← Chapters

အခန်း (၁၁၈၇-၁၁၈၈)

Vol. 57 Ch. 1187-1188

အခန်း (၁၁၈၇-၁၁၈၈)

Vol. 57 Ch. 1187-1188

အခန်း(၁၁၈၇)

သဘောထားကွဲလွဲမှုအားလုံးကို ကျော်လွှားခြင်း

"ဥက္ကဋ္ဌ... ရွှေရောင်နဂါးအသင်းရဲ့ ပြုမူပုံကလည်း အမှားကြီးတော့ မဟုတ်ပါဘူး" ဟု မာပေါင်က ဆို၏။

ယွီလုံကလည်း "ဟုတ်တယ်... ဒါကြောင့် ဒီကိစ္စကို ငါတို့ နောက်ထပ် မစုံစမ်းကြတော့ဘူး။ ချင်ယွမ်ဖုန်း လုပ်ချင်တာ လုပ်ပါစေ... ငါတို့ဘက်က သူ့ကို သွားမဆွတာ အကောင်းဆုံးပဲ" ဟု ပြောလိုက်သည်။

"အင်း"

ရန်လုံအသင်း၏ အတွင်း၌မူ ချီရန်သည် ပြန်ရောက်သည်နှင့် ထိုနေ့က ဖြစ်ပျက်ခဲ့သမျှကို ဖခင်ဖြစ်သူ ချီရှောင်အား အကုန်ပြောပြလိုက်လေသည်။ ချီရှောင်၏ မျက်နှာသည် ချက်ချင်းပင် မီးဟုန်းဟုန်း တောက်လောင်နေသကဲ့သို့ နီရဲသွား၏။ အံကို ကြွက်ကြွက်ကြိတ်လျက် "ဒီရွှန်ယဲ့က ငါ့ကို တကယ်ပဲ အတိုက်အခံ လုပ်ချင်နေတာပေါ့လေ... ဟင်း... သူ့ရဲ့ ရွှေရောင်နဂါးအသင်းဆိုတာ ငါတို့ရဲ့ ကြီးမြတ်သော မသေမျိုးဂိုဏ်းကြီး လေးခုထဲမှာ နောက်ဆုံးအဆင့်မှာပဲ ရှိတာကို ပြဿနာရှာဖို့ ရဲနေတယ်ပေါ့... ယွီလုံ... မင်း ငါ့အစီအစဉ်ကို နောက်တစ်ကြိမ် ဖျက်ဆီးလိုက်ပြန်ပြီ... မင်း တကယ်တော်တာပဲ" ဟု ဆိုလေသည်။

ချီရန်က "ဖေဖေ... သူလုပ်တာက ငါတို့ ရန်လုံအသင်းကို စိန်ခေါ်နေတာလို့ ထင်တယ်။ ဒါ့အပြင် သူ့ရဲ့ သဘောထားကို ကြည့်ရတာ ချင်ယွမ်ဖုန်းကို စည်းရုံးလိုက်နိုင်သရွေ့ သူကိုယ်သူ အနိုင်မခံ အရှုံးမပေးနိုင် ဖြစ်သွားပြီလို့ ထင်နေပုံရတယ်... ယွီလုံနဲ့ မဟာမိတ်ဖွဲ့ထားတာကိုတောင် ဂရုမစိုက်တော့ဘူး" ဟု ပြော၏။

ချီရှောင်က မျက်မှောင်ကြုတ်လိုက်ပြီး "ကိစ္စတွေက မင်းထင်သလောက် မရိုးရှင်းဘူး... ဒီရွှန်ယဲ့ကလည်း ရိုးရှင်းတဲ့လူ မဟုတ်ဘူး" ဟု ဆိုသည်။

"သူ့မှာ ဘာထူးခြားလို့လဲ... သူက ခပ်အေးအေးပဲ နေတတ်သလိုနဲ့ တကယ်တော့ တော်တော်လေး အားနည်းတာပါ" ဟု ချီရန်က မထီမဲ့မြင် ပြောလိုက်၏။

ချီရှောင်က "ဒီလူက အစပိုင်းမှာ နှေးကွေးခဲ့တာ... သူ ပေါ်ထွက်လာတဲ့ အချိန်မှာ ပျံသန်းခြင်း ကောင်းကင်မြို့တော်က ပညာရှင် အများစုကို ငါတို့က စည်းရုံးပြီးသွားပြီ။ ဒါပေမဲ့ သူ့ကို အင်အားတည်ဆောက်ဖို့ ကူညီပေးမယ့် ပညာရှင်အချို့သာ ပေးလိုက်ရင် သူဟာ လျှော့တွက်လို့မရတဲ့ အင်အားတစ်ခု ဖြစ်လာလိမ့်မယ်။ အခု သူကိုယ်တိုင် ထွက်လာပြီး ချင်ယွမ်ဖုန်းကို စည်းရုံးလိုက်တော့ ချင်ယွမ်ဖုန်းက သူ့ကို အလွန် ကျေးဇူးတင်သွားမှာ ဖြစ်သလို သူ့ရဲ့ ရွှေရောင်နဂါးအသင်းအပေါ်မှာလည်း သစ္စာရှိသွားတော့မှာ။ တစ်ချိန်တည်းမှာပဲ ရွှန်ယဲ့က ယွီလုံကို 'မင်းက သတ္တိကြောင်တဲ့ကောင်... ငါ မင်းနဲ့ ပူးပေါင်းချင်စိတ် မရှိတော့ဘူး' လို့ သတိပေးလိုက်တာလည်း ဖြစ်တယ်" ဟု ရှင်းပြသည်။

"ဗျာ..." ချီရန်က "သူက အစိမ်းရောင်နဂါးအသင်းနဲ့ မဟာမိတ်ဖွဲ့ထားတာကို ဖြတ်တောက်ဖို့ ကြိုးစားနေတာလား" ဟု မေးလိုက်၏။

ချီရှောင်က လက်ကို ဝှေ့ယမ်းလိုက်ပြီး "အဲဒါတော့ လုံးဝ မဟုတ်သေးပါဘူး။ သူက ယွီလုံကို သတိပေးချင်ရုံနဲ့ စိတ်လှုပ်ရှားသွားအောင် လုပ်ချင်ရုံပဲ။ ဘာပဲဖြစ်ဖြစ် ငါတို့နှစ်ယောက်လုံး ယွီလုံရဲ့ အကျင့်ကို သိကြတာပဲ... သူက တွန့်ဆုတ်နေတတ်ပြီး အသံပဲ ကျယ်တာ။ ဆုံးဖြတ်ချက်တွေကို မြန်မြန်ဆန်ဆန် ချတတ်ပေမဲ့ တစ်ခုခုက သူ့ကို ခြိမ်းခြောက်လာရင် ပျာယာခတ်သွားတတ်တယ်။ သူက ရွှေရောင်နဂါးအသင်းနဲ့ ဆက်ဆံရေးကို အလွယ်တကူ ဖြတ်တောက်မှာ မဟုတ်ဘူး" ဟု ဆိုလေသည်။

ချီရန်သည် ထိုမျှအထိ အဓိပ္ပာယ်များစွာ ရှိနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

နောက်ဆုံးတွင် ချီရှောင်က လေးနက်သော အသံဖြင့် "ချင်ယွမ်ဖုန်း ပျံသန်းခြင်း ကောင်းကင်မြို့တော်ကို ရောက်လာကတည်းက သူက ငါ့အတွက် အကြီးမားဆုံး စိုးရိမ်စရာ ဖြစ်လာခဲ့တာ။ သူ သက်ရှိထင်ရှား ရှိနေသရွေ့ ငါ စိတ်အေးရမှာ မဟုတ်ဘူး... ငါ သူ့ကို သတ်ရမယ်" ဟု ပြောလိုက်၏။

အထူးဧည့်သည်တော်တံဆိပ်ပြားကို ရရှိပြီးနောက် ချင်ယွမ်ဖုန်းသည် ရွှေရောင်နဂါးအသင်းသို့ ရောက်ရှိလာခဲ့သည်။

ရောက်ရောက်ချင်းပင် အစေခံမလေးတစ်ဦးက သွားရောက်ကြိုဆိုခဲ့၏။ အတွင်းသို့ ဝင်ရောက်လိုက်သောအခါ ရွှေရောင်နဂါးအသင်းတွင် မျက်စိကျစရာ အဆောက်အအုံများ မရှိသလောက် နည်းပါးသဖြင့် ရိုးရှင်းသော သဘာဝရှိသည်ကို ချင်ယွမ်ဖုန်း သတိပြုမိလိုက်သည်။ သို့သော်လည်း အတွင်းသို့ ရောက်ရှိသွားသည့်အခါ အဆောက်အအုံများမှာ အလွန်စုံလင်သည်ကို တွေ့ရှိလိုက်ရ၏။ ကျင့်ကြံခြင်းအခန်း အများအပြား ရှိနေပြီး အဆင့်ပေါင်းများစွာတောင် ခွဲခြားထားသေးသည်။ ဆေးဖော်စပ်ခြင်းနှင့် လက်နက်သွန်းလုပ်ခြင်းအတွက် သီးသန့် ပြုလုပ်ထားသော ပြာသာဒ်ဆောင်များလည်း တစ်ခုပြီးတစ်ခု စီတန်းလျက် ရှိနေ၏။

သို့သော်လည်း ရွှေရောင်နဂါးအသင်း၏ အတွင်းပိုင်း၌မူ အထက်လူကြီးအချို့ကြားတွင် ပြင်းထန်သော အာဏာလုပွဲတစ်ခု ဖြစ်ပွားနေပေသည်။

ရွှန်ယဲ့သည် ရွှေရောင်နဂါးအသင်း၏ ဥက္ကဋ္ဌ တစ်ဦးဖြစ်သော်လည်း တစ်ဦးတည်း သဘောဖြင့် လုပ်ဆောင်လေ့ မရှိပေ။ ကိစ္စရပ်တိုင်းတွင် အကြီးအကဲများနှင့် တိုင်ပင်ဆွေးနွေးလေ့ ရှိသည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ သူ၏ လုပ်ဆောင်ချက်များသည် အကြီးအကဲများ၏ ထောက်ခံမှုကို မရရှိခဲ့ပေ။ ရွှန်ယဲ့က သူတို့ကို လေးနက်သော အသံဖြင့်သာ "ဒီဆုံးဖြတ်ချက်ဟာ ငါ့အမြင်မှာတော့ အမြှော်အမြင် အရှိဆုံး ဆုံးဖြတ်ချက်ပဲ။ ဒါကြောင့် အကြီးအကဲများကောင်စီက မဖြစ်နိုင်ဘူးလို့ ပြောရင်တောင်မှ ဒီနေ့ ငါ့သဘောနဲ့ငါ ဆုံးဖြတ်မှာဖြစ်ပြီး ချင်ယွမ်ဖုန်းကို ငါတို့ ရွှေရောင်နဂါးအသင်းထဲ စည်းရုံးခေါ်ယူတာနဲ့ သူ့ကို အထူးဧည့်သည်တော် ရာထူးပေးတဲ့ ကိစ္စကတော့ ပြီးပြတ်သွားပြီ" ဟု ပြောနိုင်ခဲ့၏။

သူ စကားပြောပြီးသည်နှင့် အကြီးအကဲတစ်ဦးက ချက်ချင်း မတ်တပ်ထရပ်လိုက်ပြီး "ဥက္ကဋ္ဌ... အစိမ်းရောင်နဂါးအသင်းအနေနဲ့ ပါရမီရှင်တွေကို လိုအပ်တယ်ဆိုတာ ငါတို့ သိပါတယ်။ ဒါပေမဲ့ ဒီဘက်ခေတ်မှာ ပါရမီရှင်တွေကို ရှာဖို့ဆိုတာ ဘယ်လောက်တောင် လွယ်လို့လဲ... ဒီချင်ယွမ်ဖုန်းဆိုတဲ့ကောင်က အစိမ်းရောင်နဂါးအသင်းကနေ အခုတင် နှင်ထုတ်ခံထားရတာ... သူ့ရဲ့ နာမည်ပျက်ကလည်း ဆိုးရွားနေပြီ။ အဲဒါကို ဥက္ကဋ္ဌက သူ့ကို အထူးဧည့်သည်တော်အဖြစ် ရွေးချယ်လိုက်တာ ဘာကို လိုချင်လို့လဲ... ဒါ့အပြင် ငါ အရင်က ဥက္ကဋ္ဌဆီ ပါရမီရှင်တစ်ယောက် ထောက်ခံပေးခဲ့ဖူးတယ် မဟုတ်လား... ဟူရှောင်ဆိုတဲ့ အဲဒီပါရမီရှင်က စစ်မှန်သော နတ်ဘုရား အဆင့်မြင့်အဆင့်ကို ရောက်နေပြီ..."

"သူ့ရဲ့ စွမ်းအားက ရွှေရောင်နဂါးအသင်းက နတ်ဘုရားတစ်ပါးနဲ့တောင် နှိုင်းယှဉ်လို့ ရနေပြီ။ ဒီချင်ယွမ်ဖုန်းက ဘာမို့လို့လဲ... သူက စစ်မှန်သော နတ်ဘုရားအဆင့်ပဲ ရှိသေးတာ။ အစောပိုင်းအဆင့် ရောက်ခါစ လူငယ်လေးတစ်ယောက်ပဲလေ"

"ချင်ယွမ်ဖုန်းကို စည်းရုံးခေါ်ယူတာကို ငါလည်း မသဘောတူဘူး"

နောက်ထပ် အကြီးအကဲတစ်ဦးကလည်း ဆက်လက်၍ "ချင်ယွမ်ဖုန်းရဲ့ ကျင့်ကြံခြင်းအဆင့်က စစ်မှန်သော နတ်ဘုရား အစောပိုင်းအဆင့်ပဲ ရှိသေးတာ။ ငါ အရင်က ပြောခဲ့တဲ့ အဲဒီပါရမီရှင် ရွှယ်ထျန်းက အခု ရွှေရောင်နဂါးအသင်း ရောက်ဖို့ ရည်မှန်းထားတာ... သူက ချင်ယွမ်ဖုန်းထက် အဆပေါင်း ရာနဲ့ချီ မသာလွန်ပေဘူးလား... ငါတို့သာ သူ့ကို ရအောင် စည်းရုံးနိုင်ရင် သူ့ကို ရမှာ သေချာတယ်" ဟု ဆို၏။

သူ့ကို ငြင်းခုံနေသည့် အသံနှစ်သံကို ကြားလိုက်ရသဖြင့် ရွှန်ယဲ့သည် ကုလားထိုင်ပေါ်သို့ အနည်းငယ် မှီနွဲ့လိုက်သည်။ သူတို့ ပြောဆိုပြီးသွားသောအခါ ရွှန်ယဲ့က "အားလုံးပဲ တိတ်တိတ်နေကြပါ... မင်းတို့ ပါရမီရှင်တွေကို ထောက်ခံပေးခဲ့တာကို ငါ သိပါတယ်။ ဒါပေမဲ့ ငါလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပြီးပါပြီ... ရလဒ်တွေအရ ဟူရှောင်က စစ်မှန်သော နတ်ဘုရား အဆင့်မြင့်အဆင့်ကို ရောက်ရှိခဲ့ပေမဲ့ သူ့ရဲ့ နယ်ပယ်တိုးတက်မှုကလည်း ဒီအဆင့်မှာတင် ရပ်တန့်သွားခဲ့တာပါ။ သူ့ရဲ့ နောက်ဆက်တွဲ ကျင့်ကြံခြင်းက အလွန်အမင်း နှေးကွေးသွားခဲ့ပြီ... နှစ်ပေါင်း နှစ်ဆယ်ကျော်တိုင်အောင် အဆင့်တက်လှမ်းနိုင်ခြင်း မရှိခဲ့ဘူး။ အတားအဆီးတစ်ခုနဲ့ တွေ့ကြုံရချိန်မှာတောင်မှ ဒါဟာ ဒီလောက်အထိ မနှေးကွေးသင့်ပါဘူး... ဒါကြောင့် ငါ့ရဲ့ တွက်ချက်မှုအရတော့ သူ့ရဲ့ တိုးတက်မှုဟာ ဒီအဆင့်မှာတင် ကုန်ဆုံးသွားခဲ့ပြီ"

"ရွှယ်ထျန်းက လျှင်မြန်စွာ တိုးတက်နေပေမဲ့ သူ့ရဲ့ အခြေခံက မခိုင်မာဘူး... သူက အဆင့်တက်လှမ်းဖို့အတွက် အမြဲတမ်း လောကြီးနေခဲ့တာ။ သူ အဆင့်တက်လှမ်းနိုင်ခဲ့ပေမဲ့ သူ့ရဲ့ စွမ်းအားက အမီမလိုက်နိုင်ခဲ့ဘူး... အဲဒီလို ကျင့်ကြံခြင်းမျိုးနဲ့ဆိုရင် နောင်တစ်ချိန်မှာ အကန့်အသတ်တွေ ဖြစ်လာရလိမ့်မယ်" ဟု ပြောလိုက်၏။

စကားပြောလိုက်သည့် အကြီးအကဲသည် မဲ့ပြုံးပြုံးလိုက်ပြီး "အဲဒီ ချင်ယွမ်ဖုန်းကရော တကယ်ပဲ အဲဒီလောက် တော်လို့လား... သူ့ရဲ့ စွမ်းအားက မြောင်ယီကို ယှဉ်နိုင်ရုံမျှနဲ့ သူက စစ်မှန်သော နတ်ဘုရားအဆင့်ပဲ ရှိသေးတာပါ။ အစောပိုင်းအဆင့်ပဲ ရှိသေးတာကို နောက်တစ်ချိန်မှာ ဘာတွေ ဖြစ်လာမလဲဆိုတာ ဘယ်သူ ပြောနိုင်မှာလဲ... ဒီအတိုင်းပဲ ရပ်တန့်သွားတာလည်း ဖြစ်တန်ရာ၏။ ဒါ့အပြင် သူ့ရဲ့ စရိုက်ကလည်း မေးခွန်းထုတ်စရာပဲ... သူက အမျိုးသမီးတစ်ယောက် ကြောင့် အစိမ်းရောင်နဂါးအသင်းထဲ ဝင်ခဲ့တာလို့ ငါ ကြားထားတယ်... အဲဒါကြောင့် ရန်လုံအသင်းကို ဒေါသထွက်စေခဲ့တာပဲ။ ဒီကောင်မှာ အမြှော်အမြင်ဆိုတာ လုံးဝ မရှိဘူး... သူ့လိုလူမျိုးက ငါတို့ ရွှေရောင်နဂါးအသင်းကို ဒုက္ခပေးလိမ့်မယ်" ဟု ဆိုသည်။

"ဟုတ်တယ်" ဟု အခြားအကြီးအကဲတစ်ဦးကလည်း ဝင်ရောက်ထောက်ခံ၏။ "ချင်ယွမ်ဖုန်းက ရန်လုံအသင်းကို ပြစ်မှားခဲ့ပြီးပြီ... အစိမ်းရောင်နဂါးအသင်းနဲ့ ဆက်ဆံရေးကလည်း ပြောင်းလဲသွားခဲ့ပြီ... ငါတို့က သူ့ကို စည်းရုံးတာ လူဆိုးတစ်ယောက်ကို ခေါ်လာတာမဟုတ်ဘူးလား"

ရွှန်ယဲ့ မျက်မှောင်ကြုတ်လိုက်သည်။ ချင်ယွမ်ဖုန်းကို စည်းရုံးခေါ်ယူခြင်းသည် အတွင်းပိုင်းမှ ပြင်းထန်သော တားဆီးမှုများနှင့် ရင်ဆိုင်ရမည်ကို သူ သိရှိထားသောကြောင့် ချင်ယွမ်ဖုန်းထံသို့ အထူးဧည့်သည်တော်တံဆိပ်ပြားကို စောစီးစွာ ပေးအပ်ခဲ့ခြင်း ဖြစ်ပေသည်။

အသက်ကြီးသော အကြီးအကဲတစ်ဦးက ငြင်းခုံနေကြသည့် လူအုပ်ကြီးကို ကြည့်လိုက်ပြီး အေးဆေးစွာပင် "ဒီကိစ္စနဲ့ ပတ်သက်ပြီး ငြင်းခုံနေစရာ မလိုတော့ပါဘူး... ဘာပဲဖြစ်ဖြစ် ရွှန်ယဲ့က အထူးဧည့်သည်တော်တံဆိပ်ပြားကို တစ်ဖက်လူဆီ ပေးပြီးသွားပြီလေ... တစ်ဖက်လူက အဲဒါကို သန့်စင်ပြီးသွားရင် သူက အထူးဧည့်သည်တော်တံဆိပ်ပြားကို ပိုင်ဆိုင်သွားပြီပဲ။ ငါတို့က သူ့ကို ပြန်သတ်ကြတော့မှာလား" ဟု ဆို၏။

"ဒါက..."

လူတိုင်း စကားမပြောနိုင် ဖြစ်သွားကြပြီး ရွှန်ယဲ့က ထိုမျှအထိ ပေါ့ဆစွာ ပြုမူလိမ့်မည်ဟု ဘယ်သူမှ မထင်မှတ်ထားခဲ့ပေ။

အသက်ကြီးသော အကြီးအကဲက "တကယ်တော့ ချင်ယွမ်ဖုန်းကို စည်းရုံးခေါ်ယူတာ ကောင်းသလား မကောင်းဘူးလားဆိုတာ စောစောစီးစီး ဆုံးဖြတ်ဖို့ မလိုပါဘူး... ဘာပဲဖြစ်ဖြစ် လျှို့ဝှက်နယ်မြေက စတော့မှာဆိုတော့ လျှို့ဝှက်နယ်မြေ အဖွဲ့က အဲဒီအချိန်ကျရင် သူ့ရဲ့ စစ်မှန်တဲ့ စွမ်းအားကို စမ်းသပ်နိုင်မှာပါ" ဟု ပြောလိုက်လေတော့၏။

အခန်း(၁၁၈၈) မိုးကြိုးအသံခွ

လျှို့ဝှက်နယ်မြေသို့ သွားရောက်မည့် ခရီးစဉ်သည် ချင်ယွမ်ဖုန်း၏ အစွမ်းအစကို စမ်းသပ်ပွဲတစ်ခု ဖြစ်လာပေလိမ့်မည်ဟု လူတိုင်းက နှုတ်ပိတ် သဘောတူထားကြပေသည်။ အကြောင်းမှာ လျှို့ဝှက်နယ်မြေသည် ပြင်ပကမ္ဘာနှင့် လုံးဝ သီးခြားခွဲထွက်နေသောကြောင့် ဖြစ်ပေ၏။ ထိုနယ်မြေအတွင်းသို့ ရောက်ရှိသွားပါက ယင်းအတွင်းရှိ ပတ်ဝန်းကျင်၏ ဖိနှိပ်ချုပ်ချယ်မှုကို ရင်ဆိုင်ရမည့်အပြင် ရန်လုံအသင်း၏ ချောင်းမြောင်းတိုက်ခိုက်မှုများကိုပါ ခံစားရမည် ဖြစ်ပေသည်။

ရွှန်ယဲ့က သက်ကြီးရွယ်အို အကြီးအကဲကို ကြည့်ရှုကာ -

" မဟာအကြီးအကဲ... ဒီကိစ္စအတွက် စိတ်အေးအေးထားပါ။ လျှို့ဝှက်နယ်မြေထဲ ဝင်ရမယ့်တာဝန်ကို ငါ ချင်ယွမ်ဖုန်းဆီ လွှဲပြောင်းပေးထားပြီးပြီ။ သူ ကောင်းကောင်း ကိုင်တွယ်နိုင်မယ်လို့ ယုံကြည်တာမို့ စောင့်ကြည့်ပေးကြပါဦး " ဟု ပြောလိုက်ပေသည်။

" ကောင်းပြီလေ... စောင့်ကြည့်ကြတာပေါ့ " ဟု မဟာအကြီးအကဲက သက်ပြင်းချရင်း ပြောလိုက်လေသည်။ အခြားသော အကြီးအကဲများကလည်း သိပ်မပြောကြတော့ပေ။ အကြောင်းမှာ ဤကိစ္စသည် စောစီးစွာ အဆုံးဖြတ်ပေး၍ မရနိုင်သေးဘဲ ချင်ယွမ်ဖုန်း၏ စွမ်းဆောင်ရည်အပေါ်၌သာ လုံးဝ မူတည်နေသောကြောင့် ဖြစ်ပေ၏။

ချင်ယွမ်ဖုန်း၏ လက်ရှိ ဧည့်သည်တော်အကြီးအကဲ ရာထူးကြောင့် ရွှေရောင်နဂါးအသင်းအတွင်း လွတ်လပ်စွာ သွားလာခွင့် ရရှိထားပေသည်။ ထိုနေရာတွင် ခဏတာ သောင်တင်နေပြီးနောက် ချင်ယွမ်ဖုန်းသည် တျန်ပေါင်မျှော်စင်သို့ သွားရောက်ရန် ဆုံးဖြတ်လိုက်ပေ၏။ အကြောင်းမူ သူ၏ ရတနာဖြစ်သော ကျင်ယွမ်နတ်သီးသည် ထိုနေရာ၌ ရှိနေသေးသောကြောင့် ဖြစ်ပေသည်။ ထို့ပြင် လျှို့ဝှက်နယ်မြေ ရုတ်တရက် ပွင့်လှစ်သွားခဲ့၍ လေလံပွဲမှာလည်း နှောင့်နှေးကြန့်ကြာခဲ့ရပေသည်။ တျန်ပေါင်မျှော်စင်တွင် မည်သည့် ရတနာမျိုးကို ရှာဖွေတွေ့ရှိနိုင်မည်နည်းဟု သူ မေးခွန်းထုတ်မိပေသည်။

တျန်ပေါင်မျှော်စင်သို့ ရောက်ရှိသည်နှင့် တာဝန်ခံ ယန်နှင့် ချက်ချင်း ဆုံတွေ့ခဲ့ရပေသည်။ တာဝန်ခံယန်က ပြုံးရွှင်စွာဖြင့် ခရီးဦးကြိုပြုကာ -

" သခင်လေးချင်... မတွေ့ရတာ ကြာပြီနော်။ နောက်ပိုင်းမှာ မင်းရဲ့ ကျော်စောသတင်းက ပိုလို့တောင် ထင်ရှားကျော်ကြားလာခဲ့တာပဲ " ဟု ဆိုလာပေသည်။

ချင်ယွမ်ဖုန်းက သက်ပြင်းချလျက် -

" ဒါတွေက မကောင်းတဲ့ ရိုက်ခတ်မှုတွေပါပဲ... ထည့်ပြောဖို့တောင် မထိုက်တန်ပါဘူး " ဟု ခပ်ပေါ့ပေါ့ ပြန်ပြောလိုက်၏။

" ဒါပေမဲ့ တိုက်ခိုက်ရေးစင်မြင့်ပေါ်မှာ မင်း ပြသခဲ့တာကတော့ မင်းရဲ့ စစ်မှန်တဲ့ စွမ်းအားပါပဲ " ဟု တာဝန်ခံယန်က ဆက်လက်ပြောဆိုပေသည်။

" ကဲပါ... ဒီအကြောင်းတွေကို ခဏထားလိုက်ပါတော့။ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပျက်ခဲ့တာတွေကြောင့် လေလံပွဲ ကြန့်ကြာသွားခဲ့ရတာ။ မူလကတော့ ဒီညအတွက် စီစဉ်ထားတာဆိုတော့ မင်းရဲ့ ကျင်ယွမ်နတ်သီးကိုလည်း ဒီညမှာပဲ လေလံတင်ပေးနိုင်မှာပါ။ ဒီလို အဖိုးတန်ရတနာမျိုးက အမြင့်ဆုံးဈေး ရရှိမှာ သေချာပါတယ်။ ဒါ့အပြင် ငါတို့ သတင်းဖြန့်လိုက်ပြီးတဲ့နောက် တော်တော်များများကလည်း စိတ်ဝင်စားနေကြပြီလေ "

" ဪ... ဘယ်လိုအခြေအနေ ရှိနေလို့လဲ " ဟု ချင်ယွမ်ဖုန်းက မေးမြန်းလိုက်၏။

တာဝန်ခံယန်က သူ၏ မုတ်ဆိတ်မွေးကို သပ်ရင်း -

" ငါ့ရဲ့ ခန့်မှန်းချက်အရဆိုရင် ကျင်ယွမ်နတ်သီးရဲ့ တန်ဖိုးဟာ နတ်ဘုရားကျောက်တုံး သုံးသိန်းကနေ လေးသိန်းဝန်းကျင်လောက် ရှိနိုင်ပါတယ် " ဟု ဆိုလေ၏။

ချင်ယွမ်ဖုန်း အံ့အားသင့်သွားရပေသည်။ ဤအရာ၏ တန်ဖိုးမှာ သူ၏ ထင်မြင်ချက်ထက်ပင် အလွန် ကျော်လွန်နေပေ၏။ ထို့ပြင် နတ်ဘုရားကျောက်တုံး သုံးလေးသိန်းဆိုသည်မှာ မဟာမိသားစုကြီးများ သို့မဟုတ် နတ်ဘုရားဂိုဏ်းကြီးများသာ တစ်ကြိမ်တည်းဖြင့် ထုတ်ပေးနိုင်စွမ်း ရှိပေသည်။ သူက မပြုံးဘဲ မနေနိုင်တော့ဘဲ -

" ကျင်ယွမ်နတ်သီးက ဒီလောက်အထိ တန်ဖိုးရှိလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး " ဟု ပြောလိုက်ပေသည်။

" အဲဒါတော့ သေချာတာပေါ့... ကျင့်ကြံခြင်းအဆင့်အတားအဆီးတွေကို ဖောက်ထွင်းဝင်ရောက်ဖို့အတွက် ဒါက အရေးပါတဲ့ သော့ချက်ပဲလေ။ ဒါ့အပြင် အရိုးအဆစ်နဲ့ အသားမျှင် ဒဏ်ရာတွေကို ကုသတဲ့နေရာမှာလည်း ထူးခြားတဲ့ အစွမ်းရှိတယ်။ ခုဆို ငါတို့တွေ နတ်ဘုရားနယ်ပယ်ကို ရောက်နေကြတာဆိုတော့ အရိုးအဆစ် ပျက်စီးသွားရင် သာမန် ဝိညာဉ်ဆေးလုံးတွေနဲ့ ကုသလို့ မရနိုင်တော့ဘူး " ဟု တာဝန်ခံယန်က ပြုံးလျက် ပြောပြပြီးနောက် ချင်ယွမ်ဖုန်းကို လျှို့ဝှက်ဆန်းကြယ်သော အမူအယာဖြင့် စကြည့်ကာ -

" သခင်လေးချင်... ငါ့မှာ မင်းအတွက် သတင်းကောင်းတစ်ခု ရှိတယ်... မင်း စိတ်ဝင်စားရဲ့လား " ဟု မေးလိုက်ပေသည်။

" တာဝန်ခံက သတင်းကောင်းလို့ ပြောမှတော့ ငါလည်း စိတ်ဝင်စားတာပေါ့ " ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် ပြန်ပြောလိုက်၏။

တာဝန်ခံယန်က -

" ဒီတစ်ခေါက် တိုက်ခိုက်ရေးစင်မြင့်ပေါ်မှာ မင်း ထိန်းချုပ်ပြခဲ့တဲ့ မိုးကြိုးစွမ်းအင်က တကယ့်ကို အံ့မခန်းပါပဲ။ မင်း ခန္ဓာကိုယ်ထဲမှာ မိုးကြိုးဓာတ်စွမ်းအင် အများကြီးကို သန့်စင်စုပ်ယူထားတာ ဖြစ်ရမယ် " ဟု ပြောဆိုလိုက်သည်။

" မှန်ပါတယ် " ဟု ချင်ယွမ်ဖုန်းက ထိန်းချန်ထားစရာ မလိုကြောင်း သိသဖြင့် ပွင့်လင်းစွာပင် ဝန်ခံလိုက်၏။

တာဝန်ခံယန်က ဆက်လက်၍ -

" မင်း ခန္ဓာကိုယ်ထဲက မိုးကြိုးဓာတ်စွမ်းအားကို ထပ်မံမြှင့်တင်ဖို့ဆိုတာတော့ အဲဒီလောက် မလွယ်ကူလှဘူး " ဟု ဆိုပေသည်။

" ဟုတ်ပါတယ် " ဟု ချင်ယွမ်ဖုန်းက ပြောကာ -

" အဲဒီတုန်းက သံယုကြယ်ရဲ့ မိုးကြိုးရေကန်ထဲက မိုးကြိုးစွမ်းအင်တွေကို စုပ်ယူခဲ့တုန်းက အလျင်အမြန်ပဲ အကန့်အသတ်ကို ရောက်သွားခဲ့တာမို့ ထပ်ပြီး မမြှင့်တင်နိုင်ခဲ့တော့ဘူး "

သို့သော် တစ်ဖက်လူတွင် နည်းလမ်းတစ်ခုခု ရှိနေသည်ကို သတိပြုမိသွား၍ -

" တာဝန်ခံယန်... လျှို့ဝှက်ဆန်းကြယ် လုပ်မနေပါနဲ့တော့... ပွင့်ပွင့်လင်းလင်းပဲ ပြောပြပါ " ဟု ဆိုလိုက်လေသည်။

တာဝန်ခံယန်က ပြုံးလိုက်ပြီး -

" ကောင်းပြီလေ... အမှန်တော့ ဒီလေလံပွဲမှာ ကျိန်းယွမ်ဆေးလုံးလို့ ခေါ်တဲ့ နတ်ဘုရားဆေးလုံးတစ်မျိုး ပါဝင်လာမှာဖြစ်ပြီး မင်းရဲ့ ခန္ဓာကိုယ်ထဲက မိုးကြိုးဓာတ်စွမ်းအားကို ပိုမိုမြှင့်တင်ပေးနိုင်ပါလိမ့်မယ် " ဟု ပြောပြလိုက်ပေသည်။

ချင်ယွမ်ဖုန်းက -

" ဒါ တကယ့်ကို ကောင်းတဲ့အရာပဲ " ဟု ဆိုလိုက်၏။

" ဒါတွင် မကသေးပါဘူး... အဲဒီအပြင် နောက်ထပ် ရတနာတစ်ခုလည်း ရှိသေးတယ် "

" နောက်ထပ် ရတနာ ရှိသေးတာလား " ဟု ချင်ယွမ်ဖုန်းက စိတ်ဝင်တစား မေးမြန်းလိုက်ကာ -

" အဲဒါက ဘာလဲ " ဟု ဆို၏။

တာဝန်ခံယန်က -

" အဲဒါက မိုးကြိုးအသံခွ ပါပဲ " ဟု ပြောပြလိုက်ပေသည်။

" မိုးကြိုးအသံခွ ဟုတ်လား "

ချင်ယွမ်ဖုန်း၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားရပေသည်။ သူသည် ဤအရာ၏ အကြောင်းကို သတင်းကြားဖူးပုံ ရ၏။ ယင်းကို အသုံးပြု၍ မိုးကြိုးစွမ်းအားကို ထုတ်လွှတ်လိုက်ပါက တိုက်ခိုက်မှုစွမ်းအားကို အဆပေါင်းများစွာမှ အဆပေါင်းဆယ်ဂဏန်းအထိ တိုးမြှင့်ပေးနိုင်သည်ဟု ဆိုကြပေသည်။ ယင်း၏ စွမ်းပကားမှာ အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှပေသည်။

ချင်ယွမ်ဖုန်းသည် ချက်ချင်းပင် စိတ်ဝင်စားမှု မြင့်တက်သွားပြီး -

" ငါ ကျိန်းယွမ်ဆေးလုံးကိုတော့ မဖြစ်ဖြစ်အောင် ရယူရမယ်။ မိုးကြိုးအသံခွနဲ့ ပတ်သက်လို့ကတော့... ငါ အရင်ဆုံး ကြည့်ရှုခွင့် ရနိုင်မလား " ဟု မေးလိုက်ပေသည်။

တာဝန်ခံယန်က ခေါင်းခါပြလိုက်ပြီး -

" မိုးကြိုးအသံခွဟာ အလွန်ရှားပါးတဲ့ ရတနာတစ်ခု ဖြစ်တဲ့အပြင် အဆင့်မြင့်အဆင့် အရည်အသွေးလည်း ရှိနေပေတယ်။ အဲဒီရတနာကို လေလံတင်မယ့်သူဟာ တျန်ပေါင်မျှော်စင်ကို အပြည့်အဝ မယုံကြည်တာကြောင့် လေလံပွဲ မစမချင်း သူနဲ့အတူတူပဲ ကိုင်ဆောင်ထားတာ။ ဒီလိုကိစ္စမျိုး ငါလည်း တွေ့ရခဲပါတယ် " ဟု ကူကယ်ရာမဲ့သော မျက်နှာပေးဖြင့် ပြောလိုက်ပေ၏။

ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီး -

" ရပါတယ်။ ကိစ္စမရှိပါဘူး... ဒီလိုကိစ္စတွေကို လောဘကြီးလို့မှ မရတာ... ငါ စောင့်နိုင်ပါတယ် " ဟု ဆိုလိုက်ပေသည်။

" ဒါပေမဲ့ မိုးကြိုးအသံခွရဲ့ မူလဇာစ်မြစ်က နည်းနည်း လျှို့ဝှက်ဆန်းကြယ်တယ်... မင်း သိလား " ဟု တာဝန်ခံယန်က ချင်ယွမ်ဖုန်းကို ရုတ်တရက် မေးလိုက်၏။

ချင်ယွမ်ဖုန်းက ခေါင်းခါပြလိုက်ပေသည်။ သူသည် ယင်းအကြောင်းကို ကြားဖူးရုံမျှသာ ရှိပြီး ယင်း၏ မူလဇာစ်မြစ်ကိုတော့ မသိရှိပေ။

တာဝန်ခံယန်ကလည်း သူ မသိသည်ကို ခန့်မှန်းမိသဖြင့် -

" ဒီအရာဟာ ယမမင်းမျိုးနွယ်စုဆီကနေ လာတာလို့ ပြောကြတာပဲ။ ယမမင်းမျိုးနွယ်စုရဲ့ မိသားစုခေါင်းဆောင်ဟာ နတ်ဘုရားလက်နက်ကို သန့်စင်စဉ်မှာ ထူးဆန်းတဲ့ အရာအချို့ကို ပေါင်းစပ်ခဲ့တယ်။ နောက်ဆုံးမှာတော့ နတ်ဘုရားလက်နက်ကို အောင်မြင်စွာ မသန့်စင်နိုင်ခဲ့ပေမဲ့ မမျှော်လင့်ဘဲ မိုးကြိုးအသံခွ ဖြစ်ပေါ်လာခဲ့တာပဲ " ဟု ပြောပြလိုက်ပေသည်။

" ယမမင်းမျိုးနွယ်စု ဟုတ်လား "

ချင်ယွမ်ဖုန်း မျက်မှောင်ကြုတ်လိုက်မိပေသည်။ ဤမိုးကြိုးအသံခွမှာ အမှန်တကယ်ပင် ညဉ့်နက်အိပ်မက်ဆိုးနဂါးကြီး ဖန်တီးခဲ့သည့် အရာ ဖြစ်နေပေသလော။ လွန်ခဲ့သည့် ရက်ပိုင်းက သူ နဂါးလက်သည်း၏ စွမ်းအားကို အသုံးပြုခဲ့စဉ်က တည်နေရာ စုံစမ်းခံလိုက်ရခြင်း ဖြစ်နိုင်သလော။ ဤလေလံပွဲသည် သူ ထောင်ချောက်ထဲ သက်ဆင်းလာစေရန် အခြားတစ်ဖက်လူက တမင်တကာ ဆင်တူထားသည့် ထောင်ချောက်တစ်ခု ဖြစ်နေနိုင်သလော။

မည်သို့ပင်ဖြစ်စေ ဤမျှ ကောင်းမွန်သော အခွင့်အရေးမျိုး ရရှိလာသည့်အပြင် သူ၏ ခန္ဓာကိုယ်အတွင်းသို့ မိုးကြိုးစွမ်းအားကိုလည်း ပေါင်းစပ်ထားပြီး ဖြစ်ပေရာ မိုးကြိုးအသံခွကို သူ မဖြစ်မနေ ရယူရမည် ဖြစ်ပေ၏။ ထို့ပြင် ကျူးရှန်းအမြောက်နှင့် ပေါင်းစပ်အသုံးပြုပါက ယင်း၏ စွမ်းအားမှာ ဆက်တိုက် တိုးတက်လာမည် ဖြစ်ပေသည်။

တာဝန်ခံယန်ထံမှ သတင်းအချက်အလက်အချို့ကို လေ့လာသိရှိခဲ့ရပြီးနောက် ချင်ယွမ်ဖုန်းသည် သူ၏ အိတ်ကပ်ထဲတွင် နတ်ဘုရားကျောက်တုံး တစ်သိန်းကျော် ကျန်ရှိနေသေးသောကြောင့် ရတနာအချို့ကို ရွေးချယ်နိုင်ရန် တျန်ပေါင်မျှော်စင်အတွင်း လှည့်လည်ကြည့်ရှုတော့ပေသည်။ သို့သော် အကြိမ်ကြိမ် ကြည့်ရှုပြီးသည့်တိုင် သူ၏ စိတ်ဝင်စားမှုကို နိုးဆွနိုင်သည့် အရာတစ်ခုမျှ မတွေ့ရှိခဲ့ပေ။ သူ၏ စိတ်ထဲတွင် ကျိန်းယွမ်ဆေးလုံးနှင့် မိုးကြိုးအသံခွတို့သာ ရှိနေသဖြင့် လေလံပွဲ မစမချင်း စောင့်ဆိုင်းရန်သာ ရှိတော့ပေ၏။

" ဟက်... သေမင်းနဲ့ ရှေ့တည်တည့် ရောက်နေတာပဲ "

ထိုစဉ် ချင်ယွမ်ဖုန်းသည် သူ့ထံ ရည်ညွှန်းလှောင်ပြောင်သည့် အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရပေသည်။ သူက ခေါင်းကို အနည်းငယ် မော့ကြည့်လိုက်ရာ အစိမ်းရောင်နဂါးအသင်းမှ အကြီးအကဲယွီ ဖြစ်နေပြီး အထက်စီးဆန်သော အကြည့်ဖြင့် သူ့အား စကြည့်နေသည်ကို တွေ့ရှိလိုက်ရပေ၏။

ချင်ယွမ်ဖုန်းသည် မူလက သူ့ကို ဂရုစိုက်ရန် ပျင်းရိနေခဲ့သော်လည်း -

" မင်း စိတ်ပျက်စရာကောင်းတယ်လို့ ထင်ရင် မင်းရဲ့ မျက်လုံးတွေကို မင်းကိုယ်တိုင် ဖောက်ထုတ်လိုက်လို့ ရပါတယ် " ဟု ဆိုလိုက်ပေသည်။

တစ်ဖက်လူက အေးစက်စွာ ဟောက်လိုက်ပြီး -

" မင်းလို သစ္စာဖောက်ကများ စကားပြောရဲသေးတယ်ပေါ့။ အဲဒီတုန်းက အစိမ်းရောင်နဂါးအသင်းက မင်းအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တာကို မင်းက လှည့်ထွက်သွားပြီး ရွှေရောင်နဂါးအသင်းဆီ ပူးပေါင်းလိုက်တာပဲ။ မင်း နတ်ဘုရားဂိုဏ်းနှစ်ခုကြား ပဋိပက္ခဖြစ်အောင် လုပ်နေတာလား " ဟု ဆိုလိုက်ပေသည်။

All Chapters