အခန်း (၁၈၉-၁၉၀)
Vol. 17 Ch. 189-190
အပိုင်း (၁၈၉) "နင်တို့အိမ်တော်က စားဖိုမှူးက ဒီလို မွှေးကြိုင်တဲ့ ရနံ့မျိုး ချက်ပြုတ်နိုင်လို့လား။"
"မင်းက သူဌေးလား။"
ဤပိုးသားဝတ်စုံနှင့် သခင်လေးသည် လူကို ကြည့်လျှင် မေးစေ့ကို အပေါ်သို့ မာနတကြီး မော့ထားပြီး မေးစေ့ဖြင့်သာ လှမ်းကြည့်တတ်သူ ဖြစ်သည်။
ဘာကြောင့်ရယ်တော့ မသိပေမဲ့... ဟုန်ရှောင်ပေါင်၏ တစ်သက်တာတွင် သူတစ်ပါးက ကိုယ့်ကို မေးစေ့ဖြင့် ထိုးပြပြီး ဆက်ဆံတာခံရသည့် ခံစားချက်မျိုးကို ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။ သို့သော်ငြား စိတ်ရှည်လက်ရှည်ဖြင့်ပင် ပြန်ဖြေလိုက်၏။ "အင်း... ကျုပ်က သူဌေးပဲ။"
"မင်းရဲ့ ဆေးဘက်ဝင် အစားအစာက လောကီလူသားတွေရဲ့ အစားအစာလား... ဒါမှမဟုတ် ကျင့်ကြံသူတွေရဲ့ လောကထဲက ဆေးဘက်ဝင် အစားအစာလား။" ပိုးသားဝတ်စုံနှင့် သခင်လေးက မေးစေ့ဖြင့်သာ ကြည့်လျက် မေးလိုက်သည်။
"သဘာဝကျကျ ကျင့်ကြံသူတွေအတွက် ဆေးဘက်ဝင် အစားအစာပေါ့။" ဟုန်ရှောင်ပေါင်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်၏။
"ဟော... ဒါဆိုရင်တော့ ငါ သေချာ ကြည့်ရသေးတာပေါ့။"
ပိုးသားဝတ်စုံနှင့် သခင်လေးမှာ ချက်ချင်းပင် စိတ်ဝင်စားသွားသည်။ သို့ပေမည့် စိတ်ဝင်စားမှုက တစ်ဆဆိုလျှင် သံသယဖြစ်မှုက ကိုးဆလောက် ရှိနေခြင်း ဖြစ်သည်။
"အပေါ်ထပ်ကို ကြွပါ။"
ဟုန်ရှောင်ပေါင်က ဦးဆောင်၍ ခေါ်သွားပြီး နှစ်ယောက်စလုံးကို နေရာထိုင်ခင်း ပေးလိုက်သည်။ ထို့နောက် မီနူးစာရင်းကို လက်ညှိုးထိုးပြလိုက်၏။ "လူကြီးမင်းတို့... ဘာများ သုံးဆောင်မလဲဆိုတာ ကြည့်ပါ။"
"အာလူးချောင်းကြော်... ထိပ်တန်း အာလူး၊ ခုနစ်ရောင်စဉ် ချဉ်ဝါးချောင်း ဟုတ်လား။"
ပိုးသားဝတ်စုံနှင့် သခင်လေးက ခေါင်းခါလိုက်သည်။ "မဆန်းတော့ပါဘူးလေ။ နာမည်ကို ကြည့်တာနဲ့တင် ဒါတွေက အနိမ့်ဆုံး အတန်းအစား ဆေးဘက်ဝင် အစားအစာတွေပဲ ဖြစ်ရမယ်။ ဒါပေမဲ့... ဆေးဘက်ဝင် အစားအစာ ဖြစ်နေတာနဲ့တင် ကောင်းနေပါပြီ။ တစ်ပွဲလောက် ပေးစမ်းပါ..."
ပိုးသားဝတ်စုံနှင့် သခင်လေး၏ စကားသံက ရုတ်တရက် ရပ်တန့်သွား၏။ သူသည် အောက်ဆုံးနားတွင် ရေးသားထားသော စာသားလေးကို မြင်လိုက်ရခြင်း ဖြစ်သည်... "ဟင်းပွဲများ အားလုံးအတွက် ပါဝင်ပစ္စည်းများကို မိမိဘာသာ ယူဆောင်လာရမည်" တဲ့...
‘တကယ့် ပိုက်ဆံရှိတဲ့ သူဌေးတွေကတော့ ကွာခြားတာပဲ။ ဈေးနှုန်းကိုတောင် ဂရုမစိုက်ကြဘူးပဲ။’
ဟုန်ရှောင်ပေါင်က စိတ်ထဲမှ ချီးကျူးနေဆဲမှာပင် ထိုပိုးသားဝတ်စုံနှင့် သခင်လေးက အေးစက်စက် ရယ်မောလိုက်သည်ကို တွေ့လိုက်ရ၏။
"ဟားဟား... သိပ်ကို ကြီးကျယ်တာပဲ၊ သိပ်ကို ဂုဏ်မောက်တာပဲ။"
ပိုးသားဝတ်စုံနှင့် သခင်လေးက အေးစက်စွာ ရယ်မောလိုက်သည်။ "ကိုယ့်ဘာသာ ပါဝင်ပစ္စည်း ယူလာရမယ် ဟုတ်လား။ ငါ သခင်လေးကို လာလှောင်နေတာလား။"
"အယ်..." ကျိုးကြောင်းဆီလျှော်အောင် ပြောရလျှင် ဤစည်းကမ်းချက်က လွန်ကဲလွန်းသည်ဟု ဟုန်ရှောင်ပေါင် ကိုယ်တိုင်လည်း ထင်မြင်မိပေသည်။ သို့သော်ငြား ဤသည်မှာ အဘိုးက မဖြစ်မနေ သတ်မှတ်ခိုင်းထားခြင်း ဖြစ်၏။ ကမ္ဘာမြေကြီး ကျယ်ပြန့်သမျှတွင် အဘိုးက အကြီးဆုံး ဖြစ်နေသည့်အတွက် သူ့အနေဖြင့် ဘာများ တတ်နိုင်ပါမည်နည်း။ သို့ပေမည့် အဘိုး ရှိနေသည် ဖြစ်ရာ ဟန်ပန်တော့ ရှိရမည် မဟုတ်လား။ ထို့ကြောင့် ပုခုံးတစ်ချက် တွန့်ပြလိုက်၏။
"အားနာပါတယ်... ဒါက ကျုပ်ဆိုင်ရဲ့ စည်းကမ်းချက်မို့ပါ။"
"ခွေးချေးလို စည်းကမ်းချက်တွေ။"
ပိုးသားဝတ်စုံနှင့် သခင်လေးက အေးစက်စွာ ပြောလိုက်သည်။ "ဆိုင်က သေးသေးလေးနဲ့ စည်းကမ်းက များလိုက်တာ။ အာခွမ်း... သွားမယ်။"
"ဟားဟား... ရှောင်ပေါင်ရဲ့ ဆေးဘက်ဝင် အစားအစာဆိုင်လေး နောက်ဆုံးတော့ ဖွင့်ပြီပေါ့လေ။ ကောင်းလိုက်တာ၊ ကောင်းလိုက်တာ... သွားစို့၊ သွားမြည်းစမ်းကြည့်ကြရအောင်။"
ထိုအသံကို ကြားလိုက်ရသဖြင့် ပိုးသားဝတ်စုံနှင့် သခင်လေးက မျက်လုံးကို မှေးကျဉ်းလိုက်ပြီး ဟုန်ရှောင်ပေါင်ကို အေးစက်စက် ကြည့်ကာ ရယ်မောလိုက်၏။ "အို... ဉာဏ်ဆင်တာကတော့ မဆိုးလှဘူးပဲ။ အယောင်ဆောင် လူခေါ်ပွဲစားတွေကိုတောင် သုံးနေတာလား။"
"အစ်ကိုကြီး... သွားချင်ရင် သွားလို့ရတယ်... ကောင်းပြီလား။"
ဟုန်ရှောင်ပေါင်က ကိုယ့်ဆိုင်လေး ကိုယ် ဖွင့်လှစ်ပြီး စီးပွားရေး လုပ်ငန်း စတင်ခြင်း ဖြစ်သည့်အတွက် ဖော်ရွေစွာ ဆက်ဆံသင့်သည်ဟု တွေးထားသော်ငြား ယခုအချိန်တွင်မူ အနည်းငယ် စိတ်မရှည်တော့ချေ။ "ကျုပ်ဆိုင်က ခင်ဗျားရဲ့ အဲဒီ ဝိညာဉ်ကျောက်တုံး ဆယ်တုံးလောက်ကို လိုချင်နေလို့ ငတ်သေတော့မတတ် ဖြစ်နေတယ်လို့ များ ထင်နေတာလား။"
"ဒေါသထွက်ပြီး ရှက်ရမ်းရမ်းနေပြီပေါ့။ မျက်နှာလေး ဘာလေး နည်းနည်းပါးပါး ထားပါအုံးလား။" ပိုးသားဝတ်စုံ နှင့် သခင်လေးက အေးစက်စွာ ရယ်မောလိုက်သည်။
"အင်း... အင်း... အင်း... ကျုပ်က ဒေါသထွက်ပြီး ရှက်ရမ်းရမ်းနေတာ။"
ဟုန်ရှောင်ပေါင်က လက်ဝှေ့ယမ်းပြလိုက်၏။ "သွား၊ သွား၊ သွား... နောက်ဆိုရင် ဒီဆိုင်က ခင်ဗျားကို လုံးဝ ကြိုဆိုမှာ မဟုတ်ဘူး။"
"ဟားဟား... ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး အထင်ကြီးမနေပါနဲ့။ ငါ သခင်လေးကပဲ မင်းရဲ့ ဒီစုတ်ပြတ်ပြတ် ဆိုင်လေးမှာ အသေအလဲ တွယ်ကပ်နေချင်သယောင် မပြောစမ်းပါနဲ့။"
ပိုးသားဝတ်စုံနှင့် သခင်လေးက အေးစက်စွာ ရယ်မောရင်း ဤနေရာမှ ထွက်ခွာရန် ပြင်လိုက်၏။ သို့သော်ငြား လှေကားဝတွင် သူက ဟိုအယောင်ဆောင် ပွဲစားနှစ်ယောက်နှင့် တည့်တည့်ကြီး ဆုံမိသွားသည်။
ပိုးသားဝတ်စုံနှင့် သခင်လေး အနည်းငယ် ကြောင်အံ့သွား၏။ "အစ်မဖုန်း။"
"ဟင်... ကျုံးဟယ်... နင် ဒီမှာ ဘာလုပ်နေတာလဲ။"
ထိုအယောင်ဆောင် ပွဲစားမှာ အခြားသူ မဟုတ်ဘဲ ဖုန်းလင်းလုံပင် ဖြစ်နေသည်။ သူမက ဤပိုးသားဝတ်စုံနှင့် သခင်လေးကို တွေ့လိုက်ရသဖြင့် အလွန် အံ့အားသင့်သွားပြီး မေးလိုက်ခြင်း ဖြစ်သော်လည်း ချက်ချင်းပင် သဘောပေါက် နားလည်သွားသည်။ "အို... ငါ သိပြီ။ နင်လည်း ဆေးဘက်ဝင် အစားအစာ လာစားတာ မဟုတ်လား။ တကယ့်ကိုပဲ... နင့်လို ကောင်မျိုးရဲ့ နှာခေါင်းက တော်တော်လေး အနံ့ခံ ကောင်းတာပဲကိုး။"
ကျုံးဟယ်ဟု ခေါ်သည့် ပိုးသားဝတ်စုံနှင့် သခင်လေးက တစ်စုံတစ်ခုကို သတိရသွားပြီး ချက်ချင်းပင် ဖုန်းလင်းလုံ၏ နောက်ဘက်သို့ လှမ်းကြည့်လိုက်ရာ ကျန်းမုန်ယွင်ကို တွေ့လိုက်ရသဖြင့် အလွန်အမင်း စိတ်လှုပ်ရှားသွား၏။ "ညီမလေး မုန်ယွင်... ညီမလေးလည်း ရောက်လာတာလား။"
"ရှင် ဘာလို့ ဒီရောက်နေတာလဲ။" ကျန်းမုန်ယွင်က နှာခေါင်းလေး ရှုံ့ကာ ဖုန်းလင်းလုံ၏ နောက်ဘက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်၏။ ကျုံးဟယ်ကို သိသိသာသာကြီး ရှောင်တိမ်းနေခြင်းပင်။
"ငါ ဒီလာတာက..." ကျုံးဟယ်မှာ စောစောက ဟုန်ရှောင်ပေါင်နှင့် ဖြစ်ပွားခဲ့သည့် အငြင်းပွားမှုကို သတိရသွားပြီး ချက်ချင်းပင် နောင်တရသွားသည်။ အယောင်ဆောင် ပွဲစား။ သခင်မလေးဖုန်းကို အယောင်ဆောင် ပွဲစား လုပ်ပေးရန် ဖိတ်ခေါ်နိုင်သည့် လူမျိုး တကယ် ရှိကောင်း ရှိနိုင်သည်။
သို့သော်ငြား ဝိညာဉ်ကျောက်တုံး ဆယ်တုံးတန် ဆေးဘက်ဝင် အစားအစာဖိုးလေး ရဖို့အတွက် သခင်မလေးဖုန်းလို ထိပ်တန်း အထောက်အပံ့ကြီးကို အယောင်ဆောင် ပွဲစားအဖြစ် သုံးရမည်လား။ ဤသည်မှာ ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ရယ်စရာ ဟာသကြီးပင် ဖြစ်တော့မည်။
ထို့ကြောင့် သူက ချက်ချင်းပင် ပြောလိုက်၏။ "ငါလည်း ဒီကို ဆေးဘက်ဝင် အစားအစာ လာစားတာ။"
"နေပါစေ... နေပါစေ... ကျုပ်ဆိုင်လေးက ခံနိုင်ရည် မရှိပါဘူးဗျာ။"
ဟုန်ရှောင်ပေါင်သည် ဤကျုံးဟယ်ကို ကြည့်မရဖြစ်နေသည်မှာ ကြာပြီဖြစ်၍ မဖိတ်ခေါ်သည့် လက်ဟန်အမူအရာ လုပ်ပြလိုက်သည်။ "ဒီက သခင်လေး... ကြွပါတော့ဗျာ။"
ကျုံးဟယ်၏ မျက်နှာမှာ တောင့်တင်းသွား၏။ သို့သော်ငြား သူက ထွက်ခွာမသွားသေးဘဲ ကိုယ့်ဘာသာကိုယ် နေရာတစ်ခု ရှာ၍ ထိုင်လိုက်ပြီး လှမ်းခေါ်လိုက်၏။ "လာ... လာ... လာ... ညီမလေး မုန်ယွင်... ဒီဘက်မှာ လာထိုင်လေ။"
ကျန်းမုန်ယွင်၏ မျက်နှာလေးမှာ ရဲတက်သွားပြီး ခြေဆောင့်ကာ ဟုန်ရှောင်ပေါင်ဆီသို့ ချက်ချင်း ပြေးသွား၏။ ဟုန်ရှောင်ပေါင်၏ အင်္ကျီလက်ကို ဆွဲကိုင်လျက် ငိုတော့မတတ် မျက်နှာလေးဖြင့် တိုင်တောတော့သည်။ "ကိုကိုရှောင်ပေါင်... သူ... သူ့ကို နှင်ထုတ်ပေး။"
ဟုန်ရှောင်ပေါင်က မည်မျှပါးနပ်သည့်သူ ဖြစ်သနည်း။ ဤစကား လေးငါးခွန်းလောက်ကို ကြားလိုက်သည်နှင့် ဤကျုံးဟယ် ဆိုသူမှာ ကျန်းမုန်ယွင်၏ နောက်သို့ လိုက်နေသည့် ပိုးပန်းသူ တစ်ယောက် ဖြစ်ကြောင်း ချက်ချင်း ရိပ်မိသွားသည်။
ကျန်းမုန်ယွင်ကို ပြန်ကြည့်လိုက်သည့်အခါတွင်လည်း သူမသည် နေ့စဉ်နှင့်အမျှ ဖုန်းလင်းလုံ၊ ယွင်ချိုင်ရှောင် တို့လို ပြိုင်ဘက်ကင်း အလှပန်း နှစ်ပွင့်၏ အနီးတွင် နေထိုင်နေရသဖြင့် ကိုယ့်ကိုယ်ကိုယ် အရန်အလှလေး တစ်ယောက်အဖြစ် ရှင်သန်နေထိုင်စေခဲ့သော်ငြား သီးသန့် ခွဲထုတ်ကြည့်လိုက်လျှင်တော့ ကျောင်းတော်၏ ထိပ်တန်း အလှပန်းအဆင့် ဖြစ်နေသည်ကို တွေ့ရပေမည်။ ထို့အပြင် သူမ၏ အပြစ်ကင်းစင်ပြီး တုံးအအ အမူအရာလေးများ နှင့် ပေါင်းစပ်လိုက်လျှင်တော့ ယောကျ်ားလေးများ၏ နှလုံးသားကို ညို့ယူဖမ်းစားနိုင်သူ တစ်ယောက် ပါပေ။
ကျန်းမုန်ယွင်က ဟုန်ရှောင်ပေါင်တစ်ယောက် ကြောင်ငေးကြည့်နေပြီး သူမကို ဂရုမစိုက်သည်ကို မြင်လိုက်ရသဖြင့် အလျင်စလို ပြောလိုက်၏။ "အစ်ကို နှင်ထုတ်မှာလား၊ မထုတ်ဘူးလား။ တကယ်လို့ မထုတ်ဘူး ဆိုရင်တော့ အစ်ကို့ရဲ့ မကောင်းကြောင်းတွေကို ချိုင်ရှောင်ဆီမှာ သွားတိုင်ပြောပစ်မယ်။"
"နှင်ထုတ်မယ်...... နှင်ထုတ်မယ်... နှင်ထုတ်မယ်ဗျာ။"
ဟုန်ရှောင်ပေါင်က ချက်ချင်းပင် ရင်ကို ကော့၊ ခေါင်းကို မော့လိုက်သည်။ "စိတ်ချပါ... နှင်ထုတ်ပေးမယ်။"
ပြောပြီးသည်နှင့် လျှောက်သွားလိုက်ပြီး စားပွဲကို လက်ညှိုးဖြင့် ဒေါက်၊ ဒေါက် ဟု နှစ်ချက် ခေါက်လိုက်၏။ "အစ်ကိုကြီး... ကြွပါတော့ဗျာ။"
"မလုပ်ပါနဲ့ဗျာ။"
ကျုံးဟယ်က ဟုန်ရှောင်ပေါင်နှင့် စကားပြောနေစဉ်တွင်ပင် မျက်လုံးက နောက်ဘက်ရှိ ကျန်းမုန်ယွင်ဆီသို့ ခိုးကြည့်နေ၏။ "ငါလည်း ဆေးဘက်ဝင် အစားအစာ တစ်ပွဲလောက် စားပါရစေ။"
"ခင်ဗျား တကယ် မေ့တတ်တာပဲ။ ကျုပ် ပြောပြီးပြီလေ။ ဒီဆိုင်က ခင်ဗျားကို မကြိုဆိုပါဘူးဆို။"
ဟုန်ရှောင်ပေါင်က ထပ်မံ အတည်ပြု ပြောကြားလိုက်သည်။ "ဒါကြောင့်... ကြွပါတော့။"
"မင်း စီးပွားရေး လုပ်တာ ဘယ်လို ပုံစံကြီးလဲ။"
ကျုံးဟယ်က ဟုန်ရှောင်ပေါင်ထံသို့ သိသိသာသာကြီး ကပ်တွယ်လာခဲ့သည်... တိတိကျကျ ပြောရလျှင်တော့ ကျန်းမုန်ယွင်ဆီသို့ ဖြစ်၏။ "လာတဲ့သူ မှန်သမျှက ဧည့်သည်တွေပဲ ဆိုတာကို နားမလည်ဘူးလား။ မင်းလိုမျိုး ဧည့်သည်ကို နှင်ထုတ်တဲ့ သူဌေးမျိုး ဘယ်မှာ ရှိလို့လဲ။"
"…..."
ဒီကောင်ကတော့ ဒုက္ခပါပဲ။
ဟုန်ရှောင်ပေါင်တစ်ယောက် လက်မြှောက် အရှုံးပေးလိုက်ရ၏။ "ခုနလေးတင် ဘယ်သူကများ ဒီဆိုင်မှာ အသေအလဲ တွယ်ကပ် မနေဘူးလို့ ပြောသွားတာပါလိမ့်။"
"..." ကျုံးဟယ်တစ်ယောက် အရှက်အကြောက် မရှိသလောက် ဖြစ်နေပြီ ဆိုသော်ငြား မျက်နှာကတော့ အနည်းငယ် ရဲတက်သွားခဲ့သည်။ သူက အတင်း ကြိုးစား၍ ပြုံးပြလိုက်သည်။ "ဟားဟား... အထင်လွဲတာပါ၊ အထင်လွဲတာပါ။ အားလုံးက အထင်အမြင် လွဲမှားမှုတွေပါ။"
ဟုန်ရှောင်ပေါင်လည်း လုပ်စရာ နည်းလမ်း မရှိတော့ချေ။ ထို့အပြင် သေချာ စဉ်းစားကြည့်လျှင် ဤလူက ဟုန်မိသားစု ဆေးဘက်ဝင် အစားအစာဆိုင်၏ တကယ့် အဓိပ္ပာယ်အရ ပထမဆုံးသော ဧည့်သည်ပင် ဖြစ်သည်။ ဆိုင်စဖွင့်သည့် နေ့ရက်လေး မဟုတ်ပါလား။
ဟုန်ရှောင်ပေါင်အနေဖြင့် အယူသီးသည့် အယူအဆများကို မယုံကြည်သော်ငြား ဤသို့ နှင်ထုတ်လိုက်လျှင်လည်း မကောင်းလှချေ။ ထို့ကြောင့် မျက်မှောင်ကြုတ်လျက် ပြောလိုက်၏။ "ဒီဆိုင်က မကြိုဆိုတဲ့ ဧည့်သည်တွေအတွက် ဈေးနှုန်းကို လေးဆ ကောက်ခံတယ်။ ဒါကြောင့်... ဝိညာဉ်ကျောက်တုံး ငါးဆယ် ပေးရမယ်။"
အပိုင်း (၁၉၀) "ရှင်တို့အိမ်တော်က စားဖိုမှူးက ဒီလို မွှေးကြိုင်တဲ့ ရနံ့မျိုး ချက်ပြုတ်နိုင်လို့လား။"
"ငါးဆယ်။"
ကျုံးဟယ်၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။ ဝိညာဉ်ကျောက်တုံး ငါးဆယ် ဆိုသည်မှာ သူ့ အတွက်လည်း သေးငယ်သော အရေအတွက်တစ်ခု မဟုတ်ချေ။ မည်သူကများ ရူးမိုက်ပြီး ပိုက်ဆံတွေ အများကြီး သုံးရက်မည်နည်း။
ထို့ကြောင့် သူက ဒေါသတကြီး မေးလိုက်၏။ "ဘယ်မှာလဲ။ အဲဒီလို စည်းကမ်းချက်မျိုး ရှိတာကို ငါ ဘာဖြစ်လို့ မတွေ့ရတာလဲ။"
"အခုချက်ချင်း သတ်မှတ်လိုက်တာ။" ဟုန်ရှောင်ပေါင်၏ အမူအရာက အလွန် ခက်ထန် ကြမ်းတမ်းနေသည်။ အလွန်တရာမှကို ခက်ထန် ကြမ်းတမ်းနေခြင်း ဖြစ်သည်။
"..." ဝိညာဉ်ကျောက်တုံး ငါးဆယ် ဆိုသည်မှာ ကျုံးဟယ်အတွက် သေးငယ်သော ဂဏန်းပမာဏ တစ်ခု မဟုတ်သော်လည်း သူက ကျန်းမုန်ယွင်ကို အမှန်တကယ် စိတ်ဝင်စားနေသူ ဖြစ်ရာ သူမ၏ ရှေ့တွင်တော့ အရှက်မကွဲခံနိုင်ပေ။
ထို့ကြောင့် အပေါ်ယံတွင် ကြမ်းကြုတ်သည့် အမူအရာဖြင့် အံကြိတ်ကာ ပြောလိုက်၏။ "ကောင်းပြီလေ။"
"…..."
ဟုန်ရှောင်ပေါင်တစ်ယောက် ဘာဖြစ်လို့များ ဒီလို စည်းကမ်းချက်မျိုး သတ်မှတ်ခဲ့မိပါလိမ့် ဟု အလွန် နောင်တရသွားမိသည်။ စောစောကတည်းက ဆယ်ဆလောက် တိုးကောက်မည်ဟု မပြောခဲ့ရသနည်း။ ယခုတော့ ဟုန်ရှောင်ပေါင်လည်း ဘာမှ မတတ်နိုင်တော့ချေ။ ထို့အပြင် အဓိက အချက်က... ဟုန်ရှောင်ပေါင် ကိုယ်တိုင်ကလည်း ပိုက်ဆံကို တကယ်ကြီး ရချင်နေသည်။
ထို့ကြောင့် ကျန်းမုန်ယွင်ဆီသို့ ပုခုံးတစ်ချက် တွန့်ပြလိုက်၏။
ကျန်းမုန်ယွင်က ခြေတစ်ချက် ဆောင့်လိုက်သော်လည်း ဖုန်းလင်းလုံကမူ အံ့အားသင့်စွာ ပြောလိုက်သည်။ "အာ... ကိုယ့်ဘာသာ ပါဝင်ပစ္စည်း ယူလာရအုံးမှာလား... ရပါတယ်လေ။ တန်ပါတယ်။ ရှောင်ပေါင်... ဘာပစ္စည်းတွေ လိုအပ်လဲ။"
“!@#$”
ဟုန်ရှောင်ပေါင် ပြောပြပြီးသည့်နောက် ဖုန်းလင်းလုံက လက်ဖျောက်တစ်ချက် တီးလိုက်သည်။ "ကောင်းပြီ... သွားစို့... မုန်ယွင်... ငါတို့ သွားပြီး ဟင်းချက်စရာတွေ ဝယ်ကြမယ်။"
သူတို့နှစ်ယောက် လှေကားပေါ်မှ ဒေါက်ခနဲ၊ ဒေါက်ခနဲ ဆင်းသွားသည်နှင့် ကျုံးဟယ်လည်း ချက်ချင်း နောက်က လိုက်သွား၏။ "သခင်မလေး နှစ်ယောက်... ခဏလေး စောင့်ပါအုံး။ ကျုပ်လည်း လိုက်ခဲ့မယ်လေ။"
"ဒါဆို ဒီနေ့ မနက်ပိုင်းအတွက် သုံးပွဲ ရပြီဆိုတဲ့ သဘောပေါ့လေ။"
ဟုန်ရှောင်ပေါင်က ပျော်ရွှင်စွာ ပြောလိုက်သည်။ "ကောင်းလိုက်တာ၊ ကောင်းလိုက်တာ။"
မကြာမီမှာပင် ထိုသုံးယောက် ပြန်လည် ရောက်ရှိလာကြသည်။ ကျန်းမုန်ယွင်က ကျုံးဟယ်ကို ရှောင်တိမ်းချင်နေသော်ငြား ဤလူက တကယ့်ကို ခွချ၍မရသည့်မျှော့နှင့် တူလှသည်။ တစ်ခါ ကပ်တွယ်မိပြီ ဆိုသည်နှင့် ဆွဲခွာ၍ မရတော့ချေ။
"လာ... မုန်ယွင်... ဝိညာဉ်ကျောက်တုံး ဆယ်တုံး ပေး။" ဟုန်ရှောင်ပေါင်က ကျန်းမုန်ယွင်၏ ရှေ့တွင် လက်ဖြန့်ပေးလိုက်၏။
"ကိုကိုရှောင်ပေါင်ရယ်... ကျွန်မတို့ရဲ့ ရင်းနှီးမှုက ဒီလောက် ကောင်းနေတာပဲ။ နည်းနည်းလောက် လျှော့ပေးလို့ မရဘူးလားဟင်။" ကျန်းမုန်ယွင်က နှုတ်ခမ်းလေး စူလျက် ပြောလိုက်သည်။
"မရဘူး။" ဟုန်ရှောင်ပေါင်က ပြတ်ပြတ်သားသားပင် ငြင်းဆန်လိုက်၏။
"အို..."
ကျန်းမုန်ယွင်က ပြုံးဖြီးဖြီးလေးဖြင့် ပြောလိုက်သည်။ "တော်သေးတာပေါ့... အဆင့်တက်သွားပြီးတည်းက အဖေက ဝိညာဉ်ကျောက်တုံးတွေ အများကြီး ပေးထားလို့။ တစ်လကို နှစ်ခါသုံးခါလောက်တော့ စားနိုင်ပါသေးတယ်။"
ပြောရင်းဖြင့် ဝိညာဉ်ကျောက်တုံးများကို ဟုန်ရှောင်ပေါင်၏ လက်ထဲသို့ ထည့်ပေးလိုက်၏။
ဖုန်းလင်းလုံကတော့ ထွေထွေထူးထူး ပြောစရာ မလိုဘဲ ဝိညာဉ်ကျောက်တုံးများကို တန်းခနဲ ထုတ်ပေးလိုက်သည်။
နောက်တစ်ယောက်ကတော့ ကျုံးဟယ်ပင် ဖြစ်၏။ သူ၏ မျက်နှာကြီးမှာ ဘာနှင့်တူနေမှန်း မသိလောက်အောင် ခါးသီး မဲ့ရွဲ့နေသည်။ သို့သော်ငြား အံကြိတ်လျက် ဝိညာဉ်ကျောက်တုံး ငါးဆယ်ကို ထုတ်ပေးလိုက်၏။
"ဝါးဟားဟားဟားဟား။" ဟုန်ရှောင်ပေါင်က အလွန်အမင်း ပျော်ရွှင်သွားသည်။
"လူကြီးမင်းတို့... ဘာများ သုံးဆောင်မလဲ။" အမှန်တော့ ထိုလူများ ဘာစားချင်သလဲ ဆိုသည်ကို ဟုန်ရှောင်ပေါင်က တစ်ချက်ကြည့်ရုံနှင့် သိနေပြီး ဖြစ်သည်။ သို့ပေမည့် သေချာအောင်တော့ အတည်ပြု မေးမြန်းရမည် မဟုတ်ပါလား။
ဖုန်းလင်းလုံ "ချဉ်စပ်ဂေါ်ဖီထုပ်ကြော်။"
ကျန်းမုန်ယွင် "အစ်မလင်းလုံနဲ့ အတူတူပဲ။"
ကျုံးဟယ် "ညီမလေး မုန်ယွင်နဲ့ အတူတူပဲ။"
ကျန်းမုန်ယွင်က ဒေါသတကြီး အော်လိုက်၏။ "ဘယ်သူက ရှင့်ရဲ့ ညီမလေးလဲ။"
"လူကြီးမင်းတို့... ဆေးဘက်ဝင် အစားအစာ တစ်ပွဲရဲ့ တန်ဖိုးကို ထွေထွေထူးထူး ပြောနေစရာ မလိုတော့ဘူးလို့ ထင်ပါတယ်။ ဆေးဘက်ဝင် အစားအစာရဲ့ ဆေးနည်းနိဿယတွေကို တစ်ပါးသူ ခန့်မှန်းမိမှာ စိုးရိမ်တဲ့အတွက် ကျန်ရှိတဲ့ ပါဝင်ပစ္စည်းတွေကိုတော့ ပြန်မပေးဘူးဆိုတာ နားလည်ပေးပါ။" ဟုန်ရှောင်ပေါင်က ပြုံးလျက် ပြောလိုက်သည်။ အမှန်တော့ ဤကျန်ရစ်သည့် အစအနများကို ဖျံလေးအတွက် ပြင်ဆင်ထားခြင်းပင်။
လူတိုင်းက မည်သည့်ပြဿနာမှ မရှိဘူးဟု ပြောလိုက်ကြသဖြင့် ဟုန်ရှောင်ပေါင်ကလည်း သူတို့၏ ပါဝင်ပစ္စည်းများကို ယူဆောင်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားတော့သည်။
ဂေါ်ဖီထုပ်ကို ရေစင်အောင် ဆေး၊ တစောင်းလေး ပါးပါးလှီး၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူနှင့် ဂျင်းတို့ကို အပိုင်းလိုက် လှီး... ချဉ်စပ်ဂေါ်ဖီထုပ်ကြော် ဆိုသည်မှာ အခြေခံအဆင့်လောက်သာ ရှိသည့် ဟင်းပွဲ ဖြစ်သည်။ အဘိုး ညွှန်ကြားနေစရာ မလိုဘဲ ဟုန်ရှောင်ပေါင်တစ်ယောက် ရေကူးတတ်နေသည့် ငါးလို ကျွမ်းကျင်နေပြီး ဖြစ်၏။ ချက်ချင်းပင် မီးဖိုချောင် ဓားကြီးက လေထုထဲတွင် ကခုန်သကဲ့သို့ စည်းချက် ညီနေ၏။
ဒေါက်ဒေါက်... ဒေါက်ဒေါက်...
"ကိုကိုရှောင်ပေါင်ရဲ့ ဓားအသုံးပြုတဲ့ အသံကို ကြားရုံနဲ့တင် အင်မတန် တော်မှန်း သိသာနေပြီ။" ကျန်းမုန်ယွင်က ပြုံးလျက် ပြောလိုက်သည်။
"ဟုတ်တယ်၊ ဟုတ်တယ်။ တကယ်ကို တော်တာပဲ။"
ကျုံးဟယ်ကလည်း ချက်ချင်းပင် ဝင်ရောက် ထောက်ခံလိုက်၏။ "ငါတို့ အိမ်တော်က စားဖိုမှူးနဲ့တောင် အတူတူပဲ။ ညီမလေး မုန်ယွင်..."
"ဘယ်သူက ရှင့်ရဲ့ ညီမလေးလဲ။"
ကျန်းမုန်ယွင်က ဒေါသတကြီး ပြောလိုက်သည်။ "ထပ်ပြောရင် အပြင်ကို ထွက်သွားတော့။"
"ရပါတယ်လေ၊ ရပါတယ်... မုန်ယွင်... တခြားတစ်နေ့ကျရင် ငါ နင့်ကို အိမ်တော်ဆီ ခေါ်သွားပေးရမလား။ စားဖိုမှူးကို အရသာရှိတဲ့ အစားအသောက်တွေ လုပ်ကျွေးခိုင်းမယ်လေ။ သူက အခြေခံ ဆေးဘက်ဝင် အစားအစာ တစ်ချို့ကို လုပ်တတ်တယ် သိလား။"
ကျုံးဟယ်က ပြုံးလျက် ပြောလိုက်၏။ "တကယ်လို့ နင် စိတ်မချဘူး ဆိုရင်လည်း အစ်မဖုန်းပါ အတူတူ လိုက်ခဲ့လို့ ရတာပဲ။"
"ကိုကိုရှောင်ပေါင်ရဲ့ ဟင်းပွဲတွေကို စားဖူးသွားမှတော့ ဘယ်သူကများ ရှင့်အိမ်က အလကားဟင်းတွေကို စိတ်ဝင်စားတော့မှာလဲ။" ကျန်းမုန်ယွင်က သရော်တော်တော် ပြောလိုက်သည်။
"အဲဒါကတော့ မသေချာဘူးနော်။ ဟင်းပွဲ နှစ်ခုစလုံးကို မစားဖူးခင်မှာ မုန်ယွင်... နင် အဲဒီလောက်ကြီး သေချာ မနေစမ်းပါနဲ့။ ဆေးဘက်ဝင် အစားအစာ ဆိုတာ အခြေခံအုတ်မြစ် ပညာရပ်အပေါ်မှာ အများကြီး မူတည်တယ်။ အခြေခံ ဆေးဘက်ဝင် အစားအစာပဲ ဖြစ်နေပါစေအုံး.. မတူညီတဲ့ လူနှစ်ယောက် ချက်ပြုတ်လိုက်ရင် ထွက်လာတဲ့ ရလဒ်က ကောင်းကင်နဲ့ မြေကြီးလောက်ကို ကွာခြားသွားတာ။"
ကျုံးဟယ်က ပြုံးပြနိုင်သမျှ ပြုံးပြရင်း အေးဆေးစွာ ပြောလိုက်၏။ "ငါ အာမခံရဲတယ်။ နင် ငါတို့ အိမ်တော်က ဟင်းပွဲတွေကို စားဖူးသွားရင် ဒီလို ထင်တော့မှာ မဟုတ်ဘူး။"
"ဟွန့်... ရှင် ကိုကိုရှောင်ပေါင်ရဲ့ ဟင်းပွဲတွေကို စားဖူးသွားမှပဲ ဒီလို ထင်တော့မှာ မဟုတ်တာပါ။" ကျန်းမုန်ယွင်က ဒေါသတကြီး ပြောလိုက်ပြီး ခေါင်းကို လှည့်ကာ သူနှင့် ထပ်မံ၍ စကားမပြောတော့ချေ။
ရှဲ...
ဟင်းသီးဟင်းရွက်များ ဒယ်အိုးထဲသို့ ကျရောက်သွားသည်နှင့် ဖော်ပြရန် ခက်ခဲလှသော မွှေးကြိုင်သည့် ရနံ့တစ်ခု ပျံ့လွင့်လာ၏။
၎င်းသည် ခုနစ်ရောင်စဉ် ချဉ်ဝါးချောင်း၏ ရနံ့နှင့် အခြားသော အမွှေးအကြိုင်များ ရောယှက်နေသည့် ရနံ့မျိုး ဖြစ်သည်။ ထိုရနံ့က နှာခေါင်းထဲမှတစ်ဆင့် ဝင်ရောက်လာပြီး အဆုတ်ထဲအထိ ထိုးဖောက် ဝင်ရောက်သွားကာ ခန္ဓာကိုယ် တစ်ခုလုံး၏ အာရုံခံစားမှုများကို နိုးကြားလာစေသည်။ ဝါးပင်၏ ထူးခြားသည့် ချဉ်မြမြ ရနံ့ကတော့ သူတို့ အားလုံး၏ လျှာအောက်မှ တံတွေးများကို သဘာဝကျကျ စိမ့်ထွက်လာစေ၏။
"ဝါး... သိပ်ကို မွှေးတာပဲ။" ဖုန်းလင်းလုံက ချက်ချင်းပင် မျက်လုံးကို မှေးကျဉ်းကာ အားရပါးရ ရှူရှိုက် လိုက်သည်။
"သိပ်ကို မွှေးတာပဲ၊ သိပ်ကို မွှေးတာပဲ။"
ကျန်းမုန်ယွင်လည်း သာယာ မူးယစ်သွား၏။ အတန်ကြာမှ သူမက ပြောလိုက်၏။ "ရှင်တို့အိမ်တော်က စားဖိုမှူးက ဒီလို မွှေးကြိုင်တဲ့ ရနံ့မျိုး ချက်ပြုတ်နိုင်လို့လား။"