← Chapters

မကြောက်ပါနဲ့

Vol. 105 Ch. 1440

မကြောက်ပါနဲ့

Vol. 105 Ch. 1440

“အကုသိုလ်ပဲ။ သူဟာ ငါ့အတွက် ပြေးမလွတ်နိုင်တဲ့ အကုသိုလ်ပဲ။ ငါ့ရတနာတွေတောင် ငါ့ကို ဆန့်ကျင်ခဲ့ပြီ…” လောဘကြီးသည် နောက်သို့ အမြန်ဆုတ်နေရင်း စူးစူးဝါးဝါးအော်ဟစ်နေ၏။ ဝမ်လင်း သူ့ထံ နီးကပ်လာသည်ကို တွေ့မြင်သည့်အခါ သူက ကျောက်စိမ်းပုလင်းကို အခြားဦးတည်ရာတစ်ခုသို့ ကြမ်းတမ်းစွာ ပစ်လွှတ်လိုက်သည်။

သူသည် အရင်ကလည်း ထိုကဲ့သို့ လုပ်ခဲ့ဖူး၏။ သူ ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းသို့ ရောက်လာခဲ့ပြီးနောက် ဖြစ်ပျက်ခဲ့သမျှကို ပြန်တွေးမိတိုင်း သူ့စိတ်နှလုံးမှာ ရူးသွပ်ဖွယ် နာကျင်ခဲ့ရ၏။ သူသည် သူ့ဘဝတွင် ထွက်ပြေးနေရင်း တစ်စုံတစ်ယောက်ကို အာရုံပျက်သွားရန် သူ၏ရတနာကို လွှတ်မပစ်ဟု အဓိဠာန်ပြုထားခဲ့၏။ သူ့အမြင်တွင် သူ့ရတနာများကို ယူဆောင်ခံရခြင်းမှာ သူ့ကို သတ်သည်ထက် ပိုဆိုးပေ၏။

ဥပမာအနေဖြင့် ရှေးဟောင်းနတ်ဘုရားမီးပြင်းဖိုနှင့် ရှေးဟောင်းမိုးကြိုးနဂါးပင်။ သူသာ ထိုမီးပြင်းဖိုက ဝမ်လင်းကို အကြိမ်များစွာ ကယ်တင်ပေးခဲ့သည်ကို သိခဲ့လျှင်၊ သူသာ ဝမ်လင်းသည် ရှေးဟောင်းမိုးကြိုးနဂါးကို ဝါးမြိုပြီးနောက် အလုံးစုံကောင်းကင်တွင် မိုးကြိုးကျင့်ကြံသူတစ်ယောက်အဖြစ် ကျော်ကြားခဲ့သည်ကိုသာ သိခဲ့လျှင်၊ မိုးကြိုးအနှစ်သာရကို မွေးဖွားနိုင်ခဲ့သည်ကိုသာ သိခဲ့လျှင်…။

သူသာ ထိုအရာအားလုံးကို သိခဲ့ပါက သူသည် သွေးပွက်ပွက်အန်ကာ စိတ်နှလုံးနာကျင်ရမှုကြောင့် သေလုမြောပါး ဖြစ်သွားမည်မှာ ကျိန်းသေပေသည်။

“ဒီအဘိုးအိုဟာ မဟာကံကောင်းမှု၊ မဟာအခွင့်အရေးတွေကို ရရှိထားတယ်။ ကောင်းကင်ဘုံကိုယ်တိုင် ဒီအဘိုးအိုကို မျက်နှာသာပေးတယ်။ ငါ အသက်ရှစ်နှစ်မှာတုန်းက နှစ်ပေါင်းငါးရာသက်တမ်းရှိတဲ့ အဝါရောင်အဆီအနှစ်ကို တူးဖော်ပြီး ဝါးမြိုနိုင်ခဲ့တယ်။ အသက်ဆယ့်သုံးနှစ်မှာ ငါဟာ တောင်အစွန်းတစ်ခုကနေ ပြုတ်ကျပြီး နှစ်ငါးရာသက်တမ်းရှိတဲ့ ဟင်္သာငှက်သစ်သီးနား ကျရောက်ခဲ့တယ်။ ငါ အသက်ရှစ်နှစ်၊ အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်တဲ့အချိန်မှာ ငါဟာ ရှေးဟောင်းမိုးကြိုးနဂါးကို ပိုင်ဆိုင်ခဲ့တယ်။ အမြုတွေဖွဲ့စည်းခြင်းအဆင့်ရောက်တော့ ငါ့ထက် အစွမ်းထက်တဲ့ ရန်သူနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ ဧရာမမီးပြင်းဖိုတစ်ခုဟာ ကောင်းကင်ထက်ကနေ ပြုတ်ကျလာခဲ့ပြီး ငါ့ရန်သူပေါ်ကျရောက်သွားတော့ သူဟာ သေဆုံးသွားခဲ့ရတယ်…”

“အဲ့ဒီနောက်…ငါ့လမ်းကြောင်းဟာ အမြဲတမ်း ချောမွေ့ခဲ့တယ်။ တောင်နဲ့မြစ်ပန်းချီကား၊ တောင်စိတ်ဝိညာဉ်၊ စိတ်ဝိညာဉ်အပ်၊ ဒီလိုရတနာတွေ တစ်ခုပြီးတစ်ခုကို ငါ ဘာပြဿနာမှ မရှိဘဲ ရရှိလာခဲ့တယ်။ တစ်ခုပဲ ငါ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ရတနာကို တွေ့တဲ့အခါမှာတော့ ငါ့လမ်းကြောင်းဟာ အဆင်မပြေတော့ဘူး…”

“အဲ့ဒီနောက် ငါ့အတွက် အကုသိုလ်ကောင်ဟာ ငါ့ရတနာတွေအားလုံး ငါ ခက်ခက်ခဲခဲ စုဆောင်းထားတဲ့အရာအားလုံးကို ယူဆောင်သွားခဲ့တယ်။ ဒါပေမဲ့ ငါဟာ ကံကောင်းနေတုန်းပဲ၊ မသေခဲ့ဘူး။ အဲ့အစား ငါဟာ ခရီးတွေဆက်သွားပြီး ပိုများပြားတဲ့ ရတနာတွေကို ရခဲ့ပြီး ပိုမိုသန်မာလာခဲ့တယ်။ ဒါပေမဲ့ ဒီသောက်ဝမ်လင်းဟာ ငါ့ကို အလွတ်မပေးဘူး။ သူက ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းထိပါ ရောက်လာခဲ့တယ်…”

လောဘကြီးသည် သူ့ဘဝကို ပြန်စဉ်းစားကြည့်နေရင်း သူ့မျက်နှာထက်တွင် ပူဆွေးမှုတို့ ပြည့်လာ၏။ သူသည် နောက်သို့ဆုတ်နေဆဲသာ။

ဝမ်လင်းသည် အပြုံးမမည်သောအပြုံးတစ်ခုကို ထုတ်ဖော်လျက် ရှေ့သို့ လှမ်းလာသည်။ သူ လောဘကြီးက ပုလင်းကို တခြားနေရာတစ်ခုထံ လွှတ်ပစ်လိုက်သည်ကို တွေ့မြင်သည့်အခါ လောဘကြီးထံ ခြေလှမ်းကို ရပ်ကာ ထိုအစား ပုလင်းထံသို့ ဦးတည်တိုးဝင်သွား၏။

လောဘကြီးသည် ဝမ်လင်းက ဦးတည်ရာပြောင်းသွားသည်ကို မြင်သည့်အခါ သူ့လက်ကို ဝေ့ယမ်းလိုက်သည်။ သူ့လက်ထဲတွင် အလံကြီးတစ်ခု ပေါ်လာသည်။ ထိုအလံမှာ ရွှေရောင်ရှိသည်။ လေဟာနယ်တွင် ရွှေရောင်လင်းလက်လေ၏။

ထိုအလံပေါ်တွင် ထူးဆန်းသောသားရဲတစ်ကောင် ရှိသည်။ ၎င်းက နဂါးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။သို့သော် လက်သည်းများ ကင်းမဲ့ပေသည်။ ထိုအစား တောင်ပံများစွာ ရှိနေကာ ၎င်း၏ခန္ဓာကိုယ်တစ်ဝက်သည် တိမ်စိုင်များနှင့် ဖြစ်၏။

ထိုအလုံကို ထုတ်ပြီးသည့်နောက် လောဘကြီးသည် ၎င်းကို ကြမ်းတမ်းစွာ ဝေ့ယမ်း၏။ ယင်းအလံအတွင်းမှ ဟိန်းမည်သံတစ်ခု ထွက်ပေါ်လာသည်။ ထိုသားရဲက အသက်ဝင်လာသည့်အလား။ ၎င်းသည် ချက်ခြင်းပင် အလံထံမှ ပျံသန်းထွက်လာပြီး လောဘကြီးအား ထွေးခြုံသည်။ သူတို့သည် အနက်ရောင်တိမ်ထုအဖြစ်သို့ ပြောင်းကာ အရင်ထက် ပိုမြန်သောနှုန်းဖြင့် ပျံသန်းသွားလေ၏။

ဝမ်လင်းသည် လောဘကြီးကို လစ်လျူရှုကာ ကျောက်စိမ်းပုလင်းနောက်သာ အလျင်အမြန် လိုက်ဖမ်းယူ၏။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ ထိုပုလင်းကို သိမ်းဆည်းလိုက်သည်။ သူသည် ရယ်မောလျက် နောက်သို့ ပြန်လှည့်ကာ လောဘကြီးနောက်သို့ ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို အသုံးပြု၍ လိုက်လံတော့၏။

“ဒီလောဘကြီးဟာ ငါ့အတွက် ကံကောင်းစေတဲ့ကြယ်ပဲ…” ဝမ်လင်းသည် ရယ်မောလျက် ပျောက်ကွယ်သွားလေ၏။

လောဘကြီး၏ခန္ဓာကိုယ်သည် တိမ်စိုင်များ ထွေးပတ်ထားခြင်း ခံရကာ ထူးဆန်းသောသားရဲ၏ ဝန်းရံခြင်းကို ခံရသည်။ ထိုသားရဲသည် တောင်ပံအစုံတစ်ရာနီးပါး ရှိပြီး ရွှေ့လျားလိုက်တိုင်း ၎င်း၏အမြန်နှုန်းသည် များစွာ တိုးသွားသည်။ သူတို့သည် အလွန်မြန်သောနှုန်းဖြင့် ထွက်ပြေးနေသည်။

သူတို့နောက်တွင် လှိုင်းဂယက်များ ပေါ်လာ၏။ ထိုလှိုင်းဂယက်များသည် ပင်လယ်လှိုင်းများအလား။ လှိုင်းများအတွင်း ဝမ်လင်း၏ပုံရိပ်သည် သူတို့နောက် လိုက်လာကာ မြန်သထက်မြန်လာသည်။

သို့ပေမည့် လောဘကြီး၏အမြန်နှုန်းမှာ အကန့်အသတ်သို့ ရောက်လာခဲ့ကာ သူ့ကို ဝမ်လင်းနှင့် အကွာအဝေးတစ်ခုခြားနေစေသည်။ ဝမ်လင်း၏မိုးကြိုးအနှစ်သာရသည် ပြီးပြည့်စုံပြီး ထိုမိုးကြိုးစွမ်းအားဖြင့်ပင် သူသည် အချိန်တိုအတွင်း လိုက်မှီနိုင်စွမ်း မရှိ ဖြစ်နေသေး၏။

သို့ပေမည့် ဝမ်လင်းက အလျင်မလိုပေ။ ဌာနေနေရပ်မှ တစ်စုံတစ်ယောက်ကို တွေ့မြင်ရခြင်းက ပျော်ရွှင်ရသည့်အရာတစ်ခု မဟုတ်လော။ ဤအခိုက်အတန့်၌ ဝမ်လင်းသည် အတော်လေး ပျော်နေ၏။ လောဘကြီးနှင် ဆုံရခြင်းက သူ့ကို ပျော်စေသလို အံ့အားသင့်မှုကိုလည်း ဖြစ်စေသည်။

အထူးသဖြင့် ဝမ်လင်းသည် လောဘကြီး၏ရတနာများသည် ရှေးအမိန့်ကလန်သုံးခုနှင့် ပတ်သတ်နေသည်ကို တွေ့မြင်ခဲ့ပြီး ဖြစ်၏။ သူက လောဘကြီး ဒီရတနာများကို မည်သည့်နေရာကနေ ရလာခဲ့သည်ကို သေချာအောင် လုပ်ရမည်။ အခြားလူများအတွက် ထိုနေရာသည် အသုံးဝင်ချင်မှ ဝင်မည်။ သို့သော် ဝမ်လင်းအတွက်မူ ယင်းနေရာမှာ အတိုင်းမသိကောင်းမွန်သောကံကောင်းမှုတစ်ခု ဖြစ်သည်။

(ဘာသာပြန်သူမှတ်ချက်…ရှေးအမိန့်ကလန်သုံးခုမှာ ရှေးဟောင်းနတ်ဘုရားကလန်၊ ရှေးဟောင်းနတ်ဆိုးကလန်၊ ရှေးဟောင်းမိစ္ဆာကလန်တို့ ဖြစ်ကြသည်။ )

လောဘကြီးက ဝမ်လင်းကို ထိုမဟာကံကောင်းမှုတစ်ခု ပေးမည့်သူပင်။ ဝမ်လင်းက လောဘကြီးကို ပို၍ ကြည့်မိလေလေ သူက ပိုနှစ်သက်မိလေ ဖြစ်နေ၏။

“တစ္ဆေတစ်ကောင် ငါ့နောက် လိုက်နေတယ်။ တစ္ဆေတစ်ကောင် ငါ့နောက် အမဲလိုက်သလို လိုက်နေတယ်…” လောဘကြီးသည် သူ့ရင်ဘက်ကို မရေမတွက်နိုင်သောအပ်အစင်းများစွာ စိုက်ချလိုက်သကဲ့သို့ နာကျင်စွာ ခံစားနေရ၏။ ထိုနာကျင်မှု၏ရင်းမြစ်မှာ သူ့ရတနာများကို လုယူသွားသောသူအား ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်နေရခြင်းသာ ဖြစ်၏။

“သူဟာ ငါ့ဓားတွေ၊ အကာအကွယ်အရိုးကျောက်ပြားတွေ၊ အင်ပါယာမီးပြင်းဖို၊ မြူမိစ္ဆာလှံ တို့ကို လုယူသွားခဲ့ပြီး ဖြစ်တယ်။ ရှေးဟောင်းသစ်သားစိတ်ဝိညာဉ်ကိုတောင် သူက အလွတ်မပေးခဲ့ဘူး။ ငါ့ရှေးဟောင်းရပ်တန့်ခြင်းသစ်ရွက်နဲ့ မိစ္ဆာစိတ်ဝိညာဉ်ပုလင်းတို့ကိုလည်း အတင်းအကြပ် ယူသွားခဲ့ပြီ။ ငါ့ရတနာတွေထဲက တစ်ဝက်က သူ့ဟာ ဖြစ်သွားပြီ။ ဒီသောက်ဝမ်လင်းဟာ အခုထိလည်း ငါ့ကို အလွတ်မပေးပြန်ဘူး။ သူဟာ ငါ့ရတနာအားလုံးကို မရမချင်း ရပ်နားမယ့်ပုံ မရဘူး…”

လောဘကြီးသည် ထိုအကြောင်းကို ပို၍တွေးမိလေလေ သူခံစားရသော ဝမ်းနည်းမှုနှင့် မခံမရပ်နိုင်ဖြစ်မှုတို့က ဆထက်တိုးပွားလာ၏။ ဒေါသသည် သူ့စိတ်နှလုံးထဲတွင် ပြည့်ကျပ်လာပြီး သူက အံတင်းတင်းကြိတ်ကာ ဆက်မပြေးတော့ရန် ဆုံးဖြတ်လိုက်တော့သည်။ သူသည် နောက်လှည့်ကာ ဝမ်လင်းထံသို့ ကြမ်းတမ်းရန်လိုစွာ စိုက်ကြည့်သည်။

“ဒီအဘိုးအိုဟာ ဆက်မပြေးတော့ဘူး။ ငါ မင်းနဲ့ အစွမ်းကုန် တိုက်ခိုက်ပေးမယ်…” လောဘကြီး၏မျက်လုံးတို့မှာ နီရဲလာ၏။ သူသည် လူများစွာကို သတ်ခဲ့သော ရက်စက်ကြမ်းကြုတ်သည့်လူတစ်ယောက်သာ ဖြစ်၏။ ဝမ်လင်းက သူ့ကို ထိတ်လန့်နေစေသည့်အတွက်၊ သူ့အတွက် သူ့တာအိုနှလုံးသားကို အက်ရာထင်စေသော အိပ်မက်ဆိုး ဖြစ်နေခြင်းကြောင့်သာ မဟုတ်ပါက သူသည် အခုလိုမျိုး မတိုက်ခိုက်ဘဲ ထွက်ပြေးနေလိမ့်မည် မဟုတ်ပေ။ အခုလိုမျိုး သနားစရာအခြေအနေမှာ ဆိုက်ရောက်နေမည်လည်း မဟုတ်ချေ။

ခုချိန်တွင် ဝမ်လင်းက သူ့ကို အတင်းအကြပ် ဖိအားပေးလာခဲ့ရာ သူသည် ထိုအိပ်မက်ဆိုးကို သည်အခိုက်တွင် မေ့သွားတော့၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေလိုက်သည်။ လေဟာနယ်အတွင်း ဧရာမဟင်းလင်းပြင်အက်ကြောင်းအဟတစ်ခု ပေါ်လာ၏။

“နတ်ဆိုးဝံပုလွေ…ဆင်းသက်လာပြီး ကောင်းကင်နဲ့မြေကြီးကို အပြစ်ပေးမယ်…” လောဘကြီးသည် မာန်သွင်းလိုက်၏။ သူ့အဝတ်အစားများသည် တလတ်လတ် တလွင့်လွင့် ဖြစ်ကာ သူ့ဆံပင်များသည် လေမတိုက်ပါဘဲ လွင့်ဝဲကုန်သည်။ ကြောက်မက်ဖွယ်နတ်ဆိုးစွမ်းအင်သည် သူ့ရှေ့ရှိ အဟကြားထဲမှ ထွက်ပေါ်လာသည်။

ဝမ်လင်းက ထိုနတ်ဆိုးအော်ရာနှင့် အလွန်ရင်းနှီးပေ၏။ ယင်းကာ ရှေးဟောင်းနတ်ဆိုးတစ်ပါး၏ အော်ရာတည်း။

နတ်ဆိုးစွမ်းအင်သည် အနီရောင်မြူထုတစ်ခုနှင့်အတူ ဟင်းလင်းပြင်အက်ကြောင်းအတွင်းမှ ထိုးထွက်လာချေ၏။ ယင်းအနီရောင်မြူသည် လောဘကြီး၏ ဒွာရပေါက်များမှတစ်ဆင့် သူ့ခန္ဓာကိုယ်ထဲသို့ အလျင်အမြန် ဝင်ရောက်လေသည်။

လောဘကြီးထံမှ နာကျင်စွာအော်ဟစ်သံများ ပေါက်ကွဲထွက်လာသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးကြောများ ဖောင်းကြွလာကာ သူ့မျက်နှာမှာလည်း နာကျင်မှုကြောင့် ရှုံ့တွနေ၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများပါ တစစီဆုတ်ပြဲသွားပြီး နက်မှောင်သောချပ်ဝတ်တစ်စုံ လှစ်ပေါ်လာသည်။

သူ့နောက်မှ ဟင်းလင်းပြင်သည်ပင် တွန့်ခေါက်သွားသလား ထင်ရ၏။ ပေတစ်သိန်းအရိပ်တစ်ခုသည် သူ့နောက်တွင် ဖြည်းဖြည်းချင်း ပေါ်လာ၏။ ယင်းအရိပ်ကား ဝံပုလွေတစ်ကောင်ပင်။

နတ်ဆိုးဝံပုလွေ။

ထိုနတ်ဆိုးဝံပုလွေ ထွက်ပေါ်လာသည်နှင့် သည်ဧရိယာတွင် နတ်ဆိုးစွမ်းအင်များ တိုးပွားလာ၏။ ဝဲကတော့တစ်ခုသည် လောဘကြီးကို ဗဟိုပြု၍ ပေါ်လာကာ သည်ပတ်ဝန်းကျင်ကို ခြုံလွှမ်းဝေ့ခတ်သည်။

ကီလိုမီတာငါးသောင်းအတွင်းရှိ အရာအားလုံးသည် ဝဲကတော့၏အစိတ်အပိုင်း ဖြစ်လာကြ၏။ ၎င်းဝဲကတော့အတွင်းမှ မိုးကြိုးတုန်ဟည်းသံ ထွက်ပေါ်လေ၏။

ထိုဝဲကတော့အလယ်ရှိ နတ်ဆိုးဝံပုလွေသည် အနီရောင်တောက်ပမှုကို ပေးစွမ်း၏။ ၎င်း၏မျက်လုံးကမူ ခရမ်းရောင်ဖြစ်လုနီးနီးပင်။ ၎င်းက စွဲစွဲငင်ငင်ငင် ဟိန်းအော်သံ ပြု၏။

၎င်း၏အသံမှာ ကောင်းကင်တုန်လှုပ်ဖွယ်ရာပင်။ ကြားရသူတိုင်း၏ စိတ်နှလုံးကို တုန်ယင်သွားစေဖို့ရာ လုံလောက်ပေသည်။

“ရှေးဟောင်းနတ်ဆိုး…” ဝမ်လင်း၏အမူအရာသည် အလေးအနက် ဖြစ်လာ၏။ သူ ထွက်ပေါ်လာသည်နှင့် နတ်ဆိုးဝံပုလွေသည် စွဲငင်စွာအူသံပြု၍ ဝမ်လင်းကို စိုက်ကြည့်သည်။ ထို့နောက် ၎င်းသည် ရုတ်တရက် တိုးဝင်လာလေ၏။

ဝမ်လင်းရှု့ထောင်မှ ကြည့်ပါက နတ်ဆိုးဥက္ကာပျံတစ်စင်းက သူ့ထံ တရကြမ်း ဝင်ဆောင့်လာသကဲ့သို့ပင်။ ကီလိုမီတာငါးသောင်းအတွင်းရှိ နတ်ဆိုးစွမ်းအင်အားလုံးမှာ ဝဲကတော့ထံသို့ သိပ်သည်းလာ၏။ ပြင်းထန်သောစုပ်အားတစ်ခုကို ဖန်တီးလေသည်။ ထိုစုပ်အားထံမှ နောက်ဆုတ်နိုင်ရန်မှာ ခက်ခဲလွန်းပေမည်။

ဤအရာများကား လျှပ်တပြတ်အတွင်း ဖြစ်ပွားလာခြင်းသာ။ မျက်စိတစ်မှိတ်အတွင်း နတ်ဆိုးလောကမှာ နီးကပ်လာ၍ ဝမ်လင်းကို ဝါးမြိုရန် တာဆူလေ၏။

“မင်းဟာ ငါ့ရတနာတွေကို အတိတ်တုန်းက လုယူခဲ့တယ်။ သောက်ကောင်။ အခုလည်း ငါ့ရှိကနေ ထပ်ပြီး လာလုပြန်ပြီ။ ခွေးကောင်…။ ငါ့ဘဝမှာ ဘယ်တုန်းကမှ အခုလိုမျိုး အနိုင်ကျင့်ခံရ၊အရှက်ခွဲခံရတာမျိုး မဖြစ်ခဲ့ဖူးဘူး။ အခု မင်း သေဖို့ ထိုက်တန်ပြီ။ သေဖို့ သင့်ပြီ။ သေလိုက်တော့…သေစမ်း…” လောဘကြီး၏အသံမှာ ရူးသွပ်လုနီးနီးပင်။

ဝမ်လင်း၏အမူအရာကတော့ တည်ငြိမ်လျက်ပင်။ သူက အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။ ဧရာမနတ်ဆိုးဝံပုလွေ အနားရောက်လာနေစဉ် သူ့ခန္ဓာကိုယ်ထံမှ တစီစီအသံများ ထွက်ပေါ်လာ၏။ သူ့ခန္ဓာကိုယ်သည် ချက်ခြင်း ပေတစ်သောင်းအထိ ချဲ့ကားကာ သူသည် ကြယ်ခြောက်လုံးရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်လာ၏။

ရှေးဟောင်းနတ်ဘုရားကြယ်များသည် သူ၏မျက်ခုံးနှစ်ခုကြားတွင် အလျင်အမြန် လှည့်လည်နေသည်။ သူက နောက်သို့ ခြေလှမ်းကာ ညာလက်ကို ပင့်မြှောက်သည်။ သူ မာန်သွင်းလိုက်၏။ မွန်းစတားဆန်သောသွေးအလင်းတစ်ခု ပေါ်ထွက်လာချေသည်။ အဝေးမှကြည့်ပါက ဝမ်လင်းကား ထိုအလင်းကို ဆုပ်ကိုင်ထားသည့်အလား။

ထိုသွေးအလင်းသည် တလျံလျံတောက်ပကာ ပေတစ်ထောင်ရှည်လျားသော သွေးဓားအဖြစ်သို့ ဝမ်လင်းလက်ထဲတွင် ပြောင်းလဲ၏။

ယင်းသွေးဓားကို ကိုင်ထားလျက် နတ်ဆိုးဝံပုလွေ သူနှင့် ပေတစ်ရာပင် မလိုတော့သော အကွာအဝေးသို့ ရောက်လာချိန်၌ ဝမ်လင်းသည် သူ့ညာလက်ဖြင့် ခုတ်ပိုင်းချလိုက်၏။

ရုတ်တရက် ပေတစ်ထောင်သွေးဓားမှာ ဆင်းသက်လာ၏။ သွေးအလင်းမှာ ပေတစ်သောင်းထိ ချဲ့ကားထွက်သည်။ ယင်းဓားမှာ နတ်ဆိုးဝံပုလွေနှင့် ထိပ်တိုက်တွေ့ချေပြီ။

မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်ကာ သွေးနီရောင်အလင်းမှာ နတ်ဆိုးဝံပုလွေ၏ဦးခေါင်းထက်သို့ ကျရောက်သည်။ ဝံပုလွေသည် နာကျင်စွာ ဗလုံးဗထွေးအော်ဟစ်လိုက်ရချေ၏။ ၎င်း၏ ဦးခေါင်းပေါ်တွင်လည်း အက်ရာကြီး အထင်းသား ပေါ်သွားသည်။

သွေးအလင်းသည် အရံအတားအားလုံးကို မြန်ဆန်စွာ ချိုးဖျက်လာခဲ့ပြီး ထိုအက်ရာကို ပိုနက်သွားစေသည်။ နောက်ဆုံးတွင် ယင်းအက်ရာမှာ နတ်ဆိုးဝံပုလွေ၏ခန္ဓာကိုယ်ကို ထွင်းဖောက်သွားသည်။ ဓားတစ်ချက်က ထိုဝံပုလွေကို ထက်ပိုင်းခြမ်းပစ်လိုက်ပေပြီ။

ထက်ပိုင်းကွဲထွက်သွားသော ဝံပုလွေ၏ အစိတ်အပိုင်းသည် ဝမ်လင်းကို ကျော်၍ ပြုတ်ကျကာ ကြယ်များကြား ပျောက်ကွယ်သွားတော့၏။

ဝမ်လင်းက လောဘကြီးကို ငုံ့ကြည့်လိုက်၏။ သူ၏အမူအရာမှာ ပုံမှန်အတိုင်းသာ။

လောဘကြီး၏မျက်လုံးထဲ၌ ကြောက်ရွှံ့မှု အထင်းသား ပေါ်လျက် သူသည် အလန့်တကြာ အော်ကာ နောက်ဆုတ်၏။ သူက သူ့ညာလက်ကို ဝေ့ယမ်းကာ သူ့အစွမ်းထက်ဆုံးရတနာကို တုံ့နှေးခြင်းမရှိ ထုတ်ယူသည်။ ၎င်းမှာ သစ်သားပန်းပုအကျိုးအပဲ့တစ်ခုပင်။ သို့ပေမည့် ထိုပန်းပု ပေါ်လာသည့်အခါ ဝမ်လင်း၏ တည်ငြိမ်သောအသံသည် ကြယ်များကြား ပဲ့တင်ထပ်၏။ “ရပ်တန့်ခြင်း…”

လောဘကြီး၏ခန္ဓာကိုယ်သည် ရုတ်တရက် တန့်သွား၏။ သူက တစ်လက်မမျှပင် မလှုပ်နိုင်တော့ချေ။ သူ့မျက်လုံးထဲရှိ ကြောက်ရွှံ့မှုမှာ တိုးပွားလာသည်။

“မကြောက်ပါနဲ့။ ငါ့ မေးခွန်းအနည်းငယ်ကိုပဲ ဖြေပေး။ ငါ မင်းကို မသတ်ဘူး…”

***

All Chapters