အခန်း ၉၇
Vol. 10 Ch. 97
အခန်း ၉၇ ကြက်သီးမွေးညင်းထဖွယ် ကောင်းလှသော ပုံပြင်
'ဘာကို စဉ်းစားမိသွားတာလဲ...'
ရွှီရှန်းက အမှုတစ်ခုကို သတိရသွားခဲ့လေသည်။ မကြာသေးမီကမှ ဖော်ထုတ်နိုင်ခဲ့ပြီး ဤအမှုကြောင့် သူ ဒုတိယအဆင့် ဂုဏ်ပြုဆု ရရှိခဲ့သော အမှုကြီး တစ်ခုပင် ဖြစ်ချေသည်။
'ဘယ်လို အမှုမျိုးလဲ...'
ရွှီရှန်းက ရင်ထဲမှ ထောင်းခနဲ ထွက်ပေါ်လာသော ဒေါသများကို ဖိနှိပ်လိုက်ပြီး မျက်နှာထား အေးစက်စက်ဖြင့် လီရှန်းကို ကြည့်လိုက်လေသည်။
"တပ်ခွဲမှူးလီ... လင်ဟိုင်မြို့ က အမှုကို ခင်ဗျား မှတ်မိသေးလား..."
'လင်ဟိုင်မြို့ က အမှု ဟုတ်လား...'
လင်ဟိုင်မြို့ ဆိုသည်မှာ ဝမ်ချောင်၏ မွေးရပ်မြေ ဖြစ်ပြီး ရွှီရှန်း ကုန်ပစ္စည်း သွားရောက် ဝယ်ယူခဲ့သော နေရာပင် ဖြစ်ပေသည်။ ဤလ အစောပိုင်းက ရွှီရှန်း ထိုနေရာသို့ တစ်ခေါက် ရောက်ရှိခဲ့ပြီးနောက် ဝမ်ချောင်၏ တတိယ ဘိုးဘိုးကြီး၏ သင်္ချိုင်း တူးဖော်ခံရကာ ထိုအထဲတွင် အိပ်ပျော်နေသော အလှပန်းလေး တစ်ဦး လဲလျောင်းနေသည်ကို တွေ့ရှိခဲ့ရလေသည်။
ဤအမှုမှာ အိပ်ပျော်နေသော အလှပန်းလေး အမှုပင် ဖြစ်ချေသည်။ လူသတ်သမားမှာမူ တောရိုင်းလူရိုင်း တစ်ဦးနှင့် တူသော ဘီလူးသတ္တဝါ တစ်ကောင် ဖြစ်ပေသည်။
အကယ်၍ မျက်စိရှေ့ရှိ ဤအမှုက လင်ဟိုင်မြို့ မှ အမှုနှင့် ဆက်စပ်နေမည် ဆိုပါက ဤအရာကို အဓိပ္ပာယ် ဖွင့်ဆိုရမည့် ရှုထောင့်မှာ လုံးဝ ပြောင်းလဲသွားမည် ဖြစ်လေသည်။
ထိုခဏ၌ လီရှန်း တစ်ကိုယ်လုံး လျှပ်စစ်စီးကြောင်း ဖြတ်သန်းသွားသည့်အလား ကြက်သီးမွေးညင်းများ ထသွားပြီး အေးစက်သော လေလှိုင်းတစ်ခုက တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားခဲ့ချေသည်။ သူ၏ သူငယ်အိမ်များက အပ်ဖျားလေး တစ်ခုစာမျှ ပြင်းထန်စွာ ကျုံ့ဝင်သွားခဲ့ပေသည်။
"ဒီအမှုက လင်ဟိုင်မြို့ က အမှုနဲ့ ဆက်စပ်နေတယ် ဆိုတာ မင်း သေချာရဲ့လား..."
"ရာခိုင်နှုန်း ပြည့်တော့ မသေချာဘူး... ဒါပေမဲ့..."
ရွှီရှန်းက တည်ငြိမ်သွားပြီး လင်ဟိုင်မြို့ မှုခင်း အချက်အလက်များကို ပြန်လည် တွေးတောလိုက်လေသည်။
"အနည်းဆုံးတော့ အချိန်တွေက ကွက်တိ ကိုက်ညီနေတယ်..."
"လင်ဟိုင်မြို့ အမှုမှာ ငါတို့ ရှာတွေ့ခဲ့တဲ့ သဲလွန်စ တွေထဲက တစ်ခုက... လူသတ်သမား ဟာ အမှုမဖြစ်ခင် ၁ ပတ်လောက် အလိုမှာ လင်ဟိုင်မြို့ ကို ရောက်လာပြီး လူသတ်မှု ကျူးလွန်ခဲ့တာပဲ... သူ ဘယ်လို ရောက်လာလဲ ဆိုတာကိုတော့ ငါတို့ မသိခဲ့ရဘူး..."
"တပ်ခွဲမှူးလီ... ၇ ရက် ဆိုတဲ့ ဒီအချိန်ကာလက... ဒီအမှုမှာ ဘာကို ဆိုလိုနေတယ်လို့ ခင်ဗျား ထင်လဲ..."
'ဘာကို ဆိုလိုနေတာလဲ...'
လီရှန်းကို ထားလိုက်ပါတော့။ ဤအခြေအနေ အထိ ပြောပြပြီးချိန်တွင် ဘေးဘက်ရှိ ဟန်ယန် ပင်လျှင် ချက်ချင်း ရိပ်မိသွားပြီး အလောတကြီး စကားဆိုလိုက်ချေသည်။
"ဆွန်းချန် ရဲ့ မှတ်တမ်းရုပ်ရှင် ထုတ်လွှင့် ကြေညာခဲ့တဲ့ အချိန်ပဲ..."
"တခြားတစ်နည်းနဲ့ ပြောရရင်... တစ်ဖက်လူက သူ့ရဲ့ လမ်းကြောင်းကို ဖော်ပြလိုက်မိပြီး လူသတ်သမားကို ဆွဲဆောင်လိုက်မိတဲ့ အချိန်ကာလ ပေါ့..."
ပျော်ရွှင်ဖွယ်ရာ ဆပ်ကပ်အဖွဲ့ အမှု မဖြစ်ပွားမီ ရက်ပေါင်း ၃၀ အလိုတွင် ဆွန်းချန် ၏ သတင်း ပေါက်ကြားသွားပြီး လူသတ်သမားများ စတင် ထွက်ခွာလာခဲ့ကြလေသည်။ အမှု မဖြစ်ပွားမီ ၁၅ ရက် အလိုမှာ လင်ဟိုင်မြို့ တွင် လူသတ်သမား ထွက်ပေါ်လာသော အချိန် ဖြစ်ပြီး အမှု မဖြစ်ပွားမီ ၁၀ ရက် အလိုတွင်မူ ပထမဆုံး လူကို သတ်ဖြတ်ခဲ့ကာ တစ်ချိန်တည်းမှာပင် ကျောက်ကွမ်း လည်း သေဆုံးသွားခဲ့ရခြင်း ဖြစ်ပေသည်။
လင်ဟိုင်မြို့ မှ လူသတ်သမား ဒေသခံများ၏ မျက်စိရှေ့တွင် ထွက်ပေါ်လာသော အချိန်မှာ ဤအမှု၏ တွက်ချက်ထားသော အချိန်ကာလ ဖြစ်သည့် ၁ လ အတွင်း ပင် ဖြစ်ချေသည်။
"အမှုမဖြစ်ခင် ၁ လ အလိုမှာ ဆွန်းချန် ရဲ့ သတင်း ပေါက်ကြားသွားတယ်... လူသတ်သမား တွေက လိုက်လံ သတ်ဖြတ်ဖို့ ထွက်လာခဲ့ကြတယ်... သူတို့က ဝမ်ချောင် မြင်တွေ့ခဲ့ရတဲ့ မီနီဘတ်စ်ကား ကို မောင်းနှင်ပြီး အဝေးပြေး လမ်းမကြီး ပေါ်ကနေ လက်စားချေဖို့ ရောက်လာခဲ့ကြတာပဲ..."
"၁၅ ရက်ကြာ ခရီးနှင်ပြီး ပြည်နယ်ပေါင်း များစွာကို ဖြတ်ကျော်လာခဲ့တယ်... ဒီအချိန်ကာလ က လင်ဟိုင်မြို့ လူသတ်သမား ပေါ်လာတဲ့ အချိန်နဲ့ ကွက်တိ သွားကျနေတယ်..."
ရွှီရှန်းက အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး မျောက်ကို ချည်နှောင်ရာတွင် အသုံးပြုသော သံကြိုးကို ကြည့်ရင်း သူ၏ လေသံမှာ ပိုမို အေးစက်လာခဲ့လေသည်။
"ဒီအချက်တွေ ကြားမှာ ဆက်စပ်မှု ရှိနေတယ်လို့ မင်းတို့ မထင်ဘူးလား..."
'ဆက်စပ်မှု ရှိသလား...'
သေချာပေါက် ရှိနေမည်သာ ဖြစ်ချေသည်။ ဤ ဆက်စပ်မှုမှာ အလွန် ကြီးမားလွန်းလှပြီး အချိန်ကာလ နှင့် ယုတ္တိဗေဒ အရပါ အသေးစိတ် တွက်ချက်မှုများကို လုံးဝ ခံနိုင်ရည် ရှိပေသည်။ အရေးအကြီးဆုံး အချက်မှာ အောက်ပါအတိုင်း ဖြစ်လေသည်။
ရွှီရှန်း တွေးတောမိသော ဤအမှုမှ သေဆုံးသူ ၆ ဦး၏ ကိုယ်ရေးအချက်အလက် ဆက်စပ်မှုများကို ချိတ်ဆက်ပေးနိုင်မည့် အကြောင်းရင်းနှင့် အလွန် ကိုက်ညီနေခြင်းပင် ဖြစ်ချေသည်။
"ဒါဆိုရင် အဓိပ္ပာယ် က..."
လီရှန်း၏ မျက်နှာထားမှာ အနည်းငယ် ပျက်ယွင်းနေပေသည်။
"တစ်ဖက်လူတွေ ကျန်ဆန်းမြို့ ကို လာတဲ့ အချိန်မှာ လင်ဟိုင်မြို့ ကို ဖြတ်သန်းသွားခဲ့တယ်... အဲဒီနောက် လင်ဟိုင်မြို့ အမှုက လူသတ်သမား ကို အဲဒီမှာ ကျန်ရစ်ခဲ့တာပဲ..."
"အချိန် အရမ်း ကပ်နေလို့ရယ်... အနှစ် ၂၀ စာ အမုန်းတရား တွေကြောင့်ရယ်... သူတို့က ကျန်ခဲ့တဲ့ လူကို လိုက်မရှာနိုင်တော့ဘဲ ကျန်ဆန်းမြို့ အထိ ဆက်ပြီး လိုက်ရှာခဲ့ကြတယ်..."
"လင်ဟိုင်မြို့ မှာတော့... ကျန်ရစ်ခဲ့တဲ့ အဲဒီလူက သူ့ကို စောင့်ရှောက်ပေးမယ့် အထိန်းအကွပ် မရှိတော့လို့... ရာဇဝတ်မှု ကျူးလွန်ပြီး လူသတ်သမား ဖြစ်သွားခဲ့တာပဲ..."
ထိုစကားများကို ပြောဆိုပြီးနောက် လီရှန်းက ရွှီရှန်းကို ကြည့်လိုက်ရာ သူ၏ လည်ချောင်းများ အနည်းငယ် ခြောက်သွေ့နေကြောင်း ခံစားလိုက်ရလေသည်။
'အကယ်၍ ဒီလိုမျိုးသာ ဆိုရင်... ဒီအမှုရဲ့ သဘောသဘာဝ နဲ့ ပတ်သက် ဆက်နွှယ်နေတဲ့ အရာတွေက... လူကုန်ကူးတဲ့ သူတွေ လုပ်နိုင်တဲ့ အတိုင်းအတာနဲ့ လုံးဝကို နှိုင်းယှဉ်လို့ ရမှာ မဟုတ်တော့ဘူး...'
"ဒီလူတွေက သေရမယ့် အန္တရာယ်ကို ရင်ဆိုင်ရရင်တောင် ရဲကို ဘာလို့ သွားမရှာရဲကြသလဲ ဆိုတာကို ငါ သဘောပေါက်သွားပြီ..."
လီရှန်းမှာ ဆွံ့အ တိတ်ဆိတ်သွားခဲ့ချေသည်။ ယခင်က သူတို့ အနေဖြင့် ဤအချက်ကို အလွန် သိချင်နေခဲ့ကြခြင်း ဖြစ်ပေသည်။
လူကုန်ကူးသူများ ပင်လျှင် မိမိတို့၏ လျှို့ဝှက်ချက်များ ပေါက်ကြားသွားချိန်၌ ရဲတပ်ဖွဲ့မှာ သူတို့၏ ပထမဆုံး ရွေးချယ်စရာ အမြဲတမ်း ဖြစ်နေတတ်လေသည်။
အဘယ်ကြောင့်ဆိုသော် အပြစ်ပေး ဒဏ်ခတ်မှုမှာ ပေါ့ပါးသောကြောင့် ဖြစ်ပြီး ယေဘုယျအားဖြင့် ထောင်ဒဏ် ၁၀ နှစ်ပင် မပြည့်ဘဲ ထွက်လာနိုင်ကာ ပုံမှန်အားဖြင့် ၅ နှစ်ဝန်းကျင်ခန့်သာ ကြာမြင့်လေ့ ရှိသောကြောင့် ဖြစ်ချေသည်။ ဤအပြစ်ပေးမှုမှာ အလွန် ပေါ့ပါးလွန်းသဖြင့် သေဒဏ် သတ်မှတ်သင့်ကြောင်း မကျေမနပ် ပြောဆိုသူများ အမြဲတမ်း ရှိနေခဲ့ပေသည်။
အမှန်တကယ်တော့ ပြစ်မှုဆိုင်ရာ ဥပဒေကို ရည်ရွယ်ချက်ရှိရှိ ပေါ့ပါးအောင် ပြုလုပ်ထားခြင်း ဖြစ်ရန် ရာခိုင်နှုန်း အလွန် များပြားလှလေသည်။
ဥပမာအားဖြင့် ဆိုရလျှင်။
ရဲတပ်ဖွဲ့ဝင် အမြောက်အမြားက လူကုန်ကူးသူ တစ်စုကို ဝိုင်းရံထားချိန်တွင် အကယ်၍ ပြစ်မှုဆိုင်ရာ ဥပဒေက ပေါ့ပါးပြီး ဖမ်းဆီးခံရပါက ၅ နှစ်ခန့်သာ ကျခံရမည် ဆိုပါက ထိုသူ အနေဖြင့် ရဲတပ်ဖွဲ့ကို ခုခံမည်လား သို့မဟုတ် အေးအေးဆေးဆေးပင် အဖမ်းခံမည်လား ဆိုသည်မှာ စဉ်းစားစရာပင် ဖြစ်ချေသည်။ အများအားဖြင့် လက်နက်ချ အရှုံးပေးကြမည် ဖြစ်လေသည်။ ခုခံခြင်းက ပြစ်ဒဏ်ကို ပိုမို ကြီးလေးသွားစေမည် ဖြစ်ပြီး လက်နက်ချပါက ၅ နှစ်ပင် မပြည့်နိုင်သောကြောင့် ဖြစ်ပေသည်။
သို့သော် အကယ်၍ လက်နက်ချလျှင် သေချာပေါက် သေရမည်ကို သိရှိထားပါက သူတို့၏ အနီးတွင် ရှိနေသော လူကုန်ကူးခံထားရသည့် ကလေးငယ်မှာ သူတို့အတွက် အကောင်းဆုံးသော ဓားစာခံ ဖြစ်သွားမည်သာ ဖြစ်ချေသည်။
အကျပ်ရိုက်သွားသော ခွေးက နံရံကို ခုန်တက်မည် ဖြစ်ပြီး ငါးသေသွားပါက ပိုက်ကွန်လည်း စုတ်ပြဲသွားမည်သာ ဖြစ်လေသည်။ ပြစ်ဒဏ် ပေါ့ပါးမှုကြောင့် လူကုန်ကူးသူများ အမြဲတမ်း ရှိနေသော်လည်း ပြစ်ဒဏ် ကြီးလေးပြီး ကလေးငယ်များ သေဆုံးသွားရခြင်းထက်မူ များစွာ ပိုမို ကောင်းမွန်လှပေသည်။
မည်သို့ပင်ဆိုစေကာမူ လူကုန်ကူးခံရသူ၏ အသက်ကို ကယ်တင်နိုင်ခြင်းကသာ အရေးအကြီးဆုံး အချက် ဖြစ်လေသည်။ သေချာပေါက် တရားရုံးက ပေါ့ပေါ့ပါးပါး စီရင်ချက်ချမည် ဖြစ်သော်လည်း ထောင်ထဲတွင် အခြား ပြစ်မှုများဖြင့် ဖမ်းဆီးခံရသူများက ဤလူများအပေါ် အလွတ်ပေးထားမည် မဟုတ်ချေ။
"ဒါဆို သူတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုက ဘာကြီးလဲ..."
"ထောင်ဒဏ် ၅ နှစ် ၆ နှစ်ကနေ... သေချာပေါက် သေရမယ် လို့ တိုက်ရိုက် သိနေရလောက်အောင်... ဒါက ဘယ်လို ပြစ်မှုကြီးလဲ..."
ဝမ်ချောင်က ခေါင်းကုတ်လိုက်လေသည်။ မျောက်ကစားပြခြင်း တစ်ခုတည်းမှ အရာများစွာကို မည်သို့ တွေးတော သိရှိနိုင်သနည်း ဆိုသည်ကို သူ သိပ်ပြီး နားမလည်နိုင်သေးပေ။
ရွှီရှန်းမှာ တိတ်ဆိတ်သွားခဲ့ပြီး လီရှန်းကို တစ်ချက် ကြည့်လိုက်ချေသည်။ လီရှန်းက သက်ပြင်းချလိုက်ပြီး မည်သည့် ရှင်းပြချက်မျှ မပေးတော့ဘဲ ဟန်ယန်ကို ခေါ်ဆောင်ကာ အမှုကို စုံစမ်းစစ်ဆေးရန် တိုက်ရိုက် ထွက်ခွာသွားခဲ့လေသည်။
ဤအရာမှာ လတ်ဆတ်သစ်လွင်သော... လျင်မြန်ပြီး အလွန် ထိရောက်သည့် အမှုစစ်ဆေးရေး နည်းလမ်းတစ်ခုပင် ဖြစ်ပေသည်။ အရေးအကြီးဆုံး အချက်မှာ မျက်စိရှေ့ရှိ ဤအမှုသည် နောက်ကွယ်တွင် ဖုံးကွယ်နေသော ရေခဲတောင်ကြီး၏ ထိပ်ဖျားလေး တစ်ခုမျှသာ ဖြစ်နိုင်ချေ ရှိလေသည်။ အမှောင်ထု အောက်တွင် ရှိနေသော စားဖိုမှူး အမှုပင်လျှင် ဤအမှု၏ အရှေ့တွင် သေးငယ်သော အမှုလေး တစ်ခု အဖြစ်သာ သတ်မှတ်၍ ရနိုင်တော့မည်ဟု လီရှန်း ခံစားလိုက်ရပေသည်။
"ပြီးတော့ ခွေးတွေလေ... သူတို့က ချန်ဟိုင် ရဲ့ ကလေးတွေကိုတော့ ရက်ရက်စက်စက် သတ်ပစ်ခဲ့ကြပြီး... ဘာဖြစ်လို့ ခွေးတွေကိုကျတော့ မသတ်ခဲ့ရတာလဲ..."
ဝမ်ချောင်က လီရှန်း၏ လှုပ်ရှားမှုများကို သတိမပြုမိဘဲ ဆက်လက် မေးမြန်းနေပြီး သူ၏ မျက်နှာပေါ်တွင် နားမလည်နိုင်သည့် အမူအရာများ ပြည့်နှက်နေချေသည်။ လတ်တလောတွင် သူ အဘယ်ကြောင့် လူကုန်ကူး ခံလိုက်ရသနည်း ဆိုသည်ကိုသာ သူ နားလည်ထားလေသည်။
"ဝမ်ချောင်... မင်းလည်း ကြားခဲ့မှာပါ... ဆွန်းချန် က လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက ကျန်းကျား ရွာကို ရောက်လာခဲ့ပြီး ဆရာတင် သင်ယူတာမျိုး မလုပ်ဘဲ မျောက်ကစားပြ ပြီး ငွေရှာခဲ့တယ် လေ..."
"တခြားတစ်နည်းနဲ့ ပြောရရင်... လွန်ခဲ့တဲ့ အနှစ် ၂၀ ကတည်းက ဆွန်းချန် က မျောက်ကစားပြ တတ်နေပြီ ဆိုတဲ့ သဘောပဲ..."
ရွှီရှန်းက သက်ပြင်းချလိုက်ပြီး အခန်းထဲမှ ထွက်လာကာ ဘေးဘက်ရှိ တဲအောက်တွင် ဝင်ထိုင်လိုက်လေသည်။ ထို့နောက် သူက ဝမ်ချောင် နှင့် ဘေးဘက်ရှိ ကျန်းမို တို့ကို ကြည့်ကာ ဖြည်းညင်းစွာ ပြောဆိုလာလေသည်။
"ဝမ်ချောင်... ခေတ်ဟောင်း တုန်းက လမ်းဘေးမှာ ဖျော်ဖြေ တင်ဆက်တဲ့ အနုပညာ တစ်မျိုး ရှိတယ် ဆိုတာကို မင်း ကြားဖူးလား..."
"မျောက်ကစားပြ တာနဲ့ အတော်လေး ဆင်တူတယ်... ဒါပေမဲ့ သူတို့ ကစားပြတဲ့ တိရစ္ဆာန် နာမည်က ခွေး လို့ ခေါ်တယ်..."
'ခွေးကစားပြ တယ်... ဒီလို ဖျော်ဖြေ တင်ဆက်မှုမျိုး ရှိသေးတာလား...'
"အဲဒါက ဘာလဲ..."
ဝမ်ချောင်က စိတ်ဝင်စားသွားပြီး မေးလိုက်လေသည်။
"ရဲအရာရှိ ကျန်း... မင်းရော ကြားဖူးလား..."
ရွှီရှန်းက ကျန်းမို ကို လှမ်းကြည့်လိုက်ချေသည်။ ကျန်းမို မှာ တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် ခေါင်းခါယမ်းလိုက်ပေသည်။
"ဒါမျိုးတော့ ကျွန်တော် မကြားဖူးဘူး..."
"ဒါလည်း ဟုတ်ပါတယ်... လင်ဟိုင်မြို့ မှာ တုန်းက... သူတောင်းစား ဂိုဏ်း တွေ အကြောင်း မင်း ဘယ်လောက် သိလဲ လို့ ငါ မေးခဲ့ဖူးတယ်... ပြီးတော့ တပ်ခွဲမှူးလီ ကို မေးကြည့်ဖို့ ငါ ပြောခဲ့သေးတယ်... အလုပ်တွေ အရမ်း များနေလို့ သူလည်း ပြောပြဖြစ်ပုံ မရဘူး..."
"ဒါဆိုရင် ဒီအခွင့်အရေး ကို အသုံးချပြီး ငါ ပြောပြမယ်..."
ရွှီရှန်းက သက်ပြင်းချလိုက်ပြီး မျက်စိရှေ့ရှိ လူနှစ်ဦး၏ မျက်လုံးများကို ကြည့်ရင်း ဖြည်းညင်းစွာ ပြောဆိုလာလေသည်။
"လွန်ခဲ့တဲ့ အနှစ် ၂၀၀ တုန်းက စူကျိုးမြို့ ရဲ့ ဟူချိုး တောင်ကုန်း မှာ အဆင့်အတန်း နိမ့်ကျတဲ့ လမ်းဘေး ဖျော်ဖြေရေးသမား တစ်ယောက် ရှိခဲ့တယ်... သူက သစ်သားသေတ္တာ နှစ်လုံးကို သယ်လာပြီး သေတ္တာထဲကနေ ခန္ဓာကိုယ် တစ်ခုလုံး အမည်းရောင် အမွေးတွေ ဖုံးလွှမ်းနေတဲ့ ပုံပန်းသဏ္ဍာန် ထူးဆန်းတဲ့ ခွေးမည်းကြီး နှစ်ကောင်ကို ထုတ်လွှတ်ပေးခဲ့တယ်..."
"ဒီခွေးမည်း နှစ်ကောင်က အရမ်းကို ဉာဏ်ရည် မြင့်မားတယ်... မျက်လှည့် ဂျွမ်းဘား တွေလည်း လုပ်ပြတတ်သလို လူစကား ကိုလည်း နားလည်တယ်... အထူးသဖြင့် သူတို့ဆီမှာ သီးသန့် အထူးစွမ်းရည် တစ်ခု ရှိနေတယ်..."
"အဲဒီ အထူးစွမ်းရည် ကတော့... လူတွေက ငွေကြေးတွေ ဆုချလိုက်တဲ့ အခါတိုင်း သူတို့က ကြည့်ရှုနေတဲ့ လူတွေရဲ့ ရှေ့ကို လေးဘက်ထောက် သွားပြီး မတ်တတ်ရပ်ကာ ရှေ့လက်ဖဝါး နှစ်ဖက်ကို စုကိုင်ပြီး ထူးဆန်းတဲ့ လေသံ နဲ့ ဆုတောင်းပေးတတ်တယ်..."
"ကျက်သရေ မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံပါစေ... အသက်ရာကျော် ရှည်ပါစေ... ကျက်သရေ မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံပါစေ... အသက်ရာကျော် ရှည်ပါစေ... ကျက်သရေ မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံပါစေ... အသက်ရာကျော် ရှည်ပါစေ..."
"မင်းတို့ အမြင်မှာ... ဒီခွေး နှစ်ကောင်က..."
"ဝိညာဉ်ပူးကပ်နေလို့ မျက်လှည့် ဂျွမ်းဘား တွေ လုပ်ပြတတ်ပြီး လူစကား ပြောနိုင်တာလား..."
"ဒါမှမဟုတ်ရင်..."
ရွှီရှန်းက မျက်စိရှေ့ရှိ လူနှစ်ဦးကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများ အတွင်း၌ ဒေါသမီးတောက် တစ်ခုကို ဖိနှိပ်ထားကြောင်း မြင်တွေ့ရပေသည်။ သူ၏ လေသံမှာ အေးစက်စက် ဖြစ်နေချေသည်။
"နောက်ကွယ်မှာ တခြား လျှို့ဝှက်ချက် တစ်ခုခုများ ရှိနေမလား…”