစ်ဖက်သည် ဝေ့ယမ်းလာ၏။ ကျောက်ပြားကိုးခု၊ မြူလှံ၊ မီးပြင်းဖိုတို့ကို ယူဆောင်ပြီးသည့်နောက် သူ့အကြည့်က မြေပြင်ထက်ရှိ ဧရာမသစ်ပင်လူသားပေါ်သို့ ကျရောက်လာသည်။

“လောဘကြီးရဲ့ ရတနာတွေက အရင်ထက်အများကြီး ပိုအစွမ်းထက်လာတာပဲ။ ဓားကိုးဆယ့်ကိုးလက်ဆိုလည်း အတိတ်တုန်းက သတ်ဖြတ်သူနယ်မြေက ဓားတွေထက် အများကြီး ပိုအစွမ်းထက်တယ်။ ဒါ့အပြင် အရိုးနဲ့ပြုလုပ်ထားတဲ့ ကျောက်ပြားကိုးခုမှာလည်း အစွမ်းထက်အော်ရာတစ်ခု ပါဝင်နေတယ်…”

“ပိုအရေးကြီးတာက မြူလှံမှာ ရှေးဟောင်းမိစ္ဆာတစ်ပါးရဲ့ အော်ရာ ရှိနေတာ။ ဒီအော်ရာဟာ အလွန်အမင်းရှေးကျတယ်။ ဖြစ်နိုင်တာ ဒီလှံဟာ နှစ်ပေါင်းသောင်းချီ ဒါမှမဟုတ် အဲ့ထက်ပိုတဲ့အချိန်ကတည်းက တည်ရှိခဲ့တဲ့ပုံပဲ…”

“မီးပြင်းဖိုကလည်း သိပ်မရိုးရှင်းလှဘူး။ လောဘကြီးရဲ့ နတ်ဘုရားအာရုံ ဒီအပေါ်မှာ ခပ်နှိပ်ထားတဲ့နည်းလမ်းဟာ လုံးဝ မှားနေတယ်။ ဒီမီးပြင်းဖိုက ရှေးဟောင်းနတ်ဘုရားမီးပြင်းဖိုလိုမျိုးပဲ။ သူဟာ ဒီမီးပြင်းဖိုရဲ့ အပေါ်ယံလုပ်ဆောင်မှုအချို့ကိုပဲ ထိန်းချုပ်နိုင်ထားတာ….။ ဒီမီးပြင်းဖိုကလည်း ရှေးဟောင်းနတ်ဆိုးတွေနဲ့ အတော်လေး ဆက်နွှယ်နေတဲ့အရာတစ်ခုပြ။ ၎င်းမှာ နတ်ဆိုးစွမ်းအင်လုံးဝ မရှိပေမယ့် ငါ့အနေနဲ့ ဒီမီးပြင်းဖိုဟာ ရှေးဟောင်းနတ်ဆိုးတွေနဲ့ ဆက်စပ်နေတယ်လို့ ခပ်ရေးရေး ခံစားမိနိုင်တယ်…” ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွားသည်။ သူသည် သူ့ဧရာမလက်ကို နေရာတွင်ပင် ကြောင်စီစီရပ်နေသော ဧရာမသစ်ပင်လူသားထံသို့ ဆန့်တန်းလိုက်သည်။

ဝမ်လင်း၏ ၎င်းပေါ်သို့ ကျရောက်လာသည့်အခါ တုန်ဟည်းသံ မြည်ဟိန်း၏။ သို့သော် ထိုသစ်ပင်လူသားသည် ထိခိုက်သွားတာ မရှိပေ။ ထိုအစား ဝမ်လင်းဖန်တီးထားသော ဧရာမလက်က နောက်ပြန်ကန်သွားပြီး ယင်းသစ်ပင်လူသားထံမှ အစိမ်းရောင်စွမ်းအင်တစ်ခု ထွက်ပေါ်လာသည်။ ၎င်း၏ဖိသိပ်အားအောက်တွင် ဝမ်လင်းဖန်တီးထားသော ဧရာမလက်မှာ အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားရ၏။

ဝမ်လင်း၏မျက်လုံးထဲတွင် ပျော်ရွှင်မှု လက်ခနဲ ဖြစ်ပေါ်သည်။ သူသည် ထိုသစ်ပင်လူသားမှာ အခုလိုမျိုး အကာအကွယ်စွမ်းရည် ရှိနေလိမ့်မည်ဟု သူ မျှော်လင့်မထားမိပေ။ သူ့ဧရာမလက်ဝါးက နိဗ္ဗာနဖြိုခွဲခြင်းအဆင့်တစ်ယောက်ကို သတ်ပစ်ဖို့ လုံလောက်၏။ သို့သော် ၎င်းလက်ဝါးသည် သစ်ပင်လူသားကို မထိခိုက်နိုင်စေသည့်အပြင် တန်ပြန်တိုက်ခိုက်မှုကိုပါ ခံစားလိုက်ရ၏။

“ငါ့ရတနာအများစုဟာ လောဘကြီးရှိကနေ ရလာခဲ့တာပဲ။ ဒီလူဟာ အတော်လေးကို ကံကောင်းပြီး ကောင်းကင်ဘုံရဲ့ ချီးမြှောက်ခြင်းခံထားရတဲ့သူ ဖြစ်တယ်။ သူ့ရတနာတွေဟာ ကျင့်ကြံသူအများစုကို တုန်လှုပ်သွားစေဖို့ လုံလောက်တယ်…”

ဝမ်လင်းသည် မူလစွမ်းအင်အဆီအနှစ်ကို ထွေးထုတ်လိုက်ပြီး ထိုသစ်ပင်လူသားကို လွှမ်းခြုံစေသည်။ ထို့နောက် ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ပြီး ယင်းသစ်ပင်လူသားအား သူ့သိုလှောင်နေရာလွတ်ထဲသို့ ထည့်သိမ်းလိုက်တော့သည်။

ထိုအရာများကို ပြုလုပ်ပြီးသည့်နောက် သူ့လုပ်ဆောင်မှုများကြောင့် တုန်လှုပ်ကြောက်လန့်နေသော ကျင့်ကြံသူတစ်ထောင်ကို ကြည့်သည်။ သူက အေးစက်စက်နှာခေါင်းရှုံ့လိုက်ပြီးနောက် သူ့ညာလက်ကို ပင့်မြှောက်ကာ ကျောက်စိမ်းတုန်ကင်ပြားတစ်ခုကို ပြသသည်။

“မင်းတို့အားလုံး ဒါကို သိကြလား…”

ထိုကျောက်စိမ်းပြားကို တွေ့မြင်လိုက်သော အဘိုးအိုမှားထဲမှ တစ်ယောက်သည် တုန်ယင်ကာ သူ့မျက်လုံးထဲ၌ မယုံကြည်နိုင်ဟန် ပြည့်နှက်သွား၏။ သူက အနီးကပ်သေချာ ထပ်ကြည့်လိုက်သည့်အခါ သူ့မျက်နှာသည် ဖြူဖပ်ဖြူရော ဖြစ်သွား၏။ သူက အလန့်တကြား ထပြောမိသည်။ “အင်ပါယာတုန်ကင်…”

“ငါ မပြန်လာခင်ထိ မင်းတို့တစ်ယောက်မှ ထွက်မသွားနဲ့။ မင်းတို့အားလုံး ဒီမှာပဲ စောင့်နေကြ…” ဝမ်လင်း၏အေးစက်စက်အသံ ထွက်ပေါ်လာ၏။ သူက စိတ်လှုပ်ရှားနေသော ကျုံးသဟုန်ထံသို့ လက်ညှိုးထိုးကာ ပြောလိုက်သည်။ “သူ့အမိန့်ကို နာခံကြရမယ်…”

ထိုကဲ့သို့ အမိန့်ပေးခဲ့ပြီးနောက် ဝမ်လင်းက ကောင်းကင်ထက်သို့ ထိုးတက်သွား၏။ လှိုင်းဂယက်များ ပေါ်လာကာ သူသည် ခြေတစ်လှမ်းလှမ်းလိုက်ပြီး သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။

***

All Chapters