← Chapters

အခန်း ၇၉၃

Vol. 69 Ch. 793

အခန်း ၇၉၃

Vol. 69 Ch. 793

အခန်း (၇၉၃)

ဒါပေမဲ့ လက်ရှိအချိန်မှာ ချန်ချွမ်းကျင့်စဉ်ကို ပိုင်ဆိုင်ထားတဲ့သူဆိုလို့ လက်ချိုးရေတွက်လို့ရလောက်အောင် အလွန်နည်းပါးလွန်းပြီး၊ သူ့တစ်ယောက်တည်းသာ ရှိနိုင်တယ်ဆိုတာကို ချန်ကျဲ့ ကောင်းကောင်းသိထားသည်။

သူသိထားသလောက်ဆိုလျှင် ယန်ချွမ်းကျင့်စဉ်ကို သိရှိထားသူဆိုလို့ သူ့ဇနီးဖြစ်သူ စူးယွင်ကျင်း တစ်ယောက်တည်းသာ ရှိသည်မဟုတ်ပါလော။

ဒီသံနက်လက်စွပ်ကိုတော့ ဘယ်လိုမှ လက်လွတ်ခံလို့မဖြစ်ဘူး... ချန်ကျဲ့ စိတ်ထဲမှ တွေးလိုက်သည်။ ဤကဲ့သို့သော ရတနာမျိုးမှာ သူ့အတွက် အကောင်းဆုံးနှင့် အသင့်တော်ဆုံးပင် ဖြစ်လေသည်။

သို့သော် ဤကဲ့သို့သော ပစ္စည်းမျိုးကို အလွယ်တကူ ထုတ်ပြ၍မဖြစ်ပေ။ အကယ်၍ ဤလောကတွင် ဤသို့သော ရတနာမျိုး တည်ရှိနေကြောင်းကို အခြားသူများသာ သိသွားခဲ့လျှင် လူမည်မျှလောက် သွေးဆောင်ဖြားယောင်းခံရပြီး လုယူချင်ကြမည်ကို မည်သူက သိနိုင်မည်နည်း။

ချန်ကျဲ့ စိတ်ထဲမှသာ တွေးတောနေလိုက်ပြီး နှုတ်မှတော့ ဘာမျှ ဖွင့်ဟမပြောပေ။

ထိုအချိန်၌ တာအိုဆရာကြီးက ပြောလာသည်။

“အင်း... ဒါတွေက ချန်ချွမ်းတောင်ကြားရဲ့ အမွေအနှစ်တွေပဲ။ နောက်ထပ်လာမယ့်ဟာကတော့ မင်းရဲ့ဆရာဆီကနေ ပေးမယ့် လက်ဆောင်လေးတစ်ခုပေါ့”

ချန်ကျဲ့ အံ့အားသင့်သွားပြီး သူ့အား ကျေးဇူးပြုခဲ့သော ဆရာအိုကြီးကို ကြည့်လိုက်သည်။ ကြည့်ရသည်မှာ ဆရာဖြစ်သူက သူ့အတွက် နောက်ထပ် ပေးစရာတစ်ခုခု ရှိနေသေးပုံရသည်။

တာအိုဆရာကြီးက သူ၏ ဝတ်ရုံအိတ်ကပ်ထဲသို့ လက်နှိုက်ရှာဖွေလိုက်ပြီးနောက် သိုးရေစာရွက်တစ်ရွက်ကို ဆွဲထုတ်ကာ ချန်ကျဲ့ထံ ကမ်းပေးလိုက်သည်။

“ဒါက ငါ မင်းကိုပေးမယ့် ပထမဆုံး လက်ဆောင်ပဲ။ အရင်ခေတ်အခါတုန်းက အလောင်းပုံကြီးထဲကနေ ငါ လုယူလာခဲ့တာ”

ချန်ကျဲ့ လှမ်းယူကြည့်လိုက်ရာ သူ၏ မျက်လုံးများ ချက်ချင်းပင် တောက်ပသွားတော့သည်။ အကြောင်းမှာ ထိုစာရွက်ပေါ်တွင် စာလုံးအနည်းငယ်သာ ရေးသားထားသောကြောင့် ဖြစ်သည်။

ရှည်လျားသော နွေရာသီကျင့်စဉ်

“ရှည်လျားသော နွေရာသီကျင့်စဉ်...”

ချန်ကျဲ့ တီးတိုးရေရွတ်လိုက်ပြီးနောက် အစမှအဆုံးတိုင် ဖတ်ရှုလိုက်သည်။ မကြာမီမှာပင် သူ့ရှေ့ရှိ သိုင်းကျင့်စဉ်၏ ဆွဲဆောင်ဖမ်းစားမှုအောက်တွင် လုံးဝ နစ်မျောသွားကာ ကျင့်စဉ်တစ်ခုလုံးကို အဆုံးတိုင် ဖတ်ရှုပြီးသွားတော့သည်။

ထို့နောက် ချန်ကျဲ့က ဆရာဖြစ်သူကို ချက်ချင်း မော့ကြည့်ကာ မေးလိုက်သည်။

“ဆရာ... ဒါက ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်ရဲ့ နွေရာသီအက္ခရာကျင့်စဉ် အတွက် အတွင်းအားကျင့်စဉ် မဟုတ်လား”

တာအိုဆရာကြီးက ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ်။ ဒါက နွေရာသီအက္ခရာကျင့်စဉ်ရဲ့ အတွင်းအားကျင့်စဉ်ပဲ။ ငါတို့ ချန်ချွမ်းတောင်ကြားက ပြန်လည်ရယူနိုင်ဖို့အတွက် အသေအလဲ တိုက်ခိုက်လုယူခဲ့ရတာ”

“ထန်မင်းဆက် နှောင်းပိုင်းကာလမှာ ဟွမ်ချောင်စစ်တပ်က ချန်အန်းမြို့ကို ကျူးကျော်ဝင်ရောက်လာခဲ့ကတည်းက၊ လီထန်မျိုးနွယ်တွေ အမြတ်တနိုး သိမ်းဆည်းထားခဲ့တဲ့ ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်ဟာ လုယက်ခံခဲ့ရပြီး အဲဒီအချိန်ကစလို့ ဒီသိုင်းကျင့်စဉ်ဟာ နေရာအနှံ့ကို ပျံ့နှံ့ရောက်ရှိသွားခဲ့တာပဲ”

“ငါတို့ ချန်ချွမ်းတောင်ကြားက အမြဲတမ်း ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်ရဲ့ အခန်းကဏ္ဍအားလုံးကို ပြန်လည်စုဆောင်းပြီး နတ်ဘုရားရှန်နုံ ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်သိက္ခာကို ပြန်လည်အသက်သွင်းဖို့ ရည်ရွယ်ချက် ရှိခဲ့တယ်”

“နှမြောစရာကောင်းတာက ငါတို့တွေ အဲဒီကိစ္စကို မလုပ်နိုင်ခဲ့ဘူး။ ဒါကြောင့် အခုတော့ ဒါတွေအားလုံးက မင်းအပေါ်မှာပဲ မူတည်နေပြီ ကျိုစစ်။ အကယ်၍ မင်းမှာ အခွင့်အရေးရလာခဲ့ရင် ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ် ရဲ့ အပိုင်းတွေအားလုံးကို မဖြစ်မနေ စုဆောင်းရမယ်။ပြီးတော့ ချန်ချွမ်းတောင်ကြားရဲ့ ဆက်ခံသူတစ်ယောက်အနေနဲ့ ငါတို့ရဲ့ နာမည်ဂုဏ်သတင်းကို သိုင်းလောကတစ်ခုလုံး သိအောင် ဖြန့်ကျက်ပေးရမယ်”

တာအိုဆရာကြီး၏ မျက်နှာပေါ်တွင် ချန်ချွမ်းတောင်ကြား၏ နာမည်ဂုဏ်သတင်း လောကတစ်ခွင် ကျော်ကြားလာမည့်အချိန်ကို စိတ်ကူးယဉ်ကြည့်ရင်း စိတ်အားထက်သန်နေသည့် အမူအရာများ ထင်ဟပ်နေသည်။

ထိုအရာကို တွေးမိကာ ချန်ကျဲ့က ပြန်ဖြေလိုက်သည်။

“ဆရာ... စိတ်ချလက်ချသာ နေပါ။ တပည့်က သေချာပေါက် ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်ရဲ့ သိုင်းပညာအားလုံးကို ပြည့်စုံအောင် စုဆောင်းပြီး ချန်ချွမ်းတောင်ကြားက ရှေ့ဆောင်ဘိုးဘေးတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပါ့မယ်”

ထိုစကားကို ကြားသောအခါ တာအိုဆရာကြီးက ဝမ်းသာအားရ ပြောလေသည်။

“ကောင်းတယ်၊ ကောင်းတယ်။ ဪ... ဒါနဲ့ ဒီ ရှည်လျားသော နွေရာသီကျင့်စဉ်အပြင်၊ မင်းရဲ့ သိုလှောင်လက်စွပ် ထဲက စာအုပ်စင် ပဉ္စမမြောက်တန်းမှာရှိတဲ့ လေးအုပ်မြောက် စာအုပ်က ပြင်းထန်မီးစွမ်းအင်သိုင်း လို့ ခေါ်တယ်။ အဲဒါကလည်း ဒီ နွေရာသီအက္ခရာကျင့်စဉ်ထဲကပဲ။ အဲဒီကျင့်စဉ်က နွေရာသီ သူရိန်စက်ဝန်း ခြောက်သွယ်ထဲက ရှောင်ရှူနဲ့ သက်ဆိုင်တဲ့ သိုင်းကွက်ဖြစ်လိမ့်မယ်”

ထိုစကားကြောင့် ချန်ကျဲ့ အလွန်တရာ အံ့အားသင့်သွားရသည်။ ပြင်းထန်မီးစွမ်းအင်သိုင်း ဆိုသည်မှာ ချောင်ကုန်သည်အဖွဲ့၏ ဘိုးဘေးစဉ်ဆက် သိုင်းပညာတစ်ခု မဟုတ်ပါလော။ အကြီးအကဲ လျိုလောင်ကွေ့က ထို ပြင်းထန်မီးစွမ်းအင်သိုင်း ကို အသုံးပြုခဲ့သည် မဟုတ်ပါလား။

ထိုအချက်ကို တွေးမိသည်နှင့် ချန်ကျဲ့သည် ရေခဲစိတ်စွမ်းအင်သိုင်း ကျမ်းစာအုပ်ကို ထုတ်ယူကာ မေးလိုက်သည်။

“ဆရာ... ဒါလေးကို တစ်ချက်လောက် ကြည့်ပေးပါ။ ဒါက ဆောင်းအက္ခရာကျင့်စဉ် ထဲက သိုင်းကွက်တစ်ခုများ ဖြစ်နေမလား”

တာအိုဆရာကြီးက အံ့ဩသွားပြီး ချန်ကျဲ့ ကမ်းပေးလာသော ရေခဲစိတ်စွမ်းအင်သိုင်း ကို လှမ်းယူလိုက်ကာ ဆိုသည်။

“အို... ဟုတ်နိုင်တယ်။ သူက ငါတို့ရဲ့ ချန်ချွမ်းကျင့်စဉ် နဲ့ ဆင်တူတဲ့ ကျင့်ကြံခြင်းလမ်းကြောင်း ရှိတယ်။ ကြည့်ရတာ သေချာပေါက် ဆောင်းအက္ခရာကျင့်စဉ် ထဲက ရှောင်ဟန်သိုင်းကွက်ပဲ ဖြစ်ရမယ်”

တာအိုဆရာကြီးက အတည်ပြုပေးလိုက်သဖြင့် ချန်ကျဲ့မှာ အလွန်တရာ စိတ်အားတက်ကြွ ပျော်ရွှင်သွားတော့သည်။

ဒီခရီးစဉ်က တကယ့်ကို အကျိုးအမြတ်တွေ အများကြီး ရလိုက်တာပဲ...

ပထမဆုံးအနေဖြင့် ချန်ချွမ်းတောင်ကြား၏ အမွေအနှစ်ကို ရရှိခဲ့သည်။ အဖိုးတန်ဆုံးဖြစ်သည့် ချန်ချွမ်းကျင့်စဉ် ကို သူကိုယ်တိုင် လေ့လာသင်ယူခဲ့ပြီးဖြစ်သော်လည်း၊ ဆရာဖြစ်သူက သူ့ကို တောင်ကြားသခင်၏ သံနက်လက်စွပ် ကို ပေးခဲ့သည်။ ထိုအရာက ဒဏ္ဍာရီလာ သိုလှောင်လက်စွပ် တစ်ကွင်းပင် ဖြစ်နေသေးသည်။

ဤအရာတစ်ခုတည်းနှင့်တင် ချန်ကျဲ့မှာ ကြီးမားလှသော အကျိုးအမြတ်ကို ရရှိလိုက်ပြီဟု ခံစားနေရသည်။ ဤကဲ့သို့သော ရတနာမျိုးမှာ ကမ္ဘာလောကကြီးတွင် ယှဉ်နိုင်မည့်အရာ မရှိတော့ပေ။

သိုလှောင်နိုင်စွမ်းရှိသော ရတနာများဆိုသည်ကို ချန်ကျဲ့ တစ်ခါမျှပင် မမြင်ဖူးခဲ့ချေ။

ထို့နောက်တွင် "ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်" ၏ နွေရာသီအက္ခရာကျင့်စဉ် မှ သိုင်းပညာကို ရရှိခဲ့ပြန်သည်။ ၎င်းက အရေးအကြီးဆုံးဖြစ်သော အတွင်းအားကျင့်စဉ် ပင် ဖြစ်လေသည်။

ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်ကို ကျင့်ကြံရာတွင် ကန့်သတ်ချက် တံခါးပေါက်များ မရှိသော်ငြား၊ အလွန်အရေးကြီးသော အချက်တစ်ချက် လိုအပ်ကြောင်း သိထားရမည်ဖြစ်သည်။ အရင်ဆုံး ထိုကျင့်စဉ်၏ အတွင်းအားကျင့်စဉ် ကို မဖြစ်မနေ သင်ယူထားရမည် ဖြစ်သည်။

ချန်ကျဲ့အနေဖြင့် ချန်ချွမ်းကျင့်စဉ် ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ခြင်း၏ အကြောင်းရင်းမှာ အလွန်ရိုးရှင်းလှသည်။ သူက ယန်ချွမ်းကျင့်စဉ် ကို အရင်ဆုံး သင်ယူထားနိုင်ခဲ့သောကြောင့်ပင်။

ထိုအတွင်းအားကျင့်စဉ် ရှိနေမှသာ သူက အခြားသော သိုင်းပညာရပ်များကို ဆက်လက်သင်ယူနိုင်မည် ဖြစ်သည်။ ဤ အတွင်းအားကျင့်စဉ် များသည် လူတစ်ယောက်၏ အရိုးစုနှင့် တူညီသည်။ ပထမဆုံး အရိုးစု ရှိနေမှသာ ခန္ဓာကိုယ်ကို အခြားသော သိုင်းပညာများနှင့် ဖြည့်ဆည်းတည်ဆောက်နိုင်မည် ဖြစ်သည်။

အကယ်၍သာ အတွင်းအားကျင့်စဉ် မရှိဘဲ အတင်းအဓမ္မ ကျင့်ကြံမည်ဆိုပါက၊ အပေါ့စား ဆိုးကျိုးအနေဖြင့် တိုးတက်မှုရရန် ခက်ခဲမည်ဖြစ်ပြီး၊ အပြင်းထန်ဆုံး ဆိုးကျိုးအနေဖြင့်မူ မိမိ၏ အခြေခံအုတ်မြစ်ကို ထိခိုက်ပျက်စီးစေကာ ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားသော မိန်းမလျာတစ်ဦးအဖြစ် ဘဝတစ်သက်တာ ဖြတ်သန်းသွားရနိုင်သည်။

ထို့ကြောင့်ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်ကို လေ့လာကျင့်ကြံရန်အတွက် ပထမဆုံးအနေဖြင့် သက်ဆိုင်ရာ အက္ခရာကျင့်စဉ်၏ အတွင်းအားကျင့်စဉ် ကို မဖြစ်မနေ ရှာဖွေရမည်ဖြစ်သည်။

ထိုအခါမှသာ ကျင့်ကြံနိုင်မည်ဖြစ်ပြီး အရေးအကြီးဆုံးဖြစ်သည့် ရာသီလေးပါး၏ အစဖြစ်သော လီချွမ်း၊ လီရှ၊ လီချိုး နှင့် လီသုန်း တို့ကို ဖန်တီးနိုင်မည်ဖြစ်သည်။ ထိုရာသီအစ အတွင်းအားကျင့်စဉ်လေးခုသည် ရာသီတစ်ခုစီ၏ အစမှတ်များဖြစ်သကဲ့သို့ ရာသီတစ်ခုစီ၏ အဓိက အတွင်းအားကျင့်စဉ်များလည်း ဖြစ်ကြသည်။

ယခုတစ်ကြိမ်တွင် တာအိုဆရာကြီးက ချန်ကျဲ့အား မန်ကျုန့်နှင့် သက်ဆိုင်သော နွေရာသီအက္ခရာကျင့်စဉ်၏ အတွင်းအားကျင့်စဉ်ဖြစ်သည့် ရှည်လျားသော နွေရာသီကျင့်စဉ်ကို တိုက်ရိုက်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ဤအတွင်းအားကျင့်စဉ် ရရှိထားပြီဖြစ်ရာ ချန်ကျဲ့အနေဖြင့် ယခုအခါ နွေရာသီအက္ခရာကျင့်စဉ် ၏ အခြားသော သိုင်းကွက်များကို စတင်လေ့လာရန် ကြိုးစားနိုင်ပြီဖြစ်သည်။

ထို့အပြင်ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်၏ ယေဘုယျလမ်းညွှန်ချက်များအရ၊ နွေရာသီအက္ခရာကျင့်စဉ်တွင် သူရိန်စက်ဝန်း ခြောက်သွယ် ရှိနေသေးသည်။ ၎င်းတို့မှာ လီရှ၊ ရှောင်မန်၊ မန်ကျုန့်၊ ရှကျစ်၊ ရှောင်ရှူ နှင့် သာ့ရှူတို့ ဖြစ်ကြသည်။

ယခုအခါ ချန်ကျဲ့သည် နွေရာသီအက္ခရာကျင့်စဉ်နှင့်ပတ်သက်သော သိုင်းပညာ နှစ်ခုကို စုဆောင်းရရှိထားပြီဖြစ်သည်။ မန်ကျုန့် နှင့်သက်ဆိုင်သော ရှည်လျားသော နွေရာသီကျင့်စဉ်နှင့် ရှောင်ရှူ နှင့်သက်ဆိုင်သော ပြင်းထန်မီးစွမ်းအင်သိုင်းပင်။

ဆိုလိုသည်မှာ ချန်ကျဲ့အနေဖြင့် လီရှ၊ ရှောင်မန်၊ ရှကျစ် နှင့် သာ့ရှူ ဟူသည့် သိုင်းကွက်လေးခု လိုအပ်နေသေးသည်။ ထိုလေးခုလုံး ပြည့်စုံသွားပါက ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်၏ သက်ဆိုင်ရာ နွေရာသီအက္ခရာကျင့်စဉ် ဖြစ်သည့် မဟာနေမင်းလောင်ကျွမ်းခြင်းသိုင်းကို သင်ယူနိုင်မည်ဖြစ်သည်။

ထိုမဟာနေမင်းလောင်ကျွမ်းခြင်းသိုင်း ကို သင်ယူတတ်မြောက်သွားပါက၊ ချန်ချွမ်းကျင့်စဉ်ကဲ့သို့ပင် နွေနတ်ဘုရား ကျုရုန်၏ ပုံရိပ်ကို ဆင့်ခေါ်နိုင်မည် ဖြစ်သည်။

ထိုအချိန်သို့ရောက်လျှင် နွေဦးရာသီမှ နွေဦးနတ်ဘုရား ကုံးမန် နှင့် နွေရာသီမှ နွေနတ်ဘုရား ကျုရုန် တို့ကို ပေါင်းစပ်လိုက်နိုင်ပါက သူ၏ အင်အားမှာ သေချာပေါက် နှစ်ဆမက တိုးတက်လာမည်ဖြစ်သည်။

All Chapters