← Chapters

အခန်း (၁၈၇-၁၈၈)

Vol. 17 Ch. 187-188

အခန်း (၁၈၇-၁၈၈)

Vol. 17 Ch. 187-188

အပိုင်း (၁၈၇) ဆိုင်ဖွင့်တော့မည်။

အကြောင်းအမျိုးမျိုးကြောင့် ဟုန်ရှောင်ပေါင်သည် မီးတောက်မျိုးစေ့ နှစ်ခုစလုံးကို ထုတ်မသုံးခဲ့ချေ။ တစ်ခုကို သန္ဓေတည်ရန် သုံးပြီး ကျန်တစ်ခုကိုတော့ အရေးပေါ် သုံးရန်အတွက် သိမ်းဆည်းထားလိုက်၏။

မီးတောက်မျိုးစေ့ မြှုပ်နှံရန် အသုံးပြုသည့် မြေကြီးမှာ အထူးသဖြင့် မီးဖုတ်ထားသော မြေကြီး ဖြစ်၏။ ဤအရာများအတွက် ဒြပ်စင်ငါးပါးဆေးလုံး ဖော်စပ်စဉ်ကလို တိကျလွန်းသည့် အလေးချိန် အချိုးအစားများ လိုအပ်မနေချေ။ ဟုန်ရှောင်ပေါင်က မြေကြီးများကို လက်တစ်ဆုပ်ကြီးစီ ကော်ထည့်နေသည်။ ဤသို့ အသေးစိတ် ဂရုတစိုက် ချိန်တွယ်စရာ မလိုသည့် ခံစားချက်က အင်မတန်မှကို ကောင်းမွန်လှသည်။

မီးတောက်မျိုးစေ့ ဆိုသည့် အရာက အလွန် တောင့်တင်းခိုင်မာလှ၏။ ဟုန်ရှောင်ပေါင်ကလည်း အများကြီး ဂရုစိုက်မနေတော့ဘဲ နောက်ထပ် မီးတောက်စက်ကွင်း တစ်ခုကို ဖန်တီးလိုက်သည်။ ထို့နောက် မီးတောက်မျိုးစေ့ ၏ ဘေးပတ်လည်တွင် သံမည်းသတ္တု ကျောက်တုံးများကို တစ်ပတ်ရံလျက် စီရီလိုက်၏။ ပြီးနောက် သံမည်းသတ္တုများ ကြားရှိ ကွက်လပ်များထဲသို့ ရွှံ့ပျော့များကို သိပ်ထည့်လိုက်၏။

မီးတောက်မျိုးစေ့သာ တကယ် အောင်မြင်စွာ ကြီးထွားလာခဲ့လျှင် ဝိညာဉ်သားရဲများကို ဆွဲဆောင်နိုင်မှုက မည်မျှတောင် ကြောက်ခမန်းလိလိ ကောင်းနေမည်နည်း။

ဟုန်ရှောင်ပေါင်အနေဖြင့် လေယင်မြို့တော်ထဲတွင် ကမောက်ကမ ပြဿနာများ မဖြစ်စေချင်ချေ။ ထို့ကြောင့် ဤနေရာကို သေချာ ကာရံထားခြင်း ဖြစ်ပြီး မိမိ လိုအပ်သည့် အချိန်ကျမှသာ ဖွင့်သုံးမည် ဖြစ်သည်။

ဤသံမည်းသတ္တုများသည် မြေအောင်းပုစဉ်းမီးတောက် နှင့် မီးတောက်စက်ကွင်း၏ အပူဒဏ်အောက်တွင် အခြားသော ဒြပ်ပေါင်းများနှင့် ပေါင်းစပ်သွားပြီး အလိုအလျောက် အရည်ပျော်ကာ မီးတောက်မျိုးစေ့ကို အုပ်ဆောင်းထားသည့် ဒယ်အိုးကြီး တစ်လုံးသဖွယ် ဖြစ်သွားလိမ့်မည်။ ထိုအခါမျိုးတွင် မည်သည့် အငွေ့အသက်မျှ အပြင်သို့ ပျံ့လွင့်လာတော့မည် မဟုတ်ချေ။

ဟုန်ရှောင်ပေါင်တစ်ယောက် ပျော်ပျော်ရွှင်ရွှင်နှင့် အလုပ်ရှုပ်နေစဉ်မှာပင် တံခါးပေါက်မှ ခေါက်သံ ကြားလိုက်ရ၏။

ဒေါက်... ဒေါက်... ဒေါက်...

"ညီမလေး ချိုင်ရှောင်။"

ဟုန်ရှောင်ပေါင် အနည်းငယ် ကြောင်အံ့သွားပြီး ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားကာ တံခါးဝဆီသို့ ခုန်ဆွခုန်ဆွဖြင့် ပြေးသွားတော့၏။ သို့သော် စက္ကန့်တစ်ရာပုံ တစ်ပုံလောက် အတွင်းမှာပင် ဟုန်ရှောင်ပေါင်၏ မျက်နှာအမူအရာက ဤသို့ ပြောင်းလဲသွားခဲ့သည်။

( ̄_ ̄)။

သူ၏ အနာဂတ် ယောက္ခထီကြီး မဟုတ်လား။

ဟုန်ရှောင်ပေါင်က ချက်ချင်းပင် သတိပြန်ဝင်လာပြီး ပျူငှာစွာ နှုတ်ဆက်လိုက်၏။ "ဦးလေးယွင်... ဒီမနက်စောစောကြီး... အယ်... မဟုတ်ပါဘူး... ညကြီးမိုးချုပ် ဘယ်လိုလုပ် ရောက်လာတာလဲ။ လာပါ၊ လာပါ... အထဲမှာ ထိုင်ပါ။"

"မင်း..." ယွင်ရှန့်ရွှမ်က တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သော်လည်း ရုတ်တရက် မျက်မှောင်ကြုတ်သွား၏။ လူရိပ်တစ်ချက် လက်ခနဲ ဖြစ်သွားပြီး ဟုန်ရှောင်ပေါင်၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်။

"အလို... ဒုက္ခပါပဲ။"

ယွင်ရှန့်ရွှမ်တစ်ယောက် တတိယထပ်ဆီသို့ တန်းတန်းမတ်မတ် ပြေးတက်သွားသည်ကို မြင်လိုက်ရသဖြင့် ဟုန်ရှောင်ပေါင်က ခေါင်းခါလိုက်၏။ "ဟင်... ဒီလောက်တောင် အတင်းအဓမ္မ ဝင်ရလား။"

သို့သော်ငြား သူက အလျင်စလို မဖြစ်ဘဲ ဆိုင်တံခါးကို အေးဆေးစွာ ပိတ်လိုက်ပြီးမှ အပေါ်ထပ်သို့ ဖြည်းဖြည်းချင်း လျှောက်တက်သွားသည်။

ယွင်ရှန့်ရွှမ်သည် ဖြစ်သလို ပုံရုံထားသည့် မီးဖိုကြီးကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် မေးလိုက်၏။ "ရှောင်ပေါင်... မင်း ဒီမီးတောက်မျိုးစေ့ကို ဘယ်လိုလုပ် ရလာတာလဲ။ ပြီးတော့ သံမည်းသတ္တုက မြေအောင်းပုစဉ်း မီးတောက်ရဲ့ အငွေ့အသက်ကို ကာကွယ်ပေးနိုင်တယ် ဆိုတာကိုရော မင်း ဘယ်လိုလုပ် သိတာလဲ။ ဒါတွေက... အခုလက်ရှိ မင်းရဲ့ အခြေအနေနဲ့ သိနိုင်စရာ အကြောင်း လုံးဝ မရှိတဲ့ အရာတွေပဲ။"

"ဟီးဟီး..."

အခြားသူများသာ ဆိုလျှင်တော့ ဟုန်ရှောင်ပေါင်တစ်ယောက် ဤအရာများကို အပြစ်ကင်းစင်သည့် ရုပ်လေးဖြင့် ဝန်ခံလိမ့်မည် မဟုတ်ချေ။ သို့ပေမည့် ယွင်ရှန့်ရွှမ်ကတော့ ကွာခြားသည် မဟုတ်ပါလား။ ပထမအချက်အနေဖြင့် သူက ကအဖေနှင့် သေဖော်သေဖက် မိတ်ဆွေကြီး ဖြစ်ပြီး ဒုတိယအချက်အနေဖြင့် အနာဂတ် ယောက္ခမကြီး ဖြစ်နေသောကြောင့်ပင်။

ထို့ကြောင့် ယွင်ရှန့်ရွှမ် ရုတ်တရက် အတင်းဝင်လာပြီး ဤနေရာကို မြင်သွားသည့်တိုင် ဟုန်ရှောင်ပေါင်က စိတ်မဆိုးခြင်း ဖြစ်သည်။

အမှတ်တမဲ့နှင့် BMW ကားသော့ကို ထုတ်ပြလိုက်သလိုမျိုးပင်။ ကိုယ့် စွမ်းဆောင်ရည် အစစ်အမှန်ကို အနည်းငယ်လောက် ပြသထားမှလည်း သူက သူ့သမီးကို ကိုယ့်ဆီ စိတ်ချလက်ချ အပ်ရဲမည် မဟုတ်ပါလား။

ဤကိစ္စရပ်များနှင့် ပတ်သက်၍ သူက အစောကြီးတည်းက ဆင်ခြေဆင်လက်များကို ပြင်ဆင်ထားပြီး ဖြစ်ပေသည်။ သူက ပြုံးလျက် စကားစလိုက်၏။ "ဟီးဟီး... ဦးလေးယွင်... ကျုပ်ရဲ့ အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့က တစ်နှစ်ပတ်လုံး လျှို့ဝှက်နယ်မြေတွေထဲမှာ လျှောက်သွားနေကြတာကို သိတယ် မဟုတ်လား။ ကျုပ်က အရင်တုန်းက ကျင့်ကြံလို့ မရတော့ အလကားနေရင်း စာအုပ်တွေပဲ ထိုင်ဖတ်နေရတာလေ။

ပြီးတော့ ကျုပ် စာဖတ်နှုန်း ဘယ်လောက် မြန်တယ်ဆိုတာ ဦးလေးလည်း သိသားပဲ။ အဲဒီတော့ အစ်ကိုကြီးရယ်၊ ဒုတိယအစ်ကိုရယ်၊ တတိယအစ်မရယ်က ကျုပ်အတွက် ထူးဆန်းတဲ့ စာအုပ်တွေ အများကြီး အမြဲတမ်း သယ်လာပေးကြတယ်။ ဥပမာ- သရဲတစ္ဆေ ပုံပြင်တွေတို့၊ တောင်နဲ့ပင်လယ် သဘာဝကျမ်းတို့၊ ရွှေကြာပန်းကျမ်းတို့၊ လုယိုကိုးကျမ်းတို့ ပေါ့ဗျာ။ အတိုချုပ် ပြောရရင်တော့ ဗဟုသုတက တော်တော်လေး စုံလင်နေပြီလို့ ပြောလို့ရတယ်၊ ဟီးဟီးဟီးဟီး..."

ယွင်ရှန့်ရွှမ်သည် မျက်မှောင်ကြုတ်လျက် နားထောင်နေ၏။ သရဲတစ္ဆေ ပုံပြင်တို့ ဘာတို့ ဆိုသည်ကို သူ တစ်ခါမှ မကြားဖူးပေ။ သို့ပေမည့် လုယိုကိုးကျမ်း ဆိုသည့် အမည်ကတော့ သူ၏ ရင်ကို အနည်းငယ် လှုပ်ခတ်သွားစေခဲ့သည်။ ဤသည်မှာ ခေတ်တစ်ခေတ်၏ အံ့မခန်း ကျမ်းစာအုပ်ကြီး ဖြစ်ပြီး ထိုထဲတွင် အလွန် ထူးဆန်းထွေလာ အကြောင်းအရာများကို မှတ်တမ်းတင်ထားခြင်း ဖြစ်၏။ သို့သော်ငြား ပျောက်ကွယ်သွားခဲ့သည်မှာ ကြာပြီဖြစ်၍ ယခုခေတ်တွင်တော့ ရှေးဟောင်း ပုဂ္ဂိုလ်ကြီးများလောက်သာ သိကြတော့သည်။

ယွင်ရှန့်ရွှမ်လည်း နောက်ဆုံးတွင်တော့ ထွက်ခွာသွားခဲ့ချေပြီ။ ဤကိစ္စရပ်များနှင့် ပတ်သက်လာလျှင် သူလည်း သာမန်လူတစ်ယောက်လိုပင် ကိုယ့်သမက် ပိုတော်လေ ပိုပျော်လေ ဖြစ်သည် မဟုတ်ပါလား။ သို့သော်ငြား မထွက်ခွာမီတွင် ဟုန်ရှောင်ပေါင်ကို မည်သည့်ကိစ္စ မဆို သိုသိုသိပ်သိပ် နေထိုင်ရန်နှင့် ဤပစ္စည်းများကို သေချာ ဝှက်ထားရန် အဖန်တလဲလဲ မှာကြားသွားခဲ့၏။

နောက်ဆုံးအနေဖြင့် သူက တောင်းဆိုချက် အသေးစားလေး နှစ်ခုကို ထုတ်ပြောသွားခဲ့၏။ ပထမတစ်ခုက နောင်တစ်ချိန်တွင် မြေအောင်းပုစဉ်းမီးတောက်ကို လာရောက် ငှားရမ်းသုံးစွဲမည် ဖြစ်ကြောင်းနှင့် ဒုတိယတစ်ခုက ဟုန်ရှောင်ပေါင် စုဆောင်းထားသည့် သရဲတစ္ဆေ ပုံပြင်တို့၊ ရွှေကြာပန်းကျမ်းတို့ ကဲ့သို့သော စာအုပ်များကို ဖတ်ရှုချင်ကြောင်းပင်။

ပြီးနောက် ထွက်ခွာသွားခဲ့၏။

ပထမ တောင်းဆိုချက်ကတော့ မည်သည့် ပြဿနာ မရှိချေ။

မြေအောင်းပုစဉ်းမီးတောက်လား... သုံးလေ၊ ဘာဖြစ်လဲ။ ဒါပေမဲ့ ဒုတိယ တောင်းဆိုချက်ကတော့... ကိုယ့်ဘာသာကိုယ် ရွှေကြာပန်းကျမ်း ကို ချက်ချင်း ထိုင်ရေးပေးလို့မှ မရတာကြီးကို။

ဒါ သေလမ်းရှာတာပဲ။ ခေါင်းတောင် ကြီးလာတယ်။

တကယ်ပြောခြင်းဖြစ်သည်။ ယခုအချိန်တွင် ဟုန်ရှောင်ပေါင်၏ ဦးခေါင်းကို ပေကြိုးဖြင့် သွားတိုင်းကြည့်လျှင် အချင်းက သေချာပေါက် လေးငါးစင်တီမီတာလောက် ပိုကြီးနေလိမ့်မည်။

အခြား ထွေထွေထူးထူး စဉ်းစားနေစရာ မရှိတော့ပေ။ နောက်ထပ် လုပ်ရမည့် အရေးကြီးဆုံး လုပ်ငန်းစဉ်ကတော့ ဆေးဘက်ဝင် အစားအစာ ဆိုင်လေး ဖွင့်လှစ်ရန်ပင် ဖြစ်သည်။ ဤကိစ္စသည် ငွေကြေးနှင့် တိုက်ရိုက် သက်ဆိုင်နေသဖြင့် ထပ်မံ အချိန်ဆွဲနေ၍ မရတော့ချေ။

သူကိုယ်တိုင်ကလည်း ယခုအခါ ငွေကို ရေလိုသုံးသည့် အသုံးအဖြုန်းကြီးသူတစ်ယောက် ဖြစ်နေချေသည်။ ဝင်ငွေရှာပြီး ထွက်ငွေကို ချွေတာရမည် မဟုတ်လား။ ထွက်ငွေကို ချွေတာဖို့ကတော့ နည်းလမ်း မရှိတော့ချေ။ ထို့ကြောင့် ဝင်ငွေတိုးအောင် ရှာရန်သာ ရှိတော့၏။ မည်သို့ပင်ဖြစ်စေ နောင်တစ်ချိန်တွင် ပိုက်ဆံရမည့် ကိစ္စမှန်သမျှကို လုပ်ဆောင်သွားရမည်။

ဟုန်ရှောင်ပေါင်က တစ်ခဏလေးမျှပင် အငြိမ်မနေတတ်သည့် စရိုက်မျိုး ရှိ၏။

ထိုသို့ စဉ်းစားမိသည်နှင့် ချက်ချင်းပင် ဒုတိယထပ်သို့ ဆင်းလာခဲ့သည်။ ခဏတာမျှ ခုံနှင့် စားပွဲများကို ဟိုရွှေ့ဒီပြောင်း လုပ်နေပြီး မလောက်လောက်ဘူးဟု ထင်လာသဖြင့် စားပွဲ၊ ခုံများကို ချက်ချင်း သစ်သားဖြင့် ထုလုပ်တော့သည်။ မူလကတော့ ကိုယ်ပိုင် တံဆိပ်အမှတ်အသားလေးဘာလေး ထည့်ဦးမည်ဟု စိတ်ကူးထားသော်ငြား အချိန်က ကပ်နေပြီ ဖြစ်၍ ယာယီတော့ ထားလိုက်ရန် ဆုံးဖြတ်လိုက်၏။ ရှိတာလေးနှင့် ဖြစ်သလို စီစဉ်လိုက်သည်။

စားပွဲနှင့် ခုံများကို လုပ်ဆောင်ရင်း တစ်ဖက်မှလည်း တတိယထပ်သို့ ပြန်တက်ကာ မီးတောက်စက်ကွင်းများ ထပ်မံ ဖြည့်တင်းပေးနေရ၏။ ဤသို့ ခေါက်တုံ့ခေါက်ပြန် လုပ်ဆောင်နေရင်းဖြင့် ကောင်းကင်ကြီးက တဖြည်းဖြည်း လင်းကျင်းလာခဲ့၏။

မနက်ခင်း၏ ပထမဆုံး နေရောင်ခြည်လေးက ကိုယ်ခန္ဓာအပေါ် ကျရောက်လာသည့် ခံစားချက်မှာ အလွန်ပင် သာယာ ကြည်နူးဖွယ် ကောင်းလှသည်။

ဟုန်ရှောင်ပေါင်က ပြတင်းပေါက်မှနေ၍ အပြင်ဘက်သို့ အေးဆေးစွာ ငေးကြည့်နေသည်။ ကျင့်ကြံသူ အများအပြားသည် မနက်ခင်း လေ့ကျင့်ခန်းများကို စတင်နေကြပြီ ဖြစ်၏။ နံနက်ခင်းဆိုသည်မှာ တစ်နေ့တာလုံး ၏ နိုးထလာချိန် ဖြစ်သည့်အတွက် သိုင်းပညာ ကျင့်ကြံရန် အလွန်တရာ ကောင်းမွန်လှ၏။

ချန်ယန်တစ်ယောက် မကြာမီမှာပင် ရောက်ရှိလာ၏။ အပေါ်ထပ်သို့ တက်လာပြီးနောက် အတန်အသင့် ပုံစံကျနေပြီ ဖြစ်သော ဆိုင်ခန်းလေးကို မြင်လိုက်ရသဖြင့် အနည်းငယ် ကြောင်အံ့သွားသည်။ "သူဌေး... တစ်ညလုံး အလုပ်လုပ်နေတာလား။"

"နှစ်ည။"

ဟုန်ရှောင်ပေါင်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။ "အင်း... ချန်ယန်... ခင်ဗျား သွားပြီး ဆိုင်းဘုတ်တစ်ခု လုပ်ချေ။ ပထမထပ် ဆေးဝါးများ၊ ဒုတိယထပ် ဆေးဘက်ဝင် အစားအစာများ လို့ ရေးခဲ့။"

"သူဌေး... တကယ်ကြီး ဆေးဘက်ဝင် အစားအစာ ရောင်းတော့မှာလား။"

ချန်ယန်တစ်ယောက် ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည်။ "ဟားဟား... သူဌေး... နောက်ဆုံးတော့ ဉာဏ်အလင်း ပွင့်သွားပြီပဲ။ သူဌေးရဲ့ လက်ရာမျိုးနဲ့ဆိုရင် ပိုက်ဆံတွေ ဝင်လွန်းလို့ ရေတွက်လို့တောင် ကုန်နိုင်မှာ မဟုတ်ဘူး။"

"တော်ပြီ၊ တော်ပြီ၊ တော်ပြီ။"

ဟုန်ရှောင်ပေါင်က ချန်ယန်၏ မြှောက်ပင့်ပူဇော်နေမှုကို တားမြစ်လိုက်သည်။ "နောက်ထပ် ဆိုင်းဘုတ်တစ်ခုလည်း ခင်ဗျား လုပ်ခဲ့ရအုံးမယ်။ ဒုတိယထပ်မှာ ချိတ်ဆွဲဖို့။ အဲဒီအပေါ်မှာ ဒီလိုရေး...

အာလူးချောင်းကြော် - ဝိညာဉ်ကျောက်တုံး ဆယ်တုံး၊

ခရမ်းချဉ်သီးကြက်ဥမွှေကြော် - ဝိညာဉ်ကျောက်တုံး ဆယ်တုံး၊

သခွားသီးသုပ် - ဝိညာဉ်ကျောက်တုံး ဆယ်တုံး။"

အပိုင်း (၁၈၈) ငါ့ဟင်းချက်နည်းကို ဘာလို့ပေးမြည်းရမှာလဲကွ။

"ဝိညာဉ်ကျောက်တုံး... ဆယ်တုံး။" ချန်ယန်၏ မျက်လုံးများ ပြူးကျယ်သွား၏။

ဤဈေးနှုန်းသည် မယုံနိုင်လောက်အောင် ကြီးမြင့်နေရုံတင် မကတော့ချေ။ လေယင်မြို့တော်ရှိ လူအများစုအတွက်တော့ ဝိညာဉ်ကျောက်တုံး ဆယ်တုံး ဆိုသည်မှာ အသက်တမျှပင် ဖြစ်၏။ သို့ပေမည့် သူကိုယ်တိုင်က ဟုန်ရှောင်ပေါင်၏ ဆေးဘက်ဝင် အစားအစာကို စားဖူးသူဖြစ်ရာ ချက်ချင်းပင် စိတ်လှုပ်ရှားလွန်း၍ မျက်နှာကြီး ရဲတက်လာတော့သည်။

"ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်။ ဝိညာဉ်ကျောက်တုံး ဆယ်တုံး။ တကယ်ကို တန်တယ်။ အရင်းအနှီးကို ဖယ်လိုက်ရင်တောင် အမြတ်အစွန်း ကြီးကြီးမားမား ကျန်အုံးမှာ။"

"အရင်းအနှီးလား... ဘာ အရင်းအနှီးလဲ။"

ဟုန်ရှောင်ပေါင်က ပြောလိုက်၏။ "အောက်ဆုံးနားမှာ ထင်ထင်ရှားရှား စာလုံးကြီးကြီးနဲ့ တစ်ကြောင်း ထပ်ရေးလိုက်... ဟင်းပွဲများ အားလုံးအတွက် ပါဝင်ပစ္စည်းများကို မိမိဘာသာ ယူဆောင်လာရမည် လို့။"

"ဟုတ်ကဲ့ပါဗျာ... ဟင်းပွဲများ အားလုံးအတွက် ပါဝင်ပစ္စည်းများကို မိမိဘာသာ... ယူ... ဆောင်... လာ... ရ... မည်။" ချန်ယန်တစ်ယောက် ကြောင်အံ့သွားသည်။ မူလကတော့ ဟုန်ရှောင်ပေါင်၏ စကားကို တက်ကြွစွာ လိုက်ပြောနေခြင်း ဖြစ်သော်လည်း ယခုအခါတွင်မူ ရုတ်တရက် ရပ်တန့်သွား၏။

"ပါဝင်ပစ္စည်းတွေကို ကိုယ့်ဘာသာ ယူလာရမယ် ဟုတ်လား။"

"အင်း... ကိုယ့်ဘာသာ ယူလာရမယ်။" ဟုန်ရှောင်ပေါင်က ခေါင်းညိတ်ပြလိုက်သည်။

"သူဌေး... ခင်ဗျား... ခင်ဗျား ရူးသွားပြီလား။"

ချန်ယန်တစ်ယောက် ထိတ်လန့်တကြား အော်ဟစ်လိုက်မိ၏။ "ကိုယ့်ဘာသာ ယူလာရမယ် ဟုတ်လား။ သူဌေး... ဒီလိုမျိုးလုပ်တဲ့ဆိုင် ဘယ်မှာ ရှိဖူးလို့လဲ။"

"မရှိဘူး။"

ဟုန်ရှောင်ပေါင်က ရိုးရိုးသားသားပင် ဖြေလိုက်သည်။ "ဒါပေမဲ့ ကျုပ်ဆိုင်က ဆေးဘက်ဝင် အစားအစာဆိုင်လေ။ သာမန် စားသောက်ဆိုင်မှ မဟုတ်တာ။"

"သူဌေးရယ်..."

ချန်ယန်က အာပေါက်မတတ် နားချတော့၏။ "ဘာပဲ လာဝယ်ဝယ် ဧည့်သည်ဆိုတာ ဧည့်သည်ပဲဗျ။ ခင်ဗျား လုပ်ရပ်က လူတွေကို အပြင်ကို တွန်းထုတ်နေတာနဲ့ အတူတူပဲ။ ဘယ်လိုလုပ် ဒီလို လုပ်လို့ရမှာလဲ။ ဝိညာဉ်ကျောက်တုံးဆိုတာ ဒီလို ရှာရတာ မဟုတ်ဘူးဗျ။ ခင်ဗျားက ကုန်ကျစရိတ်ကို တွက်ကြည့်နေတာ မဟုတ်လား။ အဲ... အဲဒါဆိုရင်လည်း ကျုပ်တို့ဈေးနှုန်းကို နည်းနည်းလောက် မြှင့်တင်လိုက်ရင် ရတာပဲဟာ။ ဒါပေမဲ့ ဒီလိုကြီးတော့ လုပ်လို့ မရဘူးလေဗျာ။"

"စကားမများနဲ့။ မြန်မြန်သွားလုပ်စမ်းပါ။" ဟုန်ရှောင်ပေါင်က ရယ်မောရင်း ဆူငေါက်ကာ ချန်ယန်ကို အပြင်သို့ မောင်းထုတ်လိုက်တော့သည်။

ဆိုင်းဘုတ်လုပ်သည့် ကိစ္စက မခက်ခဲလှချေ။ လုပ်ပေးသည့် ဆိုင်များလည်း ပေါများလှ၏။ မကြာမီမှာပင် ချန်ယန်တစ်ယောက် ဆိုင်းဘုတ်နှစ်ခုကို ယူဆောင်၍ ပြန်လည် ရောက်ရှိလာသည်။ တစ်ခုကို တံခါးပေါက်တွင် ချိတ်ဆွဲထားပြီး ထိုအပေါ်တွင် "ပထမထပ် ဆေးဝါးဆိုင်၊ ဒုတိယထပ် ဆေးဘက်ဝင် အစားအစာဆိုင်" ဟု ရေးသားထား၏။

ထိုထဲမှ "ဆေးဘက်ဝင် အစားအစာဆိုင်" ဆိုသည့် စာလုံးသုံးလုံး၏ အောက်တွင်တော့ "နေ့စဉ် နံနက် တစ်နာရီ၊ ညနေ တစ်နာရီ ဖွင့်လှစ်သည်" ဆိုသည့် စာသားလေး တစ်ကြောင်း ပါဝင်သည်။

အခြား ဆိုင်းဘုတ်တစ်ခု ပေါ်တွင်တော့ ဟင်းပွဲ သုံးမျိုး၏ ဈေးနှုန်းများနှင့်အတူ ချန်ယန်တစ်ယောက် ပြန်ကြည့်ရန်ပင် ရှက်ရွံ့နေသည့် အနီရောင် စာသားလေး ပါဝင်နေ၏။

"ဟင်းပွဲများ အားလုံးအတွက် ပါဝင်ပစ္စည်းများကို မိမိဘာသာ ယူဆောင်လာရမည်" ...

ဟုန်ရှောင်ပေါင်၏ ညွှန်ကြားချက်အတိုင်း ထိုဆိုင်းဘုတ်ကို ချိတ်ဆွဲလိုက်ရင်း ချန်ယန်တစ်ယောက် စိတ်ထဲတွင် တငိုငို တရယ်ရယ် ဖြစ်နေရသည်။ "သူဌေးရယ်... စီးပွားရေး ဆိုတာ ဒီလို လုပ်ရတာ မဟုတ်ဘူးဗျ..."

တစ်နေ့ကို စုစုပေါင်း နှစ်နာရီပဲ ဖွင့်သည့် စားသောက်ဆိုင်လား။ ထို့အပြင် ဟင်းချက်စရာတွေကိုလည်း ကိုယ့်ဘာသာ ယူလာရဦးမည်။ အခြားသူများသာ လာရောက် လုပ်ကိုင်မည် ဆိုလျှင် ဤသည်မှာ ပြဿနာ ရှာချင်သလို ဖြစ်နေသည့် စည်းကမ်းချက်များပင် ဖြစ်၏။

ယခုအချိန်တွင်တော့ ချန်ယန်၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ဟုန်ရှောင်ပေါင်၏ နတ်ဘုရားတစ်မျှ အံ့မခန်း ဖြစ်လှသည့် ဟင်းချက်လက်ရာအပေါ်တွင်သာ တည်ရှိနေတော့သည်။

မည်သည့်အလုပ်ကိုမဆို စတင်လုပ်ကိုင်သည့် ပထမဆုံးနေ့ရက်က လူကို အစမ်းသပ်ဆုံးပင်။ ဟုန်ရှောင်ပေါင်ကတော့ ဘာမှ မဖြစ်သလို နေနိုင်သော်ငြား ချန်ယန်၏ မျက်လုံးများကမူ ပြူးကျယ်နေ၏။ ဆိုင်ရှေ့မှ လူတစ်ယောက် ဖြတ်လျှောက်သွားတိုင်း သူ၏ရင်တွေ တဒိန်းဒိန်း ခုန်နေတတ်ပြီး ထိုဖြတ်သွားသူများက ဆိုင်ဆီသို့ လှမ်းကြည့်လိုက်သည့်အခါမျိုးတွင်တော့ သူ့မှာ ခန္ဓာကိုယ်တစ်ခုလုံး တင်းမာလွန်း၍ ခုန်ထွက်သွားမတတ်ပင် ဖြစ်နေမိ၏။

အတော်ကြာသည့်အခါ နောက်ဆုံးတွင်တော့ လူနှစ်ယောက်က ရပ်တန့်သွားပြီး တံခါးဘေးရှိ ဆိုင်းဘုတ်ကို ကြည့်လာကြသည်။

"ဂလု..." ချန်ယန်တစ်ယောက် တံတွေး တစ်ချက် မြိုချလိုက်မိ၏။

"ဆေးဘက်ဝင် အစားအစာ။ ဟားဟားဟားဟားဟားဟား။"

ကျင့်ကြံသူ တစ်ယောက်က အကျယ်ကြီး ရယ်မောလိုက်သည်။ "ဆေးဘက်ဝင် အစားအစာတဲ့။ သူက ဆေးဘက်ဝင် အစားအစာလို့ ပြောနေတာပဲ။ ဒီနေရာကို သာမန်သေမျိုးတွေရဲ့ လောကလို့ ထင်နေတာလား။ ဆေးဘက်ဝင် အစားအစာ ဆိုပါလား။"

"သွားစို့၊ သွားစို့။ ဒီလောကကြီးထဲမှာ မသိနားမလည်တဲ့ အမိုက်အမဲတွေက အများကြီးပဲ။ ဂရုစိုက်နေစရာ မလိုဘူး။" အခြားတစ်ယောက်က အလျင်စလို ခေါ်လိုက်၏။ ထိုကျင့်ကြံသူကလည်း ထပ်မံ၍ ဘာမျှ မပြောတော့ဘဲ သရော်သလို ရယ်မောကာ ဆိုင်တံခါးရှေ့မှ ပျောက်ကွယ်သွားတော့၏။

ချန်ယန် "..."

ဟုန်ရှောင်ပေါင် "..."

ဟုန်ရှောင်ပေါင် အနည်းငယ် ခေါင်းကိုက်သွားရ၏။ သာမန် သေမျိုးများ၏ လောကတွင်တော့ မာလာကြက်ကြော်တို့၊ ဂျင်ဆင်းကြက်ပေါင်းတို့၊ ကြက်ဟင်းခါးသီးအမဲသားကြော်တို့က ဆေးဘက်ဝင် အစားအစာများ ဖြစ်ကြသော်လည်း ကျင့်ကြံသူများ၏ လောကတွင်မူ ဆေးဘက်ဝင် အစားအစာ ဆိုသည်မှာ ဝိညာဉ်စွမ်းအင်များကို တိုးပွားစေနိုင်သည့် အရာမျိုးကို ခေါ်ဆိုခြင်း ဖြစ်သည်။

ထို့အပြင် ဤသည်မှာ အခြေခံမျှသာ ဖြစ်ပြီး အခြားသော အခြေခံအုတ်မြစ်ကို ခိုင်မာစေခြင်းတို့၊ ဝိညာဉ်စွမ်းအင်ကို သက်ဝင်လှုပ်ရှားစေပြီး သွေးကြောပိတ်ဆို့မှုများကို ဖယ်ရှားပေးခြင်းတို့က ပို၍ အဆင့်မြင့်သည့် ဆေးဘက်ဝင် အစားအစာများပင် ဖြစ်၏။

ထို့အပြင် ဆေးဘက်ဝင် အစားအစာ ဆိုသည်မှာလည်း ဟင်းချက်နည်း နိဿယ တစ်ခုချင်းစီတိုင်းက တန်ဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်ကြပေသည်။ မိသားစုကြီးများ၊ ဂိုဏ်းကြီးများဆိုလျှင် သေမတတ် ဖွက်ထားကြသည်ဖြစ်ရာ ရင်းနှီးသည့် မိတ်ဆွေများပင် တစ်ခါတစ်ရံ စားသုံးခွင့်ရဖို့ရာ အလွန် မျက်နှာသာပေးခံရမှသာ ဖြစ်နိုင်သည်။ အဘယ်သို့ လွယ်လွယ်ကူကူ အပြင်သို့ ပျံ့နှံ့လာပါမည်နည်း။

ထို့ကြောင့် ယခုအခါတွင် ဟုန်ရှောင်ပေါင်၏ ဦးခေါင်း အချင်းက လေးငါးစင်တီမီတာလောက် ထပ်မံ ကြီးထွားသွားရပြန်သည်။ သူက ပြဿနာတစ်ခုကို ရုတ်တရက် သတိပြုမိသွား၏... ဤလူများက သူရောင်းချနေသည်မှာ ဆေးဘက်ဝင် အစားအစာ အစစ်အမှန် ဖြစ်ကြောင်းကို လုံးဝ ယုံကြည်ကြမည် မဟုတ်ချေ။

မည်သို့လုပ်ရမည်နည်း။

ဒါမှမဟုတ်... မြည်းစမ်းကြည့်ပြီး သဘောကျမှ ပိုက်ဆံပေးရမယ် ဆိုတဲ့ စနစ်မျိုးလောက် ထုတ်သုံးလိုက်ရမလား။

"တော်စမ်း … ဒါတွေက ငါကိုယ်တော် မြတ်ကြီး သုတေသန ပြုလုပ်ပြီး ဖော်ထုတ်ထားတဲ့ ဆေးနည်းတွေကွ။ မင်းက ဂေါ်ဖီထုပ်တွေ၊ မုန်လာဥတွေလို့ ထင်နေတာလား။"

ယင်းကျိုယိုက တစ်ခဏချင်း ဒေါသထွက်သွား၏။ "ဒီလောက် တန်ဖိုးရှိတဲ့ ဆေးဘက်ဝင် အစားအစာတွေကို အသေးအဖွဲ ဝိညာဉ်ကျောက်တုံး ဆယ်တုံးလောက်နဲ့ ဝယ်စားခွင့်ရတာကိုက ကောင်းကင်ဘုံရဲ့ ကြီးမားတဲ့ ကျေးဇူးတော်ပဲ။ သဘောကျမှ ပိုက်ဆံပေးရမယ် ဟုတ်လား။"

"ရပြီ၊ ရပြီ၊ ရပြီ... ကျုပ် မှားသွားပါတယ်၊ ကျုပ် မှားသွားပါတယ်။"

ဟုန်ရှောင်ပေါင်က ချက်ချင်းပင် အပြစ်ခံယူလိုက်၏။ "ကျုပ် အမှားကို ပြုပြင်ပြီး လူသစ်တစ်ယောက်အဖြစ် ပြန်လည် ရှင်သန်လိုက်ပါ့မယ်ဗျာ... ရပြီ မဟုတ်လား။"

တစ်မနက်လုံးတွင် ဆိုင်သို့ ဧည့်သည် သုံးယောက်သာ ရောက်လာခဲ့သည်။ ထိုသုံးယောက်စလုံးကလည်း ကြေး ဓားဒဏ်ရာပျောက်ဆေးကို ဝယ်ယူရန် ရည်ရွယ်ပြီး လာခဲ့ကြခြင်းပင်။

နောက်ဆုံးတွင်တော့ ပိုးသားဝတ်စုံ ဝတ်ဆင်ထားသည့် သခင်လေး တစ်ယောက်နှင့် အစေခံပုံစံ ဝတ်ဆင်ထားသူ တစ်ယောက်က ဟုန်ရှောင်ပေါင်၏ ဆိုင်တံခါးဝရှေ့သို့ ရောက်ရှိလာကြ၏။

ချန်ယန်၏ မျက်လုံးများက ချက်ချင်းပင် အရောင်လက်သွားသည်။

ဤလောကကြီးထဲတွင် အစေခံများကို ခေါ်ဆောင်လာနိုင်သူများမှာ ဒုနှင့်ဒေးပင်။ သို့သော်ငြား ဤနေရာက မည်သည့်နေရာ ဖြစ်သနည်း။ လေယင်မြို့တော်ကြီး ဖြစ်သည်။ လေယင်မြို့တော်သို့ ဝင်ရောက်ရန် မဖြစ်မနေ လိုအပ်သည့် သတ်မှတ်ချက်တစ်ခုမှာ အနည်းဆုံး ရုပ်ခန္ဓာ ပထမအဆင့် ရှိရမည် ဆိုခြင်းပင်။

ထို့ကြောင့် ဤပိုးသားဝတ်စုံနှင့် သခင်လေးက ကျင့်ကြံသူ အစေခံတစ်ယောက်ကို ခေါ်ဆောင်လာနိုင်ခြင်းမှာ သူသည် သေချာပေါက် ဂုဏ်သရေရှိ မိသားစုကြီး တစ်ခုမှ ဖြစ်ရပေမည်။ အထက်တန်းလွှာ မိတ်ဆွေကြီး တစ်ယောက်ဖြစ်ပေမည်။

"လာပြီ၊ လာပြီ။" ချန်ယန်တစ်ယောက် ချက်ချင်းပင် စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

"ဆေးဘက်ဝင် အစားအစာ။ ဟားဟား... လေလုံးကတော့ မသေးလှဘူးပဲ။"

ထိုပိုးသားဝတ်စုံနှင့် သခင်လေးက ခေါက်ယပ်တောင်ကို ဖြောင်းခနဲ ဖြန့်ကာ ရယ်မောလိုက်သည်။ "သွားစို့... အထဲဝင်ပြီး သွားကြည့်ရအောင်။"

ပြောပြီးသည်နှင့် သူ၏ အစေခံကို ဦးဆောင်ကာ မာနတခွဲသားဖြင့် ဆိုင်တံခါး ခုံတန်းကို ကျော်ဖြတ် ဝင်ရောက်လာ၏။

All Chapters