← Chapters

သဲလွန်စ

Vol. 105 Ch. 1439

သဲလွန်စ

Vol. 105 Ch. 1439

ပြိုလဲကုန်းမြေ၏ ဟင်းလင်းပြင်ထဲတွင် လောဘကြီးသည် အရူးအမူး ထွက်ပြေးနေသည်။ သူသည် ပြေးနေလျက် တစ်လမ်းလုံး ဆဲဆိုနေ၏။ တစ်စက်လေးပင် ရပ်မသွားပေ။ ထိုသို့ ကျိန်ဆဲနေခြင်းက သူ့အတွက် သက်သာရာရမည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်နေသည်။ မဟုတ်ပါက သူ့ရတနာများကို သည်လူတစ်ယောက်ထဲက ထပ်ယူဆောင်သွားသည်ကို တွေးကြည့်ရုံဖြင့် သူ ရူးသွားနိုင်၏။

သူ ထွက်ပြေးကျိန်ဆဲနေရင်းမှာပင် သူ့ရှေ့၌ လှိုင်းဂယက်များ ပေါ်လာ၏။ သူက ထိုလှိုင်းဂယက်များကို တွေ့သည်နှင့် သူ့အမူအရာ ပြောင်းလဲသွားပြီး တုံ့နှေးခြင်းမရှိ ဦးတည်ရာကို ပြောင်းသည်။ ထို့နောက် သူ့လက်ကို ဆန့်ထုတ်လိုက်ရာ သူ့လက်ဝါးအရွယ်ခန့် အဝါရောင်သစ်ရွက်တစ်ရွက် ပေါ်လာ၏။

ထိုသစ်ရွက်ပေါ်လာသည်နှင့် လောဘကြီးက ၎င်းကို ဖမ်းယူကာ လှိုင်းဂယက်များထံသို့ ပစ်လွှတ်လိုက်သည်။

“သစ်ရွက်တစ်ရွက်ဟာ ကောင်းကင်နဲ့မြေကြီးကို ချိပ်ပိတ်ခြင်း…”

ထိုအဝါရောင်သစ်ရွက်မှာ အလွန်သာမန်ဆန်၏။ မည်သည့်ထူးဆန်းမှုမှ ၎င်းပေါ်တွင် ရှိမနေ။ သို့သော် ၎င်းသည် လှိုင်းဂယက်များအနား ရောက်သွားသည်နှင့် အားကောင်းသောအဝါရောင်အလင်းသည် အစွမ်းထက်ချိပ်ပိတ်ခြင်းအားတစ်ခုနှင့်အတူ ထွက်ပေါ်လာချေသည်။

ချက်ခြင်းပင် ထိုအဝါရောင်သစ်ရွက်၏ အရွယ်အစားသည် အဆပေါင်းများစွာ တိုးပွားလာပြီး လှိုင်းဂယက်များကို ချိပ်ပိတ်သည်။ လှိုင်းဂယက်များ မည်မျှရုန်းကန်ပါစေ ၎င်းတို့သည် ထိုအဝါရောင်သစ်ရွက်၏ အဝန်းအဝိုင်းကနေ မလွတ်မြောက်နိုင် ဖြစ်ရ၏။

လောဘကြီးသည် ထိုသစ်ရွက်ကို ပစ်လွှတ်လိုက်ပြီးနောက်တွင်လည်း သူသည် ရလဒ်ကို မကြည့်နေဝံ့ပေ။ သူက ရှေ့သို့ ဆက်တိုးဝင်သွားရင်း အပြာရောင်အလင်း ဖျပ်ခနဲလင်းကာ သူ့ခြေထောက်အောက်တွင် ခရမ်းရောင်တိမ်စိုင်နှစ်ခု ပေါ်လာ၏။

ထိုမြူများ တဝီဝီလှည့်ပတ်ရင်း ဗလုံးဗထွေးအော်သံများကို ကြားလာရ၏။ ယင်းတို့သည် ဧရာမခရမ်းရောင်အရိပ်နှစ်ခုအသွင် ဖြစ်ပေါ်၏။ ယင်းအရိပ်တို့၏ ပုံပန်းအသွင်မှာ ရှေးဟောင်းမိစ္ဆာများနှင့် တူသည်။

ထိုမိစ္ဆာအရိပ်နှစ်ခုပေါ်တွင် ရပ်နေရင်း လောဘကြီးသည် ပိုမြန်ဆန်စွာ ရွှေ့လျားသွားပြီး သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။

သူ ပျောက်ကွယ်သွားသည်နှင့် ဝမ်လင်းသည် သစ်ရွက်၏ ချိပ်ပိတ်ခံထားရသော လှိုင်းဂယက်များထံမှ လှမ်းလျှောက်ထွက်လာ၏။ သူ၏အမူအရာမှာ သုန်မှုန်နေသည်။ သူ ထွက်ပေါ်လာသည့်နောက် သူက သစ်ရွက်ထံသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်၏။ ယင်းက တုန်ဟည်းသံကို ဖြစ်စေ၏။ သို့ပေမည့် သစ်ရွက်ကမူ တစ်စက်လေးပင် မလှုပ်သွားပေ။ တန်ပြန်ကန်အားတစ်ခုက ဝမ်လင်းထံသို့ပင် ပြန်တိုးဝင်လာသည်။

“ဒါက ဘယ်လို သစ်ရွက်မျိုးလဲ…” ဝမ်လင်းသည် မျက်မှောင်ကြုတ်သွား၏။ သူသည် ၎င်းကို အတင်းအကြပ် မခုခံပေ။ ထိုအစား သူက ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို အသုံးပြု၍ သစ်ရွက်ကို ပတ်၍ ထွက်ပေါ်လာကာ လောဘကြီးနောက်သို့ ဆက်လိုက်သည်။

ဝမ်လင်း ထွက်ပေါ်လာသည့်နောက် လှိုင်းဂယက်များမှာ ဖြည်းဖြည်းချင်း ကွယ်ပျောက်သွား၏။ သစ်ရွက်ကလည်း အဝါရောင်တောက်ပမှုကို ပေးကာ ပျောက်ကွယ်သွားသည်။

လောဘကြီးသည် ဟင်းလင်းပြင်ထဲ၌ အလွန်မြန်ဆန်စွာ ပြေးနေ၏။ နတ်ဆိုးအရိပ်နှစ်ခုကလည်း ဒေါသတကြီး ဟိန်းအော်နေသည်။ သူသည် ပျံသန်းနေရင်း သူ့မျက်လုံးသည် လက်ခနဲ ဖြစ်ကာ သူ့ညာလက်ကို ရုတ်တရက် ဝေ့ယမ်းလိုက်၏။ ထို အစောပိုင်းက ပစ်လွှတ်ခဲ့သောသစ်ရွက်မှာ သူ့ရှေ့တွင် ပြန်ပေါ်လာ၏။ ထိုသစ်ရွက်ကို ကြည့်ကာ လောဘကြီးထံမှ ဂုဏ်ယူဟန် လှစ်ပေါ်သည်။

“ဒီအဘိုးအိုရဲ့သစ်ရွက်ဟာ ကောင်းကင်နဲ့မြေကြီးကိုတောင် ချိပ်ပိတ်နိုင်တယ်။ ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့်ကျင့်ကြံသူတောင် ဒီချိန်ပိတ်မှုကနေ လွတ်အောင် မနည်းလုပ်ရမှာ။ ဒီဝမ်လင်းဟာ ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့် ရောက်နေပြီလားလို့ ငါ သံသယ ဝင်မိတယ်…”

လောဘကြီးသည် သူ့သစ်ရွက်ကို ပြန်ရုတ်သိမ်းလိုက်ပြီးနောက် အကွာအဝေးတစ်ခုထံသို့ မြန်ဆန်စွာ တိုးဝင်သွားသည်။ ခဏအကြာတွင် သူက နှာခေါင်းရှုံ့ကာ သူ့လက်ကို ဝေ့ယမ်း၏။ ထိုသစ်ရွက်သည် သူ့ရှေ့ရှိ လေဟာနယ်အတွင်းသို့ တိုးဝင်သွားချေသည်။

ထိုသစ်ရွက် ရပ်တန့်သွားခိုက်တွင် လှိုင်းဂယက်များ ထပ်မံ ပေါ်လာ၏။ လောဘကြီးက ဝမ်လင်းရောက်ရှိလာခြင်းနှင့် သူ့တည်နေရာအတိအကျကို သိရန် အမည်မသိနည်းလမ်းတစ်ခုကိကု အသုံးပြုထား၏။

“ဒီအဘိုးအိုရဲ့ လွတ်မြောက်ခြင်းမန္တာန်တွေဟာ အလွန်အစွမ်းထက်တယ်။ လူအနည်းငယ်ကသာ ဒါကို နှိုင်းယှဉ်နိုင်လိမ့်မယ်။ ဒီလွတ်မြောက်နိုင်တဲ့စွမ်းရည်ကြောင့်သာ မဟုတ်ရင် ငါဟာ ငါ့ရတနာတွေကြောင့် အကြိမ်များစွာ အသက်ခံရပြီး ဖြစ်နေလောက်ပြီ…” လောဘကြီးသည် အေးစက်စက်နှာခေါင်းရှုံ့ကာ မြန်ဆန်စွာ ဆက်ပြေးသည်။

သို့ရာတွင် ထိုအခိုက်တွင် သွေးအလင်းတန်းတစ်ခုသည် အကွာအဝေးတစ်ခုထံမှ ပေါ်လာ၏။ အကြည့်တစ်ချက်၌ ယင်းအလင်းက အကွာအဝေးတစ်ခုဟု ထင်ရ၏။ သို့သော် ချက်ခြင်းပင် ၎င်းအလင်းသည် လေဟာနယ်အတွင်း ပြည့်နှက်သွား၏။ ထိုအလင်းက ချက်ခြင်း နီးကပ်လာသည်။

လောဘကြီး၏အမူအရာမှာ ကြီးစွာ ပြောင်းလဲသွား၏။ သူက ရှောင်ရန် အချိန်မရလိုက်ပေ။ သူက ထိုအလင်းတန်း တရကြမ်း ဝင်လာသည်ကိုသာ မြင်လိုက်ရ၏။ ယင်းအလင်းက သူ့နား ချက်ခြင်း ရောက်လာကာ သူ့ကို ဝါးမြိုသွား၏။ ယင်းသွေးအလင်းတန်း ဖြတ်သန်းသွားသည့်အခါ သတ္တုချင်းပွတ်တိုက်သံ အရူးအမူး ပျံ့နှံ့သည်။

ထိုသွေးအလင်းတန်း ကျော်ဖြတ်သွားသည့်နောက် လောဘကြီးမှာ အဝေးသို့ လွင့်ထွက်သွား၏။ သူက ပါးစပ်အပြည့် သွေးအန်လိုက်ရသည်။ သူ့မျက်နှာသည် ဖြူရောနေ၏။ သူ့အဝတ်အစားအောက်တွင်မူ အလင်းတစ်ချက် ဖျပ်ခနဲ လင်းသွား၏။ မထင်မှတ်စွာဖြင့် သူ့ဝတ်ရုံအောက်တွင် ချပ်ဝတ်တစ်ခုကို ဝတ်ဆင်လို့ထားသည်။

ထိုအခိုက်အတန့်၌ သူ၏ချပ်ဝတ်ပေါ်တွင် အက်ကြောင်းများစွာ ပေါ်လာကာ အလျင်အမြန် ပျံ့နှံ့သည်။ သွေးဓားသည်လည်း နောက်သို့ ပေရာချီပြန်ကန်လာခဲ့၏။

လောဘကြီး လွင့်ထွက်သွားသည့်နောက် သူ့ခြေထောက်အောက်မှ မိစ္ဆာအရိပ်နှစ်ခုသည် အနက်ရောင်အခိုးငွေ့အဖြစ်ပြောင်းကာ သူ့ခန္ဓာကိုယ်အား ဝန်းရံသည်။ ယင်းတို့က အနက်ရောင်မုန်တိုင်းတစ်ခုကို သူ့ဘေးပတ်လည်တွင် ဖြစ်စေပြီး သူ အလျင်အမြန် ထွက်ပြေးတော့၏။

အဖြစ်အပျက်မှာ မြန်လွန်း၏။ လောဘကြီး အနက်ရောင်မုန်တိုင်းနှင့်အတူ ထွက်ပြေးသွားနေရင်း ဝမ်လင်းက သစ်ရွက်ချိပ်ပိတ်ထားသော ဧရိယာထံမှ လှမ်းလျှောက်ထွက်လာ၏။ တွေဝေမနေဘဲ သူက ချက်ခြင်း ထိုသစ်ရွက်ကို လက်ဖြင့် ဖမ်းဆုပ်လိုက်သည်။

ဒဏ်ရာအပြင်းအထန် ရသွားသော လောဘကြီးမှာ ဤသစ်ရွက်ကို ထပ်မံ ဖမ်းမဆုပ်နိုင်တော့တာ သိသာပေ၏။ ဝမ်လင်းက ထိုသစ်ရွက်ကို ဖမ်းကိုင်လိုက်ပြီးနောက် သူက ၎င်းပေါ်တွင် အတားအဆီးများစွာ ချမှတ်သည်။ ထို့နောက် သူ့သိုလှောင်နေရာလွတ်အတွင်း ထည့်သိမ်းလိုက်သည်။ ခုချိန်၌ သူသည် ဒီသစ်ရွက်ကို လေ့လာရန် အချိန်မရသေးပေ။

သူ ခေါင်းမော့လိုက်ချိန်၌ လောဘကြီးသည် သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်သည်။ ဝမ်လင်း၏အမူအရာမှာ အေးစက်လာ၏။ သို့သော် စိတ်လှုပ်ရှားမှုအရိပ်အယောင်လည်း သူ့ထံ၌ ဖြစ်ပေါ်သည်။

“စိတ်ဝင်စားစရာပဲ။ လောဘကြီးက တကယ့်ကို ရတနာတွေအများကြီး ပိုင်ဆိုင်ထားတာ။ ငါ သူနဲ့တွေ့တဲ့အချိန်တိုင်း ငါ သူ့ရှိရနေ ရတနာတော်တော်များများ ရရှိခဲ့တယ်။ နောက်ဆုံးအကြိမ် တွေ့ခဲ့တုန်းကဆို သူဟာ သူ့ရတနာအားလုံးနီးပါး ငါ့ထက်လဲမှာ ဆုံးရှုံးခဲ့ရတယ်။ ငါလည်း သူ သေပြီလို့ ထင်ထားခဲ့တာ။ သူ့ကို ထပ်တွေ့ရလိမ့်မည်လို့ မထင်ထားမိဘူး။ သူဟာ အခုဆို ရတနာတွေ ပိုကြွယ်ဝလာခဲ့ပြီ…”

“သူ့ စိတ်ကိုတော့ ငါ နည်းနည်း နားလည်တယ်။ သူဟာ အကန့်အသတ်တစ်ခုထိ ဖိအားပေးခံရတာ မဟုတ်ရင် သူ့ရတနာတွေကို ဟိုကျင့်ကြံခြင်းဂြိုဟ်ပေါ်မှာ လုပ်ခဲ့သလိုမျိုး ထုတ်လေ့ထုတ်ထ မရှိဘူး။ သူဟာ အမြဲတမ်း ရတနာတွေကို တစ်ခုပြီးမှ တစ်ခု ထုတ်တတ်တဲ့သူ…”

“သူ့မှာ လျှို့ဝှက်ချက်တွေလည်း အများကြီး ရှိနေတယ်။ သူ ဒီရတနာတွေကို ဘယ်လိုရခဲ့လဲဆိုတာကို မေ့ထားရင်တောင် သူ ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းထဲ ဘယ်လိုနည်းလမ်းသုံးပြီး ရောက်လာခဲ့လည်းကိုတော့ ငါ သိကိုသိရမယ့်အရာပဲ…”

ဝမ်လင်းသည် ရှေ့သို့ ကိုင်းညွတ်ကာ ရုတ်တရက် ပျောက်ကွယ်သွားလေ၏။

လူနှစ်ယောက်သည် ဟင်းလင်းပြင်ကို ဖြတ်၍ ပျံသန်းနေ၏။ တစ်ယောက်က ထွက်ပြေး၊ တစ်ယောက်က လိုက်လံနေခြင်းပင်။ ထိုအဖြစ်က သည်ပြိုလဲကုန်းမြေအနှံ့တွင် ကျယ်လောင်သောတုန်ဟည်းသံများကို ဖြစ်စေသည်။ ထို့အတွက် ပြိုလဲကုန်းမြေ၏ ကျင့်ကြံသူများ၏ အာရုံစိုက်မှုကို ခံရသည်။ သို့သော် သူတို့သည် ထိုလူနှစ်ယောက်၏ အမြန်နှုန်းကို တွေ့မြင်သည့်အခါ ယင်းနှစ်ယောက်ကို လစ်လျူရှုရန်သာ ဆုံးဖြတ်လိုက်ကြ၏။

ထိုကဲ့သို့ အမြန်နှုန်းဖြင့် သွားနိုင်စွမ်းရှိဖို့မှာ သူတို့၏ကျင့်ကြံမှုသည် အလွန်မြင့်မားမှသာ ဖြစ်နိုင်ပေမည်။

ထွက်ပြေးနေရင်း လောဘကြီးက ခါးသီးစွာ ဆဲဆိုနေ၏။ ဝမ်လင်းကလည်း သူ့ကို လွယ်လွယ်မှီလာနိုင်နေ၏။ သူ့အတွက် ဝမ်လင်းကို ခါချနိုင်မည့် နည်းလမ်း မရှိ ဖြစ်နေသည်။ လောဘကြီးသည် ဝမ်လင်း၏ကျင့်ကြံမှုကို ပိုတွေ့မြင်ရလေလေ သူ မတိုက်ခိုက်ရဲလေပင်။

သူက အဖမ်းလည်း မခံချင်ပေ။ အသည်းအသန် ထွက်ပြေးနေရင်း လောဘကြီး၏အမူအရာသည် ပြောင်းလဲသွား၏။ သူ့ညာဘက်တွင် တုန်ခါလှိုင်းတစ်ခုကို ခံစားမိလိုက်သည်။ သူသည် ဦးတည်ရာများ ပြောင်းလဲ၍ အံတင်းတင်းကြိတ်၏။ သူ့ညာလက်ကို ဆန့်ထုတ်လိုက်ရာ အနက်ရောင်ကျောက်စိမ်းပုလင်းတစ်ခု သူ့လက်ထဲ၌ ပေါ်လာသည်။

ထိုကျောက်စိမ်းပုလင်းမှာ အေးစက်၍ မိစ္ဆာစွမ်းအင်ကို ပေးစွမ်းသည်။ ထိုပုလင်းပေါ်တွင် ထွင်းထုထားသော ပုံရိပ်များလည်းရှိ၏။ ယင်းပုံရိပ်များမှာ ရှေးဟောင်းမိစ္ဆာများ၏ ပုံရိပ်များဖြစ်ကြသည်။ လောဘကြီးက ထိုပုလင်းပေါ်သို့ သွေးထွေးထုတ်လိုက်ပြီး အော်ဟစ်ပြောဆိုသည်။ “ငါ့ကို မိစ္ဆာစိတ်ဝိညာဉ်သုံးရာ ငှားပါ။ ဒီလူ့ကို သတ်ပြီးရင် ငါ သက်ရှိသုံးသောင်းရဲ့ စိတ်ဝိညာဉ်တွေကို ပြန်ကမ်းလှမ်းပါ့မယ်…”

သူ့သွေးနှင့်ပုလင်းထိမိသွားချိန်၌ သွေးမှာ စုပ်ယူခြင်း ခံရ၏။ တစ်ချိန်တည်းမှာ လောဘကြီးကိုင်ဆိုင်ထားသောပုလင်းထံမှ ဆူးနှစ်ချောင်း ထွက်လာ၏။ ထိုဆူးနှစ်ချောင်းသည် လောဘကြီး၏ခန္ဓာကိုယ်ကို ထိုးစိုက်ကာ သူ့သွေးများစွာကို စတင်စုပ်ယူသည်။

အဖြစ်အပျက်များမှ လျှပ်တပြတ်ဆန်လှ၏။ ပုလင်းသည် လုံလောက်သောသွေးကို စုပ်ယူပြီးသည့်နောက် ထိုပုလင်းထံမှ ကျေနပ်စွာသက်ပြင်းချသံကို ထုတ်လွှတ်၏။

တစ်ချိန်တည်းမှာ ယင်းပုလင်းထံမှ အနက်ရောင်အခိုးအငွေ့များစွာ ထွက်ပေါ်လာသည်။

ထိုအခိုးအငွေ့များသည် မြန်ဆန်စွာ ပျံသန်းထွက်လာလျက် ကြမ်းကြုတ်သောမိစ္ဆာစိတ်ဝိညာဉ်များအဖြစ်သို့ ပြောင်းလဲသည်။ ထိုမိစ္ဆာစိတ်ဝိညာဉ်တစ်ခုစီတွင် ဦးချိုတစ်ခုစီ ရှိကြ၏။ ယင်းတို့သည် ရှေးဟောင်းမိစ္ဆာများဖြစ်ကြောင်း သိသာထင်ရှားသည်။

ထိုရှေးဟောင်းမိစ္ဆာများ၏ မျက်လုံးထဲတွင် အဆုံးမဲ့ရူးသွပ်မှု၊ မကျေမနပ်မှုတို့ဖြင့် ပြည့်နှက်နေ၏။ ယင်းတို့က ထွက်ပေါ်လာသည်နှင့် ဒေါသတကြီးအသံများကို ထုတ်ဖော်သည်။

မျက်စိတစ်မှိတ်အတွင်းမှာ ယင်းမိစ္ဆာစိတ်ဝိညာဉ်သုံးရာသည် ပျံသန်းထွက်လာကာ လောဘကြီးအား ဝန်းရံသည်။

စိတ်ဝိညာဉ်တစ်ခုစီက ပထမကောင်းကင်ဘုံဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်၏အော်ရာကို ပေးစွမ်းနေသည်။ ယင်းတို့သည် လောဘကြီးကို လှည့်ပတ်လျက် ကောင်းကင်ဘုံတုန်လှုပ်ဖွယ်မိစ္ဆာမုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေသည်။

မိစ္ဆာစွမ်းအင်များ သည်ဧရိယာတွင် ပြည့်နှက်လာ၏။ ထိုမုန်တိုင်းသည် တဝီဝီလှည့်ပတ်ကာ ဟင်းလင်းပြင်ကို ဖြတ်သန်းလာ၏။ ထိုအခိုက်တွင် လှိုင်းဂယက်များ ပေါ်လာပြီး ဝမ်လင်းက လှမ်းမထွက်လာနိုင်ခင်မှာပင် ယင်းမုန်တိုင်းသည် သူ့ထံ တိုးဝင်လာချေသည်။

ဝမ်လင်း၏မျက်လုံးထဲတွင် ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်သည်။ သူက ချက်ခြင်းပင် ထိုမုန်တိုင်းအတွင်းရှိ ရှေးဟောင်းမိစ္ဆာများကို သိရှိလိုက်သည်။ ယင်းတို့သည် ရှေးဟောင်းမိစ္ဆာတာကျား၏ပုံပန်းအသွင်နှင့် အလွန်တူကြ၏။

တစ်ခုတည်းသောကွာခြားတာဟူ၍ ဒီရှေးဟောင်းမိစ္ဆာများ၏ ဘယ်မျက်လုံးထဲတွင် ကြယ်များ ရှိမနေခြင်းသာ။ ထိုအစား ယင်းတို့၏မျက်လုံးထဲ၌ ဝေဝါးသောလေစီးကြောင်းတစ်ခု ရှိနေ၏။ ဝမ်လင်းက ထိုအဖြစ်ကို တွေ့မြင်သည့်အခါ သူ့မျက်ခုံးနှစ်ခုကြားမှ ရှေးဟောင်းနတ်ဘုရားကြယ်များသည် သူ့တို့ဘာသာ စတင်လှည့်ပတ်လာကြသည်။

“ရှေးဟောင်းနတ်ဘုရားအော်ရာ…” ဝမ်လင်း၏အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားသည်။

သူက ထိုရှေးဟောင်းမိစ္ဆာစိတ်ဝိညာဉ်များ၏ မျက်လုံးထဲ၌ ဝေဝါးဝါးလေစီးကြောင်းမှာ ရှေးဟောင်းနတ်ဘုရားစွမ်းအင်ကြောင့် ဖြစ်ပေါ်နေခြင်းဟု ရှင်းလင်းစွာ အာရုံခံမိသည်။

“အစွမ်းထက်ရှေးဟောင်းနတ်ဘုရားတစ်ပါးရဲ့ ချိပ်ပိတ်ခံထားရတဲ့ ရှေးဟောင်းမိစ္ဆာသုံးရာ…” ဝမ်လင်း၏စိတ်ထဲတွင် ရှင်းလင်းသွားသည်။ ထိုမိစ္ဆာမုန်တိုင်းနီးကပ်လာချိန်၌ ဝမ်လင်း၏ခန္ဓာကိုယ်ထဲ၌ တစီစီအသံများ ပဲ့တင်ထပ်ကာ သူသည် မာန်သွင်းအော်ဟစ်လိုက်၏။

“ယား…”

ယင်းက မန္တာန်တစ်ခုကြောင့် ဖြစ်ပေါ်သော ဟိန်းသံမဟုတ်ချေ။ ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ ဟိန်းသံမည်၏။ ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားမှ ကြယ်များသည် အလျင်အမြန် လှည့်ပတ်လာကာ သူ့ခန္ဓာကိုယ်အတွင်းသို့ ရှေးဟောင်းနတ်ဘုရားစွမ်းအင်များကို ပို့လွှတ်ပေးပြီး ဒီကောင်းကင်တုန်လှုပ်ဖွယ်ဟိန်းသံကို ဖန်တီးထွက်ပေါ်လာစေခြင်းပင်။

ဟိန်းသံကြောင့် တိုးဝင်လာသော မုန်တိုင်းမှာ ရပ်တန့်သွား၏။ မထင်မှတ်စွာ ရပ်တန့်သွားကာ ရှေ့ဆက်မတိုးဝံ့တော့ပေ။ ရှေးဟောင်းမိစ္ဆာစိတ်ဝိညာဉ်သုံးရာသည် တုန်နေအောင်ကြောက်လန့်မှုနှင့် ပြည့်နှက်ကုန်သည်။ သူတို့က ထိုဟိန်းသံအတွင်း၌ ရှေးဟောင်းနတ်ဘုရားအော်ရာကို ခံစားမိလိုက်သည် မဟုတ်လား။ သူတို့က ပုန်းကွယ်နေသော အတိတ်ကမှတ်ဉာဏ်များကို ပြန်တွေးကြည့်မိကုန်၏။ ထိုအခါ မုန်တိုင်းသည် ၎င်းဘာသာ ပြိုလဲပျက်စီးသွားချေသည်။ ရှေးဟောင်းမိစ္ဆာစိတ်ဝိညာဉ်သုံးရာမှာလည်း အဘက်ဘက်သို့ ပြန့်ကျဲသွားလေသည်။

အဖြစ်အပျက်မှာ မြန်လွန်း၏။ လောဘကြီးပင် အချိန်မီ မတုံ့ပြန်လိုက်နိုင်ပေ။ သူက သူ့ရတနာသည် ဟိန်းသံတစ်ခုကြောင့် ဘာကြောင့် ချက်ခြင်း ပျက်စီးသွားသည်ကိုလည်း နားမလည်နိုင် ဖြစ်ရသည်။

“နောက်ဆုံးတော့ မင်း ဒီရတနာတွေကို ဘယ်ကရခဲ့လဲ ငါ သိလိုက်ပြီ။ မင်းက အဲ့နေရာထိ ရောက်သွားနိုင်စွမ်း ရှိလိမ့်မယ်လို့ ငါ မထင်ထားမိဘူး…” ဝမ်လင်းသည် လောဘကြီးထံသို့ ခြေလှမ်းလိုက်၏။ သူ၏မျက်လုံးထဲတွင်လည်း ကျေနပ်ပျော်ရွှင်မှု ပြည့်နေသည်။

***

All Chapters