← Chapters

အခန်း ၇၃၃

Vol. 55 Ch. 733

အခန်း ၇၃၃

Vol. 55 Ch. 733

အပိုင်း ၇၃၃ - လုဖန်၏ လက်ချက်

ရုတ်တရက် ထွက်ပေါ်လာသော အလင်းတန်းသည် တိကျစွာ ထိမှန်သွားပြီး မူလဝိညာဥ် ကြာပန်းကို ဖောက်ခွဲကာ ကူပိုးကောင်အား ခဏအတွင်း ပြာကျသွားစေသည်။ လည်ချောင်းအတွင်းမှ ထွက်ပေါ်လာသော အော်သံနက်ကြီးက တိတ်ဆိတ်မှုကို ဖြိုခွဲကာ နာကျင်မှုကြောင့် လုဖန်၏ မျက်နှာ ရှုံ့မဲ့နေ၏။ ခေါင်းကို လက်နှစ်ဖက်ဖြင့် တင်းတင်း ဆုပ်ကိုင်ရင်း သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် တော်ဝင်သားတော်ကို စိုက်ကြည့်ခဲ့သည်။

"ဝုန်း"

ကြာပန်းက တုန်ခါသွားသကဲ့သို့ ကြယ်စမ်းချောင်းမှတဆင့် ချိတ်ဆက်ထားသည့် လမ်းကြောင်းများ ဖရိုဖရဲ ဖြစ်ကာ ဂူကောင် သေသွားသည်နှင့် တပြိုင်နက် ပြတ်တောက်ကုန်သည်။ သေမျိုးကမ္ဘာများတွင် သက်ရှိများ၏ ကိုယ်တွင်းသို့ ဝိညာဥ် အသီးသီး အကြမ်းပတမ်း ပြန်လည် ဆွဲသွင်းခံလိုက်ရပြီး ခေါင်းကိုက်နေကြ၏။ အဝေးတွင် ယွမ်ရှောင်နှင့် ရှန်ရီက တိုက်ပွဲအခြေအနေကို အကဲခတ်လျက် ရှိသည်။

"ဒီကောင်က မဆိုးဘူး။ အဓိကအချက်ကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်တာပဲ"

ပူဇော်သက္ကာရအဖြစ် အသက်ဓာတ်များကို ထိုက်မင်းဆက်က လက်ခံရန်နှင့် ဝိညာဥ်များကို လုဖန်က ဝါးမျိုရန် သော့ချက်မှာ ကူကောင်ဖြစ်ပြီး အလွန်အမင်း အရေးပါ၏။ ၎င်းသည် ပျက်စီးလွယ်သည့်အပြင် အပိုလည်း မရှိသောကြောင့် ဝိညာဥ်များကို ဝါးမျိုမည့် လုဖန်၏ ရက်စက်ယုတ်မာသော အကြံအစည် အလုံးစုံ ပျက်စီးသွားပေလိမ့်မည်။

"ဒီလိုကူကောင် ဘယ်နှကောင် ရှိလဲ"

ထို့ကြောင့် ယွမ်ရှောင်က ဤအချက်ကို စုံစမ်းလိုက်သည်။

"ထိုက်ယုရဲ့ နှလုံးသားထဲမှာ မွေးထားတဲ့ တစ်ကောင်တည်း ရှိတယ်။ ဒါ သေပြီဆိုတော့ ကပ်ဆိုးလည်း အဆုံးသတ်သွားလောက်ပြီ"

ရှန်ရီက လေးနက်စွာ ပြောလိုက်ပြီး မိခင်ကူကောင်နှင့် ဆက်သွယ်ထားသမျှ သေမျိုးကမ္ဘာ၏ ကူကောင်အားလုံးလည်း သေဆုံးမည် ဖြစ်ရာ လုဖန်အတွက် ထိချက်ပြင်းပေသည်။

"မိခင်ကူကောင် အသတ်ခံလိုက်ရပြီ"

အမျိုးသမီးအင်မော်တယ်များက ထိတ်လန့်တုန်လှုပ်နေကာ မျက်နှာများ တွန့်လိမ်၍ အကျည်းတန်စွာ အော်ဟစ်နေကြ၏။ သူတို့၏ စိတ်ကူးယဥ် အိပ်မက်များကို တော်ဝင်သားတော်က တစ်ချက်တည်းနှင့် ဖျက်ဆီးပစ်လိုက်သဖြင့် မျက်လုံးတိုင်းတွင် အမုန်းတရားတို့ ပြည့်နှက်ကုန်သည်။ ထိုအခိုက်တွင် လုဖန်က တစ်ဖက်လူနှင့် မျက်နှာချင်းဆိုင်ပြီး ယေဘူယျသဘောအရဆိုလျှင် ဘိုးဘေးနယ်မြေမှ ဆင်းသက်လာသူသည် ကြယ်စမ်းချောင်းတည်နေရာကို လွယ်လွယ်ကူကူ ရောက်မလာသင့်ပေ။ ယွမ်ရှောင်၏ မတွေးရတနာ မူလဝိညာဥ်သည် ဖရိုဖရဲ မူလဝိညာဥ်အပေါ် ဤမျှလောက် ခြေရာခံနိုင်မည်ဟုလည်း သူ ထင်မထားချေ။ ကံဆိုးသည်မှာ စောစောရောက်လာမည့်အစား သက်ရှိအားလုံး၏ မိခင်ကူကောင် အားအနည်းဆုံးအချိန်တွင် တော်ဝင်သားတော်က ကွက်တိရောက်လာသည် မဟုတ်ပါလော။

"မင်း အခု သေချင်ရင်တောင် သေလို့မရတဲ့ နာကျင်မှုကို ခံစားရမယ်"

လုဖန်က ဒေါသတကြီး အော်ဟစ်၍ ခြိမ်းခြောက်လိုက်သော်လည်း တော်ဝင်သားတော်သည် အေးစက်စက် လှောင်ရယ်နေခဲ့သည်။

"အမှိုက်လိုကောင်က ငါ့ဘိုးဘေးတွေ ရှေ့မှောက်မှာ အာချောင်ချင်နေသေးတယ်။ သေစရာရှိတာ မြန်မြန် သေစမ်း"

သူက ပြောပြောဆိုဆိုနှင့် အဖြူရောင် ကျောက်စိမ်းပြားတစ်ချပ်ကို ချက်ချင်း ပစ်ထုတ်လိုက်သောအခါ လေထဲသို့ ရောက်သည်နှင့် လုဖန်၏ ခေါင်းအထက်တည့်တည့်တွင် တံခါးကြီးအဖြစ် ပြောင်းလဲသွားသည်။

"အရှင်"

မိန်းမများက ရှေ့သို့ ပြေးထွက်လာကြသော်လည်း တံခါးအနီးသို့ မကပ်နိုင်ခင်မှာပင် လွင့်ထွက်ကုန်ကြ၏။

"တန်ဖိုးမရှိတဲ့ အောက်တန်းစားက ဧကရာဇ် ဖြစ်ချင်နေတာလား"

တော်ဝင်သားတော်က ရွံရှာစက်ဆုပ်ဟန်ဖြင့် မှတ်ချက်ပေး၍ လက်ကို ဖိချလိုက်ရာ ကျောက်စိမ်းတံခါးကြီးသည်လည်း တောင်ကြီး ပြိုကျလာသကဲ့သို့ နိမ့်ဆင်းလာသည်။ လုဖန်က ၎င်းကို ခုခံရန် လက်မြှောက်လိုက်သော်လည်း ဖိအားကြောင့် မျက်နှာပျက်သွားသကဲ့သို့ လက်နှစ်ဖက်က အရိုးတိုင်အောင် အပိုင်းပိုင်း အစစ ပေါက်ကွဲ၍ သွေးများပန်းထွက်နေခဲ့၏။

"မင်း"

သူက ထိုစကားလုံးကိုသာ ပြောနိုင်ပြီး တံခါးအောက်တွင် အမှုန့်ကြိတ်ခံလိုက်ရတော့သည်။ ထို့နောက် သွေးများက မိဖုရားကျောက်နှင့် အခြားမိန်းမများထံ ဖြန်းပက်သွားရာ အနီရောင် မျက်နှာချေ လိမ်းကျံလိုက်သည်နှင့် မခြားပေ။

"အား"

သူတို့က သွေးပျက်စွာ အော်ဟစ်နေကြပြီး ရင်ကွဲနာကျ၍ ပရမ်းပတာ ဖြစ်လာသည်။ လှည့်စားမှုကြောင့် လုဖန်ကို ပြိုင်ဘက်ကင်းအဖြစ် ကိုးကွယ်ဆည်းကပ်နေကြပြီး တော်ဝင်သားတော်နှင့် တိုက်ခိုက်ရာတွင် ချက်ချင်း ရှုံးနိမ့်သွားသောအခါ နှလုံးသားမှာ အကြိမ်ကြိမ်အခါခါ စုတ်ဖြဲခံလိုက်ရသကဲ့သို့ ခံစားမိသည်။

"ခွေးမတစ်သိုက်ကတော့ တာအိုကပ်ဘေး ကျလာရင်တောင် သိမှာ မဟုတ်ဘူး"

တော်ဝင်သားတော်က ပခုံးတစ်ချက်တွန့်၍ ကျောက်စိမ်းပြားကို ရုတ်သိမ်းရန် လက်လှမ်းလိုက်သည်နှင့် တပြိုင်နက် အသက်ရှူကြပ်မတတ် ဖိနှိပ်ခံလိုက်ရသောကြောင့် တစ်ကိုယ်လုံး ချွေးပြန်သွား၏။ အထက်သို့ မော့ကြည့်လိုက်သောအခါ ဧရာမအနက်ရောင် ကြာပန်းကြီးသည် ခေါင်းပေါ်သို့ ကျဆင်းလာကာ တစ်စက္ကန့်မျှ အချိန်မဆိုင်းဘဲ တော်ဝင်သားတော်ကို ဝါးမျိုသွားတော့သည်။

"ဟင်"

သူက အာမေဍိတ်သံဖြင့် ရေရွတ်လိုက်မိပြီး အစပိုင်းတွင် ကသိကအောက် ဖြစ်ရုံသာ ရှိသော်လည်း အချိန်ကြာသောအခါ လုဖန်ကဲ့သို့ မျက်နှာထားမျိုး ပြောင်းလဲလာသည်။

"အား"

အပြင်ပန်းတွင် ဒဏ်ရာအနာတရ မရှိသော်လည်း မျက်လုံးများက ချာလပတ် လည်၍ တစ်ကိုယ်လုံး တုန်ယင်ကာ ရွှေရောင်နှင့် အနက်ရောင် အလင်းတန်းများအောက် မချိမဆန့် ခံစားနေရသည်။

"ဒီခန္ဓာကိုယ်ကို ဖန်တီးဖို့ နှစ်ပေါင်းနှစ်ဆယ်လောက် အချိန်ယူခဲ့ရတယ်။ မင်းလည်း မလွတ်စေရဘူး"

ဖရိုဖရဲ မူလဝိညာဥ် တစ်ဖြစ်လည်း ကြာပန်းနက်က ဒေါသဖြင့် ပြောလာပြီး တော်ဝင်သားတော်ကို ရေထဲနှစ်သတ်နေသည့်ပမာ ဖိနှိပ်ထားသောကြောင့် ဖြူဖပ်ဖြူရော် ဖြစ်နေ၏။

"ထွက်သွားစမ်း"

သေရေးရှင်ရေးနှင့် ကြုံရသောအခါ တော်ဝင်သားတော်၏ ခေါင်းအနောက်ရှိ အလင်းစက်ကွင်းက ပိုမို တောက်ပလာကာ ကျောက်စိမ်းပြားသည်လည်း တံခါးကြီးအဖြစ် ကာကွယ်ပေးလာခဲ့သည်။ သူက တံခါးကို အကာအကွယ်ယူ၍ အစွမ်းကုန် ထိုးဖောက်ပစ်လိုက်ပြီး လွတ်မြောက်သည်နှင့် တပြိုင်နက် တဟုန်ထိုး ထွက်ပြေးသွားတော့၏။

"​မင်း သေချာပေါက် သေရမယ်"

ဤသို့ခြိမ်းခြောက်နေသော်လည်း တော်ဝင်သားတော်သည် အသက်လု ထွက်ပြေးနေသည့်အလား တစ်ချက်ပင် လှည့်မကြည့်နိုင်ဘဲ သေမျိုးကမ္ဘာများ၊ တရားမျှတမှုနှင့် အပြစ်သား စသည့် အရာများကိုလည်း ဂရုမစိုက်တော့ချေ။

"အရှင်"

"ဘာဖြစ်သွားတာလဲ"

အင်မော်တယ်အမျိုးသမီးများက ဝမ်းနည်းပူဆွေးသော မျက်နှာထားကိုယ်စီဖြင့် ငိုယိုရင်း ကြာနက်အနီးသို့ တိုးလာကြသည်။

"တိတ်စမ်း"

၎င်းက အစီအစဥ် ပျက်စီးသွားသောကြောင့် ဒေါသထွက်နေသည်မှာ ထင်ရှားသည်။ သို့သော်လည်း အချိန်မီ ထွက်ပြေးနိုင်ရန် တော်ဝင်သားတော်ကို လိုက်မဖမ်းတော့ဘဲ အသက်စမ်းချောင်းမှ ထွက်ခွာလာရန် အခွင့်အရေးယူလိုက်၏။

တစ်ဖက်တွင် ကျောက်စိမ်းတံခါးကြီးကို တွန်း၍ အဆက်မပြတ် ထွက်ပြေးနေသော တော်ဝင်သားတော်က နောက်ဆုံးတွင် ရပ်တန့်သွားသည်။ သူ၏ မျက်နှာက စက္ကူဖြူတစ်ရွက်ပမာ သွေးဆုတ်နေပြီး အငမ်းမရ အသက်ရှူရင်း အမောဖြေနေရ၏။

"လာကြစမ်း"

သူက အားနည်းပြီး တုန်ယင်နေသော အသံဖြင့် အမိန့်ပေးလိုက်ရာ ယွမ်ရှောင်တို့ ထွက်ပေါ်လာကြသည်။

"အရှင် ဘယ်လိုနေသေးလဲ"

ယွမ်ရှောင်က သူ့ကို တွဲထူပေးလိုက်သကဲ့သို့ ရှန်ရီသည်လည်း စိုးရိမ်တကြီး မေးသည်။

"ငါ့ဝိညာဥ် ဒဏ်ရာ ရသွားတယ်။ မေ့တတ်လာတယ်..."

တော်ဝင်သားတော်က စကားစလိုက်သော်လည်း မလှုပ်မယှက် တောင့်တင်း၍ လက်ရှိအခြေအနေကို မေ့သွားပုံရ၏။ ထို့နောက် သူက ပြင်းထန်စွာ အသက်ရှူပြီး အတွေးများ စုစည်းနိုင်ရန် အသည်းအသန် ကြိုးစားပြီး အမိန့်ပေးလိုက်ရသည်။

"ငါ့ဝိညာဥ်က ဆက်တိုက် ပြုစားခံနေရတယ်။ ငါ့ကို ဒီနေရာက မြန်မြန် ခေါ်သွားစမ်းပါ။ ကုသဖို့ ဆေးတွေ လိုအပ်တယ်"

ဤစကားများ ပြောနိုင်ရန်အတွက်ပင် သူက အားကုန်ထုတ်နေရ၏။

"သူ့မှာ ဝိညာဥ် ရှိနေသေးတယ်။ ငါ ပြန်ကောင်းလာရင် ဒီကောင့်ဘဝကို ငရဲကျသလို ဖြစ်အောင် လုပ်ပစ်မယ်"

သူက ကြုံးဝါးနေရင်း မျက်လုံးများ အထက်သို့ လန်တက်၍ တောင့်တင်းသွားပြန်၏။ သတိပြန်ဝင်လာသောအခါ ထပ်မံ၍ မတုံ့ဆိုင်းရဲသောကြောင့် အလောတကြီး အမိန့်ပေးပြန်သည်။

"ငါ့ကို ​မြန်မြန်ခေါ်သွားစမ်း"

"အမိန့်တော်အတိုင်းပါ အရှင်"

ယွမ်ရှောင်၏ ပါးစပ်က ရိုရိုသေသေ ပြောလိုက်သော်လည်း လက်ထဲရှိ ဓားသည် လက်ခနဲ လှုပ်ရှားကာ တော်ဝင်သားတော်၏ ခေါင်းကို တိတိကျကျ ပြတ်ပြတ်သားသား ဖြတ်ချပစ်လိုက်တော့သည်။

"မင်း ဘာလုပ်လိုက်တာလဲ"

ခေါင်းပြတ်က ချက်ချင်း သေဆုံးမသွားဘဲ ဝေခွဲမရနိုင်ဘဲ မေးခွန်းထုတ်နေမိသည်။ သို့သော် အဖြေပြန်ပေးလာသည်မှာ နောက်ထပ် ဓားနှစ်ချက်ဖြစ်ပြီး ခေါင်းပြတ်သည် လေးစိတ် ပြတ်တောက်သွားကာ ဖရိုဖရဲ မူလဝိညာဥ် ကြာနက်ကြောင့် အပြင်းအထန် ဒဏ်ရာရနေသော ဝိညာဥ် ထွက်ပေါ်လာခဲ့သည်။ ဤတိုက်ပွဲတွင် အမြတ်အထွက်ဆုံးက ယွမ်ရှောင် ဖြစ်ပြီး အတွေးရတနာ မူလဝိညာဥ်ဖြင့် တစ်ဖက်လူ၏ မူလဝိညာဥ်ကို ညှစ်ခွဲလိုက်လေ၏။

"နှုတ်ဆက်ပါတယ်"

၎င်းက ဖောင်းခနဲ ပေါက်ကွဲ၍ လေထဲတွင် ဗလာသက်သက် ဖြစ်သွားကာ ဓားဝိညာဥ်ရော အသက်တံဆိပ်ပါ မရှိချေ။ ယွမ်ရှောင်က သေချာစွာ စစ်ဆေးလိုက်သော်လည်း သိုလှောင်အိတ်တစ်လုံးမှအပ မတွေ့ရသောကြောင့် စစ်မင်းသမီးကို တော်ဝင်သားတော်၏ သွေးများ စုပ်ယူခွင့် ပေးခဲ့သည်။

"ဟဲ့ ဘာလုပ်လိုက်တာလဲ"

ရှန်ရီက တော်ဝင်သားတော် အမိန့်ပေးသည့်အတိုင်း ကုသပေးရန် စဥ်းစားနေစဥ် ရုတ်တရက်ဆန်လွန်းသော အဖြစ်အပျက်ကြောင့် လန့်သွား၏။

"ငါက ဒီကောင့်ကို ဘာလို့ သတ်လိုက်လဲဆိုတာ သိချင်လို့လား။ ရှင်းတယ်လေ။ ရည်စားလူလု၊ အုနူကျွဲခတ်တဲ့။ ငါ့မိန်းကလေးအပေါ်မှာ မကောင်းကြံနေရင်တော့ သေလမ်းပဲ။ တကယ်လို့ လက်စားချေနိုင်နေတာကို လွှတ်ပေးလိုက်ရင် ငါက ဘယ်လိုလုပ် ယောကျ်ားတစ်ယောက် ဖြစ်တော့မှာလဲ"

ယွမ်ရှောင်က ခပ်အေးအေးဖြင့် အကြောင်းပြချက်ကို တစ်လုံးချင်း ပြောပြသည်။

"သူက ဘယ်တုန်းက ငါ့ကို ကြံစည်ဖူးလို့လဲ"

ရှန်ရီက မယုံနိုင်ဟန်ဖြင့် မျက်လုံးလေး ကလယ်ကလယ် ဖြစ်နေသည်။

"တွေးနေတာနဲ့တင် သေသင့်တယ်။ သိုလှောင်အိတ်ထဲမှာ အရင်းအမြစ် အတော်လေးများတယ်။ ကိစ္စပြီးရင် ခွဲယူကြတာပေါ့"

"မလိုချင်ပါဘူး"

"ကြီးကျယ်ခမ်းနားတဲ့ နယ်မြေကို တွေးနေတာလား"

"ငါ့ကို လောဘကြီးတယ်များ ထင်နေလား။ အဲ့တာကို ဂရုတောင်မစိုက်ဘူး။ ငါ စိုးရိမ်တာက နောက်တစ်ယောက် သူ့နောက် လိုက်လာမှာကိုပဲ"

ရှန်ရီက သူ့ကို မကျေမနပ်ဖြင့် စိုက်ကြည့်၏။

"မင်းက သရုပ်ဆောင်တော်ပါတယ်။ ဘာတွေစိုးရိမ်နေတာလဲ။ လူသတ်တာက မင်းရော ငါရော မဟုတ်ဘူးလေ။ ငါတို့က ဖြောင့်မှန်နေရင် ဘာကြောက်စရာရှိလဲ"

ယွမ်ရှောင်က ခပ်ဟဟ ရယ်လျက် ပြောသည်။

"ဒါဆိုရင် တော်ဝင်သားတော်ကို ဘယ်သူသတ်တာလဲ"

"လုဖန်ရဲ့ လက်ချက်ပေါ့။ ဟား...ဟား..."

All Chapters