အပိုင်း(၁၄၄၇)
Vol. 105 Ch. 1447
ခဏအကြာတွင် ဝမ်လင်း၏မျက်လုံးထဲတွင် စိတ်ပြတ်သားမှုတို့ ပြည့်နှက်လာ၏။ သူက မိစ္ဆာစိတ်ဝိညာဉ်ပုလင်းထံသို့ သူ့ညာလက်ကို ညွှန်လိုက်သည်။ ထိုပုလင်းထံမှ ဗလုံးဗထွေးအသံ ချက်ခြင်း ထွက်ပေါ်လာ၏။ ယင်းဟိန်းသံကား ထွင်းဖောက်နိုင်သောအားတစ်ခု ပါဝင်ကာ ဝမ်လင်း၏စိတ်အတွင်းသို့ တိုက်ရိုက် ဝင်ရောက်လာသည်။
“ပိုးဖလံရဲ့စွမ်းအားနဲ့ နေမင်းကို ယှဉ်ဝံ့တယ်လား…” ဝမ်လင်းသည် နှာခေါင်းရှုံ့လိုက်၏။ သူ့အသံသည် လှိုင်းဂယက်များအဖြစ် ပြောင်းလဲသွားပြီး ထိုအသံများနှင့် ထိပ်တိုက်တွေ့ဆုံသည်။
သိပ်မကြာခင်တွင် မိစ္ဆာစိတ်ဝိညာဉ်ပုလင်းထံမှ အနက်ရောင်မြူများ ထွက်ပေါ်လာ၏။ ထိုအနက်ရောင်မြူများအတွင်းမှာ ရုန်းကန်နေသောရှေးဟောင်းမိစ္ဆာစိတ်ဝိညာဉ်များ ရှိလေ၏။ ၎င်းတို့သည် ဝမ်လင်းထံသို့ ချက်ခြင်း တိုးဝင်လာသည်။
ဝမ်လင်း၏အမူအရာမှာ တည်ငြိမ်နေ၏။ မိစ္ဆာစိတ်ဝိညာဉ်များ သူ့ထံ တရကြမ်း တိုးဝင်လာနေရင်း သူက သူ့လက်ကို ဝေ့ယမ်းသည်။ လေပြင်းတစ်ခုသည် မိစ္ဆာစိတ်ဝိညာဉ်များအပေါ် ခြုံလွှမ်းတိုက်ခတ်သွား၏။ ယင်းတို့အားလုံးမှာ သူ့လက်ထဲတွင် ပိတ်မိသွားလေ၏။
“တာအိုမန္တာန်…ပေါင်းစပ်ခြင်း…” ဝမ်လင်း၏အသံမှာ တည်ငြိမ်သည်။ သို့သော် အေးစက်မှုပါဝင်နေ၏။
သူ့အသံ ထွက်ပေါ်လာရင်း သူ့မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု ပေါ်ထွက်၏။ သူသည် ချက်ခြင်းပင် တာအိုသခင်အိပ်မက်ပြာ၏ ပေါင်းစပ်ခြင်းတာအိုမန္တာန်ကို အသုံးပြုလိုက်ပေသည်။ တစီစီအသံများ ပဲ့တင်ထပ်ကုန်၏။ မိစ္ဆာစိတ်ဝိညာဉ်များသည် စတင်ငြီးငြူအော်ဟစ်ကုန်သည်။ ယင်းတို့သည် လွတ်မြောက်လို၏။ သို့သော် ဝမ်လင်း၏ လက်ထဲကနေ မည်သို့လွတ်မြောက်နိုင်ပါ့မည်နည်း။
ဝမ်လင်းက မျက်လုံးမှိတ်လိုက်ကာ သူ့စိတ်ကိုယ်သူ စူးနစ်စွာ အာရုံစိုက်သည်။ တာအိုမန္တာန်၏ သက်ရောက်မှုများအောက်တွင် မရေမတွက်နိုင်သောမိစ္ဆာများသည် အတူတကွ ပေါင်းစည်းမှု ပြုသည်။ အချိန် ဖြည်းဖြည်းချင်း ကုန်လာ၏။ မျက်စိတစ်မှိတ်အတွင်း ခုနစ်ရက်တာ ကုန်လွန်သွားခဲ့သည်။
ထိုခုနစ်ရက်အတွင်း ဝမ်လင်းသည် တာအိုမန္တာန်ကို အဆက်မပြတ်အသုံးပြုနေရပြီး တစ်စက်လေးမှ အနားမရပေ။ ယနေ့တွင် မိစ္ဆာစိတ်ဝိညာဉ်များသည် အလုံးတစ်လုံးအဖြစ်သို့ အတူတကွ ပေါင်းစပ်သွားသည်။ ယင်းအလုံးသည် တစ္ဆေအလင်းတစ်ခုကို ပေးစွမ်းလေ၏။ ထိုအလင်းမှာ အားကောင်းသည်ထက် အားကောင်းကာ လှိုဏ်ဂူတစ်ခုလုံးအား လင်းထင်းသွားစေသည်။
အလုံးထံမှ ပြင်းထန်သောအော်ရာတစ်ခု ထွက်ပေါ်လာ၏။ တစ်ချိန်တည်းမှာ မရေမတွက်နိုင်သော မိစ္ဆာစိတ်ဝိညာဉ်များ ပေါင်းစည်ခြင်းမှ မြည်ဟည်းသော အော်မြည်သံတစ်သံသည် ပဲ့တင်ထပ်လေ၏။
“မင်းက ငါ့ရှေးဟောင်းမိစ္ဆာကလန်ကို သန့်စင်ပစ်ချင်တာလား။ မဖြစ်နိုင်ဘူး…”
“သွေးသန့်စင်ခြင်း…” ဝမ်လင်းသည် ရုတ်တရက် မျက်လုံး ဖွင့်လာသည်။ သူက သူ့လျှာထိပ်ကို ကိုက်ကာ သွေးထွေးထုတ်၍ ၎င်းအလုံးပေါ်သို့ ကျရောက်စေလိုက်သည်။ ထိုသွေးတွင် အဆီအနှစ်ပါဝင်သလို ဝမ်လင်း၏ရှေးဟောင်းနတ်ဘုရား နှလုံးသွေးဆိုလည်း ဟုတ်သည်။
ထိုသွေးက သည်အလုံးပေါ်သို့ ကျရောက်သွားသည်တွင် ယင်းအလုံးမှာ နာကျင်စွာမြည်သံ ဖြစ်ပေါ်သည်။ ထိုအလုံးမှာ ပရမ်းပတာ ဖြစ်လာပြီး အချိန်မရွေး ပျက်စီးတော့မည့်အလား။
တစ္ဆေဆန်သောအလင်းသည် လုံးဝနီးပါး ပျောက်ကွယ်ကာ သွေးအလင်း၏ အစားထိုးခြင်းကို ခံရ၏။ သွေးအလင်းသည် ဖြည်းဖြည်းချင်းဖြင့် ဤအလုံးကို လှည့်ပတ်သည်။ အလုံးမှာ သွေးနီရောင်ဖြစ်လာဖို့ရာ သိပ်မကြာလိုက်ချေ။
ဝမ်လင်းသည် စိတ်အနည်းငယ် အေးသွား၏။ သူ့ညာလက်ကို ဆန့်ထုတ်လိုက်ပြီး မိစ္ဆာစိတ်ဝိညာဉ်ပုလင်းကို လှမ်းယူလိုက်သည်။ သူက မူလစွမ်းအင်ကို ထွေးထုတ်လိုက်ပြီး ပုလင်းအတွင်းသို့ ဝင်ရောက်စေသည်။ ချက်ခြင်းပင် မရေမတွက်နိုင်သော မိစ္ဆာစိတ်ဝိညာဉ်များနှင့်အတူ အနက်ရောင်အခိုးငွေ့များသည် ပျံသန်းထွက်လာ၏။ ယင်းတို့ပေါ်လာသည်နှင့် သွေးလုံး၏စုပ်ယူခြင်းကို ခံလိုက်ရချေသည်။
“ဒီရှေးဟောင်းမိစ္ဆာရတနာမှာ ရှေးဟောင်းမိစ္ဆာစိတ်ဝိညာဉ်သုံးထောင် ပါဝင်တယ်။ ငါက ဒီစိတ်ဝိညာဉ်အားလုံးကို ပေါင်းစပ်ပြီး ငါ့ရဲ့ရှေးဟောင်းမိစ္ဆာကိုယ်ပွားကို ဖွဲ့စည်းမယ်…”
ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်သည်။ ထို့နောက် သည်လှိုဏ်ဂူမှာ မြူများနှင့် ပြည့်သိပ်လာ၏။ မြူများမှာ မိစ္ဆာစွမ်းအင်နှင့် ပြည့်နှက်သည်။
ဝမ်လင်းသည် မိစ္ဆာစိတ်ဝိညာဉ်များကို သန့်စင်နေရင်း အချိန် ဖြည်းဖြည်းချင်း ကုန်ဆုံးလာသည်။ တစ်လတာ ကုန်လွန်သွားခဲ့ပြန်ပြီ။
ပြိုလဲအကြီးအကဲရွေးချယ်ပွဲမှာ တစ်လပင် မလိုတော့ပေ။ ဝမ်လင်းသည် ဒီနှစ်လလုံး တံခါးပိတ်ကျင့်ကြံနေ၏။ ထိုနှစ်လအတွင်း ပြိုလဲကုန်းမြေတွင် အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ပွားခဲ့၏။
ပြိုလဲကုန်းမြေ၏ အစွန်းအနားနေရာ၊ လူသူကင်းမဲ့သောဂြိုဟ်တစ်ခုပေါ်တွင် ထိုဂြိုဟ်တစ်ခုလုံးသည် မီးတောက်များ လောင်ကျွမ်းသွားခဲ့၏။ ယင်းမီးမှာ အပြာရောင်ဖြစ်ကာ ဂြိုဟ်တစ်ခုလုံးအား လွှမ်းခြုံသွားသည်။
သို့ပေမည့် ထိုမီးသည် အချိန်အကြာကြီး ကျွမ်းလောင်ခဲ့သည်တော့ မဟုတ်ပေ။ ၎င်းသည် ရှစ်မိနစ်ကြာပြီးနောက် လွင့်ပါးသွား၏။ ထို့နောက် အရာအားလုံးသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ သို့ပေမည့် ထိုရှစ်မိနစ်လောက်က ပြိုလဲကုန်းမြေရှိ မီးကျင့်ကြံသူအားလုံး၏ အရေပြားကို ကျိန်းစပ်သွားစေသည်။
သူတို့သည် မည်သည့်အရာများကို လုပ်နေပါစေ ထိုဂြိုဟ်မှ မီးတောက်များ ပေါက်ကွဲလာသည်နှင့် သူတို့အားလုံး တုန်လှုပ်ခဲ့ရ၏။ သူတို့၏ခန္ဓာကိုယ်များအတွင်းမှ မီးများသည် ထိန်းချုပ်မှုလွတ်ကင်းကာ ပျံသန်းထွက်ကုန်သည်။
သူတို့၏မီးများသည် ထိုလူသူကင်းမဲ့သောဂြိုဟ်ထံသို့ ဆင့်ခေါ်ခြင်းခံရသည့်အလား ဦးတည် ရွှေ့လျားသွားကြ၏။
ထိုထူးဆန်းသောအရာက မီးကျင့်ကြံသူအားလုံးကို တုန်လှုပ်စေခဲ့သည်။ အထူးသဖြင့် မီးစာကလေးကလန်မှ လူများသည် အခြားသူများထက် မီးကို အာရုံခံစားနိုင်စွမ်း ပိုအားကောင်းကြသည်။ ဝမ်လင်းနှင့် အရောင်းအဝယ်ပြုလုပ်ခဲ့သော အကြီးအကဲသည်လည်း ကျင့်ကြံနေရင်း သူ့ခန္ဓာကိုယ်အတွင်းမှ မီးများ ရုတ်တရက် ထွက်ပေါ်ကာ မီးစာကလေးအသွင်သို့ ပြောင်းလဲခဲ့၏။ ယင်းစာကလေးက တောင်ပံဖွင့်ဟကာ အဝေးသို့ ပျံသန်းသွားတော့မည့်ဟန် ထင်ရ၏။ ထိုအဖြစ်က ဒီအကြီးအကဲ၏ အမူအရာကို ကြီးစွာ ပြောင်းလဲသွားစေသည်။
ထိုကိစ္စသည် ပြိုလဲကုန်းမြေ၏ မီးကျင့်ကြံသူများ၏အာရုံကို ဖမ်းစားခဲ့ပေသည်။ မီးစာကလေးကလန်၏ အကြီးအကဲသည် တံခါးပိတ်ကျင့်ကြံနေရာကနေ အလျင်အမြန် ထွက်ခွာလာကာ ကလန်ဝင်အနည်းငယ်နှင့်အတူ ထိုလူသူကင်းမဲ့သောဂြိုဟ်ထံသို့ သွားရောက်၏။ သို့ပေမည့် သူ ရောက်ရှိလာချိန်တွင် သူ မည်မျှကြိုးစားရှာဖွေပါစေ မည်သည့်အရာကိုမျှ မတွေ့ရတော့ပေ။ သို့သော်လည်း သူသည် ဆေးလုံးများထဲမှတစ်လုံးကဲ့သို့ တူညီသော မီးအနှစ်သာရအရိပ်အယောင်ကို ခံစားမိခဲ့သည်။
ပြိုလဲကုန်းမြေမှ ဆေးလုံးထဲမှ သွေးစက်ကို သွားရောက်ပို့ဆောင်သော သုံးယောက်ကမူ ယင်းသွေးစက်ကို မီးစာကလေးကလန်ထံ ပေးအပ်ခဲ့ပြီး ဖြစ်၏။ ထို့နောက် သူတို့သည် ထပ်မံဆင့်ခေါ်မည်ကို စောင့်ဆိုင်းနေကြ၏။ သူတို့က သည်သွေးစက်မှာ ကလန်၏အာရုံစိုက်မှုကို ဖမ်းစားနိုင်မည်လား မသိသည့်အတွက် ပူပန်နေကြသည်။
မီးစာကလေးကလန် စိုးမိုးထားသော ကျယ်ပြောသောကြယ်နယ်မြေအတွင်း၌ ပင်မဂြိုဟ်ပေါ်ရှိ နေရာအနှံ့အပြားတွင် ဧရာမမီးစာကလေးရုပ်တုများစွာ ရှိနေ၏။ ယင်းရုပ်တုများကြားတွင် မိုးထိမြင့်မားလှသော ရုပ်တုတစ်ခုလည်း ရှိချေသည်။
ထိုရုပ်တု၏အောက်၌ အဆောက်အဦခန်းမတစ်ခု ရှိသည်။ ဤအခိုက်အတန့်တွင် ထိုခန်းမထဲ၌ အဘိုးအိုတစ်ယောက် ထိုင်နေ၏။ သူ၏မျက်နှာမှာ နီရဲလျက် မီးတောက်များ ဖုံးလွှမ်းလေ၏။ သူသည် မီးစာကလေးကလန်၏ခေါင်းဆောင်ပင်။
သူ့ရှေ့တွင်မူ သွေးစက်တစ်စက် ရှိနေ၏။ သူက ထိုသွေးစက်ကို စိုက်ကြည့်နေလျက် တုန်လှုပ်မိနေသည်။
“ဒါက အနှစ်သာရပဲ…”
ထိုအဘိုးအို၏မျက်လုံးသည် တောက်ပသွား၏။ထို့နောက် သူက ရုတ်တရက် မတ်တထရပ်ကာ သွေးစက်ကို လှမ်းယူပြီး ခြေတစ်လှမ်းလှမ်းကာ သဲလွန်စမရှိ ပျောက်ကွယ်သွားလေသည်။
သူ ပြန်ပေါ်လာသည့်အခါ သူသည် ဒီကျင့်ကြံခြင်းဂြိုဟ်၏အတွင်းဘက်ပိုင်းသို့ ရောက်နေလေပြီ။ ထိုဂြိုဟ်၏အတွင်းဘက်မှာ ချိုင့်ခွက်သဏ္ဌာန်ရှိကာ မီးများနှင့် ပြည့်လျှံနေသည်။ မီးကျင့်ကြံသူများသည်ပင် ယင်းမီးကို တောင့်ခံနိုင်ဖို့ ခက်ခဲလေမည်။
ထိုအဘိုးအိုက မီးပင်လယ်ကို အလျင်အမြန် ဖြတ်သန်းလာကာ သိပ်မကြာခင်တွင် ဂြိုဟ်၏အတွင်းနက်ပိုင်းသို့ ရောက်ရှိလာ၏။ ထိုနေရာရှိ မီးသည် ခရမ်းရင့်ရောင်ရှိကာ ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။
ခရမ်းမီးတောက်၏ ဗဟိုချက်တွင် တဖျပ်ဖျပ် ဖြစ်နေသော အစီအရင်တစ်ခု ရှိချေသည်။ ထိုအစီအရင်အတွင်းမှာ သက်လတ်ပိုင်းအရွယ်လူတစ်ယောက် ထိုင်နေသည်။ သူ့အဝတ်အစားများမှာလည်း ခရမ်းရောင်ရှိ၏။ သူသည် ကျင့်ကြံနေလျက်ဖြင့်ပင် တုန်လှုပ်ဖွယ်အော်ရာတစ်ခုသည် သူ့ခန္ဓာကိုယ်ပတ်လည်တွင် လှည့်ပတ်နေချေသည်။
ကလန်ခေါင်းဆောင်အဘိုးအိုသည်ပင် ခရမ်းရင့်ရောင်မီးကို လန့်နေဟန်တူ၏။ သူသည် အပြင်ဘက်အစွန်းနားတွင် နေကာ တလေးတစား ပြောလိုက်သည်။ “ဂျူနီယာက ဘိုးဘေးကို တွေ့ရဖို့ တောင်းဆိုပါတယ်…”
အဘိုးအို ထိုသို့ ပြောပြီးသည့်နောက် မလှုပ်မယှက်ရပ်နေကာ ဆင့်ခေါ်မည်အား စောင့်ဆိုင်းသည်။
အချိန်အတန်ကြာပြီးနောက် သက်လတ်ပိုင်းအရွယ်လူက ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာ၏။ သူ့မျက်လုံးတစ်လုံးစီတွင် မီးအမှတ်အသားတစ်ခု ပါဝင်သည်။ သူ့မျက်ခုံးနှစ်ခုကြားမှ အမှတ်အသားကိုပါ ထည့်ပေါင်းပါက ယင်းတို့သည် တြိဂံအသွင်ဆောင်သည်။
မီးအမှတ်အသားသုံးခု ရှိနေ၏။ သို့သော် အရောင်များမှာ ကွဲပြားသည်။ သူ့မျက်ခုံးနှစ်ခုကြားမှ အမှတ်အသားသည် ခရမ်းရောင်၊ သူ့ညာမျက်လုံးထဲရှိ မီးအမှတ်အသားကမူ အပြာရောင်၊ ဘယ်မျက်လုံးထဲရှိ အမှတ်အသားကမူ သိမ်မွေ့ထည်ဝါမှုအသွင်ဆောင်၏။ ၎င်းက မတည်ရှိသကဲ့သို့ပင်။ သို့သော် သင်သည် အသေအချာ ကြည့်ပါက ၎င်း၏အရိပ်အမြွက်ကို မြင်နိုင်ပေမည်။
ဒီလေးနက်သိမ်မွေ့သောမီးသည် အခုထိ ခိုင်မာမှု မရှိသေးဟန်ရပြီး ဝေဝါးနေချေ၏။
သို့သော်လည်း ယင်းသိမ်မွေ့သောမီး၏ အရိပ်အယောင်ကပင် ကလန်ခေါင်းဆောင်အဘိုးအိုကို တုန်လှုပ်စေနိုင်ပေသည် သူက ခေါင်းငုံ့ကာ ဒုတိယအကြိမ်ထပ်မကြည့်ဝံ့တော့ချေ။
“မင်းက ကလန်ခေါင်းဆောင် ဖြစ်နေရင်တောင် ငါ့ ဆင့်ခေါ်မှုမရှိဘဲ ဒီတော်ဝင်ကုန်းမြေကို ခြေလှမ်းတစ်ဝက်တောင် ချခွင့်မရှိဘူး။ ဒီအချက်ကို မင်းမေ့သွားတာလား…” သက်လတ်ပိုင်းလူ၏အသံမှာ တဲ့တိုးဆန်၏။
အဘိုးအို၏မျက်နှာထက်တွင် ချွေးများပြန်နေပြီ။ သူသည် နှုတ်ခမ်းသပ်ကာ ခပ်တိုးတိုး ပြောလိုက်သည်။ “ဘိုးဘေး…ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့။ ဂျူနီယာဟာ ကလန်ဝင်အချို့က အလွန်ထူးဆန်းတဲ့သွေးတစ်စက်ကို တွေ့ခဲ့တာနဲ့ ပတ်သတ်လို့ ပူပန်မိလိုပါ။ဒါ့ကြောင့် ငါက ဘိုးဘေးအနေနဲ့ ဒီသွေးကို စစ်ဆေးကြည့်ပေးဖို့ တောင်းဆိုချင်ပါတယ်…”
သက်လတ်ပိုင်းလူ၏အမူအရာသည် ပြောင်းလဲမသွားပေ။ မည်သည့်အရာကမျှ သူ့အမူအရာကို ပြောင်းလဲသွားအောင် မလုပ်နိုင်သည့်အလား။
“မင်းက ငါ့ကို ဒီလိုကိစ္စလေးနဲ့ လာနှောက်ယှက်နေတယ်။ မင်းလိုလူ ကလန်ခေါင်းဆောင်တစ်ယောက် ဖြစ်နေတဲ့ ငါ သဘောမကျတော့ဘူး။ ဒီသွေးကို ထုတ်ပြီးထားခဲ့လိုက်။ ပြီးရင် ကလန်ရဲ့ တတိယဥပဒေအတိုင်း မင်းကိုယ်မင်း အပြစ်ပေးပါ…”
အဘိုးအို၏မျက်နှာသည် ချက်ခြင်း ဖြူရောသွားသည်။ သူသည် ရှင်းပြလို၏။ သို့သော် သူက ခရမ်းမီးပင်လယ်ထဲရှိ ဘိုးဘေးကို တွေ့မြင်လိုက်သည်နှင့် ခေါင်းသာညိတ်ပြမိသည်။ သူက သူ့ညာလက်ကို ဝေ့ယမ်းရာ လောင်ကျွမ်းနေသောသွေး ပေါ်လာ၏။ ထို့နောက် အဘိုးအိုသည် ခေါင်းငုံ့ကာ ထွက်သွားသည်။
သက်လတ်ပိုင်းလူက သူ့လက်ကို အသာ ဆန့်ထုတ်လိုက်ပြီး သွေးစက်ကို လှမ်းယူသည်။ သွေးစက်သူ့လက်ထဲ ကျရောက်လာသည့်အခါ သူက ဖြစ်သလိုတစ်ချက်သာ ကြည့်လိုက်၏။ သို့ပေမည့် ထိုအကြည့်တစ်ချက်ကပင် သူ့အမူအရာကို အကြီးအကျယ် တုန်လှုပ်သွားစေပြီး သူသည် မျက်လုံးမျက်ဆန်ပြူးဖြင့် သွေးစက်ကို စိုက်ကြည့်မိလေသည်။
“ဒါ…ဒါက…” ထိုလူ၏ တည်ငြိမ်မှုမှာ ပျက်စီးသွားခဲ့လေပြီ။ တုန်လှုပ်မှု၊မယုံကြည်နိုင်ဖြစ်မှုတို့က အစားထိုးဝင်လာ၏။ သူသည် ထိုသွေးစက်ကို သေချာထပ်ကြည့်သည်။ သူ့နတ်ဘုရားအာရုံကိုပါ ထုတ်လွှတ်လိုက်၏။ သူက အကြိမ်ရာချီ စစ်ဆေးကြည့်ပြီးနောက် သူ့မျက်လုံးထဲရှိ တုန်လှုပ်မှုမှာ ပိုအားကောင်းလာသည်။
“ဟင်္သာငှက်သွေး…။ဒါက ဟင်္သာငှက်သွေးပဲ…” သက်လတ်ပိုင်းလူသည် ရုတ်တရက် မတ်တပ်ထရပ်ကာ ထိုသွေးကို သူ့ပါးစပ်နားတေ့လိုက်သည်။ ၎င်းကို လျှာဖြင့်လျက်ကြည့်ပြီးနောက် သူ့ခန္ဓာကိုယ်မှာ တုန်ယင်သွားလေသည်။
“ဒါအမှန်ပဲ။ ဒီသွေးထဲက အနှစ်သာရဟာ မမှားနိုင်ဘူး။ ဒါက ဟင်္သာငှက်သွေးပဲ။ ဟင်္သာငှက်…” သက်လတ်ပိုင်းလူသည် စိတ်လှုပ်ရှားနေ၏။ သူ့ဘယ်လက်ကို လေဟာနယ်အတွင်းသို့ ဆန့်ထုတ်လိုက်သည်။
မီးစာကလေးခေါင်းဆောင်သည် မြေအောက်ကနေ ထွက်သွားရန် ပြင်၏။ သူ့မျက်နှာထက်တွင်လည်း နောင်တရမှုတို့ ပြည့်နေသည်။ သူက သက်ပြင်းချလိုက်စဉ်မျာပင် သူ့နောက်ကနေ တုန်ဟည်းသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။ သူသည် နောက်လှည့်ကြည့်လိုက်ရာ မီးလက်ဝါးကြီးတစ်ခုက သူ့အား ဖမ်းဆုပ်သွားသည်ကို မြင်လိုက်ရချေသည်။
လျှပ်တပြတ်အတွင်း ထိုလက်က အဘိုးအိုကို ခရမ်းမီးတောက်ပင်လယ်အစွန်းနားထိ ခေါ်ဆောင်သွားလေ၏။
ထိုအဘိုးအို ဘာမှ မတုန့်ပြန်နိုင်ခင်မှာပင် သူက ဘိုးဘေး၏စိတ်လှုပ်ရှားနေသော အသံကို ကြားလိုက်ရသည်။ “မင်း ဒီသွေးကို ဘယ်နေရာက ရခဲ့တာလဲ…” သူ ခဏတာ ကြောင်ရီသွား၏။ သူသည် ဘိုးဘေးခုလို စိတ်လှုပ်ရှားသည်အား လုံးဝ မမြင်ဖူးခဲ့ပေ။ သူက ခပ်သွက်သွက် ပြန်ဖြေလိုက်၏။ “ပြိုလဲကုန်းမြေရဲ့ ကလန်ဝင်တစ်ယောက်က ဒါကို ယူဆောင်လာပေးခဲ့တာပါ…”
သက်လတ်ပိုင်းလူက ထိုစကားကို ကြားလိုက်ရသည့်နောက် သူသည် စတင်ရယ်မောလေ၏။ သူ့မျက်လုံးထဲတွင်လည်း ကျေနပ်ဝမ်းသာမှုတို့ ရှိနေသည်။ သူ၏မီးတောက်အမှတ်အသားသုံးခုသည်ပင် ကျယ်ပြောစွာ စတင်လောင်ကျွမ်းကုန်သည်။
“ကောင်းတယ်…ကောင်းတယ်…ကောင်းတယ်။ မင်းက ငါ ရွေးချယ်ထားတဲ့ ကလန်ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ ထိုက်တန်တယ်။ မင်း ကောင်းကောင်းလုပ်ခဲ့တာပဲ…။ ခုချက်ခြင်း ကလန်ဝင်အားလုံးကို စေလွှတ်ပြီး ဒီသွေးရဲ့ ဇာစ်မြစ်ကို ပြိုလဲကုန်းမြေမှာ သွားရှာတော့။ ဘယ်လိုတန်ဖိုးပဲ ပေးရပါစေ ရအောင် ရှာရမယ်…”
မီးစာကလေးကလန်ခေါင်းဆောသည် ခပ်မြန်မြန် ခေါင်းညိတ်လိုက်၏။ သူက ထွက်သွားရန် ဟန်ပြင်သည်။ သက်လတ်ပိုင်းလူ၏မျက်လုံးသည် တလက်လက် ဖြစ်နေကာ သူက သူ့မျက်လုံးထဲရှိ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ထားလိုက်ရ၏။ သူက ပြောလိုက်သည်။ “ငါ့အနေနဲ့က ပြိုလဲကုန်းမြေကို သွားဖို့ မသင့်တော်ဘူး။ ဒါ့ကြောင့် ငါ အပြင်ကနေပဲ မင်းတို့ကို စောင့်နေမယ်။ ဒါ့အပြင် မင်းတို့ ပြိုလဲကုန်းမြေ ရောက်တဲ့အချိန်မှာ ဂရုစိုက်ပါ။ ဒါဟာ ထောင်ချောက်တစ်ခု ဟုတ်လား၊ မဟုတ်လားကိုလည်း စစ်ဆေးကြည့်…”
***