← Chapters

အခန်း (၁၉၅-၁၉၆)

Vol. 17 Ch. 195-196

အခန်း (၁၉၅-၁၉၆)

Vol. 17 Ch. 195-196

အပိုင်း (၁၉၅) ထိပ်တန်းစားဖိုမှုးကြီး။

ခဏအကြာတွင် သူတို့နှစ်ယောက် ပြန်လည် ရောက်ရှိလာကြပြီး ပါဝင်ပစ္စည်းများကို ဟုန်ရှောင်ပေါင်၏ လက်ထဲသို့ ထည့်ပေးလိုက်ကြ၏။

ဟုန်ရှောင်ပေါင်လည်း မီးဖိုချောင်ထဲသို့ ဝင်သွားကာ တဒေါက်ဒေါက်၊ တဒေါက်ဒေါက်ဖြင့် ဟင်းသီးဟင်းရွက်များကို လှီးဖြတ်တော့သည်။

ယွဲ့ရှို့ နှင့် ကောင်းယမ်ကျိုးတို့ကတော့ တိုးညင်းစွာ စကား စမြည် ပြောဆိုနေကြ၏။

"အစ်ကိုယွဲ့... အပေါ်ယံ အမူအရာကို ကြည့်ရတာ အစ်ကိုက ဒီသူဌေးဟုန်ကို မယုံကြည်သေးပုံပဲ။"

ကောင်းယမ်ကျိုး အနည်းငယ် ထူးဆန်းနေမိသည်။ "သူဌေးဟုန်က ဒီလို စည်းကမ်းချက်မျိုးနဲ့ လောင်းကြေး ထပ်ရဲပြီ ဆိုကတည်းက သေချာပေါက် သူ့မှာ တကယ့် လက်ရာအစစ်အမှန် တစ်ခုခု ရှိနေလို့ပဲ ဖြစ်ရမယ်။"

"ရှိကောင်း ရှိနိုင်ပါတယ်။"

ယွဲ့ရှို့က ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းလျက် ပြောလိုက်၏။ "ကျုပ် ကိုယ့်ကိုယ်ကိုယ် ကြွားဝါပြီး ပြောနေတာ မဟုတ်ပါဘူး။ ကျုပ် ငယ်ငယ်လေးကတည်းက ဆေးဘက်ဝင် အစားအစာ မျိုးစုံကို မြည်းစမ်း စားသောက်လာခဲ့တာမို့ ဆေးဘက်ဝင် အစားအစာအပေါ် သတ်မှတ်ချက် အရမ်း မြင့်မားတယ်။ ဒီသူဌေးဟုန်က ဒီလို စည်းကမ်းချက်မျိုး ထုတ်ရဲတာကို ကြည့်ရင် တကယ်ပဲ လက်ရာ တစ်ခုခု ရှိကောင်း ရှိနိုင်ပေမဲ့ ကျုပ်အတွက်တော့ ... ဟားဟား... မလုံလောက်ဘူး၊ မလုံလောက်သေးဘူး။"

ကောင်းယမ်ကျိုး အနည်းငယ် ကြောင်အံ့သွားပြီးမှ ခေါင်းညိတ်လိုက်၏။ "အစ်ကိုယွဲ့ ရဲ့ နောက်ခံ အင်အားက သာမန် မဟုတ်ဘူး ဆိုတာကို မေ့သွားတာပဲ။ ဒါပေမဲ့... လေယင်နန်းဆောင်က လောကရဲ့ ရှေးရိုးရာ ဂိုဏ်းကြီး ခြောက်ခု ထဲက တစ်ခု ဖြစ်တဲ့အတွက် အဲဒီထဲမှာ ပုန်းအောင်းနေတဲ့ လူစွမ်းကောင်းတွေ အများကြီး ရှိနေမှာပဲ။ တကယ်လို့ ထူးဆန်းတဲ့ ပုဂ္ဂိုလ် တစ်ယောက်ယောက် ရှိနေမယ် ဆိုရင်ရော... မဖြစ်နိုင်ဘူးလား။"

"တကယ်လို့ အခြား ပညာရပ် ဌာနတွေက ထူးဆန်းတဲ့ ပုဂ္ဂိုလ်တွေ ဆိုရင်တော့ ကျုပ် သဘာဝကျကျ ယုံကြည်ပါတယ်။ ဥပမာ- ဆေးဖော်စပ်တာတို့၊ စိုက်ပျိုးရေးတို့၊ သားရဲယဉ်ပါးရေးတို့ ဆိုရင် လေယင်နန်းဆောင်ရဲ့ အခြေခံ အင်အားက အရမ်း ကြောက်ခမန်းလိလိ အားကောင်းတယ်။ ဒါပေမဲ့... ဟင်းချက်ပြုတ်ရေးကတော့ သိပ်မဖြစ်နိုင်ဘူး။"

ယွဲ့ရှို့က ခေါင်းခါပြလိုက်၏။ "ဟင်းချက်ပြုတ်ရေး လမ်းစဉ် ဆိုတာ မီးရှူးမီးပန်းတွေလိုပဲ အင်မတန် လှပ တောက်ပတယ်... ဒါပေမဲ့လည်း မီးရှူးမီးပန်းတွေလိုပဲ အချိန်တိုတောင်းတယ်။ ရှီးလျန်ယွင် ရဲ့ နောက်ပိုင်းမှာ တကယ့် ဟင်းချက်ပညာရှင် မဟာဆရာသခင်ကြီး တစ်ယောက်ကို ရှာတွေ့ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူး။"

"အင်း... ဟုတ်တာပဲ။" ကောင်းယမ်ကျိုး အတန်ကြာ စဉ်းစားပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်သည်။

"ဒီလေယင်နန်းဆောင်က အတော်လေး မဆိုးပါဘူး။ နန်းဆောင်သခင်ချန် ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက် ထွက်ပေါ်လာခဲ့သေးတယ်။ ဒါပေမဲ့ ရှောင်ယဲ့လန် နဲ့ ပြုလုပ်ခဲ့တဲ့ အဲဒီ ဟင်းချက်ပြိုင်ပွဲမှာ အရေးနိမ့်သွားခဲ့ပြီး အခုတော့ တောရဆောက်တည် သွားပြီ။ ကြည့်ရတာ ဟင်းချက်ပြုတ်ရေးဌာနထဲမှာ အစ်ကိုကြီးဖန် ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်လည်း မဆိုးဘူးလို့ ကြားတယ်။ သူတို့ကလွဲရင်တော့ အခြား ဘယ်သူမှ မရှိလောက်တော့ဘူး။"

ယွဲ့ရှို့က တည်ငြိမ်စွာပင် ပြောလိုက်၏။ "ဒီအစ်ကိုဟုန်က ဟင်းချက်ပြုတ်ရေး လမ်းစဉ်မှာ အတန်အသင့် ပါရမီ ပါကောင်း ပါနိုင်တယ်... ဒါပေမဲ့... ကျုပ်ကို စိတ်ကျေနပ်မှု ရစေဖို့ ဆိုတာကတော့ သိပ်မဖြစ်နိုင်ဘူး။"

"ဟားဟား... ဒါဆိုရင်တော့ ကျုပ်တို့ အလကား ဝိညာဉ်ကျောက်တုံး ငါးဆယ် ရလိုက်တာ မဟုတ်လား။"

ကောင်းယမ်ကျိုးက ရယ်မောလိုက်သည်။ "ဒီသူဌေးဟုန်က ကျုပ်တို့ သူ့ပိုက်ဆံကို ဗြောင်လိမ်သွားတယ်လို့ မထင်မိဖို့ပဲ မျှော်လင့်ရတာပေါ့။"

ဒေါက်ဒေါက်... ဒေါက်ဒေါက်...

မီးဖိုချောင်ထဲမှ ဟုန်ရှောင်ပေါင်၏ ဓားဖြင့် စဉ်းတုံးအသံများက အဆက်မပြတ် ထွက်ပေါ်လာနေ၏။ ဤအသံကြောင့် ယွဲ့ရှို့ အနည်းငယ် ခေါင်းညိတ်လိုက်မိ၏။ "ဓားအသုံးပြုပုံက အနုစိတ် သေသပ်တယ်။ စည်းချက် ညီပြီး မပြတ်တောက်ဘူး။ အခြေခံအုတ်မြစ်ကတော့ အတော်လေး ခိုင်မာတာပဲ။"

"အယ်... အစ်ကိုယွဲ့... အစ်ကိုက ဟင်းလည်း ချက်တတ်တာလား။" ကောင်းယမ်ကျိုး အနည်းငယ် ထူးဆန်းနေမိသည်။

"မချက်တတ်ဘူး။"

ယွဲ့ရှို့က ခေါင်းခါပြလိုက်၏။ "ဒါပေမဲ့ ကျုပ်ရဲ့ အစ်မက အရသာရှိတဲ့ အစားအသောက်တွေကို သိပ်ကြိုက်တာလေ။ ဒီမိုင်တစ်သိန်း ပတ်လည် ကျယ်ဝန်းတဲ့ မြေပြင်ကြီးအပေါ်မှာ ဘယ်မြို့တော်ရဲ့ အစားအသောက် ဌာနက အကြီးဆုံးလဲလို့ မေးရင်... ကျုပ်တို့ လျောင်ယွဲ့မြို့တော် ဖြစ်ဖို့ပဲ များတယ်။ ကျုပ်က တစ်နေ့လုံး၊ တစ်ညလုံး အဲဒီအထဲမှာ လျှောက်သွားပြီး အချိန်ဖြုန်းနေတာ ဆိုတော့... ကိုယ်တိုင် ဟင်းမချက်ဖူးဘူး ဆိုရင်တောင် အကဲခတ်နိုင်တဲ့ မျက်စိကတော့ အတန်အသင့် ကောင်းမွန်နေတာပေါ့။"

"အစ်ကိုယွဲ့ က နှိမ့်ချလွန်းနေပါပြီဗျာ။ ဘယ်ပွဲတော်မှာ ကြားခဲ့တာလဲတောင် မမှတ်မိတော့ဘူး... အခုခေတ် လူငယ်တွေထဲမှာ ထိပ်တန်း စားဖိုမှူးကြီး လေးယောက် ရှိတယ်တဲ့။ ခေါင်းဆောင်ကတော့ သဘာဝကျကျ အစ်ကို့ရဲ့ အစ်မပဲ... တစ်ယောက်က အစ်ကို ဖြစ်ပြီး ကျန်တဲ့ နှစ်ယောက်ကတော့ ကျန်းမင်ယွမ် နဲ့ နန်ကုန်းယိ တဲ့။"

ကောင်းယမ်ကျိုးက ပြုံးလျက် ပြောလိုက်သည်။ "အရသာရှိတဲ့ အစားအသောက်တွေ အပေါ်မှာ ခင်ဗျားတို့ရဲ့ အကဲဖြတ်စွမ်းရည်ကတော့ လုံးဝ သံသယ ဖြစ်စရာ မလိုလောက်အောင်ကို ကောင်းမွန်တာပေါ့ဗျာ။"

ယွဲ့ရှို့က အနည်းငယ် ပြုံးပြလိုက်၏။ ဤကိစ္စနှင့် ပတ်သက်၍ သူက ထပ်မံ နှိမ့်ချမနေတော့ချေ။

ရှဲ...

စကားပြောနေစဉ်မှာပင် ဟုန်ရှောင်ပေါင်က ဟင်းသီးဟင်းရွက်များကို ဒယ်အိုးထဲသို့ ထည့်လိုက်သည်။

အနံ့တောင် မထွက်ပေါ်လာသေးမီ ယွဲ့ရှို့ အနည်းငယ် ကြောင်အံ့သွား၏။ "ဒီအသံကို နားထောင်ကြည့်တာနဲ့တင်... ဒီဒယ်အိုးနဲ့ မီးအပူချိန်က အရမ်း ကောင်းမွန်လွန်းနေပြီ။ ဟင်... အခြား အရာတွေကို မပြောနဲ့အုံး ... ဒီဆိုင်လေးရဲ့ မီးဖိုချောင်ကတော့ အတော်လေး မဆိုးလှဘူးပဲ။"

"ဟာ။"

ကောင်းယမ်ကျိုး အလွန် အံ့အားသင့်သွားသည်။ "ဟင်းသီးဟင်းရွက်တွေ ဒယ်အိုးထဲ ကျသွားတဲ့ အသံကို နားထောင်ရုံနဲ့ ခင်ဗျားက ဒယ်အိုး ကောင်းသလား၊ မကောင်းဘူးလား ဆိုတာကို သိနိုင်တယ် ဟုတ်လား။"

"ဒါက သဘာဝကျကျ သိနိုင်တာပေါ့။"

ယွဲ့ရှို့က ပြုံးလျက် ပြောလိုက်၏။ "တကယ်လို့ ခင်ဗျား သေသေချာချာ နားထောင်ကြည့်မယ် ဆိုရင်... အဆင့်နိမ့်တဲ့ ဒယ်အိုးတွေနဲ့ ဟင်းချက်တဲ့ အခါ ထွက်ပေါ်လာတဲ့ အသံမှာ သာမန် သတိမထားမိနိုင်လောက်တဲ့ အက်ကွဲသံ သေးသေးလေးတွေ ပါဝင်နေတာကို တွေ့ရလိမ့်မယ်။ ဒယ်အိုး ကောင်းလေလေ... ထွက်ပေါ်လာတဲ့ အသံက ပိုပြီး ပေါင်းစပ် ညီညွတ်လေလေပဲ။

နှိုင်းယှဉ် ပြောပြရရင်... ဟင်းချက်တဲ့အခါ ထွက်ပေါ်လာတဲ့ အသံက မြစ်ရေ စီးဆင်းနေတာနဲ့ အတူတူပဲ။ အဆင့်နိမ့်တဲ့ ဒယ်အိုးတွေကတော့ အဲဒီ မြစ်ရေစီးကြောင်း ထဲမှာ ကြီးမားတဲ့ ကျောက်ဆောင်ကြီးတွေ နေရာတိုင်း ရှိနေပြီး ရေစီးကြောင်း ကမောက်ကမ ဖြစ်မှုတွေကို အများကြီး ဖြစ်ပေါ်စေသလိုပဲ။ ကောင်းမွန်တဲ့ ဒယ်အိုးကတော့ ဖြောင့်တန်း ညီညာတဲ့ မြစ်ပြင်ကြီးလိုပဲ အတားအဆီး မရှိ စီးဆင်းနေတာ။"

"လက်ခံလိုက်ပြီဗျာ။" ကောင်းယမ်ကျိုးက လက်မ ထောင်ပြလိုက်သည်။

"ရယ်စရာ ဖြစ်သွားပါပြီဗျာ... ရယ်စရာ ဖြစ်သွားပါပြီ။"

ယွဲ့ရှို့က ပြုံးလျက် ပြောလိုက်၏။ "ပုံမှန်အချိန်တွေမှာ တိုးတက်ဖို့ မကြိုးစားဘဲ ဒီလို ဆီ၊ ဆား အသေးအမွှား ကိစ္စလေးတွေကိုပဲ ဂရုစိုက်နေမိလို့ပါ။"

ဟင်းသီးဟင်းရွက်များ ဒယ်အိုးထဲ ကျသွားသည့် အသံနှင့်အတူ အမွှေးရနံ့များကလည်း တဖြည်းဖြည်း ထွက်ပေါ်လာ၏။ ပြင်းထန်လွန်းလှသည်တော့ မဟုတ်ချေ။ သို့သော်ငြား ခုနစ်ရောင်စဉ် မျစ်ချဉ်၏ ထိုချဉ်မြမြ ရနံ့လေးက ဤအမွှေးအကြိုင်များထဲတွင် ပေါင်းစပ် ပါဝင်နေပြီ ဖြစ်သည်။ လေထုထဲတွင် ပေါ့ပါးစွာ လွင့်မျောနေပြီး ရှိသယောင်၊ မရှိသယောင် ဖြစ်နေသည့်တိုင် လူများ၏ နှာခေါင်းကို တန်းခနဲ ချိတ်ဆွဲလိုက်ပြီး အဆုတ်ထဲအထိ ထိုးဖောက် ဝင်ရောက်သွားစေသည်။

"ဒီအမွှေးရနံ့က တကယ့်ကို အံ့မခန်းပဲဗျာ။"

ကောင်းယမ်ကျိုးက သက်ပြင်းချလျက် ပြောလိုက်၏။ "အစ်ကိုယွဲ့ ရယ်စရာထင်မှာ မကြောက်လို့ ပြောရရင်... ကျုပ်တံတွေးတွေတောင် မြိုချနေရပြီဗျာ။"

"အင်း... တကယ်လို့ ဒါက သာမန် ဟင်းပွဲ တစ်ခု ဆိုရင်တော့ အမှတ်ပြည့် ဆယ်မှတ် ပေးထိုက်ပါတယ်။ ဘယ်စားသောက်ဆိုင်ကြီးမှာပဲ ဖြစ်ဖြစ်... ဒါက ထိပ်တန်း စားဖိုမှူးကြီး ရဲ့ အဆင့်ပါပဲ။ ဒါပေမဲ့... တကယ်လို့ ဆေးဘက်ဝင် အစားအစာ ဆိုရင်တော့..."

ယွဲ့ရှို့က ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းလိုက်၏။ "လမ်းလွဲသွားပြီ။"

"ဘာဖြစ်လို့လဲ။"

ကောင်းယမ်ကျိုးက နားမလည်စွာ မေးလိုက်သည်။ "ဒီလောက် ကောင်းမွန်တဲ့ အရသာမျိုးကိုတောင် အစ်ကိုယွဲ့က စိတ်မကျေနပ်သေးတာလား။"

"မဟုတ်ဘူး။ တကယ်လို့ သာမန် ဟင်းပွဲ ဆိုရင်တော့ အမှတ်ပြည့် ဆယ်မှတ် အပြည့်အဝ ပေးထိုက်ပါတယ်။"

ယွဲ့ရှို့က ခေါင်းခါလျက်ပင် ဆက်ပြော၏။ "ဒါပေမဲ့... တကယ်လို့ ဆေးဘက်ဝင် အစားအစာ ဆိုရင်တော့ အမွှေးရနံ့ ထူးကဲလွန်းနေတာက ကောင်းတဲ့ ကိစ္စ မဟုတ်ဘူးဗျ။"

သူက သက်ပြင်းတစ်ချက် ချလိုက်သည်။ ကောင်းယမ်ကျိုး နားမလည်သေးသည်ကို မြင်လိုက်ရသဖြင့် ရှင်းပြလိုက်သည်။ "ဆေးအာနိသင် ဆိုတာ အင်မတန် ပြင်းထန် ကြမ်းကြုတ်တယ်။ ဆေးဘက်ဝင် အစားအစာ ထဲမှာ ဆေးမြစ်နှစ်ခုရဲ့ အာနိသင်က အချင်းချင်း ပဋိပက္ခ ဖြစ်နေရင် ညှိနှိုင်း ပေါင်းစပ်ဖို့အတွက် အရန် ဟင်းခတ်ပစ္စည်းတွေ အများကြီး ထည့်သွင်းပေးရတယ်။ သာမန် ဟင်းပွဲတစ်ခုကိုပဲ ကြည့်လေ... ဟင်းခတ်အမွှေးအကြိုင်တွေ၊ ဆေးပစ္စည်းတွေ ဆယ်ဂဏန်းလောက် ထည့်လိုက်တာနဲ့ အရသာက ခါးသက်သက်ပဲ ကျန်တော့မှာ မဟုတ်လား..."

ကောင်းယမ်ကျိုးက ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်လိုက်၏။ ယွဲ့ရှို့ ပြောသည့် ဆိုလိုရင်းကို သူ သဘောပေါက် သွားခဲ့ပြီ ဖြစ်၏။

"ပြီးတော့ ဆေးဘက်ဝင် အစားအစာ ထဲမှာ များသောအားဖြင့် ဆေးမြစ် ဆယ်ဂဏန်းလောက် ပါဝင်တတ်တယ်။ တကယ်လို့ အစားအသောက် ပွဲတော်ကြီးတွေမှာ လုပ်တဲ့ ဆေးဘက်ဝင် အစားအစာ ဆိုရင်တော့ အခန်းတစ်ခန်းလုံး အပြည့်တောင် နေရာယူ တတ်သေးတာ။ အဲဒီလို အခြေအနေမျိုးမှာ ဒီလောက် များပြားတဲ့ ဆေးမြစ်တွေကို အသုံးပြုထားတာ... အနံ့အသက် ဆိုးရွားတာမျိုး၊ ခါးသက်တာမျိုး မဖြစ်တာကိုက အင်မတန် ရှားပါး ကောင်းမွန်နေပြီ... ဘယ်လိုလုပ် မွှေးကြိုင်တဲ့ ရနံ့ ရှိနိုင်မှာလဲ။

ကျုပ်ရဲ့အတွေ့အကြုံအရ ဆိုရင်... ကျုပ်စားဖူးသမျှ ဆေးဘက်ဝင် အစားအစာတွေထဲမှာ အရသာ အကောင်းဆုံး ဆိုတဲ့ ဟင်းပွဲတောင် အနည်းငယ် ချိုမြသည့် အရသာလေး လောက်ပဲ ရှိခဲ့တာ..."

ယွဲ့ရှို့က ခေါင်းခါလိုက်၏။ "ဒါကြောင့်... ဘယ်လိုပဲ ပြောပြော ဆေးဘက်ဝင် အစားအစာ ဆိုတာလည်း ဆေးကျမ်း နဲ့ သဘောတရား အတူတူပဲ... ကောင်းမွန်တဲ့ ဆေးဝါး ဆိုတာ ပါးစပ်ထဲမှာ ခါးသက်နေစမြဲပဲ။"

"အဓိပ္ပာယ် ရှိလိုက်တာဗျာ။ တကယ့် ထိပ်တန်း စားဖိုမှူးကြီး ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်တာပေါ့။" ကောင်းယမ်ကျိုးက လက်မ ထောင်ပြလိုက်သည်။ သို့သော်ငြား မီးဖိုချောင် ထဲမှ ထွက်ပေါ်လာသည့် အမွှေးရနံ့က တဖြည်းဖြည်း ပိုမို ပြင်းထန်လာသည်နှင့်အမျှ သူ၏ တံတွေးများက ဆည်ကျိုးပေါက်တော့မည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

အပိုင်း (၁၉၆) မေ့သွားလို့ပါ။

မီးဖိုချောင် ထဲမှ အမွှေးရနံ့က တဖြည်းဖြည်း ပိုမို ပြင်းထန်လာသည်နှင့်အမျှ ကောင်းယမ်ကျိုးတစ်ယောက် ငြိမ်ငြိမ် မထိုင်နိုင်တော့ချေ။ သူက ယွဲ့ရှို့ကို ကြည့်ကာ အနေရခက်စွာ ပြုံးလျက် ပြောလိုက်၏။ "အစ်ကိုယွဲ့... ဒီ... ဒီအမွှေးရနံ့ကြောင့် ကျုပ်တကယ်ကြီး မတည်ငြိမ်နိုင်တော့ဘူးဗျာ။"

"ပုံမှန်ပါပဲ။"

ကောင်းယမ်ကျိုးကို အံ့အားသင့်သွားစေသည့် အချက်မှာ ယွဲ့ရှို့က ခေါင်းညိတ်လျက် ပြောလိုက်ခြင်းပင်။

"သူဌေးဟုန်ရဲ့ ဒီ... ယာယီတော့ ဆေးဘက်ဝင် အစားအစာလို့ပဲ ခေါ်လိုက်ပါစို့ဗျာ... ဒီဆေးဘက်ဝင် အစားအစာရဲ့ အမွှေးရနံ့က တကယ့်ကို အံ့မခန်းလွန်းတယ်။ ထိပ်တန်း အဆင့်အမြင့်ဆုံး ဟင်းပွဲတွေရဲ့ အမွှေးရနံ့မျိုးကို ပိုင်ဆိုင်ထားပြီးသားပဲ။ တကယ်လို့ လျောင်ယွဲ့မြို့တော်မှာသာ ဆိုရင်... ဒါက သာမန် ဟင်းပွဲလေး တစ်ခု ဖြစ်နေရင်တောင်... ကျုပ်အစ်မ ပေးမဲ့ ဈေးနှုန်းက တစ်ပွဲကို ဝိညာဉ်ကျောက်တုံး ဆယ်တုံးထက် မနည်းလောက်ဘူးလို့ ထင်တယ်။"

"တကယ်ကြီးလား။"

ကောင်းယမ်ကျိုး အလွန် အံ့အားသင့်သွား၏။ "အဲဒီလိုဆိုရင် တစ်နပ်ကို ဟင်းသုံးပွဲလောက်ပဲ စားမယ် ဆိုရင်တောင်... တစ်လကို ဟင်းပွဲ သုံးရာ ရှိနေပြီလေ။ ခင်ဗျားရဲ့ အစ်မက ဝိညာဉ်ကျောက်တုံး သုံးထောင်တောင် တကယ်ကြီး ပေးရက်မှာလား။"

"ပေးရက်တာပေါ့။"

ယွဲ့ရှို့က ပြုံးလိုက်သည်။ "ဘာပဲဖြစ်ဖြစ် သူ့မှာလည်း ကိုယ်ပိုင် ဓနအင်အား အတန်အသင့် ရှိနေတာပဲလေ။ ပြီးတော့ သူ့ရဲ့ အကြီးမားဆုံး ဝါသနာက အရသာရှိတဲ့ အစားအသောက်တွေကို စားဖို့ပဲ မဟုတ်လား။"

"အစ်မယွဲ့ က တကယ့် ထိပ်တန်း စားဖိုမှူးကြီး လေးယောက် ထဲမှာ ခေါင်းဆောင် ဖြစ်ထိုက်တာပါပဲဗျာ။" ကောင်းယမ်ကျိုး တကယ်ကြီး လေးစား သွားမိ၏။

"ရပါပြီဗျာ။" ပုံမှန် အချိန်များမှာသာ ဆိုလျှင် ဟုန်ရှောင်ပေါင်တစ်ယောက် ပြုံးဖြီးဖြီးဖြင့် ထွက်လာမည် ဖြစ်သော်လည်း အဘိုးကတော့ ဤသည်မှာ ဆေးဘက်ဝင် အစားအစာဆိုင် ဖြစ်သည့်အတွက် သာမန် ဆိုင်လေးများလို မလုပ်ဘဲ ဟန်ပန် အပြည့် ရှိရမည် ဟု မှာကြားထားသည် မဟုတ်ပါလား။ ထို့ကြောင့် သူက အမူအရာ ကင်းမဲ့စွာဖြင့် ထွက်လာခဲ့ခြင်း ဖြစ်သည်။

"အဆင်းက သာမန်ပဲ။"

ယွဲ့ရှို့က အာလူးချောင်းကြော်ကို ကြည့်ကာ စတင် အကဲဖြတ်တော့သည်။ "အနံ့ကတော့ အမှတ်ပြည့် ဆယ်မှတ် ပေးထိုက်ပါတယ်။ အရသာကတော့... သူဌေးဟုန်... ကျေးဇူးပြုပြီး ရေတစ်ခွက်လောက် ယူပေးပါဗျာ။"

"ရေ မရှိဘူး။"

ဟုန်ရှောင်ပေါင်က ခေါင်းခါလိုက်၏။ "ကျုပ်ဆိုင်က ဟင်းပွဲတွေကလွဲရင် အခြား ဘာပစ္စည်းကိုမှ ဝန်ဆောင်မှု မပေးပါဘူး။"

ယွဲ့ရှို့ မျက်မှောင်ကြုတ်သွားပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ "ဒီအချက် တစ်ချက်တည်းနဲ့တင်... မင်းရဲ့ ဆိုင်က သာမန် အဆင့်လောက်ပဲ ရှိတော့မယ် ဆိုတာ သတ်မှတ်ပြီးသား ဖြစ်သွားပြီ။"

ကောင်းယမ်ကျိုး ကြောင်အံ့သွား၏။ "ဘာဖြစ်လို့လဲ။"

"ကောင်းမွန်တဲ့ ဝိုင်ပဲ ဖြစ်ဖြစ်... ကောင်းမွန်တဲ့ ဟင်းပွဲပဲ ဖြစ်ဖြစ်... အဲဒီအထဲက အရသာကို သေသေချာချာ သိရှိ ခံစားနိုင်ဖို့ ဆိုရင် ပါးစပ်ထဲမှာ ကျန်ရစ်နေတဲ့ အကြွင်းအကျန် အားလုံးကို ပြောင်စင်သွားအောင် ပလုတ်ကျင်း ဆေးကြောပစ်ရတယ်။ အဲဒီလို လုပ်မှသာ အရသာကို အမြင့်ဆုံး အတိုင်းအတာအထိ သိရှိ ခံစားနိုင်မှာလေ။"

ယွဲ့ရှို့က ခေါင်းခါပြလိုက်သည်။ "ကျုပ် ထင်ရှား ကျော်ကြားတဲ့ ထိပ်တန်း စားဖိုမှူးကြီးတွေ အများကြီးကို တွေ့ဖူးပါတယ်။ သူတို့ရဲ့ စားသောက်ဆိုင်တွေမှာ စည်းကမ်းချက်တွေက အင်မတန် များပြားလှတယ်... ဒါပေမဲ့ ချွင်းချက် မရှိ... အားလုံးက ရေကြည် တစ်ခွက်ကိုတော့ အမြဲတမ်း ပြင်ဆင်ပေးထားတတ်ကြတယ်။ မင်းကကျတော့..."

"အဲဒီလိုလား။"

ကောင်းယမ်ကျိုးတစ်ယောက် ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေ၏။ "ဒီအထဲမှာ ဒီလောက်တောင် စည်းကမ်းချက်တွေ အများကြီး ရှိနေလိမ့်မယ်လို့ တကယ် မထင်ထားခဲ့ဘူးဗျာ။"

"အားနာပါတယ်... ဝန်ဆောင်မှု မပေးနိုင်ပါဘူး။" ဟုန်ရှောင်ပေါင်ကလည်း တစ်ဖက်လူ ပြောသည်မှာ အဓိပ္ပာယ် ရှိသည်ဟု တွေးတောမိသည်။ သို့သော်ငြား ကမ္ဘာမြေကြီး ကျယ်ပြန့်သမျှတွင် အဘိုးက အကြီးဆုံး ဖြစ်နေသည့်အတွက် သူ့အနေဖြင့် ဘာများ တတ်နိုင်ပါမည်နည်း။

"ထားလိုက်ပါတော့... ဒီအတိုင်းပဲ စားလိုက်တော့မယ်။" ယွဲ့ရှို့သည် အစတည်းက ဟုန်ရှောင်ပေါင်အနေဖြင့် ဆေးဘက်ဝင် အစားအစာကို ချက်ပြုတ်နိုင်လိမ့်မည် ဟု လုံးဝ မယုံကြည်ခဲ့ချေ။ စောစောကမှ ရှားပါး ကောင်းမွန်လှသည့် အမွှေးရနံ့ကြောင့် မျှော်လင့်ချက် အနည်းငယ် တိုးပွားလာခဲ့သော်လည်း ယခုအခါတွင်မူ ထပ်မံ စိတ်ပျက်သွားရပြန်သည်။

ထို့ကြောင့် ခေါင်းကို ခါယမ်းလျက် တးဖြင့် တစ်ဖဲ့ ညှပ်ယူလိုက်ရာ အနည်းငယ် အားထည့်လိုက်ရုံနှင့် နှစ်ပိုင်း ကွဲသွားတော့၏။ "မီးအပူချိန် ထိန်းချုပ်မှုက အရမ်း ကောင်းမွန်လွန်းတယ်။ ဒီထက် နည်းနည်းလေး ပိုသွားရင်၊ နည်းနည်းလေး လျော့သွားရင် မကောင်းတော့ဘူး..."

ပြောရင်းဖြင့် တစ်ဖဲ့ ညှပ်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။

"ဒါက..." ခုနစ်ရောင်စဉ် မျစ်ချဉ်၏ ချဉ်မြမှုနှင့် မီးလျှံ ငရုတ်သီး၏ စပ်ဖျဉ်းမှုတို့က သေးငယ်သော နတ်သူငယ်လေးများအဖြစ် ပေါင်းစပ်သွားပြီး သူ၏ လျှာဖျားအပေါ်တွင် ကခုန်နေကြ၏။ သွားများ အကြားတွင် ဖြတ်သန်း ပြေးလွှားနေကြပြီး မီးတောက်ငယ်လေး တစ်ခုက ခံတွင်း နံရံ လေးဖက်လောက်ကို လောင်ကျွမ်း စေနေသလိုမျိုး၊ အမွှေးအမျှင် ဆူးလေးတစ်ခုက လည်ချောင်း အနက်ရှိုင်းဆုံး နေရာကို ညင်သာစွာ ထိုးဆွနေသလိုမျိုး ခံစားလိုက်ရ၏။

ဤအချိန်တွင် ယွဲ့ရှို့တစ်ယောက် စကား အပြီးတိုင် ဆိတ်သုဉ်း သွားခဲ့၏။ သူသည် အစ်မ၏ စရိုက်ကို ဆက်ခံထားသဖြင့် အစားအသောက် ကြိုက်နှစ်သက်သူ တစ်ယောက် ဖြစ်လာခဲ့ပြီး၊ မွေးရာပါ အဆင့်အတန်း မြင့်မားမှုကြောင့် မရေမတွက်နိုင်သော အရသာရှိသည့် အစားအသောက် အများအပြားကို စားသောက်ခဲ့ဖူးသည်။ သို့သော်ငြား ဤမျှ အရသာရှိသည့် အစားအသောက်မျိုးကို မစားရတော့သည်မှာ အလွန် ကြာမြင့်နေပြီ ဖြစ်ကြောင်းကိုပင် မေ့လျော့နေခဲ့မိချေပြီ။

ယွဲ့ရှို့က မျက်လုံးများကို မှိတ်လိုက်၏။ အနည်းငယ် မော့ကြည့်လိုက်ပြီး အရှိန်ကို လျှော့ချကာ ဖြည်းဖြည်းချင်း ဝါးမျို စားသောက်နေသည်။ အာလူးချောင်းကြော်ထဲတွင် ပုန်းအောင်းနေသည့် အံ့မခန်း အရသာများကို တစ်ခုပြီးတစ်ခု စုပ်ယူ ခံစားနေမိ၏။

"လေယင်မြို့တော်မှာ ဒီလောက် အရသာရှိတဲ့ ဟင်းပွဲမျိုး ရှိနေလိမ့်မယ်လို့ တကယ် မထင်ထားခဲ့ဘူး။"

ယွဲ့ရှို့ အလွန် တုန်လှုပ် သွားခဲ့သည်။ စတင် ဝင်ရောက်လာစဉ်က ရှိခဲ့သည့် အထင်သေးမှုများ အားလုံးကို သိမ်းဆည်းလိုက်ပြီး ဝုန်းခနဲ မတ်တပ် ရပ်လိုက်၏။ ထို့နောက် ဟုန်ရှောင်ပေါင်ထံသို့ လက်သီးကို ဆုပ်၍ လေးလေးနက်နက် အရိုအသေ ပေးလိုက်သည်။ "ကျုပ် မျက်စိ ညံ့ဖျင်းခဲ့ပါတယ်။ လေယင်မြို့တော်မှာ ဒီလောက် အရည်အချင်း ရှိတဲ့ ထိပ်တန်း စားဖိုမှူးကြီး တစ်ယောက် ရှိနေလိမ့်မယ်လို့ မသိခဲ့ဘူးဗျာ။ ဆေးဘက်ဝင် အစားအစာ မဟုတ်ဘူး ဆိုရင်တောင်... ဒီဟင်းပွဲရဲ့ အရသာက ကမ္ဘာပေါ်မှာ ရှိတဲ့ ထိပ်တန်း စားဖိုမှူးကြီးတွေ ကြားမှာ နေရာတစ်ခု အခိုင်အမာ ရရှိစေဖို့ လုံလောက်နေပါပြီ။"

‘ဆေးဘက်ဝင် အစားအစာ မဟုတ်ဘူး ဟုတ်လား... ဒီကောင် ရူးနေတာလား။’

ဟုန်ရှောင်ပေါင်တစ်ယောက် စကားပြောစရာ စကားလုံးပင် မရှိတော့ချေ။ သို့သော်ငြား ငြင်းခုံနေရန် မစဉ်းစားတော့ဘဲ အမှန်တရားကသာ အရာအားလုံးကို သက်သေပြပါစေတော့ ဟု လွှတ်ထားလိုက်သည်။

"တကယ်ပဲ အဲဒီလောက် အရသာ ရှိနေတာလား။" ကောင်းယမ်ကျိုးလည်း အံ့အားသင့်သွား၏။

သူ အံ့အားသင့်ရသည့် အကြောင်းအရင်းမှာ ယွဲ့ရှို့က ဤမျှ ကောင်းမွန်သည့် အကဲဖြတ်မှုမျိုး ပေးအပ်လိုက်သောကြောင့်ပင်။ ယွဲ့ရှို့က မည်မျှ ဗဟုသုတ ကြွယ်ဝသည့်သူ ဖြစ်သနည်း။ လျောင်ယွဲ့မြို့တော်၏ နောက်ခံ အင်အားနှင့် ဆိုလျှင် သူ စားသောက်ခဲ့ဖူးသည့် ဟင်းကောင်း၊ အသားကောင်းများကို ရေတွက်၍တောင် ကုန်နိုင်မည်မဟုတ်ပေ။ ယခုအချိန်တွင် သူသည် ထပ်မံ၍ မထိန်းချုပ်နိုင်တော့ဘဲ တစ်ဖဲ့ ညှပ်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်တော့သည်။

တစ်ခဏလေး အတွင်းမှာပင် ကောင်းယမ်ကျိုး၏ မျက်လုံးများက ပြူးကျယ်သွား၏။ လျင်မြန်စွာ ဝါးမျို စားသောက်လိုက်ပြီး တုန်လှုပ်စွာ ပြောလိုက်၏။ "အရသာ ရှိလိုက်တာ။ သိပ်ကို အရသာ ရှိတာပဲ။"

ယွဲ့ရှို့ကို ကြည့်ကာ ချီးကျူးလိုက်၏။ "အစ်ကိုယွဲ့... ကျုပ်က ဟင်းချက်ပြုတ်ရေး လမ်းစဉ်နဲ့ ပတ်သက်ပြီး ဗဟုသုတ နည်းပါးတဲ့သူ ဆိုတော့ အစ်ကို့လိုမျိုး အဲဒီ သဘောတရားတွေကို ရှင်းပြနိုင်စွမ်း မရှိဘူးဗျ... ဒါပေမဲ့ ဒါက တကယ့်ကို အလွန်အမင်း အရသာ ရှိလွန်းနေတယ် ဆိုတာတော့ အမှန်ပဲ။"

ကောင်းယမ်ကျိုး၏ မျက်နှာအမူအရာက ပို၍ပင် ပြောင်းလဲနေသည်။ ခဏတာအတွင်းမှာပင် သူ၏ မျက်နှာက စီချွမ်း ဇာတ်သဘင်များ ထဲက မျက်နှာပြောင်း အနုပညာ လိုမျိုး တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲနေတော့သည်။

ခဏအကြာတွင်တော့ ကောင်းယမ်ကျိုးတစ်ယောက် လုံးဝ ကြောင်ငေး သွားတော့သည်။ သူ၏ ရင်ဘတ်ဆီသို့ မယုံကြည်နိုင်လောက်အောင် ဖြည်းဖြည်းချင်း လှမ်းကြည့်လိုက်၏။ သူ၏ ကိုယ်ခန္ဓာ အတွင်း၌ နွေးထွေးသော စီးဆင်းမှု တစ်ခုက ဖြည်းဖြည်းချင်း အောက်သို့ ဆင်းသက်သွားပြီး အဆုတ်၊ ဒန်ထျန် ၊ခြေလက်နှင့် အရိုးအဆစ် အားလုံးဆီသို့ ပျံ့နှံ့ စီးဝင်သွားကြောင်းကို သူ သိရှိ ခံစားနေ၏။

"ဘယ်လို... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"

ကောင်းယမ်ကျိုးကလည်း သာမန် လူတစ်ယောက် မဟုတ်ချေ။ ဤသည်မှာ မည်သည့်အရာ ဖြစ်ကြောင်းကို သူ အလွန် ရှင်းလင်းစွာ သိရှိနေသည်။ "ဒါက... ဝိညာဉ်စွမ်းအင်တွေလား။"

နောက်ဆုံးတွင် သူက အသံပြဲကြီးဖြင့် အော်ဟစ်လိုက်၏။ "ဒါက ဆေးဘက်ဝင် အစားအစာပဲ။ အစ်ကိုယွဲ့... ဒါက ဆေးဘက်ဝင် အစားအစာဗျ။"

"ဆေးဘက်ဝင် အစားအစာ။"

ယွဲ့ရှို့ကတော့ အနည်းငယ် ကြောင်အံ့နေဆဲ ဖြစ်သည်။ အတန်ကြာမှ သူက ပြောလိုက်၏။ "ခင်ဗျား ပြောချင်တာက... ဒီဟင်းပွဲ ထဲမှာ ဝိညာဉ်စွမ်းအင်တွေ ပါဝင်နေတယ်လို့ ပြောတာလား။"

စကားပင် မဆုံးသေးမီ သူက ကိုယ့်ဘာသာကိုယ် ခေါင်းခါပြုံးရယ်လိုက်၏။ "အို... အဲဒီလို ဆိုရင်တော့ အနည်းငယ်လောက် ပါဝင်နေကောင်း ပါဝင်နေလောက်ပါတယ်။ ဒါပေမဲ့... ကျုပ်အတွက်တော့ အဝေးကြီး လိုနေသေးတာပေါ့ဗျာ။"

"မဟုတ်ဘူး။ ဝိညာဉ်စွမ်းအင်တွေဗျ။ အရမ်း ပြည့်ဝ လုံလောက်တဲ့ ဝိညာဉ်စွမ်းအင်တွေ။"

ကောင်းယမ်ကျိုးတစ်ယောက် စိုးရိမ် ပူပန်လာ၏။ "ကျုပ် ဒီလောက် များပြားတဲ့ ဝိညာဉ်စွမ်းအင်တွေ ပါဝင်နေတဲ့ ဆေးဘက်ဝင် အစားအစာမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ဘူးဗျ။"

"အို။" ယွဲ့ရှို့က သူ့ရှေ့ရှိ ဟင်းပွဲကို ကြည့်လိုက်၏။ သို့သော် ထင်မြင်ချက် ထွေထွေထူးထူး မပေးဘဲ နောက်ထပ် တစ်ဖဲ့ ထပ်မံ ညှပ်ယူလိုက်သည်။

"ဟေး... အဘိုး... ဒီလူက ဘာဖြစ်လို့ ဝိညာဉ်စွမ်းအင်တွေကို အာရုံ မခံစားမိတာလဲ။"

ဟုန်ရှောင်ပေါင်က ကြည့်ရှုရင်း အနည်းငယ် ထူးဆန်းနေမိသည်။ "တကယ်လို့ သာမန် သေမျိုး တစ်ယောက် ဆိုရင်တော့ ထားလိုက်ပါတော့လေ... ဒါပေမဲ့ ဒီလူ့ရဲ့ သိုင်းအဆင့်က မနိမ့်ဘူး ဆိုတာ သိသာနေတာပဲ။"

"ဒီလူက ဆေးဘက်ဝင် အစားအစာ အမြောက်အမြားကို စားသောက်ခဲ့ဖူးပုံ ရတယ်။ သာမန် ဆေးဘက်ဝင် အစားအစာတွေအပေါ် သူ့ရဲ့ ကိုယ်ခန္ဓာက ခံနိုင်ရည် ရှိပြီးသား ဖြစ်နေပြီ။"

ယင်းကျိုယိုက ထိုလူကို အကဲခတ် ကြည့်ရှုလိုက်၏။ "ဒီလောက် များပြားတဲ့ ဆေးဘက်ဝင် အစားအစာတွေကို စားသောက်နိုင်တာကို ကြည့်ရင်... ဒီလူရဲ့ နောက်ခံက သာမန် မဟုတ်လောက်ဘူး။"

"သာမန် ဆေးဘက်ဝင် အစားအစာတွေ။"

ဟုန်ရှောင်ပေါင် ဒေါသထွက်သွား၏။ "အဘိုး... ကျုပ်ရဲ့ ဒီဟင်းက သာမန် ဆေးဘက်ဝင် အစားအစာလားဗျ။"

"သဘာဝကျကျ မဟုတ်ဘူးပေါ့။"

ယင်းကျိုယိုက ခေါင်းခါပြလိုက်သည်။ "ဒီအဆင့်မှာတော့ ဒီဆေးဘက်ဝင် အစားအစာကို သာနိုင်တဲ့သူ မရှိဘူး... သူက စုပ်ယူမှု နှေးကွေးနေတာလောက်ပါပဲ။ ခဏလောက် နေရင် သူ ခံစားရပါလိမ့်မယ်။"

"မဟုတ်သေးဘူး။ မဟုတ်ဘူး၊ မဟုတ်ဘူး။"

ဟုန်ရှောင်ပေါင်တစ်ယောက် ရုတ်တရက် ကြောင်အံ့သွား၏။ ဤအခိုက်အတန့်တွင် သူ၏ ကမ္ဘာကြီး ပြိုလဲသွားခဲ့ချေပြီ။ သူက တီးတိုး ရေရွတ်လိုက်သည်။ သူ၏ မျက်ရည်များပင် မျက်လုံးထဲမှ စီးကျလာတော့မတတ် ဖြစ်နေ၏။ "အဘိုး... အဘိုး ပြောတာက ဆေးဘက်ဝင် အစားအစာတွေကို အများကြီး စားလွန်းရင် ခံနိုင်ရည် ရှိသွားတယ် ဆိုတော့... ဒါ... ဒါ... ဒါဆိုရင် ကျုပ်ကရော..."

"ငါ တကယ်ပဲ မင်းကို တစ်ချက်လောက် သတိရအောင် ရိုက်ချင်လာပြီ။ မင်း သရုပ်ဆောင်တာ အရသာ တွေ့နေပြီလား။"

ယင်းကျိုယိုက အံကြိတ်လျက် ပြောလိုက်၏။ "မင်းက တန်လန် ခန္ဓာကိုယ်လေ။ ဆာလောင် ဝံပုလွေ ဆိုတာကို မင်း နားလည်လား။"

"ဟီးဟီး..."

ဟုန်ရှောင်ပေါင်က ချက်ချင်းပင် မျက်နှာ ပွင့်လန်းပြီး ပြုံးရယ်လိုက်သည်။ "ဟီးဟီး... နောက်တာပါဗျာ... နောက်တာပါ။"

All Chapters