အခန်း (၁၉၁-၁၉၂)
Vol. 17 Ch. 191-192
အပိုင်း (၁၉၁) နောက်မှလာစား။
"ဆေးဘက်ဝင် အစားအစာ ဆိုတာ အကျိုးသက်ရောက်မှုကိုပဲ အဓိက ထားရတာလေ။ အဆင်း၊ အနံ့၊ အရသာ ဆိုတဲ့ ဒီသုံးမျိုးက တကယ်တော့ ဆေးဘက်ဝင် အစားအစာမှာ အရေးမကြီးပါဘူး။"
"ဟွန့်။" ကျန်းမုန်ယွင်က နှာခေါင်း တစ်ချက် ရှုံ့လိုက်၏။ ဤသည်မှာ အကြောင်းပြချက် မခိုင်လုံဘဲ အတင်းအဓမ္မ ဆင်ခြေပေးနေခြင်းပင် ဖြစ်သည်။ ထို့ကြောင့် သူမက သူ့ကို ထပ်မံ ဂရုမစိုက်တော့ချေ။
ကျုံးဟယ်သည်လည်း လျှာအောက်မှ စိမ့်ထွက်လာသည့် တံတွေးများကို ထိန်းချုပ်ရန် မနည်း ကြိုးစားနေရသဖြင့် အတော်လေး တိတ်ဆိတ် ငြိမ်သက်သွားသည်။
"ဟင်းပွဲတွေ ရောက်ပါပြီဗျာ။" ခဏအကြာမှာပင် ဟုန်ရှောင်ပေါင်က ရယ်မောရင်း ဟင်းပန်းကန် သုံးခုစလုံးကို လာရောက် ချပေးလိုက်၏။
ဖုန်းလင်းလုံက ခေါင်းကို ရှေ့သို့ ထိုးကျွေးလိုက်ပြီး နှာခေါင်းနားသို့ လက်ဖြင့် ယပ်ခတ်ကာ အနံ့ခံလိုက်ရာ ချက်ချင်းပင် သာယာ မူးယစ်သွားသည်။ "သိပ်ကို မွှေးတာပဲ။"
ကျန်းမုန်ယွင်ကတော့ ထိုမျှလောက် အခြေခံ ကျင့်ဝတ်များကို ဂရုစိုက်မနေတော့ချေ။ တန်းပြီး စားသောက်တော့၏။ တစ်လုတ်သာ စားရသေးသည်... ဦးခေါင်းနှင့် ပုခုံးနှစ်ဖက်က တွန့်ကနဲ ကျုံ့ဝင်သွားပြီး မျက်လုံးများကို တင်းတင်းကျပ်ကျပ် ပိတ်ထားလိုက်သည်။ "အရသာ ရှိလိုက်တာ..."
"ဟားဟား... ဒီဆေးဘက်ဝင် အစားအစာတွေကို စားတဲ့ နေရာမှာလည်း စည်းကမ်းချက်တွေ ရှိသေးတယ် သိလား။ ဆေးအာနိသင်က အင်မတန် ပြင်းထန်တဲ့အတွက် ဆေးဘက်ဝင် အစားအစာ တစ်ခုချင်းစီတိုင်းကို အနည်းငယ်လေးမှတောင် အမှားအယွင်း ခံလို့ မရဘူး။ ဒါကြောင့် ဆေးဘက်ဝင် အစားအစာ စားတဲ့အခါမှာ အရေးအကြီးဆုံး အချက်တစ်ခု ရှိတယ်။ အဲဒါကတော့ ပါးစပ် ဆေးကြောဖို့ပဲ..."
ကျုံးဟယ်က ပါးစပ်ထဲမှ ပြည့်လျှံနေသည့် တံတွေးများကြောင့် သူ၏ အသံ မပျက်ယွင်းစေရန် အစွမ်းကုန် ထိန်းချုပ်ထားရ၏။ ဟင်းပန်းကန်အပေါ်သို့ မှောက်ကျပြီး တိရစ္ဆာန် တစ်ကောင်လို ဝါးမျို စားသောက်ချင်စိတ်ကို မနည်း ချုပ်တည်းထားရသည်။ သူသည် ဤရနံ့၏ အစွမ်းထက်ပုံကို စိတ်ထဲမှ အံ့ဩ တုန်လှုပ်နေရင်းဖြင့် တစ်ဖက်တွင်လည်း လူကြီးလူကောင်း ပီသစွာ လက်ဖျောက်တစ်ချက် တီးလိုက်သည်။
ဟုန်ရှောင်ပေါင် "….."
ကျုံးဟယ် "…."
ကျုံးဟယ်က ဟုန်ရှောင်ပေါင်ကို နှစ်ချက်လောက် လှမ်းကြည့်လိုက်ပြီး လက်ဖျောက် နောက်တစ်ချက် ထပ်တီးလိုက်၏။
ဟုန်ရှောင်ပေါင် "…."
"ဟားဟားဟားဟားဟားဟား။ သူဌေးဟုန်ရယ်... သူက သူ့ကို ရေလာပေးဖို့ ပြောနေတာလေ။"
ဖုန်းလင်းလုံက အကျယ်ကြီး ရယ်မောလိုက်၏။ "သူဌေးဟုန်ရဲ့ ဆိုင်ကိုလာပြီးတော့ သူဌေးဟုန်ကို ရေငှဲ့ပေးဖို့ မျှော်လင့်နေတာလား။ နင် အများကြီး တွေးလွန်းနေပြီ။"
ကျုံးဟယ် အနည်းငယ် အနေရခက်သွား၏။ ထို့ကြောင့် သူက ပြောလိုက်သည်။ "အယ်... ဒါဆိုရင်လည်း သူဌေးဟုန်... ရေနည်းနည်းလောက်တော့ ငှားလို့ ရနိုင်သေးတယ် မဟုတ်လား။"
"အားနာပါတယ်ဗျာ... ကျုပ်ဆိုင်က ဟင်းပွဲတွေကလွဲရင် အခြား ဘာပစ္စည်းကိုမှ ဝန်ဆောင်မှု မပေးပါဘူး။" ဟုန်ရှောင်ပေါင်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်၏။
ကျုံးဟယ် အနည်းငယ် ဒေါသထွက်လာပြီး မျက်မှောင်ကြုတ်လိုက်သည်။ "အာခွမ်း..."
"ဒါနဲ့... ကျုပ်ဆိုင်က ပြင်ပ အစားအသောက်မှန်သမျှ ယူဆောင်လာခြင်းကို တားမြစ်ထားတယ်။" ဟုန်ရှောင်ပေါင် က ထပ်ပြောလိုက်၏။
"..." ကျုံးဟယ် ဒေါသထွက်သွားသည်။
သို့သော်ငြား ကျန်းမုန်ယွင် ဤနေရာတွင် ရှိနေသည်ကို သတိရသွားသဖြင့် ဒေါသကို အတင်းအဓမ္မ ဖိနှိပ်ထားလိုက်ရ၏။ ဤဆေးဘက်ဝင် အစားအစာ တစ်နပ်... တကယ်ပဲ ဆေးဘက်ဝင် အစားအစာ အစစ်အမှန် ဖြစ်သည်ဟု ယာယီ သတ်မှတ်လိုက်ပါဦးတော့... စားရသည်မှာ အလွန် ဒေါသထွက်စရာ ကောင်းလှသည်။
ဝိညာဉ်ကျောက်တုံး ငါးဆယ် အလိမ်ခံလိုက်ရသည့်အပြင် နေရာတိုင်းတွင်လည်း အနှိမ်ခံနေရသည် မဟုတ်ပါလား။ မူလက ကျန်းမုန်ယွင်အပေါ် အထင်ကြီးစရာ ပုံရိပ်လေး ရစေချင်သော်ငြား ယခုတော့ ဆန့်ကျင်ဘက်ပင် ဖြစ်သွားချေပြီ။
ဤသို့ တွေးမိသည်နှင့် ကျုံးဟယ်တစ်ယောက် အင်္ကျီလက်ကို ခါယမ်းကာ ချက်ချင်း ထွက်သွားချင်စိတ် ပေါက်သွား၏။ သို့ပေမည့် ဝိညာဉ်ကျောက်တုံး ငါးဆယ်တန် ပစ္စည်းကို ဤအတိုင်း ပစ်ထားခဲ့ဖို့ကလည်း တကယ်ကြီး နှမြောစရာ ကောင်းနေသည်။ ထို့ကြောင့် အသက်ကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး တူဖြင့် တစ်ဖဲ့ ညှပ်ယူလိုက်၏။
ချက်ချင်းပင် ကျုံးဟယ်၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။
အေးမြပြီး ချဉ်မြမြ အရသာတစ်ခုက သူ၏ ပါးစပ်ထဲတွင် ရစ်ဝဲသွား၏။ အဆင့်မြင့် ပိုးထည်စများကို သူ၏ ခန္ဓာကိုယ်အပေါ်မှ ပွတ်ဆွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ တစ်ချက် ဝါးလိုက်သည်နှင့် ခုနစ်ရောင်စဉ် မျစ်၏ ချဉ်သည့် အရသာက ပါးစပ်တစ်ခုလုံးသို့ ပြန့်ကျက်သွားပြီး ခံတွင်းတစ်ခုလုံး ချဉ်မြသွားကာ သွားများအပေါ်တွင်ပင် ချဉ်မြသည့် အရသာ စွဲကျန်ရစ်စေ၏။
သို့ပေမည့် လူကို မယုံကြည်နိုင်လောက်အောင် ဖြစ်စေသည့် အချက်မှာ ဤချဉ်သည့် အရသာသည် သွားများ ကျင်တက်သွားလောက်အောင် ဆိုးရွားသည့် အချဉ်မျိုး မဟုတ်ဘဲ အမွှေးအကြိုင် ငါးပါး၏ အရသာနှင့် ရောယှက်နေသည့် မွှေးကြိုင်မှုနှင့် ချဉ်မြမှုတို့၏ ပြီးပြည့်စုံသော ပေါင်းစပ်မှုကြီး ဖြစ်နေခြင်းပင်။
ဒါက...
ကျုံးဟယ်၏ မျက်နှာ အကြီးအကျယ် ပြောင်းလဲသွား၏။ သူက ဤချဉ်စပ်ဂေါ်ဖီထုပ်ကြော်၏ အပေါ်ယံ ချဉ်မြမြ အရသာလေး တစ်ခုတည်းနှင့်ပင် လူတစ်ယောက်လုံးကို ရွှင်လန်း တက်ကြွသွားစေနိုင်ကြောင်း ခံစားလိုက်ရသည်။ အဆင့်မြင့် ဆေးရွက်ကြီးကို ရှူရှိုက်လိုက်ရသလိုမျိုး လူကို လွင့်မျောသွားစေပြီး တိမ်တိုက်များ အကြားတွင် မျောလွင့်နေသကဲ့သို့ ခံစားရစေ၏။
ဤချဉ်စပ်ဂေါ်ဖီထုပ်ကြော်က ဆေးဘက်ဝင် အစားအစာ တစ်ခုတည်း မဟုတ်တော့ဘဲ အရသာရှိသော ဝိုင်ကောင်း တစ်ခွက် ဖြစ်နေပါကောလား။
"ဘယ်လို... ဘယ်လိုလုပ်... ဒီလို... ဟင်းမျိုး ရှိနေရတာလဲ။"
ကျုံးဟယ်တစ်ယောက် ခဏတာမျှ စဉ်းစားတွေးခေါ်နိုင်စွမ်း ပျောက်ဆုံးသွား၏။ သူက တီးတိုး ရေရွတ်ရင်း ထိုအရသာကို သူ၏ ခန္ဓာကိုယ် တစ်ခုလုံးဆီသို့ စီးဆင်း ပျံ့နှံ့ခွင့် ပြုလိုက်သည်။ နွေးထွေး ညင်သာပြီး နွေဦးရာသီ၏ လေညင်းကို ခံစားလိုက်ရသလိုမျိုး၊ အသင့်တော်ဆုံးသော ရေနွေးနွေးလေးဖြင့် ရေချိုးလိုက်ရသလိုမျိုးပင်...
ဒါက ဝိညာဉ်စွမ်းအင်တွေပဲ။
ကျုံးဟယ်က မျက်လုံးကို ဝုန်းခနဲ ဖွင့်လိုက်၏။ သူ၏လက်ကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ သူ၏ သာမန်မျက်စိဖြင့်ပင် ထိုစီးဆင်းနေသော ဝိညာဉ်စွမ်းအင်များကို မြင်တွေ့နေရသယောင်ပင်။ "ကောင်းကင်ဘုံ ... ဒီ... ဒီ... ဒီလောက် ကြီးမားတဲ့ ဝိညာဉ်စွမ်းအင်တွေ။ ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
"ရှဲ..."
ကျန်းမုန်ယွင်က ဆေးလွန်သွားသူ တစ်ယောက်လို မျက်လုံးကို မှေးကျဉ်းကာ သာယာ မူးယစ်နေ၏။ အတန်ကြာမှ မျက်လုံး ဖွင့်ကြည့်လိုက်ရာ ဖွင့်ဖွင့်ချင်းမှာပင် ကျုံးဟယ်၏ ပုံစံကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူမက အေးစက်စက် ရယ်မောလိုက်၏။ "ဟွန်း... ဟွန်း... ရှင် စောစောက ဘာပြောခဲ့တာပါလိမ့်။"
သို့သော်ငြား ကျုံးဟယ်က ကျန်းမုန်ယွင်၏ စကားကို အဘယ်မှာ ကြားနိုင်တော့မည်နည်း။ သူသည် ယခုအခါ အစွန်းရောက်သော တုန်လှုပ်မှုကြီးထဲတွင် နစ်မျောနေချေပြီ။ အကြောင်းအရင်းမှာမူ ကျုံးဟယ်တို့၏ အိမ်တော်တွင်လည်း စားဖိုမှူး တစ်ယောက် ရှိသောကြောင့်ပင်။
စားဖိုမှူးဟု ပြောသော်လည်း ၎င်းမှာ ကျုံးဟယ်က ကိုယ့်အဆင့်အတန်းကို မြှင့်တင် ပြောဆိုထားခြင်းသာ ဖြစ်ပြီး တကယ်တမ်းတွင်မူ ထိုသူသည် အိမ်တော်က ကြီးမားသောတန်ဖိုးများ ပေးဆပ်၍ ဖိတ်ခေါ်ထားရသည့် ဟင်းချက်ပညာရှင် မဟာဆရာသခင်ကြီး တစ်ယောက် ဖြစ်၏။
သို့ပေမည့် ထိုမဟာဆရာသခင်ကြီး ချက်ပြုတ်သည့် ဆေးဘက်ဝင် အစားအစာများသည် ကုန်ကျစရိတ် ကြီးမားလွန်းသည့်အပြင် အရသာကလည်း သာမန် အိမ်ချက်ဟင်းလောက်ပင် မကောင်းချေ။ ဆေးအာနိသင် အကျိုးသက်ရောက်မှု ရှိသည် ဆိုသော်ငြား ၎င်းမှာ သာမန် မျက်စိဖြင့် မမြင်နိုင်လောက်အောင် သေးငယ်လှသည့် ဝိညာဉ်စွမ်းအင် အနည်းငယ်မျှသာ ဖြစ်သည်။
၎င်းနှင့် နှိုင်းယှဉ်လိုက်လျှင် ဟုန်ရှောင်ပေါင်၏ ဤဆေးဘက်ဝင် အစားအစာမှ ရရှိသည့် ဝိညာဉ်စွမ်းအင်မှာ ချောင်းငယ်လေး တစ်ခုနှင့် မြစ်ကြီး တစ်စင်းကို နှိုင်းယှဉ်ရသကဲ့သို့ ဖြစ်နေ၏။
ပြီးတော့ ဒါက... အသေးအဖွဲ ဝိညာဉ်ကျောက်တုံး ငါးဆယ်လောက်နဲ့ လဲလှယ် ရရှိခဲ့တာလေ။ ထူးဆန်းတာက ဘာလို့ အရသာက ဒီလောက်တောင် ကောင်းမွန်နေရတာလဲ။
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။" ကျုံးဟယ်တစ်ယောက် အရူးအမိုက် တစ်ယောက်လို သာယာ မူးယစ်နေ၏။
ပန်းကန်ထဲရှိ ဟင်းများမှာ လျင်မြန်စွာ လျော့နည်းသွားပြီး မကြာမီမှာပင် အောက်ခြေကို မြင်ရသည်။ သူက ရူးသွားသလိုမျိုး ဟိုထိုးဒီဆွ လုပ်နေသော်လည်း တူဖြင့် ညှပ်စရာ တစ်ခုမှ မကျန်တော့ချေ။ ပန်းကန်ကို လျှာဖြင့် လျက်ချင်သည့် စိတ်ဆန္ဒကို မနည်း ကြီးမားစွာ ထိန်းချုပ်လိုက်ရပြီး ရုတ်တရက် ခေါင်းကို ဆတ်ခနဲ လှည့်လိုက်၏။ "နောက်ထပ် တစ်ပွဲ ပေးပါအုံး။"
"မလုပ်နဲ့။"
ကျန်းမုန်ယွင်က ချက်ချင်းပင် တားမြစ်ပြီး အေးစက်စက် ရယ်မောလိုက်သည်။ "ရှင်က ဘာဖြစ်လို့ မတန်တဆ အလိမ်ခံမယ့် အရူးအမိုက် လုပ်ချင်ရတာလဲ။ ရှင့်အိမ်က စားဖိုမှူးကိုပဲ လုပ်ခိုင်းလိုက်ပါလား။ ကိုကိုရှောင်ပေါင်ရဲ့ ဒီဟင်းက ဘာမှ မဟုတ်ဘူး မဟုတ်လား။"
"..." ကျုံးဟယ်၏ မျက်နှာကြီး ရဲတက်သွား၏။ အိမ်တော်မှ ဟင်းချက်ပညာရှင် မဟာဆရာသခင်ကြီး ဆိုသူကို ဟုန်ရှောင်ပေါင်နှင့် ယှဉ်လိုက်လျှင် ဟင်းချက်ပညာရှင်ကြီးသည် တကယ့်ကို ရိုးရိုး စားဖိုမှူးလေး တစ်ယောက်သာသာပဲ ရှိတော့သည်။ ဟုန်ရှောင်ပေါင်ကမှ တကယ့် ဟင်းချက်ပညာရှင် မဟာဆရာသခင်ကြီး အစစ်အမှန်ပင်။
ဒါက ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ။ နှိုင်းယှဉ်စရာ အကြောင်းအရာရော ရှိသေးလို့လား။
ထို့ကြောင့် မျက်နှာကြီး ရဲတက်နေပြီး ထပ်မံ၍ ဘာပြောရမှန်း မသိတော့ချေ။
"ရပြီ... နောက်တစ်ခေါက်မှပဲ စားတော့။"
ဟုန်ရှောင်ပေါင်၏ ရင်ထဲတွင် အလွန် နာကျင်နေ၏။ ကိုယ်တိုင်က ဤဝိညာဉ်ကျောက်တုံး ငါးဆယ်ကြီးကို အတင်းအဓမ္မ တွန်းဖယ်ပစ်နေရတာ မဟုတ်လား... သို့သော်ငြား ဆေးဘက်ဝင် အစားအစာ ဆိုသည်မှာ သကြားလုံးများ မဟုတ်ချေ။ စိတ်ကြိုက် အကန့်အသတ်မရှိ စားသုံး၍ မရပေ။
အပိုင်း (၁၉၂) "ကိုကိုရှောင်ပေါင်... ညီမလေး စောင့်နေမယ်။"
"အစ်ကိုကြီး... ခင်ဗျားအိမ်မှာ တကယ်ပဲ ဆေးဘက်ဝင် အစားအစာ လုပ်တတ်တဲ့သူ ရှိတယ် ဆိုရင် ဆေးဘက်ဝင် အစားအစာကို ဒီလို စားလို့ မရဘူး ဆိုတာ သိသင့်တယ် မဟုတ်လား။"
ကျုံးဟယ် အံ့အားသင့်သွားပြီး မျက်နှာက ပို၍ပင် ရဲတက်သွား၏။
ဟုတ်သားပဲ။ သာမန် အားဆေးတွေကိုတောင် ဖြစ်သလို လျှောက်သောက်ရင် ပြဿနာ တက်နိုင်တာပဲလေ။ ဆေးဘက်ဝင် အစားအစာ ဆိုရင်တော့ ပိုတောင် ဆိုးအုံးမယ်။ စားသုံးပြီးတဲ့နောက်မှာ သေချာ ဂရုစိုက်ပြီး လဝက်လောက် အချိန်ယူ ခြေဖျက်ရတာ။ ဒါကြောင့် ငါ အခုလို ပြောလိုက်တာက သိပ်ကို ပညာမပါသလို ဖြစ်သွားခဲ့ပြီ။
ဘယ်လောက်တောင် ပညာမပါသလဲဆိုရင်... အိမ်မှာ ဆေးဘက်ဝင် အစားအစာ လုပ်တတ်တဲ့ ဆရာ ရှိတယ် ဆိုတာ လေလုံးထွားပြီး လျှောက်ကြွားနေတာလို့များ ကျန်းမုန်ယွင် ထင်သွားမလား မသိဘူး။
သို့သော်ငြား ဆေးအာနိသင်ကို စုပ်ယူရန်အတွက် ရှုပ်ထွေးလှသည့် နည်းလမ်းများကို သတိရသွားသဖြင့် သူက ချက်ချင်း မေးလိုက်၏။ "သူဌေးဟုန်ကို မေးပါရစေ... ဒီဆေးအာနိသင်ကို အပြည့်အဝ စုပ်ယူနိုင်ဖို့အတွက် ဘာပစ္စည်းနဲ့ တွဲဖက် အသုံးပြုရမလဲ။"
"မလိုပါဘူး။ ဟုန်မိသားစုရဲ့ ဆေးဘက်ဝင် အစားအစာတွေက အရမ်း စွမ်းတယ်။ ခင်ဗျား ကောင်းကောင်းစား၊ ကောင်းကောင်း ကစား... သူက သူ့ဘာသာသူ အပြည့်အဝ စုပ်ယူသွားလိမ့်မယ်။" ဟုန်ရှောင်ပေါင်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"သူဌေးဟုန်... ကျေးဇူးပြုပြီး နောက်မနေပါနဲ့ဗျာ။"
ကျုံးဟယ်က မျက်နှာငယ်လေးဖြင့် ပြောလိုက်၏။ "စောစောက ကျုပ် မရိုမသေ လုပ်မိတာတွေ အများကြီး ရှိခဲ့ရင် လေးလေးနက်နက် တောင်းပန်ပါတယ်။ သူဌေးဟုန်... ဒီဆေးဘက်ဝင် အစားအစာက သိပ်ကို အရေးကြီးလွန်းလို့ပါဗျာ။ လူကြီးသူမ တစ်ယောက်လို သဘောထား ကြီးကြီးထားပြီး ဒါကို ခြေဖျက်တဲ့ နည်းလမ်းလေး ပြောပြပေးပါလား။"
"..."
ဟုန်ရှောင်ပေါင်တစ်ယောက် ဆေးမမီတော့ချေ။ သို့သော် ပြန်ဖြေလိုက်၏။ "အစ်ကိုကြီး... အဲဒါ တကယ် မရှိတာပါ။"
"သူဌေးဟုန်... ဒါက လူသေနိုင်တဲ့ ကိစ္စဗျ။"
ကျုံးဟယ်က စိုးရိမ်တကြီး ပြောလိုက်သည်။ "ခင်ဗျား..."
"အာ... ရှင် ကိစ္စ မပြတ်နိုင်တော့ဘူးလား။"
ကျန်းမုန်ယွင်က ဒေါသတကြီး အော်လိုက်၏။ "စိတ်ရှုပ်စရာ ကောင်းလိုက်တာ။ ကိုကိုရှောင်ပေါင်ရဲ့ ဟင်းတွေက အရင်တည်းက စုပ်ယူဖို့အတွက် ဘာအကူအညီမှ မလိုအပ်ဘူး သိလား။"
"ဟင်။" ကျုံးဟယ် ပို၍ပင် အံ့ဩသွား၏။ သူက သေချာ အာရုံစိုက်ပြီး ခံစားကြည့်လိုက်ရာ နွေးထွေးသည့် ဝိညာဉ်စွမ်းအင်များက သူ၏ ခန္ဓာကိုယ်ထဲတွင် နှစ်ပတ်၊ သုံးပတ်မျှ လှည့်ပတ်ပြီးနောက် တဖြည်းဖြည်းနှင့် ဒန်တျန်ဆီသို့ စီးဝင်သွားနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
အိမ်တော်မှ ဟင်းချက်ပညာရှင် မဟာဆရာသခင်ကြီး လုပ်သည့် ဆေးဘက်ဝင် အစားအစာများလို တစ်နေရာတည်းတွင် စုပုံ ပိတ်ဆို့နေသည့် ခံစားချက်မျိုး လုံးဝ မရှိချေ။ ထို့ကြောင့် ပါးစပ်ကြီး အစွမ်းကုန် ဟသွား၏။ "ဒါက..."
"သိပ်စွမ်းတာပဲ မဟုတ်လား။ သိပ်ထူးဆန်းတာပဲ မဟုတ်လား။ တစ်ခါမှ မမြင်ဖူးဘူး မဟုတ်လား။"
ကျန်းမုန်ယွင်က အလွန်တရာမှကို ဂုဏ်ယူ ကြွားဝါနေ၏။ ခုန်တောင် ထွက်သွားတော့မတတ်ပင်။ "ရှင် အခု ထပ်ပြီး ဂုဏ်မောက် ရဲသေးလား။"
"..." ကျုံးဟယ်တစ်ယောက် အပြောခံလိုက်ရလွန်း၍ စကားတောင် မပြောနိုင်တော့ချေ။ သို့သော် သူက ကျန်းမုန်ယွင်၏ ဤကဲ့သို့ ကလေးဆန်သည့် အမူအရာလေးကို သဘောကျနေခြင်း ဖြစ်၏။ ရယ်ရခက်၊ ငိုရခက် ဖြစ်နေရသော်ငြား ကျန်းမုန်ယွင်၏ ဆူငေါက်ခြင်းကို ခံရတာမို့ အတော်လေးတော့ ခံသာသေးသည်။
"ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ... ကျုပ် စကားမှားသွားပါတယ်၊ စကားမှားသွားပါတယ်။ သူဌေးဟုန်ရဲ့ ဒီဆေးဘက်ဝင် အစားအစာက တကယ့်ကို အစွမ်းထက်လွန်းပါတယ်။ ကျုပ်တို့ အိမ်တော်က စားဖိုမှူးထက် အများကြီး ပိုသာပါတယ်။"
ပြောရင်းဖြင့် အနည်းငယ် အရိုအသေ ပေးလိုက်၏။ "သူဌေးဟုန်... ဒီနေ့ ကျုပ် နည်းနည်း ရိုင်းစိုင်းမိသွားတယ်။ ကျေးဇူးပြုပြီး သည်းခံ ခွင့်လွှတ်ပေးပါဗျာ။ အပြစ်မယူပါနဲ့..."
"ကိစ္စမရှိပါဘူးဗျာ... ကိစ္စမရှိပါဘူး။"
ဟုန်ရှောင်ပေါင်က ပျော်ရွှင်စွာ ရယ်မောလိုက်၏။ "ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျား နောက်တစ်ခေါက် ထပ်လာအုံးမှာပဲ မဟုတ်လား။ အဲဒီအခါကျရင် ကျုပ်က ဝိညာဉ်ကျောက်တုံး လေးဆယ်လောက် ပိုကောက်လိုက်ရင် ဒေါသတွေလည်း အကုန် ပြေသွားမှာပါ။"
ဖုန်းလင်းလုံ "..."
ကျန်းမုန်ယွင် "..."
ကျုံးဟယ် "..."
ကျုံးဟယ်က ရင်အနာဆုံးပင် ဖြစ်တော့၏။ သူသည် နောက်ဆုံးတွင်တော့ မိသားစုကြီး တစ်ခုမှ မွေးဖွားလာသူ ဖြစ်ရာ ဟုန်ရှောင်ပေါင်၏ ဤဆေးဘက်ဝင် အစားအစာ တန်ဖိုးကို ချက်ချင်း ရိပ်မိသွားသည်။ ပြောစရာတောင် မလိုတော့ချေ။ နောင်တစ်ချိန်တွင် သူသည် ဤနေရာ၏ ဖောက်သည် အမြဲတမ်း ဖြစ်လာတော့မည် မဟုတ်လား။
တစ်ခါတလေ ဆိုလျှင်တော့ တော်သေးသည်။ အကယ်၍ လာသော အကြိမ်အရေအတွက် များလာခဲ့လျှင်... တစ်ခါကို ဝိညာဉ်ကျောက်တုံး ငါးဆယ်ဆိုသည်ကို မည်သူက ခံနိုင်ရည် ရှိမည်နည်း။ ထို့ကြောင့် သူက မူလတည်းက အလျော့ပေးပြီး ဟုန်ရှောင်ပေါင်ကို သူ့အား မကြိုဆိုသည့် ဧည့်သည်များ စာရင်းမှ ဖယ်ရှားပေးစေချင်ခဲ့ခြင်း ဖြစ်၏။ သို့သော်ငြား ဟုန်ရှောင်ပေါင်က ဤမျှလောက် တည့်တိုး ကြီး ပြောဆိုလိမ့်မည်ဟု ထင်မထားခဲ့ချေ။
"အာ... ဒီ... ဒီဟာက..."
ကျုံးဟယ်တစ်ယောက် အလွန် စိတ်ညစ်သွားရ၏။ သူက ပြောလိုက်သည်။ "ဒီက သူဌေးဟုန်... ကျုပ်က ဒီလို..."
"ဟားဟားဟားဟား... ဒါဆို လူကြီးမင်းတို့ အရင် ပြန်နှင့်ကြတော့ဗျာ။" ဟုန်ရှောင်ပေါင်က ချက်ချင်းပင် ဧည့်သည်ကို နှင်တော့၏။ ဤကဲ့သို့ ပါးစပ် လွန်တတ်ပြီး ပိုက်ဆံလည်း ရှိသည့် သူဌေးမျိုးကို ဓားသွေးပြီး ဖြတ်ရခြင်း တစ်ခါပိုဖြတ်လျှင် တစ်ခါပိုမြတ်၏။
ကျုံးဟယ်က တစ်စုံတစ်ခုကို ထပ်ပြောချင်သေးသော်ငြား ဟုန်ရှောင်ပေါင်က စကားကို ဤမျှအထိ ပြတ်ပြတ်သားသား ပြောလိုက်ပြီးပြီ မဟုတ်ပါလား။ ထပ်ပြီး အတင်းအကျပ် တွယ်ကပ်နေလျှင်လည်း အဓိပ္ပာယ် မရှိတော့ချေ။ ထို့ကြောင့် မျက်နှာငယ်လေးဖြင့် ထွက်ခွာသွားတော့သည်။
ဟုန်ရှောင်ပေါင်တို့ သုံးယောက်တည်း ကျန်ရစ်ခဲ့သည့် အချိန်ကျမှသာ ဖုန်းလင်းလုံက သက်ပြင်းတစ်ချက် ချလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ "သူဌေးဟုန်... ဒီတစ်ခေါက် လာတာကလေ... တကယ်တော့ တစ်ယောက်ယောက်က ကိစ္စတစ်ခု အပ်လိုက်လို့ပါ။ ရှင် စိတ်ပိုင်းဆိုင်ရာ ကြိုတင် ပြင်ဆင်ထားသင့်တယ် နော်..."
ဟုန်ရှောင်ပေါင် အံ့အားသင့်သွားပြီး တည်ငြိမ်စွာပင် ပြောလိုက်၏။ "ညီမလေး ချိုင်ရှောင်... သွားပြီလား။"
"ဟုတ်တယ်။"
ဖုန်းလင်းလုံက ဟုန်ရှောင်ပေါင်၏ မျက်နှာအမူအရာကို သတိထား၍ စောင့်ကြည့်နေ၏။ မည်သည့်ပြဿနာမှ မရှိသည်ကို တွေ့ရမှသာ စာအိတ်တစ်အိတ်ကို ဟုန်ရှောင်ပေါင်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ "ဒါက ချိုင်ရှောင် ရှင့်အတွက် ပေးလိုက်တာ။"
ဟုန်ရှောင်ပေါင်က တည်ငြိမ်စွာပင် လှမ်းယူလိုက်၏။ ပြီးနောက် ငိုမဲ့မဲ့ မျက်နှာပေး လုပ်ပြလိုက်သည်။ "မရဘူး၊ မရဘူး... ခင်ဗျားတို့ ပြန်ကြတော့။ ကျုပ်တစ်ယောက်တည်း ခဏလောက် ငိုချင်သေးလို့။"
"ဟီးဟီးဟီးဟီး... ငိုပါ၊ ငိုပါ..." ကျန်းမုန်ယွင်က ချက်ချင်းပင် စိတ်အေးသွားပြီး ဖုန်းလင်းလုံကို ဆွဲခေါ်ကာ ထွက်သွားတော့သည်။
သူတို့နှစ်ယောက် ထွက်သွားသည်နှင့် ဟုန်ရှောင်ပေါင်က ချက်ချင်းပင် ငိုမဲ့မဲ့ မျက်နှာ လုပ်လိုက်၏။ "အာ... ငိုချင်လာပြီ... မဖြစ်ဘူး။ ဇောက်ထိုး နေမှ ဖြစ်မယ်။ အဲဒီလို လုပ်မှ မျက်ရည်တွေ စီးမကျလာမှာ။"
ပြောပြီးသည်နှင့် ချက်ချင်းပင် ဇောက်ထိုး ပြောင်းရပ်လိုက်၏။ လက်တစ်ဖက်က ခန္ဓာကိုယ်ကို ဖြောင့်တန်းစွာ ထောက်ထားပြီး ကျန်လက်တစ်ဖက်က စာအိတ်ကို ဆွဲဖောက်လိုက်သည်။ ပြီးနောက် ဤသို့ ဇောက်ထိုးကြီး နေရင်းဖြင့် စာကို ဖတ်ရှုတော့သည်။
အလွန် တိုတောင်းလှသည့် စာသားလေး တစ်ကြောင်းသာ ဖြစ်၏။
"ကိုကိုရှောင်ပေါင်... ညီမလေး စောင့်နေမယ်။"
အပိုင်း ၁၅၈ - ကျေးဇူးတင်ပါတယ် သူဌေး။
ယွင်ချိုင်ရှောင်က ဤသို့ ထွက်ခွာသွားခဲ့ပြီ ဖြစ်ရာ ဟုန်ရှောင်ပေါင်လည်း အနည်းငယ်တော့ ဝမ်းနည်းနေမိသည်။ အချစ်ရေးကြောင့် စိတ်မညစ်ရအောင် နေထိုင်သည့် နည်းလမ်းကတော့ လွယ်ကူလှ၏။ လုပ်စရာ အလုပ်တွေကို အများကြီး ပိုရှာလုပ်လိုက်ရုံသာ။
ထို့ကြောင့် ဟုန်ရှောင်ပေါင်သည် အောက်ထပ်တွင် မနေတော့ဘဲ တတိယထပ်သို့ တန်းပြေးကာ လုပ်စရာ အလုပ် ရှာတော့၏။
"ဖယ်၊ ဖယ်၊ ဟေ့။" ဟုန်ရှောင်ပေါင်က ပြောလိုက်သည်။ ထိပ်ဖြူခွေးတူဝက်တူကြီး၏ သဘောတူညီချက်ကို မစောင့်ဆိုင်းတော့ဘဲ ၎င်း၏ ဗိုက်ကို ခြေထောက်ဖြင့် ချိတ်ကာ တစ်ဖက်သို့ လှန်ချပြီး ရွှေ့ပစ်လိုက်၏။ ထိပ်ဖြူခွေးတူဝက်တူကြီးနှင့် ရွှေရောင် ဝက်ဝံပေါက်လေးတို့သည် တတိယထပ်ဆီသို့ ပြောင်းရွှေ့ နေထိုင်နေကြပြီ ဖြစ်သည်။ သူတို့က ဝိညာဉ်သားရဲများ ဖြစ်ကြသည့်အတွက် မြေအောင်းပုစဉ်းမီးတောက်၏ အနီးတွင် စောင့်ကြပ် နေထိုင်ခြင်းက အလွန်တရာ အကျိုးကျေးဇူး များစေသည်။
ဟုန်ရှောင်ပေါင်က မြေအောင်းပုစဉ်းမီးတောက်ကို ထပ်မံ ကြည့်ရှုလိုက်သည်။ အပြင်ဘက်တွင် စီရီထားသော သံမည်းသတ္တုများမှာ အရည်ပျော်သွားပြီး မြေအောင်းပုစဉ်းမီးတောက်ကို အုပ်ဆောင်းထားသည့် ကမ္ဘာခြမ်း ပုံသဏ္ဌာန် အဖုံးအုပ်ကြီး တစ်ခုအဖြစ် အလိုအလျောက် သွန်းလောင်း ပုံကျနေပြီ ဖြစ်၏။
ဟုန်ရှောင်ပေါင် အတန်ကြာ စဉ်းစားလိုက်သည်။ နောင်တစ်ချိန်တွင် သားရဲနှစ်ကောင်ကို မြေအောင်းပုစဉ်း မီးတောက်၏ အနီးတစ်ဝိုက်ရှိ အငွေ့အသက်များ ရရှိခံစားစေရန် ဤအဖုံးအုပ်ကြီးကို မကြာခဏ ဖွင့်လှစ် ပေးရဦးမည် မဟုတ်ပါလား။ ထိုသို့ ဖွင့်လှစ်ချိန်တွင် အငွေ့အသက်များ အပြင်သို့ ပျံ့လွင့်သွားပါကလည်း အလွန် ပြဿနာ ကြီးမားလှသည်။ ထို့ကြောင့် အခန်းတစ်ခုလုံးကို သံမည်းသတ္တုများဖြင့် ကာရံထားရန် လိုအပ်သည်ဟု ဟုန်ရှောင်ပေါင် တွေးတောမိသည်။
ပထမအချက်အနေဖြင့် မြေအောင်းပုစဉ်းမီးတောက်ကို ဖွက်ထားရန် လွယ်ကူစေပြီး ဒုတိယအချက်အနေဖြင့် ဤနေရာကို လက်နက်သွန်းလုပ်ရာ အခန်းအဖြစ် အသုံးပြုနိုင်တော့မည် ဖြစ်သည်။ ကောင်းမွန်သော မီးဖိုတစ်ခု လိုအပ်သည့်အတွက် တစ်ခါတည်း ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်ရပေမည်။
ထို့ကြောင့် ဟုန်ရှောင်ပေါင်သည် ချက်ချင်းပင် ဆိုင်ထဲမှ ထွက်ခွာသွား၏။ မကြာမီမှာပင် သံမည်းသတ္တု အမြောက်အမြား ဝယ်ယူပြီး ပြန်လည် ရောက်ရှိလာကာ စတင် ပြင်ဆင်တော့သည်။