← Chapters

ခြောက်ဆက်မြောက်ဟင်္သာငှက်

Vol. 105 Ch. 1444

ခြောက်ဆက်မြောက်ဟင်္သာငှက်

Vol. 105 Ch. 1444

ထိုအခိုက်အတန့်တွင် လျိုကျင်းပြောင်သည် အထီးကျန်အားငယ်နေဟန် မပေါက်တော့ပေ။ သူသည် နေရာတွင်ပင် ရပ်နေ၏။ သူ့အဝတ်အစားများမှာ စုတ်ပြတ်သပ်နေသော်လည်း ဖော်ပြနိုင်စွမ်းမဲ့သောခံစားချက်တစ်ခုက သူ့အား ထွေးခြုံထားသည်။

“ဒီအဘိုးအိုဟာ လှည့်ဖြားခြင်းရဲ့ ဒုတိယနယ်ပယ်ကို ရောက်နေခဲ့ပြီးပြီး။ သင်တို့အားလုံးဟာ ဒါကို လွယ်တယ်လို့ ထင်နေတာမလား။ တစ်ကြိမ်တစ်ခါလောက် ကိုယ့်ကိုယ်ကိုလှည့်ဖြားနိုင်ဖို့ဆိုတာ လွယ်တယ်။ ဒါပေမဲ့ တစ်သက်လုံး ကိုယ့်ကိုယ်ကိုလှည့်ဖြားနိုင်ဖို့ဆိုတာကတော့ ခက်သွားပြီ။ တစ်ချိန်လုံးကိုယ့်ကိုယ်ကို လှည့်ဖြားနေရင် မူလစိတ်ဝိညာဉ်အပေါ်မှာပါ သက်ရောက်မှုရှိလာပြီး မှတ်ဉာဏ်တွေပါ ပြောင်းလဲသွားလိမ့်မယ်…”

“ဒုတိယအဆင့်ကျင့်ကြံခြင်းနယ်ပယ်ကို တက်လှမ်းပြီးဖြစ်တဲ့ အစွမ်းထက်ကျင့်ကြံသူတွေတောင် စိတ်ဝိညာဉ်ရှာဖွေကို အသုံးပြုပြီး အစစ်အမှန်မှတ်ဉာဏ်တွေကို ရှာနိုင်တော့မှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ အစစ်အမှန်မှတ်ဉာဏ်အားလုံးဟာ ပျက်စီးသွားလို့ပဲ ဖြစ်တယ်…”

“ဒုတိယအဆင့်နယ်ပယ်ဟာ ကိုယ့်ကိုယ်ကိုလှည့်စားမှုသာ ဖြစ်တယ်။ အထွတ်အထိပ်ရောက်ရင် လူတစ်ယောက်ဟာ သူတို့ကိုယ်သူတို့ ဆုံးရှုံးသွားပြီး အခြားတစ်ယောက်ယောက် ဖြစ်လာလိမ့်မယ်။ ဒါမှမဟုတ် သူတို့ဟာ ပြန်လည်မွေးဖွားလာပြီး သူတို့ကိုယ်သူတို့ ပြန်မှတ်မိလိမ့်မယ်။ အဲ့ဒီနောက် သူတို့ဟာ ဒုတိယအဆင့်လှည့်ဖြားခြင်းနယ်ပယ်ကို ချိုးဖျက်နိုင်ပြီး အချိန်မရွေး သူတို့ကိုယ်သူတို့အဖြစ် ပြန်ရောက်ရှိနိုင်ပြီ ဖြစ်တယ်။ အဲ့လိုလူမျိုးဟာ ရှားပါးလွန်းလှတယ်။ သူတို့ဟာ တတိယအဆင့်လှည့်ဖြားခြင်းနယ်ပယ်ကို ရောက်ပြီးရင် သူတို့ရဲ့အစစ်အမှန်ပုံစံကို ပြန်ရောက်နိုင်လိမ့်မယ်…”

“ငါဟာ ကျောက်စိမ်းပြားကို မှီခိုခဲ့တာကြောင့် ငါ့တာအိုနှလုံးသားဟာ မသန်မာတော့တဲ့အတွက် ငါ့ရဲ့လှည့်ဖြားခြင်းတာအိုဟာ ရပ်တန့်သွားခဲ့ရတယ်။ အဲ့လိုသာ မဟုတ်ခဲ့ရင် အရှင်ကောင်းကင်ဘုံသား(ဝမ်လင်း)တောင် ငါ့ကို အလွယ်တကူ ဖမ်းနိုင်မှာ မဟုတ်ဘူး…”

“အခု သင်ဟာ ငါ့ကျောက်စိမ်းပြားကို ယူသွားခဲ့ပြီး ငါမှီခိုခဲ့တဲ့အရာကို ဖျက်စီးခဲ့လိုက်တာဟာ ငါ့ကို အခွင့်အရေးတစ်ခု ပေးတာပဲ။ သိုလှောင်နေရာလွတ်ထဲမှာ ငါ့လှည့်ဖြားမှုပညာရပ်ဟာ ဒုတိယနယ်ပယ်ရဲ့ အထွတ်အထိပ်ထိ ရောက်ရှိခဲ့ပြီး တတိယနယ်ပယ်ကို ရောက်နိုင်ဖို့အတွက် ခြေလှမ်းတစ်ဝက်သာ လိုတော့တယ်…”

လျိုကျင်းပြောင်သည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်၏။ သူ့အမူအရာသည် အေးစက်ဟန် ဖြစ်ပေါ်နေသည်။

ဝမ်လင်း၏မျက်လုံးမှာ တလက်လက် ဖြစ်နေ၏။ သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “စိတ်ဝင်စားစရာပဲ…”

ရှုလီကောသည် လျိုကျင်းပြောင်၏ အော်ငေါက်တာ ခံလိုက်ရသည့်နောက်တွင် သူသည် ပြန်မအော်ခဲ့ပေ။ ထိုအစား သူက စဉ်းစားနေ၏။ လျိုကျင်းပြောင်ကို ကြည့်သော သူ့အကြည့်မှာလည်း ပြောင်းလဲသွားသည်။ ထို့နောက် သူက လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူလျိုကျင်းပြောင်ရဲ့ စကားတွေဟာ ငါ့ကို အမြင်ကျယ်စေခဲ့ပါတယ်။ မဟာတာအိုသုံးထောင်မှာ လှည့်ဖြားခြင်းတာအိုလည်း ပါတယ်။ ကောင်းတယ်…ကောင်းတယ်…ကောင်းတယ်။ ငါလည်း ဒီမဟာတာအိုသုံးထောင်ထဲက ဘယ်တာအိုကိုများ ရှာဖွေနိုင်မလဲ သိချင်မိတယ်…”

လျိုကျင်းပြောင်၏မျက်လုံးထဲတွင် ပျော်ရွှင်မှုနှင့် ပြည့်နှက်လာသည်။ သူသည် အခြားလူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသည့်အလား။ အစောပိုင်းက သူ့ဝင့်ထည်မှုနှင့်မထူးခြားနားဟန်က ချက်ခြင်း ပြန်ပျက်စီးသွားသည်။ သူ့ခါးပါ အနည်းငယ် ပြန်ကိုင်းသွားကာ သူ့မျက်လုံးထဲ၌ ကြောက်ရွှံ့မှုအရိပ်အမြွက် ရှိလာ၏။ “လှည့်ဖြားတဲ့စွမ်းရည်လေးဟာ အရှင်ရှု ထုတ်ပြောနေဖို့ မထိုက်တန်လှပါဘူး။ အရှင်ရှုက ဒီကောင်လေးကို အများကြီး အနိုင်မကျင့်ရင်ဘဲ ဒီကောင်လေး ကျေနပ်လှပါပြီ…”

သူ့ပြောင်းလဲမှုမှာ ရုတ်တရက် ဆန်လွန်း၏။ ရှုလီကောသည်ပင် မင်သက်သွားမိသည်။ သူသည် စိတ်ထဲကနေ ကျိန်ဆဲလိုက်မိ၏။ သူ ဘာပြောရမှန်းပင် မသိ ဖြစ်သွားရသည်။

ဝမ်လင်း၏မျက်လုံးထဲတွင် ထူးဆန်းသောအလင်းတစ်ခု ပေါ်လာသည်။ သူသည် လျိုကျင်းပြောင်ကို သေသေချာချာ ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်။ မင်းသာ ဒါကို ကောင်းကောင်းလုပ်နိုင်ခဲ့ရင် ငါ မင်းကို လွှတ်ပေးမယ့်အပြင် မင်းအတွက် ကံကောင်းမှုကြီးတစ်ခုကိုပါ ရစေအုံးမှာ ဖြစ်တယ်…”

လျိုကျင်းပြောင်၏ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ သူသည် ဝမ်လင်းကို ကြည့်လိုက်သည်။

“မင်းဟာ မကြာဆိုသလို လူတစ်ယောက် ဒါမှမဟုတ် ကလန်တစ်ခုကို လှည့်ဖြားခဲ့တယ်။ ဒါပေမဲ့ အခု ငါက မင်းကို ကလန်ကြီးတစ်ခုလုံးကို လှည့်စားစေချင်တယ်။ မင်း လုပ်ရဲလား…” ဝမ်လင်း၏အသံသည် တည်ငြိမ်၏။ သို့သော် လျိုကျင်းပြောင်မှာ ထိုစကားကို ကြားသည့်အခါ သူ့စိတ်နှလုံးမှာ တစ်ချက်ခုန်သွားရလေ၏။

လျိုကျင်းပြောင်သည် ချီတုံချတုံ ဖြစ်ကာ ခပ်တိုးတိုး ပြောလိုက်သည်။ “ဒါက…အမှန်တော့ ကျနော် ဘယ်သူ့ကို လှည့်ဖြားရမယ်ဆိုတာက ကိစ္စမရှိပါဘူး။ ဒါပေမဲ့ အသေးစိတ်ပြင်ဆင်မှုတွေတော့ အထိုင်ချထားဖို့ လိုအပ်ပါတယ်…”

“ပြဿနာမရှိဘူး။ မင်းမှာ ကြိုပြင်ဆင်ချိန် သုံးလ ရှိတယ်။ မင်း စောနက ပြောခဲ့တဲ့အတိုင်းဆို မင်းရဲ့လှည့်ဖြားမှုပညာရပ် ဒုတိယနယ်ပယ်နဲ့ဆို မင်းရဲ့ မှတ်ဉာဏ်တွေကိုပါ ပြောင်းလဲနိုင်တယ်ဆို။ ဒါ့ကြောင့် ငါ မင်းကို မှတ်ဉာဏ်တစ်စုံ ပေးလိုက်မယ်…” ဝမ်လင်း၏ဘယ်မျက်လုံးတွင်းမှ အပြာရောင်မီးတောက်တစ်ခုသည် မြင့်တက်လာကာ လျိုကျင်းပြောင်ကို ဝန်းရံကာ မီးလုံးတစ်လုံးအသွင် ဖြစ်ပေါ်လာ၏။ ရှုလီကောသည် ချက်ခြင်းပင် အထိတ်တလန့် နောက်ဆုတ်မိလိုက်သည်။

“ဒီမိစ္ဆာကောင်ရဲ့ ကျင့်ကြံမှုက ထပ်တိုးတက်လာပြန်ပြီ…”

အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးလာနေ၏။ မျက်စိတစ်မှိတ်အတွင်း တစ်လတာ ကုန်လွန်သွားခဲ့ပြီပင်။ ထိုတစ်လအတွင်း ရှုလီကောသည် ဒီလှိုဏ်ဂူထဲကနေ ပျော်ပါးရန် ထွက်သွားချင်ခဲ့သည်။ သို့သော် သူ ထွက်သွားရန် ဟန်ပြင်တိုင်း အတားအဆီးများက သူ့အား ရပ်တန့်စေသည်။

အကြိမ်အနည်းငယ် ကြိုးစားကြည့်ပြီးနောက် ရှုလီကောသည် အဆက်မပြတ် ကျိန်ဆဲကာ အပြင်ဘက်သို့သာ စိုက်ကြည်နေရင်း နေ့အိပ်မက် မက်နေတော့သည်။

ယနေ့တွင် ရှုလီကောသည် တွေဝေမိန်းမောနေရင်း သူက ရုတ်တရက် နောက်သို့ လှည့်ကြည့်လိုက်၏။ လှိုဏ်ဂူအတွင်းဘက်မှ မီးလုံးတစ်လုံးသည် တစ်လတိတိ ကျွမ်းလောင်လို့နေသည်။

သိပ်မကြာခင်တွင် ထိုမီးလုံးထံမှ ကျယ်လောင်သောဟိန်းသံတစ်သံ ထွက်ပေါ်လာပြီး မီးလုံးထံမှ မီးသည် ဟင်္သာငှက်တစ်ကောင်အသွင် ဖြစ်ပေါ်ကာ တွန့်ကြူးသံ ပြုသည်။

ထို့နောက် ပုံရိပ်တစ်ခုသည် မီးလုံးထံမှ ပေါ်လာ၏။ ပထမ၌ ထိုပုံရိပ်မှာ ဝေဝါးကာ မထင်မရှား ဖြစ်နေသေးသည်။ သို့သော် ၎င်းပုံရိပ်သည် လှမ်းထွက်လာရင်း ပိုထင်ရှားလာသည်။

ရှုလီကော၏မျက်လုံးသူငယ်အိမ်ပါ ကြုံ့သွားကာ သူသည် မင်သက်မိနေသည်။ သူက လှမ်းလျှောက်လာသော သူကို ရင်းနှီးသလိုလို ခံစားမိသည်။ သူ အနီးကပ်သေချာ ကြည့်လိုက်မှ သူ့မျက်လုံးပါ ပြူးထွက်သွားချေတော့၏။

ထိုပုံရိပ်သည် မီးလုံးထံမှ လှမ်းလျှောက်ထွက်လာကာ ရှုလီကော၏ရှေ့တွင် ရပ်သည်။ သူ့အဝတ်အစားများမှာ တစစီဖြစ်နေဆဲပင်။ သို့သော် ယင်းအဖြစ်က သူ၏ထည်ဝါခန့်ညားမှုမှာ တစ်စက်လေးပင် မလျော့ပါးစေပေ။

လျိုကျင်းပြောင်မှာ အစောပိုင်းတုန်းကအတိုင်း ရုပ်သွင်ဖြင့်သာ တစ်ပုံစံတည်း ရှိနေခြင်း ဖြစ်၏။ သို့သော် သူထံမှ ရှုလီကောကို ပေးစွမ်းနေသော ခံစားမှုမှာ အရင်ထက်စာပါက မိုးနှင့်မြေအလား ကွာခြားသွားခဲ့လေပြီ။ ခုချိန်၌ သည်လျိုကျင်းပြောင်မှာ မျိုးဆက်တစ်ဆက်၏ ခေါင်းဆောင်တစ်ယောက်အလား။

နေရာတွင် ရပ်နေရုံဖြင့် သူ့ထံမှ မမြင်ရသောဖိအားတစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ သူ့ကို တွေ့မြင်လိုက်ရသူတိုင်းအား တုန်လှုပ်သွားစေဖို့ လုံလောက်နေချေသည်။

မီးတောက်တစ်ခုကလည်း လျိုကျင်းပြောင်ကို ခြုံလွှမ်းထားသေး၏။ ၎င်းမီးတောက်မှာ ဟင်္သာငှက်တစ်ကောင်အလား။ သူ့အကြည့်က မထူးခြားနား၍ တည်ငြိမ်၏။ သူသည် ဒေါသထွက်ခြင်း အလျင်းမရှိဘဲ သ့ခွန်အားကို လှစ်ဟပြနေသည်။ သူ့အကြည့်က ရှုလီကောထံသို့ ကျရောက်သွားသည့်အခါ ရှုလီကောကိုပါ လေအေးတစ်ချက် ရှိုက်သွင်းမိသွားစေသည်။

လျိုကျင်းပြောင်၏ ကျင့်ကြံမှုမှာ အပြောင်းအလဲများကာ တစ်သမတ်တည်း ဟုတ်မနေပေ။ တစ်ခါတစ်ရံ ၎င်းက အလွန်တရာအစွမ်းထက်၏။ တစ်ခါတစ်ရံဆို သာမန်ဆန်၏။ သို့သော် ထိုကဲ့သို့ ပြောင်းလဲမှုကပင် သူ့ကို ထူးခြားဆန်းကြယ်စေသည်။ သူ့အကြည့်မှာ မထူးခြားနားဟန် ရှိသော်လည်း သူ့မျက်လုံးအတွင်း၌ ခေတ်တစ်ခု၏အရိပ်အာရုံ ထင်ဟပ်နေသည်။

ထိုကဲ့သို့အရိပ်အာရုံမှာ သာမန်ကျင့်ကြံသူများ ပိုင်ဆိုင်နိုင်သည့်အရာ မဟုတ်ပေ။ ယင်းမှာ တစ်စုံတစ်ယောက်သည် နှစ်ပေါင်းထောင်သောင်းချီ အသက်ရှင်ခဲ့ပြီး ဘဝကို ဖြတ်မြင်ပြီးသည့်နောက်မှ ပေါ်လာနိုင်သည့် ပင်ပန်းစိတ်ကုန်သည့်အာရုံတစ်ခု ဖြစ်လေ၏။

ဘဝကို ပင်ပန်းမှု၊ အချိန်အကြာကြီး အသက်ရှင်ပြီးနောက်မှ ဖြစ်ပေါ်လာသောအရာမျိုးသာ။

ရှုလီကောသည် လုံးဝ မင်သက်နေသည်။ သူသည် သူ့ရှေ့ကလူမှာ သိုလှောင်နေရာလွတ်ထဲ၌ သူ အနိုင်ကျင့်ခဲ့သော လျိုကျင်းပြောင်ဟုပင် မပြောနိုင်တော့ချေ။ ထိုနှစ်ယောက်သည် အတူတူသာ ဖြစ်သော်လည်း သူတို့နှစ်ယောက်ထံမှ ပေးစွမ်းသောခံစားချက်များက လုံးဝခြားနားသည့်လူနှစ်ယောက်ထံကအလား။

“ဒါက…သင်…” ရှုလီကောသည် ပါးစဟရန် ပြင်လိုက်စဉ်မှာပင် လျိုကျင်းပြောင်က သူ့ကို အေးစက်စက် ကြည့်လိုက်၏။ ထိုအကြည့်တစ်ချက်ဖြင့်ပင် ရှုလီကော၏ဦးရေပြားမှာ ထုံထိုင်းမိကာ နောက်သို့ ခြေလှမ်းအနည်းငယ် အလိုလိုဆုတ်သွားမိသည်။

“ဒီအဘိုးအိုဟာ ခြောက်ယောက်မြောက်ဟင်္သာငှက်နတ်အင်ပါယာပဲ။ ငါဟာ လေးဆက်မြောက်ဟင်္သာငှက်အင်ပါယာကို ရှာနေခဲ့တာ။ ငါဟာ အတွင်းနယ်မြေကနေ ထွက်လာခဲ့တဲ့အချိန်တုန်းက ချိပ်ပိတ်နယ်မြေရဲ့ အစီအရင်ကြောင့် ဒဏ်ရာအပြင်းအထန် ရသွားခဲ့တယ်…” လျိုကျင်းပြောင်သည် ထည်ဝါခန့်ငြားမှုကို ပေးစွမ်းရင်း အထက်ဆီးကဟန်ပန်ဖြင့် ပြောလိုက်၏။ ထိုအော်ရာသည် လူတစ်ယောက်မှာ မြင့်မားသောအဆင့်အတန်းတွင် ရှိပြီး လူသောင်းချီ၏ သေခြင်းရှင်ခြင်းကို အချိန်အကြာကြီး ထိန်းချုပ်နိုင်ခြင်းကြောင့်သာ ဖြစ်ပေါ်လာနိုင်ပေသည်။

ထိုအခိုက်အတန့်တွင် သူသည် တစ်ချိန်က လူလိမ်တစ်ယောက်ဖြစ်ခဲ့ဖူးသည်ကိုပါ မေ့သွားခဲ့လေပြီ။ သူ့မှတ်ဉာဏ်ပါ ပြောင်းလဲသွားခဲ့၏။ သူက သူသည် ခြောက်ယောက်မြောက်ဟင်္သာငှက်နတ်အင်ပါယာဖြစ်သည်ဟု အမှန်တကယ် ယုံကြည်သည်။

အစွမ်းထက်ကျင့်ကြံသူတစ်ယောက်က သူ့စိတ်ဝိညာဉ်ကို ရှာဖွေခဲ့လျှင်ပင် သူတို့သည် မည်သည့်ပစ်ချက်ကိုမှ တွေ့ရလိမ့်မည်မဟုတ်ပေ။ လျိုကျင်းပြောင်သည် အေးတိအေးစက် ရှေ့သို့ ခြေလှမ်းလိုက်၏။

ထိုအခိုက်တွင် ဝမ်လင်း၏အသံသည် လှိုဏ်ဂူအတွင်းရှိ အပြာရောင်မီးလုံးထံကနေ ထွက်ပေါ်လာသည်။

“ရှုလီကော…ခြောက်ယောက်မြောက်ဟင်္သာငှက်နတ်အင်ပါယာထံမှာ ကောင်းကောင်းမွန်မွန် အမှုထမ်းပါ။ မင်း သူ့အမိန့်အားလုံးကို နာခံရမယ်။ မင်း သူ့အမိန့်ကို မနာခံရင် ငါ မင်းရဲ့တည်ရှိမှုကို ပယ်ဖျက်ပစ်မယ်…”

ရှုလီကော၏ခန္ဓာကိုယ်မှာ တုန်ယင်သွား၏။ သူသည် အလျင်အမြန် ခေါင်းညိတ်ကာ လျိုကျင်းပြောင်နောက်သို့ လိုက်ပါသည်။ လှိုဏ်ဂူပေါ်ရှိ အတားအဆီးများမှာ သူ့ဟာသူ အလိုလို ပွင့်ဟသွားကာ သူတို့နှစ်ယောက်ကို ထွက်သွားခွင့် ပြုသည်။

လျိုကျင်းပြောင်ကလွဲ၍ သည်တစ်လမှာ ဝမ်လင်း သူ့အပေါ်သို့ မည်သည့်အရာ ချန်ရစ်ထားခဲ့သည်ကို မည်သူကမျှ သိနိုင်လိမ့်မည် မဟုတ်ပေ။ လျိုကျင်းပြောင်နှင့်ရှုလီကောတို့ ထွက်သွားသည့်နောက် မီးလုံးသည် တဖြည်းဖြည်း ပျောက်ကွယ်ကာ ဝမ်လင်း၏ဘယ်မျက်လုံးထံ ပြန်ရောက်ရှိလာသည်။ သူသည် နေရာတွင်ပင် တည်ငြိမ်စွာ ထိုင်နေ၏။ သူ့မျက်လုံးထဲတွင် ဉာဏ်အလင်းတစ်ခု ဖျပ်ခနဲ ပေါ်သည်။

“ဒုတိယမြောက်တည်ကြည်ကိုတော့ နေရာချလိုက်ပြီး ဖြစ်တယ်။ မီးစာကလေးကလန်…ငါ့ကို စိတ်မပျက်စေနဲ့…”

ဝမ်လင်းသည် နှာခေါင်းရှုံ့လိုက်ပြီး သူ့လက်ကို ဝေ့ယမ်းလိုက်ကာ သိုလှောင်နေရာလွတ်ကို ဖွင့်လှစ်လိုက်သည်။ ရုပ်တုတစ်ခု ပျံသန်းထွက်လာ၏။ ထိုရုပ်တုမှာ သူ လောဘကြီးထံမှ ရခဲ့သောအရာပင်။

“လောဘကြီးက ငါ့ကို ရတနာတော်တော်များများ လက်ဆောင်ပေးထားခဲ့တာပဲ။ ငါ့အနေနဲ့ ဒီရတနာတွေပေါ်မှာ ငါ့နတ်ဘုရားအာရုံကို ခပ်နှိပ်ပြီး သူတို့ရဲ့စွမ်းအားကို သိအောင်လုပ်ဖို့ပဲ လိုတယ်။ ဒါဆိုရင် ဒီရတနာတွေရဲ့ ခွန်အားအပြည့်အဝကို ငါ တိုက်ပွဲမှာ အသုံးပြုထုတ်ဖော်နိုင်ပြီ…”

“ဒီရုပ်တုဟာ သူ့ရဲ့အစွမ်းထက်ဆုံးရတနာဆိုတာ သိသာတယ်။ မဟုတ်ရင် သူက ဒါကို နောက်ဆုံးမှ ထွက်မှာ မဟုတ်ဘူး…” ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။

ဝမ်လင်းသည် လောဘကြီး၏မှတ်ဉာဏ်များကို ရှာဖွေခဲ့ပြီးနောက် သူ ပြောခဲ့သမျှ အများစုမှာ အမှန်ဖြစ်ကြောင်းကို သိခဲ့သည်။ သူသည် လောဘကြီး၏မှတ်ဉာဏ်အတွင်းမှ အရေးကြီးသောအချက်နှစ်ချက်ကိုလည်း သိခဲ့သေး၏။

ပထမတစ်ချက်မှာ အလုံးစုံကောင်းကင်နှင့် ပေါ်ထွက်လာခဲ့သော ဝဲကတော့၏နေရာ ဖြစ်၏။

ဒုတိယတစ်ချက်ကမူ လောဘကြီး ရှေးဟောင်းအုတ်ဂူကနေ ထွက်လာပြီးနောက် ပေါ်ထွက်လာခဲ့သောနေရာပင်။

“ဒီနှစ်ချက်လုံးဟာ ငါ့အတွက် အသုံးဝင်တယ်။ ငါ ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းထဲမှာ အဲ့နေရာကို ရှာသင့်တယ်။ ငါ့အတွက် အကျိုးအမြတ်အချို့တောင် ရှာတွေ့ချင်တွေ့နိုင်တယ်။ အုတ်ဂူကတော့ ကောလဟာလတွေထဲက ရှေးအမိန့်အုတ်ဂူ ဖြစ်ဖို့များတယ်…” ဝမ်လင်း၏အကြည့်က ရုပ်တုရှိ ရောက်သွားရင်း သူ စဉ်းစားနေ၏။

“ဒီရုပ်တုက ဘယ်သူများလဲ။ ဒါက ဘာကြောင့်များ ဟိုအုတ်ဂူထဲမှာ ပေါ်လာခဲ့တာလဲ…”

ဝမ်လင်းသည် အချိန်အတန်ကြာသည့်အထိ စဉ်းစားနေ၏။ ထို့နောက် သူက သူ့နတ်ဘုရားအာရုံကို ရုပ်တုထံသို့ ဖြန့်ကျက်လိုက်သည်။

သို့ပေမည့် သူ့နတ်ဘုရားအာရုံက ထိုရုပ်တုနှင့် ထိတော့မည့်အခါတွင် သူ၏မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။

“သူမကများ ဒီရုပ်တုကို သိရှိနိုင်လောက်လား…” ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်ကာ သူက သူ့ညာလက်ကို ဝေ့ယမ်းပြီး သိုလှောင်နေရာလွတ်ကို ထပ်မံ ဖွင့်လှစ်လိုက်ပြန်သည်။

ဝမ်လင်းက ထိုဟင်းလင်းပြင်အဟကို လူတစ်ယောက်အတွက် ဖွင့်လှစ်လိုက်ခြင်းသာ။

ယင်းအဟထဲကနေ ငွေရောင်လအလင်း ထွက်ပေါ်လာကာ လှိုဏ်ဂူအတွင်း၌ ပြည့်နှက်၏။ လှပသောအမျိုးသမီးတစ်ယောက်သည် ထိုအဟကြားကနေ ထွက်ပေါ်လာသည်။ သူမမှာ မှတ်ဉာဏ်အချို့သာ ပြန်ရရှိသေးသော ငွေရောင်အမျိုးသမီး ဖြစ်လေ၏။ ဝမ်လင်းက မေးလိုက်သည်။ “နင် သူ့ကို သိလား…”

ငွေရောင်အမျိုးသမီးက သူမ၏ဆံပင်ကို နားနောက်သို့ သပ်တင်ရင်း လှမ်းထွက်လာပြီးနောက် ရုပ်တုကို ကြည့်လိုက်သည်။ ထိုအခိုက်တွင် သူမ၏မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွားလေ၏။ တဒင်္ဂမင်သက်သွားပြီးနောက် သူမသည် အလန့်တကြား စတင်အော်ဟစ်လိုက်သည်။

***

All Chapters