ခုနစ်ရောင်စုံအလင်း ထပ်မံပေါ်လာခြင်း(၂)
Vol. 105 Ch. 1446
ထိုအမျိုးသမီး၏စိတ်မှာ တိမ်ခိုးတိမ်ငွေ့တို့ ရစ်သိုင်းလျက်ရှိကာ ထိုအခိုးအငွေ့တို့အတွင်း၌လည်း အစိမ်းရောင်လင်းလက်နေ၏။ ဝမ်လင်း၏နတ်ဘုရားအာရုံသည် သူမ၏စိတ်အတွင်း ဖြတ်သန်းဝေ့ခတ်လာကာ သူမ၏မှတ်ညာဏ်များကို ရှာဖွေရန် ကြိုးစားသည်။ သို့ရာတွင် သူ မည်မျှ ရှာဖွေပါစေ သူသည် သူမ၏မှတ်ဉာဏ်နှင့် ဆက်နွှယ်နေသော မည်သည့်အရာကိုမျှ မရှာနိုင်ချေ။
သူမ၏စိတ်အတွင်းနေရာမှာ တိမ်မြူများဖြင့် ပြည့်ကျပ်လို့နေ၏။ သူ့နတ်ဘုရားအာရုံ ဖြန့်ကျက်နေရင်း အချိန်မည်မျှ ကုန်ဆုံးလာမှန်းပင် မသိရချေ။ ဝမ်လင်း၏နတ်ဘုရားအာရုံသည် ရုတ်တရက် ဘက်ပေါင်းစုံမှ စတင်စုဝေးကာ အစိမ်းရောင်မြူများ ဝန်းရံထားသော ဧရိယာထံသို့ တိုက်ရိုက် ဦးတည်ဝင်ရောက်သည်။
ထိုနေရာရှိ အစိမ်းရောင်အလင်းမှာ အားပျော့သေး၏။ အကြိမ်အနည်းငယ် ယင်းအလင်းကို လှည့်ပတ်ကြည့်ပြီးနောက် ဝမ်လင်း၏နတ်ဘုရားအာရုံသည် အတွင်းထဲထိ ချဲ့ကားဝင်လာ၏။ သူ ဝင်လိုက်သည်နှင့် မြူမှ အစိမ်းရောင်အလင်းသည် တိုးပွားလာကာ ဝမ်လင်း၏နတ်ဘုရားအာရုံထံ တရှိန်ထိုး ဝင်ရောက်လာသည်။
ထိုအစိမ်းရောင်အလင်းကား ဝမ်လင်း စောနပိုင်းက အပြင်ဘက်တွင် ရင်ဆိုင်ခဲ့ရသော အစိမ်းရောင်အခိုးငွေ့များနှင့် အလွန်တရာ ဆင်တူလှသည်။
အဘက်ဘက်မှ အစိမ်းရောင်အလင်းများစွာ ရောက်ရှိလာနေရင်း ဝမ်လင်း၏နတ်ဘုရားအာရုံမှာ ပိုးသားမျှင်အလား ထိုအလင်းကို ရှောင်ဖယ်၍ သူ ရှေ့သို့ဆက်သွားသည်။
သူ အတွင်းဘက်သို့ ပိုရောက်လာလေလေ ပိုမိုများပြားသောအစိမ်းရောင်အလင်းတို့ ရှိလာ၏။ အဆုံးသပ်တွင် ပိုက်ကွန်တစ်ခုအလားပင် ယင်းအလင်းတို့က သိပ်သည်းစွာ ရှိနေပြီး ဝမ်လင်း၏နတ်ဘုရားအာရုံထံ နီးကပ်လာချေသည်။
ဝမ်လင်း၏နတ်ဘုရားအာရုံသည် အလျင်အမြန်ကြုံ့၏။ နတ်ဘုရားအာရုံအားလုံးမှာ အပ်တစ်စင်းအသွင်ထိ သိပ်သည်းသွားသည်။ ထိုအစိမ်းရောင်အလင်း နီးကပ်လာသည့်အခါ သူ့နတ်ဘုရားအာရုံက ထိုးထွက်၍ ယင်းအလင်းနှင့် ထိပ်တိုက်တွေ့သည်။
တုန်ဟည်းသံများ မြည်ဟိန်းသွား၏။ လှိုဏ်ဂူအတွင်းထဲတွင်မူ ဝမ်လင်းသည် သူ့လက်ကို ငွေရောင်အမျိုးသမီး၏နဖူးထက်သို့ တင်ထားဆဲပင်။ သူက မျက်လုံးမှိတ်လျက်၊ သူ့မျက်နှာမှာလည်း ဖြူရောနေရင်း ပါးစပ်ထောင့်မှ သွေးများစီးကျနေသည်။ သို့ပေမည့် သူသည် မျက်လုံးမှိတ်ထားဆဲသာ။
အမျိုးသမီး၏စိတ်အတွင်း၌မူ ဝမ်လင်း၏နတ်ဘုရားအာရုံအများစုသည် သူ အစိမ်းရောင်အလင်းကို ချိုးဖျက်ချိန်မှာ လွင့်ပါးပျောက်ကွယ်သွားခဲ့ပြီး ဖြစ်သည်။ ကျန်သည့်နတ်ဘုရားအာရုံကမူ သည်တိမ်မြူထူထဲသောဧရိယာ၏အတွင်းနက်ပိုင်းသို့ တိုးဝင်သည်။
ပိုမိုများပြားသောအလင်း ကျရောက်လာ၏။ သို့သော် ဝမ်လင်း၏နတ်ဘုရားအာရုံက ကွေ့ပတ်ကာ အဆုံးသပ်တွင် သည်အစိမ်းရောင်မြူထု၏ အနက်ရှိုင်းဆုံးအပိုင်းထိ ရောက်ရှိလာချေသည်။
ဝမ်လင်း ထိုအတွင်းနက်ပိုင်းသို့ ဝင်လိုက်သည်နှင့် သူ့နတ်ဘုရားအာရုံမှာ တုန်ယင်သွားသည်။ သူသည် လုံးဝ မေ့ပစ်နိုင်တော့မည့်မဟုတ်သည့်အရာတစ်ခုကို တုန်လှုပ်ဖွယ် တွေ့မြင်လိုက်ရသည်။ ထိုအစိမ်းရောင်မြူအတွင်းနက်ဆုံးပိုင်းတွင် လူတစ်ယောက် ထိုင်နေလေ၏။
ထိုလူသည် ခုနစ်ရောင်စုံဝတ်ရုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားတစ်ယောက် ဖြစ်ချေ၏။ သူသည် ထိုနေရာတွင် ထိုင်နေလျက်ကနေ သူ့ထံမှ ခုနစ်ရောင်စုံအလင်းကို ပေးစွမ်းသည်။ သူသည် မူလစိတ်ဝိညာဉ် သို့မဟုတ် အစစ်အမှန်ခန္ဓာကိုယ်လည်း မဟုတ်၊ သို့သော် ချိပ်တံဆိပ်တစ်ခုကြောင့် ဖြစ်ပေါ်နေခြင်းသာ။
လှိုဏ်ဂူအတွင်းတွင်မူ ဝမ်လင်းသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ကာ တုန်လှုပ်ခြင်းကြီးစွာ ခံစားလိုက်ရ၏။ သူသည် ညာလက်ကို သူမ၏နှဖူးထံမှ ဖယ်ရှားလိုက်သည်။ သူသည် သူမ၏မှတ်ဉာဏ်ကို ရှာမတွေ့နိုင်ခဲ့သော်လည်း သူသိရှိလိုက်ရသည်က ကြီးမားလှသည်။
“ဒီအမျိုးသမီးရဲ့ စိတ်ထဲက ပုံရိပ်ဟာ ဒီရုပ်တုနဲ့ ချွတ်ဆွတ်တူနေပါ့လား…” ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။
“ခုနစ်ရောင်စုံအလင်းကို ထပ်တွေ့ရပြန်ပြီ…” သူက ထိုပုံရိပ်ကို တွေ့မြင်သည်နှင့် ပထမဆုံးတွေးမိသည်မှာ အုပ်စိုးသူကို ဖြစ်၏။ သို့ပေမည့် ချက်ခြင်း ထိုအတွေးကို ပယ်ချလိုက်သည်။
အုပ်စိုးသူသည် သန်မာလှသော်လည်း သူသည် ဝမ်လင်းကို ရုပ်တုတစ်ရုပ်အနေဖြင့် ထိတ်လန့်သွားအောင်ထိတော့ မသန်မာပေ။ ဝမ်လင်းသည် အရင်ကလည်း တတိယအဆင့်ကျင့်ကြံသူများကို မြင်ခဲ့ဖူး၏။ တာအိုသခင်အိပ်မက်ပြာ၏ ကျင့်ကြံမှုအဆင့်မှာ အုပ်စိုးသူနှင့် အလွန်တရာနီးစပ်၏။ ထို့ကြောင့် ဝမ်လင်းသည် ဒီရုပ်တုနှင့် သူတို့ကြား ကွာဟမှုကို အလွယ်လေး ပြောနိုင်ပေ၏။
“ခုနစ်ရောင်စုံ…ခုနစ်ရောင်စုံ…။ ငါ့ကျင့်ကြံခြင်းသက်တမ်းအတွင်းမှာ ငါဟာ ဒီခုနစ်ရောင်စုံနဲ့ အကြိမ်များစွာ တွေ့ကြုံခဲ့ရတယ်။ ရှေ့ဖြစ်ဟောသူကလည်း ခုနစ်ရောင်စုံကို သဘောကျတယ်။ အုပ်စိုးသူမှာလည်း ခုနစ်ရောင်စုံ ပိုင်ဆိုင်ထားတယ်။ ဒါ့အပြင် ခုနစ်ရောင်စုံ မန္တာန်တွေကော ရှိသေးတယ်။ တာအိုသစ်သီးရှိနေတဲ့နေရာဖြစ်တဲ့ ခုနစ်ရောင်စုံနယ်မြေလည်း ကျန်သေးတယ်…”
“ဒါ့အပြင် ခုနစ်ရောင်စုံနတ်ဘုရားလေဟာနယ်လက်သည်းလည်း ရှိသေးပြန်တယ်…” ဝမ်လင်းသည် ခုနစ်ရောင်စုံအလင်းများကြား၌ ကွယ်ဝှက်နေသော မဟာလျှို့ဝှက်ချက်ကြီးတစ်ခု ရှိနေသည်ဟု ခံစားမိသည်။
“အစိမ်းရောင်အခိုးအငွေ့နဲ့ အစိမ်းရောင်အလင်းကကော။ ဒီအရာတွေကကော ခုနစ်ရောင်စုံရဲ့ အစိတ်အပိုင်း ဖြစ်နေနိုင်မလား…” ဝမ်လင်းသည် မျက်မှောင်ကြုတ်သွား၏။ အချိန်အတန်ကြာပြီးနောက် သူသည် သက်ပြင်းချလိုက်မိသည်။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ ငွေရောင်အမျိုးသမီးအား သူ့သိုလှောင်နေရာလွတ်အတွင်းသို့ ပြန်သိမ်းဆည်းလိုက်၏။
“ဒီကိစ္စဟာ ငါ့အတွက် ဉာဏ်မမိနိုင်လောက်အောင် နက်နဲဆန်းကြယ်လွန်းနေတယ်။ အခုချိန် ဒီအကြောင်းကို စဉ်းစားတာဟာ ဘာမှ အကျိုးမရှိဘူး။ ငါ့အနေနဲ့ လောဘကြီးရဲ့ ရတနာတွေကို သန့်စင်မွန်းမံပြီး မီးစာကလေးကလန်ရဲ့ အဆီအနှစ်ကို ရအောင် လုပ်ရမယ်…” ဝမ်လင်းသည် အနည်းငယ်စဉ်းစားပြီးနောက် သည်ရုပ်တုအကြောင်းကို ဆက်မတွေးတော့ပေ။ ထိုအစား သူက လောဘကြီး၏ရတနာများကိုသာ သန့်စင်မွန်းမံဖို့နှင့် လေ့လာသုံးသပ်ကြည့်ဖို့ ထုတ်ယူလိုက်သည်။
“ဗလာသလင်းဓားကိုးဆယ့်ကိုးချောင်း၊ လောဘကြီးက ဒါကို ရှေးဟောင်းနတ်ဆိုးရဲ့ ဦးခေါင်းရှိနေတဲ့ ကျောက်တုံကြီးပေါ်ကနေ ရလာခဲ့တယ်လို့ ဆိုတယ်။ သူ့မှတ်ဉာဏ်ထဲမှာ ဒီဦးခေါင်းရဲ့ မျက်လုံးထဲမှာတော့ ကြယ်တွေ မရှိနေဘူး။ ဓားကိုးဆယ့်ကိုးချောင်းဟာ သွေးစွန်းသွားရင် ဓားအစီအရင်တစ်ခုအသွင် ဖြစ်ပေါ်နိုင်တယ်…”
ဝမ်လင်းသည် သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ ဓားအားလုံးသည် ချက်ခြင်း သူ့အား ဝန်းရံသွားပြီး တစ်လက်ချင်းစီက ပြင်းထန်သောအအေးစွမ်းအင်ကို ပေးစွမ်းနေလေ၏။
ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွားသည်။ သူ့နတ်ဘုရားအာရုံ ခြုံလွှမ်းလာ၏။ သူသည် ဓားတစ်လက်ချင်းစီကို သေသေချာချာ စမ်းစစ်သည်။
“ဒီဓားတွေက တကယ့်ကို ရှေးဟောင်းနတ်ဆိုးတွေရဲ့ ရတနာဖြစ်နေတာပဲ။ ဒီဓားတွေထဲမှာ အားကောင်းတဲ့ဓားစွမ်းအင် ပါဝင်နေတယ်။ ဒါက ငါ့လက်ထဲမှာဆို စွမ်းအားကုန် မချခင်းနိုင်လောက်ဘူး။ ဒါပေမဲ့ ငါ့ဒုတိယကိုယ်ပွားသာ ပြီးပြည့်စုံသွားခဲ့ရင် ငါဟာ ရှေးဟောင်းနတ်ဆိုးတစ်ပါးအဖြစ် ဒီဓားကို အသုံးပြုလိုက်တာနဲ့ ဓားတွေရဲ့အစွမ်းဟာ လုံးဝ သာမန်မဖြစ်နိုင်တော့ဘူး။
“ဒီရတနာကို ငါ့ သိမ်းထားသင့်လား၊ ဒါမှမဟုတ် သန့်စင်မွန်းမံသင့်လား…” ဝမ်လင်းသည် အနည်းငယ်စဉ်းစားနေပြီးနောက် သူ့ညာလက်ကို ဝေ့ယမ်းသည်။ သူသည် သူ့နတ်ဘုရားအာရုံအမှတ်အသားကို ချန်ရစ်ကာ ယင်းဓားများပေါ်တွင် အတားအဆီးများစွာ နေရာချသည်။ ထို့နောက် ၎င်းတို့ကို သူ့သိုလှောင်နေရာလွတ်အတွင်းသို့ သိမ်းဆည်းလိုက်တော့၏။
“ငါသာ ဒီဓားတွေကို သန့်စင်မွန်းမံခဲ့ရင် အတွင်းထဲက နတ်ဆိုးစွမ်းအင်ဟာ အလကားဟသ ဖြစ်သွားလိမ့်မယ်။ ငါ အတွင်းနယ်မြေကို ပြန်ရောက်နိုင်တာနဲ့ ငါ့ဒုတိယကိုယ်ပွားဟာ ဒါကို စုပ်ယူနိုင်လိမ့်မယ်။ ကံမကောင်းတာက ငါ့ဒုတိယမြောက်ကိုယ်ပွားနဲ့ ချိတ်ဆက်မှုဟာ ချိပ်ပိတ်နယ်မြေအစီအရင်ရဲ့ ပိတ်ဆိုခြင်း ခံထားရတယ်။ မဟုတ်ရင် ငါ ဒါကို အခုချက်ခြင်း လွှဲပြောင်းပေးနိုင်မှာ…”
“ဒီနှစ်တွေမှာ ငါ့ဒုတိယကိုယ်ပွား ဘာတွေလုပ်နေလဲ ဘယ်လိုနေနေလဲလည်း ငါ မသိရဘူး…” ဝမ်လင်းသည် နောက်ထပ် အကာအကွယ်အရိုးကျောက်ပြားများကို ထပ်ထုတ်ယူလိုက်သည်။
ကျောက်ပြားကိုးခုသည် သူ့ကို ဝန်းရံထားကာ ဝမ်လင်းနှင့် ရင်းနှီးသောအော်ရာတစ်ခုကို ပေးနေ၏။ ယင်းမှာ ရှေးဟောင်းနတ်ဘုရားများ၏ အော်ရာပင်။
သူက သူ့ညာလက်ကို ပင့်မြှောက်ကာ ကျောက်ပြားတစ်ခုကို ထိလိုက်၏။ လောဘကြီး၏မှတ်ဉာဏ်ထဲတွင်မူ သူသည် ထိုကျောက်ပြားများကို ရှေးဟေင်းနတ်ဘုရားတစ်ပါး၏ ဦးခေါင်းရှိနေသော ကျောက်တုံးကြီးတစ်ခုထံမှ ရခဲ့သည်ဟူ၏။
ထိုရှေးဟောင်းနတ်ဘုရားမှာ အလွန်ငယ်ရွယ်ဟန်ပေါ်ကာ အရွယ်မရောက်သေးသည့်ပုံပင်။ သူ့မျက်လုံးထဲတွင်လည်း ဒေါသနှင့်စိတ်ရှုပ်ထွေးမှုတို့က ထာဝရတိုင် ကပ်ငြိနေသည့်အလား။
“ဒီကျောက်ပြားတွေကို ပြုလုပ်ထားတဲ့ သတ္တု၊ ဒါဟာ ငါ့ရှေးဟောင်းနတ်ဘုရားကလန်ရဲ့ အရိုးတွေနဲ့ ပြုလုပ်ထားတာတွေပဲ။ ဒါပေမဲ့ အငြှိုးနဲ့ လုပ်ခဲ့တာတော့ မဟုတ်ဘူး။ သေသွားခဲ့တဲ့ ဘိုးဘေးတစ်ယောက်ရဲ့ အရိုးကနေလုပ်ထားတာ။ သူက ကျန်ခဲ့တဲ့သူတွေကို သူ့အရိုးတွေနဲ့ ရတနာတစ်ခု ပြုလုပ်ဖို့ စိတ်လိုလက်ရ ပေးခဲ့တာပဲ ဖြစ်ရမယ်။ မဟုတ်ရင် ဒီကျောက်ပြားကနေ အားကောင်းတဲ့မကျေမချမ်းမှု ထွက်ပေါ်နေမှာ၊ အခုလောက်ထိ တည်ငြိမ်နေမှာ မဟုတ်ဘူး…”
“လောဘကြီးဟာ ဒီရတနာကို အကာအကွယ်ရတနာတစ်ခုအဖြစ်ပဲ အသုံးပြုနိုင်တယ်။သူက အတွင်းထဲက ရှေးဟောင်းနတ်ဘုရားမန္တာန်ကိုတော့ အသက်သွင်းနိုင်စွမ်း ရှိမှာ မဟုတ်ဘူး…” ဝမ်လင်းသည် သူ့ညာလက်ကို ဝေ့ယမ်းလိုက်၏။ ကျောက်ပြားကိုးခုသည် စတင်တောက်ပလာသည်။ အစွမ်းထက်ရှေးဟောင်းနတ်ဘုရားအော်ရာသည် ကျောက်ပြားကိုးခုထံမှ ပေါက်ကွဲထွက်လာကာ ဝမ်လင်းကို လှည့်ပတ်သည်။
အဆုံးသပ်တွင် ယင်းကျောက်ပြားများသည် ဝမ်လင်း၏ညာလက်ပတ်လည်တွင် သိပ်သည်းလာသည်။ ကျောက်ပြားကိုးခုသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကာ လက်အိတ်တစ်ခုအဖြစ်သို့ ပြောင်းသည်။ ထိုလက်အိတ်မှာ မီးခိုးဖြူရောင် ရှိသည်။
၎င်းက သူ့လက်သီးပတ်ခြာလည်ကို ထွေးပတ်သွား၏။ ထိုအခါ ဝမ်လင်း၏လက်သီးသည် နောက်ထပ်တစ်ဆ ကြီးမားသွားသည်။ သူ့လက်ချောင်းများသည်ပင် ထွေးခြုံပတ်ခြင်း ခံရ၏။ သူက လက်သီးစုပ်လိုက်သည်နှင့် အက်သံများ ဖြစ်ပေါ်သည်။
ယင်းလက်အိတ်ပေါ်တွင် ထိခိုက်ပျက်စီးမှုများလည်း ရှိနေ၏။ လက်အိတ်ပေါ်ရှိ ဓားရာများ၊ အက်ရာများက ထိုငယ်ရွယ်သောရှေးဟောင်းနတ်ဘုရား တိုက်ခိုက်ခဲ့သော တိုက်ပွဲများကို ကိုယ်စားပြုနေချေသည်။
“ဒီရတနာအတွင်းမှာ ကွယ်ဝှက်နေတဲ့ ရှေးဟောင်းနတ်ဘုရားမန္တာန်တစ်ခုလည်း ရှိတယ်။ အစိမ်းရောင်ဒိုင်းလိုမျိုးပဲ။ ဒါက အသက်ကယ်မန္တာန်တစ်ခု ဖြစ်မယ်။ ကံမကောင်းစွာနဲ့ ဒီမန္တာန်က ဒီရှေးဟောင်းနတ်ဘုရားရဲ့ အသက်ကို ကယ်တင်ပေးနိုင်စွမ်းတော့ မရှိခဲ့လေဘူးပဲ…” ဝမ်လင်း၏မျက်နှာထက်တွင် ရှုပ်ထွေးမှု ဖြစ်ပေါ်နေလျက် သူ့ရှေးဟောင်းနတ်ဘုရားစွမ်းအင်များသည် ထိုလက်အိတ်အတွင်းသို့ တရကြမ်း စီးဝင်သည်။
“ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရားမန္တာန်…ဘိုးဘေးကာကွယ်မှု၊ ဒီမန္တာန်ဟာ ထူစီရဲ့ မှတ်ဉာဏ်ထဲမှာတော့ မပါဘူး…” ဝမ်လင်းသည် ထိုလက်အိတ်အတွင်းရှိ မန္တာန်ထံ၌ ဈဉ်ဝင်စားသွားသည်။ ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက်မှ သူ ပြန်နိုးထလာ၏။
“ဒီမန္တာန်ကိုသာ အလင်းအရိပ်ဒိုင်းနဲ့တွဲ အသုံးပြုရင် အတော်လေးကို အစွမ်းထက်မှာ…”
သူ့ညာလက်ကို ကြည့်လိုက်ပြီးနောက် အတွေးတစ်ချက်ဖြင့်ပင် လက်အိတ်မှာ အရည်ပျော်ကျ၍ သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်။
သူက သူ့လက်ကို ပင့်မြှောက်ကာ လေဟာနယ်ထဲသို့ ဆန့်ထုတ်လိုက်ပြန်၏။ တတိယမြောက်ရတနာ ထွက်ပေါ်လာသည်။ ၎င်းမှာ အင်ပါယာမီးပြင်းဖိုပင်။
အင်ပါယာမီးပြင်းဖို။
ဝမ်လင်းသည် ထိုအင်ပါယာမီးပြင်းဖိုကို တွေ့မြင်သည့်အခါ သူ့စိတ်နှလုံးမှာ တစ်ချက် ခုန်သွား၏။ သူသည် ထိုမီးပြင်ဖို၏အော်ရာနှင့် အလွန်ရင်းနှီးပေသည်။ ၎င်းမှာ တော်ဝင်ရှေးဟောင်းနတ်ဘုရားများ၏ တမူထူးခြားအော်ရာ မဟုတ်လား။ တော်ဝင်ရှေးဟောင်းနတ်ဘုရားများသည် ၎င်းအော်ရာကို ခံစားမိနိုင်သည်။
“လောဘကြီးက တော်ဝင်ရှေးဟောင်းနတ်ဘုရားတစ်ပါးရဲ့ ရတနာကို ရလာလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ ဒါဟာ အမွေအနှစ်အနေနဲ့ လွှဲပြောင်းပေးတာ မဟုတ်ဘဲ တစ်စုံတစ်ယောက်ရဲ့ သန့်စင်မွန်းမံခြင်း ခံထားရတယ်ဆိုပေမယ့်လည်း တကယ့်ကို တော်ဝင်ရှေးဟောင်းနတ်ဘုရားရတနာတစ်ခု ဖြစ်နေဆဲပဲ…”
ဝမ်လင်းသည် အင်ပါယာမီးပြင်းဖိုကို ကြည့်ကာ သူ့မျက်လုံးထဲတွင် ပျော်ရွှင်မှု ပြည့်နှက်လာ၏။ ရှေးဟောင်းနတ်ဘုရားကြယ်များသည် သူ့မျက်ခုံးနှစ်ခုကြားတွင် အလျင်အမြန် လှည့်ပတ်နေသည်။ ထို့နောက် မီးပြင်းဖိုပေါ်သို့ ကြယ်အလင်း ကျရောက်သွား၏။ မီးပြင်းဖိုသည် တုန်ဟည်းကာ တဝီဝီ စတင်လှည့်ပတ်သည်။ ဖြည်းဖြည်းချင်း မီးပြင်းဖိုမှ ကြယ်အလင်းထွက်ပေါ်လာကာ ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားသို့ ကျရောက်သည်။
၎င်း၏အရွယ်အစားမှာ မြန်ဆန်စွာ ကြုံ့လာပြီး ဝမ်လင်း၏ပထမဆုံးကြယ်နှင့် ဖြည်းနှေးစွာ ပေါင်းစပ်သည်။
ထာဆန်သည် သူ၏ကြယ်များအတွင်း၌ တတိယအဆင့်ကျင့်ကြံသူများကို ပေါင်းစပ်နိုင်သည်။ ဝမ်လင်းကမူ ရတနာများကို ပေါင်းစပ်၏။ ထိုနည်းလမ်းနှစ်ခုမှာ အခြေခံအားဖြင့် ကွာခြားသည်။ ထို့ကြောင့် သူတို့၏လမ်းကြောင်းမှာ မတူညီတာ သဘာဝပင်။
ဝမ်လင်း၏ခန္ဓာကိုယ်သည် တုန်ရီသွား၏။ သူ့ခန္ဓာကိုယ်ထဲရှိ ရှေးဟောင်းနတ်ဘုရားစွမ်းအားသည် အလျင်အမြန် တိုးပွားလာသည်။ သူ့ခန္ဓာကိုယ်မှ တစီစီအသံများ ပဲ့တင်ထပ်၏။ ယင်းအသံမှာ အချိန်အတော်အတန်ကြာပြီးမှ ပျောက်ကွယ်သွားသည်။ သူ့ဆံပင်များမှာ လေမတိုက်ပါဘဲ လွင့်ဝဲလျက်၊ သူ့ခန္ဓာကိုယ်မှာလည်း သာ၍ သန်မာလာချေပြီ။
“ဒါက ငါ့သွေးဓား ဒါမှမဟုတ် ချိပ်ပိတ်ခြင်းနယ်မြေအစီအရင်ရဲ့ ကောင်းကင်ဘုံပိုင်းဖြတ်ခြင်းပုဆိန်တို့ကို မယှဉ်နိုင်ပေမယ့်လည်း ထူစီရဲ့ နတ်ဘုရားသတ်ဖြတ်ခြင်းလှံရဲ့ အစွမ်းနဲ့တော့ နင်လားငါလားပဲ။ ငါသာ ဒါကို လုံးဝ သန့်စင်နိုင်ခဲ့ရင် ဒီမီးပြင်းဖိုရဲ့ အစွမ်းဟာ အတိုင်းမသိ ဖြစ်လာလိမ့်မယ်။ ပိုပြီးအရေးကြီးတာက ဒီရတနာဟာ သန့်စင်မွန်းမံခြင်းအတွက် အထူးတလည် ဖြစ်နေတာပဲ…”
ဝမ်လင်း၏မျက်လုံးထဲရှိ ပျော်ရွှင်မှုကား သာ၍ပင် သန်မာလာ၏။ သူသည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်း၍ လေးခုမြောက်ရတနာကို ထုတ်ယူလိုက်ပြန်သည်။ ၎င်းမှာ အစစ်အမှန်နှင့်အတုကြား အဆက်မပြတ် ပြောင်းလဲနေသော မြူလှံတည်း။
ထိုလှံပေါ်လာသည်နှင့် မိစ္ဆာစွမ်းအင်သည် ဤလှိုဏ်ဂူအတွင်း ပြည့်နှက်လာ၏။ ငြီးတွားသံများပါ ၎င်းလှံထံမှ ထွက်ပေါ်လာပြီး သာ၍ကြမ်းကြုတ်ဟန် ပေါ်သည်။
“ရှေးဟောင်းမိစ္ဆာရတနာ… ကံမကောင်းစွာနဲ့ ငါ့မှာ ရှေးဟောင်းမိစ္ဆာကိုယ်ပွား ရှိမနေတာ။ ငါ့မှာသာ ရှိခဲ့ရင် ငါ ဒီရတနာရဲ့စွမ်းအားအပြည့်အဝကို ထုတ်ဖော်နိုင်မှာ…”
“ရှေးဟောင်းမိစ္ဆာကိုယ်ပွား….။ ငါသာ ရှေးအမိန့်ကလန်သုံးကို သမူဟဖြစ်စွာ ပေါင်းစပ်နိုင်ခဲ့ရင်လို့ တွေးထားခဲ့ဖူးတယ်။ ဒါဆိုရင် ငါဟာ အတိတ်တုန်းက ရှေးအမိန့်စွမ်းအားထံ တက်လှမ်းနိုင်လောက်တယ်…” ဝမ်လင်းသည် မိစ္ဆာလှံကို စိုက်ကြည့်ကာ စဉ်းစားနေ၏။
“ငါဟာ ငါ့ရဲ့ခန္ဓာကိုယ်ကို ရှေးဟောင်းနတ်ဘုရားတစ်ပါးအဖြစ် ကျင့်ကြံခဲ့တယ်။ ရှေးဟောင်းမိစ္ဆာကိုယ်ပွားဟာ ဆယ့်သုံးရဲ့ကလန်က လူများစွာဟာ ငါ့ကို ပူဇော်သမှုပြုလို့ ဖြစ်ပေါ်လာတဲ့စွမ်းအားရယ်၊ စိတ်ဝိညာဉ်အစိတ်အပိုင်းရယ်ကနေ ဖြစ်ပေါ်လာခဲ့ပြီးပြီး။ ဒီရှေးဟောင်းနတ်ဆိုးစိတ်ဝိညာဉ်အစိတ်အပိုင်းက သူ့ကိုယ်သူ ငါပဲလို့ ထင်နေတဲ့အတွက်ကြောင့် ၎င်းကို ငါ့ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာအောင် ဘာမှ အားစိုက်ထုတ်စရာ မလိုတော့ဘူး။ ရှေးဟောင်းမိစ္ဆာအတွက်တော့ ငါ့ဘာသာ ကိုယ်ပွားတစ်ခု ဖန်တီးအုံးမယ်။ တကယ်တော့ ငါသာ ရှေးဟောင်းမိစ္ဆာတစ်ယောက်ကို ဖမ်းနိုင်ခဲ့ရင် ပိုကောင်းမှာ…” ဝမ်လင်းသည် သူ့ညာလက်ကို ဆန့်ထုတ်ကာ လေဟာနယ်အတွင်းသို့ လှမ်း၏။ လောဘကြီး၏ မိစ္ဆာစိတ်ဝိညာဉ်ပုလင်းမှာ သူ့ရှေ့တွင် ပေါ်လာလေသည်။
မိစ္ဆာစိတ်ဝိညာဉ်ပုလင်း ပေါ်လာသည်နှင့် လှိုဏ်ဂူထဲရှိ မိစ္ဆာစွမ်းအင်သည် များစွာ တိုးပွားလာသည်။ မရေမတွက်နိုင်သော မိစ္ဆာအရိပ်များပါ ပေါ်လာသည်။ မိစ္ဆာစွမ်းအင်သည် ဂြိုဟ်တစ်ခုလုံးကို ခြုံလွှမ်းလေ၏။
အဝေးမှ ကြည့်ပါက ကင်းမြှီးကောက်နက်ကလန်သည် မိစ္ဆာမြူလွှာတစ်ခု၏ လွှမ်းခြုံထားခြင်းကို ခံရသည့်အလား။ တုန်လှုပ်ဖွယ်ရာ ကောင်းလှချေ၏။
“ငါဟာ မိစ္ဆာခန္ဓာကိုယ်တစ်ခုကို မဖွဲ့စည်းနိုင်ဘူး။ ဒါပေမဲ့ မိစ္ဆာစိတ်ဝိညာဉ်တစ်ခုကိုတော့ ငါ ဖန်တီးနိုင်တယ်။ ဒီစိတ်ဝိညာဉ်ကို ရှေးဟောင်းမိစ္ဆာရတနာတွေအပေါ် ထိန်းချုပ်ဖို့အသုံးချရင် သူတို့ရဲ့စွမ်းအားဟာ အများကြီး တိုးလာမှာ။ အခွင့်အရေးတစ်ခုခုသာ ရခဲ့ရင် ငါဟာ ရှေးဟောင်းမိစ္ဆာခန္ဓာကိုယ်တစ်ခုကို ပိုင်စိုးပြီး ငါ့တတိယမြောက်ကိုယ်ပွား ဖြစ်လာအောင် လုပ်ရမယ်…”
“ဒါပေမဲ့လည်း အောင်မြင်နိုင်တဲ့ နှုန်းဟာ ဘယ်လောက်လဲ…” ဝမ်လင်းသည် မိစ္ဆာစိတ်ဝိညာဉ်ပုလင်းကို စိုက်ကြည့်၏။ သူ့မျက်လုံးထဲတွင် ချီတုံချတုံဖြစ်မှု ဖြစ်ပေါ်သည်။
***