← Chapters

ခုနစ်ရောင်စုံအလင်း ထပ်မံပေါ်လာခြင်း (၁)

Vol. 105 Ch. 1445

ခုနစ်ရောင်စုံအလင်း ထပ်မံပေါ်လာခြင်း (၁)

Vol. 105 Ch. 1445

သူမ၏အော်သံမှာ စူးစူးဝါးဝါးနှင့်ထိတ်လန့်မှုအပြည့် ပါဝင်နေ၏။ အလွန်ကြောက်ရွှံ့ကာ အော်လိုက်သောအသံပင်။ သူမ၏မှတ်ဉာဏ်များ အပြည့်အဝ ပြန်မကောင်းမွန်သေးသည်တောင်မှ ထိုလူက သူမကို များစွာ နာကျင်အောင် ပြုလုပ်နိုင်သည့်အလား။ သူမသည် အခုလိုနာကျင်ထိတ်လန့်စွာ မအော်မိဘဲ မနေနိုင် ဖြစ်ရလေ၏။

ငွေရောင်အမျိုးသမီး၏ ရုတ်ချည်းပြောင်းလဲသွားမှုမှာ ဝမ်လင်း မျှော်ထင့်ထားသောအရာ မဟုတ်ပေ။ သူသည် သူမကို အခုလိုပုံစံမျိုး အရင်က လုံးဝ မမြင်ဖူးခဲ့ချေ။ သူသည် အလျင်အမြန် ထရပ်ကာ ရုပ်တုကို သိမ်းဆည်းလိုက်၏။

ငွေရောင်အမျိုးသမီးသည် လှိုဏ်ဂူအစွန်းနားသို့ ချက်ခြင်း ဆုတ်သွားပြီး ဖြစ်၏။ သူမ၏ခန္ဓာကိုယ်မှာ ကြောက်ရွှံ့မှုကြောင့် အပြင်းအထန် တုန်ရီနေ၏။ သူမ၏မျက်နှာမှာ ဖြူရောနေသည်။

ဝမ်လင်းသည် ရှေ့သို့ တိုးလာရန် ဟန်ပြင်လိုက်စဉ် ငွေရောင်အမျိုးသမီးက ရုတ်တရက် ခေါင်းမော့လာ၏။ သူမ၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှုက အားကောင်းလွန်းနေဆဲ၊ သူမက ဆက်ခနဲ အော်ဟစ်လိုက်၏။ “မလာခဲ့နဲ့…”

ထိုအသံတွင် အကူအညီမဲ့မှု၊ရှုံးနိမ့်မှုတို့ အပြည့်ပါ၏။ လောကရှိအရာအားလုံးကိုပါ မယုံကြည်မှုလည်း ပါဝင်သည်။ ဤအခိုက်တွင် သူမသည် ဝမ်လင်းကိုပင် မယုံတော့ပေ။

ဝမ်လင်းသည် နေရာတွင်ပင် ငြိမ်သက်စွာ ရပ်လိုက်၏။ သူက နောင်တရသလို ခံစားရသည်။ သူသည် ဒီရုပ်တု၏နောက်ခံပုံရိပ်ကို သိချင်ရုံသာ ဖြစ်၏။ သို့ပေမည့် သူမ အခုလောက် ကြောက်လန့်ပုံကို ပြသမည်အား သူ မထင်ထားမိပေ။

အမျိုးသမီးသည် အလန့်တကြား အော်နေရင်း မျက်ရည်စီးကြောင်းနှစ်ခု သူမ၏ပါးပြင်ထက်သို့ ကျဆင်းလာသည်။

“မလာခဲ့နဲ့…မလာနဲ့ တိုးမလာနဲ့။ ငါ အမှားတစ်ခုကိုတောင် မလုပ်ထားဘူး။ ငါ အဲ့တံခါးကိုလည်း မဖွင့်ခဲ့ဘူး…ငါ မလုပ်ခဲ့ဘူး…” ထိုအမျိုးသမီးသည် သူမ၏အောက်နှုတ်ခမ်းကို ကိုက်ထားလျက် သူ၏ခန္ဓာကိုယ်က ဂူနံရံကိုမှီပြီး တဖြည်းဖြည်း ပျော့ခွေကျသွားသည်။ သူမ၏မျက်လုံးထဲကလည်း မျက်ရည်များ မရပ်တန်း စီးကျနေကာ ပုခုံးမှာ တဆတ်ဆတ် တုန်ရီနေသည်။ သူမကို တွေ့မြင်ရသူတိုင်းမှာ သနားသွားမည်သာ။

ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ အချိန်အတန်ကြာပြီးနောက် သူက ခပ်တိုးတိုး ပြောလိုက်သည်။ “ငါ တောင်းပန်ပါတယ်…”

ထိုအမျိုးသမီးသည် ပျော့ခွေနေဆဲ၊ အသည်းအသန်ကြောက်လန့်မှုကြောင့် ငိုကြွေးနေဆဲပင်။

ဝမ်လင်းသည် ရှေ့သို့ ဖြည်းဖြည်းချင်း တိုးလာ၏။ သူက တဖြည်းဖြည်းချင်း ထိုအမျိုးသမီးနား ရောက်လာသည်။ သူသည် ညင်သာစွာ ဒူးထောက်ချကာ သူမ၏ဆံပင်ကို ထိကိုင်လျက် နူးညံ့စွာ ပြောလိုက်သည်။ “မကြောက်ပါနဲ့။ ဒါတွေအားလုံးဟာ ပြီးခဲ့ပြီပဲ။ အဲ့အကြောင်း မတွေးတော့နဲ့။ နင် မေ့ထားလက်စနဲ့ မေ့ပစ်ထားလိုက်ပါ…”

ဝမ်လင်း၏ နူးညံ့ကာ သက်တောင့်သက်သာ ဖြစ်စေမည့် စကားများကို နားထောင်နေရင်း ထိုအမျိုးသမီးသည် တဖြည်းဖြည်း ပြန်တည်ငြိမ်လာသည်။ သူမသည် တုန်ရီလှုပ်ခါနေတုန်းပင်။ အချိန်အတန်ကြာပြီးနောက်မှ သူမ ခေါင်းမော့ကြည့်လာ၏။ သူမ၏မျက်လုံးထဲတွင် နက်ရှိုင်းစွာကြောက်ရွှံ့မှု ရှိနေသေးသည်သာ။ သူမက အောက်နှုတ်ခမ်းကို တင်းကြပ်စွာ ကိုက်ထားသဖြင့် သွေးများပါ ယိုစိမ့်ကျနေ၏။

“ငါ တံခါးကို မဖွင့်ခဲ့ဘူး။ တကယ့်ကို ငါ မလုပ်ခဲ့တာ…” ထိုအမျိုးသမီးသည် ခပ်တိုးတိုး ရေရွတ်လျက် ဝမ်လင်းကို ကြည့်သည်။ ကြောက်ရွှံခြင်းအပြင် သူမ၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုပါ ရှိလို့နေ၏။

“ငါ သိပါတယ်…ငါ နားလည်ပါတယ်…” ဝမ်လင်းသည် ခပ်တိုးတိုး ဆိုသည်။ သို့သော် သူ့မျက်လုံးထဲ၌မူ ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်နေသည်။ ထိုအမျိုးသမီး၏ ပုံပန်းအသွင်အရ သူမသည် ထိုရုပ်တု ကိုယ်စားပြုသောလူကို သိနေသည်မှာ သေချာ၏။ ထိုလူနှင့်လည်း ထိတွေ့ဆက်ဆံဖူးမည်ပင်။

“ဒီလူက ဘယ်သူလဲ…” ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။

ဝမ်လင်းသည် နူးညံ့စွာ ပြောလိုက်သည်။ “နင် အဲ့တံခါးကို မဖွင့်ခဲ့တာ ငါ သိပါတယ်။ အဲ့အကြောင်းကို ထပ်မတွေးတော့နဲ့…”

ထိုအမျိုးသမီးသည် ဝမ်လင်း၏စကားများကို မကြားသည့်ပုံပင်။ သူမ၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှုတစ်လှည့်၊ စိတ်ရှုပ်ထွေးမှုတစ်လှည့် ဖြစ်ပေါ်နေလျက် သူမက အဆတ်မပြတ် ခပ်တိုးတိုး ရေရွတ်နေသည်။ “အားလုံးသေကုန်ပြီ။ အားလုံး အသတ်ခံလိုက်ရပြီ…”

“မက်မွန်တိမ်လည်း သေသွားခဲ့ပြီ။ ခရမ်းရေတံခွန်လည်း သေသွားခဲ့ပြီ…အားလုံး သေကုန်ပြီ…”

“ငါတို့ အဲ့တံခါးကို ဖွင်ခဲ့တယ်လို့ သူ သေချာနေတယ်။ အားလုံး သေသွားခဲ့ပြီ…ငါလည်း သေသွားခဲ့ပြီ…”

ဝမ်လင်းသည် အနည်းငယ် စဉ်းစားပြီးနောက် တုန်ရီနေသောအမျိုးသမီးကို ကြည့်လိုက်သည်။ အချိန်အတန်ကြာ တွေးကြည့်ပြီးနောက် သူက ရုတ်တရက် မေးလိုက်၏။ “သူက ဘယ်သူလဲ…”

“သူက…” ငွေရောင်အမျိုးသမီးသည် တုန်ယင်၏။ သူမ၏မျက်လုံးထဲရှိ ကြောက်ရွှံ့မှုသည် ဆထက်တိုးပွားလာသည်။ တစ်ချိန်တည်းမှာ သူမ၏အမူအရာပါ ရှုံ့တွလာသည်။ စူးရှသောနာကျင်မှုက သူမအား ခြုံလွှမ်းနေသည့်အလား။

ထိုပြင်းထန်သောနာကျင်မှုအောက်တွင် ဒီအမျိုးသမီးသည် နောက်တစ်ကြိမ် စူးစူးဝါးဝါးအော်ဟစ်လိုက်ပြန်သည်။ သူမသည် ထိုလူနှင့်ပတ်သတ်သည့် အရာအားလုံးကို မတွေးချင်၊ မမှတ်မိချင်သည့်အလား။

ထိုပြင်းထန်သောနာကျင်မှုအောက်တွင် သူမ၏မျက်နှာထက်တွင် အစိမ်းရောင်အခိုးငွေ့တစ်ခု ပေါ်လာသည်။ အံ့ချီးဖွယ်အမှတ်အသားတစ်ခုမှာ သူမ၏မျက်နှာတပြင်လုံးကို ဖုံးလွှမ်းသွား၏။ မူလကလှပသော ထိုအမျိုးသမီးမှာ ရုတ်တရက် နတ်ဆိုးတစ်ယောက်ကဲ့သို့ ဖြစ်လာသည့်ပုံပင်။

သူမသည် ရုတ်တရက် ခေါင်းမော့လိုက်၏။ သူမ၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှုနှင့် ရှုပ်ထွေးမှုတို့ လွင့်ပျောက်သွားသည်။ ထိုအစား စိတ်ပျက်ခြင်းနှင့်သေခြင်းတို့က အစားထိုးဝင်လာ၏။ ထိုအခိုက်တွင် သူမ၏ခန္ဓာကိုယ်မှ မုန်တိုင်းတစ်ခုအလား ပြင်းထန်သောအားတစ်ခု ပေါက်ကွဲထွက်လာချေ၏။

ဝမ်လင်း၏စိတ်သည် တုန်ယင်မိနေ၏။ သူသည် ချက်ခြင်းပင် အားကောင်းသောအန္တရာယ်အာရုံကို ခံစားလိုက်ရသည်။ သူ နောက်သို့ တုံ့နှေးခြင်းမရှိ ဆုတ်၏။ သူ နောက်ဆုတ်လိုက်စဉ် ထိုအမျိုးသမီးက သူ့လက်ကို မြှောက်၍ ဝမ်လင်းထံသို့ ကြမ်းတမ်းစွာ ရိုက်ချလာသည်။

ထိုလက်ဝါးရိုက်ချက်မှာ မည်သည့်မူလစွမ်းအင်ကိုမှ အသုံးမပြုထားပေ။ သို့သော် ယင်းရိုက်ချက်သည် ကျင့်ကြံခြင်းဂြိုဟ်တစ်ခုလုံးကို တုန်ယင်သွားစေ၏။ မူလတုန်းက ကြယ်လင်တောက်ပနေသော ကောင်းကင်သည် ချက်ခြင်းပင် မင်အရောင်ကဲ့သို့ နက်မှောင်လာ၏။

ထိုအမှောင်ထုမှာ နေမင်းအလင်းကိုပါ ပိတ်ဆီးကာသွားသည်။ ထိုအခါ ဂြိုဟ်တစ်ခုလုံးသည် ခုချိန်တွင် မှောင်မိုက်သွားတော့သည်။ ထိုအမှောင်ထုအတွင်း တုန်ဟည်းသံ ပဲ့တင်ထပ်သည်။ ယင်းကာ မိုးကြိုးသံ မဟုတ်၊ သို့သော်ငြား မိုးကြိုးသံထက် အဆများစွာ ပိုပြင်းထန်သည်။ ယင်းအသံကြောင့် ဧရာမအက်ကြောင်းတစ်ခုပင် ကောင်းကင်ထက်၌ ပွင့်ဟသွား၏။

ထိုအက်ကြောင်းအဟမှာ ပုံမှန်ဟင်းလင်းပြင်အက်ကြောင်းများနှင့် ခြားနားသည်။ ပိုမိုနက်ရှိုင်းလှ၏။ ထိုအဟ၏ အနက်မှာ ရှင်းပြနိုင်သောအရာတစ်ခုပင် ဟုတ်မနေခဲ့ပေ။ ယင်းအက်ကြောင်းအဟက ဒီကြယ်အဖွဲ့အစည်းအတွင်း၌ ဆန်းကြယ်နက်နဲလွန်းသော ဟင်းလင်းပြင်အတွင်းနက်ပိုင်းဆီသို့ ဦးတည်နေသည့်အလား။

၎င်းအဟပေါ်လာသည်နှင့် အစိမ်းရောင်အခိုးငွေ့သည် ထိုးထွက်လာပြီး ဝမ်လင်း၏လှိုဏ်ဂူထံသို့ ဦးတည်သည်။ အတားအဆီးများသည်ပင် ယင်းအစိမ်းရောင်အခိုးငွေ့ကို တစ်စက်လေးပင် မဟန့်တားလိုက်နိုင်ချေ။ ၎င်းသည် ဖြတ်သန်းတိုးဝင်လာပြီး ထိုအမျိုးသမီး၏ ညာလက်ဝါးတွင် လှည့်ပတ်သည်။

ထိုအဖြစ်အပျက်များမှာ ဖြည်းနှေးသည်ဟု ထင်ရသော်လည်း ချက်ခြင်းလိုလို ဖြစ်ပွားလာခြင်းသာ။ ထိုအမျိုးသမီး လက်မြှောက်လိုက်သည်ဆိုရုံဖြင့် ယင်းအစိမ်းရောင်အခိုးငွေ့များ ရောက်လာသည့်နှယ်။

“ဒါဟာ စိတ်ဝိညာဉ်စွမ်းအင်လည် မဟုတ်ဘူး။ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်၊ မူလစွမ်းအင်၊ ရှေးဟောင်းနတ်ဆိုးစွမ်းအင်၊ ရှေးဟောင်းမိစ္ဆာစွမ်းအင်၊ ရှေးဟောင်းနတ်ဘုရားစွမ်းအင်လည်း ဟုတ်မနေဘူး…”

ဝမ်လင်းသည် နောက်သို့ အမြန်ဆုတ်နေရင်း သူ့မျက်လုံးသူငယ်အိမ်ပင် ကြုံ့မိလေ၏။

ထိုအမျိုးသမီး၏ညာလက်မှာ ရုတ်တရက် ဆင်းသက်လာခဲ့ပြီ။ အစိမ်းရောင်အခိုးငွေ့များသည် ရုတ်တရက် စုဝေးလျက် အစိမ်းရောင်လက်ဝါးအသွင် ဖြစ်ပေါ်ကာ ဝမ်လင်းနောက်သို့ လိုက်လံလာ၏။

မျက်စိတစ်မှိတ်အတွင်း ထိုလက်ဝါး နီးကပ်လာသည်။ ဝမ်လင်းက သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ သူ့ခန္ဓာကိုယ်အတွင်းမှ မူလစွမ်းအင်များ မြင့်တက်လာကာ ဝဲကတော့တစ်ခုအသွင် ဖြစ်ပေါ်စေပြီး ယင်းလက်ဝါးနှင့် ထိပ်တိုက်တွေ့သည်။

ကျယ်လောင်စွာ မြည်ဟိန်းပေါက်ကွဲသံ ဖြစ်ပေါ်ကာ ဝဲကတော့ ချက်ခြင်း ပျက်စီး၏။ လက်ဝါးကမူ လုံးဝ ထိခိုက်မသွားဘဲ ထွင်းဖောက်လာ၏။

ဝမ်လင်းကလည်း နောက်ဆုတ်နေဆဲသာ။ သူက ဝဲကတော့ပျက်စီးသွားမှုကို အသုံးချကာ လှိုဏ်ဂူထဲကနေ ထွက်လိုက်၏။ သူ့ညာမျက်လုံးတွင် မိုးကြိုးလင်းလက်၍ ထိုးထွက်လာကာ ဧရာမမိုးကြိုးအမှတ်အသားကို ဖြစ်ပေါ်သည်။

မိုးကြိုးအဆီအနှစ်ကို ကျန်သည့်မိုးကြိုးကိုးမျိုးက လှည့်ပတ်နေရင်း မိုးကြိုးအမှတ်အသားသည် ကောင်းကင်တစစီဖြစ်နိုင်သော တုန်ဟည်းမှုကို ပေးစွမ်းလျက် ထိုလက်ဝါးကို ပိတ်ဆို့သည်။

ရလဒ်အနေဖြင့် စောနကထက် အဆများစွာ ပိုပြင်းထန်သောတုန်ဟည်းမှုကို ဖြစ်လာစေသည်။ မိုးကြိုးအမှတ်အသားပါ နောက်လွင့်စင်သွား၏။ လက်ဝါးကမူ ၎င်း၏အစိမ်းရောင်အခိုးငွေ့များစွာ လွင့်ပါးသွားသည်။ ထို့နောက် ၎င်းလက်ဝါးသည် ဝမ်လင်းထံ ထပ်မံ လိုက်လံသည်။

ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။ သူက သူ့ညာခြေထောက်ကို နောက်သို့ ထောက်ကန်လိုက်၏။ သူသည် ရပ်တန့်ကာ နောက်ထပ်မဆုတ်တော့ချေ။ သူ့ညာလက်ကိုလည်း လေဟာနယ်အတွင်းသို့ ဆန့်ထုတ်လိုက်ရာ သွေးအလင်း တလက်လက် ဖြစ်ပေါ်လျက် သွေးဓားသည် သူ့လက်ထဲတွင် ပေါ်လာသည်။

ထိုသွေးဓားကို ကိုင်ထားလျက် လက်ဝါးသည် မိုးကြိုးအမှတ်အသားကို ထွင်းဖောက်သည်နှင့် သူက အေးစက်စက်နှာခေါင်းရှုံ့ပြီး ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။

ချက်ခြင်း သွေးအလင်းသည် တောက်ပသွား၏။ သွေးပင်လယ်တစ်ခုက ထိုလက်ဝါးပေါ်သို့ ကျဆင်းသွားသည့်နှယ်။ ဓားသည် လက်ဝါးနှင့် ထိပ်တိုက်တွေ့သည့်အခါ တဒင်္ဂတန့်သွားပြီးနောက် ယင်းလက်ဝါးကို ထက်ပိုင်းခြမ်းပစ်လိုက်၏။

ထိုလက်ဝါးသည် ရုတ်တရက် ပျက်စီးသွားလေ၏။ သို့သော် အစိမ်းရောင်အခိုးငွေ့ကမူ အလုံးစုံမပျောက်ကွယ်သေးပေ။ ၎င်းက အလုံးတစ်လုံးအဖြစ်သို့ သိပ်သည်းကာ ကောင်းကင်ထက်ရှိ အက်ကြောင်းအဟထံသို့ ပြန်သွားနိုင်စွမ်းပင် ရှိနေသေး၏။

ဝမ်လင်းသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်၏။ သူ့ပါးစပ်တွင် ငံကျိကျိအရသာကို ရသည်။ သူ့ပါးစပ်နှင့်မျက်လုံးတို့မှ သွေးများစီးကျလာခြင်းပင်။ သို့သော် သူသည် တင်းခံထားသည်။ ဝမ်လင်း၏အမူအရာသည် အေးစက်လျက် သူသည် သွေးဓားကို ကိုင်လျက် အထက်သို့ ပျံတက်သည်။ အစိမ်းရောင်အခိုးငွေ့လုံးမှာ အဟကြားသို့ ဦးတည်ဝင်နေရင်း ဝမ်လင်းက ၎င်းထံသို့ ခပ်ကြမ်းကြမ်း လက်ဆန့်ထုတ်လိုက်သည်။

“ပြန်ဆင်းလာစမ်း…”

လောကသည် တုန်ယင်သွားကာ ဧရာမပုံရိပ်ယောင်လက်ဝါးရာတစ်ခု ပေါ်လာပြီး ထိုအစိမ်းရောင်အခိုးငွေ့လုံးကို ဖမ်းဆုပ်သည်။

အစိမ်းရောင်အခိုးငွေ့သည် ဝမ်လင်း၏ ဖမ်းယူခြင်းကို ခံလိုက်ရသည့်အခိုက်မှာပင် ကောင်းကင်ထက်ရှိ အက်ကြောင်းအဟသည် ချက်ခြင်း ပိတ်ဆို့ကာ ပျောက်ကွယ်သွားလေ၏။ ထိုအခါ အမှောင်ထုသည်ပါ ကွယ်ပျောက်သွားပြီး အလင်းသည် မြေကမ္ဘာထံ ပြန်လည် ရောက်ရှိလာတော့သည်။

ဝမ်လင်း၏အမူအရာမှာ သုန်မှုန်နေလျက်။ သူက အစိမ်းရောင်အခိုးငွေ့လုံးကို ကိုင်လျက် လှိုဏ်ဂူအတွင်း၌ ပြန်ပေါ်လာသည်။ သူ တွေ့မြင်လိုက်ရသည့်အရာကြောင့် သူ မျက်မှောင်ကြုတ်သွားမိသည်။

ငွေရောင်အမျိုးသမီးမှာ သတိမေ့နေပြီး သူမ၏မျက်နှာမှာ ဖြူဖပ်ဖြူရော ဖြစ်နေလေ၏။ သူမ၏ခန္ဓာကိုယ်မှာလည်း မသိစိတ်ကြောင့် တုန်ရီနေကာ ခပ်တိုးတိုး ရေရွတ်နေတုန်းပင်။

“ဒါက ငါ မဟုတ်ဘူး။ ငါ တံခါးကို ဖွင့်ခဲ့တဲ့သူ မဟုတ်ဘူး။ ငါ မဟုတ်ဘူး…”

သုန်မှုန်စွာဖြင့် ဝမ်လင်းသည် ထိုအမျိုးသမီး၏ဘေးနားသို့ ရောက်လာ၏။ သူ့ဘယ်လက်ဖြင့် အတားအဆီးများစွာကို ဖြစ်ပေါ်စေပြီး ထိုအမျိုးသမီးပေါ်သို့ ကျရောက်စေလိုက်သည်။

ထိုအရာများကို ပြုလုပ်ပြီးသည့်နောက်မှာလည်း ဝမ်လင်းသည် လက်ထဲရှိ အစိမ်းရောင်အခိုးငွေ့ကို ကြည့်ကာ မျက်မှောင်ကြုတ်နေဆဲပင်။

“ဒါဟာ မူလစွမ်းအင် မဟုတ်တဲ့ ပြင်ပက တခြားစွမ်းအားတစ်ခုပဲ။ ဒါဟာ အပူဇော်ခံမီးတောက် ဒါမှမဟုတ် အနှစ်သာရ စွမ်းအားလည်း ဟုတ်မနေပြန်ဘူး။ ဒါပေမဲ့ ဒီစွမ်းအားဟာ အနှစ်သာရစွမ်းအားနဲ့တော့ အတော်လေး ဆင်တူတယ်။ ဒါက ဘာများလဲ ဒီရုပ်တုနဲ့ရော ဒီအစိမ်းရောင်အခိုးငွေ့စွမ်းအားက ဘယ်လိုမျိုး ပတ်သတ်နေတာလဲ။ ဒီငွေရောင်အမျိုးသမီးရှိမှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတယ်။ သူမရဲ့ နောက်ခံပုံရိပ်ဟာ ဘာများလဲ…”

“ရှေးဟောင်းအင်ပါယာကိုယ်လုပ်တော် ရှစ်ယောက်ထဲက တစ်ယောက်…” ဝမ်လင်းသည် ထိုအချက်ကို မသိရှိနိုင် ဖြစ်နေ၏။

“သူမက အပူဇော်ခံမီးတောက်ဟာ အဆိပ်လို့ ပြောခဲ့တယ်။ ပထမတုန်းကတော့ ငါဟာ သူမ ဒီအပူဇော်ခံမီးတောက်ကို ကျင့်ကြံခဲ့ပြီး ဒါ့ကြောင့် အခုလိုအဖြစ်မျိုး အဆုံးသပ်ခဲ့ရတာကြောင့် ပြောခဲ့တာလို့ ငါ ထင်ထားခဲ့တာ။ ဒါပေမဲ့လည်း ခုကြည့်ရသလောက်တော့ ဒီကိစ္စဟာ ဒီလောက် မရိုးရှင်းတော့ဘူး…”

“သူမက အပူဇော်ခံမီးတောက်ကို မကျင့်ကြံခင်ကတည်းက ဒီအပူဇော်ခံမီးတောက်ဟာ အဆိပ်ဆိုတာကို ကြိုသိနှင့်နေခဲ့တာများလား…”

ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွား၏။ သူသည် အသိစိတ်လွတ်မေ့နေသော အမျိုးသမီးကို စိုက်ကြည့်နေ၏။ အချိန်အတန်ကြာပြီးနောက် သူ့လက်ကို ပင့်မြှောက်ကာ သူမ၏နဖူးထက်သို့ ဖိနှိပ်ချလိုက်သည်။ သူက သူမပေါ်၌ အခုချိန်ထိ အသုံးမပြုရသေးသော စိတ်ဝိညာဉ်ရှာဖွေမှုကို အသုံးပြုလိုက်ခြင်းပင်။

“ငါတို့ကြားမှာ ဘာအမုန်းတရားမှ မရှိဘူး။ ငါ နင့်ကို ထိခိုက်စေဖို့ မရည်ရွယ်ပါဘူး။ ဒါပေမဲ့ နင့်ရှိမှာ ငါ့အတွက် အရေးကြီးလှတဲ့ လျှို့ဝှက်ချက်တွေ များလွန်းနေတယ်။ ငါ့ကျင့်ကြံမှုအဆင့်နဲ့ဆို ငါသာ သေချာ ဂရုစိုက်ရင် စိတ်ဝိညာဉ်ရှာဖွေနေစဉ်အတွင်း နင့်စိတ်ကို ထိခိုက်ဒဏ်ရာရစေမှာ မဟုတ်ပါဘူး…”

ဝမ်လင်းသည် မျက်လုံးမှိတ်လိုက်၏။ သူ့ညာလက်မှ တစ်ဆင့် သူ၏နတ်ဘုရားအာရုံသည် ထိုအမျိုးသမီး၏နဖူးထံ ဝင်ရောက်သွားလေသည်။

***

All Chapters