နှိပ်ကွပ်ခြင်း
Vol. 105 Ch. 1449
ပြိုလဲအကြီးအကဲရွေးကောက်ပွဲ မတိုင်ခင်နေ့တွင် ဝမ်လင်းသည် ကင်းမြှီးကောက်နက်ကလန်၊ တိမ်လွတ်မြောက်ခြင်းကလန်တို့နှင့်အတူ မဟာအင်ပါယာဂြိုဟ်သို့ ရောက်လာ၏။ ဝမ်လင်းက ထိုထူးဆန်းသောဂြိုဟ်ကို တွေ့မြင်သည့်အခါ သူ့မျက်လုံးသည် ကျဉ်းမြောင်းသွား၏။
မဟာအင်ပါယာဂြိုဟ်ကို ပုံရိပ်ယောင်အလွှာတစ်ခုက ခြုံလွှမ်းထားသည်။ သို့ပေမည့် ထိုပုံရိပ်ယောင်မြူလွှာအတွင်း၌ အရာအားလုံးကို ဝါးမြိုပစ်နိုင်သော ကြီးမားသောဟင်းလင်းပြင်အက်ကြောင်းများ ရှိနေသည်။
ထိုပုံရိပ်ယောင်မြူများအတွင်းမှာလည်း မီးခိုးရောင်အမျှင်တန်းလှိုင်းများ ရှိနေ၏။ အနီးကပ်ကြည့်ပါက ယင်းတို့သည် အစစ်အမှန်မဟုတ်ဘဲ သံလိုက်အားလှိုင်းများဖြစ်ကြောင်းကို တွေ့ရပေမည်။
ဝမ်လင်း အနား ရောက်မလာခင်မှာပင် သူသည် ထိုပုံရိပ်ယောင်မြူအတွင်းမှ အလွန်တုန်လှုပ်ဖွယ်အားတစ်ခုကို ခံစားမိလိုက်သည်။ ယင်းစွမ်းအားကား ကောင်းကင်တုန်လှုပ်ဖွယ်ရာတည်း။ ထိုအားကြောင့် ကျင့်ကြံသူများ၏မန္တာန်များသည်ပင် လွင့်ပြယ်ကာ သူတို့၏ရတနာများပါ ပျက်စီးသွားနိုင်၏။
ယင်းကာ ရတနာတစ်ခု၏စွမ်းအား သို့တည်းမဟုတ် လူလုပ်ထားသောအရာတစ်ခု မဟုတ်ပေ။ ကောင်းကင်ဘုံက ဖန်တီးထားသော အရာသာ။
ဝမ်လင်း၏မျက်လုံးသူငယ်အိမ် ကြုံ့သွား၏။ သူက ပုံရိပ်ယောင်မြူအပြင်ဘက်တွင် လွင့်မြောလျက် အချိန်အတန်ကြာ လေ့လာကြည့်နေသည်။
ထိုပုံရိပ်ယောင်မြူအတွင်း၌ ကျင့်ကြံသူများစွာလည်း ရှိနှင့်နေကြ၏။ သူတို့ထဲမှ ကျင့်ကြံသူရာချီသည် နေရာအနှံ့ ပြန့်ကျဲကာ ရှိနေပြီး တစ်ယောက်နှင့်တစ်ယောက်သိကြသူများကမူ ခပ်တိုးတိုး စကားစမြည် ပြောနေကြသည်။
ဝမ်လင်း ရောက်ရှိလာမှုက အချို့လူများ၏အာရုံကို စွဲဆောင်သွားပြီး နတ်ဘုရားအာရုံများ ဖြန့်ကျက်ရောက်လာ၏။ သူတို့၏နတ်ဘုရားအာရုံများသည် ကင်းမြှီးကောက်နက်ကလန်နှင့် တိမ်လွတ်မြောက်ခြင်းကလန်တို့အပေါ် ဖြတ်သန်းသွားသည့်အခါ သူတို့သည် နတ်ဘုရားအာရုံများကို ပြန်ရုတ်သိမ်းလိုက်ကြ၏။
ဝမ်လင်း၏အမူအရာကမူ ပြောင်းလဲမသွားပေ။ သူက ရှေ့ကိုသာ အေးစက်စက် စိုက်ကြည့်နေ၏။
“ပြိုလဲအကြီးအကဲရွေးချယ်ပွဲတိုင်းဟာ ဒီမဟာအင်ပါယာဂြိုဟ်ပေါ်မှာ ကျင်းပပါတယ်။ ဒါပေမဲ့ ပုံမှန်ဆိုရင် ဒီဂြိုဟ်ဟာ လူသူလက်မခံဘူ။ လူတိုင်း စုစည်းတဲ့အချိန်ရောက်မှ အတွင်းကနေ ဥမင်လမ်းကြောင်းတစ်ခု ပွင့်လာပြီး လူတိုင်းကို ဝင်ခွင့်ပြုတာ…”
“ကျနော်တို့ သိပ်နောက်မကျသေးဘူး။ ဒါ့ကြောင့် ဥမင်က မကြာခင် ပွင့်လာတော့မယ်…” ကင်းမြှီးကောက်နက်ကလန်သည် ဝမ်လင်းကို ခပ်တိုးတိုး ပြောလိုက်သည်။
ဝမ်လင်းသည် ခေါင်းညိတ်လိုက်၏။ သူ့အကြည့်က သည်နေရာရှိ ကျင့်ကြံသူများပေါ်သို့ ခြုံငုံကျရောက်သွားသည်။ ကျင့်ကြံသူတစ်သောင်းထက်မနည်း ရှိနေ၏။ လူများသော်လည်း ဒီကျယ်ပြောသောဟင်းလင်းပြင်ထဲတွင်မူ မထင်မရှား၊မသိမသာသာ ဖြစ်နေချေ၏။
“တိမ်လွတ်မြောက်ခြင်းကလန်ဟာ အမြဲတွင်းအောင်းနေတဲ့ ကင်းမြှီးကောက်နက်ကလန်ကို စိတ်ဝင်စားလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ တကယ့်ကို စိတ်ဝင်စားစရာပဲ…” အရှေ့မှ ခပ်စူးစူးအသံတစ်ခု ထွက်ပေါ်လာ၏။ အပြာရောင်ဝတ်ရုံနှင့်သက်လတ်ပိုင်းလူတစ်ယောက်သည် လူအုပ်ကြားကနေ လှမ်းလျှောက်ထွက်လာသည်။
ထိုသူ၏ပုံပန်းအသွင်မှာ သာမန်ပင်။ သို့သော် သူ့မျက်လုံးများကမူ ကြမ်းလှသောမြွေများအလား။ သူ့မျက်လုံးထဲတွင် ကွယ်ဝှက်နေသော အေးစက်မှုတစ်ခု ရှိနေ၏။ သူ့မျက်ခုံးနှစ်ခုကြားတွင်လည်း မြွေနဂါးအမှတ်အသားတစ်ခု ရှိနေသည်။
သူ့စကားများက သရော်မှုတို့ ပြည့်နေ၏။ သူသည် စကားပြောလိုက်သည့်အချိန်တွင် လှုပ်ရှားမှုကို ရပ်လိုက်သည်။ သူ့အကြည့်က ဝမ်လင်းတို့အုပ်စုပေါ်သို့ ကျရောက်လာသည်။
ကင်းမြှီးကောက်နက်ခေါင်းဆောင်၏အမူအရာသည် ပြောင်းလဲသွားသည်။ သူသည် သက်လတ်ပိုင်းလူကို ကြည့်ကာ အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။
သူက ခပ်တိုးတိုး ပြောလိုက်သည်။ “ဒါဟာ စိတ်ဝိညာဉ်မြွေနဂါးကလန်ရဲ့ အကြီးအကဲခေါင်းဆောင်ပဲ။ နောက်ဆုံးအကြိမ် ရွေးချယ်ပွဲတုန်းက သူတို့ဟာ တိမ်လွတ်မြောက်ခြင်းကလန်နဲ့ တိုက်ခိုက်ခဲ့ကြတယ်။ ရလဒ်က သရေပြ။ သူတို့ကလန်နှစ်ခုလုံးဟာ အရည်အချင်း မပြည့်မှီခဲ့ကြဘူး။ အတိတ်တုန်းက သူတို့ချင်း ပွတ်တိုက်မှုအချို့ ရှိခဲ့ပါတယ်…”
တိမ်လွတ်မြောက်ခြင်းကလန်ခေါင်းဆောင်သည်လည်း ဝမ်လင်းဘေးနားတွင် ရပ်နေ၏။ သူသည် စိတ်ဝိညာဉ်မြွေနဂါးကလန်အကြီးအကဲခေါင်းဆောင်၏ စကားကို ကြားလိုက်ရသည့်အခါမှာပင် တည်ငြိမ်စွာ ရှိနေသည်။
စိတ်ဝိညာဉ်မြွေနဂါးကလန်အကြီးအကဲခေါင်းဆောင်သည် ပြုံး၍ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ပြောကြတာက တိမ်လွတ်မြောက်ခြင်းကလန်ဟာ လောဘကြီးကို ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် ဖိတ်ကြားခဲ့တယ်ဆိုပဲ။ လောဘကြီးနဲ့ဆိုရင် တိမ်လွတ်မြောက်ခြင်းကလန်ဟာ ပြိုလဲအကြီးအကဲနေရာအတွက် ထိုင်ခုံတစ်ခု ရလိမ့်မယ်။ ဒါပေမဲ့ စီနီယာလောဘကြီးက ဘာလို့ ရောက်မလာခဲ့တာလဲ…”
သူ့အသံသည် မကျယ်လောင်၊ သို့သော်ငြားလည်း သူ့ကျင့်ကြံမှုအဆင့်ပါဝင်နေ၏။ ထို့ကြောင့် သူ့အသံသည် ပဲ့တင်ထပ်သွားသည်။
သည်နေရာရှိ ကျင့်ကြံသူတစ်သောင်းမှာ ပြိုလဲကုန်းမြေရှိ ကလန်များမှ ဖြစ်၏။ သူတို့သည် ဒီနေရာသို့ ရောက်လာကြသည်မှာ ပြိုလဲကောင်စီတွင် နေရာတစ်ခု ရယူရန်အတွက်ပင်။ ထို့အတွက် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ရန်သူများဖြစ်သည်ဟု ဆိုနိုင်ပေသည်။
သတင်းအချက်အလက်ပိုမို ရရှိခြင်းက အကြီးအကဲထိုင်ခုံတစ်ခု ရဖို့အတွက်ရာ အကူအညီကြီး ဖြစ်စေမည်သာ။ စိတ်ဝိညာဉ်မြွေနဂါးကလန်၏အကြီးအကဲခေါင်းဆောင်၏ စကားများကို ကြားလိုက်ရသည့်နောက် လူတိုင်းသည် တိမ်လွတ်မြောက်ခြင်းကလန်ထံသို့ ကြည့်လာကြသည်။
လောဘကြီး၏အမည်ကား အလွန်ကျော်ကြား၏။ သူ တိမ်လွတ်မြောက်ခြင်းကလန်ကို ကူညီပေးခြင်းက အခြားကလန်များ၏ အာရုံကို ဖမ်းစားနိုင်ဖို့ လုံလောက်ပေသည်။
“ဒီအဘိုးအိုကလည်း ရောင်းရင်းကျင့်ကြံသူလောဘကြီးဟာ တိမ်လွတ်မြောက်ခြင်းကလန်ရဲ့ ဂုဏ်ထူးဆောင်အကြီးအကဲ ဖြစ်လာတယ်လို့ ကြားပါတယ်။ ရောင်းရင်းကျင့်ကြံသူလောဘကြီးက အရင်တုန်းက ငါ့ကို တစ်ခါ ကူညီပေးခဲ့ဖူးတယ်။ ဒါ့ကြောင့် ငါ သူ့ရှိ အလည်သွားချင်မိတယ်။ အရှင်ယွင်သွမ်း…ရောင်းရင်းကျင့်ကြံသူလောဘကြီးက ဘာကြောင့် ရောက်မလာခဲ့တာလဲ…” ထိုသို့ပြောလိုက်သည့်သူမှာ ခရမ်းရောင်ဝတ်စုံနှင့် အဘိုးအိုတစ်ယောက်ပင်။ သူ့မျက်နှာမှာ ဖြူရောသော်လည်း သူ့အသံမူကား ကျယ်လောင်လှ၏။
သူ့နဖူးထွက်တွင်လည်း ရောင်စဉ်စက်ဝန်းသုံးခု ရှိနေသည်။ ၎င်းမှာ ရေလှိုင်းအမှတ်အသားမျိုးပင်။
တိမ်လွတ်မြောက်ခြင်းကလန်ခေါင်းဆောင်က သူ့ခေါင်းကို မော့ကာ ဝမ်လင်းကို ကြည့်သည်။ ထို့နောက် သူက အေးစက်စက်အသံဖြင့် ပြောလိုက်၏။ “စီနီယာလောဘကြီးဟာ အချို့အရေးကြီးတဲ့ကိစ္စကြောင့် ထွက်သွားခဲ့ရတယ်။ ဒါ့ကြောင့် သူ မလာနိုင်တော့ဘူး။ သင်တို့အားလုံး ခန့်မှန်းနေဖို့ မလိုအပ်ဘူး…”
ထိုသို့ပြောပြီးနောက် သူသည် ခေါင်းပြန်ငုံ့သွားသည်။
“ဒြပ်စင်ငါးခုကလန်ခွဲ၊ မြစ်ချောင်းငယ်ကလန်ရဲ့ ခေါင်းဆောင်၊ သူဟာ ခုလက်ရှိ ဆယ့်သုံးယောက်မြောက် ပြိုလဲအကြီးအကဲပဲ…” ကင်းမြှီးကောက်နက်ကလန်ခေါင်းဆောင်သည် ဝမ်လင်းဘေးသို့ ကပ်ကာ တိုးညင်းစွာ ပြောပြလိုက်၏။
ဝမ်လင်း၏အမူအရာသည် တည်ငြိမ်နေလျက်ပင်။ သူက အနည်းငယ် ခေါင်းညိတ်ပြလိုက်၏။
“ဒီအဘိုးအိုရဲ့ နာမည်ကို ဘယ်သူက ပြောနေတာလဲ…” မြစ်ချောင်းငယ်ကလန်ခေါင်းဆောင်သည် အေးစက်စက် ပြောလိုက်၏။ သူ့အကြည့်သည် လျှပ်စီးတန်းအလား ဝမ်လင်းနှင့်ကင်းမြှီးကောက်နက်ကလန်ခေါင်းဆောင်တို့ထံပေါ်သို့ ကျရောက်သွားသည်။
မြစ်ချောင်းငယ်ကလန်ခေါင်းဆောင်၏ မျက်လုံးသည် တလက်လက် ဖြစ်သွား၏။ သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ကင်းမြှီးကောက်ကောင်လေး…မင်း ဘာကြောင့် ဒီအဘိုးအိုရှေ့ လာပြီး ဒူးမထောက်ရတာလဲ…” သို့ပေမည့် သူ့အကြည့်ကမူ ဝမ်လင်းထံသို့သာ ရောက်နေ၏။
ကင်းမြှီးကောက်နက်ကလန်ခေါင်းဆောင်၏ အမူအရာသည် ကြီးစွာ ပြောင်းလဲသွားသည်။ လူများ၏ရှေ့တွင် သူ့ကို ဒူးထောက်ခိုင်းခြင်းမှာ ကြီးမားသောအရှက်ခွဲမှုပင်။
ထိုဆူဆူညံညံဖြစ်သွားမှုက ပတ်ဝန်းကျင်ရှိကျင့်ကြံသူများ၏ အာရုံကို ဖမ်းစားသွားသည်။ သူတို့သည် ပြပွဲတစ်ခုအလား လှမ်းကြည့်လာကြ၏။
စိတ်ဝိညာဉ်မြွေနဂါးကလန်မှ သက်လတ်ပိုင်းလူသည် ပြုံးသည်။ သူ့ခေါင်းကို ယမ်းသည်။ “ကင်းမြှီးကောက်လေး…မင်းက အမြင့်တက်လာချင်ရင်တောင် နောက်လိုက်လုပ်ဖို့ ရွေးချယ်ရင် သေချာဂရုစိုက်ဖို့လိုတယ်။ ဒါပေမဲ့ ငါ မင်းကို အပြစ်မတင်ပါဘူး။ ကင်းမြှီးကောက်တွေဟာ မြေအောက်မှာပဲ အောင်းနေတဲ့အတွက် အမြင်ကျဉ်းမြောင်းမှာ သေချာတယ်လေ…”
“ဘာလဲ။ အခုထိဘာလို့ မလာသေးတာလဲ။ ကောင်းပြီ။ မင်းကော လာပြီး ဒူးထောက်ချေ…” ဆယ့်သုံးယောက်မြောက် ပြိုလဲအကြီးအကဲ၊ မြစ်ချောင်းငယ်ကလန်ခေါင်းဆောင်သည် ဝမ်လင်းထံသို့ တိုက်ရိုက် လက်ညှိုးထိုးလိုက်၏။
သူ ထိုသို့ ပြောလိုက်သည့်နောက် ကင်းမြှီးကောက်နက်ခေါင်းဆောင်၏အမူအရာသည် ပြန်ကောင်းမွန်လာ၏။ သူ့အမူအရာကပင် လှောင်ပြောင်လိုဟန် ဖြစ်ပေါ်လာသည်။ သူသာမက တိမ်လွတ်မြောက်ခြင်းကလန်ခေါင်းဆောင်ကပါ ခေါင်းမော့လာ၏။ သူ့မျက်လုံးထဲတွင် လှောင်ပြောင်မှုတို့ ပြည့်နှက်ချေ၏။
ဝမ်လင်းက ပြုံး၍ ထိုအဘိုးအိုကို ကြည့်ကာ ဖြည်းဖြည်းချင်း မေးလိုက်သည်။ “ဘာလဲ ငါတို့က မင်းနာမည်ကို ပြောလို့ မရဘူးလား…”
ဆယ့်သုံးယောက်မြောက်အကြီးအကဲ၏ မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။ သူသည် တိမ်လွတ်မြောက်ခြင်းကလန်ခေါင်းဆောင်က ဝမ်လင်းကို မည်သို့ကြည့်နေသည်အား သူမြင်၏။ တစ်လမ်းလုံးလည်း ဝမ်လင်းဘေးတွင် ခေါင်းငုံ့ကာ ရပ်နေသည်ကို မြင်သည်။ ထိုသူက ဦးဆောင်သူ ဖြစ်သည့်ပုံပင်။ ထို့ကြောင့်လည်း သူက စောနကလို စော်စော်ကားကား ပြောလိုက်ခြင်း မည်၏။
ဆယ့်သုံးယောက်မြောက်ပြိုလဲအကြီးအကဲသည် ပြန်လည်အရေးခံရရန်အလို့ငှာ သူသည် ခွန်အားပြသဖို့ လို၏။
သူ နားလည်ထားသလောက်ဆိုရင် ဝမ်လင်းသည် လောဘကြီးက တာဝန်ပေးအပ်လိုက်သော တစ်စုံတစ်ယောက် ဖြစ်နိုင်၏။ ထို့ကြောင့် သူက လောဘကြီး၏အမည်ကို အသုံးချသလို ဝမ်လင်းကို အသုံးပြု၍ သူ့ခွန်အားကို ပြသနိုင်ရန် ဖြစ်၏။ သို့ပေမည့် ကင်းမြှီးကောက်နက်ကလန်ခေါင်းဆောင်နှင့် တိမ်လွတ်မြောက်ခြင်းကလန်ခေါင်းဆောင်တို့ မျက်လုံးထဲရှိ လှောင်ပြောင်မှုက သူ့ကို တစ်ခုခုမှားနေသည်ဟု ခံစားမိစေ၏။ တစ်ခုခုဆိုးဆိုးဝါးဝါး ဖြစ်လာတောမည့်အလား။
“ဒီလူဟာ လောဘကြီး ခန့်အပ်ထားတဲ့သူပဲ ဖြစ်ရမယ်။ လောဘကြီးက သန်မာပေမယ့်လည်း ငါဟာ ပြိုလဲအကြီးအကဲတစ်ယောက် ဖြစ်တယ်။ ဘာမှ ကြောက်နေစရာ မရှိဘူး…”
ထိုသို့တွေးလိုက်ရင်း ယင်းအဘိုးအိုသည် အေးစက်စက်နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ “အရည်အချင်းရှိတဲ့သူတွေကသာ ငါ့နာမည်ကို ပြောနိုင်တယ်။ မင်းမှာ အရည်အချင်း ရှိလား၊မရှိလား ငါ မသိရပါလား…”
အကြီးအကဲများနှင့်ကလန်ခေါင်းဆောင်တို့မည်သည်မှာ ဉာဏ်နီဉာဏ်နက်များကြ သူများသာ။ ထို့ကြောင့် သူတို့သည် အခြေအနေကို အနည်းနှင့်အများ ခန့်မှန်းမိကြပေ၏။ သူတို့အားလုံးကလည်း ဝမ်လင်းသည် လောဘကြီးအစား သည်နေရာသို့ လာခဲ့သူဟု တူညီစွာ ထင်ထားကြသည်။
“အရည်အချင်းလား…” ဝမ်လင်းသည် ပြုံးလိုက်၏။
“စီနီယာ့ကို အရည်အချင်းမရှိဘူးလို့ ဘယ်သူက ပြောရဲတာလဲ…” အကွာအဝေးတစ်ခုမှ ဟိန်းအော်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ အလင်းတန်းတစ်ထောင်ကျော်သည် ဤနေရာသို့ တရကြမ်း တိုးဝင်လာကြ၏။
ထိုလူအုပ်ကို ဦးဆောင်လာသူမှာ လူငယ်တစ်ယောက်ပင်။ သူ့ဘေးတွင်မူ ကောင်းကင်ဘုံဒုက္ခအဆင့်အကြီးအကဲများ ရှိနေ၏။ သူတို့သည် မြန်ဆန်အားကောင်းသောအဟုန်ဖြင့် ရောက်လာကြပြီး ဝမ်လင်းတို့အုပ်စုဘေးနားတွင် ရပ်ကြသည်။
ထိုလူငယ်က ဝမ်လင်းထံသို့ ခပ်မြန်မြန်သွားကာ သူ့လက်နှစ်ဖက်ကို ဆုပ်သည်။ သူသည် အလွန်တရာလေးစားသည့်ဟန်ပန်ဖြင့် ကျယ်လောင်စွာ ပြောလိုက်သည်။ “ချပ်ဝတ်နဂါးကလန်ခေါင်းဆောင် ဂျူနီယာက စီနီယာ့ကို နှုတ်ဆက်ပါတယ်…”
သူ့နောက်မှ ချပ်ဝတ်နဂါးကလန်၏ ကျင့်ကြံသူတစ်ထောင်ကျော်သည်လည်း ဝမ်လင်းကို လေးစားစွာ ကြည့်ကြသည်။ သူတို့၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှုအရိပ်အမြွက်လည်း ရှိလို့နေသည်။ သူတို့က လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်သည်။ “စီနီယာ့ကို နှုတ်ဆက်ပါတယ်…”
ထိုမြင်ကွင်းကား သည်နေရာရှိ ကျင့်ကြံသူအားလုံး၏အမူအရာကို ပြောင်းလဲသွားစေသည်။
“ချပ်ဝတ်နဂါးကလန်…”
“ချပ်ဝတ်နဂါးကလန်ရဲ့ ကိုးယောက်မြောက်အကြီးအကဲ…”
“ပြောကြတာက ကိုးယောက်မြောက်အကြီးအကဲဟာ လွန်ခဲ့တဲ့လအနည်းငယ်က သူ့နေရာကနေ ဖယ်ပေးလိုက်ရပြီး ကလန်ခေါင်းဆောင်သစ် ရွေးချယ်လိုက်တယ်တဲ့…”
“ဒီကိစ္စဟာ အတော်လေး ဟိုလေးတကြော် ဖြစ်သွားတယ်။ ဒါပေမဲ့ ကိုးယောင်မြောက်အကြီးအကဲ ဖယ်ရှားခံရတဲ့အကြောင်းရင်းကတော့ လျှို့ဝှက်သိုသိပ်နေခဲ့တယ်။ ဒါ့ကြောင့် တော်တော်များများက ဒါကို မသိကြဘူး…”
“ချပ်ဝတ်နဂါးကလန်ဟာ လူအများကြီး ရှိမနေပေမဲ့ သူတို့ဟာ အလွန်အစွမ်းထက်ကြတယ်။ သူတို့ကို ပြိုလဲကုန်းမြေရဲ့ ကလန်ပေါင်း(၃၇၂)ခုထဲမှာ ထိပ်ဆုံးဆယ်ခုထဲ ဝင်တယ်လို့တောင် သတ်မှတ်နိုင်လောက်တယ်…”
“ချပ်ဝတ်နဂါးကလန်ကတောင် လာနှုတ်ဆက်နေရတဲ့သူဟာ ဘယ်သူများလဲ…”
“သူက လောဘကြီးနဲ့ ဘာမှ မပတ်သတ်တဲ့သူများ ဖြစ်နေနိုင်မလား…”
စိတ်ဝိညာဉ်မြွေနဂါးကလန်မှ သက်လတ်ပိုင်းလူသည် မင်သက်ကြောင်ရီနေ၏။ သူ့မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။ မြစ်ချောင်းငယ်ကလန်မှ အဘိုးအိုမှာ သုန်မှုန်လာ၏။ သူသည် ဝမ်လင်းကို ကြည့်သည်။ ထို့အတူ ချပ်ဝတ်နဂါးကလန်ဝင်များ၏ မျက်လုံးထဲရှိ ကြောက်ရွှံ့မှုကိုလည်း မြင်လိုက်ရသည်။ သူ့စိတ်ထဲတွင် ကြောက်စရာအတွေးတစ်ခု ရုတ်တရက် မြင့်တက်လာချေ၏။
ထိုအခါ သူ့ခန္ဓာကိုယ်သည် တုန်ရီ၏။ သူ့မျက်လုံးသည် ကြောက်ရွှံ့ထိတ်လန့်မှု ကြီးစိုးလာသည်။
“မဖြစ်နိုင်ဘူး… ငါ အတွေးလွန်နေတာပဲ ဖြစ်ရမယ်…”
ထိုအခိုက်အတန့်တွင် သံလိုက်အားကြောင့် ဖြစ်ပေါ်နေသော ပုံရိပ်ယောင်မြူသည် စတင်တုန်ဟည်းလာ၏။ ထို့နောက် ၎င်းသည် စတင်ချဲ့ကားလာကာ ဆက်လက် ပျံ့နှံ့သည်။ ထို့နောက် လမ်းကြောင်းတစ်ခုသည် ရုတ်တရက် ပွင့်ဟကာ လှစ်ပေါ်လာ၏။
ထိုလမ်းကြောင်းအတွင်းမှ အေးစက်စက်ဟန်ပန်ဖြင့် ကျင့်ကြံသူဆယ့်နှစ်ယောက်လောက် ထွက်လာကြသည်။ သူတို့ကို ဦးဆောင်လူသူမှာ ချပ်ဝတ်နဂါးကလန်တွင် ပေါ်လာခဲ့သော တမန်တော်ဆိုသူပင်။ သူသည် ပတ်ဝန်းကျင်ကို တစ်စက်လေးပင်မကြည့်၊ ဝမ်လင်းထံသို့သာ ပျံသန်းလာ၏။
ထိုအဖြစ်ကို တွေ့မြင်သည့်အခါ ဆယ့်သုံးယောက်မြောက်အကြီးအကဲသည် စိတ်တချက်ထင့်သွားလေ၏။
***