အခန်း ၇၈၉
Vol. 69 Ch. 789
အခန်း ၇၈၉
ဝုန်းခနဲ မြည်ဟည်းသံနှင့်အတူ နန်ပါးထျန်း လွင့်ထွက်သွားပြီး ကြိုးပြတ်သွားသော စွန်တစ်ကောင်အလား မြေပြင်ပေါ်သို့ အဝေးကြီး လွင့်စဉ်ကျသွားသည်။ တဆက်တည်းမှာပင် ပါးစပ်မှ သွေးများမှာ ဖူးခနဲ ပန်းထွက်သွား၏။ သူ၏ ခန္ဓာကိုယ်ကြီး မြေပြင်ပေါ်သို့ ဘုန်းခနဲ ပြုတ်ကျသွားပြီး ဖုန်လုံးကြီးများ ထောင်းခနဲ ထသွားသည်။
ချန်ကျဲ့သည် လဲကျသွားသော နန်ပါးထျန်းကို အမူအရာကင်းမဲ့စွာ စိုက်ကြည့်နေရင်း အနီးသို့ လျှောက်သွားလိုက်သည်။
ထိုအချိန်၌ နန်ပါးထျန်းမှာ မြေပြင်မှနေ၍ ယိုင်တိယိုင်တိုင် ရုန်းကန်ထရပ်လာပြီး သွေးများကို ထွေးထုတ်လိုက်သည်။ ယခုလေးတင် အတိုက်ခံလိုက်ရသော သိုင်းကွက်ကြောင့် သူ ဒုက္ခိတနီးပါး ဖြစ်သွားခဲ့ရပြီဖြစ်ကာ ယခုတွင် စိတ်စွမ်းအားသက်သက်ဖြင့်သာ မတ်တပ်ရပ်နေနိုင်ခြင်းဖြစ်သည်။ ချန်ကျဲ့၏ အထင်အမြင်သေးခံရခြင်းကို သူ လုံးဝ မလိုလားပေ။
ထို့ကြောင့် ချန်ကျဲ့ကို ဒေါသတကြီး စိုက်ကြည့်လျက် ပြောလိုက်သည်။
“ချန်ကျိုစစ်... ငါ... ငါ မကျေနပ်ဘူး”
ချန်ကျဲ့က ခြေလှမ်းများကို ရပ်တန့်မသွားဘဲ ခပ်အေးအေးပင် ပြန်ဖြေသည်။
“ကျုပ်သိတယ်”
ပါးစပ်မှ သွေးများကို သုတ်ပစ်ရင်း နန်ပါးထျန်းက အံကြိတ်ကာ ထပ်ပြောသည်။
“ငါ.. ငါ နည်းနည်းလေးမှ မကျေနပ်ဘူးကွ”
ချန်ကျဲ့က ပြန်ဖြေ၏။
“အေး သိတယ်လို့”
“ဘာလို့လဲ... မင်းနဲ့ငါက စရိုက်တူတွေပဲလေ။ အာဏာကိုလိုချင်လို့ ရက်ရက်စက်စက် လုပ်နိုင်ကြတဲ့သူတွေချည်းပဲ။ ဘာလို့ မင်းက မင်းလိုချင်တာကို ရပြီး ငါကကျတော့ မရနိုင်ရတာလဲ” ဟု နန်ပါးထျန်းက မေးလိုက်သည်။
ထိုအခါ ချန်ကျဲ့ ခြေလှမ်းများ ရပ်တန့်သွားပြီး သူ့ကို ကြည့်လိုက်သည်။
“ငါတို့နှစ်ယောက်က တူတယ်လို့ မင်းထင်နေတာလား”
“ဘာလဲ.. မတူဘူးလား” နန်ပါးထျန်းက ချက်ချင်း ပြန်မေးသည်။
နန်ပါးထျန်းက ဆက်ပြော၏။
“ငါက ရည်မှန်းချက်အောင်မြင်ဖို့အတွက် ဘာမဆိုလုပ်မယ့်ကောင်မျိုးကွ။ မင်းကရော အတူတူပဲ မဟုတ်ဘူးလား။ ငါ့ကိုအနိုင်ယူဖို့အတွက် ငါ့မိန်းမနဲ့တောင် ပူးပေါင်းပြီး အကွက်ဆင်ခဲ့သေးတယ်။ ငါ ရှန်းကျောက်ဂိုဏ်း (မိန်ဂိုဏ်း) နဲ့ ပူးပေါင်းတယ်ဆိုပြီး ချောက်ချခဲ့တယ်။ အဲဒီကိစ္စကို ငါ တကယ်လုပ်မလုပ် မင်းမသိဘူးလား”
“မင်းကလည်း အာဏာရူးပြီး ကောက်ကျစ်တဲ့ကောင်ပဲ။ ဒါဆို ငါတို့က ဘာကွာခြားလို့လဲ” ဟု နန်ပါးထျန်းက မေးခွန်းထုတ်သည်။
ထိုစကားကို ကြားသောအခါ ချန်ကျဲ့က ပြန်ပြောသည်။
“ခင်ဗျားက ဒီလိုမြင်တယ်ဆိုရင်လည်း ကျုပ် ငြင်းစရာမရှိပါဘူးလေ။ ကျုပ်တို့တွေက တကယ်ပဲ ဆင်တူပါတယ်။ ပြီးတော့ ဒီလို ရှုပ်ထွေးဆူပူနေတဲ့ ခေတ်ပျက်ကြီးထဲမှာ ကျုပ်တို့လိုလူတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ကျုပ်က အောင်မြင်ပြီး ခင်ဗျားက ရှုံးနိမ့်သွားတယ်။ ဘာလို့လဲဆိုတာ ခင်ဗျားသိလား”
“ဘာလို့လဲ” နန်ပါးထျန်းက ချန်ကျဲ့ကို စိုက်ကြည့်ရင်း မေးလိုက်သည်။
ချန်ကျဲ့က ခပ်ဟဟ ရယ်မောလိုက်ပြီး ဖြေသည်။
“ဘာလို့လဲဆိုတော့ ကျုပ်က ခင်ဗျားလိုလူထက် ပိုဉာဏ်ကောင်းလို့ပဲ”
နန်ပါးထျန်း၏ မျက်နှာကြီး မည်းမှောင်သွား၏။
ချန်ကျဲ့ဘက်မှ လူ့ကျင့်ဝတ်တရားများနှင့် အထက်စီးမှနေ၍ ဆုံးမစကားဆိုလာမည်ဟု သူ ထင်ထားခဲ့သော်လည်း ယခုတော့ ချန်ကျဲ့က သူ၏ဉာဏ်ရည်ဉာဏ်သွေးကို ပေါ်ပေါ်တင်တင် နှိမ်ချလိုက်ခြင်းဖြစ်ရာ သူ့အတွက် အတော်လေး စော်ကားခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ နန်ပါးထျန်းမှာ ဒေါသထွက်လွန်းသဖြင့် ဘာပြောရမှန်းပင် မသိအောင် ဆွံ့အသွားတော့သည်။
ချန်ကျဲ့က ဆက်ပြောသည်။
“ကျုပ်တို့က တကယ်ပဲ တူပါတယ်။ ရည်မှန်းချက်ကြီးတယ်၊ ကောက်ကျစ်စဉ်းလဲတယ်၊ လိုချင်တဲ့ပန်းတိုင်ရောက်ဖို့ဆို ဘယ်လိုလှည့်ကွက်မျိုးမဆို သုံးနိုင်ကြတယ်။ ဒါပေမဲ့ ကျုပ်က ခင်ဗျားထက် ပိုဉာဏ်ကောင်းတယ်။ ကျုပ်က ဘယ်နေရာမှာ ရပ်ရမလဲဆိုတဲ့ စည်းမျဉ်းကို သိတယ်။ အခြေအနေကို ကောင်းကောင်းနားလည်တယ်။ ပြီးတော့ ဘာကိုစွန့်လွှတ်ရမလဲဆိုတာကို သိတယ်။ ခင်ဗျားကရော ဘာသိလို့လဲ”
“မနာလိုစိတ်တွေ ဖုံးလွှမ်းပြီး လုံးဝကို မိုက်မဲလွန်းတယ်။ ခင်ဗျားသာ ကျုပ်ကို တစ်လှမ်းချင်း မဖိနှိမ့်ခဲ့ဘူးဆိုရင် ကျုပ်က အာဏာကို လိုချင်နေရင်တောင်မှ ခင်ဗျားကို ဂုဏ်သိက္ခာရှိရှိ ရာထူးကနေ ဆင်းပေးနိုင်မယ့် သင့်တော်တဲ့နည်းလမ်းတစ်ခုကို ရှာပေးခဲ့မှာပဲ”
“ဒါပေမဲ့ ခင်ဗျားက အဲဒီဂုဏ်သိက္ခာကို မလိုချင်ခဲ့ဘူး။ ကျုပ်ကိုတောင် သတ်ဖို့ ကြိုးစားခဲ့သေးတယ်။ အဲဒါကြောင့် ကျုပ်ကလည်း တန်ပြန်တိုက်ခိုက်ရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူးလေ”
“ပြီးတော့ ခင်ဗျားက လုံလောက်တဲ့ ဉာဏ်ရည်မရှိတော့ ကျုပ်ရဲ့ တန်ပြန်တိုက်ခိုက်မှုအောက်မှာ ကျရှုံးသွားရတာပဲ။ ဘာပဲဖြစ်ဖြစ် ခင်ဗျားက အတော်လေး ထည်ထည်ဝါဝါ နေခဲ့ရပြီးပြီပဲလေ။ ဒီတော့ ဒီအဆင့်ရောက်နေမှတော့ ဘာနောက်ဆုံးစကားများ မှာစရာရှိသေးလဲ”
ထိုစကားကို ကြားပြီးနောက် နန်ပါးထျန်းသည် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးမှ မေးလာသည်။
“ဝမ်အာ အဆင်ပြေရဲ့လား”
ချန်ကျဲ့ အနည်းငယ် တန့်သွားပြီး နန်ပါးထျန်းကို အံ့ဩစွာ ကြည့်လိုက်မိသည်။ ဒီလိုအချိန်ရောက်နေသည့်တိုင် သူက ဟွမ်ဝမ်အာအကြောင်းကို မေးလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“သူ့အကြောင်း ဘာလို့မေးနေရတာလဲ။ ခင်ဗျားက သူ့ကို ခင်ဗျားဆရာတူညီမ နေရာမှာ အစားထိုးပြီး သုံးချင်ရုံသက်သက်ပဲ မဟုတ်ဘူးလား” ချန်ကျဲ့က မေးလိုက်သည်။
နန်ပါးထျန်းသည် တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် ဝန်ခံလိုက်သည်။
“ဟုတ်တယ်... အစတုန်းကတော့ ငါ သူ့ကို ငါ့ဆရာတူညီမနေရာမှာ အစားထိုးဖို့အတွက်ပဲ သဘောထားခဲ့တာပါ”
“အခု ပြန်တွေးကြည့်တော့ ငါ သူ့ကို တောင်းပန်ဖို့ အကြွေးတင်နေခဲ့ပြီ။ ငါ သူ့ကို သေချာ ဂရုမစိုက်ခဲ့ဘဲ ငါ့ရဲ့ စိတ်ပျက်ဒေါသထွက်မှုတွေကို ပေါက်ကွဲဖောက်ထုတ်ဖို့ ကိရိယာတစ်ခုလိုပဲ အသုံးချခဲ့တာ ငါသိပါတယ်။ သူ ငါ့ကို မုန်းနေမယ်ဆိုတာလည်း ငါသိတယ်။ ဒါတောင်မှ ငါ သူ့ကို တကယ်ထိခိုက်နစ်နာစေဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပါဘူး။ သူ ကိုယ်ဝန်ရှိလာတုန်းကတောင်မှ ငါက ကလေးမရနိုင်တဲ့သူဆိုတော့ သူ့ကို ကလေးမွေးခွင့်ပေးပြီး ငါ့ရဲ့ မျိုးရိုးနာမည်ကို ပေးဖို့ စဉ်းစားခဲ့သေးတာ”
ချန်ကျဲ့ ဘာမှ ပြန်မပြောပေ။
နန်ပါးထျန်းက ချန်ကျဲ့ကို ကြည့်ရင်း ဆက်ပြောသည်။
“ချန်ကျိုစစ်... ငါ မင်းကို မုန်းတယ်။ ဒါပေမဲ့ ဒီအချိန်ရောက်နေပြီဆိုတော့ ငါ ပြောချင်ပါသေးတယ်။ ကျေးဇူးပြုပြီး သူ့ကို သေချာ ဂရုစိုက်ပေးပါ။ သူက မိန်းမကောင်း တစ်ယောက်ပါ”
ချန်ကျဲ့ တန့်သွားရပြန်သည်။ နန်ပါးထျန်းဆီမှ ဤသို့သောအချိန်၌ ဤစကားမျိုးထွက်လာလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ချေ။
“အင်း.. သူ့ကို သေချာဂရုစိုက်ပေးပါ့မယ်”
ချန်ကျဲ့ ထိုမျှသာ ပြန်ဖြေနိုင်သည်။
နန်ပါးထျန်း ပြုံးလိုက်ပြီး ပြောသည်။
“ကောင်းပါတယ်။ ချန်ကျိုစစ်... မင်းက ငါ့ထက် ပိုသန်မာတယ်ဆိုတာကို ငါ ဝန်ခံပါတယ်။ ဒါက အနိုင်ရတဲ့သူက ဘုရင်ဖြစ်တဲ့လောကပဲလေ။ ငါ နန်ပါးထျန်း... ငါ့ရဲ့ ရှုံးနိမ့်မှုကို လက်ခံပါတယ်”
“ဒါပေမဲ့ ချန်ကျိုစစ်... ငါ မင်းနဲ့ နောက်ဆုံးအနေနဲ့ လောင်းကြေးတစ်ခု လုပ်ချင်သေးတယ်” ဟု ချန်ကျိုစစ်ကို ကြည့်လျက် နန်ပါးထျန်းက ဆိုသည်။ ချန်ကျဲ့သည် မျက်လုံးများကို မှေးကျဉ်းလျက် သူ့ကို အကဲခတ်လိုက်သည်။
“ဘာကို လောင်းချင်တာလဲ”
နန်ပါးထျန်းက ရယ်မောလိုက်ပြီး ပြောသည်။
“ငါ ဘယ်လိုသေမလဲဆိုတဲ့ အပေါ်မှာ ငါ့အသက်နဲ့လောင်းမယ်”
ချန်ကျဲ့ မျက်လုံးများ မှေးကျဉ်းသွားပြီး မေးလိုက်သည်။
“ဒီတော့ ခင်ဗျားက ဘယ်လိုသေမယ် ပြောချင်တာလဲ”
နန်ပါးထျန်းက ခပ်ဟဟ ရယ်မောရင်း ပြန်ဖြေသည်။
“ဟက်... ငါ့ကိုယ်ငါ သိဒ္ဓိသွေးကြောတွေ ဖြတ်ပြီး သေမှာကွ။ ဟမ့်”
ထိုသို့ပြောပြီးနောက် နန်ပါးထျန်းသည် အံကို တင်းတင်းကြိတ်ကာ သူ၏ သိဒ္ဓိသွေးကြောများကို သူ့ဘာသာ ဖြတ်တောက်ပစ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ကြီး တဖြည်းဖြည်း အားပျော့သွားပြီး အောင်ပွဲခံသည့် အပြုံးတစ်ခုနှင့်အတူ ပြောလိုက်သည်။
“ချန်... ချန်ကျိုစစ်... ငါ.. ငါ ဒီတစ်ကြိမ်တော့ မင်းကို အနိုင်ယူသွားနိုင်ပြီကွ... ဟား...ဟား...”
ချန်ကျဲ့အနေဖြင့် နှစ်သိမ့်စကားအချို့ ပြောချင်စိတ်ရှိသော်ငြား ၎င်းက လောင်းကြေးတစ်ခုဖြစ်နေသောကြောင့် ပြန်မေးလိုက်သည်။
“ကျုပ်က ခင်ဗျားကို ဘယ်လိုသေမယ်လို့ ခန့်မှန်းထားလဲဆိုတာ ဘာလို့ မမေးတာလဲ”
ထို့နောက် ချန်ကျဲ့က ဆက်ပြောသည်။
“ကျုပ်က ခင်ဗျား ကိုယ့်သွေးကြောကိုယ်ဖြတ်ပြီး သေမယ်လို့ ခန့်မှန်းထားတာ”
နန်ပါးထျန်း၏ မျက်လုံးကြီးများ ပြူးကျယ်သွားကာ ချန်ကျဲ့ကို လက်ညှိုးငေါက်ငေါက်ထိုးရင်း နာကြည်းစွာ အသက်ထွက်သွားရတော့သည်။ ထိုအခိုက်အတန့်၌ ချန်ကျဲ့သည် လက်ဆန့်ထုတ်ကာ သူ၏ ဆောင်းဦးပုစဉ်းဓားမြှောင်ကို ဆွဲထုတ်လိုက်ပြီး နန်ပါးထျန်း၏ လည်ပင်းလေပြွန်ကို ဖိတေ့လိုက်သည်။
ထိုသို့ဖြင့် နန်ပါးထျန်း အသေအချာ သေဆုံးသွားလေပြီ။ နန်ပါးထျန်းထံတွင် ဟန်ဆောင်သေဆုံးနိုင်သည့် လျှို့ဝှက်ကျင့်စဉ် တစ်ခုခုရှိနေပြီး နောက်မှ ပြန်ရှင်လာခဲ့ပါက ရှက်စရာဖြစ်သွားမည်စိုးသဖြင့် ချန်ကျဲ့သည် သတိထားသည့်အနေဖြင့် နောက်တစ်ချက် ထပ်လှီးဖြတ်လိုက်သည်။
ဓားပေါ်မှ သွေးများကို ခါချလိုက်ပြီးနောက် ချန်ကျဲ့၏ မျက်နှာထက်တွင် အေးစက်စက် အမူအရာတစ်ခု ဖြတ်ပြေးသွားသည်။
“ကျုပ် ခင်ဗျားကို မျက်လုံးမှိတ်ပြီး သေခွင့်ပေးလို့ ရပါတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်လိုက်ရင် ကျဆုံးသွားတဲ့ ကျုပ်ရဲ့ ညီအစ်ကို ၂၈ ယောက်ကို ကျုပ်ဘက်က တောင်းပန်စရာ အကြွေးတင်သွားလိမ့်မယ်”
ထိုသို့တွေးလိုက်ရင်း ချန်ကျဲ့သည် ဆောင်းဦးပုစဉ်းဓားမြှောင်ကို ဓားအိမ်ထဲ ပြန်သွင်းလိုက်ပြီး နန်ပါးထျန်း၏ ခန္ဓာကိုယ်အား စတင်ရှာဖွေတော့သည်။
ရှာဖွေပြီးနောက်တွင် ချန်ကျဲ့ တကယ်ပင် တစ်စုံတစ်ရာကို ရှာတွေ့ခဲ့သည်။ အံ့ဩစရာကောင်းစွာဖြင့် နန်ပါးထျန်း၏ကိုယ်ပေါ်ရှိ အဝတ်အိတ်လေးတစ်ခုအတွင်းမှ ဆေးဖက်ဝင်အပင်အချို့ကို ချန်ကျဲ့ တွေ့ရှိလိုက်ရသည်။ ထိုအထဲတွင် ဆေးဥယျာဉ်မှ ချန်ကျဲ့ အထူးလိုအပ်နေသည့် ရေစိမ်းသစ်သီးနီ ပင် ပါဝင်နေလေသည်။
ဤတန်ဖိုးကြီးဆေးရတနာဖြင့် ချီသွေးဆေးလုံးများ ဖော်စပ်နိုင်သည်။ ချန်ကျဲ့အနေဖြင့် ယခုအခါ ၎င်းတို့ကို မလိုအပ်တော့သော်ငြား ရှောင်ဟူနှင့် သူ၏ လက်အောက်ငယ်သားများအတွက်မူ အသုံးဝင်နေဆဲပင်။
ထိုသို့တွေးလျက် ချန်ကျဲ့သည် ရရှိလာသော တိုက်ပွဲဝင်ပစ္စည်းအားလုံးကို သိမ်းဆည်းလိုက်ပြီး ခေါင်းမော့ကြည့်လိုက်ရာ တတိယထပ်သို့ တက်ရမည့် လှေကားကို အနီးအနားတွင် အချိန်ကိုက် တွေ့လိုက်ရသည်။
ချန်ကျဲ့ မတ်တပ်ထရပ်လိုက်ပြီး လှေကားဆီသို့ ခြေလှမ်းလိုက်သည်။
ချန်ချွမ်းတောင်ကြားရဲ့ အမွေအနှစ်... ငါလာပြီဟေ့