← Chapters

အခန်း ၅၃

Vol. 6 Ch. 53

အခန်း ၅၃

Vol. 6 Ch. 53

အခန်း(၅၃)

ချင်ယန်သည် ဝါးတောလေးအတွင်းရှိ နေအိမ်မှ ထွက်ခွာခဲ့စဉ် ရန်ရှီးယု အတွက် စာတစ်စောင် ချန်ထားခဲ့ပြီး အံ့ဖွယ်မှော်စာလုံးနန်းတော်သို့ သွားရောက်ကြောင်းနှင့် မိမိ အတွက် စိတ်မပူရန် ရေးသားထားခဲ့သည်။

အထွေထွေကိစ္စများ အပါအဝင် အံ့ဖွယ်မှော်စာလုံး နန်းတော်တွင် မှော်စာလိပ်များ ပြုလုပ်နေခြင်း တို့ကြောင့် သူ၏ ခရီးစဉ်သည် နှစ်ရက် ကြာမြင့်ခဲ့ပြီး ပြန်ရောက်ချိန်တွင် သူ၏လှပသော ဆရာမ ပြန်လည် ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။

ရန်ရှီးယုက အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ချင်ယန်၏ အမြင်တွင် ထိုဝတ်စုံဖြင့် ပိုမို လှပနေသည်ဟု ထင်မှတ်မိသည်။

ချင်ယန်က ပြန်ရောက်သည်နှင့် အချိန်မဆိုင်းဘဲ ဝယ်လာသော ပစ္စည်းများကို လုံခြုံသော အခန်းတစ်ခု အတွင်း၌ နေရာတကျ ထားရှိလိုက်သည်။

ရန်ရှီးယုသည် တစ်မီတာခန့် ရှည်သော မီးဖိုမှ ထွက်ရှိလာသည့် အပူလှိုင်း တစ်ခုကို သတိပြုမိလိုက်၏။

"နင် စပြီး ကျိုချက် သန့်စင်တော့မှာလား"

ရန်ရှီးယု အံ့အားသင့်နေခဲ့သည်။

ချင်ယန်က စိတ်ဝိညာဉ်ပစ္စည်း တစ်ခု ပြုလုပ်နိုင်ခဲ့လျှင် စိုးရိမ်စရာ မရှိတော့ချေ။

သူ၏ ပါရမီကြောင့် ရန်ဘက် အင်အားစုများသည် ကိုယ့်ဒုက္ခ ကိုယ်ရှာနေသလို ဖြစ်ကြပေလိမ့်မည်။

"ဟုတ်ကဲ့.. ဒါပေမဲ့ လုံလောက်တဲ့ ကျွမ်းကျင်မှုတော့ ကျွန်တော့်မှာ မရှိသေးဘူး"

ရန်ရှီးယုက ပုံသွင်းတူကို ကောက်ကိုင်လိုက်ပြီး တူပေါ်တွင် သေသပ်စွာ ရေးထွင်းထားသော မှော်စာလုံးများကို စိတ်ဝင်တစား ကြည့်ရှုနေသည်။

မှော်အစီအရင်ပညာရပ်၌ လျင်မြန်စွာ တိုးတက်လာသော ချင်ယန်၏ အရည်အချင်းသည် သိသာထင်ရှားနေ၏။

ထိုပညာရပ်နှင့် ပတ်သက်၍ ချင်ယန်ကို သူမ၏ ရင်ထဲကနေ လှိုက်လှဲစွာ ချီးကျူးနေမိသည်။

ရန်ရှီးယုသည် ချင်ယန်ကို အားပေးသော အကြည့်ဖြင့် ကြည့်၍ ပြောလိုက်သည်။

"ဒါက အလျင်လိုလို့ မရဘူး.. စိတ်ဝိညာဉ်ပစ္စည်း တစ်ခုကို သန့်စင်ထုလုပ်တာက စနစ်တကျ သင်ယူထားမှရမယ်"

"ဆရာမကို ကျောင်းအုပ်ကြီးက ဘာအတွက် ခေါ်တွေ့တာလဲ"

ချင်ယန် စိုးရိမ်ပူပန်နေသည့် အရာမှာ ရန်ရှီးယု ရွှေ့ပြောင်းခံရမည်ကို ဖြစ်သည်။

ရန်ရှီးယုက သူမ၏ လက်ထဲမှ ပုံသွင်းတူကို ပြန်ချလိုက်ပြီး မိုးကြိုးမှော်စာလိပ် တစ်ခုကို ကောက်ယူကြည့်ရှုနေခဲ့သည်။

ထို့နောက် ညင်သာစွာ ပြောလိုက်သည်။

"မိုးကောင်းကင်ကျောင်းရဲ့ ကျောင်းအုပ်ကြီးက ငါ့ကို မိုးကောင်းကင်ကျောင်းဆီ ပြန်လာစေချင်တယ်... ဘာကြောင့်လဲ ဆိုတော့ သူ့ရဲ့ အတွင်းရေး ကိစ္စတွေကို တိုင်ပင်ချင်လို့ပဲ... ငါ တစ်လလောက်တော့ သွားရလိမ့်မယ်.. အဲဒီ တစ်လအတွင်း သတိဝီရိယနဲ့နေပါ... ဒီအတောအတွင်းမှာ ယန်မိသားစုက လှုပ်ရှားမှု မရှိပေမဲ့ သူတို့ ဒီကို မလာရဲဘူးလို့ မပြောနိုင်ဘူး"

ချင်ယန်က သတ္တု အပိုင်းအစ တစ်ခုကို မီးဖိုထဲသို့ ပစ်ထည့်လိုက်ပြီး ပူပန်သောကရောက်ဟန်ဖြင့် ရန်ရှီးယုကို ကြည့်ကာ မေးလိုက်သည်။

"ဆရာမ... ဒီနှစ်ဝက်ကို ကျွန်တော်နဲ့အတူ နေပေးလို့ မရဘူးလား"

ယန်ရှီးယုက ပြုံးလိုက်ပြီး ချိုသာသောအသံဖြင့် မှာကြားလိုက်၏။

"ငါ နားလည်ပါတယ်.. မင်းကို ငါ ဆက်ပြီး သင်ပေးသွားမှာပါ.. ငါ့ကို ဘယ်သူမှ တားဆီးလို့ မရပါဘူး.. ဘာလို့လဲဆိုတော့ မင်းရဲ့ တိုးတက်မှုက အရမ်းမြန်လို့ပဲ.. မင်းအတွက် အကောင်းဆုံးက ငါမရှိတဲ့ အချိန်အတွင်း မင်းရဲ့ စွမ်းအားတွေ ခိုင်မာလာအောင် လေ့ကျင့်ထားပါ... ဒီကာလအတွင်း ကျိုချက်သန့်စင်မှုကို ဂရုတစိုက်နဲ့ လေ့လာသင်ယူနိုင်တဲ့ အပြင် ငါပြန်မရောက်ခင် နှလုံးသားမုဒြာကို စတင် လေ့ကျင့်ထားပါ"

နှလုံးသားမုဒြာသည် လေ့ကျင့်ရန် မလွယ်ကူပေ။

ဤအဆင့်တွင် လူအများအပြား အချိန်ကြာမြင့်စွာ သောင်တင်နေလေ့ရှိသည်။

ထိုအဆင့်ကို ကျော်ဖြတ်ရန် အနည်းဆုံး တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့် လေ့ကျင့်ကြရပြီး အချို့ဆိုလျှင် ဆယ်နှစ်ခန့်ပင် ကြာမြင့်တတ်၏။

ရန်ရှီးယုသည် ချင်ယန်အတွက် အချို့ အကြောင်းအရာများကို သတိပေးခဲ့ပြီး လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။

ချင်ယန်က အသုံးအဆောင်ပစ္စည်း ထုတ်လုပ်မှုကို ခက်ခဲပင်ပန်းစွာ လေ့ကျင့်၍ သူ၏ အင်အားများကို တိုးတက်စေခဲ့သည်။

အနာဂတ်တွင့ သူက ဆရာမရန်ကို အနည်းငယ်မျှပင် ဖိနှိပ်မှုမရှိစေရန် ပြန်လည် ကူညီရပေလိမ့်မည်။

ချင်ယန်၏ မီးချီများက အတွင်းအားများနှင့် ပေါင်းစပ်၍ လက်နှစ်ဖက် အတွင်းသို့ စီးဝင်လာပြီးနောက်တွင် လက်များသည် အနီရောင် အဖြစ် ပြောင်းလဲသွားသည်။

သူက အရှိန်ပြင်းစွာ တောက်လောင်နေသည့် မီးဖိုအတွင်းရှိ ပူလောင်နေသော အနီရောင် သံမဏိတုံးများကို လက်ဗလာဖြင့် ဆွဲထုတ်၍ အတူတကွ ပေါင်းစပ်လိုက်သည်။

ထို့နောက် သူ၏ လက်နှစ်ဖက်ကို အသုံးပြုကာ သံမဏိတုံးများကို ဖိနှိပ်လိုက်သည်။

သူ ပြုလုပ်လိုသည်မှာ သတ္တုများ၏ အကောင်းဆုံး အခြေခံသဘာဝဖြင့် စိတ်ဝိညာဉ်သံမဏိကို သန့်စင်ရန် ဖြစ်သည်။

ထို့နောက်တွင်မူ တစ္ဆေဦးသျှောင် ဆေဘာဓားကို သွန်းလုပ်မည် ဖြစ်သည်။

ချင်ယန်၏ သတ္တု အရည်ကျိုခြင်း လုပ်ငန်းစဉ်သည် လွယ်ကူချောမွေ့သည်ဟု ဆိုနိုင်ပေ၏။

ထိုသို့ ပြုလုပ်နိုင်ခြင်း၏ အဓိကအချက်မှာ သူ၏ တုန်ခါမှု သိုင်းဝိညာဉ်ကြောင့် ဖြစ်သည်။

တုန်ခါမှု သိုင်းဝိညာဉ်ကို အသုံးပြု၍ ပေါက်ကွဲမှု စွမ်းအားများ ဖြစ်ပေါ်စေခြင်းသည် လုပ်ငန်းစဉ်မှ အားစိုက် ထုရိုက်ခြင်းအပိုင်းကို တစ်ဝက်မျှ သက်သာစေ၏။

ထို့ပြင် ပုံသွင်းတူ ပေါ်ရှိ မှော်အင်းကွက်များသည် အဆင့်မြင့်မှော်အစီအရင် အင်းကွက်များ ဖြစ်ကြသည်။

ကိုယ်တွင်းရှိ စွမ်းအားများကို မှော်အင်းကွက် အတွင်း ပို့ဆောင်လိုက်ရုံဖြင့် ပုံသွင်းတူသည် ထူးခြားသော အပူစွမ်းအင် တစ်ခုကို ထုတ်လွှတ်၍ အခြေခံ သံမဏိမှ စိတ်ဝိညာဉ်သံမဏိ အဖြစ် ပြောင်းလဲစေခဲ့သည်။

ပေါင်တစ်ထောင်ကျော် အလေးချိန်ရှိသော တူဖြင့် အကြိမ်ထောင်ပေါင်း များစွာ ဖိအားပေး ထုရိုက်ပြီးနောက်တွင် သံမဏိတုံး၏ အရွယ်ပမာဏသည် တဖြည်းဖြည်း သေးငယ်ကျစ်လစ် ခိုင်မာလာခဲ့သည်။

သံမဏိတုံးကနေ လေးလံမာကျောသော ဓားတစ်ချောင်း၏ ပုံကြမ်းအသွင် ဖြစ်ပေါ်လာ၏။

ထို့နောက် ချင်ယန်သည် အညစ်အကြေးများ ကင်းစင်စေရန် သန့်စင်ခြင်းကို ထပ်မံ ပြုလုပ်လိုက်သည်။

တစ်နေ့လုံးနီးပါး ဖိအားပေးထုရိုက်ခြင်းနှင့် သန့်စင်ခြင်း တို့ကို ပြုလုပ်ပြီးနောက်တွင် ချင်ယန်သည် တစ္ဆေဦးသျှောင်ဆေဘာဓါးကို ပြုလုပ်နိုင်ခဲ့သည်။

"ဒါက ငါ အရင်အသုံးပြုခဲ့တဲ့ ဓားထက် အများကြီးကောင်းတယ်... အစွမ်းထက်တဲ့ မှော်အင်းကွက် တစ်ခုက ကျိုချက်သန့်စင်ရာမှာ သတ္တုတွေရဲ့ အရည်အသွေးကို ပိုကောင်းလာစေနိုင်တာပဲ"

"ဘယ်လိုအမျိုးအစား မှော်အင်းကွက်ကို ငါ ရေးထွင်းရင်ကောင်းမလဲ.. ဒီဓါးကို အကောင်းဆုံးလို့ ပြောလို့ရတဲ့ စိတ်ဝိညာဉ်သံမဏိနဲ့ သွန်းလုပ်ထားပေမဲ့ လုံလောက်တဲ့ စွမ်းအားတော့ မရှိသေးဘူး... အလွန်ဆုံး စိတ်ဝိညာဥ် တစ်ပိုင်းအဆင့်ပဲ သတ်မှတ်နိုင်လိမ့်မယ်"

ချင်ယန်က သူ၏ချီများကို ဓားအတွင်းသို့ ကြိုးစားပို့ဆောင်ကြည့်ရာ ချောမွေ့မှုရှိကြောင်း တွေ့ရှိလိုက်ရသည်။

အခြေခံပေါင်းစပ်ခြင်း မှော်အင်းကွက်ကို အသုံးပြုခဲ့လျှင် သူ၏ ချီစီးဆင်းမှုကို ပိုမို တိုးမြှင့်နိုင်မည် ဖြစ်သည်။

"ဒါ မဆိုးဘူး.. စိတ်ချရတဲ့ အင်းကွက်တစ်ခုကို ငါ ရေးထွင်းရမယ်"

စိတ်ချရသော အင်းကွက်တစ်ခု ဖြစ်သည့် အခြေခံပေါင်းစပ်ခြင်း မှော်အင်းကွက်ကို အများအားဖြင့် အသုံးပြုလေ့ ရှိကြသည်။

သူ ကျွမ်းကျင်သော အခြေခံပေါင်းစပ်ခြင်း မှော်အင်းကွက်သည် အကောင်းဆုံး အမျိုးအစား ဖြစ်သည်။

ဤအရာသည် အဆင့်မြင့် မှော်အင်းကွက်ကို လက်နက် တစ်ခုပေါ်တွင် ပထမဆုံး ရေးထွင်းခြင်း ဖြစ်သည်။

အခြေခံ ပေါင်းစပ်ခြင်း မှော်အင်းကွက်ကို ယခင်ကတည်းက အကြိမ်များစွာ လေ့ကျင့်ရေးဆွဲခဲ့ပြီးပြီ ဖြစ်သည်။

ယင်းကြောင့် အင်းကွက်ကို ရေးဆွဲရန် ချင်ယန် အတွက် အခက်အခဲ မရှိချေ။

မူလက ချင်ယန် စီစဉ်ခဲ့သည်မှာ စတင်ရေးထွင်းခြင်း မပြုမီ နေ့တစ်ဝက်ခန့် အနားယူ လေ့ကျင့်ရန် ဖြစ်သည်။

သို့သော်လည်း သူ၏ ကိုယ်တွင်း စွမ်းအင်များနှင့် စိတ်တန်ခိုးစွမ်းအင်များကို ကန့်သတ်ထားသည်ထက် ပို၍ အသုံးပြုခြင်းဖြင့် ပိုမို ကြံ့ခိုင်လာစေရန် လေ့ကျင့်သင့်ကြောင်း တွေးလိုက်မိသည်။

ထို့ကြောင့် အနားယူခြင်း မပြုတော့ဘဲ ခြေကုန်လက်ပန်းကျသည် အထိ မှော်အင်းကွက်ကို ဆက်လက် ရေးထွင်းရန် ဆုံးဖြတ်လိုက်တော့သည်။

ချင်ယန်က ပေါင်းစည်းခြင်း မှော်အင်းကွက်ကို ကျွမ်းကျင်စွာ စတင် ရေးထွင်းလိုက်သည်။

ရေးထွင်းဓား လှုပ်ရှားနေမှုသည် အဆောင်စာရွက် ပေါ်တွင် စုတ်တံနှင့် ရေးသားနေသကဲ့သို့ပင် ချောမွေ့နေခဲ့၏။

ချင်ယန်သည် ရေးထွင်းဓားကို စုတ်တံအဖြစ်၊ သွေးဝိဉာဉ်စွမ်းအားကို မှင်အဖြစ် အသုံးပြုနေခြင်း ဖြစ်သည်။

ထိုညမှာပင် ချင်ယန်သည် ဓား၏ ဘေးတစ်ခြမ်းကို မှော်အင်းကွက်များ အပြီးသတ် ရေးဆွဲခဲ့သည်။

သူက ဓားပေါ်ရှိ မှော်အင်းကွက်များမှ မျဉ်းကြောင်းများကို ကြည့်ကာ ဖော်မပြနိုင်အောင် ကျေနပ်နေမိ၏။

ခေတ္တမျှ အနားယူပြီးလျှင် မှော်အင်းကွက် ရေးထွင်းမှုကို ဆက်လက် လုပ်ဆောင်လိုက်သည်။

အာရုံတက်ချိန်တွင် ချင်ယန်သည် ရေးထွင်းဓားကို မြှောက်၍ သက်ပြင်းချလိုက်မိသည်။

ထို့နောက် ဟက်ဟက်ပက်ပက် ရယ်၍ ရေရွတ်လိုက်သည်။

"အောင်မြင်သွားပြီ"

သူ့တစ်ကိုယ်လုံး ကိုင်ရိုက်ထားသကဲ့သို့ နာကျင်နေသည့်အပြင် အားအင်များလည်း ကုန်ဆုံးနေခဲ့ချေပြီ။

အိပ်ရာပေါ်သို့ လှဲချလိုက်သည်နှင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားခဲ့သည်။

"ဒုန်း... ဒုန်း... ဒုန်း"

နေ့လယ်ခင်းအချိန်တွင် တစ်စုံတစ်ယောက်သည် တံခါးကို ပြင်းထန်စွာ ထုနှက်နေ၏။

ချင်ယန် အထိတ်တလန့် လူးလဲထလိုက်မိသည်။

အလျင်အမြန် တံခါးရှိရာသို့ သွား၍ ဆွဲဖွင့်လိုက်လျှင် ကျွမ်းချွမ်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားမိသည်။

"အုပ်ချုပ်ရေးမှူးကြီး"

"ကြည့်ရတာ... မနေ့ညက တော်တော် အလုပ်များနေပုံပဲ.. မင်းဘာတွေ လုပ်နေလဲ"

အခန်းတွင်းသို့ ဝင်လာရင်းမှ စကား အဆက်မပြတ် ပြောနေသော ကျွမ်းချွမ်သည် မီးဖိုနှင့် တူကို မြင်လျှင် အံ့အားသင့်ကာ မေးလိုက်သည်။

"မင်းက စပြီး ကျိုချက်သန့်စင်နေပြီလား"

"စိတ်ဝိညာဥ် တစ်ပိုင်း အဆင့် ပစ္စည်းတော့ လုပ်နိုင်နေပါပြီ"

ချင်ယန်က အနည်းငယ်မျှ ဖုံးကွယ်ထားခြင်း မရှိချေ။

ကျွမ်းချွမ်သည် အခန်းတွင်းသို့ ရောက်လျှင် မီးဖိုနှင့် ပုံသွင်းတူ၏ လျှို့ဝှက် မှော်အင်းကွက်များကို ကြည့်ကာ တုန်လှုပ်သွားမိသည်။

လျှို့ဝှက် မှော်အင်းကွက်များသည် အမှန်ပင် အဆင့်မြင့် မှော်အင်းကွက်များ ဖြစ်ကြပြီး အလွန် အဖိုးတန်နေ၏။

"ငါ့ကို မင်းလုပ်ထားတာ ပြပါဦး"

ကျွမ်းချွမ်၏ ရင်ထဲမှ ကျိတ်၍ စိတ်ဝင်စားနေသဖြင့် မေးလိုက်ခြင်း ဖြစ်သည်။

သိပ်မကြာခင်ရက်ကပင် ချင်ယန်သည် ကျွမ်းချွမ်၏ လျှို့ဝှက် အထောက်အပံ့များကို ရရှိထားခဲ့သည်။

ယင်းကြောင့် ချင်ယန်သည် အဘိုးကြီး ကျွမ်းချွမ် အပေါ် အကောင်းမြင်နေခဲ့၏။

ထို့ပြင် ကျွမ်းချွမ်သည် ဂုဏ်သိက္ခာမြင့်မားသူ ဖြစ်ပြီး ယုံကြည်အားကိုးထိုက်သူ တစ်ဦးလည်း ဖြစ်သည်။

ချင်ယန်သည် ဆေဘာဓားနှစ်လက်ကို ချက်ချင်း ထုတ်ယူလိုက်သည်။

ဓားတစ်လက်ပေါ်တွင် အခြေခံပေါင်းစည်းခြင်း မှော်အင်းကွက်ကို ရေးထွင်းထားပြီး အခြား တစ်လက်ပေါ်တွင် ခိုင်မာခြင်း မှော်အင်းကွက်ကို ရေးထွင်းထားသည်။

ကျွမ်းချွမ်သည် မျက်မှောင်ကြုတ်လိုက်ပြီး ဆေဘာဓားနှစ်ချောင်းကို ဂရုတစိုက် စစ်ဆေး ကြည့်ရှုလိုက်၏။

အနည်းငယ်ကြာမှ သုံးသပ် ပြောဆိုလိုက်သည်။

"ဒီအစီအရင်တွေက မဆိုးဘူးပဲ... မင်း အသက်အရွယ်နဲ့ လုပ်ဖို့မလွယ်ဘူး... ဒါပေမဲ့ အားနည်းချက် အနည်းငယ် ရှိတယ်... မင်းရဲ့ ခိုင်မာခြင်း မှော်အင်းကွက်က အားနည်းတယ်လို့ ခံစားမိတယ်... ဒါကို ရေးထွင်းထားတာ ကြမ်းတမ်းမှု နည်းနည်းရှိနေတယ်... သူ့ကို ရေးထွင်းနေစဉ် အတွင်း မင်းရဲ့ အခြေအနေက လုံလောက်တဲ့ ကောင်းမွန်မှု မရှိခဲ့ဘူး... အခြေခံပေါင်းစည်းခြင်း မှော်အင်းကွက် ရေးထွင်းထားတဲ့ ဆေဘာဓားကတော့ အရမ်းကောင်းတယ်... သူ့မှာ စွမ်းအင်နဲ့ စိတ်ဝိညာဉ်ရဲ့ အနှစ်သာရတွေ အပြည့်ပါသလို လုံလောက်တဲ့ ကျွမ်းကျင်မှု ရှိတယ်"

အခြေခံပေါင်းစည်းခြင်း မှော်အင်းကွက် ဆေဘာဓားသည် ချင်ယန်၏ ဒုတိယမြောက် အားထုတ်ကြိုးပမ်းမှု ဖြစ်သည်။

ထိုဓားသည် အမှန်တကယ်ပင် ကောင်းမွန်သော လုပ်ဆောင်မှုတစ်ခု ဖြစ်သည်။

ထိုဓားကို ကျိုချက်သန့်စင်ခြင်းမှ စ၍ မှော်စာလုံးများ ရေးထွင်းသည် အထိ ချင်ယန်သည် ပထမဆုံးအကြိမ် အစအဆုံး ပြုလုပ်ခဲ့ခြင်း ဖြစ်၏။

ကျွမ်းချွမ်သည် ထိုဓားနှစ်လက်ကို မြင်ခဲ့ပြီးနောက် ချင်ယန်ကို သဘောကျမှုများ ပိုမို မြင့်မားလာခဲ့သည်။

"မင်းရဲ့ အဆင့်က အလယ်အလတ်အဆင့် အစီအရင်ပညာရှင် အဖြစ် တက်ရောက်ဖို့ အများကြီး လုံလောက်နေပြီ"

ကျွမ်းချွမ်က ကျေနပ်စွာ ရယ်မောနေရာမှ ရပ်တန့်လိုက်ပြီး လေးလေးနက်နက် သတိပေးလိုက်သည်။

"မင်းရဲ့ အဆင့်မြင့် မှော်အင်းကွက်တွေကို ဘယ်သူမှ မမြင်အောင် ထိန်းသိမ်းထားတာ အကောင်းဆုံးပဲ.. မဟုတ်ရင် လောဘတက်ပြီး မင်းကို ဒုက္ခပေးကြလိမ့်မယ်"

အခန်း(၅၃) ပြီး၏

All Chapters