အခန်း ၇၉၀
Vol. 69 Ch. 790
အခန်း (၇၉၀)
“အော်မီတော်ဖော... အခုဆိုရင် ဒီနိမ့်ကျတဲ့ဘုန်းကြီးက ထွက်သွားရမယ့်အချိန် ရောက်ပြီပဲ”
တတိယထပ်သို့တက်သည့် လှေကားပေါ်သို့ ရောက်နေပြီဖြစ်သော ချန်ကျဲ့ကိုကြည့်ရင်း ဖန်းယင်းယွီက တိုက်ရိုက်ပင် လှမ်းပြောလိုက်သည်။
ထိုစကားကိုကြားလျှင် တာအိုဆရာကြီးက ဖန်းယင်းယွီကို ကြည့်ကာ မေးလိုက်သည်။
“ဘုန်းတော်ကြီး... မင်း နည်းနည်းလောက် ထပ်မနေချင်တော့ဘူးလား”
ဖန်းယင်းယွီက အပြုံးဖြင့် ပြန်ဖြေသည်။
“ကျုပ်က မူလကတည်းက ခင်ဗျားတို့ ချန်ချွမ်းတောင်ကြားရဲ့ အမွေအနှစ်ကိစ္စမှာ ဝင်စွက်ဖက်ဖို့ ရည်ရွယ်ချက်မရှိခဲ့ပါဘူးဗျာ။ ဒါဆို ဘာကိစ္စ ဆက်နေရဦးမှာလဲ။ နောက်ထပ်လာမယ့်ကိစ္စတွေက ခင်ဗျားတို့ ချန်ချွမ်းတောင်ကြားရဲ့ အတွင်းရေးသွန်သင်မှုတွေပဲဆိုတော့ ကျုပ် ဒီမှာဆက်နေဖို့ဆိုတာ မသင့်တော်တော့ပါဘူး”
ထိုစကားကို ကြားသောအခါ တာအိုဆရာကြီးက ပြုံးလျက် ပြန်ပြောသည်။
“အကယ်၍ မင်းသာ နားထောင်ချင်တယ်ဆိုရင်တော့ ငါ သေချာပေါက် ပြောပြပေးလို့ရပါတယ်။ မင်းတို့အားလုံးက ငါ့ရဲ့ ချန်ချွမ်းတောင်ကြား ဆက်ခံသူတွေလို့ သတ်မှတ်လို့ရနေတာပဲကို”
“ခုနလေးတင် မင်း သူ့ကို ညီနောင်ကျိုစစ် လို့ ခေါ်လိုက်တာ ငါကြားလိုက်တယ်။ သူက မင်းရဲ့ ညီနောင်ဆိုမှတော့ ဘာလို့ သိုင်းညီနောင် မဖြစ်နိုင်ရမှာလဲ” တာအိုဆရာကြီးက ဖန်းယင်းယွီကို ထပ်မံဆွဲဆောင်လိုက်သည်။
ဖန်းယင်းယွီက ရယ်မောရင်း ပြန်ဖြေသည်။
“ဟားဟား... ဆရာကြီးကတော့ တကယ်ကို နည်းနည်းလေးမှ မပြောင်းလဲသေးပါလား။ ဒါပေမဲ့ ဒီဘုန်းကြီးမှာက လျှောက်ရမယ့် ကိုယ်ပိုင်လမ်းစဉ်ရှိပြီးသားမို့ တခြားသူရဲ့ လမ်းစဉ်က ကျုပ်ရဲ့ လမ်းစဉ် မဖြစ်နိုင်ပါဘူး”
ထိုသို့ပြောပြီးနောက် ဖန်းယင်းယွီက မတ်တပ်ထရပ်ကာ တာအိုဆရာကြီးအား အရိုအသေပြုလိုက်သည်။
“ဒီနေ့ ကျုပ်တို့ လမ်းခွဲကြပြီဆိုတော့ နောက်ထပ် ပြန်ဆုံဖို့ဆိုတာ မသေချာတော့ပါဘူး။ တာအိုဆရာကြီး... ကျုပ်ကို နှုတ်ဆက်ခွင့်ပြုပါဦး”
တာအိုဆရာကြီးက ရယ်မောလျက် ပြန်ဖြေသည်။
“ဒီနေ့ မင်းလို မျိုးဆက်သစ်လူငယ်လေးတစ်ယောက်နဲ့ တွေ့ဆုံရတာက ဒီဆရာအိုကြီးအတွက်တော့ တကယ့်ကို ကံကောင်းခြင်းတစ်ရပ်ပါပဲ။ မင်းက ငါ့ရဲ့ အမွေအနှစ်ကို မဆက်ခံချင်ဘူးဆိုပေမဲ့ ငါတို့က အတော်လေး အပြန်အလှန် စကားပြောလို့ ကောင်းခဲ့ကြတာပဲလေ။ ဟားဟား... ဒါကြောင့် မင်းရဲ့ ကိုယ်ပိုင်လမ်းစဉ်မှာ ကောင်းရာကောင်းကျိုးတွေ ရရှိပါစေ၊ ပြီးတော့ မင်းရဲ့ လမ်းစဉ်ကိုလည်း ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ပါစေလို့ ငါ ဆုတောင်းပေးပါတယ်”
ဖန်းယင်းယွီက လက်အုပ်ချီလိုက်သည်။
“အော်မီတော်ဖော...”
စကားအဆုံးတွင် သူ၏အနီးရှိ စန္ဒကူးနီသစ်သားသေတ္တာလေးကို ကောက်ယူလိုက်သည်။ ထိုသေတ္တာထဲတွင် သူ၏ ဤခရီးစဉ် ရည်ရွယ်ချက်ဖြစ်သော ဉာဏ်အလင်းပွင့်ဆေးလုံး ပါဝင်လေသည်။
ဉာဏ်အလင်းပွင့်ဆေးလုံး တစ်လုံးက လူမိုက်တစ်ယောက်ကို ဘုရင်တစ်ပါးဖြစ်လာစေရန် စွမ်းဆောင်နိုင်ပေသည်။ တောင်ပိုင်းမေတ္တေယျဂိုဏ်းနှင့် ရွှီမိသားစု၏ ဧကရာဇ်ခန်းမတို့အတွက် အလွန်အရေးပါလှပေ၏။
ထို့နောက် ဖန်းယင်းယွီ၏ အရိပ်အယောင်များ ပျောက်ကွယ်သွားပြီး တတိယထပ်တွင် ထပ်မံ၍ တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။ တာအိုဆရာကြီးသည် တရားထိုင်ဖုံပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် မျက်လုံးများ မှိတ်ထားစဉ် သစ်သားလှေကားပေါ်မှ ခြေသံများကို ကြားလိုက်ရသည်။
ချန်ကျဲ့သည် လှေကားပေါ်မှ တစ်ထစ်ချင်း အထက်သို့ တက်လာခဲ့သည်။
ဒီလှေကားက ရှည်လိုက်တာ... ငါ့ခြေလှမ်း ၉၉ လှမ်းတောင် ရှိပြီပဲ။ ၉၉ ထစ်တောင်ရှိတဲ့ ဒီဆေးဖိုဆောင်က ဘယ်လောက်တောင် မြင့်နေမလဲ...
ချန်ကျဲ့ စိတ်ထဲမှ တွေးလိုက်ရင်း ရာပြည့်မြောက် ခြေလှမ်းကို လှမ်းလိုက်သည်။
အကြိမ်တစ်ရာမြောက် ခြေလှမ်းကို လှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ရှေ့မှောက်ရှိ အရာအားလုံးမှာ ငြိမ်သက်သွားပြီးနောက် သင့်တင့်လျောက်ပတ်သော အရွယ်အစားရှိသည့် အခန်းလွတ်တစ်ခု ပေါ်ထွက်လာသည်။ ထိုနေရာလေးသည် ဆေးရနံ့များဖြင့် သင်းပျံ့နေ၏။
မလှမ်းမကမ်းတွင် စပျစ်နွယ်စင်တစ်ခု ရှိနေသည်။ ထိုစင်အောက်တွင် တာအိုဆရာကြီးက တင်ပျဉ်ခွေထိုင်နေပြီး သူ၏ရှေ့တွင် ရနံ့သင်းနေသော သေတ္တာငယ်တစ်ခု၊ မွှေးပျံ့သော အနံ့များထွက်ပေါ်နေသည့် နံ့သာပေါင်းဖိုတစ်ခုနှင့်အတူ လက်ဖက်ရည်ပန်းကန်လုံး နှစ်လုံးလည်း ရှိနေသည်။
လက်ဖက်ရည်ပန်းကန်လုံး နှစ်လုံးမှာ မျက်နှာချင်းဆိုင် ချထားခြင်းဖြစ်သည်။ လက်ဖက်ရည်စားပွဲ၏ ဤဘက်အခြမ်းတွင်တော့ လူမရှိသော တရားထိုင်ဖုံအလွတ်တစ်ခု ရှိနေလေသည်။
ဒီနေရာကို ခုနလေးတင် တစ်ယောက်ယောက် ရောက်လာသေးတာလား...
ချန်ကျဲ့ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။
လူမရှိဘူးဆိုရင် ဘာလို့ လက်ဖက်ရည်ပန်းကန်လုံး နှစ်လုံး ရှိနေရတာလဲ...
ချန်ကျဲ့ စိတ်ထဲမှ တွေးတောနေသော်လည်း အပြုအမူပိုင်းတွင်တော့ ရိုင်းပျခြင်း အလျဉ်းမရှိဘဲ တာအိုဆရာကြီးကို ဦးညွှတ်ဂါရဝပြုလိုက်သည်။
“ငယ်သား မျန့်ရွှေက ချန်ကျိုစစ်၊ ဆရာကြီးကို ဂါရဝပြုပါတယ်”
ထိုစကားကို ကြားလျှင် တာအိုဆရာကြီးက ခေါင်းမော့လာပြီး ချန်ကျိုစစ်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
“ဒီနားလာခဲ့၊ ထိုင်လေ”
ချန်ကျဲ့လည်း အနီးသို့လျှောက်သွားကာ တာအိုဆရာကြီးနည်းတူ တရားထိုင်ဖုံပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။
တာအိုဆရာကြီးက သူ၏လက်ကို မြှောက်လိုက်ရာ ချန်ကျဲ့ရှေ့ရှိ လက်ဖက်ရည်တစ်ဝက်သာကျန်တော့သော ပန်းကန်လုံးလေးမှာ လေထဲတွင် ရုတ်ချည်း ပျောက်ကွယ်သွားပြီး၊ ချက်ချင်းဆိုသလိုပင် လက်ဖက်ရည်ပန်းကန်လုံး အသစ်တစ်လုံး ပေါ်လာခဲ့သည်။ ထို့နောက် တာအိုဆရာကြီးက လေဟာနယ်ကို လက်ညှိုးဖြင့် တစ်ချက်ညွှန်ပြလိုက်သည်နှင့် ပန်းကန်လုံးထဲတွင် လက်ဖက်ရည်များ ပြည့်လျှံလာတော့သည်။
ထိုသို့သော တာအိုဆရာကြီး၏ လုပ်ဆောင်ချက်ကြောင့် ချန်ကျဲ့မှာ အံ့အားသင့်သွားရသည်။ မရှိခြင်းသဘောတရားမှ တည်ရှိလာအောင် ဖန်ဆင်းနိုင်သည့် ဤစွမ်းရည်မျိုးက ချန်ကျဲ့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေလေပြီ။ ဤလောကရှိ မည်မျှပင် မြင့်မြတ်လှပါသည်ဆိုသော သိုင်းပညာရပ်များပင်လျှင် လေဟာနယ်မှနေ၍ အရာဝတ္ထုများကို ဖန်ဆင်းမပေးနိုင်ကြောင်း သူ ကောင်းကောင်းသိထားသည်။
သိုင်းပညာရပ်များ၏ သဘောတရားဆိုသည်မှာ အခြေခံယုတ္တိဗေဒများကို လိုက်နာရပြီး လေဟာနယ်ထဲမှ အရာဝတ္ထုများကို ဖန်ဆင်းနိုင်သည့် အမတနတ်ဘုရားများ၏ မှော်အတတ်ပညာမျိုး မဟုတ်ပေ။ သို့သော် ယခု တာအိုဆရာကြီး၏ လှုပ်ရှားမှုက အမတနတ်ဘုရားဥပဒေသ (အမတပညာရပ်) နယ်ပယ်နှင့် အလွန်နီးစပ်နေသည်။ အကယ်၍ အမတပညာရပ်သာ မဟုတ်ခဲ့လျှင် ၎င်းက လှည့်ကွက်တစ်ခုသာ ဖြစ်ရပေမည်။
ထို့ကြောင့် တာအိုဆရာကြီး၏ စွမ်းရည်များကို ချန်ကျဲ့ အတော်လေး အံ့ဩသွားမိသော်ငြား၊ မျက်နှာပေါ်တွင်တော့ မည်သည့်အမူအရာမှ ဖော်ပြမနေဘဲ သူ၏ရှေ့ရှိ လက်ဖက်ရည်ပန်းကန်လုံးကိုသာ အာရုံစိုက်၍ ကြည့်နေလိုက်သည်။
ချန်ကျဲ့၏ တည်ငြိမ်အေးဆေးနေမှုကို မြင်သောအခါ တာအိုဆရာကြီးက ခပ်ဟဟ ရယ်မောလိုက်ပြီး ပြောသည်။
“ဟဲဟဲ... မင်းက ဘုန်းကြီးပြောသွားသလို တကယ်ကို တည်ငြိမ်တဲ့လူပဲ”
ချန်ကျဲ့မှာ အနည်းငယ် အံ့အားသင့်သွားပြီး တာအိုဆရာကြီးအား နားမလည်နိုင်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။ တာအိုဆရာကြီးက ရယ်မောလျက် ဆက်ပြောသည်။
“ဟဲဟဲ... မင်း သူ့ကို သိလောက်မှာပါ။ သူ့ရဲ့ မျိုးရိုးနာမည်က ဖန်း လေ”
ထိုအခါမှ ချန်ကျဲ့ ရုတ်တရက် သဘောပေါက်သွားပြီး ပြန်ပြောလိုက်သည်။
“ဒါ အစ်ကိုဖန်း ဖြစ်ရမယ်။ ကျုပ် သူ့ကို သိပါတယ်။ ဆရာကြီး... ကျုပ်ရဲ့ မိတ်ဆွေကော ဘယ်ရောက်သွားပြီလဲ”
တာအိုဆရာကြီးက ပြန်ဖြေသည်။
“သူက ငါ့ဆီက ဉာဏ်အလင်းပွင့်ဆေးလုံး တစ်လုံး အနိုင်ရသွားပြီး ထွက်သွားပြီ”
ထို့နောက် တာအိုဆရာကြီးက ဆက်မေးသည်။
“မင်းက ချန်ကျိုစစ် ဆိုတာ ဟုတ်တယ်မလား”
ချန်ကျဲ့က လက်အုပ်ချီ အရိုအသေပြုကာ ပြန်ဖြေလိုက်သည်။
“ဟုတ်ပါတယ်... ဒီငယ်သားက ချန်ကျိုစစ် ပါ”
“ငါ့ရဲ့ ချန်ချွမ်းတောင်ကြားက အဖိုးတန် ချန်ချွမ်းကျင့်စဉ်ကို မင်း ဘယ်လိုလုပ် ရလာတာလဲ”
ထိုစကားကို ကြားလျှင် ချန်ကျဲ့ အနည်းငယ် တန့်သွားပြီးနောက် ပြန်ဖြေလိုက်သည်။
“ငယ်သားက တစ်ကွက်ချင်းစီ လိုက်စုဆောင်းထားခဲ့တာပါ”
တာအိုဆရာကြီးက မေးခွန်းထုတ်သည်။ “စုဆောင်းထားတာ ဟုတ်လား”
ချန်ကျဲ့က ဖြေသည်။
“ဟုတ်ပါတယ်။ ငယ်သားက သိုင်းပညာ ခြောက်မျိုးကို စုဆောင်းခဲ့ပြီး နောက်ဆုံးမှာ အားလုံးကို ပေါင်းစည်းလိုက်တော့မှ အခု ငယ်သား ကျင့်ကြံနေတဲ့ ချန်ချွမ်းကျင့်စဉ် အဖြစ် ထွက်ပေါ်လာတာပါ”
“သိုင်းပညာခြောက်မျိုးတဲ့လား... ဘယ်ခြောက်မျိုးလဲ” တာအိုဆရာကြီးက ချန်ကျဲ့ကို စိုက်ကြည့်ရင်း မေးလိုက်သည်။
ချန်ကျဲ့က ပြောသည်။
“အဲဒါတွေက ယန်ချွမ်းကျင့်စဉ်၊ ရေထိန်းချုပ်လက်ဝါးသိုင်း၊ အတိဒုက္ခဆယ့်သုံးပါးလှံရဲ့ ဒုတိယမြောက်သိုင်းကွက်၊ နောက်ပြီး လျှပ်စီးခြေလှမ်းသိုင်း၊ ပန်းမိုးကဲ့သို့ ငွေကြဲဖြန့်ခြင်း သိုင်းနဲ့ ဒီရတနာသိုက်ထဲက ကမာစစ်သူကြီးရဲ့ ခန္ဓာကိုယ်ပေါ်ကနေ ရခဲ့တဲ့ ရေပိုင်းခြားဓားသိုင်း တို့ ဖြစ်ပါတယ်”
တာအိုဆရာကြီးသည် တိတ်ဆိတ်သွား၏။ ဤလောကတွင် တစ်စုံတစ်ယောက်က ဤကျင့်စဉ်ခြောက်ခုစလုံးကို စုဆောင်းနိုင်လိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ချေ။ သို့သော်... ယန်ချွမ်းကျင့်စဉ် လား။
“ချန်ကျိုစစ်... ရေထိန်းချုပ်လက်ဝါးသိုင်း၊ အတိဒုက္ခဆယ့်သုံးပါးလှံ၊ လျှပ်စီးခြေလှမ်းသိုင်း၊ ပန်းမိုးကဲ့သို့ ငွေကြဲဖြန့်ခြင်းသိုင်း နဲ့ ရေပိုင်းခြားဓားသိုင်း တွေကိုတော့ မင်း သိုင်းလောကထဲကနေ လိုက်စုဆောင်းနိုင်ခဲ့တယ်ဆိုတာကို ငါ ယုံနိုင်ပါတယ်။ ဒါပေမဲ့ ဒီ ယန်ချွမ်းကျင့်စဉ် ကရော...”
“ဒီကျင့်စဉ်ကိုတော့ သိုင်းလောကထဲကနေ စုဆောင်းလို့ရနိုင်ဖို့ လုံးဝ မဖြစ်နိုင်ဘူး”
ချန်ကျဲ့ အံ့အားသင့်သွားပြီး တာအိုဆရာကြီးကို ကြည့်ကာ မေးလိုက်သည်။
“ဆရာကြီး... ဘာကို ဆိုလိုတာပါလဲ”
“ယန်ချွမ်းကျင့်စဉ်ဆိုတာ ချန်ချွမ်းတောင်ကြားကနေ လက်ဆင့်ကမ်းလာတဲ့ အခြေခံအုတ်မြစ် သိုင်းကျင့်စဉ်ဖြစ်ပြီး ချန်ချွမ်းတောင်ကြားက တိုက်ရိုက်သင်ကြားပေးတဲ့ တပည့်တွေသာ ဒီသိုင်းကို သင်ယူနိုင်တယ်။ ငါတို့ ချန်ချွမ်းတောင်ကြားက အမြစ်ပြတ်ပျက်စီးလုနီးပါး ဘေးဒုက္ခဆိုးကြီးနဲ့ ကြုံတွေ့ခဲ့ရချိန်တုန်းက အိမ်ပြန်လည်ပတ်နေတဲ့ ငါ့ရဲ့ တပည့်အငယ်ဆုံးလေး တစ်ယောက်ပဲ အသက်ဘေးကနေ လွတ်မြောက်သွားနိုင်ခဲ့တာ”
“ပြီးတော့ ငါ့ရဲ့ တပည့်အငယ်ဆုံးလေးက အမြဲတမ်း ရိုသေကိုင်းရှိုင်းတတ်တဲ့သူပါ။ ချန်ချွမ်းတောင်ကြားက လူမဟုတ်ရင် ဒီ ယန်ချွမ်းကျင့်စဉ် ရဲ့ အတွင်းအားကျင့်စဉ်ကို သူ ဘယ်တော့မှ လက်ဆင့်ကမ်း သင်ကြားပေးမှာ မဟုတ်ဘူး။ ဒါဆို မင်းက ဒီကျင့်စဉ်ကို ဘယ်နေရာကနေ သင်ယူခဲ့တာလဲ”
ချန်ကျဲ့သည် ခဏမျှ မှင်သက်သွားပြီးနောက် ပြန်ပြောလိုက်သည်။
“ဆရာကြီးကို မဖုံးကွယ်တမ်း ပြောရမယ်ဆိုရင်တော့... ကျွန်တော့်အဘိုးက သင်ပေးခဲ့တာပါ”