← Chapters

ရှေးဟောင်းစိတ်ဝိညာဉ်အတားအဆီး

Vol. 106 Ch. 1451

ရှေးဟောင်းစိတ်ဝိညာဉ်အတားအဆီး

Vol. 106 Ch. 1451

ထိုအမျိုးသမီးသည် ခဏတာ မင်သက်သွား၏။ သူမ၏မျက်နှာထက်တွင်လည်း သုန်မှုန်သည့်ဟန်အရိပ်အမြွက် ဖြစ်ပေါ်သွားသည်။ သို့သော် သိပ်မကြာခင် ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ သူမသည် နူးညံ့စွာပြုံး၍ ဝမ်လင်းထံ အနည်းငယ် ဦးညွတ်ကာ ပြောလိုက်သည်။ “ဒီကောင်မလေးက သင်ခန်းစာ ရလိုက်ပါပြီ။ ကျမက စီနီယာရဲ့ နာမည်ကို သိချင်မိပါတယ်…”

ထိုအမျိုးသမီးသည် ဝမ်လင်း၏နာမည်ကို နှစ်ကြိမ်တိုင်မေးလိုက်ခြင်းက ဝမ်လင်း၏စိတ်အာရုံကို စွဲဆောင်သွား၏။ သူသည် လူတစ်ယောက်၏နာမည်ကို အသုံးချသော မည်သည့်မန္တာန်ကိုမျှ မသိသော်လည်း အုပ်စိုးသူကောင်စီ၏ သည်မြင့်မြတ်သောဆရာသခင်မှာ အတော်လေးကို ထူးခြားဆန်းကြယ်ပြီး ခန့်မှန်းရန်ခက်ခဲလှသောမန္တာန်များ ပိုင်ဆိုင်ထားပေ၏။

ဝမ်လင်းသည် သူမက သူ ပုန်းကွယ်နေသောနေရာကို မည်သို့မည်ပုံတွက်ချက်ခဲ့သနည်းဟု စဉ်းစားမိသည့်အခါ သူသည် သူ့မှတ်ဉာဏ်ထဲမှ အခြားတစ်ယောက်ကို ပြန်မမှတ်မိဘဲ မနေနိုင်ဖြစ်ရ၏။ ထိုသူမှာ ရှေ့ဖြစ်ဟောသူတည်း။

အမှန်တော့ ကျင့်ကြံသူတစ်ယောက်အဖြစ် သူ့တစ်ဘဝလုံးတွင် ရှေ့ဖြစ်ဟောသူမှာ ဝမ်လင်း ဖြတ်မမြင်နိုင်သော အရှိန်ရဆုံးလူတစ်ယောက် ဖြစ်ပေ၏။ တာအိုပညာရှင်ရေသည်ပင် ထိုကဲ့သို့ တူညီသောခြိမ်းခြောက်မှုအာရုံကို ဝမ်လင်းအား မပေးနိုင်ခဲ့ပေ။

ဤအခိုက်အတန့်တွင် ဝမ်လင်း၏အမူအရာသည် တည်ငြိမ်နေ၏။ သို့သော် သူ့စိတ်ထဲတွင်မူ သတိထားနေ၏။ သူက ထိုအမျိုးသမီးကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ရှုမူ…”

သူ၏နာမည်မှာ သိချင်သောလူများအတွက် မည်သည့်လျှို့ဝှက်ချက်မှ ရှိမနေပေါ။ သို့သော်လည်း ဝမ်လင်းသည် သူကိုယ်တိုင် သူ့နာမည်ကို ပြောပြခြင်းနှင့် သူမဘာသာ ရှာဖွေသိရှိတို့ကြား အနည်းငယ် ကွာခြားမှု ရှိသည်ဟု ဝိုးတဝါးခံစားမိပေ၏။

အမျိုးသမီး၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ ရှုမူ ဟူသောနာမည်ကို သူမ၏စိတ်ထဲကနေ သုံးကြိမ်တိုင်တိုင် ပြောဆိုပြီးနောက် သူမသည် မဆိုသလောက်လေး မျက်မှောင်ကြုတ်သွား၏။

“ဒီလူက သူ့နာမည်အစစ်အမှန်ကို ကိုယ်တိုင်ကိုယ်ကျ မပြောဘူးဆိုရင် ငါက အမည်ရုပ်သေးမန္တာန်ကို သူ့အပေါ်မှာ အသုံးပြုလို့ မရနိုင်တော့ဘူး…”

ဝမ်လင်းက တစ်ဖက်သို့ လှည့်လိုက်၏။ သူသည် ထိုအမျိုးသမီးနှင့် အရှင်စစ်မိုတို့ကို ကြည့်ပင် မကြည့်တော့ဘဲ လမ်းကြောင်းအတွင်းပိုင်းသို့ ဆက်ဝင်သွား၏။ တမန်တော်က သူ့နောက်သို့ ခပ်မြန်မြန် လိုက်ပါလာသည်။ သူတို့နှစ်ယောက်သည် အကွာအဝေးတစ်ခုသို့ ပျောက်ကွယ်သွားကြလေ၏။

ရှေ့ဆက်သွားနေရင်း ဝမ်လင်း၏မျက်လုံးမှာ တလက်လက် ဖြစ်နေ၏။ သူ မြစ်ချောင်းငယ်ကလန်နှင့် စိတ်ဝိညာဉ်မြွေနဂါးကလန်ပေါ်သို့ ပြုလုပ်ခဲ့သည့်အရာမှာ မဟာအင်ပါယာကို စမ်းသပ်ကြည့်ဖို့ ဖြစ်၏။ မဟာအင်ပါယာသည် အလွန်ဆန်းကြယ်၏။ သူ့ကိုလည်း အကျိုးအမြတ်များစွာ ပေးထားခဲ့၏။ ထို့ကြောင့် ဝမ်လင်းသည် သတိမထားမိဘဲ မနေနိုင် ဖြစ်လာရသည်။

အခြားတစ်ဖက်၏ အကြံအစည်ကို သိနိုင်ဖို့ငှာ သူသည် သူတို့အား စမ်းသပ်ရမည်သာ။ ချပ်ဝတ်နဂါးကလန်တုန်းက ကိစ္စသည်လည်း ထို့အတူသာပင်။ တဖက်လူကို တို့တောက်ကြည့်မှသာ ဝမ်လင်းသည် တဖက်လူ၏သည်းခံနိုင်မှုအတိုင်းအတာကို သိနိုင်မည် မဟုတ်လော။

“သူက ငါ ပြိုလဲအကြီးအကဲခေါင်းဆောင်နှစ်ယောက်ရဲ့ နေရာအဆင့်အတန်းကို ဖယ်ရှားပစ်တာကိုလည်း ခွင့်ပြုပေးခဲ့တယ်။ ဒါ့အပြင် ပြိုလဲအကြီးအကဲရွေးချယ်ပွဲကနေ ကလန်နှစ်ခုကို ဖယ်ရှားပစ်ခဲ့ပြီး အပြစ်ပေးခဲ့တာကိုလည်း သူ ခွင့်ပြုပေးခဲ့တယ်။ ဒါတွေအားလုံးဟာ သူ သည်းခံနိုင်တာရဲ့ အပေါ်မှာ ရှိနေတာပဲ။ ဖြစ်နိုင်တာက ဒီပြိုလဲကောင်စီဟာ မဟာအင်ပါယာအတွက် ဘာမှ မဟုတ်တဲ့သဘောလား..”

ဝမ်လင်းသည် အနည်းငယ် စဉ်းစား၏။ သူ၏မျက်လုံးမှ တလက်လက် ဖြစ်နေသည်။ သူက ရုတ်တရက် သူ့နောက်မှ တမန်တော်ထံသို့ တစ်စုံတစ်ခုကို လှမ်းပြောလိုက်သည်။

“ကင်းမြှီးကောက်နက်ကလန်ခေါင်းဆောင်ဟာ သိပ်မဆိုးလှဘူး။ ငါတော့ သူ့ကို ပြိုလဲအကြီးအကဲတစ်ယောက် ဖြစ်လာစေချင်တယ်…”

တမန်တော်သည် မင်သက်သွားကာ အနည်းငယ် ချီတုံချတုံ ဖြစ်သွားသည်။ ဝမ်လင်းအကြည့်က တမန်တော်ထံသို့ ဝေ့ဝိုက်ကျရောက်သွား၏။ သူ့မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွားသည်။ သူသည် တမန်တော်သည် တစ်စုံတစ်ယောက်ထံ သတင်းပို့ဖို့ အထူးနည်းလမ်းအချို့ကို အသုံးပြုနေသည်ဟု ခပ်ရေးရေး ခံစားမိလိုက်၏။

အနည်းငယ် စဉ်းစားပြီးနောက် တမန်တော်သည် ဆက်လက်တွေဝေတော့ဟန် မရှိတော့ဘဲ သူက ခေါင်းညိတ်လိုက်၏။ “လူငယ်အင်ပါယာ ကိုယ်တိုင်ကိုယ်ကျ ထောက်ခံပေးမှတော့ ဒါဟာ ပြဿနာတစ်ခု မဟုတ်တော့ပါဘူး…”

ဝမ်လင်းသည် ပြုံးလိုက်၏။ သူက ရှေ့ဆက်လျှောက်လာသည်။ သို့ပေမည့် သူ နောက်လှည့်လိုက်ချိန်တွင်မူ သူ့အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

“ငါမှန်တယ်။ ဒီဆန်းကြယ်တဲ့မဟာအင်ပါယာဟာ ပြိုလဲကောင်စီကို တစ်စက်မှ ဂရုမစိုက်ဘူး။ သူ…သူက ဘယ်သူများလဲ…” ဝမ်လင်းသည် စဉ်းစားနေရင်း သူနှင့် တမန်တော်တို့သည် လမ်းကြောင်းအတွင်း ဖြတ်သန်းလာကြ၏။

သိပ်မကြာခင်တွင် သူတို့သည် မဟာအင်ပါယာဂြိုဟ်ထံသို့ ရောက်ရှိလာကြသည်။ ထိုဂြိုဟ်ကို အနီးကပ်မြင်ရသည့်အခါ ဝမ်လင်းသည် သူ့တုန်လှုပ်သွားမှုကို ဖိနှိပ်လိုက်ရ၏။ သူက ၎င်းဂြိုဟ်ကို သေသေချာချာကြည့်သည်။

ထိုဂြိုဟ်၏ပတ်လည်တွင် အားကောင်းသောထည်ဝါလေးနက်မှုတစ်ခု ရစ်သိုင်းလှည့်ပတ်နေ၏။ ဝမ်လင်းက တမန်တော်၏လမ်းပြမှုအောက်တွင် ဂြိုဟ်အတွင်းသို့ ခြေလှမ်းလိုက်သည်။

“လေထု မရှိဘူးလား…” သူ ဂြိုဟ်အတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် သည်ဂြိုဟ်နှင့် ပတ်သတ်သော ထူးဆန်းသောအရာများအားလုံးကို သတိပြုမိသွားသည်။ ယင်းကား သူ ဂြိုဟ်တစ်ခုအတွင်းသို့ ဝင်ရောက်ချိန်၌ ပထမဆုံးကြိမ်အဖြစ် လေထုကို မတွေ့ကြုံရခြင်း ဖြစ်နေသည်။

ထိုမဟာအင်ပါယာဂြိုဟ်ပေါ်တွင် တောင်တန်းများလည်း ရှိမနေပေ။

လွင်ပြင်များသာ ဤဂြိုဟ်ကို ကြီးစိုးထား၏။ ထူးဆန်းသောသစ်ပင်ပန်းမန်အပင်များသာ အတော်လေး များများစားစား ပေါက်ရောက်နေသည်။ ယင်းအပင်များထဲမှ အများစုသည် လူတော်တော်များများ တက်၍ လှဲလျောင်းလျှင်ပင် ကွေးညွတ်မသွားလောက်အောင်ထိ ကြီးမားသည်။

အကြည့်တစ်ချက်ဖြင့်ပင် ထိုအပင်များသည် အဆုံးမဲ့ကာ သည်ဂြိုဟ်တစ်ခုလုံးအား ဖုံးလွှမ်းထားသည်ဟု ထင်ရသည်။

အနောက်မြောက်ဒေသတွင်သာ အပင်များ ကျဲသွားပြီး မီးခိုးရောင်မြေပြင်ထုတစ်ခု လှစ်ပေါ်နေသည်။ ထိုနေရာတွင် ကီလိုမီတာငါးရာလောက် ကျယ်ပြောသော ဧရိယာတစ်ခု ရှိနေပြီး ယင်းနေရာတွင် မရေမတွက်နိုင်သောအတားအဆီးများကို ချခင်းထားသည်။

“ဒါက…” အတားအဆီးများကို စူးစိုက်ကြည့်နေရင်း ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်၏။ သူ့စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။

“ဒါက ပြိုလဲအကြီးအကဲရွေးချယ်ပွဲ ကျင်းပတဲ့ နေရာပဲ…” တမန်တော်သည် ဝမ်လင်းအကြည့်က ထိုနေရာပေါ်သို့ မြဲမြံစွာ ကျရောက်နေသည်ကို မြင်သည့်အခါ ခပ်သွက်သွက် ရှင်းပြလိုက်သည်။

ရှင်းပြပြီးနောက် တမန်တော်သည် သူ့လက်နှစ်ဖက်ကို ဆုပ်ကာ ပြောလိုက်သည်။ “လူငယ်အင်ပါယာ…ဒီငယ်သားက သင့်ကို ဒီအထိပဲ ပို့ဆောင်ပေးရမယ်လို့ ညွှန်ကြားခံထားရတာပါ။ ငါ တခြားကျင့်ကြံသူတွေကို သွားခေါ်ပေးရအုံးမယ်။ လူငယ်အင်ပါယာထံမှာ တခြားအမိန့်မရှိတော့ဘူးဆိုရင် ဒီငယ်သား ထွက်သွားပါတော့မယ်…”

ဝမ်လင်းသည် ထိုလူ့ကို ဤနေရာတွင် နေစေရန် အတွေးရှိမနေပေ။ သူကလည်း လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ်…” ဝမ်လင်း၏ စရိုက်မှာ တခြားလူများ သူ့အား မည်သို့ ဆက်ဆံသည့်အပေါ် မူတည်ကာ တဖက်လူများကို ဆက်ဆံတတ်၏။ တမန်တော်က သူ့ကို စတွေ့ချိန်ကတည်းက လေးစားသမှုထား၍ ဆက်ဆံနေမှတော့ သူလည်း ထိုလူ့ကို ဒုက္ခများစေလိမ့်မည် မဟုတ်ပေ။

“လူငယ်အင်ပါယာ အရင်ဆုံး ဒီမဟာအင်ပါယာဂြိုဟ်နဲ့ ရင်းနှီးသွားအောင် လုပ်လိုက်ပါလား။ ပြိုလဲအကြီးအကဲရွေးချယ်ပွဲက မနက်ဖြန် စတဲ့အခါ လူငယ်အင်ပါယာ့ကို လာခေါ်ဖို့ တစ်ယောက်ယောက် လွှတ်လိုက်ပါ့မယ်…” တမန်တော်သည် ဦးညွတ်ကာ အကွာအဝေးတစ်ခုထံသို့ ပျောက်ကွယ်သွားတော့၏။

ထိုလူ ထွက်သွားသည့်နောက် ဝမ်လင်းသည် သည်ကြီးမားလှသောဂြိုဟ်ပေါ်တွင် သူတစ်ကိုယ်တည်းဟု ခံစားလိုက်ရ၏။ သူ့အကြည့်သည် အနောက်မြောက်ဘက်ရှိ ဧရိယာပေါ်သို့ ကျရောက်နေရာသည်ကို ပြန်ရုတ်သိမ်းကာ သူ ပျောက်ကွယ်သွားလေ၏။

သူ ပြန်ပေါ်လာသည့်အခါ သူသည် ထိုရွေးချယ်ပွဲဧရိယာနေရာ၏ အပြင်ဘက်သို့ ရောက်လာ၏။ ထိုငါးရာကီလိုမီတာဧရိယာမှာ သေမျိုးများအတွက်မူ အံ့မခန်းကြီးမားမည်။ အမြန်ဆုံးမြင်းများဖြင့် ဖြတ်သန်းသွားလာလျှင်ပင် တစ်ရက်တာလောက် ကုန်ဆုံးမည်သာ။ သို့ပေမည့် ကျင့်ကြံသူများအတွက်မူ ထိုမျှဧရိယာသည် ပမွှားသာ။

ထိုဧရိယာပတ်လည်ရှိ အတားအဆီးများအပြင်ဘက်တွင် ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ အောက်သို့ ဖိချလိုက်၏။ ထိုအခိုက်တွင် လေဟာနယ်အတွင်းမှ ပြင်းထန်သောအားတစ်ခု စုစည်းလာပြီး ဝမ်လင်းလက်ထံ တရကြမ်း တိုးဝင်သည်။ ချက်ခြင်းပင် ဝမ်လင်း၏ညာလက်ရှေ့တွင် လိပ်ခွံသဏ္ဌာန်အရာတစ်ခု ပေါ်လာလေ၏။

ထိုလိပ်ခွံ၏အစွန်းအနားတွင် အဆုံးမဲ့လေဝဲကတော့များသည် မြန်ဆန်စွာ လှည့်လည်နေချေ၏။ ဝမ်လင်းကညာလက်သည် ထိုလိပ်ခွံနှင့် ထိမိသွားသည်နှင့် သူသည် ၎င်းထံမှ ပြင်းထန်သောအားတစ်ခု ထွက်ပေါ်လာနေသည်ကို ခံစားလိုက်ရသည်။ သူ့ညာလက်သည်ပင် ထုံထိုင်းသွားမိပြီး သူသည် နောက်သို့ ခြေသုံးလှမ်းခန့် ဆုတ်သွားလိုက်ရ၏။

ဝမ်လင်းသည် ထိုတန်ပြန်ကန်အားထံမှ ရှေးဟောင်းစိတ်ဝိညာဉ်တစ်ခု၏ အော်ရာကို ခံစားမိ၏။

“ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ အတားအဆီးလဲ။ ဒါဟာ ပျက်သုဉ်းခြင်းအတားအဆီး၊ သေခြင်းရှင်ခြင်းအတားအဆီးနဲ့ အချိန်အတားအဆီးလည်း မဟုတ်နေဘူး။ ကြည့်ရတာ ဒါက အချိန်ကာလထဲမှာ ပျောက်ဆုံးသွားခဲ့တဲ့ဆိုတဲ့ လေးခုမြောက်မဟာအတားအဆီး၊ ရှေးဟောင်းစိတ်ဝိညာဉ်အတားအဆီးနဲ့ အတော်လေး တူနေတယ်…” ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ သည်နေရာသို့ စရောက်ချိန်ကတည်းက သူသည် ထိုအတားအဆီးနှင့် ပတ်သတ်၍ တစ်ခုခုထူးခြားမှုကို သတိပြုမိပေသည်။ ထို့ကြောင့် သူက စစ်ဆေးကြည့်ရန် ရောက်လာခဲ့ခြင်းပင်။ ခုချိန် အနီးကပ် သေချာကြည့်သည့်အခါ သူသည် အံ့အားသင့်သွားမိရ၏။

“စိတ်ဝင်စားစရာပဲ…” ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ သူသည် သိပ်မကြာခင်တွင် တမန်တော်က သည်နေရာသို့ အခြားလူများကို ခေါ်ဆောင်လာတော့မည်ကို သိ၏။ ထို့ကြောင့် သူ့အတွက် ဖြုန်းနေရန် အချိန်မရှိပေ။ သူက အထက်သို့ ပျံတက်သွား၏။ လေထဲသို့ ရောက်သည်နှင့် သူ့ညာမျက်လုံးထဲ၌ မိုးကြိုးသည် လင်းလက်သည်။ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ သူ့ညာမျက်လုံးထဲရှိ မိုးကြိုးသည် ချက်ခြင်း ပျံသန်းထွက်သွားသည်။

ဝမ်လင်း၏ရှေ့၌ ဧရာမမိုးကြိုးအမှတ်အသားတစ်ခု ပေါ်လာချေ၏။

ထိုမိုးကြိုးအမှတ်အသား ပေါ်လာသည်နှင့် ၎င်းက လောကရှိ အဆုံးမဲ့မိုးကြိုးတို့ကို စွဲဆောင်သည်။ ကောင်းကင်သည် မီးခိုးရောင်သန်းလာ၏။ ဂြိုဟ်တစ်ခုလုံးမှာ ထိုမိုးကြိုးတိမ်တိုက်များကြောင့် မှိန်ဖျော့သွားရသည်။

ဝမ်လင်းသည် မိုးကြိုးအမှတ်အသားကို တွန်းထုတ်ကာ ထိုဧရိယာထံသို့ ဥက္ကာပျံတစ်စင်းအလား ဝင်ရောက်သွားစေသည်။ မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်သွားချေသည်။

မိုးကြိုးအမှတ်အသားက ထိုဧရိယာပေါ်သို့ နီးကပ်လာသည်နှင့် ယင်းထံမှ အလင်းတစ်ချက် လင်းလက်သွားသည်။ မီးခိုးရောင်အလင်းသည် မြူစိုင်တစ်ခုအလား။ ပါးလှပ်သေလေထဲမှ ထွက်ပေါ်လာသည်။ ထိုအလင်းသည် လိပ်ခွံသဏ္ဌာန်ဖြစ်ပေါ်သည့်အထိ ဖွဲ့စည်းသိပ်သည်းသည်။

ထိုလိပ်ခွံ၏အနားစမှာ စောနက ဝမ်လင်း စမ်းသပ်ချိန်က ဖြစ်ပေါ်သည်ထက် အဆများစွာ ပိုသာလွန်ကြီးမား၏။

မိုးကြိုးသည် တုန်ဟည်းသည်။ ထို့နောက် ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်ကာ မိုးကြိုးအမှတ်အသားသည် အနားရောက်သွားသည်။ ထိုအခိုက်တွင် လိပ်ခွံသည် အလျင်အမြန် ချဲ့ကား ထွက်လာကာ သည်ဧရိယာတစ်ခုလုံးကို ဖုံးလွှမ်းလေ၏။

ဝမ်လင်း၏မျက်လုံး သူငယ်အိမ်မှာ ကြုံ့သွားမိကာ သူ လေအေးတစ်ချက် ရှိုက်သွင်းမိလိုက်၏။ သည်လိပ်ခံမှာ မည်သည့်အရာနည်း။ ၎င်းသည် ကီလိုမီတာငါးရာထိ ကြီးမားသောဧရာမလိပ်ခွံကြီး ဖြစ်သည်မှာ ထင်ရှားသည်။

ထိုလိပ်ခံအောက်တွင် ဧရာမဦးခေါင်းကြီးတစ်ခုမှာ ဒီဧရိယာ၏ အနောက်ဘက်ခြမ်းတွင် ရှိနေသည်။ ထိုနေရာတွင် သည်လိပ်က ပိုင်ဆိုင်သော ခြေထောက်လေးချောင်းသည် ဒီဧရိယာ၏အရှေ့ဘက်ထိ ဆန့်တန်းနေသော အမြှီးနှင့်အတူ တည်ရှိလေသည်။

အချိန်တိုအတွင်း ဧရာမလိပ်ကြီးတစ်ကောင် ပေါ်လာခဲ့ချေပြီ။

ရှေးဟောင်းအော်ရာတစ်ခုသည် သည်ဂြိုဟ်အနှံ့သို့ ပျံ့နှံ့သည်။ ဧရာမလိပ်ကြီးသည် မီးခိုးရောင်ရှိကာ ၎င်း၏မျက်လုံးသည် ကြည်လင်သည်။ ဝမ်လင်း နီးကပ်လာချိန်၌ ၎င်းသည် ဟိန်းသံ ပြုသည်။

ထိုဟိန်းသံမှာ ကောင်းကင်တုန်လှုပ်ဖွယ်ရာတည်း။ ၎င်းပတ်လည်ရှိ ဟင်းလင်းပြင်ပါ တွန့်ခေါက်သွားရ၏။ ကောင်းကင်သည် အရောင်များ ပြောင်းကုန်ကာ အသံလှိုင်းများ အတိုင်းမသိ ပဲ့တင်ထပ်သည်။

ထိုမြင်ကွင်းမှာ တုန်လှုပ်ဖွယ်ရာပင်။ ဧရာမလိပ်ကြီးသည် ကောင်းကင်ထံသို့ ဟိန်းသံပေးနေခြင်း မဟုတ်လား။ အလွန်တရာ ကြမ်းတမ်းလှ၏။ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးမှာ မီးခိုးရောင်ပေးစွမ်းလျက် ၎င်း၏ခြေထောက်လေးခုသည် ဆက်ခနဲ ထွက်လာ၏။ ၎င်း၏ခြေထောက်ပေါ်ရှိ ထက်ရှသောလက်သည်းခွံများသည် ကောင်းကင်ကိုပါ ဖွင့်စဆုတ်ဖြဲပစ်နိုင်လောက်သည်။

၎င်း၏အမြှီးပေါ်တွင်လည်း အဖုများ ထွက်လာ၏။ အစိမ်းရောင်ဆူးချွန်များ ထိုးထွက်လာသည်။ ယင်းဆူးများတွင် အလွန်တရာပြင်းထန်သောအဆိပ်ရှိသည်မှာ ထင်ရှား၏။

ထို့နောက် ၎င်း၏ဦးခေါင်းထက်တွင် ဦးချိုတစ်ချောင်း ပေါ်လာပြန်သည်။ ထိုလိပ်ကြီးထံမှ ရေဓာတ်အော်ရာတစ်ခု ပျံ့နှံ့၏။ ထိုအဖြစ်က ဝမ်လင်းသည် သူဟာ ပင်လယ်တစ်ခုကို ကြည့်နေရသည့်အလား ပုံရိပ်တစ်ခုကို ဖြစ်စေသည်။

ထိုနေရာမှာ ကျယ်ပြောသောပင်လယ်တစ်ခုအဖြစ် ပြောင်းလဲသွားသည့်အလား။

ဝမ်လင်းသည် လက်ဝေ့ယမ်းလိုက်၏။ မိုးကြိုးအမှတ်အသားသည် သူ့ညာမျက်လုံးထဲတွင် ပေါ်လာသည်။ သူသည် ထိုဧရိယာကို တိုက်ခိုက်ဖို့ မရည်ရွယ်ပေ။ သူက မိုးကြိုးအမှတ်အသားကို အသုံးချကာ သည်ဧရိယာပတ်လည်ရှိ အတားအဆီးများ လုံးဝ အသက်ဝင်လာစေရန်သာ လုပ်ဆောင်လိုက်ခြင်း ဖြစ်၏။

ခုချိန်တွင် သူ့ရည်ရွယ်ချက် ပြည့်စုံသွားပြီ ဖြစ်၏။ ဝမ်လင်းက နောက်သို့ အလျင်အမြန် ဆုတ်၏။ သူ့မျက်လုံးထဲတွင်မူ ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်နေသည်။

“ဒါက တကယ့်ကို ရှေးဟောင်းစိတ်ဝိညာဉ်အတားအဆီး ဖြစ်နေတာပဲ…”

ဝမ်လင်း နောက်ဆုတ်နေရင်း လိပ်ကြီးမှာ ၎င်း၏ဦးခေါင်းကို နိမ့်ချ၏။ ၎င်း၏ခန္ဓာကိုယ်မှာ ဖြည်းဖြည်းချင်း လွင့်ပါးလာသည်။ခဏအကြာတွင် အရာအားလုံးသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားချေ၏။

မဟာအတားအဆီးလေးခုကြား၌ ဒီရှေးဟောင်းစိတ်ဝိညာဉ်အတားအဆီးသည် အထူးဆန်းဆုံးဖြစ်ကာ နှစ်ပေါင်းများစွာ ကွယ်ပျောက်နေခဲ့တာဆိုလည်း ဟုတ်သည်။ သို့ပေမည် ကြွင်းကျန်ခဲ့သောသဲလွန်စများအရ ထိုရှေးဟောင်းစိတ်ဝိညာဉ်အတားအဆီးသည် သားရဲများနှင့် ပတ်သတ်သည်ကို ပြသခဲ့သည်။ ၎င်းအတားအဆီးပညာရပ်သည် အထူးနည်းလမ်းများ အသုံးပြုကာ သားရဲများ၏စိတ်ဝိညာဉ်ကို အတားအဆီးကိုယ်ထည်အဖြစ် အကျိုးရှိရှိအသုံးချခြင်းပင်။ ၎င်းသည် အလွန်အမင်း အစွမ်းထက်ပေ၏။

***

All Chapters