ရုပ်တု၏ဇစ်မြစ်နှင့်နောက်ခံပုံရိပ် (၂)
Vol. 105 Ch. 1442
“ကျိုးပဲ့နေတဲ့ရုပ်တုနဲ့ ရှေးဟောင်းသစ်သားစိတ်ဝိညာဉ်ကလွဲလို့ ငါ့ရတနာအားလုံးကို အဲ့ဦးခေါင်းတွေကနေ ရလာခဲ့တာပဲ။ ဒါပေမဲ့ ငါ အဲ့မှာ ရှိနေခဲ့တဲ့ နှစ်တစ်ရာအတွင်းမှာ ငါဟာ အစွန်နားမှာပဲ ဂရုတစိုက်သွားခဲ့တယ်။ ငါ အတွင်းဘက်ထဲကို မဝင်ရဲခဲ့ဘူး။ ဒါ့ကြောင့် အတွင်းထဲမှတော့ ဘာရှိနေလဲ ငါ မသိခဲ့ဘူး...”
“တနေ့မှာတော့ ငါ ကျောက်တုံးကြီးနှစ်ခုကြား သွားလာနေရင်း ငါဟာ ဟင်းလင်းပြင်အက်ကြောင်းကြီးတစ်ခုနဲ့ ကြုံခဲ့တယ်။ ငါ့ကျင့်ကြံမှုအဆင့်နဲ့ဆို ငါဟာ သံသယမရှိ သေရတော့မှာ။ ဒါ့ကြောင့် ငါဟာ နောက်ပြန်ဆုတ်ခဲ့ပြီး အဲ့နေရာရဲ့ အတွင်းဘက်နေရာထဲကို ရောက်သွားခဲ့မိတယ်...”
“ငါအတွင်းဘက်နေရာရဲ့ အစွန်အနားသပ်နေရာကို ရောက်လာတဲ့အချိန်မှာ အဘက်ဘက်ကနေ ထွက်ပေါ်နေတဲ့ အော်သံတစ်ခုကို ငါ ကြားခဲ့တယ်။ အဲ့အသံဟာ ငါ့ခန္ဓာကိုယ်ကို တုန်ယင်စေပြီး ငါ့စိတ်ဝိညာဉ်ကိုပါ လှုပ်ခတ်စေခဲ့တယ်...”
“ငါ အဲ့နေရာမှာ ဂရုမစိုက်ဘဲ မလှုပ်ရှားရဲဘူး။ ဒါ့ကြောင့် နှစ်အနည်းငယ်ကြာပြီးမှသာ ငါ လှုပ်ရှားဝံ့လာခဲ့တယ်။ ငါဟာ ဒီကနေ ထွက်ချင်ပြီး အပြင်ဘက်အစွန်းကို ပြန်ချင်ခဲ့တယ်။ ဒီအတွင်းဘက်နေရာဟာ ငါ မသွားရောက်နိုင်တဲ့နေရာတစ်ခုလို့ ငါ ခံစားမိနေတယ်။ ငါ သေသွားနိုင်တယ်လို့လည်း ခံစားမိနေတယ်..."
“ဒါပေမဲ့ ငါ ထွက်လာချင်ရုံ ရှိသေး မုန်တိုင်းတစ်ခုရဲ့ ရိုက်ခတ်ခြင်းကို ခံလိုက်ရပြီး ဒဏ်ရာအပြင်းအထန်ရ မေ့မျောသွားခဲ့တယ်။ ငါ နိုးလာတဲ့အချိန်မှာ ငါ့ဘေးနားမှာ ကြီးမားလှတဲ့ ခြောက်သွေ့တောအုပ်တစ်ခု ရှိနေခဲ့ပြီ...”
“အဲ့တောအုပ်ဟာ ကြီးမားလွန်းလှတယ်။ ငါ အဆုံးသပ်ကို မမြင်နိုင်ဘူး။ ငါ့နတ်ဘုရားအာရုံနဲ့တောင် ဒီဧရိယာကို မခြုံလွှမ်းနိုင်ဘူး။ သစ်ပင်တွေအားလုံးဟာလည်း ခြောက်သွေ့နေပြီး သစ်ရွက်တစ်ရွက်တောင် ရှိမနေခဲ့ဘူး...”
“ငါ ကြောက်ကြောက်နဲ့ပဲ ဂရုတစိုက် အဲ့တောအုပ်ထဲမှာ သွားနေခဲ့တယ်။ နှစ်ပေါင်းဘယ်လောက်ကြာမှန်း မသိတဲ့နောက်မှာ ငါဟာ လုံးဝ မသွေ့ခြောက်သေးတဲ့ သစ်ပင်တစ်ပင်ကို တွေ့လိုက်ရတယ်။ အဲ့သစ်ပင်ပေါ်မှာ တစ်ခုတည်းဖြစ်နေတဲ့ အဝါရောင်သစ်ရွက် ရှိနေတယ်။ ဒါက အဲ့တောအုပ်ထဲမှာ ငါ ပထမဆုံး မြင်လိုက်ရတဲ့ သစ်ရွက်ပဲ။ အဲ့သစ်ရွက်ကိုလည်း ငါ ယူလာခဲ့တယ်။ ဒါ့အပြင် လုံးဝ မသွေ့ခြောက်သေးတဲ့ အဲ့ဒီသစ်ပင်ကိုလည်း ငါ့ သိုလှောင်အိတ်ထဲ ထည့်သိမ်းလာခဲ့တယ်..."
“ဒီလိုဆန်းကြယ်လှတဲ့ တောအုပ်ဟာ ဘယ်နေရာမှာ ရှိနေတာလဲ ငါ မသိဘူး။ ငါက ရှေ့ကိုပဲ ဆက်သွားမိနေတယ်။ နှစ်ပေါင်းထောင်ချီကုန်လွန်လာခဲ့ပြီလို့ ငါ ခံစားမိတယ်။ ငါ ရှေ့ဆက်လျှောက်လေ ခြောက်သွေ့မှုက ပိုဆိုးလာလေပဲ။ အဆုံးသပ်မှာ ငါ ထိလိုက်တာနဲ့ ဒီသစ်ပင်တွေဟာ အမှုန့်အမွှားအဖြစ်ကို ပြောင်းသွားတော့တာ။ တနေ့မှာတော့ ငါဟာ ဒီတောအုပ်ရဲ့ အလယ်ကို ရောက်လာခဲ့တယ်။ အဲ့နေရာဟာ အလယ်ဗဟိုချက် ဖြစ်မယ်လို့ ငါ ယုံကြည်ခဲ့တယ်။ ငါ အဲ့နေရာမှာ ရုပ်တုတစ်ခုကို မြင်ခဲ့တယ်။ အဲ့အချိန်မှာ ငါဟာ ဒီရုပ်တုကြောင့်ပဲ ဒီအဆုံးမရှိတဲ့တောအုပ်ဟာ ခြောက်သွေ့ကုန်တာလို့ ငါ ခံစားမိတယ်...”
“ဒီရုပ်တုဟာ ရတနာတစ်ခုလို့လည်း ငါ ခံစားမိခဲ့တယ်။ ငါ ဒီရုပ်တုကို ကောက်ယူလိုက်တဲ့အချိန်မှာ ဝဲကတော့တစ်ခု ပေါ်လာတော့တာပဲ။ အဲ့ဝဲကတော့ဟာ ငါ့ကို ဒီနေရာဆီ ပို့ဆောင်ပေးခဲ့တဲ့ ဝဲကတော့နဲ့တူတူပဲ။ ငါ ပျော်ရွှင်သွားခဲ့ပြီး ဒီဝဲကတော့ထဲ တရှိန်ထိုး ဝင်ရောက်ခဲ့တယ်...”
“ငါ ထွက်လာခဲ့တဲ့နောက် ငါဟာ တစိမ်းကြယ်အဖွဲ့အစည်းတစ်ခုမှာ ရောက်နေခဲ့ပြီ။ နောက်ပိုင်းမှာ ငါ ရောက်လာတဲ့နေရာဟာ ပြင်ပနယ်မြေဆိုတာ သိလာခဲ့တယ်...” လောဘကြီးသည် သူ့စကားကို အဆုံးသပ်ပြီးနောက် သူက ဝမ်လင်းကို ကြည့်သည်။
ဝမ်လင်းသည် မျက်မှောင်ကြုတ်ကာ စတင်စဉ်းစားကြည့်နေ၏။
လောဘကြီး၏မျက်လုံးထဲတွင် ဖျပ်ခနဲ လင်းလက်သွား၏။ သူ့ဇာတ်လမ်းတစ်ဝက်လောက် ရောက်ချိန်တွင် သူက သူ့ခန္ဓာကိုယ်မှာ ဆက်လက်အေးခဲမနေတော့မှန်းကို သိလိုက်၏။ ရပ်တန့်ခြင်းမန္တာန်သည် အစွမ်းပြယ်သွားသည့်ပုံပင်။
ထိုအခိုက်အတန့်တွင် ဝမ်လင်း စဉ်းစားနေသည်ကို တွေ့မြင်သည့်အခါ လောဘကြီးသည် တဖြည်းဖြည်းနောက်ဆုတ်ရင်း ရုတ်တရက် အရှိန်မြင့်လိုက်လေ၏။ သူက ထွက်ပြေးရုံရှိသေး ဝမ်လင်းသည် သူ့ညာလက်ကို ပင့်မြှောက်ကာ ဆန့်ထုတ်လိုက်၏။
ချက်ခြင်းပင် လောဘကြီးသည် နာကျင်ထိတ်လန့်စွာ အော်ဟစ်လိုက်ရပြီး မမြင်ရသောလက်တစ်ဖက်၏ ဖမ်းဆီးခြင်းကို ခံရကာ ဝမ်လင်းထံသို့ ဆွဲငင်ခေါ်ဆောင်တာ ခံလိုက်ရ၏။ ဝမ်လင်း၏လက်ဝါးက လောဘကြီး၏နှဖူးနှင့် နီးကပ်စွာ ထိသွား၏။ သူ့လက်ဝါးထံမှ ဆန်းကြယ်သောစုပ်အားတစ်ခု ပေါ်လာကာ လောဘကြီး၏ဦးခေါင်းထဲသို့ ရှင်းလင်းစွာ ဝင်ရောက်သွားသည်။
လောဘကြီးထံ၌ ကြောက်ရွှံ့မှု လှိုက်တက်လာကာ သူသည် အလန့်တကြား အော်ဟစ်လိုက်သည်။ “သင် ငါ့ကို မသတ်ဘူးလို့ ကတိပေးထားတယ်လေ…”
သူ ထိုသို့အော်ပြောလိုက်ရုံ ရှိသေး ဝမ်လင်း၏ညာလက်က လောဘကြီး၏နဖူးထက်သို့ ကျရောက်သွားသည်။ သူ့နတ်ဘုရားအာရုံမှာ လောဘကြီး၏မူလစိတ်ဝိညာဉ်အတွင်း ဝင်ရောက်ကာ လောဘကြီး၏မှတ်ဉာဏ်များကို ခြုံငုံကြည့်သည်။
တစ်ချိန်တည်းမှာ ဝမ်လင်း၏အစွမ်းထက်နတ်ဘုရားအာရုံနှင့်အတူ မိုးကြိုးသည် တုန်ဟည်းလျက် သူ့ညာလက်တွင် လောရောက်စုဝေးသည်။ မိုးကြိုးမှာ လောဘကြီး၏မူလစိတ်ဝိညာဉ်အတွင်းသို့ ဝင်ရောက်သွားပြီး သူ့မူလစိတ်ဝိညာဉ်ကို ရှင်းလင်းပေး၏။
လောဘကြီး၏ခန္ဓာကိုယ်မှာ တဆက်ဆက် တုန်ယင်နေ၏။ ဤအခိုက်တွင် သူ့တစ်ကိုယ်လုံး ချွေးများရွှဲနစ်နေသည်။ ထိုအဖြစ်က တဒင်္ဂသာ ကြာ၏။ ထို့နောက် ဝမ်လင်းက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ လောဘကြီးသည် အဝေးသို့ လွင့်စင်သွားတော့သည်။
“သင့်ရဲ့ ရတနာတွေကို ငါ အလကား မယူဘူး။ သင် သွားနိုင်ပြီ…”
လောဘကြီး၏မျက်နှာမှာ ဖြူရောနေ၏။ သူက သူ့လျှာကို ကိုက်ကာ သွေးများ ထွေးထုတ်သည်။ သူ့အမြန်နှုန်းသည် ကြီးစွာ တိုးလာ၏။ သူက အဝေးသို့ ထွက်ပြေးတော့သည်။ မျက်စိတစ်မှိတ်အတွင်း သူ့အရိပ်အယောင်ပင် မကျန်တော့ချေ။
သေမှာစိုး၍ ထွက်ပြေးနေရာကနေ လောဘကြီး၏မျက်လုံးထဲ၌ ကြောက်ရွှံ့မှု ပြည့်နှက်နေသည်။ သူသည် မှားယွင်းသောခံစားချက်ကိုလည်း ရရှိနေ၏။
“ဒါက သူ ငါ့ရတနာတွေကို ယူသွားတဲ့ ဒုတိယကြိမ်မြောက်ပဲ။ နောက်ထပ် တတိယကြိမ်မြောက်ဆိုတာ ဘယ်တော့မှ ထပ်မဖြစ်စေရဘူးလို့ ငါ ကျိန်ဆိုတယ်။ ငါ့ရတနာအများစုဟာ ယူဆောင်တာ ခံဠိုက်ရပြီ။ ဒီတော့ ဒီပြိုလဲကုန်းမြေမှာ ဆက်နေနေတာဟာ အန္တရာယ်များလွန်းလှတယ်…” လောဘကြီးသည် မှားယွင်းသလို ခံစားနေရပြီး ဝမ်လင်း သူ့နောက်မှ လိုက်မလာတာ သေချာအောင် တည်နေရာရွှေ့ပြောင်းခြင်းများစွာ ပြုလုပ်ပြီးနောက် သူ ပျောက်ကွယ်သွားလေသည်။
ထို့နောက် သူသည် ကျင့်ကြံခြင်းဂြိုဟ်တစ်ခုပေါ်တွင် ပြန်ပေါ်လာ၏။ သူ ပြန်ပေါ်လာသည်နှင့် သူက တောင်တစ်လုံးထံ တိုးဝင်သွားကာ တောင်အနား ရောက်လာသည့်အခါ သူ့လက်ကို ဝေ့ယမ်း၏။ ထိုတောင်သည် တုန်ဟည်းသွားပြီး ပါးလှပ်သောအက်ကြောင်းတစ်ခု ပွင့်ဟလာသည်။
လောဘကြီးသည် တုန့်နှေးမနေဘဲ အတွင်းသို့ ဝင်ရောက်လိုက်၏။ သို့သော် သူ ဝင်ရောက်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်မှာ တုန်ယင်သွားသည်။ အက်ကြောင်းထံမှ စူးရှရှအနံ့ဆိုးတစ်ခု ထွက်ပေါ်လာပြီး သူ့မျက်နှာထက် တရကြမ်း တိုးဝင်လာသည်။ သူ သတိမေ့သွားလုနီးနီး ဖြစ်လောက်အောင်ထိ ယင်းအနံ့မှာ ဆိုးရွားလှသည်။
“ဒါက ဘာကြောင့်များ ခုလောက် အနံ့ဆိုးရွားနေရတာလဲ…” လောဘကြီးသည် ဆဲဆိုလိုက်၏။ ရုတ်တရက် သူ့ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ သူသည် တဒင်္ဂ တောင့်တင်းသွားပြီးနောက် သူ့နှာခေါင်းကို ရှုံ့ချည်ပွချည် လုပ်သည်။ သေချာအနံ့ခံကြည့်ပြီးနောက် သူ့မျက်လုံးထဲတွင် မယုံကြည်နိုင်ဖြစ်မှု ပြည့်နှက်လာချေ၏။
“ငါ့ခန္ဓာကိုယ်ပေါ်က အနံ့ဆိုးဟာ ပျောက်သွားခဲ့ပြီ။ ငါ့ရဲ့အနံ့အာရုံတောင် ပြန်ရလာခဲ့ပြီပဲ။ ငါ အရင်တုန်းကဆို ဒီလှိုဏ်ဂူရဲ့ အနံ့အသက်ကို မရနိုင်ခဲ့ဘူး…”
လောဘကြီး၏မျက်လုံးထဲတွင် ပျော်ရွှင်မှု ပြည့်နှက်သွား၏။ နှစ်ပေါင်းရာချီအချိန်အတွင်း သူသည် သူ့ခန္ဓာကိုယ်ပေါ်မှ အနံ့အသက်ကို ပျောက်အောင် များစွာ အားစိုက်ထုတ်ခဲ့ရသည် မဟုတ်လား။ ဝမ်လင်းနှင့် တွေ့ဆုံပြီးနောက် သူသည် ရှေးဟောင်းကင်းမြှီးကောက်အလောင်းကို ရဖို့အခွင့်အရေးလည်း လက်လွှတ်လိုက်ရသည့်နောက်တွင်မူ သူ မျှော်လင့်ချက်ပါ မဲ့သွားခဲ့၏။ သို့ပေမည့် အခုချိန်တွင် ထိုအနံ့အသက်မှာ သူ့ဟာသူ မထင်မှတ်သွာ ပျောက်သွားခဲ့လေပြီ။
“ငါ သင့်ရဲ့ ရတနာတွေကို အလာကား မယူဘူး။ သင် သွားနိုင်ပြီ…” လောဘကြီးသည် သူ ထွက်မလာခင် ဝမ်လင်းပြောခဲ့သော စကားများကို ပြန်အမှတ်ရလိုက်သည်။ သူသည် စိတ်ရှုပ်ထွေးဟန် အမူအရာ ဖြစ်ပေါ်သွား၏။
လောဘကြီး ထွက်သွားသည့်နောက် ဝမ်လင်းသည် ကင်းမြှီးကောက်နက်ကလန်သို့ ပြန်လာခဲ့သည်။ လောဘကြီးသည် သူ့ထက်အရင် အတွင်းနယ်မြေကနေ ထွက်လာခဲ့ပြီး သူ့အတွက် ရတနာများစွာကို စုဆောင်းပေးခဲ့ပေသည်။ လောဘကြီး၏ ရတနာများကို ရရှိပြီးသည့်နောက် သူ့ မွေးရပ်မြေမှ တစ်စုံတစ်ယောက်နှင့် တွေ့ရသည့် ပျော်ရွှင်မှုကိုပါ ထပ်ပေါင်းလိုက်ပါက ဝမ်လင်းသည် ထိုသူ့ကို အဘယ်သို့ သတ်နိုင်ပါတော့မည်နည်း။
“ဒီလောဘကြီးဟာ ငါ့အတွက် ကံကောင်းစေတဲ့ကြယ်ပဲ။ ငါ သူ့ကို မသတ်ဘူး။ ငါ သူ့ကို လွှတ်ပေးရမယ်။ ပြီးမှ ငါတို့ တတိယအကြိမ် ထပ်တွေ့ရအောင် ငါ သူ့ကို ရှာမယ်။ အဲ့အချိန်ကျရင် သူက ငါ့ကို ပိုများတဲ့ရတနာတွေ ထပ်ပေးတာတောင် ဖြစ်နိုင်သေးတယ်…” ဝမ်လင်းသည် ပြုံးလိုက်၏။ သူသည် ကင်းမြှီးကောက်နက်ကလန်ရှိရာ ဂြိုဟ်အထက်တွင် ပေါ်လာသည်။
တိမ်လွတ်မြောက်ခြင်းကလန်မှ ကျင့်ကြံသူတစ်ထောင်နီးပါးသည် ထွက်မသွားဝံ့ဘဲ နေရာတွင်သာ ရှိနေကြ၏။ ကျုံးသဟုန်ကတော့ တက်ကြွနေ၏။ သူက သူ့ကို ဒဏ်ရာကုသပေးရန် ကျင့်ကြံမှုအဆင့်မြင့်သူအချို့ကိုပါ ရွေးခေါ်လိုက်သေးသည်။ သူသည် ထိုနေရာတွင် လှဲလျောင်းလျက် အဆတ်မပြတ် အေးစက်စက်နှာခေါင်းရှုံ့နေချေ၏။
သူ နှာခေါင်းရှုံ့လိုက်တိုင်းလည်း ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် တုန်တုန်သွားကြသည်။
သူတို့က ကျုံးသဟုန်ကို လေးစားစွာ ကြည့်နေကြသည်။ သူတို့သည် ကျုံးသဟုန်ကို မကြောက်လန့်ပေ။ သို့သော် ထိုသူ၏နောက်မှ သခင်ကိုမူ တုန်နေအောင် လန့်သည်။ တိမ်လွတ်မြောက်ခြင်းကလန်ခေါင်းဆောင်မှာ ဝမ်လင်း၏တုန်ကင်ပြားကို တွေ့မြင်လိုက်ရသည့်နောက် ဝမ်လင်းသည် သူတို့ မစော်ကားနိုင်သောတစ်စုံတစ်ဦး ဖြစ်မှန်း သဘောပေါက်လိုက်ပေသည်။
တကွဲတပြား ဖြစ်သွားသော ကင်းမြှီးကောက်နက်ကလန်ဝင်များသည်လည်း တစ်ယောက်ပြီး တစ်ယောက် ပြန်ရောက်လာကြ၏။ ကျန့်ဟူသောအဘိုးအိုပင် ပြန်ရောက်လာခဲ့၏။
ကျုံးသဟုန်၏ပုခုံးနှစ်ဖက်ကို ပွတ်သပ်ပေးနေသော တိမ်လွတ်မြောက်ခြင်းကလန်မှ အမျိုးသမီးကျင့်ကြံသူနှစ်ယောက်လည်း ရှိ၏။ သူက အလွန်သက်တောင့်သက်သာဖြစ်မှုကို ခံစားနေရသည်။ သူ မောက်မာစွာ ပြောလိုက်သည်။ “ငါ မင်းတို့အားလုံးကို ပြောခဲ့ပြီးပြီး။ ဒါပေမဲ့ မင်းတို့က ငါ့ကို မယုံကြဘူး။ မင်းတို့ရဲ့ မျက်လုံးတွေ ဘယ်နေရာများ အသုံးကျမလဲ…"
“မင်းတို့ရဲ့ ကျင့်ကြံမှုအဆင့်လောက်ကို ငါ့ သခင် မပြောနဲ့ ဒီအဘိုးအိုကတောင် မင်းတို့အားလုံးကို ချိန်းခြောက်နိုင်မယ်လို့ မယူဆထားဘူး။ တစ်ချက်ရိုက်လိုက်ရုံနဲ့ မင်းတို့ကို ပုရွတ်ဆိတ်တွေလို ချေမွပစ်ဖို့ လုံလောက်နေပြီ…” ကျုံးသဟုန်သည် မေးမော့ကာ အထင်သေးဟန်ဖြင့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို ဆူမဲနေသည်။
ထိုကျင့်ကြံသူများက သဘောတူဟန် ခေါင်းညိတ်ကြ၏။ သူတို့သည် အခုချိန်၌ ဒီကျုံးသဟုန်ကိုပင် ကလန်ကဆန် မလုပ်ဝံ့ကြတော့ချေ။
တိမ်လွတ်မြောက်ခြင်းကလန်ခေါင်းဆောင်နှင့် အကြီးအကဲများက ကျုံးသဟုန်၏ဘေးတွင် တလေးတစား ရပ်နေကြသည်။ သူတို့သည် ဖောလံဖားအပြုံးတို့ကို တပ်ဆင်လက် အဆက်မပြတ် ခေါင်းညိတ်နေသည်။
“အရှင်…ကျေးဇူးပြုပြီး ငါတို့ကို ခွင့်လွှတ်ပေးပါ။ ငါ့အနေနဲ့ တကယ့်ကို အရှင့်ရဲ့နောက်ခံပုံရိပ်ကို မသိခဲ့မိတာပါ။ အရှင်က ငါတို့အတွက် အကောင်းပြောပေးဖို့ မျှော်လင့်မိပါတယ်။ အဲ့လိုဆိုရင် ငါက သင့်ကို ရက်ရက်ရောရော လက်ဆောင်တစ်ခု ပေးအပ်ပါ့မယ်…” တိမ်လွတ်မြောက်ခြင်းကလန်ခေါင်းဆောင်၏ စိတ်ထဲတွင်မူ ခါးသီးစွာ ခံစားနေရ၏။ သူ့ကျင့်ကြံမှုအဆင့်မှာ များစွာ မြင့်မားသည်မှာ ထင်ရှား၏။ သူသည် ကျုံးသဟုန်ကို လက်ညှိုးတစ်ချောင်းတည်းနှင့် သတ်ပစ်နိုင်သည်။ သို့သော် ခုချိန်၌ သူသည် ထိုလူ့ကို ဂရုတစိုက်ကပ်ဖားရမည်သာ။
ကျုံးသဟုန်သည် သူ့ကို အမျိုးသမီးကျင့်ကြံသူနှစ်ယောက်က နှိပ်ပေးနေသည့်အတွက် အတော်လေး သက်တောင့်သက်သာ ဖြစ်နေ၏။ သူသည် အေးစက်စက်နှာခေါင်းရှုံ့၍ ဝင့်ထည်မောက်မာစွာ ပြောလိုက်သည်။ “မင်းက မင်းအမှားကို သဘောပေါက်မှတော့ ငါ မင်းကို တစ်ကြိမ်တော့ အခွင့်အရေးတစ်ခု ပေးလိုက်မယ်။ ဒါပေမဲ့…”
တိမ်လွတ်မြောက်ခြင်းခေါင်းဆောင်သည် ရှေ့သို့ခြေလှမ်းအနည်းငယ်တိုးကာ သူ့ညာလက်ကို ဝေ့ယမ်းပြီး ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူလိုက်၏။ သူ့စိတ်နှလုံးမှာ နာကျင်နေရ၏။ သို့သော် သူသည် အံတင်းတင်းကြိတ်ကာ ၎င်းပုလင်းကို ကမ်းလှမ်းလိုက်သည်။
“ဒါက လက်ဆောင်လေးတစ်ခုပါ။ အရှင် ဒါကို လက်ခံမယ်လို့ ငါ မျှော်လင့်မိပါတယ်…”
ကျုံးသဟုန်သည် ထိုပုလင်းကို လှမ်းယူလိုက်ပြီး ကြည့်၏။ သူ့မျက်လုံးထဲတွင် ပျော်ရွှင်ဟန် ဖြစ်ပေါ်လာပြီး သူက ၎င်းကို သိမ်းဆည်းလျက် ချောင်းဟန့်ကာ ပြောလိုက်သည်။ “ဒီအဘိုးအို ကြိုးစားပေးမယ်…”
ထိုအခိုက်တွင် ကောင်းကင်ထက်တွင် လှိုင်းဂယက်များ ပေါ်လာပြီး ဝမ်လင်းသည် လှမ်းထွက်လာ၏။ သူ လှမ်းထွက်လာချိန်တွင် ကျုံးသဟုန်၏အမူအရာမှာ ပြောင်းလဲသွားသည်။ ရုတ်တရက် သူက ထရပ်၏။ သူသည် နှေးလွန်းမည်ကို စိုးရိမ်နေသည့်အလား သူ့နောက်မှ အမျိုးသမီးကျင့်ကြံသူကို တွန်းထုတ်လိုက်သေးသည်။
“သခင့်ကို ကြိုဆိုပါတယ်။ သခင်….ဒီကျုံးသဟုန်က သခင့်ကို မတွေ့ရတာ ကြာလှနေပြီဖြစ်တဲ့အတွက် ကျင့်ကြံတာတောင် စိတ်တည်တည်ငြိမ်ငြိမ် မထားနိုင် ဖြစ်ရပါတယ်...။ ဒီက ကျွန်တော်မျိုးက သခင့်ကို သတိရနေတာပါ…”
“သခင့်ကို ခုလိုမျိုး တွေ့လိုက်ရမှာပဲ ဒီကောင်လေးရဲ့ စိတ်ဟာ တည်ငြိမ်နိုင်တော့တယ်…” ကျုံးသဟုန်သည် ရှေ့သို့ အလျင်အမြန် တိုးလာရင်း သူ၏ဖော်လံဖားပညာရပ်ကို အသုံးချသည်။
ထိုအခိုက်အတန့်တွင် တိမ်လွတ်မြောက်ခြင်းကလန်ရှေ့တွင် သူ အစောပိုင်းက ပြသနေသော မောက်မာမှုသည် ကွယ်ပျောက်သွားခဲ့ပြီး ဖြစ်ကာ ဖော်လံဖားအမူအရာသာ အဆက်မပြတ် ဖြစ်နေတော့၏။
တိမ်လွတ်မြောက်ခြင်းကလန်မှလူများသည် ထိုကဲ့သို့လူမျိုးကို ခုမှ ပထမဆုံးကြိမ် တွေ့ဖူးခြင်းပင်။ သူတို့သည် ပါးစပ်အဟောင်းသား ဖြစ်ကုန်၏။ စောစောပိုင်းလေးကမှ လက်ဆောင်ပေးခဲ့သော တိမ်လွတ်မြောက်ခြင်းခေါင်းဆောင်သည်ပင် မင်သက်ကြောရီသွား၏။ သူသည် တစ်စုံတစ်ယောက်က အခုလိုမျိုး ချက်ခြင်းကြီး အမူအရာကို ပြောင်းလဲပစ်နိုင်သည်ဟု တွေး၍ပင် မကြည့်ဖူးခဲ့ပေ။
“မြန်မြန် လမ်းဖယ်ကြစမ်း။ မင်းက ဘာကြောင့် အဲ့မှာ ရပ်နေရတာလဲ။ ငါ့သခင်ရဲ့လမ်းကို မပိတ်ထားစမ်းနဲ့…” ကျုံးသဟုန်သည် ဝမ်လင်းထံသို့ တရှိန်ထိုး တိုးဝင်လာရင်း တိမ်လွတ်မြောက်ခြင်းကလန်မှလူများကို တွန်းထုတ်၏။ ထိုအထဲတွင် ကလန်ခေါင်းဆောင်ပင် ပါသည်။ သူသည် အစောပိုင်းက လက်ဆောင် ရလိုက်ခြင်းကြောင့် အပျော်ကိုပင် လုံးဝ မေ့သွားသည့်အလား။
***