အပိုင်း(၁၄၄၈)
Vol. 105 Ch. 1448
ကင်းမြှီးကောက်နက်ဂြိုဟ်ကို မိစ္ဆာစွမ်းအင်အလွှာတစ်ခုက ဝန်းရံလို့ထား၏။ အဝေးမှ ကြည့်ပါက ၎င်းသည် အံချီးဖွယ်ဆန်လှသည်။
ယနေ့သည် ပြိုလဲအကြီးအကဲရွေးချယ်ပွဲ မတိုင်ခင် ခြောက်ရက်အလို ဖြစ်၏။ သည်ဂြိုဟ်ကို ခြုံလွှမ်းထားသော မိစ္ဆာစွမ်းအင်များသည် စတင် ပြောင်းလဲလာသည်။ မိစ္ဆာစွမ်းအင်များသည် ကျယ်လောင်စွာ တုန်ဟည်းလျက် ဦးတည်ရာတစ်ခုစီသို့ စတင်သိပ်သည်းသည်။
ထိုရုတ်တရက် ပြောင်းလဲမှုက ကင်းမြှီးကောက်နက်ကလန်နှင့် တိမ်လွတ်မြောက်ခြင်းကလန်တို့ကို ဖမ်းစားနိုင်သွားသည်။ သူတို့သည် နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ စူးစမ်းကြည့်ရုံရှိသေး သိပ်သည်းသောမိစ္ဆာစွမ်းအင်များသည် ဝမ်လင်း၏လှိုဏ်ဂူထံသို့ စုဝေးနေသည်ကို သတိပြုမိလိုက်ကြ၏။
လှိုဏ်ဂူအတွင်း၌ ဝဲကတော့တစ်ခု ပေါ်လာကာ မိစ္ဆာစွမ်းအင်များအားလုံး စွဲငင်ခြင်း ခံရလေ၏။
ချက်ခြင်းပင် ထိုမိစ္ဆာစွမ်းအင်များသည် လွင့်ပျောက်သွားကြပြီး ဝမ်လင်းလှိုဏ်ဂူ၏ စုပ်ယူခြင်းကို ခံလိုက်ရချေသည်။ အဝေးမှ ကြည့်ပါက ဧရာမဝဲကတော့ကြီးတစ်ခု ဝမ်လင်း၏လှိုဏ်ဂူကို ဗဟိုပြု၍ ပေါ်လာသည်နှင့် တူသည်။
ထိုဝဲကတော့သည် အလျင်အမြန် လှည့်ပတ်လျက် မြန်ဆန်စွာ ကြုံ့၏။
မိစ္ဆာစွမ်းအင်များ ဝမ်လင်း၏လှိုဏ်ဂူအတွင်းသို့ စုဝေးနေစဉ် နတ်ဘုရားအာရုံဖြင့်ပင် မထွင်းဖောက်နိုင်သော သိပ်သည်းလှသည့်မြူလွှာတစ်ခု ဖြစ်ပေါ်သည်။ ထိုမြူလွှာသည် ဆက်လက်၍ မြန်ဆန်စွာ သိပ်သည်းလို့နေ၏။ ဝမ်လင်းကမူ မြူအတွင်း၌ ထိုင်နေလျက် ရှိသည်။ သူ့ရှေ့တွင်လည်း အနီရောင်လူသေးလေးတစ်ယောက် ရှိလို့နေသည်။
ထိုလူသေးလေးမှာ ဝေဝါးကာ မူလစိတ်ဝိညာဉ်တစ်ခုနှင့်တူ၏။ စိတ်ဝိညာဉ်တစ်ခုနှင့်ဆို ပိုတူသည်။ ၎င်းသည် ဝမ်လင်းနှင့် ပုံပန်းအသွင် တူနေ၏။ ၎င်းထံမှ ရူးသွပ်မှုအော်ရာ ပေးစွမ်းနေသည်က လွဲ၍ပေါ့။ ၎င်းမှာ အလွန်ကြမ်းကြုတ်လှချေသည်။
ထိုအခိုက်တွင် လူသေးလေးက ပါးစပ်ဟလာကာ မိစ္ဆာမြူများကို စတင်ဝါးမြိ၏။ တခဏကြာပြီးနောက် မြူအားလုံးမှာ ထိုလူသေးလေး၏ ဝါးမြိုခြင်းကို ခံလိုက်ရလေပြီ။
လူသေးလေး၏ခန္ဓာကိုယ်မှာ အနည်းငယ် အထည်ဒြပ်ပိုဆန်လာ၏။ သို့သော် မလုံလောက်သေးပေ။ သူက ဝမ်လင်းကို ကြမ်းကြုတ်ရန်လိုစွာ စိုက်ကြည့်၏။ ထို့နောက် မာန်သွင်းကာ ခုန်အုပ်ဝင်လာသည်။ သူသည် ဝမ်လင်းကို ဝါးမြိုလိုသည့်အလား။
၎င်းခုန်အုပ်လိုက်သည့်အခါ ဝမ်လင်းက ရုတ်တရက် မျက်လုံးဖွင့်လာ၏။ အေးစက်စက်အကြည့်ကို ထုတ်ဖော်၏။ သူ့အကြည့်မှာ မိုးကြိုးတန်းတစ်ခုအလား။ ထိုအကြည့်သည် လူသေးလေး၏အကြည့်နှင့် ထိပ်တိုက်တွေ့သည်။
“ထွက်သွားစမ်း…” အေးစက်စက်နှာခေါင်းရှုံ့သံနှင့်အတူ ထိုလူသေးလေးသည် နာကျင်စွာအော်ဟစ်လိုက်ရ၏။ သို့သော် ဝမ်လင်းသည် မည်သည့်မန္တာန်ကိုမျှ အသုံးပြုလိုက်ခြင်း မဟုတ်ပါ။ ထိုလူသေးလေး နောက်သို့ လွင့်ထွက်ကာ အောက်သို့ ကျရောက်သွားသည်။
“ငါက မင်းကို ဖန်တီးခဲ့တာ။ ဒါ့ကြောင့် ငါ မင်းကို အလွယ်လေး ဖျက်စီးပစ်နိုင်တယ်…” ဝမ်လင်းသည် မတ်တပ်ထရပ်ကာ ထိုလူသေးလေးထံသို့ လက်ဆန့်ထုတ်လိုက်သည်။
ထိုလူသေးလေးမှာ ကြောက်လန့်ဟန် ဖြစ်ပေါ်သည်။ ဝမ်လင်း၏ လက် လှမ်းလာသည့်အခါ သူသည် တုန်ယင်လျက် မြူအဖြစ်သို့ ပျက်စီးသွားချေသည်။ မရေမတွက်နိုင်သော မြူတန်းများက အဘက်ဘက်သို့ ထွက်ပြေးရန် ဟန်ပြင်သည်။ ဝမ်လင်း၏ လက်ထဲကနေ ထွက်ပြေးပြီးနောက် ၎င်းသည် ဂူအပြင်ဘက်တွင် ပုံစံအသွင် ပြန်ဖွဲ့စည်းသည်။
၎င်း ပေါ်လာသည်နှင့် တိမ်စိုင်ထုတစ်ခုအသွင်ပြောင်းကာ ထွက်ပြေးလေသည်။ ၎င်းသည် မြန်လွန်းသဖြင့် ပျောက်ကွယ်လုနီးပါး ဖြစ်သွားသည်။
ဝမ်လင်းသည် နှာခေါင်းရှုံ့လိုက်၏။ သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ လေမှုတ်ထုတ်လိုက်သည်။ ချက်ခြင်းပင် မိုးကုပ်စက်ဝန်းထံမှ နာကျင်စွာအော်ဟစ်သံ ပဲ့တင်ထပ်သွားသည်။
သိပ်မကြာခင်တွင် လူသေးလေးသည် သူ့ဟာသူ ပြန်ရောက်လာပြီး ဒူးထောက်သည်။ သူ့ခန္ဓာကိုယ်သည် တုန်ရီလျက် ဝေဝါးလေ၏။ အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်အလား။
ဝမ်လင်း၏မျက်လုံးသည် အေးစက်လျက် သူက ဖြည်းဖြည်းချင်း ပြောသည်။ “ငါ မင်းကို ဖျက်စီးပစ်ဖို့ အသက်တစ်ချက် ရှုထုတ်လိုက်ရုံပဲ…”
မိစ္ဆာစိတ်ဝိညာဉ်လေးမှာ တုန်ရီနေလျက် အလျင်အမြန် ဒူးထောက်ချသည်။ ၎င်းက သနားညှာတာရန် တောင်းခံသည့်အလား။
ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်လိုက်ပြီး လေဟာနယ်ထဲသို့ ဆန့်ထုတ်သည်။ မြူလှံသည် ရုတ်တရက် ပေါ်လာကာ မိစ္ဆာစိတ်ဝိညာဉ်ထံသို့ ညွှန်သည်။ မိစ္ဆာစိတ်ဝိညာဉ်နှင့် ဝမ်လင်းတို့၏ စိတ်မှာ ချိတ်ဆက်သွားသည်။ ၎င်းမိစ္ဆာစိတ်ဝိညာဉ်မှာ ချီတုံချတုံဟန် ဖြစ်ပေါ်သည်။
ဝမ်လင်းသည် အေးစက်စက်နှာခေါင်းရှုံ့သည်။
ထိုမိစ္ဆာစိတ်ဝိညာဉ်မှာ တုန်ယင်သွားကာ အနက်ရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းသည်။ ၎င်းသည် မိစ္ဆာလှံထံသို့ တိုးဝင်သွားပြီး ပေါင်းစပ်သည်။ ၎င်း လှံအတွင်း ဝင်ရောက်သွားသည်နှင့် မြူမိစ္ဆာလှံသည် စိတ်ဝိညာဉ်တစ်ခု ရရှိသွားသည့်အလား ကြောက်မက်ဖွယ်အော်ရာတစ်ခုကို ပေးစွမ်းချေသည်။ ၎င်းသည် အနက်ရောင်စပါးအုံးမြွေအဖြစ်သို့ ပြောင်းလဲလျက် လှိုဏ်ဂူအတွင်းမှ ပျံသန်းထွက်သည်။ ၎င်းသည် ကောင်းကင်ယံတွင် ပေါ်လာကာ ဟိန်းအော်သံ ပြု၏။
ထိုစပါးအုံးနက်ကို စိုက်ကြည့်နေရင်း ကင်းမြှီးကောက်ကလန်ဝင်များသည် ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။ သူတို့အားလုံးသည် တုန်လှုပ်မိချေပြီ။
တိမ်လွတ်မြောက်ခြင်းကလန်ဝင်များသည်လည်း ထိုနည်းလည်းကောင်းသာ။ သူတို့က ကောင်းကင်ထက်ရှိ စပါးအုံးနက်ကို ထိတ်လန့်တကြား စိုက်ကြည့်နေကြသည်။ သူတို့၏စိတ်နှလုံးအတွင်း၌ ထိတ်လန့်မှုအာရုံ ပေါ်လာသည်။
စပါးအုံးနက်ထံ၌ အံ့မခန်းကြီးစိုးဖိစီးမှုနှင့် ရူးသွပ်မှုတို့ ပါဝင်လေ၏။ ၎င်းသည် တစ်လောကလုံးကို ရန်သူဟု ထင်မှတ်သည့်ဟန် ပေါက်သည်။
ကျုံးသဟုန်သည် တံတွေးမြိုချမိသည်။ သူ့မျက်လုံးထဲတွင်လည်း စိတ်လှုပ်ရှားမှု အပြည့်ပါသည်။ သူသည် ရှုလီကောနှင့် မတူပေ။ ဝမ်လင်း ပိုသန်မာလာလေလေ သူက ပိုပျော်လေပင်။ သူသည် အလျင်အမြန် ဒူးထောက်ချကာ အော်ဟစ်လိုက်လေ၏။ “သခင်ရဲ့ ရတနာဟာ ပြီးပြည့်စုံလှပါတယ်။ သခင်ဟာ ပြိုင်ဘက်ကင်းပဲ…”
ကောင်းကင်ထက်ရှိ စပါးအုံးနက်သည် လွင့်ပြယ်ပျောက်ကွယ်သွားသည်။ ၎င်းသည် အနက်ရောင်အလင်းတန်းအဖြစ် ပြောင်းကာ ဝမ်လင်း၏ခန္ဓာကိုယ်အတွင်း ဝင်ရောက် ပျောက်ကွယ်သွားလေသည်။
ဝမ်လင်း၏မူလစိတ်ဝိညာဉ်ဘေးတွင် ထပ်ပေါင်းမိစ္ဆာစိတ်ဝိညာဉ်တစ်ခု ပေါ်လာလေ၏။ ၎င်းမှာ မျက်လုံးမှိတ်ထားလျက် ဝမ်လင်း၏မူလစိတ်ဝိညာဉ်၏ အလုံးစုံဖိနှိပ်ခြင်းကို ခံထားရသည်။ ၎င်းသည် မခုခံနိုင်သလို ရုန်းကန်နိုင်စွမ်းလည်း မဲ့၏။
ဝမ်လင်း၏အမူအရာမှာ တည်ငြိမ်ဟန်ပေါ်သည်။ သို့သော် သူ့စိတ်ထဲတွင်မူ ကျေနပ်ပျော်ရွှင်နေ၏။ သည်မိစ္ဆာစိတ်ဝိညာဉ်ကိုယ်ပွားမှာ မပြီးပြည့်စုံသေးပါ။ သို့သော် ပုံသဏ္ဌာန်အသွင် ဖွဲ့စည်းထားပြီး ဖြစ်၏။ ၎င်းကို အကြိမ်များစွာ သန့်စင်မွန်းမံပြီးပါက အစစ်အမှန်ကိုယ်ပွား ဖြစ်လာမည်သာ။
“ငါ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ရယ်၊ ရှေးဟောင်းနတ်ဆိုး၊ ရှေးဟောင်းမိစ္ဆာကိုယ်ပွားတွေရယ်ကို ပေါင်းစပ်လိုက်နိုင်ရင် ငါဟာ အစစ်အမှန်ရှေးအမိန့်ပုံစံကို တက်လှမ်းနိုင်မလား သိချင်မိတယ်…” ဝမ်လင်းသည် နှုတ်ခမ်းသပ်လိုက်၏။ ထို့နောက် သူ့လက်ကို ဝေ့ယမ်းလိုက်သည်။ ရတနာနှစ်ခုသည် သူ့ရှေ့တွင် ချက်ခြင်း ထွက်ပေါ်လာသည်။
ယင်းတို့မှာ အဝါရောင်သစ်ရွက်နှင့် ချိပ်ပိတ်ခံထားရသော သစ်ပင်လူသားတို့ပင်။
ပြိုလဲကုန်းမြေ၌ ပြိုလဲအကြီးအကဲရွေးချယ်ပွဲမှာ တော်ဝင်သောအခမ်းအနားတစ်ခု ဖြစ်၏။ ကလန်ငယ်များအားလုံးသည် ယှဉ်ပြိုင်ဖို့ အရည်အချင်းပြည့်မီနိုင်ရန် ကြိုပြင်ဆင်ထားကြသည်။
ထိုအခမ်းအနားပွဲ ကျင်းပသည့်နေရာမှာ ပြိုလဲကုန်းမြေ၏ ထူးခြားဆန်ကြယ်ဆုံး မဟာအင်ပါယာဂြိုဟ်တွင် ဖြစ်၏။
ထိုဂြိုဟ်သည် ရှေးဟောင်းကြယ်အဖွဲ့အစည်းတွင် အလွန်ကျော်ကြားကာ အုပ်စိုးသူကောင်စီ၏ အလေးထားစူးစမ်းမှုကိုပင် ရရှိထား၏။ ထိုဂြိုဟ်နှင့် ပတ်သတ်သော သတင်းစကားကောလဟာလများသည် ရှေးဟောင်းကြယ်အဖွဲ့အစည်းတစ်ခွင်သို့ ပျံ့နှံ့သည်။
မဟာအင်ပါယာဂြိုဟ်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ဖူးသူတိုင်းသည် တုန်လှုပ်ဖွယ်မြင်ကွင်းတစ်ခုကို လုံးဝ မေ့နိုင်ကြလိမ့်မည် မဟုတ်ပါ။
သည်ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ ကျင့်ကြံခြင်းဂြိုဟ်အများစုသည် လုံးဝန်းသည်ဟု ဆိုနိုင်၏။ အချို့ဂြိုဟ်များသည် ပုံသဏ္ဌာန်မညီမညာဖြစ်သည်သော်မှ လုံးဝန်းသည် သဘောဆောင်သည်သာ။ ယင်းကာ အလွန်းထူးဆန်းသောဖြစ်စဉ်တစ်ခုပင်။ အစွမ်းထက်ကျင့်ကြံသူအများစုက ဂြိုဟ်များ ထိုကဲ့သို့ ဘကြောင့်လုံးဝန်းသည်ကို လေ့လာရှာဖွေခဲ့ကြ၏။
သို့ပေမည့် အဆုံးသပ်တွင် သူတို့သည် သဲလွန်စအချို့ကိုသာ ရှာနိုင်ခဲ့ပြီး အကြောင်းရင်း အမှန်တရားကိုမူ ရှာနိုင်စွမ်း မရှိခဲ့ပေ။ ထို့နောက်တွင်မူ အုပ်စိုးသူကောင်စီက သူတို့၏ တွေ့ရှိမှုရလဒ်ကို ထုတ်ပြန်ကြေငြာခဲ့လေ၏။ ထိုကဲ့သို့ ဂြိုဟ်များလုံးဝန်းရခြင်းကို လှည့်ပတ်ခြင်းဥပဒေသ ဟု အမည်တွင်သော ဥပဒေသသစ်တစ်ခုအဖြစ် ခေါ်ဆိုခဲ့ကြသည်။
သူတို့သည် ဂြိုဟ်များအားလုံးသည် အဆက်မပြတ် လည်ပတ်နေ၏။ ထိုလည်ပတ်မှုကြောင့် မညီမညာအသွင်ဖြင့်ဂြိုဟ်များသည် အချိန်အတန်ကြာပြီးနောက် လုံးဝန်းလာကြသည်ဟူ၏။
သို့ရာတွင် ထိုဥပဒေသမှာ မဟာအင်ပါယာဂြိုဟ်အတွက်မူ မမှန်တော့ပေ။ သည်မဟာအင်ပါယာဂြိုဟ်ကမူ ရှည်လျာသွယ်တန်းစွာ တည်ရှိသည့်ပုံစံ ဖြစ်၏။ အဝေးမှ ကြည့်ပါက ၎င်းဂြိုဟ်သည် သံလိုက်အိမ်မြှောင်ပေါ်ရှိ အပ်တစ်ခု ဖြည်းဖြည်းချင်း လှည့်ပတ်နေသည်နှင့် ဆင်တူသည်။
မည်သူကမျှ မဟာအင်ပါယာဂြိုဟ်သည် အခုလိုဖြစ်နေသည့် အကြောင်းရင်းကို မသိကြပေ။ ယင်းဂြိုဟ်မှာ ပြိုလဲကုန်းမြေ၏ တော်ဝင်မြေ၊ မဟာအင်ပါယာ၏လှိုဏ်ဂူ ရှိသောနေရာဆိုလည်း ဟုတ်သည်။
ပုံမှန်အားဖြင့် ယင်းဂြိုဟ်ပတ်လည်တွင် အံ့မခန်းဆုတ်ဖြဲခြင်းအား၊ သံလိုက်ဓာတ်အားတို့ ဝန်းရံထား၏။ ထိုနေရာတွင် ကျင့်ကြံသူများ၏ ရတနာများပင် အသုံးမတည့် ဖြစ်ကြရ၏။ သူတို့၏ကျင့်ကြံမှုအဆင့်ကိုပါ ဖိနှိပ်ခံထားရသည်။
ပြိုလဲအကြီးအကဲရွေးချယ်ပွဲ အချိန်အတွင်းသာ ထိုအားများက အတော်လေး အားနည်းသွားတတ်ပြီး ဂြိုဟ်အတွင်းသို့ ဝင်ရောက်ရန် ဥမင်လမ်းကြောင်းများ ပေါ်လာတတ်သည်။
ပြိုလဲအကြီးအကဲရွေးချယ်ပွဲ၌ ကလန်သုံးရာကျော်ပါဝင်သည့်အပြင် ရှေးဟောင်းကြယ်အဖွဲ့အစည်းမှလူများလည်း ရှိကြ၏။ အများစုမှာ ထိုကလန်များ၏ ဖိတ်ကြားခံရထားရသူများဖြစ်ကာ ရံဖန်ရံခါ တိုက်ပွဲတွင် ကူညီပေးကြ၏။
မဟာအင်ပါယာက ထိုအခြင်းအရာများကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ပေ။ သို့ပေမည့် ပြိုလဲကုန်းမြေ၏ ကလန်မှ မဟုတ်သော တစ်စုံတစ်ယောက်သည် အကြီးအကဲတစ်ယောက် ဖြစ်မလာနိုင်ပေ။ သို့မဟုတ် သူတို့သည် သေရမည်သာ။
ပြိုလဲအကြီးအကဲရွေးချယ်ပွဲတိုင်း၌ အုပ်စိုးသူကောင်စီက ဧည့်သည်များအဖြစ် လူများ စေလွှတ်တတ်ကြ၏။ ယင်းက သူတို့၏ ပြိုလဲကောင်စီအပေါ် အသိအမှတ်ပြုခြင်း၊ မဟာအင်ပါယာကို လေးစားမှုထားခြင်းပင်။ သူတို့သည် သည်နေရာသို့ လေ့လာရန်အတွက်လည်း လာကြသည်။
အုပ်စိုးသူကောင်စီအပြင် ပြိုလဲကောင်စီကလည်း ရှေးဟောင်းကြယ်အဖွဲ့အစည်းမှ အစွမ်းထက်ကျင့်ကြံသူများကို ဖိတ်ကြားကြသည်။
မဟာအင်ပါယာက ထိုအခြင်းအရာအားလုံးကို လစ်လျူရှုထားသည်သာ။ သူ့အတွက် ပြိုလဲအကြီးအကဲရွေးချယ်ပွဲက ပွဲတော်တစ်ခုသာသာ အလား။
ဝမ်လင်းသည် ကင်းမြှီးကောက်နက်ကလန်၊ တိမ်လွတ်မြောက်ခြင်းကလန်တို့နှင့်အတူ မဟာအင်ပါယာဂြိုဟ်ထံသို့ လာနေ၏။
ပြိုလဲကုန်းမြေ၏အပြင်ဘက်တွင် ရှစ်မြှောင့်သံလိုက်အိမ်မြှောင်တစ်ခုပေါ်၌ ဆံပင်ရှည်အမျိုးသမီးတစ်ယောက်သည် မတ်တပ်ရပ်နေ၏။ သူမသည် မျက်မှောင်ကြုတ်လျက် ရှိသည်။ မည်သူကမျှ သူမ ဘာတွေးနေသည်ကို သိနိုင်မည် မဟုတ်ပါ။
သူမ၏ဘေးတွင် သက်လတ်ပိုင်းလူတစ်ယောက်လည်း ရှိနေ၏။ ထိုသူက ရှေ့တည့်တည့်သို့ ကြည့်နေသည်။ သူ့အမူအရာမှာ သုန်မှုန်နေ၏။
“ဆရာသခင်ယွင်လော…ဒီမဟာအင်ပါယာက ငါ့ကိုယ်ပွားကို သတ်ခဲ့တယ်။ အုပ်စိုးသူကောင်စီက ဒီကိစ္စကို ဘယ်လိုလုပ်ပေးမှာလဲ…”
“လျောကြေးတစ်ခု ရှိပါလိမ့်မယ်…” ဆံပင်ရှည်အမျိုးသမီးက ခပ်တိုးတိုး ရေရွတ်သည်။ သူမက ပြိုလဲကုန်းမြေကို ကြည့်နေ၏။ သူမ၏စိတ်ထဲကလည်း တွေးနေသည်။ “မဟာအင်ပါယာရဲ့ အကာအကွယ်ကို ရထားတဲ့သူ။ အခု ငါကိုယ်တိုင် သူ့ကို မျက်လုံးနဲ့ မြင်ချင်မိတယ်။ ဒီလူဟာ ဘိုးဘေးတွေရဲ့ ကြိုတင်ခန့်မှန်းမှုတွေထဲက လူ ဟုတ်လား၊မဟုတ်လားတော့ ငါလည်း မသိဘူး…”
ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ တခြားအစိတ်အပိုင်းတွင်မူ အပြာရောင်အလင်းခပ်ဖျော့ဖျော့ ရှိလို့နေ၏။ တာအိုသခင်အိပ်မက်ပြာသည် လက်နောက်ပစ်လျက် လှမ်းလျှောက်နေသည်။ သူ့နောက်တွင် လီချန်မေက ငြိမ်သက်စွာ လိုက်ပါလာသည်။ သည့်ထက်ပိုဝေးကွာလွန်းသောနေရာ၊ လူသူအရောက်အပေါက် မရှိလုနီးနီး ဖြစ်သော ကြယ်နယ်မြေတစ်ခုတွင်မူ ကျင့်ကြံခြင်းဂြိုဟ်တစ်လုံး အရွယ်အစားလောက် ရှိသော သားရဲကြီးတစ်ကောင်သည် ဖြည်းဖြည်းချင်း ရွှေ့လျားနေ၏။ ထိုသားရဲသည် ဘဲဥပုံအသွင်ရှိကာ ၎င်း၏ခန္ဓာကိုယ်အနှံ့မှ ပေထောင်သောင်းချီ ရှည်လျားသော မရေမတွက်နိုင်သောလက်တံများသည် ဖြည်းဖြည်းချင်း ဝေ့ယမ်းနေချေ၏။
လမြွေနဂါး။
အဖြူရောင်ဝတ်စုံဖြင့် အဘိုးအိုတစ်ယောက်လည်း ရှိနေ၏။ သူသည် အလွန်အမင်းထူးခြားသည့်အသွင် ရှိနေသည်။ သူ့မျက်နှာတစ်ခြမ်းမှာ နက်နေ၏။ သူ့မျက်နှာသည် ယင်နှင့်ယန်သင်္ကေတကဲ့သို့ ဖြစ်နေသည်။
သူ့နောက်တွင် အစေခံကဲ့သို့ လူသုံးယောက်လည်း ရပ်နေကြသည်။ ဝမ်လင်းသာ သူတို့သုံးယောက်ကို မြင်ပါက သူ ချက်ခြင်း သိမည်သာ။
ရီမူဇီ၊ ဝူဒိုချန်…နှင့် သေဆုံးသွားခဲ့ပြီး ဖြစ်သော ဂျီရှန်းထျန်။
(ဘာသာပြန်သူမှတ်ချက်… ထိုလူသုံးယောက်မှာ လမြွေနဂါးနှင့်အတူ လေဟာနယ်အတွင်းသို့ နစ်မြုပ်သွားခဲ့ကြသောသူများ ဖြစ်၏။ ယင်းသုံးယောက်သည် ဝမ်လင်းနှင့်လည်း သိပေသည်။ )
***