← Chapters

အခန်း (၁၁၉၉-၁၂၀၀)

Vol. 57 Ch. 1199-1200

အခန်း (၁၁၉၉-၁၂၀၀)

Vol. 57 Ch. 1199-1200

အခန်း(၁၁၉၉)

ဆာလောင်မွန်းသိပ်ခြင်း

ချင်ယွမ်ဖုန်းသည် ယခုအခါ အလွန်တရာ သတိကြီးစွာ ထားနေရချေသည်။ အဘယ်ကြောင့်ဆိုသော် ယင်းနေရာ၌ သူသည် လုံးဝ အကူအညီမဲ့ကာ တစ်ကောင်ကြွက် ဖြစ်နေသောကြောင့်ပင်။ လျှို့ဝှက်နယ်မြေအတွင်းရှိ သားရဲ မိစ္ဆာများအပြင် ဤနေရာသို့ ဝင်ရောက်လာကြသော နတ်ဘုရားများစွာသည်လည်း သူ၏ ရန်သူများ ဖြစ်ကြပေသည်။ ထိုအချိန်၌ သူသည် အနည်းငယ်မျှ သတိမမူမိပါက ပိုမိုမြန်ဆန်စွာ သေပွဲဝင်ရရုံမျှသာ ရှိပေမည်။ တောင်တန်းပေါင်းမြောက်မြားစွာကို ဖြတ်သန်းပြီးနောက် ချင်ယွမ်ဖုန်းသည် ဤနေရာ၌ ကာလအတန်ကြာ လမ်းလျှောက်ခဲ့ရာ အမှန်တကယ်ပင် ရေဆာလောင်မှုကို ခံစားလိုက်ရချေသည်။

ယင်းကဲ့သို့သော ခံစားချက်မျိုးကို မခံစားရသည်မှာ ကာလအတန်ကြာခဲ့ပြီ ဖြစ်ပေသည်။ အကြောင်းမူကား သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်အရ ရေဆာလောင်မှုကို လုံးဝ ခံစားရမည် မဟုတ်သောကြောင့်ပင်။

ထိုစဉ်မှာပင် သူသည် ရေစီးသံသဲ့သဲ့ကို ရုတ်တရက် ကြားလိုက်ရချေသည်။ အသံလာရာသို့ စုံစမ်းကြည့်လိုက်ရာ ကြည်လင်သော စမ်းချောင်းငယ်တစ်ခုကို တွေ့ရှိလိုက်ရပြီး ထူးဆန်းသော အော်သံများသည်လည်း အနီးအနား၌ ရှိနေကြောင်း ခံစားလိုက်ရပေသည်။ ထိုသည်မှာ စောစောက သူကြားခဲ့ရသော ကလေးငယ်တစ်ဦး၏ ငိုယိုသံနှင့်တူသည့် အော်သံများသည် ဤနေရာမှ ထွက်ပေါ်လာခြင်းပင် ဖြစ်ပေသည်။ တစ်စုံတစ်ယောက်က လူများကို ဆွဲဆောင်ရန်အတွက် ဤအသံများကို တမင်ဖန်တီးနေခြင်းလော။

ဤသို့ စဉ်းစားမိသည်နှင့် ချင်ယွမ်ဖုန်းသည် သူ၏ ခြေလှမ်းများကို သိသိသာသာ လျှော့ချလိုက်ပြီး သူ၏ အရှိန်အဝါကို ဖုံးကွယ်ထားရန် အစဉ်မပြတ် သတိပြုနေပေသည်။ သူ၏ မျက်စိတစ်ဆုံး ကြည့်ရှုနိုင်သော အကွာအဝေးမှာ အကန့်အသတ် ရှိပေသည်။ စမ်းချောင်းနားသို့ ချဉ်းကပ်သွားစဉ် ချင်ယွမ်ဖုန်းသည် သူ၏ ရေဆာလောင်မှုမှာ ပိုမိုပြင်းထန်လာသည်ဟု ခံစားလိုက်ရချေသည်။ သူသည် အပိုမစဉ်းစားတော့ဘဲ စမ်းချောင်းဘေး၌ ချက်ချင်း ဒူးထောက်ကာ ရေတစ်ငုံ အဝသောက်လိုက်ရာ လန်းဆန်း၍ ချိုမြိန်မှန်း သိလိုက်ရပေသည်။ စမ်းချောင်းရေသည် ဤမျှ သန့်စင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သို့သော်လည်း ထိုစဉ်မှာပင် သူ၏ နောက်ကျောဘက်၌ မီးအိမ်ကဲ့သို့သော မျက်လုံးနှစ်လုံး ရုတ်တရက် ပေါ်ထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်များ တောက်ပါးလျက် သွေးဆာစွာဖြင့် သူ၏ထံသို့ တိုက်ရိုက် ခုန်အုပ်လိုက်ချေသည်။

စမ်းချောင်းဘေး၌ ရေသောက်နေသော ချင်ယွမ်ဖုန်းသည် ရောက်ရှိလာတော့မည် ဖြစ်သော ဘေးအန္တရာယ်ကို မသိရှိသည့်အတိုင်း ရှိနေပေသည်။ ထိုသားရဲသည် သူ၏ လည်ချောင်းဆီသို့ ခုန်အုပ်လိုက်ပြီးဖြစ်ရာ ထိုထက်မြက်သော သွားများဖြင့် သူ၏ လည်ပင်းကို ကိုက်ခဲလိုက်ပါက ခေါင်းပြတ်ထွက်သွားနိုင်လောက်သည်အထိ ရှိပေသည်။

သို့သော်လည်း ရန်သူက အောင်မြင်တော့မည့် ခဏ၌ပင် ပြင်းထန်သော ဓားအရှိန်အဝါတစ်ခုသည် ချင်ယွမ်ဖုန်း၏ ကျောဘက်မှ ရုတ်တရက် ထွက်ပေါ်လာပြီးနောက် အေးစက်သော ချီဓာတ်တစ်ခုသည် ရန်သူထံသို့ တိုက်ရိုက် ပြေးဝင်သွားခဲ့ပေသည်။ ပေါက်ကွဲသံ တစ်ချက်နှင့်အတူ ဤမျှ နီးကပ်သော အကွာအဝေး၌ ရန်သူသည် ရှောင်တိမ်းရန် အချိန်မရလိုက်ဘဲ ဓားချီ၏ ထိုးဖောက်ခြင်းကို ချက်ချင်း ခံလိုက်ရချေသည်။ ဓားချီ၏ စွမ်းအားသည် ထိုသားရဲကို လွင့်ထွက်သွားစေခဲ့ပြီး ယင်း၏ တိုက်ခိုက်မှုကိုပင် မအောင်မြင်စေခဲ့ပေ။

အမှန်တကယ်၌ ချင်ယွမ်ဖုန်းသည် ဤနေရာသို့ ရောက်ရှိလာကတည်းက အလွန်တရာ သတိကြီးစွာ ထားခဲ့ပေသည်။ ဤသားရဲ ပေါ်ထွက်လာမည်ကို သူ ကြိုတင်ခန့်မှန်းမိခဲ့သဖြင့် စမ်းချောင်းရေကို ငတ်မွတ်စွာ သောက်သုံးနေစဉ်မှာပင် ဓားချီတစ်ခုကို အစဉ်မပြတ် စုစည်းထားခဲ့ခြင်း ဖြစ်ပေသည်။ ရန်သူက တိုက်ခိုက်မှု စတင်လိုက်ချိန်၌ ချင်ယွမ်ဖုန်းသည် ဓားချီကို ချက်ချင်း ထုတ်လွှတ်လိုက်ခြင်းပင်။

ထို့နောက် ချင်ယွမ်ဖုန်းသည် သူထိုးခုတ်လိုက်သော သားရဲ၏ ရုပ်သွင်ကို ကြည့်ရှုလိုသဖြင့် ခေါင်းလှည့်ကြည့်လိုက်ချေသည်။

သို့သော်လည်း ထိုစဉ်မှာပင် အော်ဟစ်ဆူညံသော လှိုက်လှဲသည့် ရယ်မောသံနှင့်အတူ ပြင်းထန်သော ချီဓာတ်တစ်ခုသည် အမှောင်ထုထဲမှ ရုတ်တရက် တိုက်ခိုက်လာခဲ့ပေသည်။

"ဟားဟားဟား... ချင်ယွမ်ဖုန်း... မင်းရဲ့ ခေါင်းဟာ ငါ့ဟာပဲ... ငါ မကြာခင် နတ်ဘုရားကျောက်တုံး ရာပေါင်းများစွာ ရတော့မယ်"

သူ့ကို ပစ်မှတ်ထားမည့်သူ ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ယင်းသည် ယခင်က ချီရန်က သူ၏ခေါင်းကို အမဲလိုက်ရန် အမိန့်ထုတ်ခဲ့ခြင်းကြောင့်ပင် ဖြစ်ပေရာ လူအများမှာ ထိုအမိန့်ကို လက်ခံနေကြပြီ ဖြစ်ပေသည်။ အချောင်းတိုက်သူ၏ ကျင့်ကြံခြင်းအဆင့်မှာ စစ်မှန်သော နတ်ဘုရား အလယ်အလတ်အဆင့်ခန့် ရှိပြီး မိမိ၏ အစွမ်းဖြင့် စစ်မှန်သော နတ်ဘုရား အစောပိုင်းအဆင့်၌သာ ရှိသေးသည့် ချင်ယွမ်ဖုန်းကို သတ်ဖြတ်နိုင်မည်ဟု ယုံကြည်နေပေသည်။ သို့သော်လည်း ချင်ယွမ်ဖုန်းသည် သူ့ကို အဖက်လုပ်ရန် အစီအစဉ် မရှိပေ။ အကြောင်းမူကား ထိုခဏ၌ သူ၏ ဓားချီဖြင့် သတ်ဖြတ်လိုက်သော မိစ္ဆာသားရဲ၏ ရင်ဘတ်ပေါ်၌ တည်ငြိမ်သော ပြာလွင်သော အလင်းရောင်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး ယင်းမိစ္ဆာသားရဲ၌ ပြာလွင်သော သလင်းနှလုံးသား ပါရှိကြောင်း ပြသနေသောကြောင့်ပင် ဖြစ်ပေသည်။

အချောင်းတိုက်သူသည် ချင်ယွမ်ဖုန်းထံသို့ ပြေးဝင်လာပြီးနောက် ချင်ယွမ်ဖုန်း၏ ဓားအလင်းတန်း လက်ခနဲ ဖြစ်သွားသည်ကို တွေ့လိုက်ရပြီး သူ သေချာပြင်ဆင်ထားသော အချောင်းတိုက်မှုကို တိုက်ရိုက် ပိတ်ဆို့လိုက်ချေသည်။ ထိုသူသည် ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်မှုကို ခံစားလိုက်ရပေသည်။ သူသည် မူလက သူ၏ တိုက်ခိုက်မှုသည် သေချာပေါက် အောင်မြင်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ချင်ယွမ်ဖုန်း၏ လှုပ်ရှားမှုကို မြင်တွေ့ပြီးနောက် မိမိနှင့် ချင်ယွမ်ဖုန်းအကြားရှိ ကွာခြားချက်ကို သဘောပေါက်သွားခဲ့ပေသည်။

ဓားချီအလင်းတန်းများသည် ချင်ယွမ်ဖုန်း၏ လက်မှ ချက်ချင်း ထွက်ပေါ်လာပြီး မိုးကောင်းကင်တစ်ခုလုံး ဓားမိုးရွာသွန်းနေသကဲ့သို့ ရန်သူထံသို့ သိုက်သိုက်ဝန်းဝန်း ကျရောက်သွားခဲ့ပေသည်။ အချို့သော ဓားချီများသည် ရေခဲပြာရောင် အလင်းဖြင့် တောက်ပါးနေပြီး အချို့မှာ တောက်ပသော ငွေရောင်အလင်းဖြင့်လည်းကောင်း၊ အချို့မှာမူ တောက်လောင်နေသော မီးလျှံများဖြင့်လည်းကောင်း ပူပြင်းနေပေသည်။

ဂျုန်းဆိုသော အသံကြီးနှင့်အတူ။

ထိုသူသည် ရှောင်တိမ်းရန် ကြိုးစားခဲ့သော်လည်း ဤမျှ ကျယ်ပြန့်သော ဓားချီ၏ ရိုက်ခတ်မှုအောက်၌ လုံးဝ မရှောင်တိမ်းနိုင်ဘဲ ချင်ယွမ်ဖုန်း၏ ဓားတစ်ချက်တည်းဖြင့်ပင် တိုက်ရိုက် သတ်ဖြတ်ခြင်းကို ခံလိုက်ရချေသည်။ ချင်ယွမ်ဖုန်းသည် ထိုက်ရွှီဓားသိုင်း တိုးတက်လာပြီးနောက် ဓားချီအပေါ် သူ၏ ထိန်းချုပ်နိုင်စွမ်းမှာ ပိုမို ကျွမ်းကျင်လာကြောင်းကိုလည်း တွေ့ရှိလိုက်ရပေသည်။

ထို့နောက် ချင်ယွမ်ဖုန်းသည် ရှေ့သို့ လှမ်းသွားကာ ထိုသူ၏ သိုလှောင်လက်စွပ်ကို ယူလိုက်ပြီးမှ လှည့်ပြန်လာ၍ အသတ်ခံလိုက်ရသော မိစ္ဆာသားရဲထံသို့ သွားလိုက်ပေသည်။ ဤမိစ္ဆာသားရဲသည် အလွန်ဆန်းကြယ်သော ရုပ်သွင် ရှိကြောင်း သူတွေ့ရှိလိုက်ရ၏။ ယင်း၏ ခေါင်းမှာ မိကျောင်းနှင့် တူသော်လည်း ခန္ဓာကိုယ်မှာမူ တောဝံပုလွေနှင့် တူပြီး ယင်း၏ အရှိန်အဝါမှာလည်း အနည်းငယ် ထူးဆန်းနေပေသည်။ သို့သော်လည်း ချင်ယွမ်ဖုန်းသည် သေချာ မကြည့်တော့ဘဲ ပြာလွင်သော သလင်းနှလုံးသားကို တိုက်ရိုက် ယူလိုက်တော့ပေသည်။

ထို့နောက် ချင်ယွုန်းဖုန်းသည် ပတ်ဝန်းကျင်ကို ထပ်မံ ရှာဖွေလိုက်ရာ ယင်းကဲ့သို့သော မိစ္ဆာသားရဲ နောက်တစ်ကောင်ကို အမှန်တကယ်ပင် တွေ့ရှိလိုက်ရချေသည်။ သူသည် ချက်ချင်းပင် တိုက်ခိုက်သတ်ဖြတ်လိုက်ပြီး ထိုမိစ္ဆာသားရဲ၏ ရင်ဘတ်ကို စိတ်လှုပ်ရှားစွာဖြင့် တူးဖော်လိုက်ပေသည်။ သို့သော်လည်း သူ၏ စိတ်ပျက်ဖွယ်ရာပင် ဤမိစ္ဆာသားရဲ၌ ပြာလွင်သော သလင်းနှလုံးသား မပါရှိပေ။ ချင်ယွမ်ဖုန်းသည် မှိုင်တွေသွားရပြီး ပြာလွင်သော သလင်းနှလုံးသားသည် မရေမရာ ပေါ်ထွက်လာခြင်းပင်လောဟု တွေးတောမိလိုက်ချေသည်။

ထိုစဉ်မှာပင် ချင်ယွမ်ဖုန်းသည် သူ၏ ဗိုက်ထဲ၌ ဟာလာဟင်းလင်း ဖြစ်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရပြီး ဂြိုဟ်ကနဲပင် အသံမြည်သွားခဲ့ပေသည်။

သူသည် ဆာလောင်မှုကို မခံစားရသည်မှာ ကာလအတန်ကြာခဲ့ပြီ ဖြစ်သော်လည်း သူ၏ စောစောက ရေဆာလောင်သည့် တုံ့ပြန်မှုအရ ဆာလောင်မှုကို ခံစားရခြင်းမှာ ဆန်းကြယ်သည့် ကိစ္စတော့ မဟုတ်ပေ။ အဆုံး၌ ဤနေရာသည် အလွန်ထူးခြားလှရာ သူသည် ရေကို ရှာဖွေရုံမျှမက သူ၏ ဝမ်းဗိုက်ကို ဖြည့်ဆည်းရန်အတွက်ပါ စဉ်းစားရတော့မည် ဖြစ်ပေသည်။

သူသည် အသတ်ခံလိုက်ရသော မိစ္ဆာသားရဲကို ကြည့်လိုက်ပြီး ယင်း၏ ရုပ်ဆိုးလှသော ရုပ်သွင်ကို ကြည့်ကာ အသား၏ အရည်အသွေးကို တွေးတောနေမိပေသည်။ သို့သော်လည်း ဆာလောင်မှုမှာ ပိုမို ပြင်းထန်လာသဖြင့် ချင်ယွမ်ဖုန်းသည် ယင်းကဲ့သို့သော ပူပန်မှုများကို ဂရုမစိုက်တော့ပေ။ သူသည် ထိုနေရာ၌ပင် အသားကင်စင်ကို ချက်ချင်း ပြင်ဆင်လိုက်ပြီး မိစ္ဆာသားရဲကို စီမံကာ တုတ်ဖြင့်ထိုး၍ ကင်စင်ပေါ်သို့ တင်လိုက်တော့ပေသည်။ အသားကင်နေစဉ်အတွင်း ချင်ယွမ်ဖုန်းသည် စမ်းချောင်းထံသို့ ပြန်သွားခဲ့ပေသည်။ ဤနေရာ၌ ဆာလောင်မှုနှင့် ရေဆာလောင်မှုကို ခံစားရမည် ဖြစ်ရာ သူသည် ရေအချို့ကို သိုလှောင်ထားရမည် ဖြစ်ပေသည်။

သို့ဖြစ်၍ သူသည် ဗူးတစ်ခုကို ထုတ်ယူလိုက်ပြီး စမ်းချောင်းရေ၏ အစိတ်အပိုင်းအများအပြားကို တိုက်ရိုက် ခပ်ယူလိုက်တော့ပေသည်။ သူ ပြန်ရောက်လာသည့် အချိန်၌ အသားကင်၏ မွှေးကြိုင်သော ရနံ့မှာ နေရာအနှံ့သို့ သင်းပျံ့နေပြီ ဖြစ်ရာ သူ၏ ညစာမှာ အဆင်သင့် ဖြစ်နေပြီဟု ထင်ရပေသည်။ ဤသို့ စဉ်းစားမိရင်း ချင်ယွမ်ဖုန်းသည် တိုက်ရိုက် လှမ်းသွားကာ အပြင်ဘက်၌ ကျွတ်ပြီး အတွင်း၌ နူးညံ့နေသော အသားကင်တစ်ဖတ်ကို ကိုင်လိုက်ပြီးနောက် ဝမ်းဗိုက်ကို စတင် ဖြည့်ဆည်းလိုက်တော့ပေသည်။ ကျန်ရှိသော အသားကင်များကိုမူ နောင်အခါ အသုံးပြုနိုင်ရန်အတွက် ချိန်းပိတ် သိမ်းဆည်းလိုက်ပေသည်။

စားသောက်ပြီးနောက် ချင်ယွမ်ဖုန်းသည် သူ၏ ခန္ဓာကိုယ်အတွင်း၌ ကြီးမားလှသော စွမ်းအင်များကို ခံစားလိုက်ရရာ ဤနေရာရှိ မိစ္ဆာသားရဲ၏ အသားသည် ကုန်ဆုံးနိုင်စွမ်းမရှိသော စွမ်းအားများကို ပေးစွမ်းနိုင်ပုံ ရပေသည်။ ချင်ယွမ်ဖုန်း၏ စိတ်ဓာတ်မှာ ရုတ်တရက် တက်ကြွလာပြီး ဤနေရာ၌ သူသည် ဆာလောင်မှုနှင့် ရေဆာလောင်မှုကို ခံစားရပါက အိပ်ချင်စိတ်ကိုရော ခံစားရမည်လောဟု တွေးတောမိလိုက်ပေသည်။

ဤသို့ တွေးတောမိသည်နှင့် သူသည် ခေါင်းကို ချက်ချင်း ခါယမ်းလိုက်ပေသည်။ စနောက်နေခြင်းပင်၊ သူသည် အိပ်ချင်စိတ် ခံစားရလျှင်ပင် မျက်လုံးကို မမှိတ်နိုင်ပေ။ ဤနေရာသည် အိပ်စက်ရန်နေရာ မဟုတ်ပေ၊ သို့မဟုတ်ပါက သူသည် ဤနေရာ၌ ထာဝရ အိပ်စက်သွားရပေလိမ့်မည်။

ထို့နောက် ချင်ယွမ်ဖုန်းသည် လျှို့ဝှက်နယ်မြေအတွင်း၌ စူးစမ်းရှာဖွေမှုကို ဆက်လက် ပြုလုပ်ခဲ့ပေသည်။

သူသည် မည်မျှကြာအောင် လမ်းလျှောက်ခဲ့မှန်း၊ မိစ္ဆာသားရဲ မည်မျှကို သတ်ဖြတ်ခဲ့မှန်း မသိတော့ပေ။ ချင်ယွမ်ဖုန်းသည် ဤနေရာသည် အဆုံးအစမရှိ အတိုင်းအဆမဲ့နေသည်ဟု ခံစားလိုက်ရပြီး ပင်ပန်းနွမ်းနယ်မှုကိုလည်း အနည်းငယ် ခံစားလိုက်ရချေသည်။ သို့ဖြစ်၍ သူသည် တောင်ခြေတစ်ခု၌ နေရာတစ်ခုကို ရှာဖွေလိုက်ပြီး အသားကင်အချို့ကို ထုတ်ယူကာ စားသောက်လိုက်ပေသည်။ အထူးနည်းလမ်းဖြင့် ပိတ်ထားခဲ့သောကြောင့် အသားကင်၏ အရည်အသွေးမှာ အနည်းငယ်မျှ ထိခိုက်မှု မရှိဘဲ ထုတ်ယူလိုက်သည့် အခါ၌ပင် ပူပူနွေးနွေး အငွေ့တထောင်ထောင် ရှိနေသေးပေသည်။

သူသည် အားရပါးရ စားသောက်နေစဉ်မှာပင် သူ၏ နောက်ကျောဘက်၌ မည်းမှောင်သော အရိပ်တစ်ခုသည် ဖြည်းညှင်းစွာ ပေါ်ထွက်လာခဲ့ပေသည်။

အခန်း(၁၂၀၀)

အလောင်းကောင်မိစ္ဆာ

ချင်ယွမ်ဖုန်းသည် မိမိ၏ ကျောဘက်၌ မည်သည့်အရာ ရောက်ရှိလာသည်ကို လုံးဝ သတိမမူမိချေ။ ထိုသူ၏ လက်ခြောက်ကပ်ကပ်ကြီးက မိမိကိုင်ထားသော ကင်ထားသည့် အသားတုံးဆီသို့ လှမ်းကိုင်လိုက်သည့် အချိန်အထိ မည်သည့် အရှိန်အဝါကိုမျှပင် စိစစ်မရရှိခဲ့ပေ။

ချင်ယွမ်ဖုန်းသည် မျက်လုံးများ ဗြူးခနဲ ကျယ်သွားလျက် ရင်ထဲ၌ ထိတ်လန့်သွားကာ ချက်ချင်းပင် ဘေးသို့ ခုန်ရှောင်လိုက်တော့သည်။

ထို့ပြင် ခေါင်းကို ဆတ်ခနဲ လှည့်ကြည့်လိုက်ရာ မိမိ၏ ကျောဘက်တွင် မည်းခြောက်ခြောက် ပုံရိပ်တစ်ခု ရောက်ရှိနေသည်ကို မြင်တွေ့လိုက်ရသဖြင့် မှင်တက်သွားရလေသည်။

သို့သော် ထိုသူ၌ မည်သည့် ဝိညာဉ်အနှစ်သာရမျှ ရှိပုံမရပေ။ မျက်ဆံများမှာလည်း ကြာမြင့်စွာကတည်းက ပျောက်ကွယ်နေခဲ့ပြီး ၎င်း၏နေရာတွင် မှုံဝါးဝါး ဖြူလျော့လျော့ အဆင်းဖြင့် အစားထိုးထား၏။

၎င်း၏ ခန္ဓာကိုယ်ထံမှ မည်သည့် အရှိန်အဝါကိုမျှ မခံစားရသလို လှုပ်ရှားမှုများမှာလည်း အလွန်ပင် တောင့်တင်းခက်ထန်နေပေသည်။

"လျှောက်သွားနေတဲ့ အလောင်းကောင်လား... အလောင်းကောင်မိစ္ဆာလား..." ချင်ယွမ်ဖုန်းသည် ထိုကောင်၌ မည်သည့် အရှိန်အဝါမျှ မရှိဘဲ မိမိအနေဖြင့် အာရုံပင် မခံယူနိုင်သည်ကို ရုတ်တရက် သဘောပေါက်လိုက်သည်။ သို့ဖြစ်ရာ ထိုသူသည် အလောင်းကောင်မိစ္ဆာ မဟုတ်ပါလော။

"မဟုတ်သေးပါဘူး... သေဆုံးနေတဲ့ အရာဆိုရင် သေခြင်းတရား အရှိန်အဝါ ရှိရမှာ ပေါ့... ဒါပေမဲ့ ငါ ဘာလို့ ဘာမှ မခံစားရတာလဲ..."

ချင်ယွမ်ဖုန်း၏ ရင်ထဲ၌ သံသယများ ပြည့်နှက်သွားရ၏။ ထိုသူသည် သေဆုံးနေသူလား သို့မဟုတ် အသက်ရှင်နေသူလားဆိုသည်ကို မဝေခွဲနိုင်အောင် ရှိတော့သည်။

သို့သော် ယခုအချိန်၌ ချင်ယွမ်ဖုန်းအနေဖြင့် ထိုမေးခွန်းကို စဉ်းစားနေသင့်သည့် အချိန် မဟုတ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသူသည် ၎င်းထံသို့ တစ်ဖန် ပြန်လည် လျှောက်လှမ်းလာပြီး လက်ခြောက်ကပ်ကပ်ကြီးကို ဆန့်ထုတ်လျက် လက်ညှိုးဖြင့် မိမိလက်ထဲမှ ကင်ထားသော အသားတုံးကို ထောက်ပြနေသောကြောင့်ဖြစ်၏။

အကယ်၍ ထိုသူသည် မိမိထံသို့ ပြေးဝင်တိုက်ခိုက်လာပါက ချင်ယွမ်ဖုန်းသည် အလိုအလျောက်ပင် ရှောင်ကွင်းမိပေလိမ့်မည်။

သို့သော် ယခုအချိန်တွင် မိမိရှေ့ရှိ မည်သည့် အရှိန်အဝါမျှ မရှိသော ထိုသူသည် မိမိလက်ထဲမှ အသားကင်ကို အလွန်ပင် စိတ်ဝင်စားနေပုံရသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

"အလောင်းကောင်မိစ္ဆာတွေက အသားစားလို့ ရလို့လား..."

ချင်ယွမ်ဖုန်းသည် ယင်းကို မယုံကြည်ပေ။ သို့သော် ထိုသူသည် အလောင်းကောင်မိစ္ဆာ သီးသန့်တော့ မဟုတ်တန်ရာ။ အဘယ်ကြောင့်ဆိုသော် သေဆုံးနေသည့် အရာများ၌ သေခြင်းတရား ဝိညာဉ်အရှိန်အဝါ ရှိစမြဲ ဖြစ်သော်လည်း ထိုသူ့ထံ၌ မည်သည့် အရှိန်အဝါမျှ မရှိသောကြောင့်ဖြစ်ပေသည်။

"ရော့... မင်းအတွက်..."

ချင်ယွမ်ဖုန်းသည် စမ်းသပ်သည့်အနေဖြင့် အသားကင်ကို ကမ်းပေးလိုက်ရာ ထိုသူသည် ချက်ချင်းပင် လှမ်းဆွဲယူလိုက်ပြီး ငမ်းငမ်းတက် ဝါးမျိုတော့၏။

ထိုသူသည် မိမိလက်ထဲမှ အသားကင်ကိုသာ စိတ်ဝင်စားကြောင်း မြင်တွေ့လိုက်ရသဖြင့် ချင်ယွမ်ဖုန်းလည်း များစွာ မစဉ်းစားတော့ပေ။

မည်သို့ပင်ဖြစ်စေ မိမိထံ၌ အသားကင်များစွာ ပါရှိပြီး ကုန်သွားလျှင်ပင် မိစ္ဆာသားရဲများကို အမဲလိုက်၍ ဆက်လက် ကင်စားနိုင်ပေသည်။

သို့သော် ထိုသူသည် အသားကင်ကို လျင်မြန်စွာ စားသောက်ပြီးသွားသည့်အခါ ကလေးတစ်ယောက်က မိဘထံမှ ပိုက်ဆံတောင်းသကဲ့သို့ ချင်ယွမ်ဖုန်းထံသို့ လက်တစ်ဖန် ပြန်လည် ဆန့်ထုတ်လိုက်ပြန်၏။

ချင်ယွမ်ဖုန်းလည်း ထိုသူကို ချော့မော့သည့်အနေဖြင့် အသားကင်များကို ဆက်လက် ထုတ်ပေးလိုက်သည်။

ခဏမျှ ကြာပြီးနောက် ထူးဆန်းသော လူသားသည် အသားကင်အားလုံးကို စားသောက်ပြီးသွားခဲ့ပြီး ချင်ယွမ်ဖုန်းထံမှ နောက်ထပ် တောင်းဆိုချင်နေသေး၏။

ချင်ယွမ်ဖုန်းမှာ အခြားရွေးချယ်စရာ မရှိတော့သဖြင့် လက်နှစ်ဖက်ကို အားကိုးမဲ့စွာ ဖြန့်ပြလိုက်ပြီး "ကုန်သွားပြီကွာ..." ဟု ပြောလိုက်ရတော့သည်။

ထိုသူ ဆန့်ထုတ်ထားသော လက်သည် လှုပ်ရှားသွားသော်လည်း ယခုတစ်ကြိမ်တွင်မူ လက်ညှိုးမှ လက်ခလယ်သို့ ပြောင်းလဲသွားပြီး ချင်ယွမ်ဖုန်းထံသို့ ဖြည်းညှင်းစွာ ထောင်ပြလိုက်လေ၏...

"တောက်..."

ချင်ယွမ်ဖုန်းသည် စိတ်တိုသွားရသည်။

ဤနိုင်ငံတကာသုံး လက်သင်္ကေတသည် စကြဝဠာ တစ်ခွင်လုံး၌ စကြဝဠာသုံး လက်သင်္ကေတ ဖြစ်နေလိမ့်မည်ဟု သေနတ်နှင့် ပစ်လျှင်ပင် မှန်းဆမိမည် မဟုတ်ပေ။

မိမိက စေတနာနှင့် အစားအစာ ပေးကမ်းခဲ့ပါလျက် အနှာအမြှောင် ပြုခြင်းကိုသာ တုံ့ပြန်ခံလိုက်ရ၏။

ချင်ယွမ်ဖုန်း၏ ရင်ထဲ၌ ဒေါသ အနည်းငယ် ထွက်ပေါ်လာရသည်။

ထိုသူအား ထိုးကြိတ်လှဲသိမ်းလိုက်ရန် ရှေ့သို့ ပြေးဝင်သွားခဲ့သော်လည်း မိမိ၏ လက်သီးသည် ထိုသူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီးနောက် ရုတ်တရက် "ဘန်း" ခနဲ အသံတစ်သံ ထွက်ပေါ်လာခဲ့၏။

မိမိသည် အဆုံးမဲ့ မြစ်ရေပြင်ကဲ့သို့ စွမ်းအားကြီးမားလှသော်လည်း နူးညံ့လှသော စွမ်းအားတစ်ခုက ထိုသူ၏ ခန္ဓာကိုယ်ထံမှ ပြန်လည် ရိုက်ခတ်လာသည်ကို ချက်ချင်း ခံစားလိုက်ရပြီး ချင်ယွမ်ဖုန်းအား တိုက်ရိုက် လွင့်ထွက်သွားစေတော့သည်။

ချင်ယွမ်ဖုန်းသည် နှာခေါင်းပေါက် ကွဲမတတ် ခေါင်းငိုက်စိုက် ကျသွားရ၏။

ပြန်လည် ထရပ်လိုက်သည့်အခါ ထိုသူသည် မိမိအား နိုင်ငံတကာသုံး လက်သင်္ကေတကို နောက်တစ်ကြိမ် ပြန်လည် ထောင်ပြလိုက်ပြန်သည်။

"တောက်..."

ထိုသူ၏ ပြင်းထန်သော ခွန်အားကြောင့် ချင်ယွမ်ဖုန်းသည် မကျေမနပ်ဖြင့်ပင် "မင်း စောင့်နေစမ်း..." ဟု ပြောလိုက်ရတော့၏။

ထိုသို့ ပြောဆိုပြီးနောက် လှည့်ထွက်သွားလျက် တောအုပ်အတွင်းသို့ ဝင်ရောက်သွားခဲ့ပြီး ခဏမျှ ကြာပြီးနောက် ဝဖျော့ဖျော့ မိစ္ဆာသားရဲတစ်ကောင်ကို ထမ်းမက မယူဆောင်လာခဲ့သည်။

ထိုသူ့ထံသို့ ရောက်ရှိလာပြီးနောက် မိစ္ဆာသားရဲကို ၎င်းထံသို့ ပစ်ပေးလိုက်သော်လည်း ထူးဆန်းသော လူသားသည် စကားတစ်ခွန်းမျှ မဆိုဘဲ မိစ္ဆာသားရဲအား အလွန်ပင် မထီမဲ့မြင် ပြုသည့်အလား ကန်ထုတ်လိုက်လေသည်။

ချင်ယွမ်ဖုန်းသည် တစ်စုံတစ်ခုကို သဘောပေါက်လိုက်သည့်အလား မျက်မှောက်ကြုတ်လိုက်၏။

သို့ဖြစ်ရာ မိစ္ဆာသားရဲ၏ အလောင်းကို ဆွဲယူလာခဲ့ပြီး သန့်စင်အောင် ပြုလုပ်လိုက်ကာ လက်ဝါး၌ စွမ်းအားများ စုစည်းလိုက်သည့်အခါ "ဘန်း" ခနဲ အသံနှင့်အတူ မီးတောက်တစ်ခု တောက်လောင်သွားခဲ့သည်။

ပူပြင်းသော မီးလျှံသည် ချင်ယွမ်ဖုန်း၏ မျက်နှာကို ချက်ချင်းပင် လင်းလက်သွားစေ၏။

သို့သော် ယခုအချိန်၌ ထူးဆန်းသော လူသားသည် သရဲမြင်လိုက်ရသည့်အလား ကြောက်ရွံ့စွာ နောက်ဆုတ်သွားခဲ့ပေသည်။

"မင်း ဘာဖြစ်တာလဲ..."

ချင်ယွမ်ဖုန်းသည် ထိုသူ နောက်ဆုတ်သွားသည်ကို မြင်တွေ့လိုက်ရပြီး အကြောင်းရင်းကို မသိရှိသဖြင့် မေးမြန်းရန် နောက်မှ လိုက်သွားခဲ့၏။

သို့သော် ထိုသူ၏ အကြည့်သည် မိမိလက်ထဲမှ မီးလျှံကို ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်ရှုနေဆဲ ဖြစ်ပေသည်။

ချင်ယွမ်ဖုန်းသည် ၎င်း၏ အကြည့်အတိုင်း ပြန်လည် ကြည့်ရှုလိုက်ရာ ဤထူးဆန်းသော လူသားသည် အမှန်တကယ်၌ မီးလျှံကို ကြောက်ရွံ့နေခြင်းဖြစ်ကြောင်း ချက်ချင်းပင် နားလည်လိုက်ရတော့၏။

ထိုအခါမှပင် ချင်ယွမ်ဖုန်းသည် ဤကောင်သည် အသားကင်ကို စားချင်သော်လည်း ကိုယ်တိုင် ပြုလုပ်ခြင်း မရှိသည့် အကြောင်းရင်းကို သဘောပေါက်သွားရပေသည်။

ထိုသူသည် မိမိအား အနှာအမြှောင် ပြုခဲ့သော်လည်း ချင်ယွမ်ဖုန်းသည် ၎င်းထံမှ မည်သည့် မကောင်းသော ရည်ရွယ်ချက်ကိုမျှ မခံစားရပေ။

သို့ဖြစ်ရာ မိစ္ဆာသားရဲ အသားကို ကင်ပေးလိုက်ပြီးနောက် မီးလျှံကို ငြိမ်းသတ်လိုက်ကာ ၎င်းအား ခေါ်ယူလိုက်တော့သည်။

ထိုသူ ရောက်ရှိလာပြီးနောက် တောင့်တင်းနေသော ခန္ဓာကိုယ်သည် ကိုင်းညွတ်သွားခဲ့ပြီး အားစိုက်ထုတ်လျက် ချင်ယွမ်ဖုန်း၏ ဘေး၌ ဝင်ထိုင်ကာ အသားကင်ထံသို့ လက်လှမ်းလိုက်၏။

ထိုမျှကြီးမားသော မိစ္ဆာသားရဲတစ်ကောင်လုံးကို ကင်ပေးထားရာ ၎င်းသည် အမြိန်တယှက် စားသောက်လေတော့သည်။

"အိအ်..."

လေချဉ်တက်သံ ထွက်ပေါ်လာခဲ့ပြီး ချင်ယွမ်ဖုန်းသည် ထိုကောင်၏ ခန္ဓာကိုယ်အတွင်း၌ ချီစွမ်းအင် အစအနတစ်ခု စီးဆင်းသွားသည်ကို ရုတ်တရက် သတိပြုလိုက်မိ၏။ သို့သော် ထိုချီစွမ်းအင်သည် အလွန်ပင် လျင်မြန်စွာ ပေါ်ထွက်လာပြီး ပျောက်ကွယ်သွားခဲ့ကာ ပုံမှန်အခြေအနေသို့ ချက်ချင်း ပြန်လည် ရောက်ရှိသွားပေသည်။

ထိုသူသည် ဗိုက်ဝသွားပုံရပြီး ၎င်း၏ ဖြူလျော့လျော့ မျက်လုံးများဖြင့် ချင်ယွမ်ဖုန်းအား ကြည့်ရှုလိုက်၏။

ထို့နောက် လက်ဝါးထံမှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီးနောက် ရွှေရောင် နဂါးအကြေးခွံ ကဲ့သို့သော အရာတစ်ခု ပါဝင်လာခဲ့သည်။

ထိုအရာသည် ဒြပ်ထုမရှိသည့် ပုံစံမျိုး ပေါ်လွင်နေ၏။

သို့သော် ထိုသူသည် ချင်ယွမ်ဖုန်း၏ ခေါင်းကို သာသာယာယာ ပုတ်ပေးလိုက်သည်။

"ဖြန်း" ခနဲ အသံနှင့်အတူ။

ချင်ယွမ်ဖုန်းသည် မိမိ၏ စိတ်ထဲသို့ များပြားလှစွာသော သတင်းအချက်အလက်များ တိုးဝင်လာသည်ကို ချက်ချင်း ခံစားလိုက်ရတော့၏။

ဤအချိန်အတွင်း ချင်ယွမ်ဖုန်းသည် ကြာမြင့်စွာ မှင်တက်နေခဲ့ပြီး နောက်ဆုံး၌ သတင်းအချက်အလက် အားလုံးကို အပြည့်အဝ နားလည် သဘောပေါက်သွားခဲ့သည်။

ချက်ချင်းပင် ချင်ယွမ်ဖုန်းသည် အံ့အားသင့်စွာဖြင့် ဤထူးဆန်းသော လူသားသည် မိမိအား ကျင့်စဉ်ပညာရပ်တစ်ခု အမှန်တကယ် ပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။

ထို့ပြင် ဤကျင့်စဉ်ပညာရပ်သည် ရှေးဟောင်းခေတ်မှ ဆင်းသက်လာပုံရပေသည်။ အချို့သော အကြောင်းအရာများကို မိမိအနေဖြင့် မသိရှိနိုင်သော်လည်း မိမိ၏ စိတ်ဝိညာဉ်နယ်ပယ်မှတစ်ဆင့် သဘောပေါက် နားလည်နိုင်ပေသည်။

ထို့နောက် ချင်ယွမ်ဖုန်းသည် ကျင့်စဉ်ပညာရပ်ကို စတင် လှုပ်ရှားလိုက်တော့၏။

လွင့်မျောခြင်း ရှေးဟောင်းနဂါးကြီးထံမှ ရရှိခဲ့သော ကျင့်စဉ်ပညာရပ်ဖြင့် မူလက စုစည်းထားသည့် ကြောက်မက်ဖွယ်ရာ နဂါးအကြေးခွံများ၏ ဘေးပတ်လည်၌ ရွှေဝါရောင် အလင်းတန်းတစ်ခု အပိုထွက်ပေါ်လာခဲ့ရာ ရွှေရောင် နေရောင်ခြည်ဖြင့် အနားကွပ်ထားသည့်အလား ဖြစ်သွားရလေသည်။

အပြောင်းအလဲမှာ အလွန်ပင် မထင်ရှားသော်လည်း ထိုသူပေးခဲ့သော ကျင့်စဉ်ပညာရပ်သည် လွင့်မျောခြင်း ရှေးဟောင်းနဂါးကြီး၏ ကျင့်စဉ်ပညာရပ်ကို အမှန်တကယ် အထောက်အကူပြုနိုင်ကြောင်း ချင်ယွမ်ဖုန်း ချက်ချင်း ခံစားလိုက်ရ၏။

ထို့ပြင် ထိုသူ၏ ကျင့်စဉ်ပညာရပ်ကို ကျင့်ကြံပြီးသည့်အခါ ချင်ယွမ်ဖုန်းသည် မိမိ၏ ဝိညာဉ်စွမ်းအင်ပင်လယ် အတွင်း၌ ရွှေရောင်အရာတစ်ခု ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာပုံရသည်ကို တိုက်ရိုက် ခံစားလိုက်ရသည်။

ယင်းသည် ရွှေရောင်ဆေးလုံး မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ရွှေရောင်ဆေးလုံးမှာ စုစည်းပြီးသား ဖြစ်သောကြောင့်ဖြစ်၏။

ဤအရာသည် အလွန်ပင် ထူးခြားသည့် စွမ်းအင်အမျိုးအစား ဖြစ်တန်ရာ၏။

ကျင့်စဉ်ပညာရပ်ကို ရရှိပြီးနောက် ခဏမျှ စမ်းသပ်ကြည့်ရုံဖြင့် ချက်ချင်း အကျိုးသက်ရောက်မှုများ ရှိလာခဲ့ရာ ချင်ယွမ်ဖုန်းသည် စိတ်အားထက်သန်စွာဖြင့် ချက်ချင်းပင် ဆက်လက် ကျင့်ကြံတော့သည်။

တဖြည်းဖြည်းနှင့် မိမိ၏ ခန္ဓာကိုယ်အတွင်းရှိ ရွှေရောင်စွမ်းအင်များ တိုးပွားလာသည်ကို ခံစားလိုက်ရပြီး နဂါးအကြေးခွံ သံချပ်ကာ၏ တောက်ပါမှုသည်လည်း ရေခဲပြာရောင်နှင့် ရွှေဝါရောင်တို့ တဖြည်းဖြည်း ပေါင်းစပ်သွားခဲ့ကာ ဒြပ်ထု ရှိလာပုံရပေသည်။

ဤအကျိုးသက်ရောက်မှုသည် ချင်ယွမ်ဖုန်းအား အလွန်ပင် အကျိုးရှိစေခဲ့၏။ အကယ်၍ ဆက်လက် ကျင့်ကြံပါက ပိုမို ဆန်းကြယ်သော အပြောင်းအလဲများ ဆက်လက် ဖြစ်ပေါ်လာမည်မှာ သေချာပေသည်။

သို့သော် ဤနေရာသည် ကျင့်ကြံရန် နေရာ မဟုတ်ပေ။

ထို့ကြောင့် မိမိ၏ ကျင့်ကြံခြင်း အခြေအနေမှ ပြန်လည် နိုးထလာခဲ့ပြီး ထူးဆန်းသော လူသားအား ကြည့်ရှုလျက် ပြုံးပြလိုက်ကာ "မိတ်ဆွေ... ကျေးဇူးပါပဲ..." ဟု ပြောလိုက်တော့၏။

All Chapters