← Chapters

ရုပ်တု၏ဇာစ်မြစ်နှင့် နောက်ခံပုံရိပ်(၁)

Vol. 105 Ch. 1441

ရုပ်တု၏ဇာစ်မြစ်နှင့် နောက်ခံပုံရိပ်(၁)

Vol. 105 Ch. 1441

“ဒီလွှမ်းမိုးနိုင်တဲ့ရပ်တန့်ခြင်းမန္တာန်ကို သူ အသုံးပြုနိုင်တာ ငါ တကယ့်ကို မေ့သွားခဲ့တယ်…” လောဘကြီး၏စိတ်နှလုံးထဲတွင် လှိုင်းထန်နေပေပြီ။ သူ့မျက်လုံးထဲ၌လည်း ကြောက်ရွှံ့မှု အတိပြီးနေ၏။

“ဒီအကုသိုလ်ကောင်ဟာ တကယ့်ကို စက်ဆုပ်ဖွယ်ကောင်းလွန်းတယ်။ သူ့မှာ ဒီမန္တာန် ပိုင်ဆိုင်ထားတယ်။ ဒါပေမဲ့ အရင်က ဒါကို အသုံးမပြုခဲ့ဘဲ ငါ့နောက်ဆုံးမျှော်လင့်ချက် ပျောက်ကွယ်သွားအောင် ငါ့ရဲ့အစွမ်းထက်ဆုံးရတနာကို ထုတ်ယူမယ့်အချိန်ထိ စောင့်ပြီးမှ သူ အသုံးပြုလိုက်တာပဲ…” လောဘကြီ၏ခန္ဓာကိုယ်နှင့် မူလစိတ်ဝိညာဉ်တို့မှာ အေးခဲနေပြီ ဖြစ်သည်။ သူသည် တစ်လက်မပင် လှုပ်နိုင်စွမ်း မရှိတော့၊ ဝမ်လင်း နီးကပ်လာသည်ကို ကြည့်နေရုံသာ တတ်နိုင်တော့၏။

ထိုကျိုးပဲ့နေသောပန်းပုရုပ်မှာ မည်သည့်အော်ရာကိုမှ ပေးစွမ်းမနေပေ။ ၎င်းက လောဘကြီး၏ ညာဘက်ခြမ်းတွင် ငြိမ်သက်စွာ လွင့်မြောလျက် ရှိ၏။

ဝမ်လင်းသည် ရှေ့သို့ တိုးလာရင်း သူ့ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ပြန်ကြုံ့သွားသည်။ သူ လောဘကြီး၏ရှေ့ ရောက်လာချိန်တွင် သူသည် သာမန်လူအရွယ်အစားအတိုင်း ပြန်ဖြစ်သွား၏။ သူက လောဘကြီးကို အလေးထားမနေဘဲ ကျိုးပဲ့နေသောပန်းပုရုပ်ကို ဖမ်းဆုပ်လိုက်သည်။

ဝမ်လင်းက သူ့အစွမ်းထက်ဆုံးရတနာကို ယူဆောင်သည်ကို မြင်လိုက်ရသည့်နောက် လောဘကြီးသည် သူ့စိတ်နှလုံးကို ဓားဖြင့် စိုက်သလို ခံစားလိုက်ရ၏။ လောဘကြီးသည် စိတ်နှလုံးနာကျင်လွန်းသဖြင့် သူ့ပါးစပ်ထောင့်ကပင် သွေးများစီးကျလာသည်။

“ဒါက ရတနာတစ်ခုပါပဲ။ စီနီယာလောဘကြီးက နှမြောမတွန့်တိုဘူးဆိုတာ ငါ ယုံကြည်ပါတယ်။ အတိတ်တုန်းကလည်း စီနီယာလောဘကြီးက ငါ့ကို ရတနာတော်တော်များများ ပေးခဲ့တာပဲလေ။ အခု ငါတို့ ထပ်တွေ့ရတဲ့အချိန်မှာ ဒီရတနာတွေကို ငါ့အနေနဲ့ ဝမ်းပမ်းတသာ လက်ခံယူရမှာပေါ့…” ဝမ်လင်းသည် ပြုံး၏။ သူသည် ရုပ်တုအကျိုးအပဲ့ကို သေချာ ကြည့်လိုက်၏။ ထိုရုပ်တုကို ကြည့်နေရင်း သူ့အမူအရာ ပြောင်းလဲသွား၏။

ယင်းရုပ်တုမှာ အလွန်သာမန်ဆန်၏။ ထိခိုက်ပျက်စီးသော အစိတ်အပိုင်းများစွာလည်း ရှိနေသေး၏။ ၎င်းက လူတစ်ယောက်၏ပုံကို ရေးထွင်းထားခြင်းသာ။

ထိုလူက တိမ်ကွက်ဝတ်ရုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းလူတစ်ယောက် ဖြစ်၏။ သူသည် ပွင့်ပွင်းလင်းလင်းရှိမည့်အသွင်ပင်။ သို့သော် သူ့ထံမှ ထည်ဝါမှုကို ပေးစွမ်းနေ၏။ ယင်းထည်ဝါမှုသည် အားမကောင်းလွန်းလှ၊ သင့်ကို ကြောက်မိစေမည်မဟုတ်။ သို့သော် ဝမ်လင်းအကြည့်က ထိုရုပ်တု၏အကြည့်နှင့် ဆုံမိသည့်အခါ သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားမိ၏။

ဝမ်လင်းရှေ့ရှိ ဟင်းလင်းပြင်သည် ပျောက်ကွယ်ကာ အရာအားလုံး ဆုတ်ပြဲကုန်သည်။ ဖော်ပြရန်မဖြစ်နိုင်သောအားတစ်ခုက ထိုရုပ်တု၏မျက်လုံးထံမှ အတင်းတိုးထွက်လာကာ ဝမ်လင်း၏စိတ်အတွင်းသို့ ဝင်ရောက်သည်။

ဝမ်လင်း၏နားထဲ၌ လောကသည် တုန်ဟည်းကာ ဟင်းလင်းပြင်ပင် ၎င်းဘာသာ ဆုတ်ပြဲကုန်၏။ လောကတစ်ခုလုံးသည် လေဟာနယ်အတွင်းပြိုကျကာ ထိုဖိသိပ်ပြိုကျအား၏ သက်ရောက်မှုကြောင့် ဝမ်လင်းမှာ စိတ်ရှုပ်ထွေးမှုအတွင်း နစ်မြုပ်သွားသည်။

အချိန်မည်မျှကြာသွားမှန်း မသိပြီးနောက် ဆယ်နှစ်၊နှစ်တစ်ရာ၊ နှစ်တစ်ထောင်၊ နှစ်တစ်သောင်းထိလား။ တနေ့တွင် ဝမ်လင်းသည် ထိုလေဟာနယ်အတွင်း၌ ကုန်းမြေတစ်ခုကို တွေ့မြင်သည်။ ယင်းကုန်းမြေမှာ အကန့်အသတ်မဲ့သည်။ ဝမ်လင်းသည် ဉာဏ်အလင်း ရနေ၏။ သူက ထိုကုန်းမြေ၏ အရွယ်အစားမှာ ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းထက် အဆများစွာ ပိုကြောင်းကို ခံစားမိသည်။ အတွင်းနှင့်အပြင်(ရှေးဟောင်းကြယ်အဖွဲ့အစည်း) နယ်မြေနှစ်ခုပေါင်းလျှင်ပင် ဒီကုန်းမြေကြီး၏ အပုံတစ်သောင်းပုံ တစ်ပုံသာ ရှိနိုင်လောက်သည်။

သူ့စိတ်ထဲ၌ တွေ့မြင်ခဲ့ရသော အရာအားလုံးသည် လွင့်ပျောက်သွားပြီး ဗလာကင်းမဲ့ခြင်းသို့ ဆိုက်ရောက်သွားသည်။ ဝမ်လင်း၏ခန္ဓာကိုယ်မှာ တုန်ယင်နေလျက် သူသည် နိုးထလာသည်။

ဟင်းလင်းပြင်သည် ဟင်းလင်းပြင် ပြန်ဖြစ်နေဆဲ၊ လောကသည်လည်း တူညီသောလောကအဖြစ်သာ ရှိနေဆဲပင်။ လောဘကြီး၏မျက်လုံးထဲတွင်လည်း ကြောက်ရွှံ့မှု ပြည့်လျက် ရပ်တန့်ခြင်းမန္တာန်ကြောင့် မလှုပ်ရှားနိုင် ဖြစ်နေသည်သာ။ ဝမ်လင်းက ငြိမ်သက်စွာ စဉ်းစားလေ၏။ သူသည် စောနက ဆန်းကြယ်လှသောအခြေအနေတွင် နှစ်ပေါင်းမည်မျှ ကုန်ဆုံးသွားပါစေ ကိစ္စမရှိပေ။ အကြောင်းမှာ သူ ပြန်အသိဝင်နိုးထလာပြီးနောက် ဝမ်လင်းက ယင်းအခြေအနေသည် အခိုက်အတန့်လေးမျှ စက္ကန့်ပိုင်းမျှသာ ဖြစ်ကြောင်းကို သဘောပေါက်သွားသည်။

“ဒါက ပုံရိပ်ယောင်တစ်ခုများ ဖြစ်နေခဲ့တာလား…” ဝမ်လင်းသည် စိတ်ရှုပ်ထွေးဟန် ပေါက်နေ၏။ သူသည် နားမလည်ပေ။ သို့သော် စောနလေးက သူ တွေ့မြင်ခဲ့သောအရာမှာ သူ့စိတ်နှလုံးအတွင်း နက်ရှိုင်းစွာ အမြစ်တွယ်သွားခဲ့လေပြီ။ သူသည် သူ့ဘဝတွင် ဤမြင်ကွင်းကို လုံးဝ မေ့နိုင်တော့မည် မဟုတ်ချေ။

“ဒါ…ဒါက ဘာများလဲ…” ဝမ်လင်း၏အကြည့်က ရုပ်တုပေါ်သို့ ထပ်မံ ကျရောက်သွားသည်။ ဒုတိယတစ်ကြိမ်က စောနကနှင့် မတူတော့ပေ။ သာမန်ဆန်လွန်းသောရုပ်တုသည်ပင် ပြောင်းလဲသွားဟန်ရကာ အံ့မခန်းထည်ဝါမှုကို ပေးစွမ်းလေတော့၏။

ထိုထည်ဝါခန့်ညားမှုက ၎င်းရှေ့တွင် မည်သည့်ကျင့်ကြံသူကိုမဆို ပုရွတ်ဆိတ်တစ်ကောင်အလား ထင်ရအောင် ပြုလုပ်၏။ လောကသည်ပင် နာခံရမည်သာ။ ဝမ်လင်းသည် တတိယအဆင့်ကျင့်ကြံသူများပင် ဤရုပ်တုရှေ့၌ တုန်ယင်သွားလောက်သည်ဟု ခပ်ရေးရေး ခံစားမိရ၏။

“သူက ဘယ်သူလဲ…” ဝမ်လင်းသည် တိတ်ဆိတ်စွာ စဉ်းစားနေဆဲပင်။

သူဘဝတွင် တွေ့မြင်ဖူးသမျှ ရုပ်တုများစွာထဲကမှ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေထဲ၌ ကောင်းကင်ဘုံအင်ပါယာချင်းလင်၏ ရုပ်တုကသာ လူတစ်ယောက်၏စိတ်ကို ချိုးဖျက်ပစ်နိုင်မှု ရှိခဲ့၏။ အခု သည်ရုပ်တုကမူ လူတစ်ယောက်၏စိတ်ကို ပျက်ပြားစေခြင်း မရှိသော်လည်း ဝမ်လင်းက ချင်းလင်၏ရုပ်တုသည်ပင် ဒီရုပ်တု၏ရှေ့မှောက်တွင် ပုရွတ်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်နေမည်ဟု ဝိုးတဝါး ခံစားမိရသည်။

သည်ရုပ်တုမှာ သာမန်သက်လတ်ပိုင်းအရွယ်လူတစ်ယောက်မျှသာ။ ထိုလူသည် တည်ငြိမ်သောဟန်ဖြင့် မော့ကြည့်လျက် မည်သည့်စိတ်ခံစားချက်မှ ရှိမနေပေ။

“သင် ဒီရုပ်တုကို ဘယ်နေရာက ရလာခဲ့တာလဲ…” ဝမ်လင်းသည် ထိုရုပ်တုကို ကြည့်နေဆဲသာ။ သူက လောဘကြီးကို မကြည့်ဘဲ မေးမြန်းလိုက်ခြင်းပင်။

ထိုသို့ပြောလိုက်ရင်း ဝမ်လင်းက လောဘကြီးစကားပြောနိုင်လောက်အောင် ရပ်တန့်ခြင်းမန္တာန်ကို ဖြေလျော့ပေးလိုက်၏။

လောဘကြီးသည် အနည်းငယ် ငြိမ်သက်စွာ စဉ်းစားသွား၏။ ထို့နောက် သူက သက်ပြင်းချကာ ပြောလိုက်သည်။ “ရှေးဟောင်းအုတ်ဂူတစ်ခုထဲမှာပါ…”

“ရှေးဟောင်းကြယ်အဖွဲ့အစည်းထဲကို ဝင်လာဖို့အတွက် သင်ဟာ ချိပ်ပိတ်နယ်မြေအစီအရင်ကို ချိုးဖျက်ဖို့လိုတယ်။ ဒါပေမဲ့ သင့်ရဲ့ကျင့်ကြံမှုအဆင့်နဲ့ ဒီလိုချိုးဖျက်နိုင်ဖို့ဟာ မဖြစ်နိုင်ဘူး။ ဒီတော့ သင် ဒီနေရာကို ဘယ်လိုလုပ် ရောက်လာခဲ့တာလဲ…” ဝမ်လင်း၏အသံသည် အေးစက်နေ၏။ သူ့အသံက လောဘကြီး၏စိတ်အတွင်းဝင်ရောက်လာကာ သူ၏ခန္ဓာကိုယ်ကို တုန်ယင်စေသည်။

“ရှေးဟောင်းအုတ်ဂူထဲကဆိုတာ ဟုတ်ပါတယ်။ ငါ့ရတနာတွေအားလုံးဟာ အဲ့အုတ်ဂူထဲကနေ ရခဲ့တာပါ…” လောဘကြီးသည် ခုခံမှုကို လက်လျော့လိုက်ပြီ ဖြစ်သည်။ သူသည် သူသာ အမှန်ကို ပြောပြပါက အသက်ရှင်နိုင်မည့် အခွင့်အရေးရှိမည်ကို နားလည်ထားသည်။ သူက သူ့ရှေ့မှ လူသည် ကြောက်မက်ဖွယ်ရာလူဖြစ်ပြီး မည်သည့်အခါမှ သနားညှာတာမှုကို မပြသတတ်မှန်းကိုလည်း သိထားသည် မဟုတ်လား။

သူက ဝမ်လင်း၏သံသယစိတ်ကို မြှင့်တင်ပေးပြီး ဝမ်လင်းကို စိတ်ဝိညာဉ်ရှာဖွေမှု အသုံးပြုစေခဲ့ပါက ထို့နောက် သူမသေလျှင်ပင် သူ့ပုံမှန်စိတ်ကို ဆုံးရှုံးသွားရနိုင်၏။

ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာကာ သူသည် လောဘကြီးကို ကြည့်၍ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ဘာအုတ်ဂူလဲ။ အသေးစိတ်ရှင်းပြ။ သင့်ရဲ့စိတ်ဝိညာဉ်ကို အတင်းအကြပ် ရှာဖွေရအောင်လို့ ငါ့ကို တွန်းအားမပေးမိစေနဲ့…”

လောဘကြီးသည် မည်သည့်အရာကိုမှ ဖုန်းကွယ်မထားဝံ့ပေ။ သူက ခပ်သွက်သွက် ပြောလိုက်သည်။

“လမြွေနဂါးလက်ထဲကနေ လွတ်လာပြီးတဲ့နောက် ငါဟာ မသေခဲ့ဘူး။ ဒါပေမဲ့ အလုံးစုံကောင်းကင်ရဲ့ လူသူကင်းမဲ့တဲ့ဂြိုဟ်တစ်ခုမှာ ပုန်းကွယ်နေခဲ့တယ်။ ငါဟာ သင့်လက်ထဲကနေ ပုန်းနေခဲ့ပြီး ဒဏ်ရာကုသရင်း အချိန်ကုန်ဆုံးခဲ့တယ်…”

“အချိန်အတန်ကြာပြီးတဲ့နောက် သင် ငါ့နောက် လိုက်လာတာကို မတွေ့ရတော့ဘူး။ ဒီတော့ သင်ဟာ ငါ သေသွားပြီလို့ ထင်ခဲ့တယ်လို့ ငါ သဘောပေါက်လိုက်တယ်။ အဲ့အချိန်မှာ ငါ စိတ်အေးသွားခဲ့ပြီး အဲ့ဂြိုဟ်ပေါ်မှာပဲ အပြည့်အဝပြန်ကောင်းမွန်လာဖို့ အာရုံစိုက်ခဲ့တယ်။ အဲ့ဒီနောက် ငါ ထွက်လာဖို့ ဆုံးဖြတ်ခဲ့တယ်…”

“အဲ့အချိန်တုန်းက သင်ဟာ အလုံးစုံကောင်းကင်မှာ ဆက်ရှိမနေတော့ဘူး။ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတစ်ခုလုံးဟာလည်း ဗလာကင်းမဲ့နေပြီးတော့ ကျင့်ကြံသူအမြောက်အများဟာ စစ်ပွဲအတွက် မဟာမိတ်ကြယ်အဖွဲ့အစည်းကို ရောက်နေခဲ့ကြတယ်။ ဒါက ငါ့ကို အခွင့်အရေးတစ်ခု ပေးလိုက်တာပဲ…”

“ငါဟာ တစ်လျှောက်လုံး ဘေးကင်းခဲ့ပြီး မဟာမိတ်ကြယ်အဖွဲ့အစည်းရှိလည်း မပြန်ချင်တော့ဘူး။ ဒါ့အပြင် လမြွေနဂါးက ငါ့ကို ဝါးမြိုခဲ့တဲ့အတွက်ကြောင့် အနံဆိုးတစ်ခုဟာ ငါ့ခန္ဓာကိုယ်နဲ့မူလစိတ်ဝိညာဉ်ထဲမှာ ကပ်ငြိသွားခဲ့တယ်။ ဒီအနံ့ဟာ တကယ့်ကို သည်းမခံနိုင်လောက်အောင် ဆိုးဝါးတယ်…”

“ဒါ့ကြောင့် ငါဟာ ကြယ်တွေကြားမှာ သွားလာနေခဲ့ပြီး ငါ့ခန္ဓာကိုယ်က ဒီအနံဆိုးကို ဖယ်ရှားပစ်ဖို့ နည်းလမ်းလိုက်ရှာခဲ့တယ်။ နေ့တွေညာတွေ ကုန်လွန်လာခဲ့ပြီး နောက်ဆုံးမှာ ငါဟာ လျှပ်စီးကောင်းကင်ဘုံနယ်မြေ အရံအတားနားထိ ရောက်လာခဲ့တယ်။ အဲ့နေရာမှာ ငါဟာ ထူးဆန်းတဲ့ဝဲကတော့တစ်ခုကို တွေ့ခဲ့တယ်…”

“အဲ့ဝဲကတေ့ဟာ အလွန်ရုတ်တရက်ဆန်စွာ ငါ့ရှေ့မှာ ပေါ်လာခဲ့တဲ့ပုံပဲ။ ငါက ဒါကို အလွန်ထူးဆန်းတယ်လို့တော့ မသိခဲ့ဘူး။ ငါဟာ ငါ့ဘဝမှာ ဒီထက်ထူးဆန်းတဲ့အရာတွေအများကြီး ကြုံတွေ့ခဲ့ရပြီး မဟုတ်လား။ အတိတ်တုန်းက ငါ အမြုတွေဖွဲ့တည်ခြင်းအဆင့်မှာ ရှိခဲ့စဉ်ကဆို ငါ မယဉ်နိုင်တဲ့ရန်သူတစ်ယောက်နဲ့ ရင်ဆိုင်နေတဲ့အချိန်မှာပဲ မီးပြင်းဖိုတစ်ခုဟာ ကောင်းကင်ထက်ကနေ ကျဆင်းလာခဲ့ပြီး ငါ့ရန်သူကို ထိမှန်ပြီး သေသွားစေခဲ့တယ်…”

ဝမ်လင်းသည် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “လိုရင်းကိုပြော…”

လောဘကြီး၏ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး သူက ခပ်မြန်မြန် ပြောလိုက်တော့သည်။ “အဲ့ဝဲကတော့ ပေါ်လာတဲ့နောက် ငါ့စိတ်ထဲမှ အားကောင်းတဲ့ခံစားချက်တစ်ခု ရှိလာတယ်။ ငါဟာ ဒီလိုခံစားမှုမျိုးကို အရင်က လုံးဝ မရခဲ့ဖူးဘူး။ မီးပြင်းဖိုကောင်းကင်ထက်ကနေ ကျလာခဲ့တဲ့အချိန် ဒါမှမဟုတ် ငါ လမြွေနဂါးကို တွေ့မြင်ခဲ့တဲ့အချိန်တွေတုန်းကတောင် ဒီလိုမျိုး မခံစားခဲ့ရဘူး…”

သူ ထိုသို့ ပြောလိုက်ရုံရှိသေး သူက ဝမ်လင်း မျက်မှောင်ကြုတ်သွားသည်ကို မြင်လိုက်သည်။ “သူ့စိတ်မှာ တုန်ယင်သွားပြီး သူက အချိန်ဖြုန်းနေခြင်းကို ရပ်လိုက်၏။ ငါဟာ ဒီဝဲကတော့ထဲ ချက်ခြင်း ဝင်ရောက်လိုက်တယ်။ ငါ အထဲဝင်ရုံရှိသေး ဝဲကတော့က ပျောက်ကွယ်သွားတော့တာပဲ။ အဲ့ဝဲကတော့ဟာ နောက်ထပ် အသက်ရှုချိန်သုံးကြိမ်စွာ ကြာချိန်အကျော်လောက်မှာ ထပ်ပေါ်လာခဲ့ပြန်တယ်…”

ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။ ထို့နောက် တဖြည်းဖြည်းအေးစက်လာသည်။သူက လောဘကြီးကို စိုက်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ဒီတော့ ဒီဝဲကတော့ဟာ သင့်အတွက် အထူးတလည် ပွင့်ဟပေးတဲ့ သဘောလား…”

လောဘကြီး၏အမူအရာသည် ပြောင်းလဲသွားပြီး ခပ်သွက်သွက် ပြောလိုက်သည်။ “ငါ မလိမ်ပါဘူး။ ငါ ပြောခဲ့တာအားလုံး အမှန်ပါ။ သင် ငါ့ကို မယုံတာ ငါ သိပါတယ်။ ဒါပေမဲ့ ဒါဟာ အမှန်တရားပဲ။ အဲ့လိုမျိုးဖြစ်တာ ငါ့အတွက် တစ်ကြိမ်တည်းလည်း မဟုတ်ဘူး…”

“ငါ့အသက်ရှစ်နှစ်တုန်းက ငါဟာ ရွာမှာ ကစားနေရုံနဲ့ အဝါရောင်အဆီအနှစ်ကို ရှာတွေ့နိုင်ခဲ့တယ်။ ငါ တောင်အစွန်းကနေ ပြုတ်ကျခဲ့ပြီးတော့လည်း ရှေးဟောင်းမိုးကြိုးနဂါးကို ရခဲ့တယ်။ မီးပြင်းဖိုလည်း ကောင်းကင်ထက်ကနေ ပြုတ်ကျလာခဲ့ပြီး ငါ့ ရန်သူကို သတ်ပေးခဲ့တယ်။ တခြားလူတွေဟာ မိုးကောင်းကင်ဘုံနယ်မြေထဲ ဝင်ရောက်နိုင်ဖို့အတွက် မိုးမီးပြင်းဖိုတုန်ကင်အတွက် တိုက်ခိုက်ဖို့ လိုပေမယ့် ငါ့အတွက်တော့ ဒီတုန်ကင်ဟာ အပြင်ဘက်ကနေ ငါ့ရှိ သူ့ဟာသူ တည့်တည့်မတ်မတ်ကို ပျံသန်းလာခဲ့ဖူးတယ်…”

“မိုးကောင်းကင်ဘုံနယ်မြေထဲ ဝင်လာပြီးတဲ့နောက်မှာလည်း တခြားလူတွေဟာ ကောင်းကင်ဘုံကျောက်စိမ်းပြားတွေကို ရဖို့ သေချာအချိန်ပေးပြီး ရှာကြရတယ်။ ဒါပေမဲ ငါကတော့ ပထမဆုံးအကြိမ်မှာတင် ကောင်းကင်ဘုံဘုရင်တစ်ပါးရဲ့ လှိုဏ်ဂူထဲကို တည်နေရာရွှေ့ပြောင်းပေးခံခဲ့ရတယ်…” လောဘကြီးသည် ဝမ်လင်း သူ့ကို မယုံမှာ ကြောက်နေ၏။ ထိုအရာများအားလုံးသည် အလိမ်အညာဆိုပါက ကိစ္စမရှိသေးပေ။ သို့သော် လောဘကြီးသည် သူ ပြောခဲ့သမျှမှာ အမှန်ဖြစ်သည်ကို သိပေ၏။

တခါတရံတွင် ထိုကဲ့သို့ အဖြစ်သနစ်များကို သူ ကိုယ်တိုင်ပင် မယုံကြည်နိုင် ဖြစ်ရ၏။

ဝမ်လင်းသည် လောဘကြီး၏ ရှင်းပြချက်ကို ကြားဖြတ်ကာ ပြောလိုက်သည်။ “ဆက်ပြောပါ။ သင် အဲ့ဝဲကတော့ထဲ ဝင်လာခဲ့တဲ့နောက် ဘာမြင်ခဲ့သလဲ…”

“အဲ့ဝဲကတော့ဟာ နောက်ထပ်လောကတစ်ခုလိုပဲ။ အရမ်းကို ပရမ်းပတာတွေ ဖြစ်နေပြီး ဟင်းလင်းပြင်အက်ကြောင်းတွေနဲ့လည်း ပြည့်နှက်နေတယ်။ မရေမတွက်နိုင်တဲ့ လွင့်မြောနေတဲ့ကျောက်တုံးအပိုင်းအစကြီးတွေလည်း အပြည့်ပဲ။ အတွင်းနက်ပိုင်းဟာဆို မြူတွေနဲ့ ဝန်းရံထားတဲ့အတွက်ကြောင့် ငါ့အနေနဲ့ ရှင်းရှင်းလင်းလင်း ကြည့်လို့မရနိုင်ခဲ့ဘူး…”

“အဲ့နေရာမှာ ထွက်ပေါက်ကိုလည်း ငါ မရှာတွေ့ခဲ့ဘူး။ ငါ အဲ့မှာ နှစ်ပေါင်းရာချီ ပိတ်မိနေခဲ့တယ်။ သေခြင်းအော်ရာဟာ အလွန်အမင်း ပြင်းထန်တဲ့အတွက် ငါ့လေ့လာစမ်းစစ်မှုတွေအရရောကြောင့် အဲ့နေရာဟာ အုတ်ဂူတစ်ခု ဖြစ်လိမ့်မယ်လို့ ငါ ယူဆခဲ့တာပဲ…”

“ငါဟာ ကျောက်တုံးကြီးတစ်ခုပေါ်မှာ ဧရာမဦးခေါင်းတစ်ခုကိုလည်း မြင်ခဲ့တယ်။ အဲ့ဦးခေါင်းဟာ ပေတစ်ထောင်လောက်ကို ရှိပြီး အလွန်အမင်း ကြမ်းကြုတ်လှတယ်။ ဒီဦးခေါင်းရဲ့ မျက်ခုံးနှစ်ခုကြားမှာ ကြယ်တွေလည်း ရှိတယ်။ ငါဟာ အင်ပါယာမီးပြင်းဖိုကို အဲ့နေရာမှာပဲ တွေ့ခဲ့တာ။ ပူဇော်သမှုပြုနေသလိုမျိုး အမွှေးတိုင်အငွေ့တွေ လောင်ကျွမ်းနေတာလည်း ရှိတယ်…”

“ငါ အတွင်းဘက်ကို ပို ဝင်လာခဲ့ရင်း ငါဟာ နောက်ထပ်ဦးခေါင်းတွေ ထပ်တွေ့ခဲ့တယ်။ ဒီဦးခေါင်းတွေဟာ အားကောင်းလှတဲ့မကျေမနပ်ဖြစ်မှု၊ နောက်ဆံတင်းမှုတို့နဲ့ ပြည့်နှက်နေခဲ့တယ်။ တချို့ဆို ချိုတစ်ခု၊ ဒါမှမဟတုတ် နှစ်ခု ရှိနေကြတယ်။ အချို့ကတော့ သူတို့ရဲ့ ရှေ့မှာ ရတနာတွေ ရှိနေတယ်…”

လောဘကြီးသည် ထိုအဖြစ်သနစ်ကို ပြန်ပြောင်းတွေးမိနေရင်း သူ့မျက်လုံးထဲတွင် ထိတ်လန့်ဟန်အရိပ်အမြွက်တို့ ဖြစ်ပေါ်နေသည်။

***

All Chapters