အခန်း ၇၉၂
Vol. 69 Ch. 792
အခန်း (၇၉၂)
“ဒါကြောင့် နောင်တစ်ချိန် မင်း သိုင်းလောကထဲ ဝင်ရောက်တဲ့အခါ သတိထားရမယ်။ မင်းရဲ့ အစစ်အမှန် ကျင့်စဉ်ကို သူတို့ သိမသွားစေနဲ့။ မဟုတ်ရင် သူတို့က မင်းကို ဒုက္ခပေးလာလိမ့်မယ်”
ထိုစကားကို ကြားလျှင် ချန်ကျဲ့က ပြန်ဖြေလိုက်သည်။
“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာကြီး”
တာအိုဆရာကြီးက ဆက်ပြောသည်။
“ကောင်းပြီလေ... ငါလည်း ပြောစရာရှိတာတွေ အတော်များများ ပြောပြပြီးသွားပြီဆိုတော့ အခု မင်းကို ငါတို့ ချန်ချွမ်းတောင်ကြားရဲ့ အမွေအနှစ်တွေ လွှဲပြောင်းပေးရတော့မယ်”
“တကယ်တော့ ငါတို့ ချန်ချွမ်းတောင်ကြားမှာ အရေးအကြီးဆုံး အရာက နှစ်ခုရှိတယ်။ တစ်ခုက အမတအရှင် ကယ်ဟုန်ကနေ လက်ဆင့်ကမ်းလာတဲ့ သိုင်းလောက ရတနာဖြစ်တဲ့ ထျယ်ဟွမ် ကယ်ထျန်းရှစ် (သံနက်လက်စွပ်) ပဲ။ ဒါက ငါတို့ ချန်ချွမ်းတောင်ကြားရဲ့ တောင်ကြားသခင် ဖြစ်ကြောင်း သက်သေပြနိုင်တဲ့ အရာလည်း ဖြစ်တယ်”
“ဒုတိယတစ်ခုကတော့ ချန်ချွမ်းကျင့်စဉ် ပါဝင်တဲ့ ငါတို့ ချန်ချွမ်းတောင်ကြားရဲ့ ကြီးမားလှတဲ့ ဆေးကျမ်းတွေ စုဆောင်းထားမှုပဲ”
ထိုသို့ပြောရင်း တာအိုဆရာကြီးက သံနက်လက်စွပ် တစ်ကွင်းကို တိုက်ရိုက်ပင် ထုတ်ယူလိုက်သည်။
ထို့နောက် ချန်ကျဲ့ကို ကြည့်ကာ မေးလိုက်သည်။
“ကဲ... မင်း ငါတို့ ချန်ချွမ်းတောင်ကြားရဲ့ ဆက်ခံသူ ဖြစ်လာဖို့ အဆင်သင့်ဖြစ်ပြီလား”
ထိုစကားကို ကြားသည်နှင့် ချန်ကျဲ့ မတ်တပ်ထရပ်လိုက်ပြီး လေးနက်တည်ကြည်စွာ ဒူးထောက်ချလိုက်သည်။
“တပည့်က ချန်ချွမ်းတောင်ကြားရဲ့ ဆက်ခံသူ ဖြစ်လာဖို့ ဆန္ဒရှိပါတယ်”
တာအိုဆရာကြီးက သဘောကျစွာ ရယ်မောလိုက်သည်။
“ကောင်းပြီ။ ဒီလိုဆိုမှတော့ မင်းကို ဆယ့်ခြောက်ဆက်မြောက် ချန်ချွမ်းတောင်ကြားသခင် အဖြစ် ငါ ကြေညာလိုက်ပြီ။ ဒီ သံနက်လက်စွပ်ကို ယူလိုက်တော့”
ထိုစကားကို ကြားသောအခါ ချန်ကျဲ့က လက်နှစ်ဖက်ကို မြှောက်ကာ ရိုသေလေးစားစွာဖြင့် လက်ခံယူလိုက်သည်။
တာအိုဆရာကြီးက သံနက်လက်စွပ်ကို ချန်ကျဲ့ထံသို့ ကမ်းပေးလိုက်သည်။ ချန်ကျဲ့သည် ထိုသံနက်လက်စွပ်ကို ယူလိုက်သော်လည်း ၎င်း၏ တကယ့်တန်ဖိုးက မည်သည့်နေရာတွင် ရှိနေမှန်း နားမလည်နိုင်ဖြစ်နေမိသည်။
ထိုစဉ် တာအိုဆရာကြီးက ပြုံးလျက် ပြောလာသည်ကို တွေ့လိုက်ရသည်။
“မင်း ဘာတွေးနေလဲဆိုတာ ငါသိပါတယ်။ ဒီသံနက်လက်စွပ်က ဘာကြောင့်များ ချန်ချွမ်းတောင်ကြားရဲ့ ရတနာတစ်ပါး ဖြစ်လာရတာလဲဆိုတာကို မင်း သိချင်နေတယ် မဟုတ်လား”
မိမိလက်ထဲရှိ မည်သို့မှ ထူးခြားမှုမရှိသော သာမန်လက်စွပ်တစ်ကွင်းသာဖြစ်သည့် သံနက်လက်စွပ်ကို ငုံ့ကြည့်ရင်း၊ ဤအရာက ချန်ချွမ်းတောင်ကြားလို ဂိုဏ်းတစ်ခုကို ကာကွယ်စောင့်ရှောက်ပေးနိုင်မည့် ရတနာတစ်ပါး ဘယ်လိုလုပ် ဖြစ်နေနိုင်မည်နည်းဟု ချန်ကျဲ့ နားမလည်နိုင်အောင် ဖြစ်နေရသည်။
တာအိုဆရာကြီးက အပြုံးဖြင့် ဆိုသည်။
“ချန်ချွမ်းကျင့်စဉ်ရဲ့ သစ်သားဓာတ် ချီစွမ်းအင်ကို လက်စွပ်ထဲ ထည့်သွင်းကြည့်လိုက်စမ်းပါ”
ထိုစကားကို ကြားသည်နှင့် ချန်ကျဲ့သည် ပြောသည့်အတိုင်း သစ်သားဓာတ် ချီစွမ်းအင်ကို လက်စွပ်ထဲသို့ ချက်ချင်း စီးဆင်းစေလိုက်သည်။ ထိုအခိုက်အတန့်၌ မူလက မည်းနက်နေသော လက်စွပ်သည် ညှိုးရော်နေသော သစ်ပင် ရှင်သန်လာသည့်အလား စိမ်းလန်းတောက်ပသော အလင်းရောင်များ လျှပ်တစ်ပြက် ထွက်ပေါ်လာတော့သည်။
၎င်းနောက်တွင် သူ၏ စိတ်အာရုံကို ထူးဆန်းသော စွမ်းအားတစ်ခုက ဆွဲငင်သွားသကဲ့သို့ ချန်ကျဲ့ ခံစားလိုက်ရသည်။ နောက်တဒင်္ဂ၌ သူ၏ အသိစိတ်သည် သေးငယ်သော လျှို့ဝှက်ခန်းတစ်ခုထဲသို့ ရောက်ရှိသွားကြောင်း ချန်ကျဲ့ သတိပြုမိလိုက်သည်။
ထိုအခန်းလေးထဲတွင် စာအုပ်များ အပြည့်ရှိနေပြီး အခန်း၏ အလယ်ဗဟိုတည့်တည့်တွင် အစိမ်းရောင် ဆေးဖိုကြီးတစ်ခု တည်ရှိနေသည်ကို သူ တွေ့လိုက်ရသည်။ ဆေးဖိုကြီးပေါ်တွင် အစီအရင် သင်္ကေတများ ထွင်းထုထားပြီး၊ သမားတော်ပိုင် ၏ ဆေးဖိုထက် နှစ်ဆမက ပိုမိုကောင်းမွန်ကြောင်း သိသာထင်ရှားနေသည်။
ချန်ကျဲ့ မှင်သက်သွားသည်။ ဒါ ဘယ်နေရာလဲ...
ချန်ကျဲ့က သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ စာအုပ်တစ်အုပ် သူ၏လက်ထဲသို့ ရောက်ရှိလာသည်။ ထိုအရာ သူ၏လက်ထဲ ရောက်ရှိသွားသည့် အခိုက်အတန့်မှာပင် ပြင်းထန်သော တွန်းကန်အားတစ်ခုကို ခံစားလိုက်ရပြီး ချန်ကျဲ့ကို ချက်ချင်းပင် အပြင်သို့ တွန်းထုတ်ပစ်လိုက်သည်။
ဝေဝေဝါးဝါး အခြေအနေမှနေ၍ ချန်ကျဲ့ ပြန်လည်နိုးထလာပြီး အသိစိတ် ပြန်ဝင်လာသည်။
တစ်ပြိုင်နက်တည်းမှာပင် သူ၏လက်ထဲတွင် “ဆေးဘက်ဝင်အပင်များ စွယ်စုံကျမ်း” ဟုခေါ်သော စာအုပ်တစ်အုပ် ရောက်ရှိနေလေသည်။ လက်ထဲရှိ ဆေးကျမ်းကို ကြည့်ရင်း သူ လုံးဝ အံ့အားသင့် မှင်သက်သွားရသည်။ ဒါက ဘယ်လို စွမ်းရည်မျိုးလဲ
သူသည် တာအိုဆရာကြီးကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။
တာအိုဆရာကြီးက ရယ်မောရင်း ပြောသည်။
“ကြည့်ရတာ မင်းလည်း သဘောပေါက်သွားပြီ ထင်တယ်။ ဟုတ်တယ်... ဒီအရာမှာ အံ့သြစရာကောင်းတဲ့ အသုံးဝင်မှု တစ်ခုပဲရှိတယ်။ အဲဒါက သိုလှောင်ခြင်းပဲ”
ထိုစကားကြောင့် ချန်ကျဲ့ အလွန်တရာ အံ့အားသင့်သွားရသည်။ သိုလှောင်ခြင်း... အမတကျင့်ကြံခြင်း လောကတွင် ထိုစွမ်းရည်က သာမန်ဖြစ်သော်လည်း၊ ယခု သိုင်းလောကတွင်တော့ ယင်းက ထူးဆန်းဆန်းကြယ်လွန်းသည်ဟုသာ ဆိုရပေမည်။
ချန်ကျဲ့ တွေးတောနေစဉ် တာအိုဆရာကြီးက ရယ်မောလိုက်သည်။
“မင်း အံ့ဩသွားပြီလား။ ဟားဟားဟား... ငါ ပြောပြမယ်။ ငါ ဒီအရာရဲ့ အာနိသင်ကို ပထမဆုံး သိလိုက်ရတုန်းကလည်း မင်းလိုပဲ အံ့ဩသွားခဲ့တာ။ ဒါက တကယ့်ကို အမတနတ်ဘုရားတွေရဲ့ မှော်အတတ်ပညာပဲ”
ချန်ကျဲ့က မေးလိုက်သည်။
“ဒီရတနာက ဘယ်ကနေ ရလာတာလဲ”
တာအိုဆရာကြီးက ပြန်ဖြေသည်။
“ဒါက ပထမဆုံး တောင်ကြားသခင်ရဲ့ မိသားစု အမွေအနှစ် ရတနာပဲ။ သူတို့ရဲ့ ဘိုးဘေးဖြစ်တဲ့ အမတအရှင် ကယ်ဟုန် ဟာ တောင်ပေါ်မှာ ဥက္ကာပျံသံမဏိတုံး တစ်တုံးကို ရှာတွေ့ခဲ့ပြီး နောက်ပိုင်းမှာ အမတပညာရပ် ကို အသုံးပြုပြီး နှစ်ပေါင်းတစ်ရာကျော်ကြာအောင် သန့်စင်ဖန်တီးခဲ့လို့ ဒီလက်စွပ်ကို ရရှိလာတာလို့ ဆိုကြတယ်”
အမတအရှင် ကယ်ဟုန်...
ဤအမည်ကို ချန်ကျဲ့ ကြားရသည်မှာ သုံးကြိမ်မြောက်ရှိပြီဖြစ်ပြီး သူက မည်သူမည်ဝါဖြစ်ကြောင်းကို ချန်ကျဲ့ ရုတ်တရက် သတိပြုမိသွားသည်။ ကယ်ဟုန် ဆိုသည့် အမည်မှာ အနည်းငယ် စိမ်းသက်နေသော်လည်း၊ သူ၏ ဘိုးဘေးကြီးဖြစ်သူကိုတော့ ချန်ကျဲ့ ကောင်းကောင်း သိလေသည်။ ကယ်ရွှမ်
တာအိုဘာသာ၏ အမတအရှင်လေးပါး ဖြစ်ကြသော ကျန်းသောက်လင်၊ ကယ်ရွှမ်၊ ဆာ့ရှုံကျန်း၊ ရွှီရွှင့် တို့အနက်၊ ကျန်းသောက်လင်မှာ လက်ရှိ ကျားနဂါးတောင် ကို တည်ထောင်ခဲ့သော ပထမဆုံး အမတအရှင်ဖြစ်ပြီး၊ ကျန်သုံးပါးတွင် ကယ်ရွှမ်၏ နာမည်ကျော်ကြားမှုမှာ ကျန်းသောက်လင်ပြီးလျှင် ဒုတိယလိုက်လေသည်။
သူက အမတနတ်ဘုရားများထဲမှ စစ်မှန်သော အဖွဲ့ဝင်တစ်ဦးဖြစ်ရာ၊ သိုလှောင်နိုင်စွမ်းရှိသော ဤကဲ့သို့ ရတနာတစ်ပါးကို ဖန်တီးနိုင်ခဲ့ခြင်းမှာ နားလည်နိုင်လောက်ပေသည်။ သို့သော် ချန်ကျဲ့အတွက် ဤကဲ့သို့ သိုလှောင်နိုင်သော ရတနာတစ်ပါးကို ရရှိခဲ့ခြင်းကတော့ စကားဖြင့်ပင် ဖော်ပြ၍မရနိုင်အောင် စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။ ဤသို့သော ရတနာမျိုးမှာ ကမ္ဘာလောကကြီး တစ်ခုလုံးတွင် တစ်ခုတည်းသာ ရှိနိုင်ပေလိမ့်မည်။
ထိုသို့တွေးလိုက်ရင်း ချန်ကျဲ့သည် သူ၏လက်ထဲရှိ လက်စွပ်ကို စတင်လေ့လာစစ်ဆေးနေရင်း ခေါ်လိုက်သည်။
“ဆရာကြီး...”
ထိုစကားကို ကြားသောအခါ တာအိုဆရာကြီးက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ပြောသည်။
“ငါ့ကို ဆရာကြီး လို့ ခေါ်တုန်းပဲလား”
ချန်ကျဲ့ အနည်းငယ် တန့်သွားချိန်တွင် တာအိုဆရာကြီးက ဆက်ပြောသည်။
“အခုဆို မင်းက ချန်ချွမ်းတောင်ကြားရဲ့ အမွေအနှစ်ကို ဆက်ခံပြီး တောင်ကြားသခင်ရဲ့ သံနက်လက်စွပ်ကိုလည်း ရရှိသွားပြီဆိုတော့ မင်းဟာ ချန်ချွမ်းတောင်ကြားရဲ့ တောင်ကြားသခင် ဖြစ်သွားပြီ။ ငါက ယခင် တောင်ကြားသခင်ဟောင်းပဲ။ မင်း ငါ့ကို ဆရာ လို့ ခေါ်သင့်တယ်”
“ဟုတ်ကဲ့ပါ ဆရာ... တပည့်က မိုက်မဲလွန်းလို့ပါ”
ချန်ကျဲ့သည် ချက်ချင်းပင် တောင်းပန်လိုက်ပြီး ဆရာ ဟု ပြောင်းခေါ်လိုက်သည်။ ထိုအခါမှ တာအိုဆရာကြီးက ပြောလေသည်။
“အင်း... ဒါမှ သင့်တော်တာပေါ့”
ထို့နောက် ချန်ကျဲ့က တာအိုဆရာကြီးကို မေးလိုက်သည်။
“ဆရာ... ဒီသံနက်လက်စွပ်ထဲက နေရာလွတ်ရဲ့ အရွယ်အစားက ဘယ်လောက်ရှိလဲဆိုတာများ ဆရာ သိပါသလား”
တာအိုဆရာကြီးက ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ဖြေသည်။
“အလျား ခြောက်ပေ၊ အနံ သုံးပေ၊ အမြင့် ငါးပေ ရှိတယ်”
ထိုစကားကို ကြားသောအခါ ချန်ကျဲ့ စိတ်ထဲမှ တွက်ချက်လိုက်သည်။ ဤခေတ်ကာလတွင် တစ်ပေလျှင် သုံးဆယ် စင်တီမီတာရှိရာ၊ ခြောက်ပေဆိုလျှင် အလျား တစ်မီတာနှင့် ရှစ်ဆယ် စင်တီမီတာ၊ အနံ ကိုးဆယ် စင်တီမီတာနှင့် အမြင့် တစ်မီတာနှင့် ငါးဆယ် စင်တီမီတာခန့် ရှိပေမည်။ ဆိုလိုသည်မှာ အတွင်းရှိ နေရာလွတ်မှာ ကုဗမီတာ နှစ်မီတာခန့် ရှိလေသည်။
နေရာအကျယ်အဝန်းက မကြီးမားလှသော်လည်း၊ လုံလောက်မှုရှိပေသည်။ ချန်ကျဲ့အနေဖြင့် ပျောက်ဆုံးမည်ကို စိုးရိမ်စရာမလိုဘဲ အရေးကြီးသော ပစ္စည်းအချို့ကို ထိုအထဲတွင် အပြည့်အဝ ထည့်သွင်းသိမ်းဆည်းထားနိုင်သည်။ ဥပမာအားဖြင့်၊ ထိုက်ဆွေ့ဆေးလုံး ကိုးဆယ်ခန့်ကို ကိုယ်ပေါ်တွင် သယ်ဆောင်သွားခြင်းက ဓားပြများနှင့် သူခိုးများကြောင့် အလွန်အန္တရာယ်များလှသည်။ သို့သော် ဤသိုလှောင်လက်စွပ် ရှိနေလျှင်တော့ ၎င်းတို့ကို အတွင်းထဲ ထည့်ထားနိုင်ပြီး မည်သူကမျှ သိနိုင်မည်မဟုတ်ပေ။
ထို့အပြင် ဤသိုလှောင်လက်စွပ်တွင် နောက်ထပ် အားသာချက်တစ်ခု ရှိသေးသည်။ ချန်ချွမ်းကျင့်စဉ် ကို ကျွမ်းကျင်တတ်မြောက်ပြီး သီးသန့်ဖြစ်သော သစ်သားဓာတ် ချီစွမ်းအင် ကို မထုတ်ဖော်နိုင်သရွေ့ မည်သူကမျှ ဤသံနက်လက်စွပ်ကို ဖွင့်နိုင်မည် မဟုတ်ပေ။
ဤအချက်နှင့်ပတ်သက်၍၊ ဤသူခိုးကာကွယ်ရေး နည်းလမ်းမှာ အတော်လေး ကောင်းမွန်နေပြီဖြစ်ကြောင်း ချန်ကျဲ့ ခံစားလိုက်ရသည်။ သို့သော်လည်း စစ်မှန်သော သူခိုးကာကွယ်ရေးပုံစံဖြစ်သည့် တကယ့် အမတကျင့်ကြံခြင်း ဝတ္ထုများထဲက သွေးဖြင့် အသိအမှတ်ပြုသော ရတနာများလောက်တော့ အလှမ်းဝေးနေဆဲပင်။