← Chapters

အခန်း ၅၉

Vol. 6 Ch. 59

အခန်း ၅၉

Vol. 6 Ch. 59

အခန်း(၅၉)

ချီပေါက်ကွဲမှုနည်းစနစ်သည် ချင်ယန်၏ ဝှက်ဖဲတစ်ချပ် ဖြစ်၏။

သို့သော် ထိုနည်းစနစ်ကို အသုံးပြုခဲ့လျှင်ပင် ပစ်မှတ်ကို ထိမှန်ရန် မသေချာပေ။

အကြောင်းမှာ ဝံပုလွေလူသား အဘိုးကြီးသည် အလွန်လျင်မြန်နေသောကြောင့် ဖြစ်၏။

ဝံပုလွေလူသားအိုကြီးသည် ထပ်မံ တိုက်ခိုက်လိုက်သည်။

ဝံပုလွေလက်သည်း တစ်စုံက ချင်ယန်ကို ကုတ်ဆွဲလာခဲ့သည်။

ချင်ယန် ရှောင်တိမ်းလိမ့်မည်ဟု အဘိုးကြီး ထင်ထားသော်လည်း သူ လုံးဝ မမျှော်လင့်ထားသည့် ထိပ်တိုက်ရင်ဆိုင်မှုကို ချင်ယန် လုပ်လိုက်သည်။

"မြင်းတစ်ထောင်လက်ဝါး"

ချင်ယန်၏ လှုပ်ရှားမှုက လူအများကို အထိတ်တလန့် ဖြစ်သွားစေခဲ့သည်။

"ဒီကောင်လေး သေချင်နေတာလား.. မင်းရဲ့လက်နဲ့ ငါ့ဝံပုလွေလက်သည်းကို ထိပ်တိုက် ရင်ဆိုင်မလို့လား"

ဝံပုလွေလူသားအိုကြီး၏ စွမ်းအားကြီးမားလှသည့် လက်သည်းချက်များသည် ချင်ယန် ထံသို့ ခြောက်ခြားဖွယ် တိုက်ခိုက်လာပြီ ဖြစ်သည်။

လူအိုကြီး၏ လက်သည်းများက ထက်ရှလှသည့် ဓားသွားများသဖွယ် ဆင်တူနေခဲ့၏။

ထိုလက်သည်းများနှင့် ထိမှန်ရုံမျှဖြင့် ချင်ယန်၏ တစ်ကိုယ်လုံး ဟက်တက် ကွဲသွားလိမ့်မည် ဖြစ်သည်။

ချင်ယန်၏ လက်ဝါးနှစ်ဖက်နှင့် ဝံပုလွေ လက်သည်းများ ဆုံတွေ့သွားသည့် အခါတွင် ပေါက်ကွဲသံကြီး တစ်သံ ထွက်ပေါ်လာခဲ့သည်။

ထိပ်တိုက် တွေ့ဆုံချိန်၌ မြင်းတစ်ထောင်လက်ဝါးမှ ပေါက်ကွဲထွက်ပေါ်လာသည့် အားလှိုင်းများက အဘိုးကြီး၏ လက်နှစ်ဖက်ကို ကျိုးကြေသွားစေခဲ့သည်။

"အား..."

ဝံပုလွေလူသားအိုကြီး၏ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာခဲ့သည်။

သူ၏ လက်နှစ်ဖက်မှ အရိုးများက အပိုင်းပိုင်း ကျိုးသွားပြီး ကိုယ်ခန္ဓာသည်လည်း အဝေးသို့ လွင့်ထွက်သွားခဲ့သည်။

သူက ပြိုင်ပွဲစင်မြင့်မှ မီတာဒါဇင် အနည်းငယ်ဝေးသော နေရာသို့ အရှိန်ပြင်းစွာ ပြုတ်ကျသွားခဲ့ပြီး လက်နှစ်ဖက်မှ အသည်းခိုက်မတတ် နာကျင်သော ဝေဒနာကို အံကြိတ်၍ ခံစားလိုက်ရသည်။

သူ၏ အလွန်များပြားလှသော တိုက်ပွဲ အတွေ့အကြုံများကြောင့်သာ မဟုတ်လျှင် သူ၏ လက်မှ အရိုးများက မည်သည့်အတွက်ကြောင့် ကျိုးသွားခြင်းဖြစ်မှန်းပင် သိနိုင်မည် မဟုတ်ချေ။

ဝံပုလွေလူသားအိုကြီးက တီးတိုးရေရွတ်လိုက်သည်။

"ဒီကလေးရဲ့ ရုတ်တရက် ပေါက်ကွဲစေနိုင်တဲ့ စွမ်းအားက တကယ် ကြောက်စရာပဲ... မြင်းတစ်ထောင် လက်ဝါးမှာ အခြား သိုင်းပညာရပ် တစ်မျိုး ပေါင်းစပ်ထားပါလား... အတွင်းအားတွေကို ပေါက်ကွဲစေနိုင်တာ ဘယ်လိုသိုင်းပညာမျိုးလဲဟ"

ချင်ယန်၏ ယွမ်မျိုးစေ့ နှစ်ခုကနေ စုစည်းထားသော စွမ်းအားများ ပေါင်းစပ် ဖောက်ခွဲလိုက်ခြင်းသည် အမှန်ပင် ထိတ်လန့်ဖွယ် ကောင်းနေခဲ့၏။

ကံအားလျော်စွာ သူ၏ အရိုးမရီဒျန်က တည်ငြိမ်နေ၍ ချီဖောက်ခွဲခြင်းကို လွယ်ကူစွာ ပြုလုပ်နိုင်ခဲ့သည်။

ရှို့လန်က ဒုတိယထပ်ရှိ အခန်းအတွင်းမှနေ၍ တိုက်ပွဲကို ကြည့်ရှုနေရာမှ အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

"လန်အဘိုးကြီးက တကယ်ပဲ အဆင့်ငါး သိုင်းခန္ဓာနယ်ပယ်ကို ရှုံးသွားတာပဲ"

ချီရွှယ်က ဟွန်းခနဲ နှာခေါင်းရှုံ့၍ ပြောလိုက်သည်။

"မျက်နှာဖုံးစွပ်လူက တကယ်ပဲ မရိုးရှင်းဘူး... သူက အဆင့် ၁၀၀ အတွင်း ဝင်ပြီးနောက်မှာ ဘယ်သူ့ကိုမှ ထပ်ပြီး စိန်မခေါ်ခဲ့ဘူး... ဘယ်လို စိတ်အနှောင့်အယှက် ပေးဦးမလဲ မသိဘူး"

ထိုအချိန်၌ အခန်းတံခါး ပွင့်သွားပြီး မိန်းကလေးတစ်ဦး ဝင်ရောက်လာခဲ့သည်။

သူမက မျက်နှာဖုံးစွပ်လူကို ကြည့်ကာ ဒေါသအလွန် ထွက်နေခဲ့၏။

"မျက်နှာဖုံးစွပ်ရဲ့ နောက်ခံ အသိုင်းအဝိုင်းက ဘာများလဲ.. သူက ဝံပုလွေလူသားအိုကြီးကို တကယ်ပဲ ဒဏ်ရာရစေခဲ့တယ်လား"

"ယုမိန်... သူက အံ့ဖွယ်မှော်စာလုံးနန်းတော်က ပန်းပဲဆရာ တစ်ယောက်ပဲ"

ချင်ဖန်က ဝင်ရောက် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

သူက ဝိုင်ခွက်ကို အရသာခံ စုပ်ယူနေရာမှ ယုမိန်ကို ပြုံးပြလိုက်သည်။

"ဒီပန်းပဲဆရာက ထိပ်ဆုံး ဆယ်ယောက်ထဲကို ဝင်လာရဲရင် ငါ မှတ်လောက်သားလောက် ဖြစ်အောင် သင်ခန်းစာ ပေးပြမယ်"

ယီချန်းလိုင်ကလည်း မလိုတမာစိတ်ဖြင့် ဝင်ပြောလိုက်သည်။

"သူ ရောက်လာတဲ့အထိ စောင့်ရမှာပဲ"

ချင်ဖိန်က ရယ်မောလိုက်သည်။

"အမှန်ပဲ... ငါက အဆင့်သုံး.. မင်းက အဆင့်လေး... သူ တိုက်ခိုက်မယ် ဆိုရင် မင်းနဲ့အရင် တွေ့ရမှာပဲ.. ဒါပေမဲ့ မင်းဂရုစိုက်ဖို့တော့ လိုတယ်... ဒီငနဲက ဟန်ရှန်း နည်းစနစ်ကို သိနေတယ်"

ချီရွှယ်၏ မပျော်မရွှင်ဖြစ်မှုသည် အဆိုးဆုံး အခြေအနေသို့ ရောက်ရှိနေ၏။

အဘယ်ကြောင့်ဆိုသော် ချင်ဖန်နှင့် ယီချန်းလိုင် တို့၏ အဆင့်ရပ်တည်မှုသည် သူမထက် ပိုမို မြင့်မားနေသဖြင့် ထိုမျက်နှာဖုံးစွပ်လူသည် သူမနှင့် အရင်ဆုံး တွေ့ဆုံရမည် ဖြစ်သောကြောင့်ပင်။

ရှို့ယုမိန်ကမူ ထိုလူကို အသုံးချချင်ဟန် ရှိပြီး မျက်နှာဖုံးစွပ်လူ၏ အကြောင်းကို အနည်းငယ် သိပြီးသည်နှင့် ပြန်လည်ထွက်ခွာသွားခဲ့သည်။

ချီရွှယ်က တွေးတွေးဆဆဖြင့် ပြောလိုက်သည်။

"ယုမိန်က ဒီမျက်နှာဖုံးစွပ်လူကို စိတ်ဝင်စားနေပုံပဲ"

ရှို့လန်က အသံကျယ်ကျယ်ဖြင့် အော်ရယ်လိုက်သည်။

"ဒီမျက်နှာဖုံးစွပ်လူက ကံကောင်းတာလား.. ကံဆိုးတာလား တစ်ခုခုပဲ... ယုမိန်က သူမရဲ့ နောက်လိုက် လုပ်စေချင်နေတာပဲ"

ထိုအချိန်တွင် ချင်ယန်သည် အံ့ဖွယ်မှော်စာလုံး နန်းတော်သို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်။

သူက သူ၏ အခန်းတွင်း၌ သိုင်းပညာများကို လေ့ကျင့်နေခဲ့၏။

ယနေ့ ဝံပုလွေလူသားအိုကြီးနှင့် တိုက်ခိုက်ရာတွင် ဒဏ်ရာတချို့ ရရှိခဲ့သည်။

သူ၏ ရုတ်တရက် ဖြတ်ထိုးဉာဏ်ကို အသုံးချ၍ မြင်းတစ်ထောင် လက်ဝါးတွင် ချီပေါက်ကွဲမှုကို ပေါင်းစပ်နိုင်ခဲ့ခြင်းကြောင့်သာ ကံကောင်းသွားခဲ့ခြင်း ဖြစ်သည်။

သူက တိုက်ပွဲအခြေအနေကို ပြန်လည် သုံးသပ်ခဲ့၏။

"ကိုယ်ဖော့ပညာက ငါ့ရဲ့ အားနည်းချက်ပဲ... ငါ အဲဒါကို အဓိကလေ့ကျင့်ရမယ်နဲ့ တူတယ်... အတွင်းအားကိုပဲ အသုံးပြုတာက ငါ့ပတ်ဝန်းကျင် အနည်းငယ်လောက်ပဲ လှုပ်ရှားနိုင်တယ်"

ထို့နောက်တွင်မူ ချင်ယန်သည် ကိုယ်ဖော့ပညာကို အထူးတလည် လေ့ကျင့်ခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း နှစ်ရက်တာ ကုန်ဆုံးသွားပြန်သည်။

ချင်ယန် လွန်စွာ အံ့အားသင့်နေမိ၏။

နှစ်ရက် ကုန်ဆုံးသွားသည့်တိုင်အောင် သူ့ကို စိန်ခေါ်သူ တစ်ဦးမျှ ပေါ်ထွက်မလာခဲ့ချေ။

ပုန်းကွယ်နေသည့် နဂါးသိုင်းပြိုင်ပွဲ၌ ပါဝင်သော သိုင်းသမားများသည် ငတုံးငအများ မဟုတ်ကြချေ။

မျက်နှာဖုံးစွပ်လူ၏ သန်မာမှုကို သူတို့အားလုံး မြင်တွေ့ပြီးနောက် တိုက်ရိုက် စိန်ခေါ်ရန် စိတ်ကူး မရှိကြတော့ဘဲ ထိုသူကို အခြား တစ်ဦးဦးက စိန်ခေါ်တိုက်ခိုက်ပြီးမှသာ အကဲခတ်၍ စိန်ခေါ်ရန် တွေးထားကြသည်။

ထိုအချိန်တွင် နှစ်ရက်ကျော်မျှ ပျောက်ကွယ်နေသည့် ရန်ရှီးယုသည် ချင်ယန်ထံသို့ ရောက်ရှိလာခဲ့၏။

"နှစ်ရက်အတွင်း ဘာတွေလုပ်နေလဲ.. စိန်ခေါ်ပွဲ ဘယ်နှစ်ပွဲ တိုက်ခိုက်ပြီးပြီလဲ"

"အင်း... တစ်ပွဲပဲ"

ချင်ယန်က ဝံပုလွေလူသားအိုကြီးနှင့် တိုက်ပွဲ အကြောင်းကို ရန်ရှီးယုအား ပြောပြလိုက်သည်။

ရန်ရှီးယုက နားထောင်ပြီးနောက် ချင်ယန်ကို ပြောလိုက်၏။

"လေခွဲသိုင်းရဲ့ သိုင်းကွက် ခြောက်မျိုးကို တူနဲ့ အသုံးပြုတဲ့ ကျင့်စဉ် အဖြစ် ငါ ပြောင်းလဲထားနိုင်ခဲ့ပြီ... ငါ့ရဲ့လက်သီးနဲ့ အသုံးပြုပြီး လှုပ်ရှားပြမယ်"

ချင်ယန်က ကြမ်းပြင်ပေါ်သို့ ထိုင်ချလိုက်ကာ လေးလေးနက်နက် ကြည့်နေခဲ့၏။

"ဆရာမက တကယ် ကြောက်စရာကောင်းတာပဲ.. ဒါကို အချိန်တိုအတွင်း ပြောင်းလဲပစ်နိုင်တယ်... ကျွန်တော်က တစ်လလောက် ကြာမယ်လို့ ခန့်မှန်းထားတာ"

ရန်ရှီးယုက သရော်ပြုံး ပြုံးလိုက်သည်။

"မင်းရဲ့ နားလည်နိုင်စွမ်းက ငါ့ထက် အများကြီး သာပါတယ်... ဒါက ပြုပြင်မွမ်းမံရုံလေးပဲ လုပ်ရတာလေ... အခြား သိုင်းပညာရပ်တွေ ဆိုရင်လည်း အခုလောက်ပဲ ကြာမှာပါ"

ထို့နောက် ရန်ရှီးယုက လေးနက်သော လေသံဖြင့် ပြောလိုက်၏။

"အခုက စာသင်ချိန်ပဲ... သိုင်းကွက်ရဲ့ အနှစ်သာရတွေကို ပြောပြမယ်.. ဂရုတစိုက် နားထောင်ပါ"

ချင်ယန် ခပ်မြန်မြန်ပင် ခေါင်းညိတ်လိုက်သည်။

"တူနဲ့ တိုက်ခိုက်တဲ့ ဒီနည်းလမ်းကို နဂါးသဏ္ဌာန် ခြောက်မျိုး ထုလုပ်ခြင်းလို့ ခေါ်တယ်... ဒါက လေခွဲသိုင်းနဲ့ တူပေမဲ့ မီးစွမ်းအင်ကို ပေါင်းစပ်ပြီး အဓိက အသုံးပြုတယ်.. တုန်ခါလှိုင်းစွမ်းအင်ကိုပါ အသုံးပြုနိုင်အောင် ဖန်တီးထားတယ်"

ထို့နောက်တွင်မူ ရန်ရှီးယု၏ အနီးကပ် ကြပ်မတ် သင်ကြားမှုအောက်တွင် ညွှန်ကြားချက်အတိုင်း ချင်ယန်သည် နဂါးသဏ္ဌာန်ခြောက်မျိုး ထုလုပ်ခြင်းကို လက်တွေ့ လေ့ကျင့်ခဲ့သည်။

ချင်ယန်သည် ပုံသွင်းတူကို လွှဲယမ်း၍ သိုင်းကွက်များကို လေ့ကျင့်နေပြီး ရန်ရှီးယုက ဘေးမှနေ၍ ကြည့်ရှုစစ်ဆေးနေခဲ့သည်။

ချင်ယန်က ထိုသိုင်းပညာကို နှစ်ရက်တိတိ လေ့ကျင့်ပြီးနောက်တွင် အစောပိုင်းအဆင့်အထိ အောင်မြင်သွားခဲ့သည်။

အဓိကအချက်မှာ ချင်ယန်သည် လေခွဲသိုင်း၏ ပုံစံခြောက်မျိုးကို နားလည်ခဲ့ပြီးပြီ ဖြစ်သောကြောင့် ဖြစ်၏။

ထို့ပြင် ရန်ရှီးယု၏ အနီးကပ် သင်ကြားမှုများလည်း ပါဝင်သည်။

ချင်ယန်က သူ၏ အခန်းတွင်း၌ လေ့ကျင့်မှုများကို အဆက်မပြတ် ပြုလုပ်နေခဲ့၏။

တစ်နာရီခန့် လေ့ကျင့်ပြီးနောက် သူက ရေရွတ်လိုက်သည်။

"လက်သီးကို အသုံးပြုရင် ခွန်အား ပိုနည်းသွားပေမဲ့ သိပ်တော့ မဆိုးဘူးပဲ"

ချင်ယန် ဆိုလိုသည်မှာ တူကို အသုံးပြုသည်ထက် လက်သီးကို အသုံးပြုသည်က ပိုမို အားနည်းသည်ဟု ဆိုလိုခြင်း ဖြစ်ပြီး လုံးဝ အသုံးမဝင်ဟု ဆိုလိုခြင်း မဟုတ်ပေ။

တူကို အသုံးပြု တိုက်ခိုက်ရန် အတွက် ချင်ယန်သည် အဆင့်နိမ့် အရိုးသံမဏိဖြင့် တူတစ်လက်ကို အကောင်းဆုံး ပြုလုပ်ခဲ့သည်။

ချင်ယန်၏ အနားယူချိန် ခြောက်နာရီ ပြည့်သွားခဲ့ပြီ ဖြစ်သည်။

"ဆရာမ... တူကို အသုံးပြုတိုက်ခိုက်တဲ့ ဒီသိုင်းပညာက အနာဂတ်မှာ ကျွန်တော် ပိုကျွမ်းကျင်လာတာနဲ့ အမျှ ကျွန်တော့်အတွက် ပိုပြီး အရေးပါလာမှာပါ"

ရန်ရှီးယုက ခေါင်းညိတ်ပြလိုက်ပြီးမှ ချိုသာစွာ ပြုံး၍ ပြောလိုက်၏။

"မင်းက လက်နက်ကိုတောင် သန့်စင်နိုင်နေပြီပေါ့... ဒီလက်နက်နဲ့ မင်းစိတ်ကြိုက် တိုက်ခိုက်နိုင်ဖို့ မျှော်လင့်ပါတယ်"

"စိတ်ချပါ.. ဒီတူသိုင်းကွက်နဲ့ ကျွန်တော် အဆင့်တစ် နေရာ ယူပြမယ်"

ချင်ယန်က ရင်ကော့ပြီး ဝင့်ကြွားစွာ ပြန်ပြောလိုက်သည်။

ရန်ရှီးယုသည် လက်ကိုင်ပုဝါ တစ်ထည်ကို ထုတ်ယူကာ ချင်ယန်၏ မျက်နှာပေါ်ရှိ ချွေးစေးများကို သုတ်ပေးလိုက်၏။

"အရင်ဆုံး... မင်း အနားယူလိုက်ပါ.. ပြီးမှ သွားကြတာပေါ့"

"အဆင့်တစ်က အရေးမကြီးပါဘူး... မင်းရဲ့ ကျန်းမာရေးက ပိုအရေးကြီးတယ်... မင်းမမေ့ဖို့က မင်းက မှော်အစီအရင် ပညာရှင် တစ်ယောက် ဆိုတာပဲ"

ရန်ရှီးယု ဆိုလိုသည့် စကားအဓိပ္ပ၊ယ်ကို ချင်ယန် နားလည်ခဲ့သည်။

သူမ စိုးရိမ်နေသည်မှာ ယန်ချင်ယုနှင့် ရင်ဆိုင်တုန်းကလိုမျိုး ချင်ယန် နှိပ်စက်ခံရမည်ကို ဖြစ်၏။

ထိုမြင်ကွင်းက ရန်ရှီးယု၏ နှလုံးသားကို တဆစ်ဆစ် နာကျင်စေခဲ့သဖြင့် ထိုကဲ့သို့သော အဖြစ်အပျက်မျိုး ချင်ယန်ကို ထပ်မံ၍ မကြုံတွေ့စေချင်တော့ခြင်းပင်။

အခန်း(၅၉) ပြီး၏

All Chapters