← Chapters

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း ၈၅ နောက်ထပ် ဝန်ထမ်း

[စွန်ရဲမျက်လုံး... ဤအရာကို ပိုင်ဆိုင်ပါက သင်၏ အမြင်အာရုံသည် လူသားအားလုံးထက် သာလွန်သွားမည် ဖြစ်ပြီး ကမ္ဘာကြီး၏ အထွတ်အထိပ်တွင် ရပ်တည်ကာ စွန်ရဲတစ်ကောင်၏ အမြင်အာရုံကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်]

[သင်သည် ဘဏ်၏ အပြင်ဘက်မှနေ၍ လူတိုင်း ရိုက်နှိပ်နေသော လျှို့ဝှက်နံပါတ်များကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့နိုင်စွမ်း ရှိလာမည် ဖြစ်ကာ စက္ကူများပေါ်တွင် ရေးသားထားသော စာရွက်စာတမ်းများကိုလည်း လှမ်းကြည့်နိုင်မည် ဖြစ်သည်... သင်သည် ကမ္ဘာပေါ်တွင် အတော်ဆုံး သူလျှို တစ်ဦး ဖြစ်လာမည် ဖြစ်ပြီး ခိုးနားထောင်ရန် မလိုအပ်သလို အနီးကပ် သွားရောက် ကြည့်ရှုရန် မလိုအပ်ဘဲ အရေးကြီးသော သတင်းအချက်အလက်များကို ရယူနိုင်မည် ဖြစ်သည်]

[သင်၏ တည်ရှိနေမှုက မရေမတွက်နိုင်သော လူများကို ခေါင်းကိုက်စေမည် ဖြစ်ပြီး သူတို့က သင် သေဆုံးသွားမည့် နေ့ကို နေ့စဉ်နှင့်အမျှ မျှော်လင့်နေကြမည် ဖြစ်သည်]

ရွှီရှန်း "...."

ရွှီရှန်း၏ မျက်နှာပေါ်တွင် မည်သည့် ပြောင်းလဲမှုမျှ မရှိချေ။

သူ ကျင့်သားရနေပြီ ဖြစ်လေသည်။ ဤစနစ်၏ အမွှန်းတင် စကားလုံးများက တစ်ခါမှ ပုံမှန် မဖြစ်ခဲ့ဖူးပေ။

'ငါက သရဲအိမ် ဖွင့်ထားတဲ့ သဘောကောင်းတဲ့ သူဌေး တစ်ယောက်ပါ... ရဲတပ်ဖွဲ့ရဲ့ မှုခင်းစုံစမ်းထောက်လှမ်းရေး လုပ်ငန်းတွေမှာတောင် အချိန်ပိုင်း ဝင်လုပ်ပေးနေသေးတယ်... ဒီလောက် တက်ကြွလန်းဆန်းတဲ့ လူတစ်ယောက်က ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်ကောင်ကြီး တစ်ယောက်နဲ့ တူနေလို့လား...'

သူ၏ သရဲအိမ်တွင်လည်း အိုမင်းမစွမ်းသူများနှင့် အမျိုးသမီး ကလေးငယ်များသာ ရှိလေသည်။ ဟန်ယွဲ့က အလွန် နူးညံ့သိမ်မွေ့ပြီး ဦးလေးကျန်းမှာ လူလတ်ပိုင်း အရွယ် ဖြစ်ကာ လီရှူမှာ ကလေးပေါက်စလေး တစ်ယောက်သာ ဖြစ်ပြီး ခွေးလေးဆိုလျှင် လူပင် မဟုတ်ချေ။ ဆွန်းအန်းမှာလည်း အသက် ၁၁ နှစ် အရွယ် ဉာဏ်ရည်မမီသူ တစ်ဦးသာ ဖြစ်ပေသည်။

"ငါ့ကို ဖော်ပြဖို့ ဒီလို စကားလုံးတွေကို အမြဲတမ်း သုံးနေတာက သိပ်ပြီး အဆင်မပြေလှဘူး..."

ရွှီရှန်းက သက်ပြင်းချရင်း ထိုစွမ်းရည်ကို သိမ်းဆည်းလိုက်လေသည်။

စွမ်းရည်၏ အမည်မှာ စွန်ရဲမျက်လုံး ဖြစ်ပြီး စွမ်းရည်၏ အကျိုးသက်ရောက်မှုမှာ မျက်လုံးနှစ်လုံးကို အားဖြည့်ပေးကာ မိမိကိုယ်တိုင် စွန်ရဲကဲ့သို့သော အမြင်အာရုံကို ပိုင်ဆိုင်စေခြင်း ဖြစ်ချေသည်။ ဤအရာ၏ ပံ့ပိုးမှုဖြင့် ရွှီရှန်းအနေဖြင့် မည်သည့် မှုခင်းဖြစ်ပွားရာ နေရာတွင်မဆို အခြားသူများ သတိမထားမိနိုင်သော အလွန် သေးငယ်သည့် သဲလွန်စများကို ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်ပေသည်။ ဤအရာကို ရဲတပ်ဖွဲ့လောက၏ နတ်ဘုရား စွမ်းရည်ဟု ခေါ်ဆိုလျှင်ပင် လုံးဝ လွန်ကဲမည် မဟုတ်ချေ။

ထိုနည်းတူပင် မကောင်းမှု ဒုစရိုက်များ ပြုလုပ်ရန် အသုံးပြုမည် ဆိုပါကလည်း အလွန် လွယ်ကူလှလေသည်။ ခံစားရသည်မှာ အနည်းငယ် ထူးဆန်းနေခြင်းသာ ဖြစ်ပေသည်။ ယခင်က သူသည် ခွေးနှာခေါင်းကို ရရှိခဲ့ဖူးလေသည်။ ယခု တစ်ဖန် ငှက်မျက်လုံး ရောက်လာပြန်ချေပြီ။

"အထူးပစ္စည်း တစ်ခုလည်း ရှိသေးတယ်..."

ရွှီရှန်းက စွမ်းရည်ကို ပိတ်လိုက်ပြီးနောက် ရင်ထဲတွင် တိတ်တဆိတ် ရွတ်ဆိုလိုက်လေသည်။ နောက်တစ်ခဏတွင် သူ၏ ကုတင်ခေါင်းရင်းရှိ ကျောပိုးအိတ်ထဲ၌ လေထဲမှနေ၍ အလေးချိန် အနည်းငယ် တိုးလာခဲ့ချေသည်။ လက်ဆန့်ထုတ်ကာ ယူလိုက်ပေသည်။ သွေးများ ရွှဲရွှဲစိုနေသော အသားစ အချို့က မျက်စိရှေ့တွင် ထွက်ပေါ်လာခဲ့လေသည်။

[လူသားအရေခွံ... လူ့ဘဝတွင် မျက်နှာအရေခွံ ဆိုသည်မှာ မျက်နှာဖုံး တစ်လွှာပြီး တစ်လွှာသာ ဖြစ်သည်... ထိုနည်းတူပင် အသက်ရှင်နေသရွေ့ မတူညီသော အရေခွံများ တစ်လွှာပြီး တစ်လွှာ သဘာဝကျကျ ရှိနေမည် ဖြစ်သည်]

[ဖြစ်နိုင်သည်က သင်သည် ၎င်းကို ဝတ်ဆင်နိုင်သည်]

[မှတ်ချက်... တစ်ခါသုံး ပစ္စည်း မဟုတ်ပါ... ထပ်ခါတလဲလဲ အသုံးပြုနိုင်ပါသည်]

ရွှီရှန်းက လက်ထဲရှိ ပစ္စည်းနှစ်ခုကို ထုတ်ယူလိုက်လေသည်။ ဘယ်ဘက်လက်တွင် ဆီလီကွန်နှင့် ဆင်တူသော အရေပြား တစ်လွှာ ရှိနေပေသည်။ သူက အနီးသို့ တိုးကပ်ကာ နှာခေါင်းဖြင့် အနံ့ခံကြည့်လိုက်ချေသည်။ အနံ့မှာ ဆီလီကွန်နှင့် အလွန် ဆင်တူသော်လည်း ဆီလီကွန် အစစ်တော့ မဟုတ်ဘဲ မည်သည့် ပစ္စည်းဖြင့် ပြုလုပ်ထားမှန်း မသိရချေ။

အလွန် မထူထပ်သော်လည်း ကြည့်ရသည်မှာ ရွံရှာဖွယ် ကောင်းလှလေသည်။ အပေါ်တွင် ချွေးပေါက်များကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့နေရပြီး အရေပြား အဆီလွှာရှိ အဝါရောင် အဆီခဲများကို မျက်လုံးဖြင့် အထင်းသား မြင်တွေ့နေရကာ အနီနှင့် အဖြူ ရောယှက်နေပုံက ကျောချမ်းစရာ ကောင်းနေပေသည်။

"စနစ်က တကယ့် လူသားအရေခွံ အစစ်ကြီးကို ခွာပြီး ငါ့ကို ပေးလိုက်တာတော့ မဟုတ်ပါဘူးနော်..."

ရွှီရှန်း၏ မျက်ထောင့်များ တစ်ချက်မျှ တုန်ယင်သွားပြီးနောက် ညာဘက်လက်သို့ ကြည့်လိုက်ပေသည်။ ညာဘက်လက်တွင် ကိုယ်ကြပ်အင်္ကျီနှင့် ဆင်တူသော အရာတစ်ခု ရှိနေလေသည်။ သို့သော် ဤအင်္ကျီမှာ လူသား၏ ကြွက်သားများကို ပုံတူကူးယူ ပြုလုပ်ထားခြင်း ဖြစ်ပြီး အပြင်ဘက်ရှိ ကြွက်သား အစင်းကြောင်းများကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့နေရချေသည်။ ဝတ်ဆင်လိုက်ပါက အရေခွံ ခွာခံထားရသော လူတစ်ယောက် မျက်စိရှေ့တွင် ရပ်နေသည့်အလား ဖြစ်နေမည် ဖြစ်ပေသည်။

"ဒီပစ္စည်း နှစ်ခုကို ဘယ်လို သုံးရမလဲ ဆိုတာ ငါ အကြမ်းဖျင်း သိလောက်ပြီ..."

ရွှီရှန်းက ခေတ္တမျှ စဉ်းစားလိုက်လေသည်။ လူတစ်ယောက်ကို ဤအဝတ်အစား နှစ်ခုစလုံးကို ဝတ်ဆင်ခိုင်းပြီးနောက် ချစ်စရာကောင်းသော ဧည့်သည် အချို့ကို မြှူဆွယ်ကာ ခန္ဓာကိုယ်ချင်း ထိတွေ့မှုများ ပြုလုပ်စေမည် ဖြစ်ချေသည်။ ထို့နောက် ဧည့်သည်များ၏ မျက်စိရှေ့တွင် အရေခွံကို တစ်ဖက်လူ ကိုယ်တိုင် အရှင်လတ်လတ် ဆုတ်ခွာလိုက်ပါက သွေးများ ယိုစီးကျနေပြီး အရေခွံ မပါသော သွေးသား အစစ်များကို မြင်တွေ့ရမည် ဖြစ်ပေသည်။

"ဒီလို စဉ်းစားကြည့်တော့ ခြောက်လှန့်တဲ့ အကျိုးသက်ရောက်မှုက မဆိုးဘူးပဲ..."

သူက ခေါင်းညိတ်လိုက်ပြီး ပစ္စည်း နှစ်ခုစလုံးကို ကျောပိုးအိတ်ထဲသို့ ပြန်လည် သိမ်းဆည်းလိုက်လေသည်။ ခေတ္တမျှ စဉ်းစားခန်း ဝင်ပြီးနောက် သူက ခေါင်းခါယမ်းလိုက်ပြန်ချေသည်။

"အထူးပစ္စည်းတွေ... လုပ်သားအင်အား တွေနဲ့ ပြကွင်းတွေက အရမ်း နည်းနေသေးတယ်..."

လတ်တလောတွင် သူ၏ အထူးပစ္စည်းများမှာ သိပ်မများပြားလှဘဲ ယခုအသစ် ထပ်ပေးလိုက်သည်များနှင့် ပေါင်းလျှင်တောင် နှစ်မျိုးသာ ရှိသေးချေသည်။ ငွေရှာချင်ပါက ပြကွင်းများစွာ လိုအပ်လေသည်။ သို့သော် ငွေရှာနိုင်သော ပြကွင်းများ၏ အရည်အသွေးက မြင့်မားရန် လိုအပ်ပြီး အရည်အသွေး မြင့်မားရန်အတွက် ကောင်းမွန်သော ဝန်ထမ်းများနှင့် အထူးပစ္စည်း အများအပြား ရှိနေရန် လိုအပ်ပေသည်။ ရွှီရှန်းက အချိန်အတော်ကြာ စဉ်းစားနေခဲ့လေသည်။

"တတိယ ပြကွင်းကို အခုချိန်မှာ ဖွင့်လို့ မရသေးဘူး..."

"အကြွေးက ယွမ် ငါးသိန်း ရှိတယ်... အဲဒီအထဲမှာ ယွမ် သုံးသိန်းက ယွဲ့လျန် ရဲ့ ငွေတွေ ဖြစ်ပြီး ကျန်တဲ့ ယွမ် နှစ်သိန်း အကြွေးက အတိုးတွေနဲ့ ပေါင်းလိုက်ရင်... ယွမ် နှစ်သိန်း နှစ်သောင်းလောက် ရှိမယ်..."

"ယွဲ့လျန် ရဲ့ ယွမ် သုံးသိန်းက အတိုးမရှိဘူး ဆိုပေမဲ့ ငွေကြေးဖောင်းပွမှုက အရမ်း မြန်ဆန်တယ်... နှစ်အနည်းငယ် ကြာသွားရင် ယွမ် သုံးသိန်းရဲ့ ဝယ်ယူနိုင်စွမ်းက နှစ်စဉ်နှစ်တိုင်း ထိုးကျသွားမှာပဲ... အဲဒီအချိန်ကျမှ ငါက ယွမ် သုံးသိန်းပဲ ပြန်ဆပ်မယ် ဆိုရင် သူမအတွက် သွယ်ဝိုက်ပြီး အရှုံးပေါ်စေသလို ဖြစ်သွားမှာပဲ..."

ရွှီရှန်းက စဉ်းစား တွက်ချက်နေချေသည်။

သူ့ထံတွင် ကိုယ်ပိုင် မူဝါဒများ ရှိလေသည်။ ငွေကြေးတန်ဖိုး ကျဆင်းသွားသည်ကို မသိဟန်ဆောင်ကာ လိပ်ပြာမလုံဘဲ မူလ ငွေပမာဏ အတိုင်းသာ ပြန်ဆပ်မည် ဆိုပါက လိပ်ပြာသန့်မည် မဟုတ်ချေ။ သူ၏ အမည်မှာ ရွှီရှန်း ဖြစ်ပြီး အသံထွက်မှာ တိရစ္ဆာန် နှင့် ဆင်တူနေသော်လည်း သူက မိမိကိုယ်ကိုယ် ကိုယ်ကျင့်တရား၏ အထွတ်အထိပ်ဟု သတ်မှတ်ထားသူ ဖြစ်လေသည်။

"အဲဒီတော့ ယွမ် သုံးသိန်းခွဲ ပြန်ဆပ်ပြီး အမြန်ဆုံး ဆပ်နိုင်အောင် လုပ်ရမယ်..."

"အခု ငွေရှာနေတဲ့ အရှိန်အဟုန် အရ ဆိုရင် လက်ရှိ စုဆောင်းထားတဲ့ ငွေတွေနဲ့ပါ ပေါင်းလိုက်ရင် နောက်နှစ် နှစ်လယ်လောက် ဆိုရင် ယွဲ့လျန် ရဲ့ ငွေတွေကို အကုန် ပြန်ဆပ်နိုင်လောက်ပြီ..."

ယွမ် သုံးသိန်းခွဲ။ လတ်တလောတွင် သရဲအိမ်၏ လစဉ် အမြတ်ငွေမှာ ယွမ် သုံးသောင်း နီးပါးခန့်အထိ မြင့်တက်လာခဲ့ပြီ ဖြစ်ချေသည်။ ဤကိန်းဂဏန်း အရ တွက်ချက်ကြည့်မည် ဆိုပါက နောက်အကျဆုံး နောက်နှစ် နွေရာသီ ကျောင်းပိတ်ရက်လောက်တွင် ယွမ် သုံးသိန်းကို အပြည့်အဝ ပြန်ဆပ်နိုင်မည် ဖြစ်ပေသည်။ သို့သော် ဤအရာမှာ ပြကွင်း နှစ်ခုတည်းမှ ရှာဖွေရရှိသော ငွေများသာ ဖြစ်လေသည်။

"ပြကွင်းတွေ ထပ်ဖွင့်ဖို့ လိုအပ်သေးတယ်..."

ရွှီရှန်းက ဆုံးဖြတ်ချက် ချလိုက်လေသည်။ သူက ဝမ်ချောင် နှင့် စကားများများ ပြောပြီး သံယောဇဉ်ကို ပိုမို နက်ရှိုင်းအောင် လုပ်ဆောင်သင့်သည်ဟု ခံစားလိုက်ရချေသည်။

"ဒီနှစ်ထဲမှာ ပြကွင်း လေးခုလောက် ဖွင့်နိုင်ခဲ့မယ် ဆိုရင် အကြွေးဆပ်ရတဲ့ အရှိန်က အများကြီး မြန်ဆန်သွားမှာပဲ..."

"အဲဒီအချိန်ကျရင် သရဲအိမ်ရဲ့ ဝင်ငွေစီးဆင်းမှုက အရမ်းကို ကြောက်စရာကောင်းတဲ့ ကိန်းဂဏန်း တစ်ခု ဖြစ်လာတော့မှာ..."

ဆုကြေးများ... တာဝန်များ... ဝန်ထမ်းများ အားလုံးမှာ သရဲအိမ်၏ ဝင်ငွေစီးဆင်းမှု အမြင့်ဆုံး စံချိန်သစ် တင်နိုင်ရန်အတွက် အထောက်အပံ့များ ပေးစွမ်းနေကြခြင်းပင် ဖြစ်ပေသည်။

"မနက်ဖြန် ကျရင် ဝန်ထမ်းအသစ် သွားရှာရမယ်..."

ပစ်မှတ်ကို သတ်မှတ်ပြီးနောက် ရွှီရှန်းက ဆက်လက်၍ ညဉ့်မနက်တော့ချေ။ သူက ပစ္စည်းများကို ရိုးရှင်းစွာ သိမ်းဆည်းလိုက်ပြီး အထူးဝန်ထမ်း ခေါ်ယူရမည့် လိပ်စာကို သေချာစွာ ကြည့်ရှုမှတ်သားလိုက်ကာ မျက်လုံးများကို မှိတ်၍ အိပ်မောကျသွားခဲ့လေသည်။

[အထူးဝန်ထမ်း... အောက်တိုဘာလ ၉ ရက်နေ့ ည ၉ နာရီ... ညဈေးတန်း အတွင်း၌ လူကုန်ကူး ခံရရန် မိမိသဘောဆန္ဒ အလျောက် လိုက်ပါသွားသော အမျိုးသမီး တစ်ဦး ရှိနေပါသည်]

နောက်တစ်နေ့။ အောက်တိုဘာလ ၉ ရက်နေ့။ ရာသီဥတုက အုံ့မှိုင်းနေပြီး ည ၉ နာရီခွဲ အချိန် ဖြစ်လေသည်။ တစ်နေ့တာလုံး အလုပ်များနေခဲ့ပြီးနောက်...

"လူကုန်ကူးတဲ့ ကောင်တွေ..."

"ခွေးမသား လူကုန်ကူးတဲ့ ကောင်တွေ... ဘယ်မှာလဲ..."

"ဟေ့ကောင်တွေ... အဲဒီနှစ်ယောက်ကို အလွတ်မခံနဲ့..."

"ဖမ်းမိပြီ..."

"ရိုက်စမ်း... သေအောင်သာ ရိုက်ပစ်..."

ညဈေးတန်း အတွင်း၌ ရွှီရှန်း၏ လှုပ်ရှားမှုများကြောင့် ထိတ်လန့် ဝေဝါးနေသော လူနှစ်ဦးမှာ လူအုပ်ကြီး၏ ဝိုင်းရံခြင်းကို ခံလိုက်ရချေသည်။ ထိုလူနှစ်ဦးမှာ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ဖြစ်ကြပြီး နှစ်ဦးစလုံးမှာ လူလတ်ပိုင်း အရွယ်များ ဖြစ်လေသည်။ အချိန်သိပ်မကြာမီမှာပင် သူတို့က ကြိုးဖြင့် တုပ်နှောင်ခံလိုက်ရပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် မျက်နှာတစ်ခုလုံး ဖူးယောင်နေအောင် အရိုက်ခံလိုက်ရပေသည်။ ရွှီရှန်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး နဖူးပေါ်မှ ချွေးများကို သုတ်ကာ မီနီဘတ်စ်ကား ပေါ်မှ ပါးစပ်ကို တိပ်ဖြင့် ပိတ်ခံထားရပြီး တည်ငြိမ်နေသော အမျိုးသမီးကို ခေါ်ထုတ်လာခဲ့လေသည်။

'ကျစ်... ဒီခွေးကောင် နှစ်ယောက်ကို... စွန်ရဲမျက်လုံး နဲ့ တောခွေး နှာခေါင်း စွမ်းရည်တွေသာ မရှိခဲ့ရင်... ငါ တကယ် ဖမ်းမိနိုင်ပါ့မလား မသိဘူး...'

ရွှီရှန်းက ရင်ထဲတွင် တိတ်တဆိတ် ဆဲရေးတိုင်းထွာ နေမိချေသည်။

သူက ယနေ့ လမ်းညွှန်ချက် အတိုင်း ဤနေရာတွင် စောစီးစွာ လာရောက် စောင့်ဆိုင်းနေခဲ့သော်လည်း မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့ပေ။ လေထုထဲတွင် ရောနှောနေသော ခေါင်းမူးစေသည့် အနံ့တစ်မျိုးကို ရုတ်တရက် မရရှိခဲ့ပါက ဤခွေးကောင် နှစ်ကောင်ကို သူ တကယ် ရှာတွေ့နိုင်မည် မဟုတ်ချေ။ လူနှစ်ဦးစလုံးမှာ လူကုန်ကူးသူများ ဖြစ်နေသည့် အကျိုးကျေးဇူးကြောင့် ရွှီရှန်း အနေဖြင့် ကိုယ်တိုင် ကိုယ်ကျ ဝင်ရောက် လှုပ်ရှားစရာပင် မလိုဘဲ သူတို့ နှစ်ဦး၏ မည်သူမည်ဝါ ဖြစ်ကြောင်းကိုသာ ဖွင့်ချလိုက်ရုံဖြင့် ပတ်ဝန်းကျင်မှ လူများက ချက်ချင်း ဝိုင်းအုံလာကြခြင်း ဖြစ်လေသည်။

ညဈေးတန်းတွင် ညစာစားနေကြသော အလုပ်ဆင်းလာသည့် ဆောက်လုပ်ရေး အလုပ်သမား ဆယ်ဂဏန်းခန့်က ထိုသတင်းကို ကြားလိုက်ရချိန်တွင် ချက်ချင်းပင် ထိုင်မနေနိုင်တော့ဘဲ အင်္ကျီလက်များကို ခေါက်တင်ကာ ထိုလူများကို ဝိုင်းရံလိုက်ကြခြင်း ဖြစ်ချေသည်။ ယခုအချိန်တွင် ထိုလူနှစ်ဦးမှာ ထွက်ပြေးချင်လျှင်ပင် ပြေး၍ ရနိုင်မည် မဟုတ်တော့ပေ။

“ရွှတ်…”

ကားပေါ်မှ အမျိုးသမီး၏ ပါးစပ်ပေါ်ရှိ တိပ်ကို ဆွဲခွာလိုက်လေသည်။ တစ်ဖက်လူမှာ မျက်နှာတစ်ခုလုံး တည်ငြိမ်နေပြီး မူလနေရာတွင် မတ်တတ်ရပ်နေကာ ကယ်တင်ခံလိုက်ရသော်လည်း မည်သည့် ဝမ်းသာသည့် အရိပ်အယောင်မျှ မရှိဘဲ စိတ်ပျက်နေသည့် ပုံစံမျိုးပင် ပေါက်နေချေသည်။

'ဇာတ်လမ်းလေးတော့ ရှိနေပုံပဲ...'

ရွှီရှန်းက မျက်လုံးများကို မှေးလိုက်လေသည်။ သို့သော်လည်း ကိစ္စမရှိပေ။ သူ၏ သရဲအိမ်တွင် အရာအားလုံး လိုအပ်နေလေသည်။ သို့သော် ပုံပြင်ပြောရန် စင်မြင့်တစ်ခုတော့ လုံးဝ မလိုအပ်ချေ။

"လာလေ... မင်းရဲ့ သရုပ်ဆောင်မှုကို စတင်လိုက်ပါတော့..."

အမျိုးသမီးက ထိုစကားကို ကြားလိုက်ရချိန်တွင် ချက်ချင်းပင် ကြောင်အမ်းသွားပြီးနောက် မျက်မှောင်ကြုတ်ကာ အဓိပ္ပာယ် ဖော်ပြ၍ မရသော အကြည့်မျိုးဖြင့် ရွှီရှန်းကို ကြည့်ရှုလိုက်ပေသည်။

သူမက ဆက်လက် တိတ်ဆိတ်နေရန်သာ ရွေးချယ်လိုက်လေသည်။ ရွှီရှန်းမှာလည်း ဒေါသမထွက်သလို အလောတကြီးလည်း မဖြစ်ချေ။ သူက ဘေးဘက်တွင် ရပ်ကာ အတူတကွ စောင့်ဆိုင်းနေလိုက်ပေသည်။ လူတိုင်း၏ ရင်ထဲသို့ စူးရှသော ဥဩသံ တစ်သံ ဝင်ရောက်လာချိန်မှသာ ထိုလူများ၏ လုပ်ရပ်ကို ဟန့်တားနိုင်ခဲ့လေသည်။

"ရဲတွေ လာပြီ…”

အခန်း ၈၆ နောက်ထပ်တာဝန်

ရဲတပ်ဖွဲ့ဝင်များ မှုခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိလာပြီးနောက် ရွှီရှန်း၏ ဘေးတွင်ရှိနေသော အမျိုးသမီးကို အရင်ဆုံး တွေ့ရှိသွားကြသည်။ ထို့နောက် အဖြစ်အပျက်၏ အစအဆုံးကို လေ့လာမေးမြန်းကြသည်။ နောက်ဆုံးတွင် အသက်ငင်နေပြီဖြစ်သော လူကုန်ကူးသူများကို ဖမ်းဆီးလိုက်ကြလေသည်။

မူလက ရဲတပ်ဖွဲ့မှာ ရုတ်တရက် ဖုန်းဆက်တိုင်ကြားမှု ဝင်ရောက်လာခြင်းအပေါ် သံသယဖြစ်နေခဲ့ကြသည်။ သို့သော် ကျန်ဆန်းမြို့သို့ ပြန်လည်ရောက်ရှိလာချိန်တွင် ထိုသံသယများ ပြေပျောက်သွားခဲ့ရသည်။

မှုခင်းစုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ ရုံးခန်းအတွင်း ညစာစားနေသော လီရှန်းက ခေါင်းမော့လိုက်စဉ် ပြတင်းပေါက်မှတစ်ဆင့် ရွှီရှန်းကို ခေါ်ဆောင်လာသည်ကို မတော်တဆ မြင်တွေ့လိုက်ရချိန်၌ ရဲတပ်ဖွဲ့၏ သံသယများအားလုံး ချက်ချင်း လွင့်စင်သွားခဲ့လေပြီ။

အကြည့်တစ်ချက်က နှစ်ပေါင်းတစ်သောင်းခန့် ကြာမြင့်သွားသည့်အလား ထင်မှတ်ရပေသည်။ သူက ပါးစပ်ထဲရှိ အစားအစာများကို ဝါးရန်ပင် မေ့လျော့သွားပြီး အချိန်တွေ ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ စက္ကန့်ပိုင်းအလိုက လီရှန်းမှာ အလွန် ဇဝေဇဝါဖြစ်နေခဲ့သည်။ သို့သော် နောက်တစ်စက္ကန့်တွင် လီရှန်း တစ်ယောက် အရာအားလုံးကို သဘောပေါက် နားလည်သွားခဲ့လေပြီ။

"ရပြီ... မင်း အရင်စားနှင့်လိုက်... ငါ ရဲစခန်းဘက်ကို သွားပြီး စကားနည်းနည်း ပြောလိုက်ဦးမယ်"

ရွှီရှန်း ထွက်ဆိုချက်ပေးပြီးနောက် လီရှန်းက သူ့ကို ရုံးခန်းထဲသို့ ခေါ်လာခဲ့ပြီး အရှုပ်အထွေးများ ပြည့်နှက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။ တစ်စုံတစ်ခုကို ပြောချင်နေသော်လည်း နောက်ဆုံးတွင် သက်ပြင်းချသံအဖြစ်သာ ပြောင်းလဲသွားခဲ့ချေသည်။

"ထားလိုက်ပါတော့... ဘာပဲဖြစ်ဖြစ် မြို့တော်က လူတွေလည်း ပြန်သွားကြပြီပဲ... မင်း နည်းနည်းလောက် သတိထားပြီး နေရင် ရပါပြီ"

ထိုစကားများကို ပြောပြီးနောက် လီရှန်းက ရုံးခန်းထဲမှ ထွက်ခွာသွားပြီး ရဲတပ်ဖွဲ့ဝင်များ အလုပ်လုပ်ရာ နေရာသို့ လျှောက်သွားလေသည်။ ကျန်ဆန်းမြို့၏ မှုခင်းစုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့တို့မှာ နေရာတစ်ခုတည်းတွင် ရှိနေသည်။ အကြောင်းရင်းမှာ ပိုမို အဆင်ပြေစေရန်နှင့် ငွေကြေးချွေတာရန် ဖြစ်သဖြင့် ခြေလှမ်းအနည်းငယ် လျှောက်လိုက်ရုံဖြင့် ရဲတပ်ဖွဲ့ဝင်များဆီသို့ ရောက်ရှိနိုင်ပေသည်။

ရုံးခန်းထဲတွင် ကျန်ရစ်ခဲ့သော ရွှီရှန်းကလည်း အားနာမနေတော့ဘဲ တစ်ဖက်လူ စားကြွင်းစားကျန် ဟင်းများကို စတင် စားသောက်နေတော့သည်။ သူက စားရင်းဖြင့် စဉ်းစားခန်း ဝင်နေခဲ့ချေသည်။

'လူကုန်ကူးတဲ့အမှုပေါ့... နောက်ကွယ်မှာ ဘာတွေများ ထပ်ပြီး ပါလာဦးမလဲ မသိဘူး'

ရွှီရှန်းက ရဲတပ်ဖွဲ့ဝင်များသာ အချိန်မီ မရောက်လာပါက သေချာပေါက် ရိုက်သတ်ခံရနိုင်ခြေရှိသော ဖူးယောင်နေသည့် လူနှစ်ဦးကို ပြန်လည်တွေးတောမိပြီး ရင်ထဲတွင် သက်ပြင်းချမိသွားလေသည်။

လူကုန်ကူးမှုသည် ကြီးမားသည်ဟု ဆိုလျှင်လည်း ကြီးမားပြီး သေးငယ်သည်ဟု ဆိုလျှင်လည်း သေးငယ်သော အမှုမျိုး ဖြစ်သည်။ နောင်ခေတ်ကာလများတွင် လူကုန်ကူးမှု အများစုမှာ အမှုငယ်များသာ ဖြစ်ကြသည်။ သို့သော် ဤခေတ်ကာလတွင်မူ အမှုကြီး ဖြစ်နိုင်ခြေ အလွန် မြင့်မားလှပေသည်။ ၁၉၈၀၊ ၁၉၉၀ နှင့် ၂၀၀၀ ပြည့်လွန်နှစ်များအတွင်းရှိ လူကုန်ကူးသူများကို မည်သို့ ဖော်ပြရမည်ကို သူ စဉ်းစားနေမိသည်။ မောက်မာရိုင်းစိုင်းလွန်းလှသည် ဟုသာ ဆိုရမည် ဖြစ်သည်။

ထိုလူများက တရားဥပဒေကို လုံးဝ ဂရုမစိုက်ဘဲ ရဲတပ်ဖွဲ့နှင့် ဥပဒေကို အာရုံထဲတွင်ပင် ထည့်မထားကြချေ။ ဥပဒေပြင်ပက လူမိုက်များဟု ဆိုလျှင်ပင် မှားမည် မဟုတ်ပေ။

ဥပမာပြရလျှင် ယခင်ဘဝက ဤအချိန်ကာလတုန်းက အင်းအိုင် တစ်ဖက်ကမ်းရှိ ဒေသတစ်ခုတွင် အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး စက်ဘီးစီး၍ ကျောင်းဆင်းပြန်လာခဲ့သည်။ သို့သော် လမ်းမပေါ်တွင် လူအများအပြား၏ မျက်စိရှေ့၌ပင် မီနီဘတ်စ်ကား တစ်စီး ရုတ်တရက် ပေါ်လာပြီး တံခါးကိုဖွင့်ကာ ရုန်းကန်နေသော မိန်းကလေးကို ကားပေါ်သို့ အတင်းအကျပ် ဆွဲတင်သွားခဲ့ကြသည်။

ထို့နောက် နှစ်ရက်မျှသာ ကြာသောအခါ သူမကို တောင်တန်းများ တစ်ဖက်သို့ ရောင်းစားပစ်ခဲ့ကြလေသည်။ တစ်ဖက်လူများက ထိုတောင်တန်းဒေသတွင် အခွင့်အရေးရပါက လူအချို့ကို ထပ်မံ၍ လူကုန်ကူးတတ်ကြသေးသည်။

ထိုမျှမက သူတို့က လူအုပ်ကြားထဲတွင် မိခင်ဖြစ်သူ ပွေ့ချီထားသော ကလေးငယ်ကို အတင်း လုယူရဲကြသည်။ သို့မဟုတ် သန်းခေါင်ယံ အချိန်ကြီးတွင် အိမ်တံခါးကို ချိုးဖျက်ဝင်ရောက်ကာ လူကို အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်သွားရဲကြသည်။ နေခင်းကြောင်တောင် အချိန်တွင် လူဖမ်းခြင်း ကိစ္စရပ်များကိုမူ သူတို့က အလွန် ကျွမ်းကျင်နေကြပြီး ရဲတပ်ဖွဲ့နှင့် လမ်းသွားလမ်းလာများကို လုံးဝ ဂရုမစိုက်ကြချေ။ တစ်ဖက်လူများ မည်မျှ မောက်မာရိုင်းစိုင်းကြောင်းကို သိသာထင်ရှားစေသည်။

နောင်ခေတ်ကာလများတွင် စောင့်ကြည့်ကင်မရာများ ပေါ်ပေါက်လာခြင်းနှင့် လူဦးရေတိုးတက်မှုနှုန်း ကျဆင်းလာခြင်းတို့ကြောင့်သာ လူကုန်ကူးသူ အရေအတွက် အနည်းငယ် လျော့ကျသွားပြီး သူတို့၏ နည်းလမ်းများလည်း ပိုမို သိုသိပ်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤခေတ်ကာလတွင်မူ လူကုန်ကူးသူများက ရွာသားများ သို့မဟုတ် မြို့ခံများ၏ ဖမ်းဆီးခြင်းကိုသာ ကြောက်ရွံ့ကြလေသည်။ ရဲတပ်ဖွဲ့ကိုမူ သူတို့က လုံးဝ အထင်မကြီးကြချေ။

'စုံစမ်းလို့ ရရင်တောင်မှ ဖမ်းဖို့က သိပ်မလွယ်ဘူးပဲ'

ရွှီရှန်းက ခေါင်းခါယမ်းလိုက်ပြီး ထမင်းကို ဆက်စားနေလိုက်သည်။

ခေတ်ကာလ၏ ကန့်သတ်ချက်များကြောင့် လူတစ်ယောက်၏ အရိပ်အယောင် ပျောက်ကွယ်သွားပါက စောင့်ကြည့်ကင်မရာများ မရှိသည့် အခြေအနေမျိုးတွင် တစ်သက်လုံး ရှာမတွေ့ခြင်းက အလွန် ပုံမှန်ပင် ဖြစ်လေသည်။

သူက ထိုအတိုင်း တိတ်ဆိတ်စွာ စားသောက်နေခဲ့သည်။ တစ်နာရီခန့် ကြာပြီးနောက် ခြေသံများ ထွက်ပေါ်လာသဖြင့် ရွှီရှန်း ခေါင်းမော့ကြည့်လိုက်သည်။ ရောက်လာသူမှာ ထွက်သွားပြီးနောက် ပြန်လည်ရောက်ရှိလာသော လီရှန်း ပင် ဖြစ်ချေသည်။ ဤအချိန်တွင် တစ်ဖက်လူမှာ မျက်မှောင်ကြုတ်ထားပြီး ရွှီရှန်းကို စိုက်ကြည့်နေသည်။

"ဒီကောင်မလေးရဲ့ အိမ်ထောင်စုစာရင်း အချက်အလက်တွေကို ရှာမတွေ့ဘူး... ဘယ်လိုဖြစ်ရတာလဲ"

'အိမ်ထောင်စုစာရင်း အချက်အလက် ရှာမတွေ့ဘူး'

ရွှီရှန်း အံ့သြသွားပြီးနောက် ခေါင်းခါယမ်းလိုက်လေသည်။

"တပ်ခွဲမှူးလီ... ခင်ဗျားက ကျွန်တော့်ကို လာမေးနေတယ်... ကျွန်တော်က ဘယ်သူ့ကို သွားမေးရမှာလဲ"

"အိမ်ထောင်စုစာရင်း မရှိတဲ့လူလား"

"ဖြစ်နိုင်တယ်... အချိန်ကို တွက်ကြည့်မယ်ဆိုရင် ဒီမိန်းကလေးက လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က မွေးဖွားခဲ့တာဆိုတော့ အဲဒီအချိန်ကာလတုန်းက အိမ်ထောင်စုစာရင်း မရှိတဲ့သူ ဆိုရင် ရှင်းပြရတာ အတော်လေး လွယ်ကူသွားပြီ"

ထိုစကားများ ထွက်ပေါ်လာပြီးနောက် လူနှစ်ဦးစလုံး တိတ်ဆိတ်သွားကြသည်။

အိမ်ထောင်စုစာရင်း မရှိသူ ဆိုသည်မှာ နိုင်ငံသားအဖြစ် မှတ်ပုံတင်ထားခြင်း မရှိသူကို ဆိုလိုခြင်း ဖြစ်သည်။ အချို့သော လူများက ကလေးမွေးဖွားပြီးနောက် အခြားသူများကို စွန့်ပစ်ထားခဲ့တတ်ကြသည်။ အကယ်၍ ထိုသူများက အိမ်ထောင်စုစာရင်း မသွင်းပေးပါက ထိုကလေးမှာ အိမ်ထောင်စုစာရင်း မရှိသူ ဖြစ်သွားတော့သည်။

"သူမ နာမည်က ဘယ်သူလဲ"

"ကျောက်ဟန်... အသက် ၂၃ နှစ်... အမျိုးသမီး... သူမရဲ့ ပြောစကားတွေအရ ဆိုရင်တော့ သူမက ကိုယ့်သဘောဆန္ဒ အလျောက် လူကုန်ကူးခံခဲ့ရတာတဲ့"

လီရှန်းက သက်ပြင်းချရင်း ကုလားထိုင်ပေါ်တွင် ထိုင်ကာ စားသောက်ရင်း စကားပြောနေခဲ့သည်။

"ဒီကောင်မလေးရဲ့ ကံကြမ္မာက အတော်လေး ဆိုးရွားတယ်လို့ ပြောရမယ်... သူမ ငယ်ငယ်လေးကတည်းက လူကုန်ကူးခံခဲ့ရတာ... ဝယ်တဲ့သူက ယောကျာ်းလေး လိုချင်ပေမဲ့ လူကုန်ကူးတဲ့ သူတွေက မိန်းကလေးကို ပေးသွားတယ်... ဝယ်တဲ့သူက ပြန်ပေးချင်ပေမဲ့ လူကုန်ကူးသူတွေကို ရှာမတွေ့တော့လို့ လက်ခံလိုက်ရတယ်... နောက်ပိုင်းကျတော့ ဒီကောင်မလေး အသက် ၅ နှစ် အရွယ် ရောက်လာတော့ ရုပ်ရည်သွင်ပြင်လေးက မဆိုးဘူး... သန့်စင်ဖြူစင်တဲ့ ပုံပေါက်နေတော့ တခြားသူဆီကို ကလေးသတို့သမီး အဖြစ် ရောင်းစားဖို့ စဉ်းစားခဲ့ကြတယ်... လူကုန်ကူးတဲ့ သူတွေက အပေါ်ယံ ဈေးညှိနှိုင်းပြီးတာနဲ့ ချက်ချင်းပဲ သူမကို ခေါ်ဆောင်သွားခဲ့တယ်... အဲဒီနောက် တောင်ပေါ်ဒေသကို ခေါ်သွားပြီး တခြားတစ်ယောက်ဆီမှာ ကလေးသတို့သမီး အဖြစ် ရောင်းစားလိုက်ကြတယ်... အသက် ၁၀ နှစ်ကျော် အရွယ်မှာ ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး... ပြန်ဖမ်းမိပြီး သေမတတ် အရိုက်ခံခဲ့ရတယ်... နောက်ပိုင်းကျတော့ အဲဒီလူက ရောဂါရပြီး သေသွားတယ်... ကျောက်ဟန်လေး အရွယ်ရောက်လာပြီး လက်မထပ်ရသေးခင်မှာပဲ အဲဒီလူ သေသွားတော့ ဒီကောင်မလေးက နောက်တစ်ကြိမ် ထပ်ပြီး အရောင်းခံလိုက်ရပြန်တာပဲ"

သူက စကားပြောရင်း သက်ပြင်းချနေခဲ့သည်။

လီရှန်းတွင်လည်း ကျောက်ဟန်နှင့် ရွယ်တူခန့်ရှိသော အသက် ၂၀ ကျော် အရွယ် သမီးမိန်းကလေး တစ်ဦး ရှိသည်။ သူမ၏ အတွေ့အကြုံများကို နားထောင်ပြီးနောက် သူ၏ ရင်ထဲတွင် အလွန် စိတ်မကောင်း ဖြစ်နေခဲ့ချေသည်။

"ဒါပေမဲ့ ဒီတစ်ကြိမ်တော့ အရောင်းမခံရတော့ဘဲ မင်းရဲ့ ကယ်တင်တာကို ခံလိုက်ရတာပေါ့"

ရွှီရှန်း ချက်ချင်း သဘောပေါက်သွားလေသည်။ တစ်ဖက်လူက သူမကိုယ်တိုင် သဘောဆန္ဒအလျောက် လူကုန်ကူးခံခဲ့ရခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့ခြင်းမှာ အံ့ဩစရာ မရှိတော့ပေ။ သူမက အရောင်းခံရခြင်းကို ကျင့်သားရနေပြီ ဖြစ်သည်။ တောင်ပေါ်ဒေသတွင် နေထိုင်ရသဖြင့် မြို့ပြသို့ ရောင်းစားခံရမည်ကိုပင် လိုလားနေခြင်း ဖြစ်ချေသည်။ အချုပ်ခန်းထဲတွင် နေရခြင်းကို ကျင့်သားရနေသော လူနှစ်ဦးနှင့် ထူးဆန်းစွာ တူညီနေသည့် အချက်များ ရှိနေပေသည်။

"ကျောက်ဟန်... သူမကို ငါ အတော်လေး သဘောကျတယ်... တပ်ခွဲမှူးလီ... ခင်ဗျား ဘက်ကနေ..."

ရွှီရှန်းက ရုတ်တရက် စကားပြောလိုက်သည်။

လီရှန်းမှာ ကြောင်အမ်းသွားပြီးနောက် မျက်နှာပေါ်တွင် ထိတ်လန့်သွားသည့် အမူအရာ ထွက်ပေါ်လာခဲ့သည်။ သူ၏ မျက်နှာအမူအရာမှာ မင်းကောင်လေးက ဒီလို အကျင့်စရိုက်မျိုး ရှိနေတာလား ဆိုသည့် ပုံစံမျိုး ဖြစ်နေချေသည်။ ရွှီရှန်းမှာလည်း ကြောင်အမ်းသွားပြီးနောက် မျက်နှာတစ်ခုလုံး မည်းမှောင်သွားခဲ့သည်။

"ကျွန်တော် မိန်းမ မဝယ်ပါဘူး"

"ကျွန်တော် တွေးနေတာက ဒီကောင်မလေးက ကျွန်တော့် သရဲအိမ်မှာ သရုပ်ဆောင် လာလုပ်ဖို့ အတော်လေး သင့်တော်တယ်လို့ ထင်လို့ပါ... အကယ်၍ သူမရဲ့ နောက်ခံက ရှင်းလင်းနေမယ်ဆိုရင် ကျွန်တော့်ဆီမှာ လာနေပြီး နှစ်အနည်းငယ် ကြာရင် အိမ်ထောင်စုစာရင်း လုပ်ပေးလို့ ရတယ်လေ"

ထိုစကားကို ကြားလိုက်ရချိန်မှသာ လီရှန်းက မျက်နှာအမူအရာကို ပြန်လည် ထိန်းသိမ်းလိုက်လေသည်။

အိမ်ထောင်စုစာရင်း ရရှိရန်မှာ အလွန် ခက်ခဲရှုပ်ထွေးလှသည်။ အကယ်၍ ရွှီရှန်းက ပထမအဆင့် ဂုဏ်ပြုဆု၏ အရှိန်အဝါကို အသုံးမချလိုဘဲ ပုံမှန် လုပ်ငန်းစဉ်အတိုင်း သွားမည်ဆိုပါက ကျောက်ဟန် အနေဖြင့် တရားဝင် နိုင်ငံသား အထောက်အထား ရရှိရန် အချိန်အကြာကြီး စောင့်ဆိုင်းရမည် ဖြစ်ပေသည်။ သူမကို ရွှီရှန်းထံသို့ သွားရောက် နေထိုင်ခိုင်းခြင်းက တကယ်ကို ပိုမို ကောင်းမွန်သော ရွေးချယ်မှု ဖြစ်သည်။

သို့သော် ဤအတွေ့အကြုံများမှာ ကျောက်ဟန်နှင့် လူကုန်ကူးသူများ ပြောဆိုထားခြင်းသာ ဖြစ်သည်။ အကယ်၍ တစ်ဖက်လူ၏ နောက်ခံ အခြေအနေက မရှင်းလင်းပါက ရွှီရှန်းအတွက် ပြဿနာ ဖြစ်လာနိုင်သည်။ လီရှန်းက သူ၏ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော် မပြောဆိုရသေးမီမှာပင် ရွှီရှန်းက ရုတ်တရက် ဝင်ရောက် ပြောဆိုလိုက်လေသည်။

"စိတ်ချပါ... ဘာပဲဖြစ်ဖြစ် ကျွန်တော့် သရဲအိမ်မှာက ပုံမှန်လူမှ သိပ်မရှိတာပဲ"

ရွှီရှန်းက တည်ငြိမ်စွာ ဆိုလိုက်သည်။

ဤစကားကို ကြားလိုက်ရချိန်တွင် လီရှန်းမှာ ကြောင်အမ်းသွားခဲ့ချေသည်။ သူက သေချာစွာ စဉ်းစားကြည့်ပြီးနောက် တိုက်ရိုက်ပင် တိတ်ဆိတ်သွားခဲ့လေသည်။ မှန်ပေသည်။ လီရှူတို့ မောင်နှမအပြင် ခွေးတစ်ကောင်၊ ဦးလေးကျန်း၊ ဆွန်းအန်း။

"ကောင်းပြီလေ... ဘာပဲဖြစ်ဖြစ် မင်းကောင်လေးက အကြွေးများနေတော့လည်း ပူပန်စရာ မလိုတော့ပါဘူး... ငါ သွားပြီး စကားပြောပေးလိုက်မယ်... အဲဒီကျရင် မင်း အခြေအနေကြည့်ပြီး စီစဉ်လိုက်ပေါ့"

လီရှန်းက အသံတိတ် ရယ်မောလိုက်ပြီးနောက် မတ်တတ်ရပ်ကာ အပြင်ဘက်သို့ လျှောက်သွားသည်။ ရွှီရှန်းက သူ ထွက်ခွာသွားသည်ကို မျက်စိတစ်ဆုံး လိုက်လံ ကြည့်ရှုနေခဲ့ချေသည်။

သူ ထွက်ခွာသွားပြီး တံခါးပိတ်လိုက်သည့် ထိုခဏ၌ပင်။

[တီ... စစ်ဆေးတွေ့ရှိချက်များအရ တာဝန်တစ်ခု ထွက်ပေါ်လာပါပြီ]

[ပိုင်ရှင်အနေဖြင့် တာဝန်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်... ဆုကြေးငွေများကို တာဝန်ပြီးမြောက်မှု အတိုင်းအတာအပေါ် မူတည်၍ ရရှိမည် ဖြစ်ပါသည်]

[မှတ်ချက် - ယခုတာဝန်မှာ ကြီးမားသော ပြကွင်းတစ်ခု၏ နောက်ဆက်တွဲ တာဝန်များထဲမှ နောက်ဆုံးတစ်ခု ၃/၃ ဖြစ်ပါသည်]

[မှတ်ချက် - ယခုတာဝန် ပြီးမြောက်ပါက ကြီးမားသော ပြကွင်းတစ်ခုကို ဖွင့်လှစ်ပေးမည် ဖြစ်ပါသည်]

စနစ်၏ သီးသန့် စက်ယန္တရား အသံက သူ၏ နားထဲတွင် တိတ်တဆိတ် ထွက်ပေါ်လာခဲ့လေသည်။

'တာဝန်... ထပ်ပေါ်လာပြန်ပြီလား...'

ရွှီရှန်း အံ့အားသင့်သွားပြီး ဘေးဘက်သို့ ရုတ်တရက် လှမ်းကြည့်လိုက်သည်။ သူ၏ အနီးတွင် မည်သည့်အရာမျှ မရှိချေ။

'ဒါက ဘယ်လိုလုပ်ပြီး ပေါ်လာတာလဲ... ဘာဖြစ်လို့ ဒီတစ်ခါ အရမ်း ရုတ်တရက် ဆန်နေရတာလဲ... ဘာနဲ့ သက်ဆိုင်နေလို့လဲ... ကျောက်ဟန် လား... ကျောက်ဟန် ကြောင့်များ ပေါ်လာတာလား... ဝမ်ချောင် ကလည်း ငါ့ဘေးမှာ ရှိမနေဘူးလေ...'

ရွှီရှန်း သတိပြန်ဝင်လာပြီး စနစ်ကို ကမန်းကတန်း ခေါ်ယူလိုက်ကာ အချက်အလက် မျက်နှာပြင်ပေါ်ရှိ စာသားများကို ကြည့်ရှုလိုက်လေသည်။

[တာဝန်အမည်...]

[ပျော်ရွှင်ဖွယ်ရာ ဆပ်ကပ်အဖွဲ့]

"ဟင်"

"ဆပ်ကပ်အဖွဲ့..."

ရွှီရှန်း ကြောင်အမ်းသွားပြီးနောက် မျက်လုံးများကို မှေးလိုက်လေသည်။

'ပျော်ရွှင်ဖွယ်ရာ ဆပ်ကပ်အဖွဲ့ တဲ့လား’

'လူ့အသက်တွေနဲ့ သက်ဆိုင်နေတဲ့ ပြစ်မှုရေးရာ တာဝန်တစ်ခုကို ပျော်ရွှင်ဖွယ်ရာ ဆိုတဲ့ နာမည်မျိုး ပေးထားနိုင်တယ်ဆိုတော့…’

'နည်းနည်းတော့ စိတ်ဝင်စားစရာ ကောင်းနေပြီ…’

All Chapters