အခန်း ၄၃၅
Vol. 40 Ch. 435
အပိုင်း ၄၃၅ အာကာသဓားပြများ
"အာကာသဓားပြတွေ ကျူးကျော်ဝင်ရောက်လာပြီ... အာကာသဓားပြတွေ ကျူးကျော်ဝင်ရောက်လာပြီ"
စစ်သင်္ဘောထံမှ အသိပေးချက်တစ်ခု ထွက်ပေါ်လာ၏။
အာကာသဓားပြများ။
ဒဏ္ဍာရီလာ အာကာသဓားပြများ ဆိုသည်မှာ ၎င်းတို့ပင် ဖြစ်ပေလိမ့်မည်။
ရုပ်ရှင်များထဲတွင် အာကာသဓားပြများသည် အခြားဂြိုဟ်များမှ အရင်းအမြစ်များကို လုယက်ကာ အသက်ရှင်သန်ကြသည့် ရက်စက်ကြမ်းကြုတ်သော လူစုတစ်စု ဖြစ်၏။ ၎င်းတို့သည် မည်သည့်အရာကိုမဆို လုပ်ဆောင်ရဲကြပြီး ဂြိုဟ်တစ်လုံး၏ အရင်းအမြစ်များကို လုယက်ပြီးနောက် ၎င်းဂြိုဟ်ကို ဖျက်ဆီးပစ်တတ်ကြသည်။
အပြင်ထွက်စဉ် အာကာသဓားပြများနှင့် ဆုံတွေ့ရလိမ့်မည်ဟု လုံးလုံးလျားလျား မမျှော်လင့်ထားခဲ့ပေ။
အလွန် မိုက်ပေသည်။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲ၌ ဤမက်ဆေ့ချ်ကို မြင်လိုက်ရချိန်တွင် ပို၍ပင် စိတ်လှုပ်ရှားကာ ကြက်သီးထသွားရ၏။
"ဘုရားရေ... အာကာသဓားပြတွေပဲ"
"အာကာသဓားပြတွေ... ဒါ တကယ်ကြီးလား... ဒါ အာကာသဓားပြတွေလေ"
"ရုပ်ရှင်တွေထဲမှာ မကြာခဏ မြင်ရတတ်တဲ့ ဗီလိန်မျိုးပဲ"
"အာကာသဓားပြတွေက ဓားပြတွေလိုပဲ ဖြတ်သွားဖြတ်လာ သင်္ဘောတွေဆီက အရင်းအမြစ်တွေကို လုယက်တတ်ကြတယ်... ဒါပေမဲ့ အခု အာကာသထဲမှာ စစ်သင်္ဘောတွေ သိပ်များများစားစား မရှိလှဘူးဆိုတော့ သူတို့က အရင်းအမြစ်ပေါကြွယ်ဝတဲ့ ဂြိုဟ်တွေကို လုယက်ဖို့ ကြံစည်နေတာ ဖြစ်ရမယ်"
"သူတို့က အရှင်သခင်ဂြိုလ်နဲ့ ဧကရာဇ်ဂြိုလ်ရဲ့ အရင်းအမြစ်တွေကို လိုချင်လို့ ရောက်လာတာ ဖြစ်နိုင်တယ်... ပြီးတော့ အဲ့ဒီဂြိုဟ်တွေကို လုယက်ဖို့ ကြံစည်နေကြတာနေမယ်"
"ကျစ်... ဒီဂြိုဟ်နှစ်လုံး ဥက္ကဋ္ဌစု နဲ့ တွေ့ဆုံသွားလို့ တော်သေးတယ်... မဟုတ်ရင် သူတို့တော့ သေချာပေါက် ပျက်စီးသွားလောက်ပြီ"
"ဟုတ်တယ်... ဟုတ်တယ်... စစ်သင်္ဘောရဲ့ ခွဲခြမ်းစိတ်ဖြာမှု အချက်အလက်တွေအရဆိုရင် ဒီဓားပြအဖွဲ့က ဥက္ကဋ္ဌစု တို့အဖွဲ့လောက် မသန်မာဘူး"
"ဒါမှန်တယ်... ဥက္ကဋ္ဌစု သူတို့ကို ဘယ်လိုအနိုင်ယူမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့... ငါ တကယ်ကို မျှော်လင့်နေပြီ"
အာကာသဓားပြများ၏ စစ်သင်္ဘောများသည် တဖြည်းဖြည်း နီးကပ်လာခဲ့ပြီး ၎င်းတို့၏အထက်၌ တောက်ပသော အနီရောင်အလံတစ်ခုက အဆက်မပြတ် လွင့်ဝဲနေ၏။
ဂြိုဟ်သားအချို့သည် စစ်သင်္ဘော၏ ကုန်းပတ်ပေါ်၌ ရပ်နေကြပြီး ၎င်းတို့၏ မျက်လုံးများထဲတွင် ရက်စက်မှုများ ပြည့်နှက်နေပေသည်။
ထိုသူများ၏ အသွင်အပြင်မှာ လူသားများနှင့် သိပ်မကွာခြားလှသော်လည်း ၎င်းတို့၏ မျက်လုံးများနှင့် အမူအရာများမှ ရက်စက်ကြမ်းကြုတ်မှုကို သဘာဝကျကျ မြင်တွေ့နိုင်ပေ၏။
"ဒီဂြိုဟ်နှစ်လုံးက တစ်နည်းနည်းနဲ့ ဆက်သွယ်နေကြပုံပဲ"
"ဟားဟား.."
"ဒီနှစ်ယောက်က သူတို့ရဲ့ ဂြိုဟ်နှစ်လုံးကို အုပ်စိုးတဲ့သူတွေဆိုတာ ငါ ခံစားသိရှိနိုင်တယ်"
"အဆင့်မြင့်ယဉ်ကျေးမှုတွေ ဖွံ့ဖြိုးတိုးတက်နေတဲ့ ဂြိုဟ်တွေရဲ့ ပုံဆောင်ခဲတွေက ဟိုအသီးအနှံမဖြစ်ထွန်းတဲ့ ဂြိုဟ်တွေနဲ့ ယှဉ်လို့မရဘူး"
"ဒီတစ်ကြိမ်က ယဉ်ကျေးမှုပုံဆောင်ခဲ နှစ်ခုပဲ"
စစ်သင်္ဘောကပ္ပတိန်ဖြစ်သူ အမာရွတ်နှင့်လူက ပြောလာသည်။ "ဒီတစ်ကြိမ် ငါတို့ရဲ့ သီးနှံရိတ်သိမ်းမှုက တပ်ဖွဲ့တစ်ခုလုံးမှာ အထူးချွန်ဆုံး ဖြစ်သင့်တယ်"
"ဟုတ်တယ် ဘော့စ်... ဒီယဉ်ကျေးမှုပုံဆောင်ခဲ နှစ်ခုကို ရရှိသရွေ့ ဘော့စ်က နောက်ထပ် ဘုရင် ဖြစ်လာလိမ့်မယ်"
လက်အောက်ငယ်သားဖြစ်သူက စိတ်လှုပ်ရှားစွာဖြင့် ပြောလာ၏။ "ငါတို့ဆီမှာ ယဉ်ကျေးမှုပုံဆောင်ခဲ ရှစ်ခု ရှိနေပြီ... ဒီအလုပ်ကိုသာ အောင်မြင်အောင် လုပ်နိုင်ရင် ဘော့စ်က ငါတို့ရဲ့ ဘုရင် ဖြစ်လာလိမ့်မယ်"
အမာရွတ်နှင့်လူမှာ ရယ်မောလိုက်ပြီး စစ်သင်္ဘောကို အရှိန်အပြည့်ဖြင့် ရှေ့သို့ချီတက်ရန် အမိန့်ပေးလိုက်လေသည်။
မကြာမီမှာပင် စစ်သင်္ဘောသုံးစင်းသည် ရွှေကြေးခွံ နှင့် သူ၏လူများရှေ့သို့ ရောက်ရှိလာခဲ့ပြီး အမာရွတ်နှင့်လူ၏ မျက်နှာတွင် မထီမဲ့မြင်ပြုမှုများ ပြည့်နှက်နေပေ၏။
"မင်းတို့တွေ..." ရွှေကြေးခွံ နှင့် ဂျူလီ တို့က အချင်းချင်း အကြည့်ဖလှယ်လိုက်ကြ၏။
၎င်းတို့သည် ပြိုင်ဘက်များ ဖြစ်ကြသော်လည်း မူလဇစ်မြစ်တူညီကြပေသည်။ ယခုချိန်တွင် နတ်ဘုရားသခင် ပြောပြခဲ့သည့် အာကာသဓားပြများနှင့် ဆုံတွေ့ရပြီဖြစ်ရာ ၎င်းတို့သည် သဘာဝကျကျ ပူးပေါင်းရမည် ဖြစ်၏။
“မင်းတို့ ဘယ်က လာကြတာလဲ... ငါတို့ ဂလက်ဆီကို ဘာရည်ရွယ်ချက်နဲ့ ရောက်လာတာလဲ...”
ရွှေကြေးခွံက အေးစက်စွာ မေးမြန်းလိုက်၏။ သူ၏ ကိုယ်ခန္ဓာတစ်ဝိုက်မှ ကြီးမားခန့်ညားသော ဩဇာအရှိန်အဝါများ တဖြည်းဖြည်း ဖြာထွက်လာကာ ပတ်ဝန်းကျင်တစ်ခုလုံးကို ဖိနှိပ်ထားသကဲ့သို့ ခံစားရလေသည်။
“ဟမ့်...”
ဂျူလီက အေးစက်စွာ နှာမှုတ်လိုက်ပြီး ဒေါသအရိပ်အယောင်များ မျက်နှာပေါ်တွင် ထင်ဟပ်လာ၏။
“အသက်ရှင်လျက် ပြန်သွားချင်သေးတယ်ဆိုရင်... အခုချက်ချင်း ဒီနေရာကနေ ထွက်သွားလိုက်တော့...”
သူ၏ အသံမှာ အေးစက်ပြတ်သားလှပြီး ငြင်းဆန်ခွင့်မရှိသော အမိန့်တစ်ရပ်ကဲ့သို့ ပဲ့တင်ထပ်သွားလေ၏။
ကုန်းပတ်ပေါ်တွင် ရှိနေသော အမာရွတ်နှင့်လူသည် ဤစကားကို ကြားချိန်တွင် အေးစက်စွာ ရယ်မောလိုက်သည်။
"ဟားဟားဟား...တကယ် ရယ်ရတာပဲ"
"ငါ့ထက် မျိုးဆက်တစ်ခုလုံး နောက်ကျနေတဲ့ ယဉ်ကျေးမှုက ပုရွက်ဆိတ်တစ်ကောင်က ငါ့ကို ဒီလို လာဆုံးမရဲတယ်ပေါ့"
"ငါတို့ အာကာသဓားပြ ပထမတပ်ဖွဲ့က စကြဝဠာကို မနားမနေ ဖြတ်သန်းသွားလာနေတာ... မင်းတို့လို ယဉ်ကျေးမှုပေါင်းများစွာကို ဖျက်ဆီးခဲ့ပြီးပြီ"
"ဒါပေမဲ့ မင်းတို့က ငါမြင်ဖူးသမျှထဲမှာ သတ္တိအရှိဆုံး လူတွေပဲ"
"ငါ မင်းတို့ကို ချွင်းချက်တစ်ခု ပေးနိုင်တယ်"
"ငါ မင်းတို့ရဲ့ ယဉ်ကျေးမှုပုံဆောင်ခဲတွေကိုပဲ လိုချင်တာ... ဒါမှ မင်းတို့ရဲ့ ယဉ်ကျေးမှုက နောက်ထပ် ရက်အနည်းငယ်လောက် ဆက်လက်တည်ရှိနိုင်မှာ"
အမာရွတ်နှင့်လူက ပြုံးဖြီးဖြီးဖြင့် ပြောလာ၏။ "ဘယ်လိုလဲ... ငါက အရမ်း သနားကြင်နာတတ်တယ် မဟုတ်လား"
"မင်း... မင်း အရမ်းလွန်လွန်းသွားပြီ"
"ရွှေရောင်အစောင့်တပ်... ဒီနာမည်ဆိုးနဲ့ကျော်ကြားတဲ့ အာကာသဓားပြတွေကို ပစ်ချလိုက်စမ်း" ရွှေကြေးခွံ က ချက်ချင်း အမိန့်ပေးလိုက်သည်။
ခဏတာအတွင်းမှာပင် ပြင်းထန်သော တိုက်လေယာဉ် ဒါဇင်ပေါင်းများစွာသည် အမာရွတ်နှင့်လူ တို့ထံသို့ အရိုင်းအစိုင်းဆန်စွာ ပစ်ခတ်လိုက်ကြ၏။
ထိုစွမ်းအားသည် လကဲ့သို့ သေးငယ်သော ဂြိုဟ်တစ်လုံးကို ဖျက်ဆီးရန် လုံလောက်ပေသည်။
"ဟားဟားဟား... ဘယ်လောက်တောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေတာလဲ" အမာရွတ်နှင့်လူက ရယ်မောလိုက်ပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ဓားပြစစ်သင်္ဘောထံမှ အလင်းတန်းတစ်ခု ချက်ချင်း ထွက်ပေါ်လာပြီး ရွှေကြေးခွံ ၏ ရွှေရောင်အစောင့်တပ် အားလုံးကို တိုက်ရိုက် ပစ်ချလိုက်လေသည်။
"ဘာ..." ရွှေကြေးခွံ မှာ ချက်ချင်း အလွန်တုန်လှုပ်သွားရ၏။
ရွှေရောင်အစောင့်တပ်သည် သူ၏ အင်အားအကောင်းဆုံး အာကာသလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သော်လည်း ယခုအခါ ထိုကောင်က လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် ၎င်းကို ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။
"ဘုရားရေ... ဧကရာဇ်ဂြိုလ်ရဲ့ လက်နက်တွေက လုံလောက်အောင် အစွမ်းထက်တယ်လို့ ငါ ထင်ခဲ့တာ... ဒါပေမဲ့ အခု ကြည့်ရတာ... ဟုတ်တယ်... ဧကရာဇ်ဂြိုလ်က အာကာသဓားပြတွေနဲ့ ယှဉ်ရင် ဘာမှမဟုတ်ဘူးပဲ"
"ဒါမှန်တယ်... အာကာသဓားပြတွေက ဗီလိန်တွေ ဖြစ်ပေမဲ့ သူတို့သာ မသန်မာဘူးဆိုရင် ဒီလောက် ဂြိုဟ်တွေ အများကြီးကို ဘယ်လိုလုပ် သိမ်းပိုက်နိုင်ပါ့မလဲ... ဒါကြောင့် ဒီဓားပြအဖွဲ့မှာ သိသာထင်ရှားတဲ့ ခွန်အားတွေ ရှိနေတယ်"
အမာရွတ်နှင့်လူ၏ စွမ်းအားပြသမှုက ဧကရာဇ်ဂြိုလ်နှင့် အရှင်သခင်ဂြိုလ်မှ လူများအား သံသယဝင်စရာမလိုအောင် တုန်လှုပ်သွားစေခဲ့သည်။
၎င်းမှာ မယုံနိုင်လောက်အောင် အစွမ်းထက်လှပေ၏။
သူတို့သည် အလွန်သန်မာလွန်းလှရာ ၎င်းတို့အနေဖြင့် ခုခံနိုင်စွမ်း လုံးလုံးလျားလျား မရှိနိုင်ပေ။
ထိုဓားပြများသည် ဂြိုဟ်၏ ယဉ်ကျေးမှုပုံဆောင်ခဲကို လိုချင်နေကြခြင်း ဖြစ်သည်။
အကယ်၍ ဂြိုဟ်၏ ယဉ်ကျေးမှုပုံဆောင်ခဲသာ အခိုးခံရပါက ၎င်းသည် ဂြိုဟ်အတွက် ကြီးမားလှသော ပျက်စီးဆုံးရှုံးမှုကြီး ဖြစ်သွားပေလိမ့်မည်။
"မင်းတို့ ပုရွက်ဆိတ်တွေ"
"ငါ ပြောခဲ့ပြီးပြီလေ... မင်းတို့က ငါတို့ရဲ့ ပြိုင်ဘက် မဟုတ်ဘူးလို့...မင်းတို့ သိကြလား''
အမာရွတ်နှင့်လူက ရက်စက်စွာ ပြောလာ၏။ "ဂြိုဟ်တစ်ခုရဲ့ ယဉ်ကျေးမှုပုံဆောင်ခဲကို စုဆောင်းဖို့ ငါ သုံးရက် အချိန်ယူရလိမ့်မယ်... ဒီတန်ဖိုးရှိတဲ့ အချိန်တွေကို ငါ မဖြုန်းတီးချင်ဘူး... တကယ်လို့ မင်းတို့မှာ အသိဉာဏ်ရှိရင် ယဉ်ကျေးမှုပုံဆောင်ခဲကို ထုတ်ပေးလိုက်တာ ကောင်းမယ်... ပြီးတော့ ငါ ထပ်ပြောမယ်... ငါ မင်းတို့ကို အသက်ရှင်ခွင့် တစ်ကြိမ် ပေးမယ်"
ရွှေကြေးခွံ နှင့် ဂျူလီ တို့ အချင်းချင်း အကြည့်ဖလှယ်လိုက်ကြပြီး တစ်ယောက်၏ အမူအရာမှတစ်ဆင့် အခြားတစ်ယောက်က တစ်စုံတစ်ရာကို နားလည်သွားကြသည်။
ဧကရာဇ်ဂြိုလ်နှင့် အရှင်သခင်ဂြိုလ်၏ စွမ်းအားသည် ဤဆိုးသွမ်းသော ဓားပြများကို ယှဉ်ပြိုင်ရန် မလုံလောက်ပေ။
သူတို့အားလုံးသည် စုယွမ် နှင့် အခြားသူများထံသို့ အကြည့်များကို လှည့်လိုက်ကြ၏။
"နတ်ဘုရားသခင်ကို ဂါရဝပြုဖို့ ငါ့နောက်ကလိုက်ခဲ့ကြ" ရွှေကြေးခွံ က ကျယ်လောင်စွာ ကြေညာလိုက်သည်။
ချက်ချင်းပင် ထိုနေရာ၌ရှိနေသော ဧကရာဇ်ဂြိုလ်နှင့် အရှင်သခင်ဂြိုလ်မှ လူအားလုံးသည် မြေပြင်ပေါ်၌ ဝပ်တွားခယလိုက်ကြလေသည်။
"ဟားဟားဟား''
ယင်းကို မြင်ချိန်တွင် အမာရွတ်နှင့်လူမှာ ရယ်မောလိုက်၏။
ဤသည်မှာ သူကြုံတွေ့ဖူးသမျှထဲတွင် သတ္တိအနည်းဆုံး ဂြိုဟ်ပင် ဖြစ်ပေသည်။
လုယက်သူတစ်ဦးဖြစ်သည့် သူ့ကို သူတို့က "နတ်ဘုရား" ဟု အမှန်တကယ် ခေါ်ဆိုနေကြသည်။
၎င်းမှာ အလွန် ရယ်စရာကောင်းလှ၏။
"မင်းတို့ ပုရွက်ဆိတ်တွေ ငါ့ကို ပေးတဲ့ ခေါင်းစဉ်ကို ငါ တော်တော်လေး ကျေနပ်တယ်"
အမာရွတ်နှင့်လူက သူ၏လက်ဖြင့် အမူအရာပြကာ ပြောလိုက်သည်။ "အားလုံး ထကြတော့"
သို့သော် မည်သူကမှ သူ၏ အမိန့်ကို မနာခံကြပေ။
"ဟမ်..." အမာရွတ်နှင့်လူ၏ အမူအရာမှာ ချက်ချင်းပင် ခက်ထန်သွားရ၏။
"ဂါရဝပြုပါတယ် နတ်ဘုရား... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အကူအညီပေးသနားတော်မူပါ" ရွှေကြေးခွံ နှင့် သူ၏အဖွဲ့က ဆက်လက် ဂါဝရပြုနေကြ၏။
"အမ်း..."
"သူလား..." အမာရွတ်နှင့်လူသည် စုယွမ် အား ရက်စက်သော အကြည့်များဖြင့် ကြည့်လိုက်၏။ ထိုသူတို့ ပြောနေသည့် နတ်ဘုရားမှာ ဤသူဖြစ်လိမ့်မည်ဟု သူ လုံးလုံးလျားလျား မမျှော်လင့်ထားခဲ့ပေ။
"မုန်းစရာကောင်းလိုက်တာ..."
"မင်းက ဘာ အဓိပ္ပါယ်မရှိတဲ့ နတ်ဘုရားလဲ... ဒီနေ့ မင်းတို့အားလုံးကို ငါ ရှင်းပစ်မယ်"
အမာရွတ်နှင့်လူက ဟိန်းဟောက်လိုက်လေသည်။