အခန်း ၇၃၂
Vol. 55 Ch. 732
အပိုင်း ၇၃၂ - ကြယ်စမ်းချောင်း အသက်များကို ဝါးမျိုခြင်း
"ပြည်သူတွေအပေါ် စိုးရိမ်ပူပန်တတ်ပြီး စိတ်ကောင်းနှလုံးကောင်းရှိတဲ့ လူငယ်လေးပဲ။ ဒါကြောင့် မင်းသမီးက လက်တွဲဖော်အဖြစ် ရွေးချယ်ထားတာ ဖြစ်ရမယ်"
တော်ဝင်သားတော်က ဤသို့ချီးကျူးလိုက်သော်လည်း အပြောသက်သက်သာ ဖြစ်ပုံရသည်။ ထို့နောက် သူက ချောက်နက်ကဲ့သို့ နက်ရှိုင်းသော အကြည့်မျိုးဖြင့် ရှေ့သို့ ကြည့်လိုက်ရာ ရွှေရောင်အလင်းများ မထင်မရှား တောက်ပနေပြီး ဝိညာဥ်ငိုသံများ ခပ်ယဲ့ယဲ့ ကြားလိုက်ရ၏။
"ထိုက်မင်းဆက် ပျက်စီးသွားတာနဲ့ သက်ရှိတွေကို ဒုက္ခပေးနိုင်ပြီလို့ ထင်နေတဲ့ ငမိုက်သားပါလား။ ကောင်းကင်က စီရင်ချက် ရောက်လာရင် ဘယ်လိုအပြစ်မျိုးမဆို မလွတ်မြောက်နိုင်ဘူးဆိုတာ မသိရှာဘူး"
သူက အေးစက်စက် လှောင်ရယ်၍ တိမ်တိုက်များကို ထိုးဖောက်ပြီး အဖြူရောင်အလင်းတန်းအဖြစ် ပြေးထွက်သွားခဲ့သည်။
"ငါတို့ လိုက်သွားကြမလား"
ရှန်ရီက ပင်ကိုအသိစိတ်ကြောင့် ယွမ်ရှောင်ထံ မေးလိုက်ခြင်းဖြစ်ပြီး အမိန့်ပေးတတ်သော အကျင့် ငြိမ်သက်နေပုံပေါ်သည်။
"အဝေးက ကြည့်ပြီး အချိန်မရွေး ထွက်ပြေးနိုင်ဖို့ ပြင်ဆင်ထားလိုက်"
ယွမ်ရှောင်၏ စကားက နားမလည်နိုင်စရာ ဖြစ်သည်။ သူမ၏ အမြင်အရ တော်ဝင်သားတော်နှင့် လုဖန်၏ တိုက်ပွဲရလဒ်က မည်သို့ပင်ဖြစ်ပါစေ၊ လုဖန်ကိုတော့ သေချာပေါက် သတ်ရပေလိမ့်မည်။ သို့သော်လည်း ယွမ်ရှောင်၏ ဆုံးဖြတ်ချက်အတိုင်း အမှောင်ထုအတွင်း ပုန်းကွယ်ကာ တော်ဝင်သားတော်ကို တစ်ကိုယ်တော် တိုက်ခိုက်ခိုင်းခဲ့သည်။
အသက်စွမ်းအင် ကြယ်စမ်းချောင်းက မှေးမှိန်နေသော အစီအရင်များအထက်တွင် ပြောင်းပြန်လန်နေသော ပင်လယ်တစ်ခုပမာ တည်ရှိ၏။ ထိုနေရာတွင် ရေများက တပွက်ပွက်ဆူ၍ ကြယ်ရောင် တောက်ပကာ ခမ်းနားထည်ဝါနေသည်။ ပတ်ပတ်လည်တွင် မရေမတွက်နိုင်သော ရေစီးကြောင်းများက သွေးကြောပမာ ဖြာထွက်၍ သေမျိုးကမ္ဘာများနှင့် ဆက်သွယ်ထားကာ ထူးခြားသော စွမ်းအင်များကို သက်ရှိအားလုံး ကြီးထွားလာစေရန် အာဟာရအဖြစ် ပို့ဆောင်ပေးလျက် ရှိ၏။ ၎င်းသည် သာမန်သေမျိုးများ၏ အဆုံးမရှိသော အသက်ချီ အရင်းအမြစ်ဖြစ်ကာ ဘယ်သောအခါမှ မခမ်းခြောက်ဘဲ ထိုက်မင်းဆက် စီမံခန့်ခွဲရသော အလေးအမြတ် နေရာတစ်ခု ဖြစ်သော်လည်း ဤနေရာသို့ ကိုယ်တိုင် မလာဖူးကြပေ။
လက်ရှိတွင် လုဖန်က ကြယ်စမ်းချောင်းသို့ ရောက်နေသည့်အပြင် အဖိုးတန်ဝတ်ရုံကိုယ်စီ ဆင်မြန်းထားသော မိန်းမတစ်သိုက်လည်း ပါဝင်သည်။ သူတို့က ရူးသွပ်စွာ ကိုးကွယ်ဆည်းကပ်နေကြပြီး တခစ်ခစ်ရယ်မောရင်း မျက်လုံးတွင် လုဖန်မှလွဲ၍ မြင်ပုံမရချေ။ ဆံပင်ဖရိုဖရဲနှင့် ရွှေရောင်ဝတ်ရုံကို မသပ်မရပ် ခြုံထားသော လုဖန်သည် မျက်လုံးမှိတ်၍ လေထဲတွင် ထိုင်နေပြီး အိပ်ပျော်နေသကဲ့သို့ မလှုပ်မယှက် ဖြစ်နေသည်။ ဦးခေါင်းအထက်တွင်မူ ကြီးမားလှသော ဝိညာဥ်ကြာပန်းသည် ကြယ်စမ်းချောင်းတွင် အမြစ်တွယ်၍ များပြားလှသော အသက်ချီကို ညစ်ညမ်းစေ၏။ ကြမ်းတမ်းပြင်းထန်သော ဝိညာဥ်စွမ်းအားက ကြယ်စမ်းချောင်းမှတဆင့် သေမျိုးကမ္ဘာများထံ ပျံ့နှံ့သွားကာ ကြာပန်း၏ ဗဟိုချက်တွင် လက်မောင်းတစ်ဖက်စာမျှ တုတ်ခိုင်သော အဖြူရောင် ပိုးကောင်တစ်ကောင် စက်ဝိုင်းသဏ္ဍာန် ရစ်ခွေနေသည်။ ထို့ကြောင့် သက်ရှိအားလုံး၏ မိခင် ကူကောင်သည် မူလဝိညာဥ် ကြာပန်းနှင့် ပေါင်းစပ်ကာ လုဖန်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာပုံပေါ်သည်။
၎င်းမှ တစ်ဆင့် လုဖန်သည် ကြယ်စမ်းချောင်းကို အသုံးချကာ မရေမတွက်နိုင်သော သေမျိုးများ၏ ဝိညာဥ်ကို ဆွဲခေါ်လျက်ရှိသည်။ ဖရိုဖရဲ မူလဝိညာဥ်၏ အစွမ်းကြောင့် ကြောက်မက်ဖွယ် ကပ်ဆိုးတစ်ခု အကောင်အထည်ပေါ်လာပြီး အကွာအဝေး ကန့်သတ်ချက်ကို လျစ်လျူရှု၍ ဝိညာဥ်များကို ဝါးမျိုနိုင်သောကြောင့် အလောင်းနတ်ဆိုးများထက်ပင် ပို၍ မကောင်းဆိုးဝါးဆန်နေ၏။ ထို့အပြင် ပူဇော်သက္ကာရအတွက် ဖန်တီးထားသော လိမ်ဆင်များကြောင့် ထိန်းချုပ်ခံလိုက်ရသော သေမျိုးများသည်လည်း ဝိညာဥ်ကို လိုလိုလားလား ယဇ်ပူဇော်နေကြသည်။ တစ်သက်လုံး သေမျိုးများ၏ အသက်ကို ဝါးမျိုကာ ရှင်သန်လာသော အဖြူရောင်ဧကရာဇ် ထိုက်ဝေထက်ပင် ဖရိုဖရဲ မူလဝိညာဥ်၏ အကြံက အလွန်တရာ ဆိုးယုတ်ပြီး နားလည်နိုင်စွမ်း မရှိလောက်အောင် အကျိုးဆက် ပြင်းထန်ပေလိမ့်မည်။
"ကြယ်စမ်းချောင်းကနေတစ်ဆင့် ချိတ်ဆက်ပြီး ဝိညာဥ်စွမ်းအားက သေမျိုးကမ္ဘာတစ်ခုထဲကို ရောက်နေပြီ။ ဝိညာဥ်တွေ စပြီး ရောက်လာကြတော့မယ်"
မိဖုရားကျောက်က လုဖန်ကို လက်အုပ်ချီ၍ ခစားနေရင်း အရူးပမာ ဝမ်းမြောက်ဝမ်းသာဖြင့် မျက်လုံးများ တောက်ပနေသည်။ ကျန်မိန်းမများသည်လည်း ထူးမခြားနားဖြစ်ကာ လုဖန်၏ အကြံ အောင်မြင်သည့်အတွက် ဝမ်းသာလုံးဆို့နေကြ၏။
"သေမျိုးတွေရဲ့ ဘဝက ခက်ခဲကြမ်းတမ်းတယ်။ အင်ပါယာလုအတွက် ဝိညာဥ် အားဖြည့်ဆေး ဖြစ်လာတာ ပိုကောင်းတယ်"
"ဝိညာဥ် ဝါးမျိုခံရတာ သူတို့အတွက် မဟာကံကောင်းမှုကြီးပဲ"
"သူတို့ သေရင်တောင် ဒီအလုပ်က ကမ္ဘာအဆက်ဆက် တည်တံ့နေမှာဖြစ်ပြီး အင်ပါယာလုက ပြိုင်ဘက်ကင်း ဖြစ်လာတော့မယ်"
"ငါတို့ရဲ့ ယောကျ်ားက သေမျိုးတွေအတွက် ကောင်းချီးတစ်ပါးပဲ။ အချိန်ကျရင် ဘယ်လိုပါရမီရှင်ဖြစ်ဖြစ် သူ့ကို ယှဥ်နိုင်မှာ မဟုတ်ဘူး"
သူတို့က စိတ်အားထက်သန်စွာ ပြောဆိုနေကြပြီး လုဖန်အတွက် ကိုယ်ပိုင်ဝိညာဥ်များ စတေးရမည်ဆိုလျှင်တောင် တွေဝေနေမည် မဟုတ်ချေ။ ဝမ်းသာလွန်းသဖြင့် မျက်ရည်များပင် စို့နေကြပြီး လုဖန်အပေါ် စွဲလန်းတပ်မက်စွာ ငေးမောလျက် ရှိသည်။
"စပြီ"
"ခမ်းနားလိုက်တာ"
"အင်ပါယာလုက ဒီနေ့ကို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရတယ်။ နောက်ဆုံးတော့ ကောင်းကင်ကိုတောင် အံတုနိုင်တော့မယ်"
ကြယ်စမ်းချောင်းက ဆတ်ခနဲ တုန်ခါသွားကာ ဝိညာဥ်များအတွက် လမ်းကြောင်းပွင့်လာသောအခါ ချီးကျူးသံများအကြားတွင် လုဖန်သည် ကောက်ကျစ်စွာ ပြုံးနေခဲ့သည်။ သူ့အတွက် သက်ရှိများက အရေးမပါသော ဇာတ်ကောင်များသာ ဖြစ်၍ ကိုယ်ကျိုးအတွက် စတေးထိုက်သည်ဟု သတ်မှတ်ထားသည် မဟုတ်ပါလော။
သေမျိုးကမ္ဘာမှ ဝိညာဥ်များ၏ အမြင်တွင် သူက ကောင်းကင်ယံတွင် ထွန်းလင်းနေသော ကယ်တင်ရှင်ပမာ အထင်မှားသွားကြသည်။ ဂူကောင်၏ စေ့ဆော်ဖြားယောင်းမှုကြောင့် မရေမတွက်နိုင်သော ဝိညာဥ်များသည် မီးထဲ တိုးဝင်သော ပိုးဖလံများပမာ ပြေးဝင်လာခဲ့ကြ၏။ ရှေ့တွင် သေလမ်းသာ ရှိသော်လည်း ခံစားချက်များ အလွန်အကျွံ ဖြစ်နေပြီး တွန့်ဆုတ်မနေကြပေ။ လုဖန်၏ ကောက်ကျစ်သော ရယ်သံက ပို၍ ကျယ်လောင်လာပြီး သေမျိုးကမ္ဘာများထံ လမ်းကြောင်း တစ်ခုပြီးတစ်ခု ဆက်သွယ်လျက်ရှိသည်။
"လာကြစမ်း။ မင်းတို့ရဲ့ ဘုရားကို ဖူးမြော်ကြ။ အရေအတွက် လုံလုံလောက်လောက် ဝါးမျိုပြီး ဝိညာဥ်နန်းတော်တစ်ခု တည်ဆောက်ရမယ်"
ထိုအခိုက်အတန့်တွင် ဖရိုဖရဲ မူလဝိညာဥ်၏ ပျော်ရွှင်မှုက အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့ရသော အကျိုးကျေးဇူးအပေါ် ကျေနပ်နေ၏။
"ဟား...ဟား"
သူက ဝိညာဥ်များ၏ အနံ့ကို လောဘတကြီးဖြင့် အငမ်းမရ ရှူရှိုက်ရင်း အောက်တန်းကျစွာ ရယ်မောနေသည်။ အထပ်အခါခါ ပြန်လည်မွေးဖွားရသော နာကျင်မှုကို သူ နောက်တစ်ခါ မခံစားလိုတော့ပေ။ သို့သော် အဖြူရောင်ဝတ် လူငယ်တစ်ယောက်က မလှမ်းမကမ်းတွင် ထွက်ပေါ်လာပြီး ကြယ်စမ်းချောင်း၌ ဖြစ်ပျက်နေသမျှ အရာအားလုံးကို ခဏအတွင်း စစ်ဆေးလိုက်ပြီးနောက် ဒေါသတကြီး ဖြစ်သွားသည်။
"တာအိုကို စော်ကားချင်တဲ့ အပြစ်သား။ ပြန်လည်မွေးဖွားလာရင်တောင် အကြိမ်တစ်ထောင်လောက် သေသင့်တယ်"
သူက မြန်ဆန်ပြီး လျှပ်ပြက်သကဲ့သို့ လှုပ်ရှားကာ အလင်းစက်ကွင်းအတွင်းမှ အဖြူရောင်အလင်းတန်းတစ်ခုကို မူလဝိညာဥ် ကြာပန်း၏ ဗဟိုချက်သို့ ပစ်ခတ်လိုက်လေသည်။