အခန်း ၅၇
Vol. 6 Ch. 57
အခန်း(၅၇)
ရန်ရှီးယုသည် စာအုပ်နှစ်အုပ်ကို ချင်ယန်ထံ ပေးလိုက်ပြီးနောက် ဆက်လက်၍ ရှင်းပြလိုက်၏။
"ဒါက ဟန်ရှန်းနည်းစနစ်ပဲ... မှတ်တမ်းအရတော့ ဒီနည်းလမ်းတွေထဲမှာ ပါတဲ့ တစ်ခုက ချီစွမ်းအင်ကို အားကောင်းစေနိုင်တယ်... လုံလောက်တဲ့ လေ့ကျင့်မှု ရှိခဲ့ရင် ထုထည်ကြီးမားတဲ့ တောင်ကြီးတွေကို လှုပ်ခါပစ်နိုင်တယ်"
"ဒါက မြင်းတစ်ထောင် လက်ဝါးပဲ... ငါကြားဖူးတာကတော့ သူ့ကို ပြည့်စုံခြင်းအဆင့်ထိ လေ့ကျင့်နိုင်ပြီး အဆင့်ကိုး သိုင်းခန္ဓာနယ်ပယ်နဲ့ ပေါင်းစပ်လိုက်ရင် မြင်းကောင်ရေ တစ်သောင်း ဒုန်းစိုင်းပြေးတဲ့ စွမ်းအားကို ရရှိမယ်. ဒါက အဆင့်မြင့် သိုင်းပညာတွေ ထဲမှာတော့ အတန်အသင့် ကျော်ကြားတဲ့ ပညာရပ် တစ်ခုပဲ"
အခြားသူများနှင့် ယှဉ်လျှင် ချင်ယန် အတွက် အဆင့်မြင့် သိုင်းပညာ တစ်ခုကို တတ်မြောက်ဖို့ လွယ်ကူလွန်း၏။
သူ၏ လေ့ကျင့်မှုဖြင့်ဆိုလျှင် အချိန်တို အတွင်း ဤသိုင်းပညာကို တတ်မြောက်နိုင်သည်။
ထိုသိုင်းပညာရပ်ကို ပြိုင်ပွဲတွင် အသုံးပြုနိုင်ဖို့ရန် တစ်လအတွင်း အစပျိုးအဆင့်ကို ကျွမ်းကျင်မှသာ ဖြစ်နိုင်ပေလိမ့်မည်။
အနက်ရောင်ယန် အတွင်းအား ကျင့်စဥ် သည်လည်း အဆင့်မြင့် သိုင်းပညာရပ် တစ်ခုပင် ဖြစ်သည်။
ထိုပညာရပ်ကို ချင်ယန်၏ လေ့ကျင့်မှုသည် မဟာပြည့်စုံခြင်းအဆင့်ကို ရောက်သွားခဲ့ပြီ ဖြစ်၏။
ရန်ရှီးယုက ချင်ယန်၏ သင်လွယ်တတ်လွယ်သော ပါရမီကို ရုတ်တရက် စဉ်းစားမိလိုက်သည်။
သူမက ချင်ယန်ကို မသင်ပေးခဲ့လျှင်ပင် ချင်ယန်သည် နှစ်လအတွင်း အဆင့်တစ်ခုထိ သူ့ဘာသာ လေ့ကျင့်နိုင်ပေလိမ့်မည်။
"အခုစသင်ပေးမယ်"
ချင်ယန် ခေါင်းညိတ်လိုက်သည်။
ရန်ရှီးယု၏ ရှင်းပြမှုများကို ဂရုတစိုက် နားထောင်နေခဲ့သည်။
ခြောက်နာရီကြာပြီးနောက်တွင် အစပျိုးအဆင့်ကို ချင်ယန် ရောက်ရှိသွားခဲ့သည်။
ရန်ရှီးယု အတော်လေး အံ့အားသင့်သွားခဲ့၏။
သို့သော် သူမ အချိန်အတော်ကြာ အံ့အားမသင့်တော့ပေ။
အကြောင်းရင်းမှာ ချင်ယန်၏ နားလည် တတ်မြောက်နိုင်စွမ်းက မိုးကောင်းကင်ကိုပင် အံ့တုနိုင်မှန်း သိထားသောကြောင့်ပင်။
ချင်ယန်က နားချိန် ကုန်သွားခဲ့ပြီ ဖြစ်၍ နောက်တစ်ကြိမ် စိန်ခေါ် တိုက်ခိုက်ရပေတော့မည်။
ချင်ယန်က ပုန်းကွယ်နေသော နဂါးသိုင်းပြိုင်ပွဲ ကွင်းပြင်သို့ ချက်ချင်း သွားရောက်ခဲ့ပြီး သိုင်းပြိုင်ပွဲ ဧရိယာထဲသို့ ဝင်လိုက်၏။
သူ၏ အဆင့်သတ်မှတ်ချက် မြင့်မားလာရန် စိန်ခေါ်တိုက်ခိုက်မှု စတင်ပေတော့မည်။
ရန်ရှီးယုက ပုန်းကွယ်နေသော နဂါးသိုင်းပြိုင်ပွဲ ပြုလုပ်ရာ အဆောက်အအုံသို့ လိုက်လာခဲ့သည်။
သူမက မျက်နှာကို ဖုံးကွယ်ရန် မျက်နှာဖုံး တစ်ခုကို တပ်ဆင်ထားခဲ့၏။
ပုန်းကွယ်နေသော နဂါးသိုင်းပြိုင်ပွဲ ကွင်းပြင်ထဲတွင် လူအများအပြားသည် မျက်နှာဖုံးများ တပ်ဆင်ခြင်း၊ ရုပ်ပြောင်းရုပ်လွှဲပညာ အသုံးပြုခြင်း တို့ဖြင့် ၎င်းတို့၏ မူလရုပ်သွင်ကို ဖုံးကွယ်ထားတတ်ကြသည်။
ကျွမ်းချွမ် ပင်လျှင် ချင်ယန်ကို အတုယူပြီး ပုန်းကွယ်နေသော နဂါးသိုင်းပြိုင်ပွဲ အတွင်း အညတရ တစ်ဦး ကဲ့သို့ ဝတ်စားကာ လျှောက်သွားနေခဲ့သည်။
ချင်ယန်၏ လျှို့ဝှက် ယှဉ်ပြိုင်နေမှုကို ရန်ရှီးယုမှ တစ်ဆင့် ကျွမ်းချွမ် သိထား၏။
ဒါကြောင့်လည်း ချင်ယန် အရေးကြီးသည့် အကျပ်အတည်းမျိုးနှင့် ရင်ဆိုင်ခဲ့ရလျှင် ကူညီပေးရန် ရုပ်ဖျက်၍ စောင့်ကြည့်နေခြင်းသာ။
ချင်ယန်နှင့် ယှဉ်ပြိုင် တိုက်ခိုက်မည့်သူက အသက်လေးဆယ်အရွယ် လေးထောင့်စပ်စပ် မျက်နှာပုံသဏ္ဌာန် ရှိသည့် အဆင့်ခြောက် သိုင်းခန္ဓာနယ်ပယ် ကျင့်ကြံသူ ဖြစ်သည်။
သူ့၏ အမူအရာကို ကြည့်ရုံမျှဖြင့် အနည်းငယ် ကြွယ်ဝသူ တစ်ဦးမှန်း သိနိုင်၏။
ပွဲစသည်နှင့် ထိုလူကြီး၏ ထူးခြားသည့် ကိုယ်ဖော့ပညာအစွမ်းကို မြင်လိုက်ရသည်။
ရေပေါ်တွင် နားနေသည့် ပုစဉ်းတစ်ကောင် အလား သူ၏ ခြေချောင်းများသည် အချိန်အနည်းငယ် တည်ငြိမ်နေပြီးမှ လှုပ်ရှားလာခဲ့သည်။
လျှပ်တပြက်အတွင်း ချင်ယန်ထံသို့ ခုန်လွှား ရောက်ရှိလာပြီး ခြေထောက် တစ်ချောင်းက ချင်ယန်၏ ရင်ဘတ်ကို ပုဆိန်တစ်လက်နှင့် ခုတ်လိုက်သည့်အလား တိုက်ခိုက်လာခဲ့သည်။
သူ၏ စွမ်းအား ကြီးမားပြီး တစ်ရှိန်ထိုး တိုက်ခိုက်မှုက ကောင်းမွန် ပြည့်စုံနေခဲ့ပြီး မြင်ရသူ အပေါင်း၏ စိတ်ထဲတွင် တောင်ကြီး တစ်လုံးကို ပုဆိန်ကြီး တစ်လက်နှင့် ခုတ်ပိုင်းလိုက်သကဲ့သို့ ထင်မှတ်မိလိုက်ကြသည်။
ဖြောင့်တန်းစွာ ကျဆင်းလာသည့် ခြေထောက်၏ အရှိန်အဟုန်ကြောင့် လေထု ထိုးခွဲသံက ရွှီခနဲ မြည်ဟီးသွားပြီး အနှိုင်းမဲ့ အားအင်များဖြင့် ဝင်ရောက်လာခဲ့သည်။
ထိုတိုက်ခိုက်မှုကြောင့် ပရိသတ် အများအပြား၏ လက်ခုပ်သံနှင့် အော်ဟစ် အားပေးသံများ ဆူညံသွားခဲ့သည်။
ချင်ယန်က အလျင်အမြန်ပဲ မီတာအနည်းငယ် နေရာ ရွှေ့ပြောင်းလိုက်ရသည်။
မျက်နှာလေးထောင့်နှင့် လူက ချင်ယန် ရှောင်တိမ်းမည်မှန်း မျှော်လင့်ထားပြီ ဖြစ်၍ သူ၏ ခန္ဓာကိုယ်ကို လေထဲမှာပဲ အနည်းငယ် ပြောင်းလဲလိုက်သည်။
သစ်ပင်တစ်ပင်ကို ပုဆိန်နှင့် ခုတ်ပိုင်းလိုက်သလို သူ၏ လက်ဝါးစောင်းဖြင့် ခုတ်ချလာပြန်သည်။
"မြင်းတစ်ထောင်လက်ဝါး"
ချင်ယန်က နှလုံးသားထဲမှ ကြုံးဝါးလိုက်သည်။
သူက လက်ဝါးရိုက်ချက်ဖြင့်ပင် ထိပ်တိုက် ရင်ဆိုင်လိုက်ခြင်းဖြစ်သည်။
ပြင်းထန်သည့် လက်ဝါးရိုက်ချက်မှ ထွက်ပေါ်လာသည့် လေလှိုင်းများက မြင်းအကောင်ပေါင်း များစွာ တစ်ပြိုင်နက် အော်ဟစ်လိုက်သလို အသံကြီး မြည်ဟီးလာခဲ့သည်။
"ဝုန်း"
အားနှစ်ခု ထိပ်တိုက် ဆုံတွေ့သွားခဲ့သည်။
မျက်နှာလေးထောင့်နှင့်လူက သူ၏တိုက်ခိုက်မှုကို ယုံကြည်ထားခဲ့သည်။
အကြောင်းရင်းမှာ သူက အပေါ်စီးကနေ အရှိန်အဟုန်ဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ပြီး ချင်ယန်၏ လက်ဝါးချက်ကမူ အောက်ဘက်ကနေ ထုတ်ဖော်ရခြင်းကြောင့်ပင်။
သို့သော် ရယ်စရာကောင်းသည့် အဖြစ်အပျက်မှာ သူကသာ စင်မြင့်ပေါ်ကနေ လွင့်ထွက်သွားခဲ့၏။
"နဂါးသတ်သမား အနိုင်ရပါတယ်"
ဒိုင်လူကြီး၏ ကြေညာသံ ထွက်ပေါ်လာသည်။
မျက်နှာလေးထောင့်နှင့်လူက အဆင့်ခြောက် သိုင်းခန္ဓာနယ်ပယ် ဖြစ်သော်လည်း နဂါးသတ်သမားဟု ခေါ်သည့် လျှို့ဝှက် လူတစ်ယောက်ကို ရှုံးနိမ့်ခဲ့ရသည်။
ယင်းက လူအများကို စိတ်ဝင်စားမှု အနည်းအကျဥ်း ဖြစ်ပေါ်စေခဲ့သည်။
အဆင့် သတ်မှတ်ချက် နိမ့်ကျနေသော်လည်း ချင်ယန်ကို အနည်းနှင့်အများ သတိပြုမိလိုက်ကြ၏။
ချင်ယန်ကမူ အနိုင်ရသော်လည်း စိတ်ကျေနပ်မှု မရှိသေးပေ။
သူက ထိပ်ဆုံး ဆယ်နေရာ မရောက်မချင်း စိန်ခေါ် တိုက်ခိုက်မှုများကို ဆက်တိုက် ပြုလုပ်နေမည်သာ။
ချင်ယန်အနေဖြင့် တွေ့ကရာ လူများကို တိုက်ခိုက်လိုခြင်း မရှိပေ။
အဘယ်ကြောင့်ဆိုသော် သူ၏ သိုင်းစွမ်းရည် တိုးတက်ရန် အတွက် အကျိုးမရှိ၍ ဖြစ်သည်။
သူတိုက်ခိုက်ချင်သည်က သန်မာသည့် သူများကိုသာ ဖြစ်၏။
မည်သို့ပင်ဖြစ်စေကာမူ ချင်ယန်က နောက်ထပ် ဆယ်ပွဲတိတိ အနိုင်ရခဲ့ပြီး သူ၏ အဆင့်ကို မြှင့်တင်လိုက်သည်။
ဤအချိန်တွင် လူအများစုသည် ချင်ယန်၏ သိုင်းပညာစွမ်းကို သိရှိ သွားရုံသာမက သူ့အကြောင်းကို စတင် ဆွေးနွေး ပြောဆိုလာကြသည်။
လူအုပ်ကြီး၏ ဆွေးနွေးငြင်းခုံမှုမှ တဆင့် မြင်းတစ်ထောင် လက်ဝါးသိုင်းက အဆင့်မြင့် တိုက်ခိုက်ရေး ပညာရပ်တစ်ခု ဖြစ်သော်လည်း ကျွမ်းကျင်တတ်မြောက်ရန် အလွန်ခက်ခဲမှန်း ချင်ယန် ကြားသိခဲ့ရသည်။
မြင်းတစ်ထောင် လက်ဝါးသိုင်းပညာကို နေရာအနှံ့တွင် သလင်းကျောက် နှစ်သိန်း၊ သုံးသိန်းဝန်းကျင်ဖြင့် ရောင်းချသော်လည်း တန်ဖိုးကြီးမားသည်ဟု မသတ်မှတ်နိုင်ပေ။
အလယ်အလတ် မိသားစုများပင် အကုန်အကျခံနိုင်၏။
သို့သော် သင်ယူ လေ့ကျင့်ရန် ခက်ခဲသောကြောင့် မည်သူကမှ မဝယ်ချင်ခဲ့ပေ။
ချင်ယန် အသုံးပြုခဲ့သည့် မြင်းတစ်ထောင် လက်ဝါးသိုင်းသည် အလွန်ပင် အားကောင်းနေခဲ့၏။
အမှန်တကယ်တွင် ချင်ယန်က ဟန်ရှန်းနည်းစနစ်ကိုပါ အသုံးပြုချင်သော်လည်း အသုံးချရန် အခွင့်အရေး မရခဲ့ပေ။
လူအများက ဟန်ရှန်းနည်းစနစ်ကို အလွန် ခိုင်မာသည့် အကာအကွယ် ပညာရပ် အဖြစ် အဓိက အသုံးပြုခဲ့ကြ၏။
ပွဲနှစ်ဆယ် အနိုင်ရပြီးနောက်တွင်မူ ချင်ယန်၏ အဆင့်က ရှစ်ရာ ဖြစ်လာခဲ့သည်။
ထို့အတူ နားချိန် ခြောက်နာရီ ရရှိခဲ့သည်။
သူက နားချိန်အတွင်း အံ့ဖွယ်မှော်စာလုံး နန်းတော်မှ သူ၏အခန်းသို့ အမြန်ပြန်ပြီး သိုင်းပညာရပ် နှစ်ခုကို ဆက်လက် လေ့ကျင့်ခဲ့သည်။
သူ၏ အခန်းက အနည်းငယ် ကျယ်ဝန်းသည့် အတွက် ရန်ရှီးယုနှင့် တိုက်ခိုက်လေ့ကျင့်၍ အဆင်ပြေခဲ့သည်။
ဤကဲ့သို့ လေ့ကျင့်မှုများကြောင့်လည်း ချီစွမ်းအင်နှင့် သိုင်းပညာရပ်ကို ပေါင်းစပ် အသုံးပြုနိုင်လာပြီ ဖြစ်သည်။
ရန်ရှီးယုက အလေးအနက်ထားဟန်ဖြင့် ပြောလိုက်သည်။
"အဆင့်တစ်ရာအတွင်း ဝင်နိုင်အောင် အမြန်လုပ်ပါ.. အခု မင်းရင်ဆိုင်နေရတဲ့ လူတွေထက် စာရင် အဆင့်တစ်ရာ အတွင်းမှာ ရှိတဲ့ လူတွေရဲ့ သိုင်းပညာက အများကြီး ပိုမြင့်မားတယ်"
ချင်ယန်နှင့် ရန်ရှီးယုတို့ ဆရာတပည့် နှစ်ယောက်က လေးနာရီတိတိ လေ့ကျင့် တိုက်ခိုက်ခဲ့ကြသည်။
ကျန်သည့် နှစ်နာရီကိုမူ ချင်ယန်က အနားယူ အားဖြည့်ခဲ့သည်။
ရက်အနည်းငယ် အတွင်း ချင်ယန် အဆက်မပြတ် စိန်ခေါ်တိုက်ခိုက်ခဲ့၏။
သူ၏ နိုင်ပွဲ များလာတာနဲ့အမျှ အဆင့်သတ်မှတ်ချက်က တစ်ရာ့တစ် သို့ပင် ရောက်လာခဲ့သည်။
ပုန်းကွယ်နေသည့် နဂါးပြိုင်ပွဲ၏ အဆင့်တစ်ရာ အတွင်း ဝင်ရောက်ရန် အတွက် ချင်ယန်၏ စိန်ခေါ်မှုက လူအများကို သတိပြုစရာအဖြစ် ချက်ချင်း လှုပ်ခတ်သွားစေခဲ့သည်။
ပုန်းကွယ်နေသည့် နဂါးပြိုင်ပွဲ သတ်ကွင်း အပေါ်မှ ဒုတိယထပ် တစ်ခုလုံးကို တန်ဖိုးကြီးပစ္စည်းများနှင့် တန်ဆာဆင်ထား၏။
အလွန် ချမ်းသာကြွယ်ဝသူသာ ထိုနေရာတွင် တည်းခိုနေထိုင်နိုင်မည် ဖြစ်၏။
ထိပ်ဆုံးအဆင့်ဆယ်ဦး၏ နေရာက ဒုတိယထပ်တွင် ဖြစ်သည်။
"စိတ်ဝင်စားစရာပဲ... အဆင့်ငါး သိုင်းခန္ဓာနယ်ပယ်က တောက်လျှောက် အနိုင်ယူလာတာ ရက်ပိုင်းနဲ့ အဆင့်တစ်ရာအတွင်း ဝင်တော့မယ်"
အရပ်မြင့်မြင့်နှင့် သန်မာထွားကျိုင်းသည့် လူငယ် တစ်ဦး၏ မိုးခြိမ်းသံလို ကျယ်လောင်သည့် စကားသံ ဖြစ်သည်။
ထိုသူက အဆင့်လေး နေရာက ယီချန်းလိုင် ဖြစ်သည်။
"ဒီလူက ချင်ယန်တော့ မဖြစ်နိုင်လောက်ဘူး မဟုတ်လား"
သူမက ချီနိုင်ငံ၏ မင်းသမီး ချီရွှယ် ဖြစ်သည်။
သူမက အဆင့်ခုနစ် ဖြစ်သည်။
ရှို့လန်က အထင်သေးဟန်ဖြင့် ပြန်ပြောလိုက်၏။
"ချင်ယန် အကောင်းဆုံး အသုံးပြုနိုင်တာက တိမ်မီးတောက်ခြေလှမ်းနဲ့ အလင်းမီးတောက်လက်သီးပဲ.. နဂါးသတ်သမားက အဲဒါတွေ မသုံးဘူး... ချင်ယန် လာခဲ့ရင်တောင် ငါတို့ကို မယှဉ်နိုင်တာ သေချာတယ်... ယန်ချင်ယုသာ အလေးအနက်ထားပြီး ချင်ယန်နဲ့ တိုက်ခိုက်ခဲ့ရင် အဆုံးသတ်ဆိုးနဲ့ ကြုံရမှာ မဟုတ်ဘူး"
ချီရွှယ်က ခန့်ညားချောမောသည့် လူငယ်တစ်ဦးကို ကြည့်လိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။
"ချင်ဖန်... အခုပွဲကို သွားမကြည့်ဘူးလား... သတိထားစရာ တချို့ တွေ့နိုင်တာပေါ့"
ချင်ဖန်က ချီရွှယ်ကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။
ပြီးမှ မောက်မာစွာ ပြောလိုက်သည်။
"ငါကြည့်ဖို့မလိုဘူး... မင်းအနေနဲ့ အဆင့်ခုနစ် နေရာကနေ အဆင့်ငါး အတွင်းဝင်အောင် ဘယ်လိုလုပ်မလဲပဲ စဥ်းစားစမ်းပါ.. အဆင့်ခြောက်က မင်းတို့ မင်းသမီး ချီမေလန်း... အဆင့်ငါးက မန်ဖိန်လင်း... ဟမ့်.. ငါနဲ့ တိုက်တုန်းကဆိုရင် ချီမေလန်းက ငါ့လက်သီးချက်မိပြီး ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွားရတယ်"
ချီရွှယ်က အံကြိတ်ပြီး ပြောလိုက်သည်။
"ချီမေလန်းကို ငါဂရုမစိုက်ပါဘူး.. ဟိုမကောင်းဆိုးဝါးမ မန်ဖိန်လင်းကိုပဲ ရင်ဆိုင်ဖို့ ခက်ခဲတာ"
ချင်ဖန်က ရှို့လန်ကို ကြည့်၍ မေးလိုက်သည်။
"ယုမိန်ကို မင်းယှဥ်နိုင်ပါ့မလား.. သူ့ရဲ့ ပင်ကို အရည်အချင်းနဲ့ဆို သေချာပေါက် ပထမနေရာ ရသွားမှာပဲ"
လက်ရှိ ပုန်းကွယ်နေသော နဂါးအဆင့်အရ ရှို့လန်က ပထမဖြစ်ပြီး ရှို့ယုမိန်က ဒုတိယ ဖြစ်သည်။
ရှို့လန်၏ အမူအရာက အကြံခက်နေဟန်ရှိသည်။
"ဒီကောင်မလေးက တကယ်ကို ခေါင်းခဲစရာပဲ... သူ့အစ်မလို အေးတိအေးစက် ပုံစံကအစ တစ်ပုံစံတည်းပဲ.. ဒီကောင်မလေး ငါ့ကို စိန်ခေါ်ချင်ရင်တောင် ငါမတိုက်ဘူး"
ထိုအချိန်မှာပင် ပေါက်ကွဲသံတစ်ခု ဖြစ်ပေါ်လာပြီး ပြတင်းပေါက် အပြင်မှ အံ့အားသင့်စွာ အော်ဟစ်သံများ ဆူညံသွားသည်ကို ကြားလိုက်ကြရသည်။
"ဒါ... ဒါ... ဟန်ရှန်းနည်းစနစ်ပဲ"
ပြိုင်ပွဲကို ကြည့်နေသည့် ယီချန်းလိုင်၏ တုန်လှုပ်စွာ ရေရွတ်သံ ထွက်ပေါ်လာသည်။
စင်မြင့်ပေါ်တွင်မူ ချင်ယန်နှင့် အရပ် နှစ်မီတာခွဲခန့် မြင့်မားသည့် လူထွားကြီးတို့ တိုက်ခိုက်နေကြသည်။
လူထွားကြီးက အဆင့်ခြောက် သိုင်းခန္ဓာနယ်ပယ် ဖြစ်ပြီး သံမဏိဝတ်ရုံ ကျင့်စဉ်ကို လေ့ကျင့်ထားသူ ဖြစ်၏။
သူ၏ ခန္ဓာကိုယ်က အလွန်တရာ မာကျောကြံ့ခိုင်သည်။
အခန်း(၅၇) ပြီး၏