← Chapters

နို့နံ့မစင်သေးတဲ့ကောင်မလေး

Vol. 105 Ch. 1450

နို့နံ့မစင်သေးတဲ့ကောင်မလေး

Vol. 105 Ch. 1450

တမန်တော်သည် ဝမ်လင်းထံသို့ မြန်ဆန်စွာ ပျံသန်းလာ၏။ သူသည် ချက်ခြင်းပင် ဝမ်လင်းနား ရောက်လာသည်။ သူက ပေတစ်ရာအတွင်းရောက်သည့်အခါ ရပ်လိုက်ပြီး တလေးတစားအပြုံးတစ်ခုကို ထုတ်ဖော်သည်။ ထို့နောက် သူသည် လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်၏။ “ဒီငယ်သားက လူငယ်အင်ပါယာကို နှုတ်ဆက်ပါတယ်…”

သူသာမက လမ်းကြောင်းအတွင်းမှ ထွက်လာကြသော ကျင့်ကြံသူများကလည်း အလျင်အမြန် လိုက်ပါ ပျံသန်းလာ၏။ သူတို့ကလည်း ပေတစ်ရာအတွင်းတွင် ရပ်ကာ တလေးတစား လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်သည်။ “လူငယ်အင်ပါယာကို နှုတ်ဆက်ပါတယ်…”

ဧရိယာတစ်ခုလုံးသည် လုံးဝငြိမ်သက်တိတ်ဆိတ်သွားသည်။ ကလန်ရာချီနှင့် ကျင့်ကြံသူတစ်သောင်းသည်လည်း ငြိမ်သက်ကုန်၏။ သူတို့၏အမူအရာများသည် ရုတ်တရက် ပြောင်းလဲကာ ဝမ်လင်းကို တုန်လှုပ်ခြင်း၊ မယုံကြည်နိုင်ခြင်းအားဖြင့် စိုက်ကြည့်ကုန်သည်။

လူငယ်အင်ပါယာ အစစ်အမှန် ဖြစ်နေချေ၏။ သည်ကိစ္စကို မဟာအင်ပါယာသည် လွန်ခဲ့သောလအနည်းငယ်ခန့်က ကြေငြာချက်ထုတ်ခဲ့၏။ သို့သော် မည်သူကမျှ သူ့ကို မမြင်ဖူးခဲ့ကြပေ။ သည်တစ်ကြိမ်ကား ထိုကျင့်ကြံသူများ လူငယ်အင်ပါယာကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ဖူးသည်မှာ ပထမဆုံးပင်။

“လူ…လူငယ်အင်ပါယာ…” စိတ်ဝိညာဉ်မြွေနဂါးကလန်ခေါင်းဆောင်သည် ဖြူရောသွား၏။ သူ့မျက်လုံးထဲတွင် ကြောက်ရွှံ့မှုပြည့်နှက်လျက်၊ သူ့စိတ်နှလုံးမှာ မြန်ဆန်စွာ ခုန်ပေါက်သည်။ သူ့ပါးစပ်သည် အာစေးမိသည်။ သူ့နှဖူးထက်တွင် ဇောချွေးများ ပြန်လာသည်။ သူသည် ဝမ်လင်းကို အကြောင်သား စိုက်ကြည့်နေမိ၏။

ဆယ့်သုံးယောက်မြောက်အကြီးအကဲလည်း ရှိသေး၏။ သူ့အမူအရာသည် ကြီးစွာ ပြောင်းလဲသွားသည်။ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် အလိုလိုဆုတ်မိသည်။ သူ့စိတ်မှာ တုန်ယင်လေ၏။ သူ့မျက်လုံးထဲတွင် ကြောက်လန့်မှုပြည့်နှက်သည်။ သူသည် သူ ခန့်မှန်းမိသောအရာက အစစ်အမှန် ဖြစ်လာမည်ဟု လုံးဝ မထင်ထားမိခဲ့ချေ။

“ချပ်ဝတ်နဂါးကလန်ကို မြင်လိုက်ကတည်းက ငါ သဘောပေါက်သင့်တာ။ ကိုးယောက်မြောက်ပြိုလဲအကြီးအကဲဟာ ဒီလူ့ကို စော်ကားမိလို့ သူ့အဆင့်အတန်းကနေ ဖယ်ရှားခံလိုက်ရတာပဲ။ ငါက သူ့ကို သုံးပြီး ငါ့ခွန်အားကို ပြသဖို့ပါ ကြိုးစားခဲ့သေးတယ်…”

မြစ်ချောင်းငယ်ကလန်ခေါင်းဆောင်သည် တုန်ရီနေ၏။ သူလည်း အာစေးမိနေသည်။ သူ၏စိတ်ထဲတွင်မူ ကြောက်ရွှံ့မှုက စတင်ကြီးစိုးလာခဲ့ပေပြီ။

တမန်တော်သည် တလေးတစား စတင်ရှင်းပြလာ၏။ “ကျနော်က လူငယ်အင်ပါယာကို အကြာကြီး စောင့်ဆိုင်းမိစေပြီ။ ဒီလမ်းကြောင်းဖွင့်ဖို့က အချိန်နည်းနည်း လိုပါဦးမယ်။ ဒါ့ကြောင့် အချိန်အချို့စောပြီးပဲ ဖွင့်လိုက်တော့မယ်…”

သူ ထိုသို့ပြောလိုက်ပြီးနောက် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူတစ်သောင်းသည် အံအားတသင့်ဖြစ်ကုန်၏။ သည်လမ်းကြောင်း အမှန်တကယ်ဖွင့်ဖို့မှာ အချိန်မကျသေးပေ။ သူတို့သည် နောက်ထပ် နာရီအနည်းငယ်လောက် ထပ်စောင့်ရဦးမည် ဖြစ်၏။

“ဒီလူငယ်အင်ပါယာအတွက် လမ်းကြောင်းကို စောပြီး ဖွင့်လိုက်တာ…”

“ပြိုလဲကုန်းမြေမျာ လူငယ်အင်ပါယာနှစ်ယောက် ရှိနှင့်ပြီးဖြစ်တယ်။ အခု သုံးယောက်မြောက် ပေါ်လာခဲ့ပြီ…”

“ဒီသုံးယောက်မြောက်လူငယ်အင်ပါယာက အရင်နှစ်ယောက်ထပ် ပိုအလေးထားခံရတာပဲ ဖြစ်ရမယ်။ မဟုတ်ရင် ဝင်လမ်းက ဘယ်လိုလုပ် စောစောကြို ပွင့်ပါ့မလဲ။ ဒီလိုအရာမျိုးဟာ အရင်က လုံးဝ မဖြစ်ဖူးခဲ့ဘူး…”

“ဟီးဟီး…ဆယ့်သုံးယောက်မြောက် ပြိုလဲအကြီးအကဲဟာ လူငယ်အင်ပါယာကို စော်ကားမိတဲ့အထိ မျက်လုံးကန်းခဲ့တာပဲ။ ငါတော့ သူ ဒီကိစ္စကို ဘယ်လိုရင်ဆိုင်မလဲ မြင်ချင်မိနေပြီ…”

“ဒါ့အပြင် စိတ်ဝိညာဉ်မြွေနဂါးကလန်ခေါင်းဆောင်လည်း ရှိသေးတယ်။ သူလည်း ပြစ်ဒဏ်ခံစားရလောက်တယ်…”

တမန်တော် ဝမ်လင်းကို ပြောလိုက်သော စကားများသည် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏စိတ်ကို လှိုင်းထန်သွားစေသည်။ ဝမ်လင်းက သူ့ရှေ့ရှိ ကျင့်ကြံသူများကို တည်ငြိမ်စွာပင် ခေါင်းညိတ်ပြသည်။

“လူငယ်အင်ပါယာ…ကျေးဇူးပြုပြီး မဟာအင်ပါယာဂြိုဟ်ထဲ ဝင်ရောက်ပေးပါ…” တမန်တော်သည် ဘေးတစ်ဖက်တွင် တလေးတစား ရပ်ကာ လမ်းဖယ်ပေး၏။

ဝမ်လင်းသည် ရှေ့ရှိ လမ်းကြောင်းထံသို့ ဖြည်းဖြည်းချင်း လျှောက်လာ၏။ သူနှင့်အတူ တမန်တော်လည်း ပါလာသည်။

ထိုအဖြစ်ကို မြင်မှ ဆယ့်သုံးယောက်အကြီးအကဲသည် စိတ်သက်သာရာ ရသွားတော့၏။ သူက ဝမ်လင်းသည် ရန်လိုသောစိတ်သဘောမရှိ၊ သူ့ကို ခက်ခဲအောင်မလုပ်ဟု ခံစားမိလိုက်၏။

မည်သို့ပင်ဖြစ်စေ သူသည် ပြိုလဲအကြီးအကဲတစ်ယောက် ဖြစ်နေဆဲပင်။ တဖက်လူက လူငယ်အင်ပါယာ ဖြစ်နေလျှင်ပင် ပြိုလဲအကြီးအကဲတစ်ယောက်ကိုမူ မျက်နှာသာအချို့ပေးရမည် မဟုတ်လား။

“ဒီလူဟာ ရန်မလိုတတ်ဘဲ ကြင်နာတတ်တဲ့သူ ဖြစ်နေပါလား။ သူက လူငယ်အင်ပါယာ ဖြစ်နေပေမယ့်လည်း လွယ်လွယ်နဲ့ အနိုင်ကျင့်လို့ရတဲ့သူပဲ…” သူက သူ ကံကောင်းသွားသည်ဟု တွေးမိရုံရှိသေး သူ့မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွား၏။

ဝမ်လင်းသည် ခြေလှမ်းအနည်းငယ် လှမ်းပြီးသည့်နောက် သူက ရုတ်တရက် လှည့်ကာ စိတ်ဝိညာဉ်မြွေနဂါးကလန်မှ သက်လတ်ပိုင်းလူကို ကြည့်သည်။

သူ့အကြည့်မှာ အေးစက်နေ၏။ သူ့အကြည့်က ထိုသက်လတ်ပိုင်းလူပေါ်သို့ ကျရောက်သွားချိန်တွင် သူ့ခန္ဓာကိုယ်သည် တုန်ယင်သွားကာ ချွေးအေးများ ပြန်လာ၏။ သူသည် ဝမ်လင်း၏အကြည့်က သူ့စိတ်အတွင်းထိ ထွင်းဖောက်လာသည့်အလား ခံစားလိုက်ရသည်။

ဝမ်လင်းဘေးရှိ တမန်တော်သည်လည်း ရပ်လိုက်၏။ သူက သံသယရှိဟန် ဖြစ်ပေါ်သည်။ သူလည်း စိတ်ဝိညာဉ်မြွေနဂါးကလန်မှ သက်လတ်ပိုင်းလူကို ကြည့်လိုက်၏။ သူ့အမူအရာသည် သုန်မှုန်သွားသည်။

“သူ့ကို ဖမ်းလိုက်…” တမန်တော်၏အသံသည် အေးစက်၏။ ချက်ခြင်းပင် သူ့ပတ်လည်ရှိ လူများသည် သက်လတ်ပိုင်းလူထံသို့ တရကြမ်း တိုးဝင်လာကြ၏။

စိတ်ဝိညာဉ်မြွေနဂါးကလန်မှ သက်လတ်ပိုင်းလူသည် မျှော်လင့်ချက်မဲ့သွား၏။ သူ့နောက်ရှိ ကလန်ဝင်များ၏အမူအရာပါ အကြီးအကျယ် ပြောင်းလဲကုန်သည်။ သူတို့သည် ကြောက်လန့်တကြား ဖြစ်နေ၏။

“သူက သေဖို့ မထိုက်တန်ဘူး။ ဒါပေမဲ့ စိတ်ဝိညာဉ်မြွေနဂါးကလန်ဟာ ပြိုလဲအကြီးအကဲရွေးချယ်ပွဲမှာ ပါဝင်ခွင့် မရှိတော့ဘူး…” ဝမ်လင်း၏အသံသည် တိုးသည်။ သို့သော် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံး၏ နားထဲတွင်မူ ပဲ့တင်ထပ်သွားလေ၏။

သက်လတ်ပိုင်းလူထံသို့ တိုးဝင်လာသော ကျင့်ကြံသူများသည် ချက်ခြင်း ရပ်တန့်ကာ ဝမ်လင်းနောက်သို့ ပြန်ဆုတ်သွားကြသည်။

စိတ်ဝိညာဉ်မြွေနဂါးကလန်မှ သက်လတ်ပိုင်းလူသည် ဖြူရောဖြူရော ဖြစ်နေ၏။ သူသည် ဝမ်လင်း၏စကားများကို ကြားရသည့်အခါ သူသည် ထပ်မံ တုန်ရီမိပြန်သည်။ သူ့မျက်လုံးထဲရှိ မျှော်လင့်ချက်မဲ့မှုမှာ ပိုအားကောင်းလာသည်။ သည်စကားများက သူ့ကို သတ်သည်ထက် သာ၍ ဆိုးဝါးပေသည်။

သူ သေရလျှင်ပင် သူ တစ်ယောက်တည်းဟုသာ ‌ပြောနိုင်၏။ သူသည် ကယ်တင်ခြင်း ခံလိုက်ရသော်လည်း သူဟာ ကလန်တစ်ခုလုံး၏ အပြစ်သား ဖြစ်လာခဲ့ချေပြီ။ သက်လတ်ပိုင်းလူက လက်နှစ်ဖက်ဆုပ်ကာ ခါးသီးစွာ ပြောလိုက်၏။ “သင့်ရဲ့ သနားညှာတာမှုအတွက် ကျေးဇူးတင်ပါတယ် လူငယ်အင်ပါယာ…”

ဝမ်လင်းက သူ့အကြည့်ကို ထိုသူ့ထံမှ ဖယ်ကာ မြစ်ချောင်းငယ်ကလန်ခေါင်းဆောင်၊ ဆယ့်သုံးယောက်မြောက်ပြိုလဲအကြီးအကဲထံသို့ ရောက်ရှိသွားသည်။

ဆယ့်သုံးယောက်မြောက်ပြိုလဲအကြီးအကဲသည် စိတ်နှလုံးတစ်ချက် ခုန်သွားသည်။ သူ့မျက်နှာမှာ ဖြူဖပ်ဖြူရော ဖြစ်သွားချေ၏။

ဝမ်လင်းသည် ဆယ့်သုံးယောက်မြောက်အကြီးအကဲကို ကြည့်သည်။ ထို့နောက် သူက တမန်တော်ထံသို့ ဖြည်းဖြည်းချင်း ပြောလိုက်၏။ “သူ့ရဲ့ ပြိုလဲအကြီးအကဲအဆင့်အတန်းကို ဖြုတ်ချပြီး ကင်းမြှီးကောက်နက်ကလန်ရှေ့မှာ နှစ်တစ်ရာတိတိ ဒူးထောက်ခိုင်းလိုက်ပါ…”

တမန်တော်သည် အနည်းငယ် ချီတုံချတုံ ဖြစ်သွား၏။ သို့သော် သူက ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု တလက်လက် ဖြစ်နေသည်ကို မြင်သည့်အခါ ခေါင်းညိတ်လိုက်တော့သည်။

“မြစ်ချောင်းငယ်ကလန်ဟာ ပြိုလဲအကြီးအကဲရွေးချယ်ပွဲမှာ နေရာမရှိတော့ဘူး…” ဝမ်လင်းက ထိုသို့ ပြောလိုက်ပြီးနောက် သူသည် တိမ်လွတ်မြောက်ခြင်းကလန်ခေါင်းဆောင်ကို ကြည့်ကာ လှမ်းပြောလိုက်သည်။ “မင်းရဲ့ လက်တစ်ဖက်ကို ချိုးလိုက်။ နောက်တစ်ခါ အဲ့လို ထပ်မဖြစ်စေနဲ့…”

တိမ်လွတ်မြောက်ခြင်းကလန်ခေါင်းဆောင်၏ နှဖူးထက်တွင် ချွေးပြန်သွားသည်။ သူသည် ဝမ်လင်းသည် အစွမ်းထက်လှသည်ကို သိ၏။ သူက ဆယ့်သုံးယောက်မြောက်ပြိုလဲအကြီးအကဲ ဝမ်လင်းကို စော်ကားမိအောင် ရည်ရွယ်ချက်ရှိရှိ ဝမ်လင်းထံသို့ တစ်ချက်ကြည့်ခဲ့ခြင်းသာ။ သူသည် ဝမ်လင်းက သူ့ရည်ရွယ်ချက်ကို သတိပြုမိလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။

ထိုအခိုက်တွင် သူက အံတင်းတင်းကြိတ်ကာ သူ့ညာလက်ကို ဓားတစ်လက်အသွင် ဖြစ်ပေါ်စေပြီး သူ့ဘယ်ဘက်ပုခုံးကို တွေဝေခြင်းမရှိ ခုတ်ပိုင်းချလိုက်သည်။ ပေါက်ကွဲသံတစ်ချက်နှင့်အတူ သူ့ဘယ်လက်မှ သွေးကြောများ ပျက်စီးသွားချေ၏။

တိမ်လွတ်မြောက်ခြင်းကလန်ခေါင်းဆောင်၏ မျက်နှာမှာ သေလောက်အောင်ဖြူရောသွားသည်။ သူက တိုးညင်းစွာ ပြောလိုက်၏။ “ကျေးဇူးပါ…လူငယ်အင်ပါယာ။ ဂျူနီယာ မှားမှန်းသိပါပြီ…”

ဝမ်လင်းသည် လှည့်ထွက်ကာ လမ်းကြောင်းထံသို့ တည်ငြိမ်စွာ လျှောက်လှမ်းသွားသည်။

ပတ်ဝန်းကျင်တစ်ခုလုံးသည် ပို၍ ငြိမ်သက်ကုန်၏။ ကျင့်ကြံသူတစ်သောင်း၏ အကြည့်များက ဝမ်လင်းထံသို့သာ ကျရောက်နေသည်။ သူတို့၏စိတ်များသည် လှုပ်ခတ်နေပေသည်။ သို့ပေမည့် အချို့လူများကတော့ ဝမ်လင်း၏အပြုအမူကို အထင်သေးကြ၏။ သူတို့က သူ့နောက်ခံကြောင့်သာ မဟုတ်ပါက ဝမ်လင်းသည် ဘာမှမဟုတ်ဟု ခံစားမိသည်။

“ဒီလူဟာ လူငယ်အင်ပါယာသာ မဟုတ်ခဲ့ရင် ဒီလောက်မောက်မာလိမ့်မှာ မဟုတ်ဘူး…”

“လူငယ်အင်ပါယာတစ်ယောက်တည်း ရှိတာ မဟုတ်ဘူး။ သူဟာ လူငယ်အင်ပါယာစမ်းသပ်မှုတွက် မဟာအင်ပါယာဂြိုဟ်ရှိ လာခဲ့တာ ဖြစ်ရမယ်။ သူ ဒါကို ဖြတ်ကျော်နိုင်မှသာ အစစ်အမှန်လူငယ်အင်ပါယာ ဖြစ်လာမှာ…”

“ဒါအမှန်ပဲ။ လူငယ်အင်ပါယာစမ်းသပ်မှုဟာ အလွန်တရာခက်ခဲလှတယ်။ နှစ်ပေါင်းများစွာတစ်လျှောက် အရည်အချင်းရှိတဲ့ ပြိုင်ပွဲဝင်သူတွေအများကြီး ရှိခဲ့တယ်။ သူတို့ဟာ မဟာအင်ပါယာကိုယ်တိုင် ခန့်အပ်ခြင်း မခံရပေမယ့်လည်း ဘယ်သူကမှ မဖြတ်ကျော်နိုင်ခဲ့ကြဘူး။ သူက မဟာအင်ပါယာကိုယ်တိုင် ခန့်အပ်ထားတဲ့သူ ဖြစ်နေရင်တောင်မှ သူ့အတွက် ဒီစစ်ဆေးမှုကို ကျော်နိုင်ဖို့ဟာ ခက်ခဲနေဆဲပဲ…”

“လူငယ်အင်ပါယာရဲ့ တာဝန်ဟာ အလွန်အရေးကြီးတယ်။ သူတို့ဟာ ပြိုလဲကုန်းမြေတစ်ခုလုံးကို အုပ်ချုပ်ဖို့အတွက် မဟာအင်ပါယာရဲ့နေရာကို တာဝန်ယူရမှာ။ အုပ်စိုးသူကောင်စီကတောင် လူငယ်အင်ပါယာကို လေးစားမှု ထားရတယ်…”

တမန်တော်သည် ဝမ်လင်းနောက်သို့ လိုက်လာရင်း လမ်းကြောင်းအတွင်း နီးကပ်လာ၏။ သူတို့သည် အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် ဝမ်လင်းသည် သည်လမ်းကြောင်းအစွန်းအဖျားမှ ထွက်ပေါ်နေသော စုတ်ဖြဲခြင်းအားတစ်ခုကို ခံစားလိုက်ရ၏။ အလားတူပင် သံလိုက်အားကိုလည်း ခံစားမိရသည်။ သူ့မူလစိတ်ဝိညာဉ်ပင် သူ့ခန္ဓာကိုယ်မှ စုပ်ယူခြင်းခံလိုက်ရသည့်အလား။

သို့ပေမည့် လမ်းကြောင်းအတွင်းမူ ထိုစုပ်အားသည် အားမကောင်းလှပေ။ လူတစ်ယောက်သည် အပြင်ဘက်တွင် ရှိနေလျှင်တော့ ဆုတ်ဖြဲအား၊သံလိုက်အားတို့သည် ကြောက်မက်ဖွယ်ရာ ဖြစ်ပေလိမ့်မည်။

သို့ပေမည့် ဝမ်လင်းက ပေတစ်ရာလောက် လှမ်းလာသည့်နောက် သူ့အမူအရာသည် ပြောင်းလဲသွားကာ သူသည် အကွာအဝေးတစ်ခုထံသို့ စိုက်ကြည့်သည်။ ထိုအကွာအဝေးထံမှ ကောင်းကင်တုန်လှုပ်ဖွယ်ဟိန်းမြည်သံတစ်ခု ထွက်ပေါ်လာ၏။

ထိုဟိန်းမြည်သံကား အလွန်တရာ တုန်လှုပ်ဖွယ်ကောင်း၏။ ချက်ခြင်းပင် အပြင်ဘက်ရှိ တိတ်ဆိတ်မှုကို ဖျက်စီးသွားလေသည်။ တမန်တော်၏အမူအရာသည်ပင် ပြောင်းလဲသွားသည်။

ထိုအကွာအဝေးထံမှ ရှစ်မြှောင့်သံလိုက်အိမ်မြှောင်တစ်ခုသည် ပျံသန်းလာ၏။ ထိုသံလိုက်အိမ်မြှောင်မှာ ပေတစ်ထောင်ကျယ်ပြောကာ လင်းလက်၏။ ယင်းပေါ်တွင် မှော်စာလုံများစွာမှာ တလက်လက် ဖြစ်ပေါ်နေချေသည်။

ယင်းသံလိုက်အိမ်မြှောင် နီးကပ်သထက် နီးကပ်လာသည်။ ၎င်းသည် မဟာအင်ပါယာဂြိုဟ်ထံသို့ ချက်ခြင်း နီးကပ်လာ၏။ ၎င်းပေါ်တွင် လူနှစ်ယောက် ရပ်နေကြသည်။

ရှေ့မှသူသည် ဆံပင်ရှည်ဖြင့်အမျိုးသမီးတစ်ယောက် ဖြစ်၏။ သူမ၏ဆံပင်များမှာ ပိုးသားအလား။ သူမသည် အလွန်တရာလှပသည်။ သူမ၏မျက်လုံးများကလည်း လရောင်အလား။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးကို စွဲညှို့နိုင်၏။

သူမသည် နတ်သမီးတစ်ပါးအလား ရပ်နေ၏။

သူမ၏ဘေးတွင်မူ သက်လတ်ပိုင်းလူတစ်ယောက် ရပ်နေ၏။ သူ့အမူအရာသည် သုန်မှုန်နေလျက်။ သူသည် တောင်ကြီးတစ်တောင်အလား။ သူ့ထံမှ ဖိအားတစ်ခု ပျံ့လွင့်နေ၏။ ထိုဖိအားသည် မုန်တိုင်းတစ်ခုအလား။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏အမူအရာသည် ပြောင်းလဲသွားကာ သူတို့သည် နောက်ဆုတ်ကြ၏။ ထိုလူ့ပတ်လည်တွင် ဝိုးတဝါးအခိုးအငွေ့များလည်း ရှိချေ၏။ ထိုအခိုးအများအတွင်း အသံတိတ်ဟိန်းမြည်နေသော တွန့်လိမ်တွန့်ခေါက်မျက်နှာများ ပါဝင်လေသည်။

“အပူဇော်ခံမီးတောက်တွေ…တတိယအဆင့်ကျင့်ကြံသူတွေ…” အချို့လူများက ထိုအခိုးအငွေ့ကို မည်သည့်အရာမှန်း ချက်ခြင်း သိလိုက်ကြ၏။ သူတို့၏အမူအရာများသည် ကြီးစွာ ပြောင်းလဲသွားကြသည်။

“ဒီကောင်မလေးဟာ ယွင်လောပါ။ ငါဟာ အုပ်စိုးသူကောင်စီကို ကိုယ်စားပြုပြီး မဟာအင်ပါယာကို လာနှုတ်ဆက်တာပါ။ ပြိုလဲကောင်စီရဲ့ ခေါင်းဆောင်ရဲ့ ဖိတ်ကြားမှုကိုလည်း ရရှိထားတယ်။ ငါက ပြိုလဲကုန်းမြေက ရောင်းရင်းကျင့်ကြံသူတွေကို နှုတ်ဆက်ပါတယ်…”

“အရှင်စစ်မိုကလည်း မဟာအင်ပါယာကို နှုတ်ဆက်ပါတယ်…” သူမဘေးရှိ သက်လတ်ပိုင်းလူသည် မထူးခြားနားဟန်ဖြင့် မဟာအင်ပါယာဂြိုဟ်ထံသို့ ကြည့်သည်။ သို့ရာတွင် သူ့အမူအရာသည် ချက်ခြင်းပြောင်းလဲသွား၏။ သူသည် သတ်ဖြတ်လိုစိတ် ပြည့်နှက်လာသည်။

သူက မဟာအင်ပါယာဂြိုဟ်ထံသို့ ဝင်လမ်းအတွင်းရှိ ဝမ်လင်းကို လှမ်းမြင်သည်။

ဝမ်လင်းကလည်း အရှင်စစ်မိုကို မြင်၏။

သူတို့၏အကြည့်များသည် ဓားသွားများအလား ထိပ်တိုက်တွေ့ဆုံသည်။

“ခွေးကောင်လေး…” အရှင်စစ်မိုသည် သွားကြားထဲမှ အသံဖြင့် ပြောလိုက်၏။ ယင်းအသံတွင် သတ်ဖြတ်လိုမှု အပြင်းအထန် ပါဝင်သည်။

ဝမ်လင်း၏အမူအရာမှာ တည်ငြိမ်လျက်သာ။ သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “အရှုံးသမား…သင်က အာပဲ ရှိတာမလား။ သင်က ဘယ်လို တတိယအဆင့်ကျင့်ကြံသူမျိုးလဲ…”

“မင်း…မင်းငါနဲ့ တိုက်ခိုက်ရဲလား…” အရှင်စစ်မို အမုန်းဆုံးအရာသည် သူ့ကိုယ်ပွား အသတ်ခံလိုက်ရခြင်း ဖြစ်၏။ ခုချိန်တွင် ဝမ်လင်းက ထိုအကြောင်းကို ပြန်အစဖော်သည်။

ဝမ်လင်းသည် ပြုံးလိုက်၏။ သူ့မျက်လုံးထဲတွင်လည်း လှောင်ရိပ်သန်းကာ ပြောလိုက်သည်။ “သင် ဒီသံလိုက်မြူထဲဝင်ပြီး သင့်ရဲ့ ကျင့်ကြံမှုအဆင့်ကို ဖျက်စီးပစ်၊ ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့်ထိ လျော့ချပြီး ငါနဲ့ တိုက်ခိုက်ရဲလား…”

သူ ထိုသို့ ပြောလိုက်သည့်အခါ ပတ်ဝန်းကျင်တစ်ခုလုံးသည် ဝိုးခနဲဝါးခနဲ ဖြစ်ကုန်၏။

အရှင်စစ်မိုသည် မင်သက်သွားမိ၏။ သူသည် စကားတစ်ခွန်းပင် ပြန်ခွန့်တုန်မပြန်နိုင် ဖြစ်ရ၏။ သူ၏အမူအရာကား အလွန်သုန်မှုန်နေလေ၏။

သူ မလုပ်ဝံ့ပေ။

“ရောင်းရင်းကျင့်ကြံသူက တော်သားပဲ။ ငါ သင့်နာမည်ကိုလည်း မသိရပါလား။ ယွင်လောကို သင့်ရဲ့ နာမည် ပြောပြပေးနိုင်မလား…” ဆံပင်ရှည်အမျိုးသမီးက ပြုံး၏။ သူမက ဝမ်လင်းထံသို့ ကြည့်သည်။ သူမ၏အကြည့်မှာ လရောင်အလား။ သို့ပေမည့် ဝမ်လင်းကမူ ထိုအပြုံးသည် အလွန်တရာဟန်ဆောင်ခြင်း ပြည့်ပြီး သူ့အား မသက်မသာ ဖြစ်စေသည်။

“အုပ်စိုးသူကောင်စီရဲ့ ဆရာသခင်နေရာဟာ ကျင့်ကြံမှုအဆင့်ပေါ် အခြေခံထားတာ မဟုတ်ဘူး။ ဒါက မျိုးဆက်တစ်ဆက်ချင်း လွှဲပေပြာင်းပေးတဲ့ ရာထူးနေရာတစ်ခုပဲ။ မင်းဟာ နှစ်ပေါင်းတစ်ထောင်တောင် မကျင့်ကြံရသေးတဲ့ နို့နံမစင်သေးတဲ့ ကလေးမလေးပဲ။ ဒါတောင် မင်းက ငါ့ကို ရောင်းရင်းကျင့်ကြံသူ လို့ ခေါ်ဝံ့တယ်လား။ မင်းရဲ့ စီနီယာတွေအပေါ် လေးစားမှု မရှိဘူးလား။ မင်းရဲ့ အရင်လူက မင်းကို ဘယ်လိုများ သင်ကြားပေးခဲ့တာလဲ…” ဝမ်လင်း၏အမူအရာသည် အေးစက်၏။ သူ၏စကားများက ပို၍ပင် အေးစက်နေသေးသည်။

***

All Chapters