အခန်း ၅၆
Vol. 6 Ch. 56
အခန်း(၅၆)
ပုန်းကွယ်နေသည့် နဂါးသိုင်းပြိုင်ပွဲတွင် အမည်ဝှက် တစ်ခုဖြင့် ပါဝင်နိုင်ရန် ချင်ယန် အနေဖြင့် တိတ်တဆိတ် ကြိုးပမ်းရပေမည်။
ရှုံးနိမ့်ခဲ့လျှင်ပင် ချင်ယန်အနေဖြင့် အတွေ့အကြုံသစ်များ ရရှိမည် ဖြစ်သည်။
မန်ဖိန်လင်း ထွက်ခွာသွားသည်နှင့် ချင်ယန်သည် အနက်ရောင် မျက်နှာဖုံး တစ်ခုကို ချက်ချင်း ပြုလုပ်တော့သည်။
ထိုမျက်နှာဖုံးသည် ပုန်းကွယ်နေသည့် နဂါးသိုင်းပြိုင်ပွဲ၌ အသုံးပြုရန် ဖြစ်သည်။
ပုန်းကွယ်နေသော နဂါးသိုင်းပြိုင်ပွဲ သတ်ကွင်းသည် အံ့ဖွယ်မှော်စာလုံးနန်းတော်၏ အရှေ့ဘက်အခြမ်းတွင် ဖြစ်ပြီး အလွန် ကြီးမားသော အဆောက်အအုံကြီး တစ်ခု ဖြစ်သည်။
သတ်ကွင်း အတွင်း၌ တိုက်ခိုက်ရန် စင်မြင့် ဆယ်ခုကျော် တည်ဆောက်ထားပြီး အဓိက စင်မြင့်ကြီး၏ အကျယ်မှာ မီတာတစ်ရာခန့် ရှိ၍ အခြားစင်မြင့်များက မီတာခုနစ်ဆယ်ခန့် ရှိကြသည်။
ချင်ယန်က စာရင်းလက်ခံသည့် နေရာသို့ ရောက်လာခဲ့သည်။
"ပြိုင်ပွဲဝင်ကြေးက သလင်းကျောက်ပြား တစ်သိန်းပါ"
စာရင်းလက်ခံသည့် အဘိုးအိုက ပြောလိုက်သည်။
ဝင်ကြေးသည် အလွန်မြင့်မားသော ပမာဏ ဖြစ်၍ ကြွယ်ဝသော မိသားစုကြီးများ၏ ကလေးများသာ အကုန်အကျခံ ယှဉ်ပြိုင်နိုင်ပေမည်။
ချင်ယန် ပြိုင်ပွဲဝင်ရန်ပင် ချီတုံချတုံ ဖြစ်သွားခဲ့ရသည်။
သူသာ ရှေ့လျှောက် တိုးတက်မှု မရှိခဲ့လျှင် ထိုသလင်းကျောက် တစ်သိန်းသည် အလဟဿ ဖြစ်သွားပေလိမ့်မည်။
တစ်ခုသိထားရမည်မှာ လျှို့ဝှက်နဂါးအဆင့် ထိပ်တန်း တိုက်ခိုက်ရေးသမားများသည် ပင်ကိုပါရမီ ပြည့်ဝသော ငယ်ရွယ်သည့် တိုက်ခိုက်ရေးသမားများ ဖြစ်ကြသည့် အပြင် အနိုင်ယူရန် လွန်စွာခက်ခဲမည်ဟူသည့် အချက်ပင်။
"ကောင်းပြီလေ.. ကျွန်တော် ဝင်ပြိုင်မယ်"
ချင်ယန် အချိန်အတန်ကြာ စဉ်းစားပြီးနောက် ဝင်ပြိုင်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။
အနိုင်မရခဲ့လျှင်ပင် ထိုပမာဏသည် သူ၏ ကြွယ်ဝမှုကို ပြောင်းလဲပစ်နိုင်မည် မဟုတ်ချေ။
"မင်းက အမည်မဖော်ဘဲ ပြိုင်မှာလား.. လျှို့ဝှက်အမည်က ဘာလဲ"
အဘိုးအိုက သလင်းကျောက်ပြား တစ်သိန်းကို သိမ်းဆည်း၍ မေးလိုက်သည်။
"နဂါးသတ်သမား"
ချင်ယန်က စိတ်ကူးထဲတွင် ပေါ်လာသော အမည်တစ်ခုကို ချက်ချင်း ပြောလိုက်သည်။
တာဝန်ခံ အကြီးအကဲသည် ခေါင်းညိတ်လိုက်ပြီး သူ၏ သွေးဖြင့် စီရင်ထားသော တံဆိပ်ပြား တစ်ခုကို ချင်ယန် အတွက် ထုတ်ပေးလိုက်၏။
တံဆိပ်ပြားကို ချင်ယန် အသုံးပြုရန် သူ၏ သွေးဖြင့် မှတ်တမ်းလုပ်ထားခြင်း ဖြစ်သည်။
အခြားသူများမှ ချင်ယန်၏ နေရာတွင် အယောင်ဆောင်၍ အစားထိုးမရစေရန် ပြုလုပ်ထားခြင်း ဆိုလည်းမမှားပေ။
ချင်ယန်သည် တံဆိပ်ပြားကို ယူ၍ ခန်းမအတွင်းပိုင်းသို့ ကြည့်လိုက်မိသည်။
ခန်းမနံရံ ပေါ်တွင် နာမည် အများအပြား ရေးထိုးထားသည်ကို မြင်လိုက်ရပြီး နဂါးသတ်သမား အမည်သည် နောက်ဆုံးတွင် ဖြစ်သည်။
ထိပ်ဆုံးဆယ်ယောက်၏ အမည်သည် နံရံပေါ်တွင် မရှိချေ။
ထိပ်ဆုံး ဆယ်ယောက်၏ အမည်များကို ကြီးမားသော ရွှေနဂါး ကျောက်စာတိုင်ကြီး တစ်ခုပေါ်တွင် ရေးထွင်းထား၏။
ထိုရွှေနဂါး ကျောက်စာတိုင်ကြီးကို ခန်းမ၏ အလယ်တည့်တည့်တွင် စိုက်ထူထားခြင်း ဖြစ်သည်။
စိုက်ထူထားသော ကျောက်စာတိုင်ကြီးသည် မျက်စိတစ်ဆုံး မြင့်မား၏။
ကျောက်စာတိုင်ကြီး၏ အပေါ်တွင် ရေးထိုးထားသော အမည်ဆယ်ခုသည် ရွှေရောင် အလင်းတန်းများဖြင့် တဖိတ်ဖိတ် တောက်ပနေခဲ့သည်။
ချင်ယန်က ပြိုင်ပွဲ သတ်မှတ်ချက်များကို အလျင်အမြန် စုံစမ်းလိုက်သည်။
အဆင့်သတ်မှတ်ချက် မရှိသူများသည် ပွဲနှစ်ဆယ် တိတိ စိန်ခေါ်တိုက်ခိုက်၍ အနိုင်ရပြီးမှ အဆင့်တစ်ထောင်အတွင်း ဝင်ရောက်နိုင်ပေမည်။
ထိပ်ဆုံးဆယ်နေရာ အတွင်းသို့မူ တိုက်ရိုက် ဝင်ရောက်နိုင်ခြင်း မရှိချေ။
အဆင့်တစ် နေရာကို ရယူလိုလျှင် ထိပ်ဆုံး ဆယ်ယောက်လုံးကို အနိုင်ရမှ ဖြစ်နိုင်ပေမည်။
အဆင့်တစ်ရာအောက် သမားများသည် စိန်ခေါ်မှုကို လက်ခံပါက နှစ်နာရီအတွင်း ရောက်လာရမည် ဖြစ်သည်။
၎င်းတို့က စိန်ခေါ်တိုက်ခိုက်ပြီးလျှင် ခြောက်နာရီကြာ အနားယူခွင့် ရှိသည်။
အဆင့်တစ်ရာမှ အဆင့်ဆယ့်တစ် အထိကမူ စိန်ခေါ်မှုကို လက်ခံချိန်မှ လေးနာရီ အတွင်း အရောက်လာရမည် ဖြစ်ပြီး တိုက်ပွဲပြီးလျှင် လေးနာရီအပြည့် နားခွင့် ရရှိ၏။
ထိပ်ဆုံး ဆယ်နေရာမှ လူများ အတွက်မူ စိန်ခေါ်မှုကို လက်ခံရရှိချိန်မှ ခြောက်နာရီ အတွင်း အရောက်လာရမည် ဖြစ်ပြီး တိုက်ပွဲပြီးလျှင် ခြောက်နာရီအပြည့် အနားရပေလိမ့်မည်။
"နှစ်လအတွင်း ပုန်းကွယ်နေတဲ့ နဂါးသိုင်းပြိုင်ပွဲ အပြီးသတ်မှာပဲ... ထိပ်ဆုံး ဆယ်နေရာ စာရင်းဝင်ဖို့ ငါ အစွမ်းကုန် ကြိုးစားရမယ်"
ချင်ယန်သည် တံဆိပ်ပြားကို ယူ၍ စိန်ခေါ်သူ သင်ပုန်းသို့ သွားကာ စာရင်း ရေးသွင်းလိုက်သည်။
သူက ပွဲနှစ်ဆယ် တိုက်ခိုက်ရန် ချက်ချင်း စိန်ခေါ်လိုက်၏။
ပထမပွဲစဉ်တွင် ချင်ယန်၏ ပြိုင်ဘက်မှာ အဆင့်ငါး သိုင်းခန္ဓာနယ်ပယ် လူလတ်ပိုင်း တစ်ဦး ဖြစ်သည်။
သုံးကွက်အတွင်း ချင်ယန်၏ ပြိုင်ဘက်သည် အခြားစင်မြင့်တစ်ခု ပေါ်သို့ လွင့်စင်သွားသည်အထိ တိုက်ခိုက် ခံလိုက်ရ၏။
ထို့နောက်တွင်မူ ချင်ယန်သည် အခြား ပြိုင်ပွဲဝင် တစ်ဦးနှင့် ဒုတိယပွဲကို စတင်လိုက်သည်။
သူက ပွဲနှစ်ဆယ် မပြည့်မချင်း ဆက်တိုက်ဆိုသလို တိုက်ခိုက်နေခဲ့၏။
ဆက်တိုက်ပင် ချင်ယန်သည် စိန်ခေါ်တိုက်ခိုက်၍ အနိုင်ယူနေခဲ့သည်။
သူ၏ အဆင့် သတ်မှတ်ချက်သည်လည်း တဖြည်းဖြည်း မြင့်တက်လာခဲ့၏။
တစ်ရက်အတွင်း ချင်ယန်သည် အဆင့်နှစ်ရာ နီးပါး မြင့်တက်လာခဲ့သည်။
ပုန်းကွယ်နေသော နဂါးသိုင်းပြိုင်ပွဲ ကွင်းပြင် အတွင်းရှိ လူအများသည် စိန်ခေါ် တိုက်ခိုက်ရန် စောင့်ဆိုင်းနေခြင်း သို့မဟုတ် အားအနည်းဆုံးသူကို ခန့်မှန်း၍ တိုက်ခိုက်ရန် စောင့်ကြည့်နေခြင်းများ ပြုလုပ်နေကြသည်။
အဆင့်တစ်ရာ အတွင်း ဝင်ရောက်နိုင်ခဲ့လျှင် အဆင့်မြင့် သဘာဝစွမ်းအင် ဆေးနှစ်လုံးကို ရရှိမည် ဖြစ်၏။
ထိုသတ်မှတ်ချက်က လူအများကို စိတ်လှုပ်ရှားစေခဲ့သည်။
ယင်းကြောင့် အဆင့်တစ်ရာ အတွင်း ဝင်ရောက်ရန် ကြိုးစားနေကြခြင်းပင်။
[ဒီနေ့အတွက် ငါ့ရဲ့ နောက်ဆုံးစိန်ခေါ်မှုပဲ... ဘာလို့လဲဆိုတော့ ငါက အဆင့်ငါး သိုင်းခန္ဓာနယ်ပယ်ပဲ ရှိသေးတယ်]
ချင်ယန်က ခဏ အနားယူပြီးနောက် စိန်ခေါ်မှု တစ်ခုကို လက်ခံခဲ့သည်။
သူက စင်မြင့်ပေါ်သို့ တက်ရောက်လာခဲ့၏။
သူ့ကို စိန်ခေါ်သူသည် အသက်သုံးဆယ်ကျော်ခန့် ရှိသော မုတ်ဆိတ်ထူထူနှင့် လူတစ်ဦး ဖြစ်သည်။
"နဂါးသတ်သမားနဲ့ ယန်ဟန်... အခုစမယ်"
ချင်ယန်က တိမ်မီးတောက်ခြေလှမ်းကို အသုံးမပြုချေ။
ထိုပညာရပ်ကို အသုံးပြုခဲ့လျှင် သူ မည်သူမှန်း ပေါ်ပေါက်သွားနိုင်၏။
သူက အတွင်းအားကိုသာ အသုံးပြု၍ လှုပ်ရှားနေသော်လည်း သူ၏ အရှိန်အဟုန်သည် နှေးကွေးခြင်း မရှိခဲ့ချေ။
ယန်ဟန်၏ လက်ဝါးချက်များကို ရှောင်တိမ်းနိုင်ခဲ့သည်။
ယန်ဟန်သည် အဆင့်ငါး သိုင်းခန္ဓာနယ်ပယ်က သူ၏ တိုက်ခိုက်မှုကို လျင်မြန်စွာ ရှောင်တိမ်းနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူ အနည်းငယ် တုန်လှုပ်သွားမိသည်။
သူ့ရှေ့မှ နဂါးသတ်သမားသည် တိုက်ပွဲအများအပြား တိုက်ခိုက်ခဲ့ပြီးပြီ ဖြစ်သည်။
ထို့ပြင် နဂါးသတ်သမားက အဆင့်ငါး သိုင်းခန္ဓာနယ်ပယ် အဆင့်ဖြင့် ပွဲစဉ်တစ်လျှောက် အချိန်ကြာမြင့်စွာ တိုက်ခိုက်ပြီးပြီ ဖြစ်သော်လည်း အားအင်ကုန်ခန်းခြင်း မရှိသေးသည်ကို သူ သတိပြုမိခဲ့သည်။
"အရမ်းနှေးတာပဲ"
ပျက်ရယ်ပြုသံနှင့် အတူ ချင်ယန်သည် ယန်ဟန်၏ ရှေ့သို့ လျင်မြန်စွာ ရောက်ရှိလာပြီး လက်သီးဖြင့် ထိုးနှက် တိုက်ခိုက်လိုက်သည်။
ယန်ဟန်၏ ငယ်သံပါအောင် အော်ဟစ်သံ ထွက်လာခဲ့ပြီး လွင့်စင်သွားသည်ကို ပရိသတ်များ မြင်လိုက်ကြသည်။
ချင်ယန်၏ လက်သီးချက်က လူအများကို အံ့အားသင့်သွားစေခဲ့သည်။
သာမန်ဟု ထင်ရသော ထိုလက်သီးချက်တွင် လှည့်စားမှု အချို့ ပါရှိဟန်ရ၏။
လက်သီးချက်သည် လွယ်ကူ ချောမွေ့နေပြီး အတွင်းအား အနည်းငယ်သာ ပါရှိပုံ ရသည်။
အတိအကျဆိုရလျှင် ပန်းပဲသမားတစ်ဦးက တူကို အသာအယာ ထုလိုက်သည်နှင့် တူညီနေ၏။
မှန်ပေ၏။ ချင်ယန် အသုံးပြုလိုက်သော လက်သီးချက်သည် ပုံသွင်းတူဖြင့် ထုလိုက်သကဲ့သို့ ထပ်တူကျနေသည်။
ချင်ယန်သည် ခြေနှစ်လှမ်းဖြင့် ရှေ့သို့ ရောက်သွားကာ တိုက်ခိုက်လိုက်ခြင်း ဖြစ်ပြီး သူ ထုတ်လွှတ်လိုက်သော ချီစွမ်းအင်များက ယန်ဟန်ကို စင်မြင့်အောက်သို့ ပြုတ်ကျသွားစေခဲ့သည်။
အဆင့်ငါး သိုင်းခန္ဓာနယ်ပယ်က အဆင့်ခြောက် သိုင်းခန္ဓာနယ်ပယ်ကို အနိုင်ယူခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် အနိုင်ရသွားခြင်းမှာလည်း အလွန် လွယ်ကူနေခဲ့၏။
သိုင်းပြိုင်ပွဲတွင် အဓိက ပါဝင်ယှဉ်ပြိုင်သူများမှာ အင်ပါယာသုံးခုမှ ဖြစ်ပြီး နိုင်ငံငယ်လေးများနှင့် အလယ်အလတ်နိုင်ငံများမှ အနည်းအကျဉ်း ပါဝင်ကြသည်။
ထိုနိုင်ငံငယ်လေးများမှ လာရောက်သူများမှာ လူလတ်ပိုင်းများ ဖြစ်ကြသည်။
၎င်းတို့ အားလုံးသည် အဆင့်ခြောက် သိုင်းခန္ဓာနယ်ပယ်သို့ ရောက်ရှိနေသူများ ဖြစ်ကြသည်။
ယခုအခါ အဆင့်ခြောက် သိုင်းခန္ဓာနယ်ပယ်ကို အနိုင်ယူသွားသူက အဆင့်ငါး သိုင်းခန္ဓာနယ်ပယ် ဖြစ်နေခဲ့ရာ ၎င်းတို့အားလုံး အံ့သြတုန်လှုပ်သွားကြသည်။
ထို့နောက် ချင်ယန်က အနားယူရန် အံ့ဖွယ်မှော်စာလုံး နန်းတော်သို့ အလျင်အမြန် ပြန်လာခဲ့သည်။
သူ၏ အခန်းဝသို့ ရောက်လျှင် အခန်းတံခါး ပွင့်နေသည်ကို တွေ့လိုက်ရပြီး ရင်းနှီးနေသော ကိုယ်သင်းနံ့ တစ်ခုကို သူ၏ နှာခေါင်းမှ သတိပြုမိလိုက်သဖြင့် မြန်ဆန်စွာ သွားရောက်ကြည့်ရှုလိုက်သည်။
အခန်းအတွင်း၌ အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသော ရန်ရှီးယု ရောက်နေသည်ကို တွေ့လိုက်ရ၏။
ချင်ယန် စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချကာ ပြောလိုက်သည်။
"ဆရာမ ပြန်လာပြီပေါ့"
ရန်ရှီးယုက လှောင်ပြောင်ဟန်ဖြင့် နှုတ်ခမ်းမဲ့လိုက်သည်။
"ငါမင်းကို စောင့်နေတာကြာပြီ... မင်းဒီလို လျှောက်သွားလိမ့်မယ်လို့ ငါလုံးဝ မထင်ထားခဲ့မိဘူး... ငါ့ကိုပြောစမ်းပါ.. ဘယ်ကိုသွားနေတာလဲ.. မန်ဖိန်လင်းနဲ့ သွားတာလား"
ချင်ယန်က ကပျာကယာ လက်ခါပြလိုက်ပြီး ဖြေရှင်းချက် ပေးလိုက်သည်။
သူက ထိုကဲ့သို့ အထင်လွဲခံရမည်ကို ကြောက်ရွံ့နေ၏။
"ကျွန်တော် သူနဲ့ သွားတာ မဟုတ်ပါဘူး"
ရန်ရှီးယုက ချင်ယန်၏မျက်နှာကိုကြည့်ကာ ပြုံးလိုက်သည်။
"ဘာတွေ ရှက်နေတာလဲ... အဲဒီ မိန်းကလေးက မင်းနဲ့တူတူ ပျော်ပျော်ပါးပါး လမ်းလျှောက်သွားတာတဲ့... အခွင့်အရေးကို လက်လွတ်မခံဘဲ အသုံးချတတ်နေပြီပေါ့လေ.. မင်းက ချာတိတ်လေး မဟုတ်တော့ဘူးပဲ"
ရန်ရှီးယုက ပြုံး၍ ချင်ယန်၏ အနီးသို့ လျှောက်လာခဲ့သည်။
ထို့နောက် ချင်ယန်၏ ပုခုံးကို လက်ဖြင့်ပုတ်၍ မေးလိုက်၏။
"ငါကြိုပြောမယ်နော်... ဟိုနားဒီနား သွားတာလို့ ဆင်ခြေမပေးနဲ့.. ဘယ်သွားတာလဲ"
ချင်ယန်က သူ၏မျက်နှာဖုံးကို ထုတ်ပြကာ ပြောလိုက်သည်။
"ဆရာမ... ပုန်းကွယ်နေသည့် နဂါးသိုင်းပြိုင်ပွဲကို ကျွန်တော် လျှို့ဝှက်အမည် တစ်ခုနဲ့ ဝင်ပြိုင်နေတာပါ"
ရန်ရှီးယုက မိုးကောင်းကင်ကျောင်းမှ ပြန်လာခဲ့သူ ဖြစ်သည်။
ပုန်းကွယ်နေသည့် နဂါးသိုင်းပြိုင်ပွဲ အကြောင်းကို သူမ သိထားခဲ့ပြီ ဖြစ်သည့် အပြင် ချင်ယန် ဝင်ပြိုင်လိမ့်မည်ဟု ခန့်မှန်းထားပြီးပြီ ဖြစ်သည်။
ရန်ရှီးယုသည် မျက်နှာဖုံးကို ကိုင်ကြည့်၍ သဘောကျစွာ ပြုံးလိုက်၏။
"လျှို့ဝှက်နာမည်နဲ့ ပြိုင်တာ အကောင်းဆုံးပဲ... မိဖုရားကြီးရဲ့ ဘက်တော်သားတွေ အရမ်းများတယ်... မင်းဝင်ပြိုင်တာ သူတို့သိခဲ့ရင် သေချာပေါက် တစ်ခုခု ကြံစည်ကြမှာပဲ"
ချင်ယန်က နောင်တရဟန်ဖြင့် ပြောလိုက်သည်။
"ဆိုးတာတစ်ခုက ကျွန်တော့်မှာ အသုံးပြုစရာ အခြားသိုင်းပညာ မရှိတော့ အလွယ်တကူ မကျော်ဖြတ်နိုင်လောက်ဘူး"
ရန်ရှီးယုက မျက်နှာဖုံးကို ချင်ယန် ထံသို့ ပြန်ပေးလိုက်ပြီး ထိုင်ခုံတစ်လုံးပေါ် ထိုင်ချလိုက်သည်။
"ဒါ ပြဿနာမဟုတ်ပါဘူး... မင်းရဲ့ ကိုယ်ဖော့ပညာကို တမင်သိသာအောင် မသုံးရင် မင်းမှန်း ဘယ်သူမှ မသိလောက်ဘူး... ဘာလို့လဲဆိုတော့ အဲဒီပညာက အလင်းမီးတောက် လက်သီးလို မထင်ရှားဘူးလေ... အသုံးပြုသူလည်း အရမ်းနည်းတယ်"
ထိုသို့ ပြောလိုက်ပြီးနောက် သူမက စာအုပ် နှစ်အုပ်ကို သိုလှောင်ပစ္စည်း အတွင်းမှ ထုတ်ယူလိုက်သည်။
သူမက ဆက်လက်၍ ပြောလိုက်သည်။
"ဒါက အဆင့်မြင့် သိုင်းပညာနှစ်ခုပဲ"
အခန်း(၅၆) ပြီး၏