အခန်း (၁၉၃-၁၉၄)
Vol. 17 Ch. 193-194
အပိုင်း (၁၉၃) အဆင့်တက်ချင်နေတာလား။
ဟုန်မိသားစု ဆိုင်၏ တတိယထပ်က မသေးငယ်လှချေ။ စတုရန်းမီတာ ခုနစ်ဆယ်လောက် ရှိ၏။ သို့သော် ထပ်ခိုး ဖြစ်နေသည့်အတွက် ဘေးနှစ်ဖက်က အလွန် နိမ့်ကျနေသည်။
ဟုန်ရှောင်ပေါင် အတန်ကြာ စဉ်းစားပြီးနောက် အခန်း နှစ်ခန်းအဖြစ် ကန့်ထုတ်လိုက်၏။ တစ်ခန်းက စတုရန်းမီတာ သုံးဆယ်လောက် ရှိပြီး ကျန်တစ်ခန်းကတော့ စတုရန်းမီတာ လေးဆယ်လောက် ရှိသည်။ စတုရန်းမီတာ သုံးဆယ် ရှိသည့် အခန်းမှာ ထိပ်ဖြူခွေးတူဝက်တူကြီးနှင့် ရွှေဝါရောင် ဝက်ဝံပေါက်လေးတို့ အဆင့်တက်ရန် အခန်း ဖြစ်ပြီး သူတို့က နောင်တစ်ချိန်တွင် ဤနေရာ၌သာ အမြဲတမ်း နေထိုင်ကြမည် ဖြစ်၏။ စတုရန်းမီတာ လေးဆယ် ရှိသည့် အခန်းကတော့ လက်နက်သွန်းလုပ်ရာ အခန်း ဖြစ်၏။
မြေအောင်းပုစဉ်းမီးတောက်ကတော့ အခန်းနှစ်ခန်း ကြားရှိ နံရံ အလယ်တည့်တည့်တွင် တည်ရှိနေ၏။ နံရံ၏ တစ်ဖက်တစ်ချက်စီတွင် မီးဖိုလုံးကြီး တစ်ခုစီ ရှိနေသည်။ အပေါ်ယံ ကြည့်လျှင် မီးဖိုလုံးဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ အတွင်းပိုင်းက ဟာလာဟင်းလင်း ဖြစ်နေပြီး မြေအောင်းပုစဉ်း မီးတောက်က ထိုထဲတွင် ပုန်းအောင်း တည်ရှိနေခြင်း ဖြစ်၏။ အပြင်ဘက်တွင်တော့ ရှင်သန် လှုပ်ရှားနိုင်သော တံခါးအရှင် ရှိပြီး ဖွင့်လိုက်သည်နှင့် အငွေ့အသက်များ ထွက်ပေါ်လာပေမည်။
ဟုန်ရှောင်ပေါင် အတန်ကြာ စဉ်းစားလိုက်၏။ အကြောင်းအမျိုးမျိုးကြောင့် လုံခြုံစေရန် မီးဖိုတွင် တံခါးအရှင် အနည်းငယ် ထပ်မံ တပ်ဆင်ရပေမည်။ ထို့နောက် လောင်စာငွေ့ ပိုက်လိုင်း တစ်ခုကိုလည်း တပ်ဆင်ရဦးမည်။ ထိုသို့ လုပ်ထားလျှင် နောင်တစ်ချိန် လက်နက်သွန်းလုပ်သည့်အခါ တန်းပြီး သုံးလို့ရလေပြီ။
"၆၆၆။" ဟုန်ရှောင်ပေါင်က စီမံကိန်း ရေးဆွဲရင်းဖြင့် သူ၏ ဤဒီဇိုင်းက လုပန်ဆုလောက်တော့ အနည်းဆုံး ရသင့်တယ်လို့ ချက်ချင်း တွေးတောမိသွားသည်။
ဟုန်ရှောင်ပေါင်က လက်တွေ့ လုပ်ကိုင်တတ်သူ တစ်ယောက် ဖြစ်၏။ နောက်တစ်နေ့ တစ်ရက်လုံးတွင် သူသည် ထိုအလုပ်ထဲ၌သာ တစ်ကိုယ်လုံး မြှုပ်နှံထားလိုက်သည်။ တတိယထပ်ကို ဟုန်ရှောင်ပေါင် ပြုပြင် ပြောင်းလဲလိုက်မှုက သမိုင်းဝင် အံ့မခန်း အဆင့်လောက် ရှိ၏။ အဆောက်အအုံတိုင်တွေကိုပါ ဖြုတ်ချပြီး ပြုပြင် ပြောင်းလဲတာမျိုး မည်သူမှမြင်ဖူးမည် မဟုတ်ပေ။
တစ်ညနေခင်းလုံးတွင် ဆေးဘက်ဝင် အစားအစာ အကြောင်းကို လာရောက် စုံစမ်းသူ နှစ်ယောက်သာ ရှိ၏။ သို့သော် သိချင်စိတ်ကြောင့် သာမန် မေးမြန်းရုံလောက်သာ ဖြစ်ပြီး ထပ်မံ လုပ်ဆောင်မှုများ မရှိခဲ့ချေ။ သူတို့ အားလုံးက သံသယ မျက်လုံးများဖြင့် ကြည့်ရှုသွားကြကြောင်း သိသာ လှပေသည်။ မူလတည်းက ဆေးဘက်ဝင် အစားအစာ ဆိုသည်မှာ ရောင်းချ၍ မရနိုင်သော အရာမျိုး မဟုတ်ပါလား။
ညနေစောင်းသည့် အခါတွင်လည်း ဆိုင်ထပ်မဖွင့်ရသေးချေ။ ဤအခြေအနေကို ကြည့်ခြင်းအားဖြင့် ချန်ယန် တစ်ယောက် စိတ်ထဲတွင် သဘောပေါက် သွားတော့၏။ ယနေ့ မနက်ပိုင်းက ရောင်းချခဲ့ရသည့် ဆေးဘက်ဝင် အစားအစာ သုံးပွဲမှာ တိုက်ဆိုင်မှု အချက်အလက် အများအပြား ပါဝင်နေခဲ့ခြင်းပင် ဖြစ်သည်။
ညဘက်တွင် ဟုန်ရှောင်ပေါင်က နောက်တစ်ကြိမ် တစ်ညလုံး မအိပ်ဘဲ အလုပ် လုပ်ပြန်၏။ ကြာရှည်စွာ မအိပ်ဘဲ နေထိုင်သည့် ဘဝပုံစံကို သူ အတော်လေး အသားကျ နေပြီဟုပင် ဆိုရပေမည်။
မနက်စောစော လင်းသည်နှင့် ဟုန်ရှောင်ပေါင်က ပစ္စည်း ဝယ်ယူရန် စဉ်းစားတော့၏။ သူကိုယ်တိုင်၊ ထိပ်ဖြူခွေးတူဝက်တူကြီးနှင့် ရွှေဝါရောင် ဝက်ဝံပေါက်လေးတို့ စားသုံးရန် ဆေးမြစ်ဆေးပင်များကို ထပ်မံ ဝယ်ယူရဦးမည် မဟုတ်ပါလား။
ပစ္စည်း ဝယ်ယူခြင်း ဆိုသည်မှာ သဘာဝကျကျ ဆေးဘက်ဝင် အစားအစာဆိုင်အတွက် လိုအပ်သည့် ကုန်ကြမ်းများပင် ဖြစ်၏။ ထိပ်တန်း အာလူး၊ ခုနစ်ရောင်စဉ် မျစ်ချဉ်၊ မီးလျှံ ငရုတ်သီး ကဲ့သို့သော ကုန်ကြမ်းများကို စားသုံးသူ ကိုယ်တိုင် ယူဆောင်လာရသည် ဆိုသော်ငြား ထိုထဲတွင် လိုအပ်သည့် ဟင်းခတ် အမွှေးအကြိုင်များကိုတော့ ဟုန်ရှောင်ပေါင်အနေဖြင့် သူတို့ကို ကိုယ့်ဘာသာ သွားရှာခိုင်းမည့် အရူးအမိုက် လုပ်ရပ်မျိုး လုပ်ဆောင်မည် မဟုတ်ချေ။
ပထမအချက်အနေဖြင့် အမျိုးအစား များပြားလွန်း၍ အလွန် ရှုပ်ထွေး သောကြောင့် ဖြစ်ပြီး ဒုတိယအချက်အနေဖြင့် စားသုံးသူများက ပါဝင်ပစ္စည်း အားလုံးကို သိရှိသွားပြီး ကိုယ့်ဘာသာ အတုခိုး ချက်ပြုတ်သွားလျှင် မည်သို့လုပ်မည်နည်း။
သဘာဝကျကျ အရေးအကြီးဆုံး ကိစ္စကတော့ သူ လိုအပ်သည့် ဆေးမြစ်ဆေးပင်များကို ဝယ်ယူရန်ပင် ဖြစ်၏။ ရိုးရိုးသားသား ပြောရလျှင် ဟုန်ရှောင်ပေါင်တစ်ယောက် အလွန် စိတ်လှုပ်ရှား တုန်လှုပ်နေမိသည်။ နန်းတွင်း ဘဏ္ဍာတိုက် (လေယင်မြို့တော်၏ ပစ္စည်းရောင်းချရာ အဓိကဆိုင်ကို နန်းတွင်း ဘဏ္ဍာတိုက် ဟုလည်း ခေါ်ဆိုကြသည်) တွင် တတိယအဆင့် ဆေးမြစ်များ၏ ပျမ်းမျှ ဈေးနှုန်းမှာ ဝိညာဉ်ကျောက်တုံး သုံးဆယ် ဝန်းကျင်ခန့် ရှိ၏။
သို့သော်ငြား အဘိုးကတော့ နန်းတွင်း ဘဏ္ဍာတိုက်၏ စံနှုန်းအရ သာမန် ဟု ခေါ်ဆိုရမည့် ဤကဲ့သို့ ဆေးမြစ်မျိုးသည် သူ၏ လိုအပ်ချက်နှင့် အဝေးကြီး ကွာဝေးနေသေးကြောင်း ပြတ်ပြတ်သားသား ပြောဆိုထားပြီး ဖြစ်သည်။ ဟုန်ရှောင်ပေါင် အဆင့်တက်ရန်အတွက် လိုအပ်သည့် ဆေးမြစ်မှာ နန်းတွင်း ဘဏ္ဍာတိုက်ရှိ ဝိညာဉ်ကျောက်တုံး ခုနစ်ဆယ်၊ ရှစ်ဆယ် တန်သည့် အတန်းအစားမျိုး အနည်းဆုံး ဖြစ်ရပေမည်။
သေသေချာချာ ရေတွက်ကြည့်လိုက်ရာ သူ၏ လက်ရှိ ပိုင်ဆိုင်မှုမှာ ဝိညာဉ်ကျောက်တုံး ၅၄၁ တုံး ရှိ၏။ ဤသည်မှာ သေချာပေါက် ကြီးမားသော ငွေပမာဏ တစ်ခုဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဤမြို့တော်ရှိ အောက်ခြေ ကျင့်ကြံသူ အများအပြားသည် တစ်သက်လုံးတွင် သူတို့ လက်ထဲ၌ ဝိညာဉ်ကျောက်တုံး အများဆုံး ရှိခဲ့သည့် အချိန်မှာပင် ဆယ်ဂဏန်းလောက်သာ ရှိခဲ့ကြသည် မဟုတ်ပါလား။
သို့ပေမည့် ဟုန်ရှောင်ပေါင် တွက်ချက်ကြည့်လိုက်ရာ သူ၏ လက်ရှိ အရင်းအနှီးလေးမှာ နှစ်ရက်လောက် စားဖို့ပဲ လောက်တော့သည်...။
မဟုတ်သေးဘူး... တကယ်လို့ ဆေးမြစ်တွေကို ကျင့်ကြံသူတွေရဲ့ လက်ထဲကနေ တိုက်ရိုက် ဝယ်ယူနိုင်ရင် လေးငါးရက်လောက်တော့ စားလို့ လောက်လောက်တယ်...
ဟုန်ရှောင်ပေါင်တစ်ယောက် ငိုတောင် ငိုချင်သွား၏။ တတိယအဆင့် ဆေးမြစ်တောင် ဤမျှလောက် ဖြစ်နေပြီ ဆိုတော့ စတုတ္ထအဆင့်ကို တက်သည့် အခါကျလျှင် လိုအပ်မည့် စတုတ္ထအဆင့် ဆေးမြစ်တွေအတွက် မည်သို့ လုပ်ရမည်နည်း။
အနာဂတ်နှင့် ပတ်သက်၍ ဟုန်ရှောင်ပေါင်၏ ရင်တွင်း၌ ကြောက်ရွံ့ တုန်လှုပ်မှု တစ်ခုက ရုတ်တရက် ထကြွလာ၏။
"အ... အ... အဘိုး... သတ္တမအဆင့်၊ အဋ္ဌမအဆင့်တွေ ရောက်သွားရင် ဆေးမြစ် တစ်ပင်ကို ဘယ်... ဘယ်လောက် ပေးရလဲ။"
"ဟားဟားဟားဟားဟားဟား။"
ယင်းကျိုယိုက အကျယ်ကြီး ရယ်မောလိုက်၏။ "လူ့ဘဝက ဒီလောက်တောင် ခက်ခဲ ခေါင်းခဲစရာ ကောင်းနေမှတော့ သတ္တမအဆင့်၊ အဋ္ဌမအဆင့် ဆေးမြစ်တွေရဲ့ ဈေးနှုန်းကို မပြောပြတော့ပါဘူးလေ။"
"... ပိုက်ဆံ အများကြီး ရနိုင်တဲ့ စီးပွားရေး တစ်ခုခု လုပ်မှ ဖြစ်တော့မယ်။"
ဟုန်ရှောင်ပေါင်၏ မျက်နှာအမူအရာက ရုတ်တရက် ကြမ်းကြုတ် ရက်စက်သွား၏။ "လက်နက် မှောင်ခို ရောင်းမလား... ဂိုဏ်းကြီးတွေကို ဓားပြတိုက်မလား... အမျိုးသမီးတွေနဲ့ ကလေးတွေကို လူကုန်ကူးမလား... ကျားဖြန့်လုပ်ရမလား …. မဟုတ်သေးဘူး... ဒါတော့ လုပ်လို့ မဖြစ်ဘူး..."
"တော်စမ်းပါ။ မင်းရဲ့ အသေးအမွှား အရည်အချင်းလေးကို ပြန်ကြည့်အုံး။"
ယင်းကျိုယိုက သရော်သလို ပြောလိုက်၏။ "ရှီးလျန်ယွင်ရဲ့ ဖီးနစ်ငှက်တစ်ရာအမတ နတ်ဘုရားမ ကို ခစားခြင်း ဆိုတဲ့ ဟင်းပွဲကို ဂိုဏ်းကြီးတွေက ဘယ်လောက် ဈေးနှုန်း ပေးတယ် ဆိုတာကို မင်း သိလား။ မင်းက ငါ့ရဲ့ ဆက်ခံသူပဲ။ ဖီးနစ်ငှက်တစ်ရာအမတ နတ်ဘုရားမကို ခစားခြင်း ဟင်းပွဲကို မပြောနဲ့အုံး... အဲဒီဟင်းပွဲရဲ့ ရသ ရာခိုင်နှုန်း တစ်ရာပုံ တစ်ပုံလောက် ရှိတဲ့ ဟင်းပွဲမျိုးကို လုပ်ပြနိုင်ရင်တောင် မင်း တစ်သက်လုံး ဝိညာဉ်ကျောက်တုံး အတွက် စိတ်ညစ်စရာ မလိုတော့ဘူး။"
"အို..." ဟုန်ရှောင်ပေါင် နားထောင်နေလိုက်၏။ သို့သော်ငြား အဘိုး ပြောပြသည့် ဤအကြောင်းအရာများက သူ နှင့် အလွန်တရာမှကို ဝေးကွာလွန်းနေသည်။ သူ့အနေဖြင့် နည်းနည်းလေးမျှပင် ခံစား နားလည်နိုင်ခြင်း မရှိချေ။
တစ်မနက်လုံးတွင် ဟုန်ရှောင်ပေါင်သည် အနောက်ဘက် ဈေးတန်းနှင့် ကွင်းပြင်ငယ်လေး ထဲတွင် ဟိုဟိုဒီဒီ လျှောက်သွားနေခဲ့၏။
ဆေးမြစ် တစ်ပင်ကို တွေ့တိုင်း... အထူးသဖြင့် ဈေးနှုန်းက နန်းတွင်း ဘဏ္ဍာတိုက်၏ တစ်ဝက်သာ ရှိသည့် ဆေးမြစ်မျိုးကို တွေ့တိုင်း ဟုန်ရှောင်ပေါင်၏ မျက်လုံးများထဲတွင် အနီရောင် အလင်းတန်းများပင် ထွက်ပေါ်လာတတ်သည်။
သို့ပေမည့် ထိုကဲ့သို့သော ဆေးမြစ်များကို ဝယ်ယူပြီး ပိုက်ဆံ ရှင်းပေးရသည့် အချိန်တွင်လည်း နာကျင် ထိတ်လန့်ရပုံကို ထွေထွေထူးထူး မပြောချင်တော့ပေ။ အတိုချုပ်ကို စကားတစ်ခွန်းတည်းဖြင့် ဖော်ပြရလျှင် အလွန်အမင်း ချဲ့ကား တင်ဆက်ထားသော ကာတွန်းကားများထဲက ပုံစံအတိုင်းပင်။
ဆေးဘက်ဝင် အစားအစာဆိုင်အတွက် လိုအပ်သည့် ဆေးမြစ်များနှင့် ဟင်းခတ်အမွှေးအကြိုင်များ၊ သူ့အတွက် လိုအပ်သည့် တတိယအဆင့် ဆေးမြစ်များ၊ ထိပ်ဖြူခွေးတူဝက်တူကြီးနှင့် ရွှေဝါရောင် ဝက်ဝံပေါက်လေး တို့အတွက် လိုအပ်သည့် ဆေးမြစ်များကို ဝယ်ယူပြီး ပြန်လည် ရောက်ရှိလာသည့်အချိန်တွင် နေ့လယ် ဖြစ်နေပြီ ဖြစ်သည်။
ချန်ယန်က ကြေး ဓားဒဏ်ရာပျောက်ဆေးကို အားတက်သရော ကြော်ငြာ ရောင်းချနေ၏။ ပြောရဦးမည်... ချန်ယန်တစ်ယောက် စကားပြော အတော်လေး ကောင်းလှသည်။ မူလက တုံ့ဆိုင်းနေကြသည့် ထိုကျင့်ကြံသူ နှစ်ယောက်မှာ ချန်ယန်၏ အားတက်သရော ကြော်ငြာမှုအောက်တွင် တကယ်ကြီး စပ်တူပေါင်းပြီး တစ်ပုလင်း ဝယ်ယူသွားကြတော့၏
"တကယ့် အလုပ်သမားကောင်းပါလား။"
ဤလမ်းတစ်လျှောက်လုံးတွင် ဆေးမြစ်များ ဝယ်ယူစဉ်က ခံစားခဲ့ရသည့် ကောင်းကင်ကြီး ပြိုကျတော့မလို ခံစားချက်များ အားလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ သူ၏ မွေးရာပါ စရိုက်က ဤအတိုင်းပင်။ မည်သည့် ကိစ္စမဆို ခဏလေးနှင့် မေ့ပျောက်သွားတတ်သည်။ ယခုချိန်တွင် ချန်ယန် ဤမျှ အားကြိုးမာန်တက် လုပ်ကိုင်နေသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် ချီးကျူးလိုက်၏။ "ချန်ယန်... ခင်ဗျား အလုပ်လုပ်တာ သိပ်ကောင်းတယ်။ နောက် လေးငါးရက်လောက် နေရင် ကျုပ် ခင်ဗျားကို ဆေးဖော်စပ်တဲ့ လျှို့ဝှက်ချက် နည်းလမ်းအချို့ သင်ပေးမယ်။"
"ဟုတ်ကဲ့ပါဗျာ၊ ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ် သူဌေး။" ချန်ယန် အလွန် ဝမ်းသာသွား၏။ သူ ဒီကို ရောက်လာတာ ဒါကို လိုချင်လို့ မဟုတ်လား။
ထို့နောက် ဟုန်ရှောင်ပေါင်က ဒုတိယထပ်သို့ တက်လာပြီး ဝိညာဉ်သားရဲ နှစ်ကောင်အတွက် အစားအစာများကို စတင် ပြင်ဆင်တော့သည်။
ဝိညာဉ်သားရဲများကို ကျွေးမည့် အစားအစာကတော့ ထိုမျှလောက် အနုစိတ် သေသပ်နေရန် မလိုအပ်ချေ။ မနေ့က ဖုန်းလင်းလုံတို့ အဖွဲ့ဆီမှ ကျန်ရစ်ခဲ့သည့် ကုန်ကြမ်းများနှင့် ရောနှောကာ ချက်တာက ချက်၊ နှပ်တာက နှပ်ဖြင့် ဒယ်အိုးကြီး တစ်လုံးစာ အပြည့် လုပ်လိုက်၏။
ဟုန်ရှောင်ပေါင်က ဒယ်အိုးကြီးကို မပြီး တတိယထပ်သို့ တက်လာသည့် အခါတွင်တော့ ထိပ်ဖြူ ခွေးတူဝက်တူကြီးက မီးတောက်မျိုးစေ့ ဖွက်ထားသည့် မီးဖိုရှေ့တွင် အလွန်တရာ ဇိမ်ကျစွာ လဲလျောင်းနေသည်ကို တွေ့လိုက်ရ၏။ ဤမီးဖိုတွင် တံခါးအရှင် အထပ်ထပ် ပါဝင်သော်လည်း အားလုံးကို ဟာလာဟင်းလင်း တစ်ချက်လေးသာ ဖွင့်ထားခြင်း ဖြစ်သည်။
မြေအောင်းပုစဉ်းမီးတောက်၏ မီးတောက်မျိုးစေ့မှ ထွက်ပေါ်လာသည့် အငွေ့အသက်များသည် ထိုအဟတစ်ခုထဲမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာပြီး အခန်းတစ်ခုလုံးဆီသို့ ပျံ့လွင့် ပြည့်နှက်နေ၏။ ယခုအခါတွင်မူ ဤအခန်းကို ဟုန်ရှောင်ပေါင်က သံမည်းသတ္တုများဖြင့် တစ်ခန်းလုံး ပေါင်းစပ် ထုလုပ်ထားပြီ ဖြစ်ရာ အငွေ့အသက်များ အပြင်သို့ ပျံ့လွင့်သွားပြီး ကမောက်ကမ ပြဿနာများ ဖြစ်ပွားမည်ကို စိုးရိမ်ရန် မလိုအပ်တော့ချေ။
သို့သော် ထိပ်ဖြူခွေးတူဝက်တူကြီး၏ အမူအရာက ဇိမ်ကျနေသယောင် ရှိသော်ငြား ခန္ဓာကိုယ် တစ်ခုလုံးရှိ ကြွက်သားများက တောင့်တင်းနေပြီး ခန္ဓာကိုယ်ပေါ်ရှိ အမွှေးများကလည်း ထောင်မတ်နေ၏။ ကြီးမားသော ရန်သူကို ရင်ဆိုင်နေရသည့် အလားပင်။ ထိပ်ဖြူခွေးတူဝက်တူကြီး၏ ခေါင်းပေါ်တွင် လဲလျောင်းနေသည့် ရွှေဝါရောင် ဝက်ဝံပေါက်လေးကို ကြည့်လိုက်သည့် အခါတွင်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်နေ၏။ ဖြူကောင် တစ်ကောင်လို အမွှေးများ ထောင်မတ်နေလေသည်။
အပိုင်း (၁၉၄) "ဗြောင်လိမ်မလို့လား... ဘယ်သူက ဘယ်သူ့ထက် ပိုဗြောင်လိမ်နိုင်မလဲ ဆိုတာ ကြည့်ကြသေးတာပေါ့။"
"ဟော။ အဘိုး... သူတို့တွေ ကျင့်ကြံနေကြတာလား။" ဟုန်ရှောင်ပေါင်က ချက်ချင်းပင် ခန့်မှန်းမိသွား၏။ ရွှေဝါရောင် ဝက်ဝံပေါက်လေး၏ သိုင်းစွမ်းရည်နှင့် ပတ်သက်၍ သူ သိပ်ပြီး မျှော်လင့်ချက် မထားထားချေ။ သို့သော် ထိပ်ဖြူခွေးတူဝက်တူကြီး ဆိုရင်တော့ တကယ်ကြီး အဆင့်တစ်ဆင့် ထပ်တက်သွားခဲ့လျှင် အလွန် ကြီးမားသည့် အထောက်အကူ ဖြစ်လာပေမည်။ ထို့ကြောင့် ဟုန်ရှောင်ပေါင် အလွန် ပျော်ရွှင်သွားသည်။
"မဆိုးဘူး။"
ယင်းကျိုယိုက ခေါင်းညိတ်ပြလိုက်၏။ "အခုအချိန်မှာ မီးတောက်မျိုးစေ့က မြေအောင်းပုစဉ်းမီးတောက် အဖြစ်ကိုတောင် မရောက်သေးဘူး... ဒါပေမဲ့ သားရဲနှစ်ကောင်အတွက် ရရှိတဲ့ အကျိုးကျေးဇူးကတော့ အားရစရာ ကောင်းနေပြီ။ တကယ်လို့သာ မြေအောင်းပုစဉ်းမီးတောက် အဖြစ်ကို ကြီးထွားလာခဲ့ရင် သားရဲနှစ်ကောင်စလုံး တစ်ကောင်ကို အဆင့်တစ်ဆင့်စီ တက်ဖို့ဆိုတာ ဘာပြဿနာမှ မရှိလောက်ဘူး။"
"အလို... သိပ်စွမ်းတာပဲ၊ သိပ်စွမ်းတာပဲ။" ဟုန်ရှောင်ပေါင် အလွန်အမင်း ပျော်ရွှင်သွားပြီး လက်နှစ်ဖက်ကို ပွတ်သပ်ကာ ရယ်မောလိုက်၏။
ရောင်စုံခေါင်းပြာမြည်းနှင့် ပတ်သက်၍ သူ အလွန် နာကြည်း မကျေမနပ် ဖြစ်နေခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် ချက်ချင်းပင် ပျော်ရွှင်စွာ ပြောလိုက်သည်။ "ထိပ်ဖြူခွေးတူဝက်တူကြီး စတုတ္ထအဆင့်ကို တက်သွားတဲ့ တစ်နေ့ကျရင် လမင်းပြာ တောင်တန်းဆီကို ပြန်သွားပြီး အဲဒီမြည်းကြီးကို သွားတွယ်မယ်ဗျာ။"
"ဒါပေမဲ့ မြေအောင်းပုစဉ်းမီးတောက် တဖြည်းဖြည်း ရင့်ကျက်လာတာနဲ့အမျှ မင်းရဲ့ ဒီတံခါးအရှင် တစ်ခုတည်းက လုံခြုံစိတ်ချရမှု မရှိတော့ဘူး... နောက်ထပ် လေးငါးခုလောက် ထပ်ပြီး တပ်ဆင်ရဦးမယ်။"
ယင်းကျိုယိုက လေးနက်စွာ ပြောလိုက်၏။ "မြေအောင်းပုစဉ်းမီးတောက်က ဝိညာဉ်သားရဲတွေအပေါ် ဆွဲဆောင်နိုင်မှု ဘယ်လောက် ပြင်းထန်တယ် ဆိုတာကို မင်းလည်း မြင်ပြီးပြီပဲ။ အဲဒီအချိန်ကျရင် အငွေ့အသက် နည်းနည်းလေး အပြင်ကို ထွက်သွားရင်တောင် အကြီးအကျယ် ပြဿနာ တက်လိမ့်မယ်။"
"နားလည်ပါပြီ၊ နားလည်ပါပြီ။" ဟုန်ရှောင်ပေါင်က ပြန်ပြောလိုက်ပြီး ဒယ်အိုးကြီးကို မြေပေါ်သို့ ချပေးလိုက်သည်။
ရွှေဝါရောင် ဝက်ဝံပေါက်လေးက ချက်ချင်းပင် ခုန်ဝင်လာတော့သည်။ ထိပ်ဖြူခွေးတူဝက်တူကြီးကတော့ ပြီးခဲ့သည့် အကြိမ်က ဟုန်ရှောင်ပေါင်၏ ရိုက်နှက်မှုကို ခံထားရသဖြင့် ကြောက်ရွံ့နေဆဲ ဖြစ်ရာ ယခုအချိန်တွင် အလွန် စားချင်နေသည့်တိုင် အသံတိတ် ငြီးတွားလျက် ဟုန်ရှောင်ပေါင်ကိုသာ ကြည့်နေ၏။
"မင်းလည်း လာစားလေ။" ဟုန်ရှောင်ပေါင်က ခေါင်းညိတ်ပြလိုက်မှသာ ထိပ်ဖြူခွေးတူဝက်တူကြီးက ဝမ်းသာအားရ ခုန်ဝင်လာတော့သည်။
သားရဲနှစ်ကောင် စားသောက်နေပုံမှာ အလွန်တရာမှကို ပျော်ရွှင် မြူးထူးဖွယ် ကောင်းလှ၏။
ဟုန်ရှောင်ပေါင်က ထိုသားရဲနှစ်ကောင်ကို ကြည့်ရင်း တဟားဟား ရယ်မောနေမိ၏။ ရွှေဝါရောင် ဝက်ဝံပေါက်လေးမှာ ခန္ဓာကိုယ် တစ်ခုလုံး ရွှေရောင် ဖြစ်နေသော်လည်း ဦးခေါင်းပေါ်တွင်မူ အနက်ရောင် အမွှေး အစုအဝေးလေး တစ်ခု ရှိနေပြီး အနက်ရောင် ဦးထုပ်လေး ဆောင်းထားသည့် အလားပင်။ ထိပ်ဖြူခွေးတူဝက်တူကြီးကတော့ ခန္ဓာကိုယ် တစ်ခုလုံး အနက်ရောင် ဖြစ်နေပြီး ဦးခေါင်းကမူ အဖြူရောင် ဖြစ်နေကာ အဖြူရောင် ဦးထုပ်လေး ဆောင်းထားသည့် အလားပင် ဖြစ်၏။ သူတို့နှစ်ကောင်ကို အတူတူ ထားကြည့်လိုက်သည့် အခါတွင်တော့ ဖော်ပြရန် ခက်ခဲလှသည့်... လိုက်ဖက်ညီမှု တစ်ခုကို ခံစားရစေသလိုပင်။
ဟုန်ရှောင်ပေါင်သည် မူလက ဤနေရာတွင် စောင့်ဆိုင်းရင်း သားရဲနှစ်ကောင် စားသောက်ပြီးနောက် တုံ့ပြန်မှု တစ်ခုခု ရှိလာမလား ဟု ကြည့်ရှုချင်ခဲ့ခြင်း ဖြစ်၏။ သို့သော်ငြား အောက်ထပ်မှ ချန်ယန်က ရုတ်တရက် အသံပြဲကြီးဖြင့် အော်ခေါ်လိုက်သဖြင့် ဟုန်ရှောင်ပေါင် အနည်းငယ် ကြောင်အံ့သွားသည်။ ချန်ယန်က ဧည့်သည် ရောက်နေပြီ ဟု အော်ခေါ်နေခြင်း ဖြစ်ကြောင်း ကြားလိုက်ရ၏။
ဟုန်ရှောင်ပေါင် ဒုတိယထပ်သို့ ဆင်းလာသည့် အခါတွင်တော့ လူနှစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုထဲမှ တစ်ယောက်က ရယ်မောလျက် ပြောနေ၏။ "လျောင်ယွဲ့မြို့တော်ကလွဲရင် အခြား မြို့တော်တွေမှာလည်း ဆေးဘက်ဝင် အစားအစာဆိုင် ရှိနေလိမ့်မယ်လို့ တကယ်ကို မထင်ထားခဲ့ဘူး... သေချာပေါက် မြည်းစမ်းကြည့်ရတော့မှာပေါ့။"
"လျောင်ယွဲ့မြို့တော်ကလွဲရင် အခြား မြို့တော်တွေမှာလည်း ဆေးဘက်ဝင် အစားအစာဆိုင် ရှိနေလိမ့်မယ်လို့ တကယ်ကို မထင်ထားခဲ့ဘူး... သေချာပေါက် မြည်းစမ်းကြည့်ရတော့မှာပေါ့။"
ဟုန်ရှောင်ပေါင်သည် စကားပြောသည့်သူဆီသို့ လှမ်းကြည့်လိုက်ပြီး ကျတ်... ကျတ်... ဟု နှစ်ချက် စုပ်သပ်လိုက်၏။ ထိုသူသည် နက်ပြာရောင် ပိုးထည် အင်္ကျီကို ဝတ်ဆင်ထားပြီး ခါးတွင် ကောင်းကင်ပြာရောင် ခါးပတ်ပြားကို ပတ်ထားကြောင်း တွေ့လိုက်ရသည်။ အလွန်တရာ ကျက်သရေ ရှိပြီး ပျင်းရိနေဟန် မျက်လုံးများ ရှိကာ ခန္ဓာကိုယ်ကလည်း မြင့်မား တောင့်တင်းသည်။ တကယ့်ကို ကျောက်စိမ်းသစ်ပင်လေး တစ်ပင် လေတိုက်ခတ်ရာတွင် ယိမ်းနွဲ့နေသလိုမျိုး ခန့်ညား ထည်ဝါလွန်းလှသည်။
သူ၏ ဘေးရှိ လူကလည်း လုံးဝ မညံ့ချေ။ ငွေရောင် ဝတ်စုံရှည်ကြီးက လက်ခနဲ၊ လက်ခနဲ တောက်ပနေပြီး လက်ထဲရှိ ခေါက်ယပ်တောင်ကို ဖြည်းဖြည်းချင်း ယပ်ခတ်နေ၏။ သူက ခေါင်းခါလျက် ပြောလိုက်၏။ "အစ်ကိုကောင်း... ဒါကိုတော့ ကျုပ် သဘောမတူနိုင်ဘူးဗျာ။ ဆေးဘက်ဝင် အစားအစာ... ဆေးဘက်ဝင် အစားအစာ ဆိုတာ ဒီလောက် လုပ်ရတာ လွယ်ကူနေမယ် ဆိုရင် လျောင်ယွဲ့မြို့တော်ကြီးမှာတောင် ဆေးဘက်ဝင် အစားအစာဆိုင် ဆယ်ဂဏန်းလောက်ပဲ ရှိနေစရာ အကြောင်း မရှိဘူးလေ။"
"အစ်ကိုယွဲ့ ရဲ့ စကားက မမှန်ဘူးဗျ။ တကယ်လို့ ကိုယ့်မှာ တကယ့် အရည်အချင်း အစစ်အမှန် မရှိဘူး ဆိုရင် ဆေးဘက်ဝင် အစားအစာဆိုင် ဆိုတဲ့ စာလုံး သုံးလုံးကို ဘယ်သူကမှ ချိတ်ဆွဲရဲမှာ မဟုတ်ဘူး။" ကောင်း ဆိုသည့် သခင်လေးက ပြုံးလျက် ပြောလိုက်သည်။
"အစ်ကိုကောင်းရယ်... ကျုပ်တို့ကလွဲရင် ဒီဆိုင်ကို အခြား ဘယ်သူတွေ လာတာ မြင်လို့လဲ။"
ယွဲ့ ဆိုသည့် သခင်လေးက ခေါင်းခါပြလိုက်၏။ "ဆိုင်တစ်ဆိုင်မှာ လူကြိုက်များမှု ရှိသလား၊ မရှိဘူးလား ဆိုတာကို ခင်ဗျား အာရုံ မခံစားမိလို့လား။ ဒီဆိုင်ရဲ့ စီးပွားရေး အခြေအနေက အင်မတန် အေးစက် ခြောက်ကပ်နေတာကို ကြည့်... ဟားဟား... တကယ်လို့ ဆေးဘက်ဝင် အစားအစာ အစစ်အမှန် ဖြစ်နေရင်တောင် အာနိသင် အကျိုးသက်ရောက်မှုက ကန့်သတ်ချက် ရှိနေမှာပဲ။"
‘ဒါက အသက်ဝင်နေတဲ့ လူချော လူသန့် သူဌေးသား နှစ်ယောက်ပဲ။ ဟေး... မျှော်လင့်ချက် ရှိပြီ၊ မျှော်လင့်ချက် ရှိပြီ။’
ဟုန်ရှောင်ပေါင် အလွန် ပျော်ရွှင်သွား၏။ သို့သော်ငြား မျက်နှာအမူအရာကိုတော့ တည်ငြိမ်စွာ ထားရှိပြီး ကောင်တာတွင် သွားထိုင်လိုက်သည်။ "လူကြီးမင်းတို့... မီနူးနဲ့ စည်းကမ်းချက်တွေက နံရံပေါ်မှာ ရှိပါတယ်။ ကြည့်လိုက်ကြပါဦး။"
"အို။" ထိုနှစ်ယောက်သည် စကားပြောဆိုရန်သာ အာရုံစိုက်နေကြသဖြင့် နံရံပေါ်ရှိ ဆိုင်းဘုတ်ကို မမြင်လိုက်ကြချေ။ ယခုအခါ ကြည့်ရှုလိုက်ရသဖြင့် နှစ်ယောက်စလုံး ကြောင်အံ့သွားကြ၏။
ယွဲ့ ဆိုသည့် သခင်လေးက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။ "ဈေးနှုန်းကတော့ တရားမျှတပါတယ်။ ဒါပေမဲ့... သူဌေး... ခင်ဗျားရဲ့ ဒီစည်းကမ်းချက်ကတော့ လူတွေကို အဓိပ္ပာယ် မရှိ အတင်းအကျပ် ခိုင်းစေတာပဲ။ ဒါက များလွန်းနေပြီ မဟုတ်လား။"
"ဟားဟား... အစ်ကိုကောင်း... ကျုပ် ပြောသားပဲ။"
ယွဲ့ ဆိုသည့် သခင်လေးက ခေါင်းခါလိုက်၏။ ခေါက်ယပ်တောင်ကို ဖြောင်းခနဲ ဖြန့်ကာ ယပ်ခတ်ရင်း ပြောလိုက်၏။ "ဒါက ကုန်သည်တွေရဲ့ လှည့်ကွက် အသေးအမွှားလေး တစ်ခုထက် မပိုပါဘူး။ ဆေးဘက်ဝင် အစားအစာဆိုင် တစ်ဆိုင် ဆိုတာ လူအများအပြားရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်မှာ သေချာတယ်။ အဲဒါကပဲ စီးပွားရေး အခွင့်အလမ်း တစ်ခု ဖြစ်လာတာလေ။ သူ့ရဲ့ ရည်ရွယ်ချက်က အဲဒီလောက်ပဲ ရှိတာပါ။ သူက တကယ်ပဲ ဆေးဘက်ဝင် အစားအစာကို ချက်ပြုတ်တတ်လိမ့်မယ်လို့ ခင်ဗျား ထင်နေတုန်းပဲလား။"
"အဓိပ္ပာယ် ရှိတာပဲ။ ဟားဟား... တစ်ကြိမ်တော့ အရူးလုပ် ခံလိုက်ရပြီ။" ကောင်း ဆိုသည့် သခင်လေးက ခေါင်းခါလိုက်ပြီး ချက်ချင်းပင် ပြန်ထွက်သွားရန် ပြင်လိုက်သည်။
ဟုန်ရှောင်ပေါင်က မည်မျှ ပါးနပ်လိုက်သနည်း။ ထို့အပြင် ယခုအခါတွင် သူက ငွေတွင်းကြီး ထဲကို အပြည့်အဝ ဝင်ရောက် နှစ်မြှုပ်နေသူ ဖြစ်ရာ ဤနှစ်ယောက်ကို အဘယ်သို့ လွယ်လွယ်ကူကူ လွှတ်ပေးနိုင်ပါမည်နည်း။ သူတို့နှစ်ယောက် ဖြတ်လျှောက်သွားသည့်အချိန်တွင် သရော်သလို ရယ်မောလိုက်၏။ "တောင်တန်းကြီးကို မမြင်နိုင်တဲ့ မျက်မမြင်တွေပဲ။"
"အို... ဆိုလိုတာက သူဌေး... ကိုယ့်ကိုယ်ကိုယ် တောင်တန်းကြီး တစ်ခုလို့ သတ်မှတ်ထားတာပေါ့လေ။" ကောင်း ဆိုသည့် သခင်လေးကလည်း ဒေါသ မထွက်ဘဲ ယပ်တောင်ကို ခပ်ဖြည်းဖြည်း ယပ်ခတ်ရင်း ပြောလိုက်၏။
"အများကြီး ပြောနေလည်း အပိုပဲ။ လောင်းကြေး ထပ်ကြမလား... တကယ်လို့ ကျုပ်က ခင်ဗျားတို့ နှစ်ယောက်ကို စိတ်ကျေနပ်မှု ရစေမဲ့ ဆေးဘက်ဝင် အစားအစာ ချက်ပြုတ်ပေးနိုင်ရင် ခင်ဗျားတို့ နှစ်ယောက်စလုံး ကျုပ်ကို တစ်ယောက်ကို ဝိညာဉ်ကျောက်တုံး ငါးဆယ်စီ ပေးရမယ်။ တကယ်လို့ ကျုပ်က အဲဒီလို ဆေးဘက်ဝင် အစားအစာမျိုး မချက်ပြုတ်ပေးနိုင်ဘူး ဆိုရင်တော့ ကျုပ်က ခင်ဗျားတို့ကို တစ်ယောက်ကို ဝိညာဉ်ကျောက်တုံး ငါးဆယ်စီ ပြန်ပေးမယ်... ဘယ်လိုလဲ။"
"အို။" ယွဲ့ ဆိုသည့် သခင်လေး အနည်းငယ် ကြောင်အံ့သွား၏။ ဤကဲ့သို့ လောင်းကြေးမျိုးက အတော်လေး စိတ်ဝင်စားစရာ ကောင်းလှပေသည်။ အဘယ်ကြောင့်ဆိုသော် အနိုင်အရှုံး ရလဒ်က သူတို့နှစ်ယောက်၏ ကိုယ်ပိုင် အဆုံးအဖြတ် အပေါ်တွင်သာ အပြည့်အဝ တည်ရှိနေသောကြောင့်ပင်။ ဟုန်ရှောင်ပေါင် ဘယ်လောက်ပဲ အရသာရှိအောင် ချက်ပြုတ်နိုင်ပါစေ... သူတို့က စားမကောင်းဘူးလို့ တစ်ခွန်းတည်း ပြောလိုက်ရုံနှင့် ပြီးသွားပြီ မဟုတ်ပါလား။ ထို့ကြောင့် သူကလည်း စိတ်ဝင်စားစွာ ပြောလိုက်၏။ "မင်း ဒီလို လောင်းကြေးမျိုး ထပ်မယ် ဆိုရင်... အနိုင်အရှုံးက ငါ့ရဲ့ စိတ်ကူး တစ်ချက်တည်း အပေါ်မှာပဲ တည်ရှိနေတယ် ဆိုတာကို သိရဲ့လား။"
"သဘာဝကျကျ သိတာပေါ့။"
ဟုန်ရှောင်ပေါင်က ပြုံးလျက် ပြောလိုက်သည်။ "ဒါပေမဲ့ ကျုပ်ရဲ့ မျက်လုံးတွေကို ကျုပ် ယုံကြည်တယ်။ ခင်ဗျားတို့ နှစ်ယောက်က အသေးအမွှား ဝိညာဉ်ကျောက်တုံး ငါးဆယ်လောက်အတွက်နဲ့ ကိုယ့်ရဲ့ လိပ်ပြာကို ညာပြောမဲ့ လူစားမျိုး မဟုတ်ဘူး ဆိုတာကိုပေါ့။"
“လောင်းမယ်။" ယွဲ့ ဆိုသည့် သခင်လေးက လက်သီးကို ဆုပ်၍ အရိုအသေ ပေးလိုက်၏။ "ကျုပ် နာမည် ယွဲ့ရှို့ ပါ။"
"ကောင်းယမ်ကျိုး။" ကောင်း ဆိုသည့် သခင်လေးက ပြောလိုက်သည်။
"ဟုန်ရှောင်ပေါင်။" ဟုန်ရှောင်ပေါင်ကလည်း လက်ကို အနည်းငယ် ဆုပ်၍ ပြန်လည် အရိုအသေ ပေးလိုက်၏။
"ပါဝင်ပစ္စည်းတွေက ဘာတွေ လိုအပ်လဲ ဆိုတာ မသိရသေးဘူး။" ယွဲ့ရှို့က မေးလိုက်သည်။
"ထိပ်တန်း အာလူး၊ ခုနစ်ရောင်စဉ် မျစ်ချဉ်..." ဟုန်ရှောင်ပေါင်က တစ်ခုချင်းစီ ပြောပြနေ၏။ သူ၏ မျက်နှာအမူအရာက သက်သောင့်သက်သာ ရှိနေသည်။ ထို့အပြင် အမှန်တကယ်လည်း သူ ပြောခဲ့သည့်အတိုင်း စိတ်ထဲက ယုံကြည်ထားခြင်း ဖြစ်၏။ ကိုယ့်ရှေ့ရှိ ဤလူနှစ်ယောက်သည် အမူအရာ၊ ဝတ်စားဆင်ယင်မှု မည်သည့် အရာကို ကြည့်ကြည့် သာမန် လူတန်းစား လုံးဝ မဟုတ်ချေ။ လွယ်လွယ်ကူကူ နားလည်အောင် ပြောရလျှင် ဤလူနှစ်ယောက် ဝတ်ဆင်ထားသည်မှာ တန်ဖိုးကြီး အော်ဒါချုပ် ဝတ်စုံကြီးများပင် ဖြစ်၏။ ထိုသို့သော လူမျိုးက ပိုက်ဆံ အနည်းငယ်လောက်အတွက် ကိုယ့်လိပ်ပြာကို ညာပြောမည် မဟုတ်ပေ။
"ဒါဆို အစ်ကိုဟုန် အရင် လုပ်စရာ ရှိတာ လုပ်နှင့်အုံး... ကျုပ်တို့ ဟင်းချက်စရာတွေ သွားရှာလိုက်အုံးမယ်။" သူတို့နှစ်ယောက် ပြုံးလျက် ဆိုင်ထဲမှ ထွက်ခွာသွားကြသည်။
"မင်းလို ကောင်လေးက ဒီလို လောင်းကြေးမျိုးကို တကယ် ရဲရဲဝံ့ဝံ့ ထပ်ရဲလိမ့်မယ်လို့တော့ တကယ် မထင်ထားခဲ့ဘူး။"
ယင်းကျိုယို အနည်းငယ် အံ့အားသင့်နေ၏။ "မင်းက ဝိညာဉ်ကျောက်တုံး တစ်ရာ ဆိုတာ ကိုယ့်ရဲ့ အသက်ပါပဲ လို့ ပြောခဲ့တာ မဟုတ်လား။ သူတို့တွေ ဗြောင်လိမ်သွားမှာကို မင်း မကြောက်ဘူးလား။"
"ဟားဟား..."
ဟုန်ရှောင်ပေါင်က ဂုဏ်ယူစွာ ပြောလိုက်သည်။ "ဗြောင်လိမ်မလို့လား... ဘယ်သူက ဘယ်သူ့ထက် ပိုဗြောင်လိမ်နိုင်မလဲ ဆိုတာ ကြည့်ကြသေးတာပေါ့။"
"..."