← Chapters

အခန်း ၅၁

Vol. 6 Ch. 51

အခန်း ၅၁

Vol. 6 Ch. 51

နေကိုးစင်းနတ်ဘုရင် စာစဥ်(၆)

အခန်း(၅၁)

"မောင်လေး... မင်း စိတ်မပါရင် ငါ အတင်းမလုပ်ပါဘူး"

အမျိုးသမီးက ပရောပရီသံဖြင့် ပြောလိုက်သည်။

"မိန်းကလေး မထွက်သွားသေးဘူးလား"

ဝတ်စုံနက် ဝတ်ဆင်ထားသူ တစ်ဦးသည် ထိုမြင်ကွင်းကို ကြည့်ကာ စိတ်မရှည်ဟန်ဖြင့် အော်ဟစ်လိုက်သည်။

"ရာရာစစ နင်တို့ကများ.. အခု ချက်ချင်း ထွက်သွားကြစမ်း... သူက ဟွာလင်းဝုကျောင်းက ကျောင်းသားပဲ.. နင်တို့ သူ့ကို သတ်လိုက်ရင် ဟွာလင်းဝုကျောင်းက လိုက်လံ စုံစမ်းစစ်ဆေးပြီး အမှုန့်ချေပစ်လိမ့်မယ်"

"ကောင်းပါပြီ"

ဝတ်စုံနက်များက လျင်မြန်စွာ ပြန်လည် ထွက်ခွာသွားကြသည်။

"မောင်လေး.. နင် ဘယ်သွားမှာလဲ.. အင်ပါယာမြို့တော်ကို သွားမှာလား.. ငါလည်း အင်ပါယာမြို့တော်ကို သွားမှာ ဆိုတော့ အတူတူ သွားကြတာပေါ့"

မိန်းကလေးက တခစ်ခစ် ရယ်လိုက်ပြီး ချင်ယန်၏ ပါးကို ပွတ်သပ်လိုက်ပြန်သည်။

"စီနီယာအမ... ကျွန်တော်က အံ့ဖွယ်မှော်စာလုံးနန်းတော်ကို သွားမလို့ပါ"

"ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ... ငါလည်း အံ့ဖွယ်မှော်စာလုံးနန်းတော်ကို သွားမလို့ပဲ... ကဲ... သွားကြစို့"

မိန်းကလေးသည် လက်ထဲတွင် ကိုင်ထားသော သွေးနီရောင်ဓားကို တစ်ချက် ဝှေ့ယမ်းလိုက်ပြီး ဓားအိမ် အတွင်းသို့ ထည့်သွင်းလိုက်သည်။

ချင်ယန် ခေါင်းညိတ်ပြလိုက်သည်။

သူက စကားတစ်ခွန်းမှ မပြောဘဲ ရေငုံနှုတ်ပိတ်၍ မိန်းကလေး၏ နောက်သို့ လိုက်ပါသွားခဲ့သည်။

သူက လမ်းတစ်လျှောက်လုံး စကား လုံးဝမပြောချေ။

ဆွဲဆောင်မှု အားကောင်းသော ထိုမိန်းကလေးသာ အဆက်မပြတ် တတွတ်တွတ် ပြောနေခဲ့သည်။

သူမ၏ အမည်မှာ မန်ဖိန်လင်း ဖြစ်ပြီး စိတ်ဝိညာဉ်သွေးကြောငါးခုနှင့် ရွှေဖြူအဆင့် လင်းယုန်သိုင်းဝိညာဉ် ရှိသူ ဖြစ်သည်။

သူမသည်လည်း ပါရမီရှင် တစ်ယောက်ဟု ဆိုနိုင်၏။

သူမ၏ အသက်သည် ဆယ့်ခုနှစ်နှစ်သာ ရှိသေးသော်လည်း အဆင့်ခြောက် သိုင်းခန္ဓာနယ်ပယ်သို့ ရောက်ရှိနေသဖြင့် ချင်ယန် အံ့အားသင့်နေမိသည်။

ထို့ပြင် အရွယ်ရောက်ပြီး မိန်းကလေးတစ်ဦး ကဲ့သို့ ခန္ဓာကိုယ်က အစွမ်းကုန် ဖွံ့ဖြိုးလွန်းနေ၏။

ဆိုရလျှင် ရင့်မှည့်နေသော သစ်သီးတစ်လုံးကဲ့သို့ပင်။

"ငါ အများကြီး ပြောပြီးပြီ.. နင့်အလှည့်ပဲ"

မန်ဖိန်လင်းက ရင်ခုန်ချင်စဖွယ် နှုတ်ခမ်းများကို တွန့်လိုက်၏။

ထို့နောက် ညှို့ဓာတ်ပါသော မျက်ဝန်းများဖြင့် ကြည့်ကာ ရယ်လိုက်သည်။

"ဘာအကြောင်းမှ ပြောစရာမရှိဘူးလား.. တကယ်ပဲ ရေငုံနှုတ်ပိတ် လုပ်နေတော့မှာလား.. နင့်ရဲ့လျှာကို ဘယ်လိုအသုံးပြုပြီး စကားပြောရလဲ ဆိုတာကို ငါ့ကို သင်ပေးစေချင်နေတာလား"

ချင်ယန် စိတ်ရှုပ်သွားခဲ့သည်။

သူ တစ်စုံတစ်ခု ပြောမှ ရပေလိမ့်မည်။

ထိုစဉ် မိုးခြိမ်းသံပမာ ကျယ်လောင်သော အသံ တစ်သံကို ကြားလိုက်ကြရသည်။

မန်ဖိန်လင်းသည် နှုတ်ခမ်းစူလိုက်ပြီး ဒေါသတကြီး အော်ပြောလိုက်သည်။

"ရှန်ရှို့အင်ပါယာက ရှို့လန် ရောက်လာပြီ... ဒီအမျိုးယုတ်ရဲ့ အဆင့်ခုနစ် နှင်းခြင်္သေ့က နေ့စဉ်နဲ့အမျှ လူတိုင်းကို ခြောက်လှန့်နေတယ်... သိပ်မကြာခင် ရက်ပိုင်းအတွင်း အဲဒီနှင်းခြင်္သေ့စုတ်ကို ငါ သတ်ရလိမ့်မယ်"

ဤနေရာသို့ တကယ်ပင် ရှို့လန် ရောက်လာခဲ့သည်။

ချင်ယန် အံ့အားသင့်သွားခဲ့သည်။

ရှို့လန်သည် ရှန်ရှို့အင်ပါယာ၏ ဒုတိယမင်းသား ဖြစ်သည်။

သို့သော် သူသည် ရှန်ချင်အင်ပါယာ မြို့တော်၏ ပိုင်နက်အတွင်း ရောက်ရှိနေခဲ့၏။

မန်ဖိန်လင်းနှင့် ရှို့လန် တို့သည် အသိအကျွမ်းဟောင်းများ ဖြစ်နေပုံ ရသည်။

"စီနီယာ... သူက ဒီကို ဘာလာလုပ်တာလဲ"

ချင်ယန် ခပ်တိုးတိုး မေးလိုက်သည်။

"ငါတို့က သူရဲကောင်း တွေ့ဆုံပွဲကို ပါဝင်ဖို့ ဒီကို လာကြတာ... ငါတို့ ရှန်ချင်အင်ပါယာရဲ့ အံ့ဖွယ်မှော်စာလုံး နန်းတော်က သူရဲကောင်း တွေ့ဆုံပွဲကို အိမ်ရှင် အဖြစ် ဆောင်ရွက်မှာလေ"

မန်ဖိန်လင်း ရှင်းပြလိုက်၏။

"သူရဲကောင်း တွေ့ဆုံပွဲလား"

ချင်ယန် ထိုကိစ္စကို မသိခဲ့ပေ။

"အထွတ်အထိပ် ကျောင်းကြီးသုံးကျောင်းကို ဝင်ရောက်ချင်တဲ့ ကျောင်းသားတွေ ပါဝင်ယှဥ်ပြိုင်နိုင်တယ်"

ထိုသို့ မန်ဖိန်လင်း ပြောနေစဉ်အတွင်း အလွန် အေးစက်သော လေများ သူတို့ ထံသို့ တိုက်ခိုက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ဖြူဖွေးသော အရောင်အဆင်း ရှိသည့် ကြီးမားသော ခြင်္သေ့တစ်ကောင်သည် အေးစက်သောလေများကို ထုတ်ဖော်ကာ ပြေးလွှားလာသည်ကို တွေ့လိုက်ကြရသည်။

ထိုနှင်းခြင်္သေ့၏ နောက်မှ ပိန်ပိန်ပါးပါးနှင့် ခန့်ညားသော လူတစ်ဦး ထွက်ပေါ်လာခဲ့သည်။

ထိုလူသည် တန်ဖိုးကြီး ငွေရောင်ချပ်ဝတ် အင်္ကျီကို ဝတ်ဆင်ထားပြီး ရွှေဖြင့် ပြုလုပ်ထားသော ဓားအိမ် တစ်ခုကို ခါးတွင် ချိတ်ဆွဲထားသည်။

တစ်ချက်ကြည့်ရုံမျှဖြင့် ထူးခြားသူ တစ်ဦး ဖြစ်မှန်း သိသာနေ၏။

ထိုသူမှာ ရှန်ရှို့အင်ပါယာ၏ ဒုတိယမင်းသား ရှို့လန် ဖြစ်သည်။

"မကောင်းဆိုးဝါးမပဲ.. ဘာတွေ မြူဆွယ်နေပြန်ပြီလဲ.. နင်က ဒီလို ကလေးမျိုးလည်း ကြိုက်တယ်လား"

ရှို့လန်က ချင်ယန်ကို ကြည့်လိုက်ပြီး ရိုင်းပြသောစကားကို အပြုံးမပျက် ပြောလိုက်သည်။

"သူက အနည်းဆုံးတော့ နင့်လို စိတ်အနှောင့်အယှက် မပေးဘူး.. နောက်ပြီး နင့်ထက် အများကြီး ပိုကြည့်ကောင်းတယ်"

မန်ဖိန်လင်းက ဆတ်ဆတ်ထိမခံ ပြန်ပြောလိုက်ပြီး ချင်ယန်၏ လက်တစ်ဖက်ကို ညင်သာစွာ ဆွဲယူလိုက်သည်။

ထို့နောက် လေထဲသို့ လျင်မြန်စွာ ခုန်တက်လိုက်ပြီး သစ်ကိုင်းတစ်ခု ပေါ်သို့ တက်လှမ်းသွားကာ ရှို့လန်၏ အနားမှ ထွက်ခွာလာခဲ့သည်။

"ဒါ စိတ်ဆိုးဖို့ကောင်းတယ်... အနှေးနဲ့အမြန် ငါ သူ့ကို သွားသတ်မယ်.. ဟွန်း.. မောင်လေး.. နင်က အရမ်းကြည့်ကောင်းတဲ့အပြင် ရိုးသားမှုလည်း ရှိတယ်.. ငါ နင့်လို လူမျိုးကို ကြိုက်တယ်"

မန်ဖိန်လင်းသည် ချင်ယန်ကို ပို၍ ကြည့်မိလေလေ သူမ၏ မျက်လုံးထဲ၌ နှစ်သက်လာလေလေ ဖြစ်နေခဲ့သည်။

သူတို့နှစ်ဦးသည် တောအုပ် အပြင်သို့ လျင်မြန်စွာ ထွက်လာနိုင်ခဲ့၏။

သိပ်မကြာခင် အင်ပါယာမြို့တော်၏ ဝင်ပေါက်နှင့် သိပ်မဝေးသော နေရာတစ်ခုသို့ ရောက်ရှိလာကြသည်။

ချင်ယန်သည် ရှို့လန်၏ အစွမ်းကို ကျိတ်၍ သတိပြုမိသည်။

ရှန်ရှို့ အင်ပါယာ၏ အိမ်ရှေ့မင်းသားနှင့် တော်ဝင် သမီးတော်များသည် ရှန်ချင် အင်ပါယာထက် ပိုမို၍ စွမ်းအားကြီးပုံ ရသည်။

ရှို့ယုလင် တစ်ဦးတည်းပင် ချင်ယန်ကို ဖိနှိပ်ရန် လုံလောက်၏။

ချင်ယန်က မေးလိုက်သည်။

"စီနီယာ... အထွတ်အထိပ် ကျောင်းသုံးကျောင်းက ဘာကျောင်းတွေလဲ"

မန်ဖိန်လင်း ရှင်းပြလိုက်သည်။

"အသက်နှစ်ဆယ် မပြည့်ခင် အဆင့်ခြောက် သိုင်းခန္ဓာနယ်ပယ်ကို နင် ရောက်နိုင်ခဲ့ရင် အထွတ်အထိပ် ကျောင်းသုံးကျောင်းကို ဝင်ရောက်နိုင်တယ်... ကျောင်းသုံးကျောင်းက အချိန်တစ်ခု ရောက်တိုင်း ဝင်ရောက် ရွေးချယ်ဖို့ လူစုလေ့ ရှိတယ်... ရွေးချယ်မှုကို အောင်မြင်ခဲ့ရင် မိုးကောင်းကင်ကျောင်း၊ ကြယ်စင်ကျောင်းနဲ့ စိတ်ဝိညာဉ်ကျောင်းထဲက တစ်ခုခုကို တက်ရောက်နိုင်လိမ့်မယ်... သူရဲကောင်း တွေ့ဆုံပွဲက ကျောင်းသုံးကျောင်းနဲ့ အံ့ဖွယ်မှော်စာလုံး နန်းတော်တို့ ပူးတွဲ ကျင်းပတဲ့ပွဲပဲ"

မျက်စိတစ်မှိတ်အတွင်း သူတို့နှစ်ဦးသည် ဆယ်မီတာကျော် မြင့်မားသော မြို့ဝင်ပေါက်သို့ ရောက်ရှိလာကြသည်။

ချင်ယန်သည် မြို့တော်၏ ဝင်ပေါက်ကိုကြည့်ကာ စိတ်ခံစားမှုများစွာ ရောထွေးလာခဲ့သည်။

ဤသည်က ပထမဆုံးအကြိမ် မြို့တော်အတွင်း လွတ်လပ်စွာ သွားလာခြင်း ဖြစ်သည်။

မြို့အတွင်း ရောက်ရှိလာပြီးနောက် သူ၏ အပြုအမူက ကလေး တစ်ဦးပမာ ပြောင်းလဲသွားခဲ့သည်။

ပျားပန်းခပ်မျှ လှုပ်ရှားသွားလာနေကြသော လူအုပ်ကြီးကို စိတ်ဝင်တစား ကြည့်ရှုနေမိ၏။

"ဒါတွေကို မြင်တွေ့ပြီးမှ နင်က ထူးထူးခြားခြား မြူးထူးပျော်ရွှင်နေပါလား... ငါ နင့်ကို အံ့ဖွယ်မှော်စာလုံး နန်းတော်ဆီ အရင်ခေါ်သွားမယ်"

မန်ဖိန်လင်း ချိုသာစွာ ပြုံးလိုက်မိသည်။

ထို့နောက် သူမက ချင်ယန်ကို အခြားလမ်းမကြီး တစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။

အချိန်အနည်းငယ်ကြာပြီးနောက် သူတို့က အင်ပါယာနန်းတော်၏ အနောက်ဘက်ခြမ်းသို့ ရောက်ရှိလာကြသည်။

ထိုနေရာသည် မြို့တော်၏ လူစည်ကားရာ အပိုင်းနှင့် အလှမ်းဝေးသော ခြံကျယ်ကြီး တစ်ခု ဖြစ်သည်။

ခြံကျယ်ကြီး အတွင်း၌ အလွန်မြင့်မားသော အဆောက်အဦးများနှင့် နန်းတော်ကြီးများ ရှိနေ၏။

သူတို့နှစ်ဦးလုံး အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် အလွန်အေးစက်သော အရှိန်အဝါကို ခံစားမိခဲ့ကြသည်။

ယင်းက နှင်းခြင်္သေ့၏ အရှိန်အဝါ ဖြစ်၏။

ရှို့လန်သည် သူတို့ထက် အရင် ရောက်ရှိနေခဲ့သည်။

ပထမဦးစွာ တွေ့ရှိရသည်မှာ ခမ်းနားသော ရွှေနန်းတော်ကြီး တစ်ခု ဖြစ်သည်။

ထိုနေရာသည် အံ့ဖွယ်မှော်စာလုံး နန်းတော်၏ ပင်မခန်းမကြီးလည်း ဖြစ်သည်။

အံ့ဖွယ်မှော်စာလုံးနန်းတော်၏ ပင်မခန်းမကြီးကို ကျောက်တုံးထောင်ချီ ဆင့်ကာ တည်ဆောက်ထားခြင်း ဖြစ်ပြီး ရွှေရောင် တလက်လက်ဖြင့် တောက်ပနေ၏။

ကြီးကျယ်ခမ်းနား၍ တန်ဖိုးကြီးမားသော အဆောက်အဦးတစ်ခု ဖြစ်သည်။

မန်ဖိန်လင်းသည် ချင်ယန်ကို ခေါ်၍ ခန်းမအတွင်းသို့ ဝင်သွားခဲ့သည်။

ပင်မခန်းမကြီးသည် လွန်စွာ ကျယ်ဝန်း၏။

အတွင်းဘက်၌ အလွန်ရိုးရှင်းစွာ တန်ဆာဆင်ထားသည်။

များပြားသော ရှေးဟောင်းသားရဲကြီးများ၏ အမှတ်အသားရုပ်ပုံများကို တိုင်လုံးကြီးများ ပေါ်တွင် ထွင်းထုထားကြသည်။

ရှို့လန်သည် လူငယ်တစ်စုနှင့် ရယ်မော၍ စကားပြောဆိုနေပြီး သူတို့အားလုံးသည် ထူးခြားသော အစွမ်းအစများကို ပိုင်ဆိုင်ထားသူများ ဖြစ်ကြသည်။

လူသုံးဆယ် နီးပါးခန့် ဤနေရာတွင် ရှိနေကြပြီး ၎င်းတို့အားလုံးသည် အင်ပါယာ သုံးခု ဖြစ်သည့် ရှန်ချင်၊ ရှန်ရှို့နှင့် ရှန်ချီမှ ကျော်ကြားသော မိသားစုကြီးများနှင့် ဂိုဏ်းကြီးများမှ ဖြစ်ကြသည်။

ထိုလူအားလုံးသည် အဆင့်ခြောက် သိုင်းခန္ဓာနယ်ပယ်၌ ထူးချွန်သော လူငယ်များ ဖြစ်ကြ၏။

တွေ့ဆုံပွဲ အတွင်း ၎င်းတို့အနက်မှ အမှန်တကယ် ထူးချွန်ထက်မြက်သူများသည် အထွတ်အထိပ် ကျောင်းတော် တစ်ခုသို့ အလျင်အမြန် ဝင်ရောက်ခွင့်ရကြပေမည်။

ချင်ယန်တို့နှစ်ဦး ဝင်လာသည်ကို မြင်လျှင် ရှို့လန်က ကဲ့ရဲ့လိုက်သည်။

"စုန်းမ... နင် တမင်လုပ်နေတာလား.. သူရဲကောင်း တွေ့ဆုံပွဲလို အရေးကြီးတဲ့ နေရာဆီ ချစ်သူလေးကို အတူခေါ်လာတယ်ပေါ့လေ.. သူ့ကို တစ်ချက် ကြည့်တာနဲ့တင် အဆင့်လေး သိုင်းခန္ဓာနယ်ပယ်ပဲ ရှိမှန်း သိသာနေတယ်.. နင်က မခန့်လေးစား လုပ်ပြီး ပေါက်လွှတ်ပဲစားတွေကို ခေါ်လာရဲတယ်"

အနီရောင်ဝတ် မိန်းကလေးတစ်ဦးကလည်း လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်သည်။

"ဒါက အံ့ဖွယ်မှော်စာလုံး နန်းတော်နော်... တက်ရောက်လာတဲ့ ခေါင်းဆောင်တွေရဲ့ မုန်းတီးခြင်း မခံရအောင် လေးစားမှုတော့ ပြသသင့်တယ် ဆိုတာ နင် သိရဲ့လား"

"သူက ဟွာလင်းဝုကျောင်းက ကျောင်းသားတစ်ဦးပဲ...သာမန်လူ မဟုတ်ဘူး. ရှန်ချီမင်းသမီး.. နင် ဘယ်လောက်သတ္တိရှိနေလို့ ငါတို့ရဲ့ ရှန်ချင် အင်ပါယာအတွင်းမှာ လာမောက်မာနေတာလဲ.. သတိထားနေပါ... ငါ့ကို အခွင့်အရေး မပေးမိစေနဲ့.. နင့်ရဲ့ ယုတ်ညံ့တဲ့ ပါးစပ်ပေါက်ကို ငါ ဆုတ်ဖြဲမိလိမ့်မယ်"

"တိတ်ကြစမ်း... အကြီးအကဲတွေ ဒီမှာရှိနေတယ်"

သက်လတ်ပိုင်းအရွယ် လူတစ်ဦးက အေးစက်စက် အော်ပြောလိုက်သည်။

လူအားလုံး ချက်ချင်း ငြိမ်သက်သွားကြသည်။

အံ့ဖွယ်မှော်စာလုံးနန်းတော်မှ အကြီးအကဲများ၏ အနေအထားသည် အလွန်မြင့်မားသော လုပ်ပိုင်ခွင့်အာဏာများ ရှိထားကြသည်။

ထို့ကြောင့် ဤနေရာတွင် မည်သူမှ ပြဿနာမရှာဝံ့ချေ။

ရှို့လန်သည် အကြီးအကဲ တစ်ဦး ရောက်လာသည်ကို မြင်လျှင် ချင်ယန်ကို လက်ညှိုးထိုးပြ၍ တိုင်တန်းလိုက်သည်။

"ဦးဆောင်ကြီးကြပ်ရေးမှူး... မန်ဖိန်လင်းက ဒီနေရာကို ပေါက်လွှတ်ပဲစား တစ်ယောက် ခေါ်လာတယ်... သူက အံ့ဖွယ်မှော်စာလုံးနန်းတော်က လူတွေကို ဂရုမစိုက်တဲ့ပုံစံ လုပ်နေတာပဲ... ကျေးဇူးပြုပြီး ဒီဟာမကို အရေးယူပေးပါ"

အခန်း(၅၁) ပြီး၏

All Chapters