အခန်း ၆၀
Vol. 6 Ch. 60
အခန်း(၆၀)
ချင်ယန်သည် ထိုည၌ ကောင်းမွန်စွာ အိပ်စက်အနားယူလိုက်သည်။
နောက်တစ်နေ့မနက် သူနိုးချိန်တွင် အခန်းအလယ်ရှိ စားပွဲပေါ်၌ စာတစ်စောင်ကို တွေ့လိုက်ရ၏။
ထိုစာကို ရန်ရှီးယု ထားခဲ့ခြင်း ဖြစ်ပြီး သူမက ပုန်းကွယ်နေသည့် နဂါးသိုင်းပြိုင်ပွဲ သတ်ကွင်းသို့ သွားနှင့်ပြီ ဖြစ်ကြောင်းနှင့် နောက်ကွယ်မှ အားပေးနေမည် ဖြစ်ကြောင်း ရေးသားထားခြင်း ဖြစ်သည်။
စာကို ဖတ်ပြီးနောက် ချင်ယန်သည် ပြိုင်ပွဲတွင် အနိုင်ရရန် ခိုင်မာစွာ ဆုံးဖြတ်လိုက်တော့သည်။
သူ၏ တိုက်ခိုက်ချင်စိတ်များက မိုးထိအောင် မြင့်တက်သွားခဲ့၏။
"ဒီအချိန်က ထိပ်ဆုံး ဆယ်နေရာ အတွင်းကို ဝင်ရမယ့်အချိန်ပဲ... ပထမနေရာကို အကောင်းဆုံး ရယူရမယ်"
"သူမရဲ့ ဘဝတစ်လျှောက်လုံး ငါ့ကို ကာကွယ်ပြီး သင်ကြားပေးဖို့ မဖြစ်နိုင်ဘူး... ထပ်ပြောရရင် သူမမှာ အကြောင်းတစ်စုံတစ်ရာ ရှိနေတယ်.. သိပ်မကြာခင် သူမ ထွက်သွားတော့မှာပဲ"
ချင်ယန် သုံးသပ်သကဲ့သို့ပင် ရန်ရှီးယုသည် ချင်ယန်အပေါ်၌ လွန်စွာ စိုးရိမ်ပူပန်သော်လည်း အချိန်တန်လျှင် မိုးကောင်းကင်ကျောင်းသို့ ပြန်ရမည် ဖြစ်သည်။
သူမက အကောင်းဆုံး ကြိုးစား၍ ချင်ယန်ကို ကာကွယ်ပေးခဲ့ပြီး ဖြစ်၏။
ချင်ယန်က ပုန်းကွယ်နေသည့် နဂါးသိုင်းပြိုင်ပွဲသို့ သွားရောက်ရန် သူ၏ အခန်းမှ လျင်မြန်စွာ ထွက်ခွာလာခဲ့သည်။
ရက်အနည်းငယ် ကြာမြင့်ခဲ့သော်လည်း ချင်ယန်သည် လှုပ်ရှားမှု တစ်ခုမျှ ပြုလုပ်ခဲ့ခြင်း မရှိချေ။
ယင်းက အခြားသူများအဖို့ အလွန်စဉ်းစားစရာ ဖြစ်နေခဲ့၏။
ယခုအခါတွင်မူ နဂါးသတ်သမား အမည်ရှိ သိုင်းသမားသည် ထပ်မံ၍ စိန်ခေါ်မှု ပြုလုပ်လာခဲ့ချေပြီ။
ထိုသတင်းသည် အလျင်အမြန်ပင် ပျံ့နှံ့သွားခဲ့သည်။
ချင်ယန်သည် စင်မြင့်ထက်တွင် သူ၏ ပြိုင်ဘက်ကို တည်ငြိမ်စွာပင် စောင့်ဆိုင်းနေခဲ့သည်။
ထိုစဉ် အဘိုးအို တစ်ဦးသည် ချင်ယန်ရှိနေသော ပြိုင်ပွဲစင်မြင့်သို့ လျှောက်လှမ်းလာခဲ့သည်။
"လူကြီးမင်း.. ဒါ ကျွန်တော့် သခင်မလေးရဲ့ ဖိတ်စာပါ"
ဝံပုလွေလူသားအိုကြီးက စာတစ်စောင်ကို ရိုသေလေးစားမှု အပြည့်ဖြင့် ချင်ယန်ကို ပေးလိုက်သည်။
ဝံပုလွေလူသားအိုကြီး၏ စွမ်းအားအရ သူ၏ သခင်မလေး ဆိုသူက ထူးခြားသော အဆင့်မြင့် ပုဂ္ဂိုလ် တစ်ဦး ဖြစ်မည်ဟု ချင်ယန် ခန့်မှန်းမိခဲ့၏။
ချင်ယန် စာကို ဖွင့်ဖတ်လိုက်ရာ လွန်စွာ လှပညီညာသော စာကြောင်းများကို တွေ့လိုက်ရသည်။
ထိုအရာက စာရေးသူ၏ စွမ်းအားကြီးမားမှုကို ပြသနေ၏။
သခင်မလေး ဆိုသူက သဘောထားကြီးစွာဖြင့် သူ အလိုရှိသည့် ဆုလဒ်များပေးကာ သူမ၏ ကိုယ်ရံတော် သို့မဟုတ် လခစား နောက်လိုက်အဖြစ် ခန့်အပ်လိုကြောင်း ရေးသားထားခြင်း ဖြစ်သည်။
စာပေးပို့သည့် သခင်မလေး ဆိုသူမှာ ရှို့ယုမိန် ဖြစ်နေခဲ့၏။
ချင်ယန်က စာကို သေချာစွာ ဖတ်ရှုပြီးနောက် ဝံပုလွေလူသားအိုကြီးကို ကြည့်ကာ ပြောလိုက်သည်။
"ခင်ဗျား သခင်မလေးရဲ့ ကြင်နာမှုကို ကျွန်တော် နားလည်ပါတယ်... ဒါပေမဲ့ လက်မခံကြောင်း ပြန်ပြောပေးပါ"
ထိုငယ်ရွယ်သော မိန်းကလေး ရှို့ယုမိန်သည် အဆင့်ခြောက် သိုင်းခန္ဓာနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ယခုအခါ သူမသည် ပါရမီရှိသူများနှင့် စွမ်းအား ကြီးမားသူများကို စုစည်း၍ သူမ၏ အင်အားကို တိုးမြှင့်နေခြင်း ဖြစ်သည်။
လူများစွာက သူမ၏ နောက်လိုက်အဖြစ် သဘောတူခဲ့သော်လည်း ချင်ယန်ကမူ သူမ၏ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့သည်။
ဝံပုလွေလူသားအိုကြီးသည် အလွန်အံ့အားသင့်ဟန်ဖြင့် ထပ်မံ တိုက်တွန်းလိုက်၏။
"ကျေးဇူးပြုပြီး သေသေချာချာ ဆုံးဖြတ်စေချင်ပါတယ်... ဒါက အရမ်း ရှားပါးတဲ့ အခွင့်အရေး တစ်ခုပါ"
ချင်ယန် ခေါင်းညိတ်ပြလိုက်သော်လည်း စကားတစ်ခွန်းမှ ထပ်မပြောတော့ချေ။
ဝံပုလွေလူသားအိုကြီးက ပြန်လည်ထွက်ခွာသွားခဲ့၏။
ထိုစဉ် အဖြူရောင်ဝတ်စုံဖြင့် ခန့်ညားသော လူငယ်တစ်ဦးသည် စင်မြင့် ရှိရာသို့ လျှောက်လှမ်းလာသည်ကို တွေ့လိုက်ကြရသည်။
ထိုလူငယ်၏ ကိုယ်ကနေ အေးစက်၍ အထက်စီးဆန်သော အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။
ထိုလူငယ်က ရှန်ချင်အင်ပါယာ၏ ဒုတိယမင်းသား ချင်ဖန် ဖြစ်သည်။
ချင်ယန်က ချင်ဖန်ကို ချက်ချင်းပင် သတိထားမိလိုက်သည်။
"မင်း ဒီစာကို ဖတ်ပြီးပြီလား... ဘာလို့ ယုမိန်ရဲ့ တောင်းဆိုချက်ကို လက်မခံခဲ့တာလဲ"
ချင်ဖန်သည် စင်မြင့်ပေါ်သို့ ရောက်သည်နှင့် ဒေါသထွက်သောအသံဖြင့် မေးခွန်းထုတ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်မှလည်း လူသတ်ငွေ့များ ထွက်ပေါ်လာ၏။
"ခင်ဗျားက ကျုပ်ကို ဘယ်လိုလူမျိုးလို့ ထင်နေလဲ.. ဘာကြောင့် ကျုပ်က မိုက်မဲစွာနဲ့ သဘောတူမယ်လို့ ယူဆနေတာလဲ"
ကြောက်ရွံ့ခြင်းကင်းမဲ့သော ချင်ယန်၏ အက်ကွဲသောအသံက ခပ်တိုးတိုး ထွက်ပေါ်လာသည်။
သာမန်အားဖြင့် ချင်ဖန်သည် အဆင့်အတန်း မြင့်၍ စွမ်းအားကြီးမားသူ တစ်ဦး ဖြစ်သည်။
တစ်စုံတစ်ဦးသည် သူ၏ ရှေ့၌ မောက်မာစွာ ပြုမူဝံ့ခြင်း မရှိချေ။
ချင်ဖန်သည် ချက်ချင်းပင် ဒေါသ အလွန်အမင်း ထွက်လာကာ ချင်ယန်၏ မျက်နှာဖုံးကို လျှပ်တစ်ပြက် ဆွဲဖြုတ်လိုက်၏။
သတိထားနေသော ချင်ယန်သည် ချင်ဖန်၏ ရုတ်တရက် လှုပ်ရှားမှုကို အလွယ်တကူပင် ဟန့်တားနိုင်ခဲ့သည်။
ချင်ဖန်၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်ပြီးနောက် ချင်ယန်၏ စွမ်းအားကြီးသော မီးတောက်စွမ်းအင်များသည် ရုတ်ချည်း လှည့်ပတ်လာခဲ့သည်။
ချင်ဖန် တုန်လှုပ်သွား၏။
တစ်ဖက်လူ၏ အတွင်းအားသည် ထိုမျှပြင်းထန်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
သူ၏ လက်ကောက်ဝတ် အရိုးသည် အသည်းခိုက်အောင် နာကျင်မှုနှင့်အတူ ပြင်းထန်သော အပူဒဏ်ကို ခံစားလိုက်ရသည်။
"ရပ်စမ်း"
အဘိုးအိုတစ်ဦးက သူတို့၏ အနီးသို့ လျှပ်တစ်ပြက် ရောက်ရှိလာပြီး ဟန့်တားလိုက်သည်။
"သူက မလေးစားတဲ့ အပြုအမူမျိုး အရင်လုပ်ခဲ့တာပါ"
ချင်ယန်၏ အသံက မောက်မာစွာဖြင့် အထက်စီး မဆန်သလို အောက်ကျို့ခြင်းလည်း မရှိဘဲ လွန်စွာ တည်ငြိမ်နေ၏။
အဘိုးအို၏ အသံက အတော်လေး အေးစက်နေခဲ့သည်။
သူက ချင်ဖန်ကို ကြည့်၍ ပြောလိုက်၏။
"ချင်ဖန်က စည်းကမ်းချိုးဖောက်တဲ့ အတွက် အဆင့်သုံးကနေ အဆင့်လေး အဖြစ် အဆင့်လျှော့ ပြစ်ဒဏ် ချမှတ်လိုက်တယ်"
ချင်ဖန် ဒေါသထွက်နေသော်လည်း အဘိုးအိုကို အထွန့်မတက်ရဲချေ။
သူ၏ လက်ကောက်ဝတ်မှ ညှော်နံ့များပင် ထွက်ပေါ်နေခဲ့သည်။
ချင်ယန်၏ ဖမ်းဆုပ်မှုကို ခံလိုက်ရသည့် အချိန်ပိုင်းအတွင်း ထိုသို့ ဖြစ်သွားခြင်းပင်။
ချင်ဖန်၏ လက်ကောက်ဝတ်သည် အပူလှိုင်း၏ လောင်ကျွမ်းမှုကြောင့် နီရဲနေခြင်း ဆိုလည်းမမှားပေ။
ချင်ဖန်သည် ကြီးမားသော ဝေဒနာကို ခံစားလိုက်ရသဖြင့် အံကြိတ်၍ ချင်ယန်၏ အနီးကနေ ဒေါသတကြီး ထွက်ခွာသွားခဲ့သည်။
အခြားသူများသည် မျက်နှာဖုံးစွပ်၏ သတ္တိကို မမျှော်လင့်ဘဲ မြင်လိုက်ရသဖြင့် တုန်လှုပ်သွားကြ၏။
ထိုလူသည် ရှန်ချင်အင်ပါယာ၏ ဒုတိယမင်းသား ချင်ဖန်ကိုပင် မကြောက်မရွံ့ စော်ကားဝံ့နေသည် မဟုတ်ပါလား။
ယင်းအချိန်မှာပင် ချင်ယန်၏ စိန်ခေါ်ခြင်းခံရသူ ရောက်ရှိလာခဲ့ပြီး စင်မြင့်ထက်တွင် စတင် ယှဥ်ပြိုင်ခဲ့၏။
ထိုလူ၏ စွမ်းအားက မညံ့ကြောင်း သိသာနေပြီး လွန်ခဲ့သော ရက်ပိုင်းက ဆိုလျှင် ချင်ယန်၏ စွမ်းအားထက် ပိုမို သာလွန်နေခဲ့သည်။
ချင်ယန်သာ ပြင်းထန်သော လေ့ကျင့်မှုများကို မပြုလုပ်ခဲ့လျှင် ၎င်း၏ ပြိုင်ဘက် ဖြစ်နိုင်မည် မဟုတ်ချေ။
ချင်ယန်က မြင်းတစ်ထောင် လက်ဝါးသိုင်းကိုသာ အသုံးပြုမည် ဆိုလျှင် ထိုပြိုင်ဘက်ကို သေချာပေါက် ရှုံးနိမ့်သွားပေလိမ့်မည်။
"နဂါးသတ်သမား အနိုင်ရပါတယ်...အဆင့်သတ်မှတ်ချက် ၉၅ ဖြစ်သွားပါပြီ"
အဆင့်ငါး သိုင်းခန္ဓာနယ်ပယ်က တစ်ပွဲအနိုင်ရရုံဖြင့် အဆင့်ငါးဆင့် တိုးတက်သွားသည်မှာ အလွန်ရှားပါးသော အဖြစ်အပျက် တစ်ခု ဖြစ်သည်။
ယင်းပြင် ထိုအခြေအနေသည် သူ၏ ရှေ့မှ ပြိုင်ပွဲဝင်အားလုံးအပေါ် ဖိအား သက်ရောက်စေပြီး အဆင့်ခြောက် သိုင်းခန္ဓာနယ်ပယ် အများစုထက်ပင် သာလွန်သော စွမ်းဆောင်ချက် ဖြစ်ကြောင်း ထင်ရှားစေခဲ့၏။
ယခုအခါ လူများစွာသည် မျက်နှာဖုံးစွပ် အပေါ် စိတ်ဝင်စားမှု မြင့်တက်လာခဲ့ကြသည်။
သူက တစ်ပွဲ အနိုင်ရပြီးနောက်တွင် ထပ်မံ၍ စိန်ခေါ်ခဲ့သည်။
"နဂါးသတ်သမား နိုင်ပါတယ်... အဆင့် ၉၀ ဖြစ်သွားပါပြီ"
"နဂါးသတ်သမား.. အဆင့် ၈၅ ပါ"
ချင်ယန်သည် တစ်ရက်အတွင်း ရှစ်ပွဲ တိုက်ခိုက်ခဲ့ပြီး သူ၏ အဆင့်သတ်မှတ်ချက်ကလည်း ၆၀ အထိ မြင့်တက်ခဲ့သည်။
ထိုအမြန်နှုန်းသည် အလွန်အံ့အားသင့်ဖွယ် ကောင်းနေခဲ့၏။
တစ်ညတာ ကုန်ဆုံးသွားသည့် တိုင်အောင် ချင်ယန်သည် ဆက်လက်၍ စိန်ခေါ်မှုများ ပြုလုပ်နေဆဲပင်။
သူ၏ စိန်ခေါ်တိုက်ခိုက်မှုများသည် အဆင့်တစ်ဆယ် အတွင်း မရောက်မချင်း ရပ်နားမည့်ဟန် မရချေ။
ချင်ဖန်နှင့် အခြားလူများသည် အထူးဧည့်ခန်းမှ နေ၍ ချင်ယန်၏ တိုက်ခိုက်မှုများကို စောင့်ကြည့်နေခဲ့ကြသည်။
သူတို့၏ စိတ်ထဲတွင် မျက်နှာဖုံးစွပ် အပေါ် အထင်သေးရုံသာမက ရွံ့ရှာ စက်ဆုပ်နေကြ၏။
သူတို့အမြင်၌မူ ထိပ်ဆုံးဆယ်ဦးမှ လွဲလျှင် ကျန်ပြိုင်ပွဲဝင်အားလုံးသည် အထင်သေးဖွယ် အမှိုက်များဟု သတ်မှတ်ထားကြသည်။
ဆိုရလျှင် သူတို့သည် ထိုလူများကို လွယ်ကူစွာ အနိုင်ယူခဲ့ခြင်း ဖြစ်သည်။
"ဒီ မျိုးမစစ်တဲ့ အယုတ်တမာကို ငါ သေချာပေါက် သင်ခန်းစာပေးရလိမ့်မယ်"
ချင်ဖန်က လက်ကောက်ဝတ်ကို ကြည့်ကာ ဒေါသတကြီး ရေရွတ်လိုက်သည်။
သူက မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့သည့်အပြင် ဒဏ်ရာအနည်းငယ်ကိုပါ ရရှိခဲ့သည်။
"မင်းကို ကြည့်ရတာ ပုံမှန် မဟုတ်သလိုပဲ"
ယီချန်းလိုင်က ခနဲ့ပြုံး ပြုံးကာ ပြောလိုက်သည်။
သူက လွန်စွာ ပျော်ရွှင်မြူးထူးနေခဲ့၏။
လတ်တလောတွင် ယီချန်းလိုင် စိတ်ချမ်းသာနေသည်။
အဘယ်ကြောင့်ဆိုသော် စည်းကမ်းဖောက်ဖျက်ခဲ့သော ချင်ဖန်သည် တစ်ဆင့်လျှော့ ပြစ်ဒဏ်ကြောင့် အဆင့်သုံးမှ အဆင့်လေးသို့ လျောကျသွားခဲ့ပြီး နဂိုအဆင့်လေး နေရာမှ ယီချန်းလိုင်သည် အဆင့်သုံး နေရာသို့ မပင်မပန်း တက်ရောက်သွားခဲ့သောကြောင့်ပင်။
စိန်ခေါ် တိုက်ခိုက်မှု ပြုလုပ်ရခြင်း မရှိဘဲ အလိုအလျောက် အဆင့်တက်သွားခြင်း ဖြစ်ရာ ယီချန်းလိုင်၏ နေရာတွင် အခြားသူ ဆိုလျှင်လည်း ဝမ်းသာကြမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။
ချင်ဖန်က ဟွန်းခနဲ အသံပြု၍ ပြောလိုက်သည်။
"ဒီကောင်က ယုမိန်ရဲ့ ကမ်းလှမ်းချက်ကို ဘယ်လိုတောင် ငြင်းပယ်ရဲတာလဲ.. အဲဒီကိစ္စကြောင့် ယုမိန် ဒေါသအရမ်းဖြစ်နေတယ်... သူ့ကိုယ်စား ငါ ဒီကောင့်ကို သင်ခန်းစာကောင်းကောင်း ပေးရမယ်"
ချီရွှယ်၏ စကားသံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ငါအခု ချီမေလန်းကို စိန်ခေါ်တော့မယ်.. အဆင့်ခြောက်ကို ငါတက်ချင်နေပြီ"
လတ်တလောတွင် ထိပ်ဆုံးဆယ်ဦး အတွင်း၌ ချီရွှယ်၏ အဆင့်သည် ခုနစ် ဖြစ်သည်။
သူမက အဆင့်သတ်မှတ်ချက် ပိုမိုမြင့်မားရန် အတွက် စိန်ခေါ်တိုက်ခိုက်၍ အနိုင်ရလဒ်များ ရယူနိုင်ရန် လိုအပ်နေသည်။
ပုန်းကွယ်နေသည့် နဂါးသိုင်းပြိုင်ပွဲ ကွင်းပြင် တစ်ခုလုံးသို့ ချီရွှယ်၏ သတင်းက လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။
အဆင့်ခုနစ် ချီရွှယ်က အဆင့်ခြောက် ချီမေလန်းကို စိန်ခေါ်ပေတော့မည်။
ထိပ်ဆုံး ဆယ်နေရာကို အချိန်ကြာမြင့်စွာ သိမ်းပိုက်ထားသော လူငယ်သိုင်းသမားများ အတွင်း နောက်ဆုံးတွင် အပြောင်းအလဲ အချို့ ဖြစ်လာနိုင်သည်ဟု ယူဆခဲ့ကြသည်။
ထိပ်ဆုံးဆယ်ယောက် စာရင်းဝင် မိန်းကလေးနှစ်ဦး တိုက်ခိုက်မည့် သတင်းသည် ပြိုင်ပွဲကွင်းပြင်ကြီး တစ်ခုလုံးကို အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေခဲ့၏။
ချင်ယန်က အခြား တိုက်ပွဲတစ်ပွဲကို အနိုင်ရပြီးနောက် ပြိုင်ပွဲစင်မြင့်အောက်သို့ ဆင်းသွားခဲ့သည်။
လူအများ စိတ်ဝင်စားနေသော အကြောင်းအရာကို ကြားသိခဲ့၍ သူ၏ စိန်ခေါ်မှုကို ခေတ္တရပ်နားလိုက်ခြင်းဖြစ်သည်။
ချင်ယန် နက်နက်နဲနဲ စဉ်းစားနေခဲ့၏။
"ချီရွှယ်နဲ့ ချီမေလန်းတို့ နှစ်ယောက်လုံးက ရှန်ချီ အင်ပါယာကပဲ.. သူတို့က အမေ မတူတာတော့ သေချာတယ်... ဒါ့အပြင် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက မသင့်မြတ်ပုံပဲ"
ချင်ယန်က ချီမေလန်းဟူသော အမည်ကို စိတ်ထဲမှ ထပ်တလဲလဲ ရေရွတ်နေမိသည်။
ချင်ယန်သည် ထိုအမည်နှင့် လွန်စွာ ရင်းနှီးနေကြောင်း သတိပြုမိလိုက်၏။
[ငါ့ကို သူ့အကြောင်း ဘယ်သူမှလည်း မပြောဖူးပါဘူး]
ချင်ယန် ငယ်စဉ်အခါက ဧကရာဇ်နှင့်အတူ ရှန်ချီအင်ပါယာသို့ ချစ်ကြည်ရေးခရီး လိုက်ပါခဲ့ဖူးသည်။
ထိုခရီးစဥ်အတွင်း ချီမေလန်းနှင့် ခင်မင်ခဲ့ခြင်း ဖြစ်၏။
ချင်ယန်က ပြန်လည် မှတ်မိသွားပြီ ဖြစ်သော်လည်း နှုတ်ဆက်ခြင်းမပြုဘဲ ခပ်ခွာခွာနေရန်သာ ဆုံးဖြတ်လိုက်သည်။
ယခုအချိန်တွင် ထိပ်ဆုံးဆယ်နေရာ အတွင်း ဝင်ရောက်သူပီသစွာ ချီမေလန်း၏ ဂုဏ်သိက္ခာသည် လွန်စွာ မြင့်မားနေ၏။
အဓိကအချက်မှာ သူမက စွဲမက်ဖွယ်ကောင်းလောက်အောင် ချောမောလှပနေခြင်း ဖြစ်သည်။
ကလေးဘဝ အမှတ်ရစရာများကို မေ့ပစ်၍ အေးအေးဆေးဆေး နေသည်က သူ့အတွက် အကောင်းဆုံးဖြစ်မည်ဟု ယူဆမိလိုက်သည်။
စင်မြင့်ထက်တွင် ချီရွှယ်နှင့် ချီမေလန်းတို့ နှစ်ဦး စတင် တိုက်ခိုက်တော့မည် ဖြစ်သည်။
နှစ်ဖက်ပရိသတ်များသည် စင်မြင့်ပတ်ပတ်လည်တွင် ရောက်ရှိနေကြ၏။
ချီရွှယ်က အနီရောင် သိုင်းဝတ်စုံကို ဝတ်ဆင်ထားသည်။
သူမက မိန်းမချောတစ်ဦး ဖြစ်သော်လည်း အချို့သော နှစ်လိုဖွယ်ကောင်းသည့် ဆွဲဆောင်နိုင်စွမ်းများ ကင်းမဲ့နေ၏။
"မေလန်းက ငယ်ရုပ် မပျောက်ဘူးပဲ"
ဘာကြောင့်မှန်းမသိသော်လည်း ချီမေလန်းကို မြင်တွေ့ချိန်တွင် ချင်ယန် ပျော်ရွှင်နေခဲ့သည်။
အခန်း(၆၀) ပြီး၏