← Chapters

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း ၈၇ ဝမ်ချောင်ကိုသွားတွေ့ချင်နေပြီ

'ပျော်ရွှင်ဖွယ်ရာ ဆပ်ကပ်အဖွဲ့...'

'လူ့အသက်တွေနဲ့ သက်ဆိုင်နေတဲ့ ပြစ်မှုရေးရာ အမှုတစ်ခုကို ပျော်ရွှင်ဖွယ်ရာ ဆိုတဲ့ စကားလုံးနဲ့ သုံးနှုန်းနိုင်တာလား...'

ရွှီရှန်းက မျက်လုံးများကို မှေးလိုက်ပြီး ကုလားထိုင်ပေါ်တွင် ထိုင်ကာ လက်ထဲရှိ တူများကို ချလိုက်ပြီး ရင်ထဲတွင် မရပ်မနား စဉ်းစားတွေးတောနေလေသည်။

ခွေးကိုယ်လူခေါင်း၊ လူသားအရေခွံ အရုပ် သို့မဟုတ် ဂရင်းဒဏ္ဍာရီပုံပြင် စသည့် အမှုများ၏ အမည်များမှာ အလွန် တိုက်ရိုက်ဆန်လွန်းလှပေသည်။

သို့သော် ဤတစ်ကြိမ်တွင်မူ ကွာခြားနေချေသည်။

'အမည်နဲ့ အမှုက ဆန့်ကျင်ဘက်တွေ ဖြစ်နေပါလား...'

ရွှီရှန်းက ရင်ထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်လေသည်။

'အမှုက ပျော်ရွှင်မှုကို ယူဆောင်လာပေးမှာမို့လို့လား... ဒါမှမဟုတ် လူသတ်သမားက လူသတ်ရတာကို အရမ်း ပျော်ရွှင်နေတာလား... ဒါမှမဟုတ် နစ်နာသူက နှိပ်စက်ခံရတာကို ပျော်ရွှင်နေတာလား...'

'ပြီးတော့ ဆပ်ကပ်အဖွဲ့... အမှုက ဆပ်ကပ်အဖွဲ့နဲ့ သက်ဆိုင်နေတာလား...'

ဆပ်ကပ်အဖွဲ့နှင့် ဆက်စပ်နေသော အမှုများမှာ အလွန်တရာ များပြားလွန်းလှပေသည်။ ဆပ်ကပ်အဖွဲ့နှင့်လည်း သက်ဆိုင်ပြီး ပျော်ရွှင်ခြင်းနှင့်လည်း ဆက်စပ်နေသော အမှုမျိုးမှာလည်း မနည်းမနောပင် ရှိနေချေသည်။

ရွှီရှန်း အနေဖြင့် ယခင်ဘဝက တရားမဝင် လျှို့ဝှက်အမှု တစ်ခုကို ဖော်ထုတ်ခဲ့ဖူးလေသည်။

'ဆပ်ကပ်အဖွဲ့က ဝန်ထမ်းတွေ ကိုယ်တိုင် ပါဝင်ပတ်သက်နေတာလား... ဒါမှမဟုတ် ဖောက်သည်အဖြစ် ပါဝင်နေတာလား... မဟုတ်သေးဘူး... နှစ်မျိုးစလုံး မဟုတ်ခဲ့ဘူး...'

ဆပ်ကပ်အဖွဲ့မှ ဝန်ထမ်းများက လူဝံ၊ အစွယ်နုတ်ထားသော မြွေ၊ မျောက်နှင့် ဆိတ် စသည့် တိရစ္ဆာန်များကို အသုံးပြု၍ လူမဆန်သော တရားမဝင် လုပ်ငန်းများတွင် ခိုင်းစေခဲ့ခြင်းပင် ဖြစ်ပေသည်။

ထိုလုပ်ငန်းမှာ အလွန် တွင်ကျယ်ခဲ့ပြီး ဖောက်သည်များကလည်း ကျေနပ်အားရကြသည်ဟု ဆိုကြလေသည်။

ထို တိရစ္ဆာန်များထဲမှ လူဝံများဆိုလျှင် ရောဂါဆိုးများပင် ကူးစက်ခံနေရကာ တစ်ဖက်လူများက ဤနည်းလမ်းဖြင့် အကျိုးအမြတ် မည်မျှ ရှာဖွေခဲ့ကြောင်းကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။

ဤအချက်များကို အခြေခံ၍ စဉ်းစားကြည့်မည် ဆိုပါက ထိုအရာများ ဖြစ်နိုင်ပေသည်။

'ဒီလို စဉ်းစားကြည့်တော့ ဝယ်တဲ့သူနဲ့ ရောင်းတဲ့သူ အတွက်ကတော့ ပျော်ရွှင်ဖွယ်ရာ ဆိုတဲ့ စကားလုံးနဲ့ သေချာပေါက် ဆက်စပ်နေနိုင်တယ်...'

ရွှီရှန်းမှာ နက်ရှိုင်းသော စဉ်းစားခန်းထဲသို့ ကျရောက်သွားပြီး လက်ထဲရှိ တူများကို ချထားကာ ကုလားထိုင်ကို မှီလျက် ပြတင်းပေါက် အပြင်ဘက်ရှိ မှောင်မည်းနေသော ညဉ့်ယံကို ကြည့်ရှုနေလေသည်။

'ဒါမှမဟုတ် တရားမဝင် အရောင်းအဝယ်တွေမှာ ပါဝင်ပတ်သက်နေတာများလား... တိရစ္ဆာန် အရောင်းအဝယ်လား...'

'အချို့သော တိရစ္ဆာန်ရုံတွေက ဆပ်ကပ်အဖွဲ့တွေနဲ့ တိတ်တဆိတ် တိရစ္ဆာန် အရောင်းအဝယ် လုပ်တတ်ကြတယ်... ဆပ်ကပ်အဖွဲ့တွေကလည်း တစ်ခါတလေ ရှားပါး ကာကွယ်စောင့်ရှောက်ထားတဲ့ တိရစ္ဆာန်ကြီးတွေကို အရောင်းအဝယ် လုပ်တတ်ကြတယ်... ဒီလိုဆိုရင်လည်း ပြစ်မှုမြောက်ပြီး လူသတ်မှုထက်တောင် ပိုပြီး ကြီးမားတဲ့ အမှု ဖြစ်သွားနိုင်တယ်...'

'ဒါပေမဲ့... ဒီအမှုက ဘာကြောင့် ဖြစ်ရတာလဲ...'

သူ၏ ဦးနှောက်ထဲတွင် အတွေးများ ဗြောင်းဆန်နေပြီး မျက်မှောင်များ အနည်းငယ် ကျုံ့ဝင်နေသော်လည်း မည်သည့်အရာကိုမျှ တိတိကျကျ တွေးတော၍ မရနိုင်ခဲ့ချေ။

'မည်သည့် အမှုမျိုးမဆို နစ်နာသူ နဲ့ ပြစ်မှုကျူးလွန်သူ ဆိုတဲ့ သဘောတရား နှစ်မျိုးစလုံး ရှိစမြဲပဲ... သေချာပေါက် လူတစ်ယောက်တည်းက အဲဒီ အနေအထား နှစ်ခုစလုံးကို ပိုင်ဆိုင်ထားတာမျိုးလည်း ဖြစ်နိုင်တယ်... ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီအနေအထား နှစ်မျိုးစလုံးကတော့ မလွဲမသွေ ရှိနေမှာပဲ...'

'တကယ်လို့ ဒီတစ်ကြိမ် တာဝန်က သာမန် ဆပ်ကပ်အဖွဲ့ သက်သက်သာ ဆိုရင် နစ်နာသူက ဝန်ထမ်းတွေလား... ဒါမှမဟုတ် လက်မှတ်ဝယ်ပြီး လာကြည့်တဲ့ ဧည့်သည်တွေလား... ပြစ်မှုကျူးလွန်သူကရော ဘယ်သူလဲ...'

စက္ကန့်ပိုင်းလေး အတွင်းမှာပင် မျိုးစုံသော ခန့်မှန်းချက်များနှင့် မျိုးစုံသော သံသယများကို ရွှီရှန်းက မေးခွန်းများ တစ်ခုပြီးတစ်ခု အဖြစ် စနစ်တကျ စုစည်းလိုက်လေသည်။

သူက တိတ်ဆိတ်သွားခဲ့ပြီး နောက်ဆုံးတွင် ရွှီရှန်းက စနစ်ကို ခေါ်ယူလိုက်ချေသည်။

[တာဝန်... ပျော်ရွှင်ဖွယ်ရာ ဆပ်ကပ်အဖွဲ့]

[ပျော်ရွှင်ဖွယ်ရာ ဆပ်ကပ်အဖွဲ့ အကြောင်းကို သိပါသလား... အဲဒီထဲကို ဝင်သွားပြီး ပြန်ထွက်လာတဲ့ သူတိုင်းရဲ့ မျက်နှာပေါ်မှာ ရင်ထဲကလှိုက်ပြီး ပေါ်ထွက်လာတဲ့ အပြုံးတွေ ရှိနေတတ်တယ်လို့ ကြားဖူးပါတယ်]

[တာဝန် လက်ခံရယူရမည့် နေရာ... မသိရသေးပါ]

တာဝန်တွင် မသိရသေးပါ ဟု ပြသနေသဖြင့် ရွှီရှန်းကလည်း ဆက်လက်၍ အသေးစိတ် တွေးတောမနေတော့ချေ။ ဤကဲ့သို့သော အခြေအနေမျိုးတွင် သူ အနေဖြင့် တာဝန်ကို လက်ခံရရှိနိုင်မည်လား မရရှိနိုင်ဘူးလား ဆိုသည်မှာ ကောင်းကင်ဘုံ၏ အလိုတော်အပေါ်တွင်သာ မူတည်နေတော့လေသည်။

'ထားလိုက်ပါတော့... တပ်ခွဲမှူးလီ ကို အရင် သွားရှာလိုက်ဦးမယ်... အနည်းဆုံးတော့ ဝန်ထမ်းအသစ်ကို သရဲအိမ်ဆီ အရင် ခေါ်သွားရမယ်...'

ရွှီရှန်းက ပါးစပ်ကို သပ်လိုက်ပြီးနောက် မတ်တတ်ရပ်ကာ အပြင်ဘက်သို့ လျှောက်သွားလိုက်ပေသည်။

သူ ဧည့်ခန်းမထဲသို့ အရောက်တွင် လီရှန်း နှင့် ကျောက်ဟန် ဟုခေါ်သော အမျိုးသမီးတို့နှင့် မျက်နှာချင်းဆိုင် တည့်တည့် တိုးမိသွားခဲ့လေသည်။ သူ့ကို မြင်လိုက်ရချိန်တွင် လီရှန်း မှာလည်း ခြေလှမ်းများကို ရပ်တန့်လိုက်ချေသည်။

"လုံခြုံရေးတပ်ဖွဲ့ ဘက်က လူကုန်ကူးတဲ့ သူတွေနဲ့ ဒီအမျိုးသမီးရဲ့ ကိုယ်ရေးအချက်အလက်တွေကို စုံစမ်းစစ်ဆေးနေတုန်းပဲ... လတ်တလော အခြေအနေအရ ကြည့်မယ်ဆိုရင်တော့ ဘာပြဿနာမှ မရှိသေးဘူး... ဒါကြောင့် ကျောက်ဟန် ကို မင်းဆီမှာ အချိန်တိုအတွင်း အရင် လာနေခိုင်းထားလို့ ရတယ်..."

လီရှန်း က စကားဆိုလိုက်လေသည်။ အိမ်ထောင်စုစာရင်း မရှိသူများ ကိစ္စမှာ အတော်လေး ရှုပ်ထွေးလှပြီး ဤကိစ္စတွင် ကဏ္ဍပေါင်းစုံမှ ဟာကွက်များစွာ ပါဝင်ပတ်သက်နေသဖြင့် ရှင်းလင်းစွာ မစစ်ဆေးရသေးပါက အခြားသူများ၏ အခွင့်ကောင်းယူ အမြတ်ထုတ်ခြင်းကို ခံရလွယ်ကူပေသည်။

သို့သော် ရွှီရှန်း ၏ ပထမအဆင့် ဂုဏ်ပြုဆု က တစ်ဖက်လူအတွက် အာမခံချက် ပေးနိုင်စွမ်း ရှိလေသည်။

"ဒီကောင်မလေးကိုလည်း ငါ မေးကြည့်ပြီးပြီ... မင်းရဲ့ သရဲအိမ်မှာ အလုပ်သွားလုပ်ဖို့ သူမက သဘောမတူတာမျိုး မရှိဘူး..."

"သေချာပေါက် လစာ ကိစ္စတွေကိုတော့ ကာလတို အတွင်းမှာ မပေးတာ အကောင်းဆုံးပဲ... မုန့်ဖိုး နည်းနည်းပါးပါး ပေးထားလို့တော့ ရတယ်... တရားဝင် နိုင်ငံသား အထောက်အထား ရလာတဲ့ အချိန်ကျမှ ပြန်ပေါင်းပေးရင်လည်း နောက်မကျသေးပါဘူး..."

လီရှန်း က ထပ်မံ၍ စကားဆိုလိုက်ပေသည်။ အိမ်ထောင်စုစာရင်း မရှိသူနှင့် ငွေကြေးကိစ္စ ပါဝင်ပတ်သက်လာပါက ဥပဒေရေးရာ ဟာကွက်များ အလွန်များပြားလွန်းလှချေသည်။

ယခုအချိန်တွင် ငွေပေးချေပါက ပြဿနာ ပေါ်ပေါက်ရန် လွယ်ကူပြီး ထိုအချိန်ကျလျှင် လိုက်လံ ရှင်းပြနေရမည် ဖြစ်သဖြင့် အလွန် ရှုပ်ထွေးလှပေသည်။ သို့သော် လစာအစား မုန့်ဖိုးအဖြစ် ပေးမည်ဆိုပါက မည်သည့် ပြဿနာမှ မရှိနိုင်တော့ချေ။ လီရှူ တို့ မောင်နှမကဲ့သို့ပင် ဖြစ်လေသည်။

"ရတယ်..."

ရွှီရှန်း က တစ်ဖက်လူ၏ အနောက်ဘက်တွင် ရပ်နေသော မျက်နှာပေါ်၌ မည်သည့် အမူအရာမျှ မရှိသည့် ကျောက်ဟန် ကို တစ်ချက် ကြည့်လိုက်ပြီးနောက် အနည်းငယ် ရပ်တန့်သွားခဲ့လေသည်။

သူ၏ ဦးနှောက်ထဲတွင် လျှပ်တစ်ပြက် အတွေးတစ်ခု ဖြတ်ပြေးသွားခဲ့ချေသည်။ သူသည် ဤလူများကို ရဲစခန်းသို့ ခေါ်လာပြီး မကြာမီမှာပင် အမှုကို လက်ခံရရှိခဲ့ခြင်း ဖြစ်ပေသည်။

'ထိုသို့ဆိုလျှင် စနစ်၏ တာဝန်က လူကုန်ကူးသူများနှင့် သက်ဆိုင်နေသလား...'

ထိုအချက်ကို စဉ်းစားမိသောအခါ ရွှီရှန်း က သည်းမခံနိုင်တော့ဘဲ လီရှန်း ကို ထပ်မံ ကြည့်ရှုလိုက်ပြီး ကမန်းကတန်း မေးမြန်းလိုက်ချေသည်။

"တပ်ခွဲမှူးလီ... ကျန်ဆန်းမြို့ မှာ လတ်တလော အမှုကြီးတွေ ဘာတွေများ ဖြစ်ပွားခဲ့တာ ရှိသေးလား..."

"အမှုကြီး..."

လီရှန်း မှာ ကြောင်အမ်းသွားပြီးနောက် မျက်မှောင်များ ကျုံ့ဝင်သွားခဲ့လေသည်။ အကယ်၍ စားဖိုမှူး အမှုနှင့် ခွေးကိုယ်လူခေါင်း အမှုတို့ကို ထည့်တွက်မည် ဆိုပါက အမှန်တကယ်ပင် ဖြစ်ပွားခဲ့ပြီး ဖြစ်ချေသည်။

သို့သော် တစ်ဖက်လူ၏ မျက်နှာအမူအရာ အရ ထိုအရာများကို ထည့်တွက်ထားပုံ မရချေ။

"ဘာသဘောလဲ..."

လီရှန်း က မျက်လုံးများကို မှေးလိုက်ပြီး တစ်ဖက်လူ၏ ဆိုလိုရင်းကို ရိပ်မိသွားခဲ့ပေသည်။

"ဒီ လူကုန်ကူးတဲ့ နှစ်ယောက်က နောက်ကွယ်မှာ တစ်ခုခုများ ဆက်စပ် ပတ်သက်နေမလားလို့ ကျွန်တော် သံသယ ဝင်နေတာ..."

ရွှီရှန်း က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် မိမိ၏ ခန့်မှန်းချက်များကို ထုတ်ဖော် ပြောဆိုလိုက်လေသည်။

"ဒါမှမဟုတ်ရင်လည်း ဒီ လူကုန်ကူးတဲ့ နှစ်ယောက်ကြောင့် ပေါ်လာတာ မဟုတ်ဘဲနဲ့ ကျန်ဆန်းမြို့ မှာ လတ်တလော အလားတူ ဆင်တူတဲ့ အမှုမျိုးတွေ ထွက်ပေါ်လာနိုင်မလား လို့ပါ..."

'ကျန်ဆန်းမြို့ တွင် အမှု ထပ်ဖြစ်ပြန်ပြီလား...' ဟု လီရှန်း တွေးတောမိလေသည်။ ယခင် စားဖိုမှူး အမှုနှင့် လပိုင်းမျှ ကွာကွာနေပြီ ဖြစ်သော်လည်း ဟန်ဟိုင်မြို့ က အမှု ပြီးသွားသည်မှာ မည်မျှ ကြာမြင့်သေးသနည်း ဟု စဉ်းစားစရာပင် ဖြစ်ချေသည်။ တစ်ပတ်ပင် မပြည့်သေးချေ။

လီရှန်း ၏ နှုတ်ခမ်းထောင့်များ တစ်ချက်မျှ တုန်ယင်သွားပြီး သူက ရွှီရှန်း ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့ပေသည်။

"မင်း သေချာလို့လား..."

"မသေချာဘူး..."

ရွှီရှန်း က ခေါင်းခါယမ်းလိုက်ပြီး စဉ်းစားခန်း ဝင်ပြီးနောက် သွယ်ဝိုက်သော နည်းလမ်းဖြင့် သတိပေး စကားဆိုလိုက်လေသည်။

"ဒါပေမဲ့ ဒီနေ့ ကျွန်တော့် စိတ်ထဲမှာ အရမ်းကို ဂနာမငြိမ် ဖြစ်နေတယ်... ကျွန်တော့်ကိုလေ... ဝမ်ချောင် ကို သွားရှာချင်တဲ့ ဆန္ဒမျိုး ဖြစ်ပေါ်စေတယ်..."

'ဝမ်ချောင် ကို သွားရှာချင်တယ်...' ဟု လီရှန်း တွေးလိုက်မိပေသည်။ ချက်ချင်းပင် လီရှန်း တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားပြီး သူ၏ မျက်နှာတစ်ခုလုံး လေးနက်တည်ကြည်သွားကာ အလွန် တင်းမာသော အမူအရာ ထွက်ပေါ်လာခဲ့ချေသည်။

"ကောင်းပြီ..."

ဤခဏ၌ လီရှန်း က ကိစ္စရပ်၏ ကြီးလေးမှုကို ဘက်စုံ ထောင့်စုံမှ လုံးဝ သဘောပေါက် နားလည်သွားခဲ့လေပြီ။

'ဝမ်ချောင် ကို သွားတွေ့မယ် ဆိုတာ လုံးဝ မတွေးဝံ့စရာပဲ...'

"လုံခြုံရေးတပ်ဖွဲ့ နဲ့ ငါ ပြောလိုက်... နေဦး... ဒီ လူကုန်ကူးတဲ့ နှစ်ယောက်ကို မြို့နယ် ရဲတပ်ဖွဲ့ရုံးချုပ် ကို လွှဲပြောင်းပေးဖို့ ငါ ပြင်ဆင်လိုက်တော့မယ်..."

လီရှန်း ၏ မျက်နှာပေါ်တွင် အလွန် လေးနက်တည်ကြည်သော အမူအရာများ ပြည့်နှက်နေပြီး ဤမြင်ကွင်းကို ကြည့်ရင်း ဘေးဘက်ရှိ ကျောက်ဟန် မှာ လုံးဝ နားမလည်နိုင်အောင် ဖြစ်သွားခဲ့ချေသည်။

'ငါ မှတ်မိနေသလောက်... ငါက သာမန် လူကုန်ကူးသူ နှစ်ယောက်ရဲ့ လူကုန်ကူးတာကို ခံခဲ့ရတာပဲ မဟုတ်လား... ပြီးတော့ ငါ ကိုယ်တိုင်က ကိုယ့်သဘောဆန္ဒ အလျောက် လိုက်ပါလာတာ ဖြစ်လို့ သူတို့က ငါ့ကို သိပ်ပြီး သတိထား စောင့်ကြည့်နေတာ မရှိဘဲ ညဈေးတန်းကိုတောင် ကားမောင်းပြီး ညစာ သွားဝယ်စားရဲခဲ့ကြတာပဲ... ဒါက ဘယ်လိုလုပ်ပြီး မြို့နယ် ရဲတပ်ဖွဲ့ရုံးချုပ် အထိတောင် တုန်လှုပ် သွားစေရတာလဲ...'

'သူ့ကြောင့် ဖြစ်နေမလား...'

ကျောက်ဟန် ၏ မျက်လုံးများထဲတွင် ဇဝေဇဝါ ဖြစ်နေသည့် အရိပ်အယောင်များ ပြည့်နှက်နေပြီး သူမက ဘေးဘက်ရှိ သူမထက် အသက် သိပ်မကွာလှသော အမျိုးသား၏ အပေါ်သို့ အကြည့်များကို ရွှေ့လိုက်လေသည်။

'ဘာကြောင့် သူက တခြားတစ်ယောက်ကို သွားရှာချင်ရုံလေးနဲ့ ရဲတပ်ဖွဲ့က ဒီလောက် အရေးတယူ လုပ်နေရတာလဲ...'

ရွှီရှန်း က သူမ၏ အကြည့်များကို သတိပြုမိသွားသော်လည်း မည်သည့် ရှင်းပြချက်မျှ မပေးခဲ့ပေ။

"ကောင်းပါပြီ... တပ်ခွဲမှူးလီ... ဒါဆိုရင် ကျွန်တော် အရင် သွားလိုက်ပါဦးမယ်..."

ရွှီရှန်း က ခေါင်းညိတ်ပြလိုက်ပြီးနောက် ကျောက်ဟန် ကို ခေါ်ဆောင်ကာ ရဲစခန်းထဲမှ ထွက်ခွာသွားခဲ့လေသည်။

ယခုအချိန်မှာ အလွန် ညဉ့်နက်နေပြီ ဖြစ်ပြီး ည ဆယ်နာရီခွဲ ရှိနေပြီဖြစ်ရာ ဘတ်စ်ကားများနှင့် အငှားယာဉ်များ၏ အရိပ်အယောင်ကိုပင် မမြင်တွေ့ရတော့ချေ။

ကံကောင်းထောက်မစွာဖြင့် မှုခင်းစုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ တွင် လီရှန်း တစ်ဦးတည်းသာ ရှိနေခြင်း မဟုတ်ပေ။ ဟန်ယန် လည်း ရှိနေသဖြင့် လီရှန်း က ဤအခွင့်အရေးကို အသုံးချကာ တစ်ဖက်လူအား ကားမောင်း၍ သူတို့ နှစ်ဦးကို လိုက်ပို့စေလိုက်လေသည်။

လမ်းတစ်လျှောက်တွင် သူတို့ နှစ်ဦးမှာ အလွန် ရင်းနှီးပျော်ရွှင်စွာ စကားပြောဆိုလာခဲ့ကြချေသည်။

ဟန်ယန် မှာ အားစိုက်ထုတ်စရာ မလိုဘဲ အောင်မြင်မှုများကို ခံစားနေရသူ ဟုပင် ဆိုနိုင်ပေသည်။ ဤကောင်လေးမှာ အမြဲတမ်း ဝန်ထမ်း အဖြစ် ခန့်အပ်ခံရသည်မှာ ခြောက်လမျှသာ ရှိသေးသော်လည်း အများပြည်သူဆိုင်ရာ ဒုတိယအဆင့် ဂုဏ်ပြုဆု၊ ပထမအဆင့် ဂုဏ်ပြုဆု၊ တတိယအဆင့် ဂုဏ်ပြုဆု များကို အလကား ရရှိနေခဲ့လေသည်။ ခြောက်လ ဟူသော အချိန်ကာလလေး အတွင်းမှာပင် ဖြစ်ချေသည်။

လီရှန်း အနေဖြင့် ယခုအခါတွင် ဤကောင်လေးကို မြင်လိုက်တိုင်း မျက်နှာတစ်ခုလုံး ဆွံ့အသွားတတ်ပေသည်။ အကယ်၍ သူသာ ရဲတပ်ဖွဲ့ထဲသို့ စတင် ဝင်ရောက်လာချိန်ကတည်းက ဤမျှ များပြားသော အောင်မြင်မှုများ ရှိနေခဲ့မည် ဆိုပါက ယခုအချိန်ဆိုလျှင် ပြည်နယ်ရဲတပ်ဖွဲ့ရုံးချုပ် သို့ပင် ရောက်ရှိနေလောက်ပြီ ဖြစ်လေသည်။

ထို့ကြောင့် ဟန်ယန် က ယခုအခါ ရွှီရှန်း ကို မြင်လိုက်သည်နှင့် ကိုယ့်ညီမအရင်း ထက်ပင် ပို၍ ခင်တွယ်နေတော့ချေ။

သေချာပေါက် ကျန်းမို နှင့် အခြား လူအချို့မှာလည်း ထိုနည်းတူပင် ဖြစ်ကြပြီး ဤသရဲအိမ်ကြီးကိုသာ မကြောက်ရွံ့ကြပါက သူတို့သည် ၂၄ နာရီပတ်လုံး ရွှီရှန်း ၏ အနားတွင် ဝိုင်းရံနေချင်ကြမည်သာ ဖြစ်ပေသည်။ ရွှီရှန်း ရေချိုးလျှင် သူတို့က ကျောပွတ်ပေးပြီး ရွှီရှန်း အိမ်သာတက်လျှင် သူတို့က ကင်းစောင့်ပေးကာ ရွှီရှန်း အိပ်ပျော်သွားလျှင် သူတို့က အစောင့်အကြပ် လုပ်ပေးကြမည်သာ ဖြစ်လေသည်။

ကျောက်ဟန် က ထိုအတိုင်း တိတ်ဆိတ်စွာ နားထောင်နေပြီး မည်သည့်စကားကိုမျှ ဝင်ရောက် မပြောဆိုခဲ့ချေ။ အလုပ်လုပ်ရမည့် နေရာက ဘယ်မှာလဲ လစာနဲ့ ခံစားခွင့်တွေက ဘယ်လို ရှိလဲ ဆိုသည်ကိုပင် သူမက လုံးဝ မမေးမြန်းခဲ့ပေ။

သူမသည် ဤကဲ့သို့ နေရပ်အတည်တကျ မရှိဘဲ ကိုယ်ပိုင် ဆုံးဖြတ်ခွင့် ကင်းမဲ့ကာ ရေစုန်မျောလိုက်နေရသော ဘဝမျိုးကို ကျင့်သားရနေပြီ ဖြစ်ချေသည်။ မွေးဖွားလာကတည်းက ဤသို့ပင် ဖြစ်ပြီး ယခုအခါတွင်လည်း ဤအတိုင်းပင် ဖြစ်လေသည်။

ကား ရပ်တန့်သွားချိန်မှသာ သူမက တွေဝေငေးမောနေသည့် အခြေအနေမှ သတိပြန်လည်လာခဲ့ပေသည်။

ကျီ ဟူသော အသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

"အစ်ကိုရွှီ... ရောက်ပါပြီ..."

ကျောက်ဟန် ၏ ခန္ဓာကိုယ်မှာ ဘရိတ်အုပ်လိုက်မှုကြောင့် တစ်ချက်မျှ ယိမ်းယိုင်သွားပြီး ပြန်လည် တည်ငြိမ်သွားပြီးနောက် သူမက ခေါင်းလှည့်ကာ ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ ကြည့်ရှုလိုက်ချေသည်။ အပြင်ဘက်ရှိ မြင်ကွင်းကို ကြည့်ရင်း ကျောက်ဟန် မှာ ကြောင်အမ်းသွားပြီး အနည်းငယ် ဝေဝါးသွားခဲ့ပေသည်။

ပတ်ဝန်းကျင်ရှိ မှောင်မည်းပြီး သေလုမတတ် တိတ်ဆိတ်နေသော မြင်ကွင်းထဲတွင် သရဲအိမ် တစ်အိမ်က နွေးထွေးသော မီးရောင်များကို ဖြာထွက်စေလျက် ရှိနေသည်ကို မြင်တွေ့လိုက်ရလေသည်။

မီးရောင်များက ပြတင်းပေါက်မှတစ်ဆင့် ဖြတ်သန်းသွားပြီး ပြတင်းပေါက်ဘောင်ရှိ လူရိပ်အချို့ကို အထင်းသား ပေါ်လွင်စေချေသည်။ ထို အရိပ်မည်းများမှာ ပြတင်းပေါက် ဘေးတွင် ရပ်လျက် တိတ်ဆိတ်စွာ ကြည့်ရှုနေကြပြီး ရွှီရှန်း ကားပေါ်မှ ဆင်းလာသည်ကို မြင်တွေ့လိုက်ရချိန်မှသာ ပျောက်ကွယ်သွားကြလေသည်။

"အိမ်ရောက်ပြီ..."

"ကားပေါ်က ဆင်းကြရအောင်…”

အခန်း ၈၈ တုန်လှုပ်ဖွယ်ရာ... ဝမ်ချောင် လူကုန်ကူးခံလိုက်ရသည်

ဖုန်းကြိုဆက်ထားသဖြင့် လမ်းဆုံတွင် ထိုင်ကာ ရွှီရှန်းကို စောင့်ဆိုင်းနေသော ဟန်ယွဲ့က ရဲကားကို မြင်လိုက်ချိန်တွင် မတ်တတ်ရပ်လိုက်ပြီး မျက်နှာပေါ်၌ နူးညံ့သိမ်မွေ့သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

"နင် ပြန်ရောက်လာပြီလား..."

သူမ၏ ဘေးဘက်တွင် တစ်နေခင်းလုံး စောင့်ဆိုင်းနေခဲ့သော လီရှူ လည်း ရှိနေပြီး ရဲကားပေါ်မှ ဆင်းလာသော လူရိပ်ကို ကြည့်ကာ ခေါင်းကုတ်လျက် စကားဆိုလိုက်ချေသည်။

"ဟင်... သူဌေး... ခင်ဗျား နောက်ထပ် တစ်ယောက် ကောက်ရလာပြန်ပြီလား..."

"ကလေးပေါက်စက အများကြီး ဝင်ပါမနေနဲ့... အိပ်ရာ သွားဝင်တော့..."

ရွှီရှန်းက လက်ယမ်းပြကာ လီရှူကို ပြန်လွှတ်လိုက်ပေသည်။

"အို..."

လီရှူက ခေါင်းညိတ်ပြလိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏ ခြေထောက်ကို ဆွဲရွှေ့လိုက်လေသည်။

"ဝုတ်..."

မီမီက ပုံမှန်အတိုင်းပင် လီရှူ၏ ဘောင်းဘီစကို ကိုက်ထားဆဲဖြစ်ပြီး လုံးဝ အလွတ်မပေးချေ။ အလုပ်ဆင်းချိန်နှင့် ထမင်းစားချိန်များတွင်သာ ပါးစပ်လွှတ်ပေးပြီး ကျန်အချိန်များတွင် ထိုဘောင်းဘီနှင့် အသေအကြေ တိုက်ပွဲဝင်နေသည့်အလား ဖြစ်နေပေသည်။

လီရှူမှာ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း မီမီ ကိုက်ထားသော ကျန်ခြေထောက် တစ်ဖက်ကို အတင်းတရွတ်တိုက် ဆွဲ၍ သွားနေရလေသည်။ သို့သော် သူက ဤကိစ္စအတွက် လုံးဝ ဒေါသမထွက်မိချေ။ ဆန့်ကျင်ဘက်အနေဖြင့် အလွန်အမင်း စိတ်လှုပ်ရှား ဝမ်းသာနေမိပေသည်။

"ငါ့ကို မခွဲနိုင်ဘူး ဆိုတာ သိပါတယ်... စိတ်ချပါ... ငါ ဘယ်မှ မသွားပါဘူး..."

လီရှူက လမ်းလျှောက်ရင်း စိတ်လှုပ်ရှားစွာ ပြောဆိုနေခဲ့လေသည်။

မီမီက ထိုစကားကို ကြားလိုက်ရချိန်တွင် ဒေါသတကြီးဖြင့် သွားများကို ဖြဲကာ ပါးစပ်ကို ဟလျက် သူ၏ ပတ်လည်တွင် အထက်အောက် ခုန်ပေါက် ပြေးလွှားရင်း မရပ်မနား အော်ဟစ်နေတော့ချေသည်။ ထို့နောက် ရုတ်တရက် ကြောင်အမ်းသွားခဲ့လေသည်။ ၎င်းက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည့်အလား ရွှီရှန်း၏ အနီးသို့ ပြေးသွားပြီး ပါးစပ်ကို ဟလိုက်ပေသည်။

"ဝုတ်..."

မီမီက ရွှီရှန်း၏ ဘောင်းဘီစကို တစ်ချက် လှမ်းကိုက်လိုက်ပြီး ခေါင်းကို ရူးသွပ်စွာ ခါရမ်းပစ်လိုက်လေသည်။ ထို့နောက်မှသာ လီရှူ၏ အနီးသို့ ပြန်သွားပြီး ၎င်း၏ တိုက်ပွဲကို ဆက်လက် ဆင်နွှဲနေတော့ချေသည်။

ကားပေါ်မှ ဆင်းကာစ ဖြစ်သော ကျောက်ဟန်မှာ ဤမြင်ကွင်းကို ကြည့်ရင်း ကြောင်အမ်းသွားခဲ့လေသည်။

'ဒီ သရဲအိမ်က လူတွေက... ဘာဖြစ်လို့ ပုံမှန် မဟုတ်ဘူးလို့ ခံစားနေရတာလဲ... ခွေးက အစ ဒီလိုမျိုး ရူးသွပ်နေတာပဲ...'

ကျောက်ဟန်က တွေဝေစွာ တွေးတောနေမိလေသည်။ မူလက လှိုင်းလေငြိမ်သက်နေပြီး အရောင်းစားခံရမည် ဆိုလျှင်ပင် မခုခံတတ်သော သူမ၏ ရင်ထဲတွင် ထူးဆန်းသော ခံစားချက် အချို့က ရုတ်တရက် ပေါ်ထွက်လာခဲ့ချေသည်။

ထိုအချိန်မှာပင် သူမ၏ နားထဲသို့ စကားသံ အချို့ ဝင်ရောက်လာခဲ့ပေသည်။

"အစ်ကိုရွှီ... ဘာကိစ္စမှ မရှိတော့ဘူး ဆိုရင် ကျွန်တော် အရင် ပြန်သွားလိုက်ပါဦးမယ်..."

"ကောင်းပါပြီ ရှောင်ယန်... သွားလိုက်ပါ... ဒီရက်ပိုင်း အဘိုးကြီးလီ အတော်လေး အလုပ်များနေလောက်တယ်... သူ့ကို နည်းနည်းလောက် ကူညီပေးလိုက်ဦး..."

"အစ်ကို... ဂရုစိုက်သွားဦးနော်..."

"ညီမလေး... သရဲအိမ်မှာ အလုပ်ကို သေချာ ကြိုးစားလုပ်လိုက်ပါ... အရင်က ကိစ္စတွေ အားလုံးကို ရှင်းလင်းပြီးသွားပါပြီ..."

ဟန်ယန် ထွက်ခွာသွားပြီးနောက် ဟန်ယွဲ့က ခေါင်းလှည့်ကာ ရွှီရှန်းကို ကြည့်လိုက်ပြီး ကျောက်ဟန်ကိုလည်း သိချင်စိတ် ပြင်းပြစွာဖြင့် အကဲခတ်လိုက်လေသည်။

"ရှောင်ရှန်း... ဒါက ဘယ်သူလဲ..."

"အို... ဒါက ငါ အသစ်ခေါ်လာတဲ့ ဝန်ထမ်းပဲ..."

ကျောက်ဟန်မှာ ထိုခေါ်ဝေါ်သုံးနှုန်းမှုများကြောင့် တုန်လှုပ်နေဆဲ ဖြစ်ချေသည်။

'ဒီ ဆက်ဆံရေးတွေက... ဒီ ဆက်ဆံရေးတွေက အရမ်း ရှုပ်ထွေးနေပါလား... နေပါဦး... ဦးနှောက် နည်းနည်း ယားလာသလိုပဲ... ငါ သေချာလေး အရင် စဉ်းစားကြည့်လိုက်ဦးမယ်...'

"ဒါက ဟန်ယွဲ့... သရဲအိမ်ရဲ့ ဒုတိယ အကြီးအကဲပဲ... ခဏနေရင် ပြကွင်းပစ္စည်းတွေနဲ့ ဇာတ်ညွှန်းကို ငါ နင့်ဆီ ပေးမယ်... အဲဒီနောက် သူမက နင့်ရဲ့ နေထိုင်စရာ နေရာကို စီစဉ်ပေးလိမ့်မယ်... တခြား စည်းကမ်းချက် တွေကိုလည်း သူမကပဲ ရှင်းပြပေးလိမ့်မယ်..."

ရွှီရှန်းက သတိပေး စကားဆိုလိုက်ချိန်မှသာ ကျောက်ဟန်က တွေဝေငေးမောနေသည့် အခြေအနေမှ သတိပြန်လည်လာခဲ့လေသည်။ သူမက ခေါင်းညိတ်ပြလိုက်ပြီးနောက် ဟန်ယွဲ့၏ အနောက်မှ လိုက်ပါသွားခဲ့ချေသည်။

"နောက်ဆိုရင် ငါတို့တွေက မိသားစုဝင်တွေ ဖြစ်သွားကြပြီ... ငါ နင့်ကို အိပ်ဆောင် အရင် သွားပြမယ်... အိပ်ဆောင်က နှစ်ယောက်ခန်း ဖြစ်ပြီး နေရာ အတော်လေး ကျယ်တယ်... သီးသန့် ရေချိုးခန်း အိမ်သာလည်း ပါတယ်... နင့်ရဲ့ အခန်းဖော်က အရမ်း ချစ်စရာကောင်းတဲ့ ကောင်မလေး တစ်ယောက်ပဲ... သူမက အခုမှ အသက် ၁၆ နှစ်ပဲ ရှိသေးတယ်... စိတ်သဘောထားလည်း အရမ်း ကောင်းတယ်..."

လမ်းတစ်လျှောက်လုံး ဟန်ယွဲ့က ကျောက်ဟန်နှင့် မရပ်မနား စကားပြောဆိုလာခဲ့လေသည်။ ကျောက်ဟန်က နားထောင်ရင်း တစ်ခါတစ်ရံတွင် ထောက်ခံစကား ဆိုလိုက်ကာ ခေါင်းညိတ်ပြနေခဲ့ပေသည်။ သူမက တဖြည်းဖြည်း နီးကပ်လာပြီး မီးရောင်များ လင်းထိန်နေသော သရဲအိမ်ကြီးကို ကြည့်ရင်း အနည်းငယ် ဝေဝါးသွားခဲ့ချေသည်။ လှိုင်းလေငြိမ်သက်နေသော သူမ၏ ရင်ထဲတွင် သိမ်မွေ့သော လှုပ်ရှားမှု တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့လေသည်။

"အင်း... ရှောင်ရှန်း က မနက်ဖြန် နင့်ကို ဦးလေးကျန်း ရဲ့ ပြကွင်းထဲမှာ အလုပ်လုပ်ရမယ်လို့ ပြောတယ်... စိတ်ချပါ... ပထမဆုံး အကြိမ်မို့လို့ အရမ်း စိုးရိမ်မနေနဲ့... ငါ မီမီ နဲ့ ဆွန်းအန်း တို့ကို နင့်ဆီ လာကူညီပေးဖို့ စီစဉ်ပေးလိုက်မယ်..."

နားထဲသို့ ဝင်ရောက်လာသော နူးညံ့သည့် အသံလေးကို နားထောင်ရင်း ကျောက်ဟန်က ခေါင်းညိတ်ပြလိုက်လေသည်။

"အင်း..."

သူတို့ နှစ်ဦး၏ အရိပ်ကလေးများက တဖြည်းဖြည်း သေးငယ်သွားပြီး မကြာမီမှာပင် သရဲအိမ်၏ အလင်းရောင် အောက်တွင် ပျောက်ကွယ်သွားခဲ့ချေသည်။ ရွှီရှန်းက လိုက်လံ ကြည့်ရှုနေသော အကြည့်များကို ရုပ်သိမ်းလိုက်ပေသည်။

'တိရစ္ဆာန် လမ်းကြား... အဲဒီမှာ မီမီ နဲ့ ဆွန်းအန်း က လှည့်လည် သွားလာနေမယ်... ပြကွင်းပစ္စည်း ဝတ်ဆင်ထားတဲ့ ကျောက်ဟန် လည်း ရှိနေမယ်... ပြီးတော့ ဦးလေးကျန်း ကလည်း အခြေအနေကို ထိန်းချုပ်ပေးနေဦးမယ်...'

သူက မေးစေ့ကို ပွတ်သပ်လိုက်လေသည်။

'အရည်အသွေး ကလည်း အတော်လေး မြင့်တက်သွားပြီ... မနက်ဖြန်ကျရင် ဘယ် ကံဆိုးသူ... အဲလေ... ကံကောင်းသူလေး လာရောက် စမ်းသပ်မလဲ ဆိုတာ မသိသေးဘူး...'

ကျောက်ဟန်၏ ပြကွင်းပစ္စည်းမှာ ဦးလေးကျန်း၏ မီးဖိုချောင်ထဲရှိ အသားများနှင့် မတူညီချေ။ ဤပစ္စည်းကို မည်သူ ထိတွေ့မိသည်ဖြစ်စေ အလွန်အမင်း ထိတ်လန့်သွားစေမည်မှာ သေချာလှပေသည်။ ဤနေရာက သရဲအိမ်မှန်း သိနေသည့်တိုင်အောင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားသည်အထိ ခြောက်လှန့်နိုင်စွမ်း ရှိလေသည်။

တစ်ဖက်လူ၏ ယခင် မိသားစုဝင်များက လိုက်လံ ရှာဖွေတွေ့ရှိသွားပြီး သရဲအိမ်နှင့် ပြဿနာများ ဖြစ်လာနိုင်မလား ဆိုသည်မှာ လိုက်ရှာကောင်း ရှာနိုင်သော်လည်း ရှာတွေ့နိုင်မည့် ဖြစ်နိုင်ခြေမှာ ထီပေါက်သလောက်ပင် ခဲယဉ်းလှချေသည်။ သို့သော် မည်သည့်အရာမဆို လုံးဝ သေချာသည်ဟူ၍ မရှိပေ။

'ပြီးတော့ တကယ်လို့များ ရှာတွေ့သွားခဲ့ရင်တောင်... တပ်ခွဲမှူးလီ ဆီကို အမှုတွဲတွေ ကိုယ်တိုင် လာပို့ပေးသလိုမျိုးပဲ ဖြစ်သွားမှာပါ...'

ရွှီရှန်းက ဤကိစ္စကို ဆက်လက် တွေးတောမနေတော့ချေ။

'အရင် အိပ်လိုက်ဦးမယ်... မနက်ဖြန် နေ့လယ်ကျမှပဲ ကျောက်ဟန် ရဲ့ စွမ်းရည်ကို ကြည့်ရတော့မယ်...'

တစ်ညတာလုံး တိတ်ဆိတ်ငြိမ်သက်စွာ ကုန်လွန်သွားခဲ့လေသည်။

နောက်တစ်နေ့ အောက်တိုဘာလ ၁၀ ရက်နေ့သို့ ရောက်ရှိလာခဲ့ပေသည်။ ရွှီရှန်းက မနက်စောစော ထလာပြီးနောက် ကျောက်ဟန်ကို စည်းကမ်းချက် အချို့ မှတ်မှာနေခဲ့ချေသည်။ အခြား ထူးခြားသည်များ မရှိဘဲ ဧည့်သည်များကို ခြောက်လှန့်ချိန်တွင် တစ်ဖက်လူ၏ ရိုက်နှက်ခြင်းကို မခံရစေရန် အလွန်အမင်း နီးကပ်စွာ မသွားရန်သာ အဓိက သတိပေးခဲ့ခြင်း ဖြစ်လေသည်။ ကျောက်ဟန်က ခေါင်းညိတ်ပြလိုက်ပြီး ဤအရာက မခက်ခဲလှဟု သူမ ခံစားလိုက်ရပေသည်။

ရွှီရှန်းက သူမအတွက် သတ်မှတ်ပေးထားသော အခန်းကဏ္ဍမှာ ဧည့်သည် ပင် ဖြစ်ချေသည်။ အခြားတစ်နည်းဖြင့် ပြောရမည်ဆိုလျှင် ဧည့်သည်များ ကြားထဲတွင် ရောနှောနေသော သူလျှို တစ်ဦးပင် ဖြစ်လေသည်။

သို့သော် ဤဧည့်သည် အုပ်စုကို ရွှီရှန်း အနေဖြင့် အနည်းငယ် ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရပေသည်။

"ကျန်းချန်..."

နောက်ဘက် အခန်းရှိ စောင့်ကြည့်ကင်မရာ ရှေ့တွင် ထိုင်နေသော ရွှီရှန်းက ယခင်က 'အိမ်ပြန်ချိန် အဆင့်မြှင့်တင်ထားသော ပြကွင်း' ကို လာရောက် ကစားခဲ့ဖူးသော ကျန်းချန်ကို ကြည့်ရင်း မျက်နှာထား အနည်းငယ် ထူးဆန်းသွားခဲ့ချေသည်။ ဤလူမှာ အင်တာနက် ဖိုရမ်၏ အက်ဒမင် ဖြစ်ပြီး သူ့ကို အမျိုးသမီး အတွင်းခံဆိုင် ပိုင်ရှင်ဟု စွပ်စွဲခဲ့သော ခွေးကောင်ပင် ဖြစ်လေသည်။

ယခင် အိမ်ပြန်ချိန် ပြကွင်းကို အဆင့်မြှင့်တင်ထားစဉ်ကလည်း ဤလူက အခြားသူများ၏ အရှေ့တွင် ဆရာကြီး ဂိုက်ဖမ်းချင်နေခဲ့သော်လည်း ပထမဆုံး အကြိမ်မှာပင် အဆင့်မြှင့်တင်ထားသော ပြကွင်းနှင့် ဆွန်းအန်းတို့နှင့် သွားရောက် တိုးမိခဲ့ခြင်း ဖြစ်ပေသည်။ ယခုတစ်ကြိမ်တွင်တော့...

"မင်းတို့ စိတ်ချပါ... အိမ်ပြန်ချိန် ပြကွင်းက အဆင့်မြှင့်လိုက်ပြီးတဲ့နောက် ငါ လတ်တလော ဖြတ်ကျော်မယ့် နည်းလမ်းကို မရှာတွေ့သေးပေမဲ့... တိရစ္ဆာန် လမ်းကြား လို အဆင့်နိမ့်တဲ့ ပြကွင်းမျိုးကိုတော့ ငါ အလွယ်လေး ဖြတ်ကျော်နိုင်ပါတယ်... မင်းတို့ ဖိုရမ် ပို့စ်တွေကို ဖတ်တဲ့အခါ ငါ့ကို မြန်မြန် ကြောက်သေးထွက်သွားတဲ့ ကစားသမား လို့ ပြောနေကြတာ တွေ့ရလိမ့်မယ်... ဒါပေမဲ့ အဲဒါတွေက ငါ့ကို နာမည်ဖျက်နေကြတာပါ... ငါလို အမြန် ဖြတ်ကျော်တဲ့ ကစားသမား တစ်ယောက်ရဲ့ အရည်အချင်းက အပြည့်အဝ ရှိပါတယ်ကွာ..."

စောင့်ကြည့်ကင်မရာ မှတ်တမ်းထဲတွင် ဖြစ်ချေသည်။ ရွှီရှန်းက ကျောက်ဟန် တစ်ယောက် ထိုလူများ၏ အုပ်စုထဲတွင် ရောနှောနေသည်ကို ကြည့်ရင်း တစ်ဖက်လူ၏ စကားသံများကို နားထောင်ကာ မျက်ထောင့်များ တစ်ချက်မျှ တုန်ယင်သွားခဲ့လေသည်။

'ဒီ ကံဆိုးမိုးမှောင်ကျမယ့် ကောင်လေး...'

"သူဌေး... ကျွန်မ ဝင်သွားတော့မယ်..."

စကားပြောစက်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီးနောက် မျက်နှာပြင်ပေါ်တွင် ကျောက်ဟန်က တိုးညှင်းစွာ စကားဆိုနေသည်ကို မြင်တွေ့လိုက်ရပေသည်။

"ကောင်းပြီ... နင် ဝင်သွားလိုက်တော့..."

ရွှီရှန်းက ခေါင်းညိတ်ပြကာ တစ်ဖက်လူကို ဝင်ရောက်ခွင့် ပြုလိုက်လေသည်။

ဧည့်သည် တစ်စုက မှောင်မည်းနေသော လျှောက်လမ်းလေးကို ဖြတ်သန်းသွားကြပြီး လမ်းဆုံးသို့ အရောက်တွင် တံခါးလိုက်ကာ တစ်ချပ်ကို လှန်လိုက်ရာ အလင်းရောင် အနည်းငယ် ဖြာထွက်လာခဲ့ချေသည်။ ရွှီရှန်းက နောက်ဘက် အခန်းတွင် ထိုင်လျက် ထိုမြင်ကွင်းကို ကြည့်ရှုနေခဲ့ပေသည်။

အချိန်ခဏ ကြာပြီးနောက်...

"ကျစ်... ရှစ်မိနစ်တောင် ကြာတာလား..."

နောက်တစ်ကြိမ် ထမ်းထုတ်ခံရပြန်ပြီး မရပ်မနား ပျို့အန်နေသော ကျန်းချန်ကို ကြည့်ရင်း ရွှီရှန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ တစ်ဖက်လူက ပြကွင်းထဲသို့ ဝင်ရောက်သွားချိန်မှစ၍ ကျောက်ဟန်၏ အရေခွံကို မတော်တဆ ဆုတ်ဖြဲမိသွားသည်အထိ ဖြစ်စဉ် အားလုံးကို သူက အလွန် ရှင်းလင်းပြတ်သားစွာ မြင်တွေ့လိုက်ရခြင်း ဖြစ်ချေသည်။ မှန်ပေသည်။ ကျောက်ဟန်၏ အရေခွံကို ဆုတ်ဖြဲလိုက်ခြင်းပင် ဖြစ်လေသည်။

ကျန်းချန်က မူလက စိတ်အားထက်သန်စွာဖြင့် ပြကွင်းကို မည်သို့ ဖြတ်ကျော်ရမည်ကို ရှင်းပြနေခဲ့ပေသည်။ ထို့နောက် သူက ကျောက်ဟန်၏ ကိုယ်ပေါ်သို့ လက်ကို တင်လိုက်ရာ ကျောက်ဟန်၏ အရေပြားက သူ ထိတွေ့လိုက်သော နေရာမှနေ၍ တိုက်ရိုက် ဆုတ်ခွာခံလိုက်ရခြင်း ဖြစ်ချေသည်။

ထိုခဏ၌ နီရဲနေပြီး သွေးညှီနံ့များ ထွက်ပေါ်နေကာ ကြွက်သား ဖွဲ့စည်းပုံများ အထင်းသား ပေါ်လွင်နေပြီး ကိုယ်ပေါ်မှ သွေးရည်များ တပေါက်ပေါက် ကျဆင်းနေသည့် နာကျင်မှုကို မခံစားရသော သွေးသံရဲရဲ လူတစ်ယောက်က သူ၏ မျက်စိရှေ့တွင် ထွက်ပေါ်လာခဲ့လေသည်။ လူ့မျက်နှာ တစ်ခုက တိုက်ရိုက် ဆုတ်ခွာခံလိုက်ရပြီး အတွင်းဘက်ရှိ နီရဲနေသော ကြွက်သား ဖွဲ့စည်းပုံများကို မြင်တွေ့လိုက်ရခြင်းပင် ဖြစ်ပေသည်။

ကျန်းချန်က ခေါင်းငုံ့ကာ မိမိ၏ လက်ထဲတွင် ဆုတ်ဖြဲထားသော လူသားအရေခွံကို ကြည့်လိုက်ပြီး မျက်စိရှေ့ရှိ ကျောက်ဟန်ကို ထပ်မံ ကြည့်ရှုလိုက်ချေသည်။ နောက်တစ်ခဏတွင် သူက သတိလစ် မေ့မြောသွားခဲ့လေတော့သည်။

"ရှစ်မိနစ်... ပြီးခဲ့တဲ့ တစ်ခေါက်ကထက် တစ်မိနစ်ခွဲလောက် ပိုမြန်သွားတာပဲ... အမြန် ဖြတ်ကျော်တဲ့ ကစားသမား လို့ ခေါ်ရတာ တန်ပါတယ်..."

ရွှီရှန်းက တစ်ဖက်လူ၏ အမြန်နှုန်းကို အလွန်အမင်း လေးစားသွားခဲ့ပေသည်။ သရဲအိမ်တွင် ဤကဲ့သို့သော သတိလစ် မေ့မြောသည့် မတော်တဆမှုများကို အလွန် လျင်မြန်စွာ ဖြေရှင်းနိုင်စွမ်းရှိသော ပြီးပြည့်စုံသည့် လုပ်ငန်းစဉ်များ ရှိနေပြီ ဖြစ်ချေသည်။

ကျန်းချန် သတိပြန်လည်လာပြီးနောက် အလွန် ကျွမ်းကျင်စွာဖြင့် ဘောင်းဘီ တစ်ထည် ဝယ်ယူကာ ရေချိုးပြီး ထမင်းစားလိုက်လေသည်။ ထို့နောက် မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာလျက် ပြကွင်းထဲသို့ အသစ် ဝင်ရောက်သွားကြသော ဧည့်သည်များကို ကြည့်ရှုနေခဲ့ပေသည်။

ထိုအချိန်အတွင်း၌ တိရစ္ဆာန် လမ်းကြား ၏ အခက်အခဲ အဆင့် နိမ့်ကျသည်ဟု ဆိုကာ လက်မှတ် လာဝယ်ကြသူများ အများအပြား ရှိခဲ့ချေသည်။ သို့သော် သူတို့သည် မိနစ်အနည်းငယ် အတွင်းမှာပင် စိတ်ပိုင်းဆိုင်ရာ ပြိုလဲသွားခဲ့ကြလေသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ရွှီရှန်းမှာ မိမိ၏ အမျိုးသမီး အတွင်းခံဆိုင်လေး အရောင်းသွက်လာသည့် အတွက်သာ အလွန်အမင်း ကျေနပ် အားရနေခဲ့ပေသည်။ သို့သော်လည်း...

ည ၉ နာရီခွဲ အချိန်သို့ ရောက်ရှိလာခဲ့လေသည်။ တစ်နေ့တာ အချိန်များ ကုန်လွန်သွားပြီးနောက် ရွှီရှန်းက စားပွဲရှေ့တွင် ထိုင်လျက် မျက်မှောင်များ ပြင်းထန်စွာ ကျုံ့ဝင်နေချေသည်။

"တစ်နေ့လုံး ကုန်သွားတာတောင် စနစ်ရဲ့ တာဝန်က ဘာဖြစ်လို့ ဘာလှုပ်ရှားမှုမှ မရှိသေးတာလဲ..."

ရွှီရှန်းက တာဝန် အချက်အလက် မျက်နှာပြင်ကို ခေါ်ယူလိုက်လေသည်။ စတင်ချိန်မှ ယခုအချိန်အထိ အချိန်အတော်ကြာ ကုန်လွန်သွားခဲ့ပြီ ဖြစ်ပေသည်။ တာဝန် မိတ်ဆက် အချက်အလက်များကို ထားလိုက်ပါတော့... ဝမ်ချောင်၏ အရိပ်အယောင်ကိုပင် လုံးဝ မမြင်တွေ့ရချေ။

အချိန်အတော်ကြာ စဉ်းစားခန်း ဝင်ပြီးနောက် ရွှီရှန်းက ဟန်ယွဲ့ကို အရင် ကူညီ ကြည့်ရှုပေးထားရန် ဆုံးဖြတ်လိုက်ပြီး သူက ထောင့်ကျကျ နေရာသို့ လျှောက်သွားလိုက်လေသည်။ ဤကဲ့သို့ သဲလွန်စ လုံးဝ မရှိသော အမှုမျိုးကို ဖြေရှင်းရန်အတွက် ရွှီရှန်း အနေဖြင့် အလွန် အသုံးတည့်သော နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိထားပြီး ဖြစ်ချေသည်။ ထိုအရာမှာ ဖုန်းခေါ်ဆိုရန် အမည် [ဝမ်ချောင်] ပင် ဖြစ်ပေသည်။

ရွှီရှန်းက လက်ကိုင်ဖုန်းကို ထုတ်ယူကာ ဝမ်ချောင်၏ ဖုန်းနံပါတ်ကို ရှာဖွေ၍ နှိပ်လိုက်လေသည်။ သို့သော် အချိန်အတော်ကြာ စောင့်ဆိုင်းနေပြီးနောက်...

"တူ... တူ... တူ..."

အသံတစ်သံ ထွက်ပေါ်လာခဲ့ချေသည်။

[သင် ခေါ်ဆိုနေသော ဖုန်းမှာ လောလောဆယ် စက်ပိတ်ထားပါသည်]

'ဖုန်းပိတ်ထားတယ်... မဟုတ်သေးဘူး... ငါတို့ လမ်းခွဲတုန်းက ဖုန်းဖွင့်ထားဖို့ ငါ သေချာ မှာထားခဲ့တာပဲ... ဒီကောင်လေးက သိပ်ပြီး တည်ငြိမ်တဲ့သူ မဟုတ်ပေမဲ့ ဒီလို ကိစ္စမျိုးမှာတော့ ငါ့ကို လိမ်ညာစရာ အကြောင်းမရှိဘူး... ဒါမှမဟုတ်... မတော်တဆမှု တစ်ခုခုများ ဖြစ်သွားတာလား...'

ရွှီရှန်းက မျက်လုံးများကို မှေးလိုက်ပြီး ယခုတစ်ကြိမ် အမှု၏ သဘောသဘာဝကို တွေးတောနေမိလေသည်။ ကြီးမားသော ပြကွင်းတစ်ခု၏ နောက်ဆုံး တာဝန်တစ်ခု ဖြစ်ရာ ဤအရာ၏ အန္တရာယ် အဆင့်အတန်းက လုံးဝ နိမ့်ကျနေမည် မဟုတ်ကြောင်း သူ ယုံကြည်ထားပေသည်။ အကယ်၍ မနိမ့်ကျဘဲ အလွန် မြင့်မားနေမည် ဆိုပါက... တာဝန်၏ အခက်အခဲနှင့် အန္တရာယ်များမှုကလည်း အလွန် ကြီးမားနေမည်သာ ဖြစ်ချေသည်။

ထို့အပြင် ရွှီရှန်း သတိပြုမိထားသည်မှာ တာဝန်တစ်ခုကို လက်မခံရသေးမီ အချိန်တိုင်းတွင် ဤ ကံဆိုးမိုးမှောင်ကျမယ့် ကောင်လေး ဝမ်ချောင်က သူ့ထက် တစ်လှမ်းကြို၍ မှုခင်းဖြစ်ပွားရာ နေရာသို့ အမြဲတမ်း ရောက်ရှိနေတတ်ခြင်းပင် ဖြစ်လေသည်။ ထိုသို့ဆိုလျှင် ဤအမှုကရော ဘယ်လို အနေအထား ရှိနေသနည်း ဟု တွေးတောစရာ ဖြစ်ပေသည်။ ဖြစ်နိုင်သည်က ဝမ်ချောင် တစ်ယောက် မှုခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိနေပြီ ဖြစ်ရာ ထို့ကြောင့်ပင် ဖုန်းဆက်၍ မရနိုင်ခြင်း ဖြစ်နိုင်ချေသည်။

'မဟုတ်သေးဘူး... ဒီအမှုက လူကုန်ကူးတဲ့ သူတွေနဲ့ ပတ်သက်နေဖို့ ရာခိုင်နှုန်း အရမ်း များတယ်... တကယ်လို့ ဝမ်ချောင်သာ ရှာတွေ့သွားခဲ့ရင်...'

ရုတ်တရက် ရွှီရှန်းက နောက်ဆက်တွဲ စကားများကို ဆက်မပြောနိုင်တော့ချေ။ သူ၏ မျက်ထောင့်များ တစ်ချက်မျှ တုန်ယင်သွားပြီး ကြောက်မက်ဖွယ် ကောင်းကာ ဆွံ့အသွားစေနိုင်သော အတွေးတစ်ခုက သူ၏ ဦးနှောက်ထဲတွင် ပေါ်ထွက်လာခဲ့လေသည်။

'မဖြစ်နိုင်ပါဘူး... ဝမ်ချောင် တစ်ယောက်များ... လူကုန်ကူး ခံလိုက်ရတာလား…

All Chapters