← Chapters

အခန်း ၅၅

Vol. 6 Ch. 55

အခန်း ၅၅

Vol. 6 Ch. 55

အခန်း(၅၅)

ချင်ယန်သည် ပဉ္စမမင်းသားဖြစ်ပြီး ချင်ရှန်ယိသည် စတုတ္ထမင်းသား ဖြစ်သည်။

ပထမမင်းသားသည် အသက်ငယ်ငယ်နှင့် သေဆုံးခဲ့ရ၏။

လက်ရှိ အိမ်ရှေ့မင်းသားသည် ရှန်ချင်အင်ပါယာ၏ တတိယမင်းသား ဖြစ်သည်။

ဒုတိယမင်းသား ချင်ဖန်၏ ပင်ကိုစွမ်းရည်သည် မဆိုးလှချေ။

သူက စိတ်ဝိညာဉ်သွေးကြောလေးခု ပါရှိသူ ဖြစ်၏။

သူ၏ သိုင်းဝိညာဉ်ကိုမူ မသိရချေ။

ချင်ဖန်သည် အခြား အင်ပါယာရှိ သိုင်းပညာကျောင်း တစ်ခုတွင် သင်ယူခဲ့သူ ဖြစ်သည်။

ထို့ကြောင့် ချင်ဖန်၏ အကြောင်းကို သိပ်မသိကြပေ။

"အဆင့်ငါး ယီချန်းလိုင်က မိဖုရားကြီးတို့ မိသားစုကများလား"

ချင်ယန်သည် ယီမိသားစု အကြောင်းကို ရုတ်ချည်း စဉ်းစားမိသည်။

မိဖုရားကြီးသည် ယီမိသားစုဝင် တစ်ဦး ဖြစ်သည်။

ချင်ယန်သည် ယီမိသားစုနှင့် ပတ်သက်သမျှ ကြားသိလိုခြင်း မရှိချေ။

ကျွမ်းချွမ်က ပြောလိုက်သည်။

"ယီချန်းလိုင်က မိုးကြိုးပုဆိန် သိုင်းဝိညာဉ် ပိုင်ဆိုင်သူ တစ်ဦးပဲ... ချင်ဖန်ကတော့ စိတ်ဝိညာဉ်သွေးကြော လေးခု ရှိပြီး နှင်းမုန်တိုင်း သိုင်းဝိညာဉ်ကို ပိုင်ဆိုင်တယ်... အစောပိုင်းကတည်းက ရှန်ရှို့အင်ပါယာရဲ့ သိုင်းကျောင်းကြီး တစ်ခုမှာ သူတို့တွေ သွားတက်ခဲ့ကြတယ်... ဒီလို သာမန်ကိစ္စတွေကို မင်းမသိနိုင်ဘူးလေ... သူတို့က ရှန်ရှို့အင်ပါယာက အင်အားစုတွေနဲ့ မိတ်ဖွဲ့ဖို့ သွားခဲ့ကြတာပဲ"

ရှန်ရှို့၊ ရှန်ချင်နှင့် ရှန်ချီ အင်ပါယာတို့သည် ကောင်းမွန်သော ဆက်ဆံရေး ရှိ၍ မင်းသား၊ မင်းသမီး များကို လက်ထပ်ပေးလေ့ ရှိကြသည်။

"ရှို့ယုမိန်ရဲ့ အကြောင်းကရော"

ချင်ယန်သည် ရှန်ချင်အင်ပါယာ၏ မင်းသားတစ်ပါး ဖြစ်၍ အခြား အင်ပါယာများထက် အားနည်းမည်ကို မလိုလားချေ။

"သူက ရှို့ယုလင်ရဲ့ ညီမလေးပဲ.. ဒီမိန်းကလေးက အသက်ဆယ့်လေးနှစ်နဲ့ အဆင့်ခြောက် သိုင်းခန္ဓာနယ်ပယ်ကိုတောင် ရောက်နေပြီ... သူက ဘာသိုင်းဝိညာဉ် ပိုင်ဆိုင်ထားလဲတော့ ငါလည်း မသိဘူး.. ဘာပဲဖြစ်ဖြစ် ရှန်ရှို့အင်ပါယာရဲ့ လူငယ်တွေက မယုံနိုင်စရာကောင်းလောက်အောင် ထူးခြားတာတော့ အမှန်ပဲ"

ကျွမ်းချွမ်က သက်ပြင်းချလိုက်ပြီး ချင်ယန်ကို ကြည့်လိုက်သည်။

"ဒီကိစ္စတွေကို လျှောက်စဉ်းစားမနေနဲ့... မင်းက သူတို့ထက် ပိုသန်မာတဲ့ အပြင် မှော်အစီအရင် ပညာရပ် အပေါ် မြင့်မားတဲ့ နားလည် သဘောပေါက်နိုင်စွမ်းလည်း ရှိနေတယ်"

"ဧည့်ခန်းထဲမှာ အထွတ်အထိပ် ကျောင်းသုံးကျောင်းရဲ့ အကြီးအကဲတွေ ရောက်နေကြပါတယ်... အုပ်ချုပ်ရေးမှူးကြီးနဲ့ အရေးကြီး ကိစ္စအချို့ ဆွေးနွေးချင်တယ်လို့ မှာလိုက်တယ်"

လူလတ်ပိုင်းအရွယ် အမှုထမ်းတစ်ဦးက လာရောက် သတင်းပို့ခြင်း ဖြစ်သည်။

"ကောင်းပြီ... ငါအခု သွားလိုက်မယ်"

ကျွမ်းချွမ် ထွက်ခွာသွားပြီးနောက် ချင်ယန်က အခန်းသို့ပြန်၍ လေ့ကျင့်နေခဲ့သည်။

နေ့စဉ် ချင်ယန်သည် စနစ်တကျ အချိန်ပေး၍ သူ၏ သိုင်းပညာကို လေ့ကျင့်ခဲ့သည်။

လေ့လာမှုများအရ ပိုမို ကြီးမားလာသော မိဖုရားကြီး၏ စွမ်းအားများကို သတိပြုမိသော ချင်ယန်သည် သူ၏ စွမ်းအားများ တိုးတက်စေရန် ပိုမို ပြင်းထန်စွာ လေ့ကျင့်နေခြင်း ဖြစ်သည်။

"ချီပေါက်ကွဲခြင်း"

ချင်ယန် ပစ်လွှတ်လိုက်သည့် အတွင်းအားလှိုင်းသည် ပေါက်ကွဲသွားပြီး တုန်ခါလှိုင်း တစ်ခု ဖြစ်ပေါ်လာခဲ့ကာ ထိုအနီးတစ်ဝိုက်ရှိ ကျောက်တုံးကြီးများ အပိုင်းပိုင်း ကွဲကြေသွားခဲ့သည်။

"ချီပေါက်ကွဲခြင်း နည်းလမ်းကို အသေးစား အောင်မြင်မှုအဆင့်ထိ ရောက်သွားပြီ... ချီပေါက်ကွဲခြင်း နည်းလမ်းကို ငါ့ရဲ့ တုန်ခါမှု သိုင်းဝိဉာဉ်နဲ့ တွဲပြီး အသုံးပြုလိုက်ရင် တုန်ခါလှိုင်း တစ်ခုကိုပါ ထုတ်ဖော်နိုင်မယ်... ငါ ပိုပြီး စွမ်းအားကြီးလာမှာ အသေအချာပဲ"

ချီပေါက်ကွဲခြင်း နည်းလမ်းသည် အဆင့်နိမ့် စိတ်ဝိညာဥ် အဆင့် သိုင်းပညာရပ် တစ်ခု ဖြစ်ပြီး ချင်ယန် အနေဖြင့် သိုင်းပြိုင်ပွဲများတွင် အသုံးပြုခြင်း မရှိသလောက် ရှားပါးသည်။

သို့သော် သူက အသေးစား အောင်မြင်မှုအဆင့်ထိ လေ့ကျင့်နိုင်ခဲ့ချေပြီါ

သူက တိမ်မီးတောက် ခြေလှမ်းပညာရပ် တွင်လည်း အသေးစားအောင်မြင်မှု၏ အထွတ်အထိပ် အဆင့်ထိ ရောက်ရှိခဲ့ပြီဖြစ်သည်။

ချင်ယန်၏ အကြီးမားဆုံး တိုးတက်မှုသည် အလင်းမီးတောက် လက်သီး ဖြစ်၏။

အကြောင်းမှာ ချင်ယန်သည် မီးဖိုသို့ မကြာခဏ လာရောက်၍ ပစ္စည်းများကို အပူပေးရန် အတွက် အလင်းမီးတောက်လက်သီးကို အသုံးပြုခဲ့ခြင်းကြောင့်ပင်။

ထို့ကြောင့် ထိုပညာရပ်တွင် ချင်ယန်သည် အကြီးစားအောင်မြင်မှု အဆင့်ထိ ရောက်ရှိသွားခဲ့ပြီး မာကျောသော ဝိညာဉ်သံမဏိများကိုပင် အပူပေးနိုင်ခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း နောက်ထပ်တစ်လ ကုန်ဆုံးသွားပြန်သည်။

မိုးကောင်းကင်ကျောင်းမှ ရန်ရှီးယု ပြန်လာမည့် အချိန်ကို စောင့်နေသော ချင်ယန်သည် အံ့ဖွယ်မှော်စာလုံး နန်းတော်တွင်သာ နေထိုင်၍ အခြား နေရာများသို့ သွားရောက်ခြင်း မရှိချေ။

ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့ပြန်၏။

ချင်ယန်သည် အရိုးသံမဏိ ပြုလုပ်ခြင်းတွင် အချိန်ပေး လေ့ကျင့်နေခဲ့သည်။

ထိုသို့ ပြုလုပ်ခြင်းဖြင့် သူ့အတွက် အကျိုးအမြတ်များ ရရှိနေ၏။

နေ့စဉ် စွမ်းအင်များစွာ တိုးတက်နေပြီး သူ၏ အရိုးမရီဒျန်သည် ပိုမို တည်ငြိမ်၍ မာကျော ကြံ့ခိုင်လာခဲ့သည်။

ထိုအရာ၏ အကျိုးသက်ရောက်မှုကြောင့် သူ၏ကြွက်သားများနှင့် အရိုးများက အလွယ်တကူ ဒဏ်ရာမရနိုင်တော့ချေ။

"အခု ငါ နှလုံးသားမုဒြာကို လေ့ကျင့်သင့်ပြီ ထင်တယ်"

နှလုံးသားမုဒြာကို လေ့ကျင့်ရန် လွန်စွာ ခက်ခဲ၏။

ကောလာဟလများအရ များပြားသော အရင်းအမြစ်များ သို့မဟုတ် ကြီးစွာသော ကံကောင်းမှုကြီးနှင့် တွေ့ကြုံသူများသာ ထိုအဆင့်ကို ရောက်ရှိနိုင်သည်။

"ဆရာလေးချင်... မိန်းကလေးမန်က တွေ့ချင်လို့တဲ့"

အခန်းအပြင်ဘက်မှ အံ့ဖွယ်မှော်စာလုံး နန်းတော်ရှိ အမှုထမ်းအဘိုးကြီး တစ်ဦး၏ အသံ ထွက်ပေါ်လာခဲ့သည်။

"ကျွန်တော့် ဧည့်ခန်းကို ခေါ်လာပေးပါ"

ချင်ယန်သည် အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြုလုပ်လိုက်ပြီး ဧည့်ခန်းသို့ လျှောက်သွားလိုက်သည်။

အနက်ရောင် ကိုယ်ကျပ်အင်္ကျီ ဝတ်ထားသော မန်ဖိန်လင်းသည် ထိုင်ခုံတစ်လုံးတွင် ထိုင်နေ၍ ပန်းသီးတစ်လုံး စားနေခဲ့သည်။

ချင်ယန်ကို တွေ့လျှင် အလျင်အမြန် ရပ်လိုက်ပြီး ကျီစယ်သောအသံဖြင့် ပြောလိုက်သည်။

"တွေ့ရတာ ဝမ်းသာပါတယ် ဆရာချင်"

"စီနီယာအစ်မကြီး... မနောက်ပါနဲ့"

ချင်ယန် ခပ်ယဲ့ယဲ့ ပြုံးလိုက်မိသည်။

"အာ... မလုပ်ရဲပါဘူး... မောင်လေးက ဝေရှန်းခွန်ထက် အများကြီး ပိုပြီး စွမ်းအားကြီးမားနေတာကို အံ့ဩနေတာပါ"

"စီနီယာအမကြီး... အထွတ်အထိပ်ကျောင်းကို ဝင်ခွင့်ရတဲ့အတွက် ဂုဏ်ပြုပါတယ်"

ချင်ယန်က လှိုက်လှဲစွာ ဂုဏ်ပြုစကား ပြောလိုက်၏။

"ဘာဂုဏ်ပြုစရာ ရှိလို့လဲ... နောက်ဆို နင်လည်း သွားတက်နိုင်မှာပဲလေ... နင်က စီနီယာရှိတဲ့ နေရာကို လိုက်လာရမှာပဲ"

မန်ဖိန်လင်းက စကားပြောနေရင်း လက်တစ်ဖက်ဖြင့် ချင်ယန်၏ ပါးကို ပွတ်သပ်လိုက်သည်။

ချင်ယန်က အလျင်အမြန်ပင် ခြေတစ်လှမ်း နောက်ဆုတ်၍ မန်ဖိန်လင်းနှင့် ခပ်ခွာခွာ နေလိုက်ရ၏။

မန်ဖိန်လင်းက ချင်ယန်ကို ကြည့်လိုက်ပြီး အလေးအနက်ထားသော အသံဖြင့် မေးလိုက်သည်။

"မောင်လေးယန် လုပ်ထားတဲ့ မီးမှော်စာလိပ် နည်းနည်းလောက် ရှိသေးလား... ငါဝယ်ချင်လို့ပါ"

"ဟုတ်ကဲ့.. ဘယ်လောက်လိုချင်လို့လဲ... ကျွန်တော် ပေးနိုင်ပါတယ်"

ချင်ယန်၏ အမြင်သည် မန်ဖိန်လင်း အပေါ် ကောင်းမွန်သည်။

သူမက မိဖုရားကြီး၏ အဖွဲ့ကိုလည်း ကြောက်ရွံ့မှု မရှိချေ။

သူ့ကို ရဲဝံ့စွာ မိတ်ဖွဲ့ခဲ့သည့် အပြင် စွမ်းအားမြင့်မားသူ တစ်ဦးလည်း ဖြစ်သည်။

"ငါ့ကို အခု နှစ်ဆယ်ပေး... နင်လုပ်ထားတာ မဟုတ်ရင် မယူချင်ဘူးနော်... နင်ကိုယ်တိုင် လုပ်ထားတဲ့ မှော်စာလိပ်ကိုပဲ လိုချင်တာ"

မန်ဖိန်လင်းက အလေးအနက်ထားကာ ပြောနေရင်းဖြင့်ပင် ချင်ယန်၏ ခေါင်းကို လက်ဖြင့် ပွတ်သပ်လိုက်ပြန်သည်။

"တစ်ခုကို သလင်းကျောက်ပြား ငါးရာ... အခုနှစ်ဆယ် အတွက် သလင်းကျောက်ပြား တစ်သောင်း... အဆင်ပြေရဲ့လား"

ချင်ယန်က မန်ဖိန်လင်းအပေါ် ဟိတ်ဟန်ထုတ်၍ ကွေ့ဝိုက်ပြောဆိုခြင်း မရှိပေ။

သူမက ဟောဟောဒိုင်းဒိုင်း ပြောဆိုတတ်သော မိန်းကလေးတစ်ဦး ဖြစ်သည်ကို သိနေ၍ ဖြစ်သည်။

"ရတယ်"

မန်ဖိန်လင်းသည် ခရမ်းရောင်သလင်းကျောက်ပြား ဆယ်ခုကို ထုတ်ယူ၍ ချင်ယန်ကို ပေးလိုက်သည်။

ခရမ်းရောင်သလင်းကျောက်ပြား ဆယ်ခုသည် သာမန် သလင်းကျောက်ပြား တစ်သောင်းနှင့် တန်ဖိုး တူညီပေ၏။

"စီနီယာအမကြီး.. ဝိညာဉ်သိုလှောင်ပစ္စည်း မရှိဘူးလား"

မန်ဖိန်လင်းမှ မီးမှော်စာလိပ်များကို ကြိုးတစ်ချောင်းဖြင့် စည်းနှောင်နေသည်အား မြင်လိုက်ရလျှင် ချင်ယန် မေးလိုက်သည်။

"မရှိဘူး.. အဲဒီ ပစ္စည်းမျိုးက ဈေးကြီးတယ်ဟ... ရောင်းတာလည်း မရှိသလောက်ပဲ.. ရှို့လန်မှာတောင် မရှိဘူး"

မန်ဖိန်လင်းက ချိုသာစွာ ပြုံး၍ ပြောလိုက်ပြီး ချင်ယန်၏ မျက်နှာကို စိုက်ကြည့်နေခဲ့၏။

ထို့နောက် ဆက်လက်၍ ပြောလိုက်သည်။

"အနာဂတ်မှာ နင် အဲဒီပစ္စည်းမျိုး လုပ်နိုင်ပြီ ဆိုရင် ငါ့ကို အရင်ဆုံး ရောင်းပါ... အခုကစပြီး သလင်းကျောက်ပြားတွေ စုထားလိုက်မယ်"

"မကြာခင် အချိန်အတွင်း အဲဒီပစ္စည်း အစ်မကို ပေးနိုင်မှာပါ"

ချင်ယန် ပြုံး၍ ပြောလိုက်သည်။

သူ၏ ဝါးစာလိပ် အတွင်းရှိ မှော်စာလုံး သုံးဆယ့်ခြောက်မျိုးတွင် သိုလှောင်ပစ္စည်း ပြုလုပ်နိုင်သည့် မှော်အစီအရင်များ ပါဝင်နေရာ သူ၏စွမ်းအား တိုးတက်လာလျှင် ပြုလုပ်နိုင်မည် ဖြစ်သည်။

မန်ဖိန်လင်းသည် အလွန် ပျော်ရွှင်သွားဟန်ဖြင့် ချင်ယန်၏ ပါးကို ရွတ်ခနဲ နမ်းလိုက်သည်။

ချင်ယန်က ရှက်သွားသောကြောင့် မျက်နှာကြီး နီရဲသွားခဲ့သည်။

မန်ဖိန်လင်းက ချင်ယန်၏ အမူအရာကို သဘောကျစွာ ကြည့်နေရာမှ ပြောလိုက်သည်။

"နင့်ရဲ့ အရိုးမရီဒျန်က တည်ငြိမ် ခိုင်မာသွားပြီလား... ဒါဆိုရင် ပိုခက်ခဲတဲ့ နှလုံးသားမုဒြာကို စလေ့ကျင့်ရတော့မယ်.. ငါကတော့ တစ်နှစ်လောက် အချိန်ပေးခဲ့ရတယ်"

မန်ဖိန်လင်းက ရုတ်တရက် တစ်စုံတစ်ခု စဉ်းစားမိဟန်ဖြင့် မျက်လုံးများ လက်ခနဲ ဖြစ်သွားခဲ့သည်။

"မောင်လေးယန်... နင်က ပုန်းကွယ်နေတဲ့ နဂါး သိုင်းပြိုင်ပွဲမှာ ပါဝင်ပြီး လျှို့ဝှက်နဂါး အဆင့်ကို ဝင်ရောက်နိုင်တယ်လေ... ပြိုင်ပွဲမှာ ပထမရရင် သိမ်မွေ့နှလုံးသားမြက်ကို ရရှိလိမ့်မယ်... သိမ်မွေ့နှလုံးသားမြက်က မင်းရဲ့ နှလုံးသားမုဒြာ လေ့ကျင့်မှုကို အထောက်အပံ့ ပေးပြီး မင်းရဲ့ အနာဂတ် အတွက် ကြီးမားတဲ့ အကူအညီ ဖြစ်လာလိမ့်မယ်"

"ပုန်းကွယ်နေတဲ့ နဂါးသိုင်းပြိုင်ပွဲ"

ချင်ယန် ထိုပြိုင်ပွဲအကြောင်းကို မသိချေ။

မန်ဖိန်လင်းက ပုန်းကွယ်နေသည့် နဂါးသိုင်းပြိုင်ပွဲ အကြောင်းကို အပြည့်အစုံ ပြောပြလိုက်သည်။

ထိုပြိုင်ပွဲကို အထွတ်အထိပ် ကျောင်းတော်ကြီး သုံးခုနှင့် အံ့ဖွယ်မှော်စာလုံး နန်းတော်တို့မှ ပူးပေါင်း ကျင်းပခြင်း ဖြစ်သည်။

ကျင်းပသည့် နေရာသည် အံ့ဖွယ်မှော်စာလုံး နန်းတော်တွင် ဖြစ်သည်။

အဆင့်ငါး နှင့် အဆင့်ခြောက် သိုင်းခန္ဓာနယ်ပယ်များသာ ပါဝင်ခွင့် ရှိသည်။

မန်ဖိန်လင်းသည်လည်း ပါဝင်ယှဉ်ပြိုင်ခဲ့သူ ဖြစ်သည်။

"လက်ရှိမှာ ရှို့ယုလန်က အဆင့်တစ်၊ ရှို့ယုမိန်က အဆင့်နှစ်နဲ့ ငါက အဆင့်ငါး... ဒါက လွန်ခဲ့တဲ့ တစ်လကျော်က ပြိုင်ပွဲ ဖြစ်ပြီး ဒီရလဒ်တွေက နောက်နှစ်လ မတိုင်ခင်အထိတော့ ငြိမ်နေဦးမှာပဲ"

မန်ဖိန်လင်းက ရှင်းပြလိုက်သည်။

ချင်ယန်သည် လွန်ခဲ့သော တစ်လခန့်က အကြောင်းအရာ တစ်ခုကို ပြန်စဉ်းစားမိသည်။

အမှုထမ်းတစ်ဦးသည် ကျောင်းသုံးကျောင်းမှ အကြီးအကဲများက ကျွမ်းချွမ်နှင့် ဆွေးနွေးတိုင်ပင်ရန် ရောက်ရှိနေသည်ဟု လာရောက် သတင်းပို့ခြင်းမှာ ထိုကိစ္စအတွက် ဖြစ်ရပေမည်။

"ကျွန်တော်က အဆင့်ငါး သိုင်းခန္ဓာ နယ်ပယ်မှာပဲ ရှိသေးတာ... ပြိုင်လို့ ဖြစ်ပါ့မလား"

ချင်ယန် အတွက် မျှော်လင့်ချက် သိပ်မရှိချေ။

အဆင့်တစ်ဆင့် ဆိုသော်လည်း ကွာခြားချက် အလွန်ကြီးမား၏။

"ကြိုးစား မကြည့်ဘဲနဲ့ ဘယ်လိုလုပ် သိနိုင်မှာလဲ"

မန်ဖိန်လင်းက ရယ်မော၍ အားပေးစကား ပြောလိုက်သည်။

"ပါဝင် ယှဥ်ပြိုင်စမ်းပါဟ.. မနိုင်ရင်တောင် အရှုံးမရှိပါဘူး"

အခန်း(၅၅) ပြီး၏

All Chapters