အခန်း ၅၂
Vol. 6 Ch. 52
အခန်း(၅၂)
ရှို့လန်နှင့် မန်ဖိန်လင်းတို့၏ သဘောထားကွဲလွဲမှုမှာ သေးငယ်ပုံမရပေ။
တနည်းဆိုသော် ရှို့လန်သည် ယခုအချိန်၌ မန်ဖိန်လင်းကို တိုက်ခိုက်ခွင့်မရသည့် အတွက် အခွင့်အရေးရှာနေခြင်း ဖြစ်သည်။
ကျွမ်းချွမ်သည် ထိုအငြင်းပွားမှုကို လှမ်းကြည့်ရင်းမှ ချင်ယန်ကို တွေ့သွားခဲ့သည်။
သူက သဘောကျစွာ ရယ်မော၍ ပြောလိုက်သည်။
"ချင်ယန်က ပေါက်လွှတ်ပဲစား မဟုတ်ဘူး... သူက ငါတို့ခန်းမရဲ့ အသက်အငယ်ဆုံး အခြေခံ မှော်အစီအရင်ပညာရှင်ပဲ"
ကျွမ်းချွမ်က ချင်ယန်ကို ကြည့်ကာ ပြောလိုက်သည်။
"မင်းရဲ့ ဒဏ်ရာပျောက်ကင်းနှုန်းက အရမ်းမြန်နေပါလား.. ဒီကို ရက်အနည်းငယ်ကြာမှ လာနိုင်မယ်လို့ ငါ ထင်ထားခဲ့တာ"
ကျွမ်းချွမ်၏ စကားသံကြောင့် ရှို့လန် အပါအဝင် အဆင့်ခြောက် သိုင်းခန္ဓာနယ်ပယ် ကျောင်းသားအားလုံး ချင်ယန်ကို လှည့်ကြည့်လိုက်မိကြသည်။
သူတို့အကုန်လုံး အလွန်တရာ အံ့အားသင့်သွားခဲ့ကြ၏။
သူတို့ ချင်ယန်နှင့် မတွေ့ဆုံဖူးကြပေ။
သို့သော် ချင်ယန်၏ အမည်ကိုမူ နားမဆံ့အောင် ကြားခဲ့ကြရသည်။
ချင်ယန်သည် ယမန်နေ့က ယန်ချင်ယုကို အနိုင်ယူသွားခဲ့သူ ဖြစ်သည်။
ယန်ချင်ယုသည် မူလက ဟွာလင်းဝုကျောင်းမှ ဖြစ်သည်။
သို့သော် သူ၏ တိုးတက်မှုအတွက် စိတ်ဝိညာဉ်ကျောင်းသို့ ရွေးချယ်တက်ရောက်ခဲ့သည်။
စီနီယာ ယန်ချင်ယုသည် ချင်ယန်ဟု ခေါ်သော လူငယ်တစ်ဦးကြောင့် ဒုက္ခိတ ဖြစ်သွားခဲ့သည် ဟူ၍ သူတို့ ကြားသိခဲ့ပြီးနောက် တုန်လှုပ်ခဲ့ကြ၏။
မန်ဖိန်လင်းသည် ချင်ယန်ကို မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်လိုက်သည်။
သူမက ချင်ယန်၏ အမည်ကို မေးမည့်အချိန်တွင် ရှို့လန်ကြောင့် အာရုံပြောင်းသွားခဲ့ပြီး မေ့လျော့သွားခဲ့ရ၏။
ထိုမောင်လေးသည် ပုံရိပ် ကြီးမားသူ ဖြစ်နေလိမ့်မည်ဟု သူမ မျှော်လင့်မထားမိပေ။
သူမက ရှို့လန်တို့အဖွဲ့ကို ဝေ့ကြည့်လိုက်ပြီး ပြန်လည်လှောင်ပြောင်လိုက်သည်။
"နင်တို့ ငါ့ကို အပြစ်ရှာချင်သေးလား"
ကျွမ်းချွမ်က တံဆိပ်ပြား တစ်ခုကို ထုတ်ယူလိုက်ပြီး ချင်ယန်၏ ရှေ့သို့ လျှောက်လာခဲ့သည်။
ထို့နောက် လက်ထဲရှိ တံဆိပ်ပြားကို မြှောက်ပြ၍ ပြောလိုက်သည်။
"ဒါက အခြေခံ မှော်အစီအရင်ပညာရှင် တံဆိပ်ပြားပဲ... ဒီတံဆိပ်ပြားနဲ့ ဆိုရင် အံ့ဖွယ်မှော်စာလုံးနန်းတော် အတွင်း အချိန်အနည်းငယ်နေပြီး စီးပွားရေးအရ ပင်မခန်းမမှာ မှော်စာလိပ်တွေကို အပ်နှံ ရောင်းချနိုင်တယ်"
ဤနေရာရှိ လူငယ်များသည် အသက်ငယ်ငယ်နှင့် အဆင့်ခြောက် သိုင်းခန္ဓာနယ်ပယ်သို့ ရောက်ရှိနေကြသူများ ဖြစ်ပြီး မြင့်မားသော နောက်ခံ အသိုင်းအဝိုင်း ရှိသူများ ဖြစ်သော်လည်း ထိုမြင်ကွင်းကို ကြည့်ကာ အားကျစိတ်နှင့် မနာလိုစိတ်များ ဖြစ်နေကြသည်။
အထူးသဖြင့် မူလက ရှို့လန်သည် ဤနေရာရှိ လူများအတွင်း အထင်ပေါ်ဆုံး ဖြစ်ခဲ့သည်။
သို့သော် ယခု ချင်ယန်နှင့် ယှဉ်လိုက်လျှင်မူ များစွာ ညံ့ဖျင်းနေခဲ့သည်။
"သူက ယန်ချင်ယုကို ဒုက္ခိတဖြစ်အောင် လုပ်လိုက်မှတော့ စိတ်ဝိညာဉ်ကျောင်းက လွယ်လွယ်နဲ့ လွှတ်ထားမှာ မဟုတ်ဘူး"
ရှို့လန်က နှာခေါင်းရှုံ့လိုက်ပြီး ထပ်မံ၍ အသံတိုးတိုးဖြင့် စကားဆက်လိုက်သည်။
"အနည်းဆုံးတော့ အနာဂတ်မှာ သူကျောင်းတက်ဖို့ ခက်ခဲအောင် သူတို့ လုပ်ကြမှာပဲ"
"အဲဒါ ကောင်းတာပေါ့... ချင်ယန်က ယန်ချင်ယုကို ဒုက္ခိတဖြစ်အောင် လုပ်နိုင်တယ် ဆိုကတည်းက ချင်ယန်က ပိုပြီးသန်မာတာ သိသာနေတာပဲ... စိတ်ဝိညာဉ်ကျောင်းက သူ့ကို အလိုမရှိဘူး ဆိုရင် မိုးကောင်းကင်ကျောင်းနဲ့ ကြယ်စင်ကျောင်း တို့က သူ့ကို လုကြလိမ့်မယ်"
ထိုသို့ပြောပြီး ကျွမ်းချွမ်က ဟက်ဟက်ပက်ပက် အော်ရယ်လိုက်၏။
မန်ဖိန်လင်း၏ မျက်နှာတွင် ပီတိများ ဖုံးလွှမ်းနေသည်။
သူမက ရှို့လန်တို့အဖွဲ့ကို ကျေနပ်အားရဖြစ်ဟန်ဖြင့် ကြည့်လိုက်၏။
ထို့နောက် နူးညံ့သောအသံဖြင့် ချင်ယန်ကို ပြောလိုက်၏။
"ငါ့ရဲ့ မောင်လေး ချင်ယန်က တကယ် အံ့အားသင့်စရာပဲ... အစ်မကြီးကို မှော်စာလိပ် တစ်ခုလောက် လုပ်ပေးနိုင်မလား.. ငါ အမှတ်တရ သိမ်းထားချင်လို့ပါ"
သူမက အလွန် အစအနောက်သန်သူ ဖြစ်၏။
စကားပြောရင်း သူမ၏ ကျောက်စိမ်းကဲ့သို့ ကြည်လင်နေသော လက်ဖြင့် ချင်ယန်၏ ခန့်ညားသော မျက်နှာကို ပွတ်သပ်လိုက်သည်။
"ကိစ္စမရှိဘူး... ပေးနိုင်ပါတယ်... ဒီမီးစွမ်းအင်မှော်စာလိပ်တွေက ကျွန်တော် လုပ်ထားတာပါ.. ဒီမှာ အမကြီး"
ချင်ယန်က မီးစွမ်းအင်မှော်စာလိပ် နှစ်ခုကို ထုတ်ယူ၍ မန်ဖိန်လင်းကို ပေးလိုက်၏။
သူမက မှော်စာလိပ်နှစ်ခုကို ညင်သာစွာ လှမ်းယူလိုက်ပြီး စနစ်တကျ သိမ်းဆည်းထားလိုက်သည်။
"ချင်ယန်... မင်းရဲ့ မီးစွမ်းအင် မှော်စာလိပ် ပေါ်မှာ ရေးထားတဲ့ မှော်စာလုံးတွေက အဆင့်မြင့် မှော်စာလုံးတွေပဲ... ငါတို့ရဲ့ ပင်မခန်းမမှာတောင် အဲဒါမျိုး အများကြီးမရှိဘူး"
ကျွမ်းချွမ် အံ့အားသင့်နေခဲ့သည်။
ထိုအရာသည် အံ့ဖွယ်မှော်စာလုံးနန်းတော်ရှိ လူလတ်ပိုင်းအချို့ကိုပင် စိတ်လှုပ်ရှားသွားစေနိုင်၏။
ကျောင်းသားလူငယ်အဖွဲ့၏ အမူအရာများက အနည်းငယ် ပြောင်းလဲသွားကြသည်။
အဆင့်မြင့်မှော်စာလုံးသည် တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ခု ဖြစ်သည်။
ထိုမှော်စာလုံးကို စိတ်ဝိညာဉ်လက်နက်တွင် ရေးထွင်းခဲ့လျှင် အဆင့်နိမ့်နှင့် အလယ်အလတ် မှော်စာလုံး ရေးထွင်းထားသည့် လက်နက်များထက် အဆပေါင်း များစွာ ပိုမို အားကောင်းလာပြီး အစွမ်းသတ္တိ ကြီးမားလာပေလိမ့်မည်။
"အုပ်ချုပ်ရေးမှူးကြီး... အသုံးအဆောင် ပစ္စည်းတွေကို ဘယ်လိုပြုလုပ်ရလဲ ကျွန်တော် နားမလည်သေးဘူး"
ကျွမ်းချွမ်က ထိုအပိုင်းတွင် ကျွမ်းကျင်သူ ဖြစ်သည်။
သူသာ ညွှန်ကြားချက်အချို့ ပေးခဲ့လျှင် ချင်ယန်သည် လမ်းမှားမှုများမှ ရှောင်လွှဲနိုင်မည် ဖြစ်သည်။
ကျွမ်းချွမ်က အလေးအနက်ထား၍ ပြန်ပြောလိုက်သည်။
"စိတ်ဝိညာဉ်လက်နက်ကို သန့်စင်ထုလုပ်တဲ့ လုပ်ငန်းက အရမ်း ခက်ခဲရှုပ်ထွေးတယ်.. မင်း အချိန်ရရင် ဒီကို မကြာမကြာ လာခဲ့ပါ... ငါကိုယ်တိုင် မင်းကို လမ်းညွှန်ပေးမယ်... ဘယ်လိုသဘောရလဲ"
အုပ်ချုပ်ရေးမှူးကြီး၏ လမ်းညွှန်ချက်သည် နာမည်ကျော် အစီအရင်ပညာရှင် တစ်ဦး၏ လမ်းညွှန်ချက် ရရှိခြင်းနှင့် အတူတူပင် ဖြစ်သည်။
ဆရာဝေ၏ အမည်ကို လူသိများသော်လည်း အသုံးအဆောင်ပစ္စည်းများ ကျွမ်းကျင်မှုတွင် ကျွမ်းချွမ်သည် ဆရာဝေထက် အဆင့် ပိုမိုမြင့်မားပြီး ထိပ်သီးအဆင့်တွင် ရှိသည်။
ချမ်းသာကြွယ်ဝ၍ သြဇာအာဏာ ကြီးမားသူ အများအပြားသည် သူတို့၏ မျိုးဆက်များကို ကျွမ်းချွမ်ထံ သင်ကြားစေချင်ခဲ့ကြသည်။
သို့ရာတွင် ကျွမ်းချွမ်သည် တောင်းဆိုလာသူ မှန်သမျှကို ငြင်းပယ်ခဲ့၏။
အဘယ်ကြောင့်ဆိုသော် ထိုလူများအားလုံးကို သူ့အနေဖြင့် ဂရုမစိုက်၍ ဖြစ်သည်။
ယခုအခါ ထိုကျော်ကြားသူများ၏ မျိုးဆက်များအားလုံးထက် အလွန် အဖိုးတန်သော ချင်ယန်ကို ရှားရှားပါးပါး ရှာတွေ့ခဲ့သော ကျွမ်းချွမ်သည် ဘယ်နည်းနဲ့မှ လက်လွှတ်ခံမည် မဟုတ်ချေ။
ယင်းကြောင့် ကျွမ်းချွမ်သည် ပင်ကိုပါရမီ ရှိ၍ အလားအလာကောင်းသော ချင်ယန်ကို တွေ့သည်နှင့် အကောင်းဆုံး မိတ်ဖွဲ့ခဲ့ခြင်းပင်။
သို့သော် ချင်ယန်၏ အနေအထားသည် သာမန် မဟုတ်၍ ကျွမ်းချွမ်သည် မိဖုရားကြီးနှင့် အခြား အဆင့်မြင့် အရာရှိကြီးများ၏ မုန်းတီးမှုကို ရရှိခဲ့သည်။
ကျောင်းသား လူငယ်များသည်လည်း ချင်ယန်နှင့် မိတ်ဆွေဖြစ်လိုကြသည်။
သို့သော် ချင်ယန်နှင့် မိတ်ဖွဲ့လျှင် မိဖုရားကြီး အမှူးပြုသည့် အလွန် သြဇာကြီးသူများကို အမှားကျူးလွန်သလို ဖြစ်သွားကြပေလိမ့်မည်။
ထို့ကြောင့် သူတို့သည် မိုက်မဲသော လုပ်ရပ်ကို မလုပ်ဝံ့ကြပေ။
သူတို့၏ မိသားစုများမှ ဆူပူကြိမ်းမောင်း ခံခဲ့ရလျှင် သူတို့ကို ထောက်ပံ့ပေးကမ်းမှုများ ရရှိတော့မည် မဟုတ်ချေ။
ဆိုရလျှင် သူတို့ အတွက် ချင်ယန်နှင့် ပြဿနာမဖြစ်ရန် ယာယီရှောင်ရှားခြင်းသာ အကောင်းဆုံး ဖြစ်သည်။
အခြားတစ်ဖက်တွင် မန်ဖိန်လင်းသည် စိုးရိမ်စရာ ဘာတစ်ခုမှ မရှိချေ။
သူမက ချင်ယန်နှင့် အလွန်ကောင်းမွန်သော ရင်းနှီးမှုကို ရယူနိုင်ခဲ့သည်။
"တွေ့ဆုံပွဲကို သွားတက်လိုက်ဦးမယ်.. ငါ့သတင်းကောင်းတွေကို စောင့်နေပါ"
မန်ဖိန်လင်းက ကျွမ်းချွမ်၏ နောက်သို့ လိုက်ပါသွားခဲ့သည်။
သူတို့ ထွက်ခွာသွားပြီးနောက် အံ့ဖွယ်မှော်စာလုံးနန်းတော်က တိတ်ဆိတ် ခြောက်ကပ်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် အံ့ဖွယ်မှော်စာလုံး နန်းတော်တွင် အစီအရင် ပညာရှင် အလွန် နည်းပါး၍ ဖြစ်သည်။
ပင်မခန်းမ၏ ထိပ်ဆုံးအလွှာရှိ အခန်းတစ်ခန်းကို ချင်ယန် အသုံးပြုရန် အတွက် ရရှိခဲ့သည်။
အခန်းသည် ကျယ်ဝန်းပြီး မှော်အစီအရင် အတွက် အသုံးပြုရန် သင့်တော်သည့် အပြင် တိတ်ဆိတ်ငြိမ်သက်နေ၍ အာရုံစူးစိုက်မှုတွင် အထူးကောင်းမွန်သည်။
အခန်းအတွင်း၌ ချင်ယန်သည် မှော်စာလိပ်များ ပြုလုပ်ရန် စတင်လိုက်သည်။
သာမန် အဆင့်နိမ့် မီးစွမ်းအင် မှော်စာလိပ် တစ်ခုလျှင် သလင်းကျောက်ပြား နှစ်ရာဖြင့် ရောင်းချနိုင်၏။
ထို့ထက်ပိုကောင်းလျှင် သလင်းကျောက်ပြား သုံးရာဖြင့် ရောင်းနိုင်သည်။
သူပြုလုပ်ထားသော မီးစွမ်းအင်မှော်စာလိပ် အတွက် ပင်မခန်းမသည် အနည်းဆုံး သလင်းကျောက်ပြား လေးရာဖြင့် ရောင်းချပေလိမ့်မည်။
ချင်ယန်သည် မီးစွမ်းအင် မှော်စာလိပ်များ ရောင်းချခြင်းဖြင့် သလင်းကျောက်ပြား အများအပြား ရရှိရန် စဉ်းစားထားခဲ့သည်။
သူက စိတ်လှုပ်ရှားစွာဖြင့် အဆောင်စာရွက်များကို ယူ၍ မှော်စာလုံးများ စတင် ရေးသားလိုက်၏။
ချင်ယန်သည် အဆင့်နိမ့် စိတ်ဝိညာဥ်အဆင့် ရေးထွင်းဓားကို ရရှိပြီးနောက် မှော်စာလိပ် ပြုလုပ်ရာ၌ ပိုမို ကျွမ်းကျင်လာခဲ့သည်။
သူက အချိန်နှစ်နာရီအတွင်း မီးစွမ်းအင်မှော်စာလိပ်.ငါးခုကို ဖန်တီးနိုင်ခဲ့သည်။
မှော်စာလိပ် ပြုလုပ်ရာတွင် ချီစွမ်းအင်နှင့် စိတ်တန်ခိုးစွမ်းအင်များကို မှော်စာလုံးများ အတွင်း ပေါင်းစပ်ထည့်သွင်းပေးရသဖြင့် စွမ်းအင်များစွာ ကုန်ဆုံးသော်လည်း ချင်ယန်က အနားမယူဘဲ မှော်စာလိပ်များကိုသာ ဆက်တိုက် ပြုလုပ်နေခဲ့သည်။
သူက မှော်စာလိပ်ပြုလုပ်ခြင်းကို ရှစ်နာရီဆက်တိုက် ပြုလုပ်ခဲ့ပေသည်။
သူ အလွန်တရာ ပင်ပန်းနေသော်လည်း ဝမ်းသာစွာ ပြုံးနေမိသည်။
အဘယ်ကြောင့်ဆိုသော် မီးစွမ်းအင်မှော်စာလိပ် အခုနှစ်ဆယ် ပြုလုပ်နိုင်ခဲ့ခြင်းကြောင့်ပင်။
"ဒါတွေအကုန်ဆိုရင် သလင်းကျောက်ပြား ရှစ်ထောင် ငါရပြီ"
ချင်ယန် ကျိတ်၍ ကျေနပ်မိသည်။
သလင်းကျောက်ပြားများ ရရှိရန် သားရဲကောင်ကြီးများကို အမဲလိုက် ရောင်းချခြင်းသည် တစ်ကြိမ်မဟုတ် တစ်ကြိမ် အန္တရာယ် ကျရောက်မည်မှာ သေချာနေသည်။
"ဒီအချိန်မှာ ငါအနားယူရတော့မယ်"
ထိုင်ခုံတစ်လုံးပေါ်သို့ သက်သောင့်သက်သာ ထိုင်ချလိုက်ပြီး သူ၏ ယန်စွမ်းအင်ကိုးပါး နတ်ဘုရားစိတ်အာရုံ ပထမပုလဲလုံး အတွင်းရှိ သိုလှောင်ခန်းမှ မှော်စာလုံး သုံးဆယ့်ခြောက်မျိုး ပါသော ဝါးစာလိပ်ကို ထုတ်ယူ ကြည့်ရှုလိုက်သည်။
ဝါးစာလိပ် အတွင်း၌ မှော်စာလုံး အမျိုးအစား များစွာ ပါဝင်ပြီး ထိုစာလုံးများကနေ မှော်အစီအရင် များစွာ ပြုလုပ်နိုင်မည် ဖြစ်သည်။
မှော်အစီအရင်အင်းကွက်များကို လက်နက် ပုံသွင်းတူနှင့် လက်နက် ပြုလုပ်မည့် ပစ္စည်းများ ပေါ်တွင် ရေးထွင်းခြင်းဖြင့် ထိုပစ္စည်းများ၏ အရည်အသွေး မြင့်မားစေရန် ပြုလုပ်နိုင်၏။
မှော်အင်းကွက်များကို ကုန်ကြမ်းပစ္စည်းများ ကျိုချက်သည့် မီးဖို အတွင်း၌လည်း ရေးထွင်းရမည် ဖြစ်သည်။
ထိုသို့ ပြုလုပ်ပြီးသော မီးဖိုများသည် အလွန်လျင်မြန်စွာ ကျိုချက် သန့်စင်နိုင်သည့် အပြင် ထွက်ရှိလာသည့် ပစ္စည်းများ၏ အရည်အသွေးကို ပိုမို ကောင်းမွန်စေနိုင်၏။
ချင်ယန်၏ ဝါးစာလိပ် အတွင်းမှ မှော်အင်းကွက်များသည် အရည်အသွေး မြင့်မားသော မှော်အင်းကွက်များ ဖြစ်ကြသည်။
အများအားဖြင့် ဝိညာဥ်အသုံးအဆောင် ပစ္စည်းများ ပေါ်တွင် ရေးထွင်းလေ့ရှိသော မှော်အင်းကွက်များသည် မာကျောမှုကို ဦးစားပေးသော မှော်အင်းကွက်များ ဖြစ်ကြပြီး အသုံးအဆောင်ပစ္စည်းများကို ပိုမို မာကျောကြံ့ခိုင်လာစေခြင်း ဖြစ်သည်။
မှော်အင်းကွက်များတွင် ပင်ကို အရည်အသွေးများ ရှိကြပြီး မိုးကြိုး၊ မီး၊ ရေခဲ၊ အမှောင်၊ နေရာလွတ်နှင့် အခြားသော စွမ်းအင် အမျိုးအစားများစွာ ရှိကြသည်။
ချင်ယန်ထံတွင် ထိုမှော်စာလုံး အင်းကွက်ပုံစံ အားလုံး ရှိနေခဲ့သည်။
သားရဲ အမှတ်အသား မှော်အင်းကွက်များကိုလည်း အလေးအနက်ထား၍ အသုံးပြုကြသည်။
ဥပမာအားဖြင့် ပျံသန်းခြင်းသားရဲ မှော်အင်းကွက်များကို ဝိဉာဉ်လက်နက်များ ပေါ်တွင် ရေးထွင်းလိုက်သည့်အခါ ထိုလက်နက်များသည် ပျံသန်းနိုင်စွမ်းများ ရရှိလာကြသည်။
ထိုမှော်အစီအရင်များသည် အတန်အသင့် ဆန်းကြယ်လေးနက်မှု ရှိကြသည်။
ထပ်မံ၍ ပုံရိပ်ယောင်၊ အဆိပ်၊ စိတ်ဝိညာဉ်တံဆိပ် ခတ်နှိပ်ခြင်းနှင့် အလင်း စသည့် မှော်အင်းကွက်များ ရှိကြပြီး ၎င်းတို့မှာ အလွန် ရှားပါး၍ လျှို့ဝှက်ဆန်းကြယ်သော အစီအရင်များ ဖြစ်ကြသည်။
"အရင်ဆုံး မီးဖိုနဲ့ ပုံသွင်းတူ တစ်လက်တော့ အံ့ဖွယ်မှော်စာလုံးနန်းတော်က ဝယ်ရမယ်.. ငါ့ရဲ့ ကျင့်စဉ်အဆင့် တိုးတက်လာမှ အဲဒါတွေကို ကိုယ်တိုင် သန့်စင်နိုင်မှာ... ငါ့ရဲ့ လေ့ကျင့်မှုအရ သိပ်မကြာခင် ကျိုချက် သန့်စင်လာနိုင်မှာပဲ... ဒါမှ စိတ်ဝိညာဉ် ပစ္စည်းတွေကို ပြုလုပ် ရောင်းချပြီး ဝင်ငွေပိုရှာနိုင်မယ်"
အခန်းအတွင်းရှိ စာအုပ်တစ်အုပ်မှ အံ့ဖွယ်မှော်စာလုံးနန်းတော်တွင် ရောင်းချသော ပစ္စည်းများနှင့် ဈေးနှုန်းများကို တွေ့ရှိခဲ့သည်။
"အဆင့်နိမ့် စိတ်ဝိညာဉ်မီးဖိုတစ်ခုကို သလင်းကျောက်ပြား တစ်သိန်းခြောက်သောင်း... ဈေးအပေါဆုံး ပုံသွင်းတူ တစ်လက်ရဲ့ တန်ဖိုးက သလင်းကျောက်ပြား လေးသောင်း.. ငါ့မှာ သလင်းကျောက်ပြား တစ်သိန်းပဲ ရှိတယ်... ဒီလောက်များတဲ့ သလင်းကျောက်ပြားတွေကို ငါ ဘယ်မှာ ရှာရမှာလဲ"
မှော်စာလုံး ပညာရှင်တစ်ဦး ဖြစ်ရန်နှင့် အလွန်ခိုင်မာသော အခြေခံအုတ်မြစ် တည်ဆောက်ရန် အတွက် အရင်းအနှီးများစွာ လိုအပ်သည်။
ထိုပစ္စည်းများအတွက် အကုန်အကျ ခံနိုင်လျှင်ပင် မှော်အစီအရင် အင်းကွက်များကို ဝယ်ယူရန် လိုသေး၏။
ပို၍ အရေးကြီးသော အချက်မှာ ပါရမီရှိရန် ဖြစ်သည်။
ပါရမီ မပါလျှင် မည်မျှ ချမ်းသာကြွယ်ဝစေကာမူ ထိုငွေကြေးများကို အလဟဿ ဖြုန်းတီးနေသလိုသာ ဖြစ်ပေလိမ့်မည်။
သူဆွဲထားသော အစီအစဉ်အတိုင်းသာ ပြုလုပ်ရပေမည်။
မည်သို့ပင်ဖြစ်စေ လတ်တလောတွင် ချင်ယန် အလွန် ဆင်းရဲမွဲတေ သွားခဲ့ချေပြီ။
ချင်ယန်သည် အံ့ဖွယ်မှော်စာလုံး နန်းတော်မှ ထွက်ခွာလာပြီးနောက် လမ်းမတစ်လျှောက် ပြေးထွက်သွားခဲ့သည်။
သူက မီးဖိုတစ်လုံးနှင့် တူတစ်လက် ဝယ်ယူရန်အတွက် သလင်းကျောက်ပြား နှစ်သိန်းကို အသုံးပြုခဲ့ရသည်။
အခန်း(၅၂) ပြီး၏