← Chapters

အခန်း ၇၃၄

Vol. 55 Ch. 734

အခန်း ၇၃၄

Vol. 55 Ch. 734

အပိုင်း ၇၃၄ - ထပ်မံ ရောက်ရှိလာကြပြီ

ကူးပြောင်းလာသော ရုပ်ခန္ဓာ ပျက်စီးသွားပြီး ပြဿနာများ မီးခိုးကြွက်လျှောက် ဖြစ်လာမည်ဟု လုဖန် အိပ်မက်ပင် မမက်ဖူးခဲ့ပေ။ ပူဇော်သက္ကာရများ၊ ထိုက်မင်းဆက်ကို သတ်ဖြတ်မှုနှင့် တော်ဝင်သားတော်ကို လုပ်ကြံမှု စသဖြင့် ပြစ်မှုတိုင်းတွင် သူက အဓိကတရားခံ ဖြစ်လာပြီး ယွမ်ရှောင်တို့မှာ လွတ်ကင်းနေခဲ့သည်။ သို့သော် ထိုက်မင်းဆက်၏ ဘိုးဘေးများ စေလွှတ်လိုက်သော တမန်တော်က သတိပေးချက်တစ်ခု ဖြစ်ပြီး တော်ဝင်သားတော်သည် ရည်ရွယ်ချက်များကို ဖုံးကွယ်မထားသော်လည်း အနည်းဆုံး အရှက်ရှိသေး၏။ ကာမပိုင် မိန်းမတစ်ယောက်ကို လုယူရန်အတွက် အဆင့်နိမ့်သည်ဟု သတ်မှတ်ထားသော ယောကျ်ားတစ်ယောက်ကို လုပ်ကြံရန် ​မကြိုးစားခဲ့ပေ။ အဆင့်အတန်းတစ်ခုသို့ ရောက်လျှင် လူသားများ ဥပဒေများနှင့် ကိုယ်ကျင့်တရားကို မျက်ကွယ်ပြုတတ်ကြပြီး သာမန်ထက်လွန်ကဲသော စွမ်းအား ပိုင်ဆိုင်သည်နှင့် ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်သူ ရှားပါးပေသည်။

"လုဖန်ရဲ့ ဝှက်ဖဲက အခု ကြာပန်းဝိညာဥ် ဖြစ်နေပြီ။ ရုပ်ခန္ဓာ မရှိတော့ပေမယ့် ခြိမ်းခြောက်မှု ရှိသေးတယ်"

ကံကောင်းသည်မှာ တော်ဝင်သားတော်က သေမျိုးကမ္ဘာများအပေါ် ကျရောက်နေသော အန္တရာယ် အရင်းအမြစ် ကူကောင်ကို သတ်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ယွမ်ရှောင်က သေမျိုးများအတွက် စိုးရိမ်နေစရာ မလိုအပ်သောကြောင့် ဝန်ထုပ်ဝန်ပိုးတစ်ခု လျော့နည်းသွားခဲ့၏။ သို့သော် လုဖန် ရှိနေသရွေ့ ငြိမ်းချမ်းမှု မဖြစ်နိုင်သောကြောင့် သူ၏ သတ်ဖြတ်လိုစိတ်များက ငြိမ်းအေးမသွားခဲ့ပေ။

"မိစ္ဆာမျက်လုံး၊ အခု လုဖန်က ဒဏ်ရာရထားတယ်။ မိန်းမတစ်သိုက်နဲ့ ထွက်ပြေးသွားတယ်ဆိုတော့ တည်နေရာကို ရှာနိုင်လား"

"ကြိုးစားကြည့်လိုက်ပါမယ်"

မိစ္ဆာမျက်လုံးက မူလအသွင်ဖြင့် ကောင်းကင်တွင် လွင့်မျောရင်း ဧရာမ မျက်လုံးကြီးဖြင့် အရပ်မျက်နှာတစ်ခွင် လှည့်ပတ်ကြည့်ရှုလိုက်သည်။

"လုဖန်တို့က ကြယ်စမ်းချောင်းမှာ မရှိတော့ဘူး။ အခု မဟာတာအိုနယ်မြေကို သွားနေကြတယ်"

"ခန္ဓာကိုယ် ပျက်စီးသွားတာတောင် မဟာတာအိုနယ်မြေကို ပြန်သွားပြီး ဘာလုပ်မလို့လဲ"

မိစ္ဆာမျက်လုံး လျှောက်တင်လိုက်သော စကားကြောင့် ရှန်ရီက မျက်မှောင်ကြုတ်သည်။

"သူ့အကြံအစည် မအောင်မြင်တော့ ကြယ်စမ်းချောင်းမှာ ဆက်နေလည်း အလကားပဲ။ ကောင်းကင်ရုံးတော်ကို ပြန်သွားတာ ဖြစ်ရမယ်။ အဲ့ဒီမှာ သူ့ကို ကူညီပေးနိုင်မယ့် အရာတစ်ခုခု ရှိနေနိုင်တယ်"

ယွမ်ရှောင်က ခဏတာ စဥ်းစား၍ ကောက်ချက်ချလိုက်သောအခါ စစ်မင်းသမီး၏ စကားသံ ထွက်ပေါ်လာခဲ့သည်။

"အခု ငါတို့ သူ့ကို နိုင်လောက်ပြီလား"

"အရင်က သေမျိုးတွေ ဘေးကင်းဖို့ သူနဲ့ ရင်ဆိုင်ရုံကလွဲလို့ တခြားရွေးချယ်စရာ မရှိဘူး။ တော်ဝင်သားတော်နဲ့ လုဖန်ရဲ့ တိုက်ပွဲကို ကြည့်ရသလောက်ဆိုရင် အဆင်အခြင်မဲ့ ဝင်တိုက်တာနဲ့ မင်းတို့နှစ်ယောက် သေနိုင်တယ်။ ငါ့ဝိညာဥ်က နည်းနည်း ပိုသန်မာတော့ လွတ်သွားလိမ့်မယ်"

ယွမ်ရှောင်က လေးနက်စွာ ဖြေလိုက်သည်။

"လုဖန်က ဘာလို့ အဲ့ဒီလောက် အင်အားကြီးလာရတာလဲ"

ရှန်ရီက မေးခွန်းထုတ်လိုက်သော်လည်း လုဖန်အဖြစ် ကူးပြောင်းလာသူ သေဆုံးသွားပြီး လက်ရှိသောင်းကျန်းနေသည်မှာ ဖရိုဖရဲ မူလဝိညာဥ် ကြာနက်ဖြစ်ကြောင်း ယွမ်ရှောင် ထုတ်မပြောနိုင်ပေ။ မူလဝိညာဥ်တစ်ခုက လူသားများကို အသေအကြေ တိုက်ခိုက်နေခြင်း ဖြစ်သောကြောင့် အံ့သြစရာကောင်းသည်ထက် ပို၍ ထိတ်လန့်စရာကောင်းနေ၏။

"ဒါကမှ သူ့ရဲ့ စွမ်းအား အစစ်အမှန်လို့ ပြောလိုက်ကြတာပေါ့"

"တကယ်ပဲ သူ့ကို သတ်လို့ ရပါတော့မလား"

စစ်မင်းသမီးမှာ စိတ်ပျက်လက်ပျက် ညည်းညူနေသဖြင့် သူက အကြံဆက်ပေးသည်။

"မီးစင်ကြည့်ကရတာပေါ့။ တကယ်လို့ မလွှဲသာမရှောင်သာ ဖြစ်လာရင်တော့ သူသေကိုယ်သေ တိုက်ခိုက်ရမှာပဲ။ လက်ငှားပြီး သတ်နိုင်မယ်ဆိုရင်တော့ မိုက်ရူးရဲမဆန်ချင်နဲ့"

သာမန်ပြိုင်ဘက်တစ်ယောက်ဆိုလျှင် အလွယ်တကူ ရင်ဆိုင်နိုင်သော်လည်း ရန်သူသည် မဟာတာအိုနယ်မြေ၏ အစွမ်းအထက်ဆုံး အင်မော်တယ်များထက် သာလွန်သော ဖရိုဖရဲ မူလဝိညာဥ် ဖြစ်သည်။ ၎င်းသည် အသက်ရှင်နိုင်ရန် အခွံအတွင်း ခေါင်းဝှက်ထားသော လိပ်တစ်ကောင်လည်း ဖြစ်နေပြန်၏။ သို့မဟုတ်လျှင် တော်ဝင်သားတော်ကြောင့် ဤမျှ အကြပ်ရိုက်သွားမည် မဟုတ်ပေ။ ထို့နောက် ယွမ်ရှောင်နှင့် အဖွဲ့သည် မဟာတာအိုနယ်မြေသို့ လှည့်ပြန်လာကြလေသည်။

"ရောက်ပြီ"

မီတာရာပေါင်းများစွာ အချင်းဝက်ရှိသော ကြာနက်သည် မီးတောက်များ ဝန်းရံလျက် ညှင်သာစွာ လည်ပတ်နေပြီး ရိုင်းစိုင်းပြီး ခက်ထန်သော အငွေ့အသက် မရှိတော့သော်လည်း အမှောင်ဆန်ဆန် ဆိုးယုတ်သော အရှိန်အဝါ ထွက်ပေါ်နေ၏။ ကိုးကွယ်ဆည်းကပ်ကြသော မိန်းမများသည်ပင် ၎င်းကြောင့် တုန်လှုပ်နေစဥ် ၎င်း၏ ပွင့်ဖတ်များအထက်တွင် မျက်နှာတစ်ခု ထွက်ပေါ်လာပြီး ရွှေရောင်နှင့် အနက်ရောင် မျက်ဝန်းများဖြင့် အောက်သို့ ငုံ့ကြည့်လာခဲ့သည်။ ဤမိန်းမတစ်သိုက်က ၎င်းကို များစွာ အထောက်အကူ ဖြစ်စေခဲ့သော်လည်း လုဖန်အတွက်သာ ဖြစ်ပြီး မူလဝိညာဥ် ကြာပန်းအတွက် မက်လောက်စရာ မရှိချေ။ သို့သော်လည်း ၎င်းသည် ကိုးကွယ်ဆည်းကပ်မှုများအပေါ် သာယာတတ်သောကြောင့် သူတို့ကို စွန့်ပစ်မထားခဲ့ပေ။

"ပြန်လည် မွေးဖွားတယ်ဆိုတာ အချိန်တစ်ရက် ကုန်ဆုံးသွားပြီး အရှေ့အရပ်က နေထွက်လာသလိုပဲ"

ကြာပန်း၏ အသံက ပဲ့တင်ထပ်၍ ထွက်ပေါ်လာသောအခါ ထိုမိန်းမများ၏ စိတ်ထဲရှိ စိုးရိမ်ပူပန်မှုများကို ​တည်ငြိမ်သွားစေသည်။

"အရှင်၊ ကျွန်မတို့ကို အမိန့်ပေးပါ"

ခေါင်းဆောင်ဖြစ်သော မိဖုရားကျောက်က လုဖန်အပေါ် အလွန်အမင်း စွဲလန်းနေပြီး ကြာပန်းသဏ္ဍာန် ဖြစ်နေသည့်တိုင်အောင် နာခံမှုအပြည့် ရှိ၏။

"မင်းက လေဟာနယ်လမ်းကြောင်းကို ဖွင့်နိုင်တယ်မလား။ ငါ နယ်မြေဓာတ်လုံးထဲကို ဝင်ချင်တယ်"

"အရှင့်ရဲ့ ဝိညာဥ်ကို နယ်မြေဓာတ်လုံးရဲ့ မီးတောက်နဲ့ သန့်စင်မလို့လား"

ထိုညွှန်ကြားချက်ကြောင့် သူမက တအံ့တသြဖြစ်သွားသည်။

"ဟုတ်တယ်။ ရုပ်ခန္ဓာ ပျက်စီးသွားတာက အဆိုးချည်းပဲ မဟုတ်ပါဘူး။ လူသားခန္ဓာကိုယ်က ဝိညာဥ်အတွက် အနှောင်အဖွဲ့ပဲ။ အကူအညီထက် ပိုပြီး အဟန့်အတား ဖြစ်စေတယ်။ အခု ငါက ဝိညာဥ်ကို အပြည့်အဝ ပုံသွင်းဖို့ အချိန်တန်ပြီ"

ကြာပန်းမျက်နှာက အင်မော်တယ်အမျိုးသမီးများကို ဝေ့ကြည့်ကာ ရှင်းပြလိုက်၏။

"အရှင်ရဲ့ ကြိုးပမ်းအားထုတ်မှု အောင်မြင်စေဖို့ ဆုတောင်းပါတယ်"

သူတို့က ရာနှုန်းပြည့် ကိုးကွယ်နေကြပြီး စိတ်ထဲတွင် စွဲလန်းမှုများ ပြည့်နှက်လျက် ရှိသည်။ ခန္ဓာကိုယ် ပျက်စီးသွားသော်လည်း ကြာနက်ဝိညာဥ်သည် ပို၍ အစွမ်းထက်သော အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိလာမည်ဟု မျက်ကန်းယုံကြည်နေကြ၏။ ၎င်းသည် ဖရိုဖရဲ မူလဝိညာဥ်၏ ဦးနှောက်ဆေးနိုင်သော စွမ်းရည်ဖြစ်ကာ လက်ရှိတွင် ပြန်လည်မွေးဖွားရန် အသေအချာ စီစဥ်နေပြန်သည်။

"အရှင်က ကောင်းကင်ဘုံကို အံတုပြီး အုပ်စိုးမယ့် အချက်ကို ဘယ်သူမှ မတားနိုင်ဘူး"

သူတို့က မြေပြင်တွင် ဝပ်တွားဦးညွှတ်နေကြပြီး မျက်လုံးအကြည့်များ တောက်ပသွားသည်။

"ဒီနယ်မြေက လိပ်တွေပြည့်နှက်နေတဲ့ ရေကန်တစ်ခုလိုပဲ။ လျှောက်လှမ်းရတာ ခက်ခဲတယ်။ ကံကောင်းတာက ငါ့ကို ခြိမ်းခြောက်နိုင်လောက်အောင် အစွမ်းထက်သူ မရှိဘူး"

ကြာပန်း၏ ပွင့်ချပ်များ ပွင့်ဟလာကာ ဝိညာဥ်မီးတောက်များက ပိုမို ပြင်းထန်စွာ လောင်ကျွမ်းလာပြီး လေဟာနယ်လမ်းကြောင်းမှတစ်ဆင့် နယ်မြေဓာတ်လုံးထံ ဆင်းသက်သွားတော့သည်။ မိဖုရားကျောက်နှင့် နောက်လိုက်များသည် စိတ်အားထက်သန်စွာ အော်ဟစ်အားပေးနေကြပြီး ဝမ်းသာအားရ ဖြစ်နေ၏။ ထိုအခိုက်အတန့်တွင် ယွမ်ရှောင်၊ ရှန်ရီ၊ မိစ္ဆာမျက်လုံးနှင့် စစ်မင်းသမီးက တော်ဝင်နန်းတော်သို့ ပြန်ရောက်၍ ချောင်ရူ၊ ကူစုဝမ်၊ ယုရင်တို့နှင့် တွေ့ဆုံနေပြီ ဖြစ်သည်။

"အကုန်စီစဥ်ထားလား"

"တော်ဝင်နန်းတော်ရဲ့ နယ်နမိတ်ထဲမှာ ဘယ်သူမှ မရှိတော့ဘူး။ စစ်တပ်ကိုလည်း ယာယီ လူစုခွဲထားပါတယ်။ သတ္တမမင်းသမီးက လုဖန်ကို သူသေကိုယ်သေတိုက်ခိုက်နေလို့ မတော်တဆ မဖြစ်အောင်လို့ အကြောင်းပြချက် ပေးထားတယ်။ မဟာတာအိုနယ်မြေထဲက အင်မော်တယ်တိုင်းကိုလည်း အိမ်အပြင်မထွက်ဖို့ အမိန့် ထုတ်ပြီးပါပြီ"

ယွမ်ရှောင်၏ မေးခွန်းကို ချောင်ရူက နာခံစွာ ပြန်ဖြေသည်။ ပြဿနာအားလုံးကို ဖရိုဖရဲ မူလဝိညာဥ် ကြာပန်းထံ လွှဲချလိုသည့်အတွက် ထိုက်မင်းဆက် ဘိုးဘေးများနှင့် သာမန်အင်မော်တယ်များအကြား အဆက်အသွယ် မရှိရန် လိုအပ်ကြောင်း နားလည်လောက်အောင် သူမက ပါးနပ်၏။ ယွမ်ရှောင်၏ အကြံအစည်သည် ကျားနှစ်ကောင် သတ်ပုတ်နေသည်ကို မုဆိုးက ချောင်းမြောင်းနေသည့် သဘောမျိုးသာ ဖြစ်သည်။ တော်ဝင်နန်းတော်တွင် ပဋိပက္ခများ၊ စစ်ပွဲများ စတင်ကတည်းက လူတိုင်း ဤအကြံမျိုး ထုတ်သုံးခဲ့ကြသော်လည်း သူတစ်ယောက်တည်းသာ အမြတ်ထွက်ခဲ့၏။ သို့သော် ယာယီသာ ဖြစ်ပြီး ဆင့်ခေါ်အမိန့်တော်၏ သက်ရောက်မှုကို မသိနိုင်သကဲ့သို့ ဖရိုဖရဲ မူလဝိညာဥ် မည်သည့်အရာများ ကြံစည်နေကြောင်း စဥ်းစားရခက်နေသည်။

"လုဖန် ဘယ်မှာလဲ"

ထို့နောက် ချောင်ရူက စိုးရိမ်တကြီး ဆက်လက် မေးခွန်းထုတ်သည်။

"မိခင်ကူကောင် သေပြီ။ လုဖန်ရဲ့ အကြံအစည် ပျက်စီးသွားတယ်။ အခု သူက နယ်မြေဓာတ်လုံးထဲကို ထွက်ပြေးသွားပြီ ထင်တာပဲ။ ဒါပေမယ့် ဘယ်လိုအကြံတွေ ထုတ်နေမယ်ဆိုတာတော့ ငါ မပြောတတ်ဘူး"

ယွမ်ရှောင်၏ မျက်နှာထားက တင်းမာနေ၏။

"တော်ဝင်သားတော်ကရော..."

"လုဖန်ရဲ့ လက်ချက်နဲ့ သေပြီ"

ရှန်ရီနှင့် စစ်မင်းသမီးက ဟန်ဆောင်ကောင်းလှသော ချစ်သူကြောင့် ဆွံ့အနေစဥ် ချောင်ရူသည် ယုံကြည်သွားကာ တအံ့တသြ ရေရွတ်လိုက်သည်။

"လုဖန်က အရမ်းသန်မာတာပဲ။ ဒါပေမယ့် အခုတော့ တကယ့်ပြဿနာကို ဖန်တီးလိုက်ပြီ။ ဘိုးဘေးတွေက ဒီကိစ္စကို အလွတ်ပေးမှာ မဟုတ်ဘူး။ သူ့ကို သေလမ်းပို့ဖို့ ပုဂ္ဂိုလ်ကြီးတွေ ရောက်လာပါစေလို့ မျှော်လင့်တယ်"

စကားအဆုံးတွင် အဖြူရောင် ဧကရာဇ် ထိုက်ဝေ သေဆုံးသွားသော နေရာတွင် နေရာကူးပြောင်း အစီအရင်တစ်ခု ချက်ချင်း အသက်ဝင်လာ၏။

"ရောက်လာကြပြန်ပြီလား"

ယွမ်ရှောင်က ရုတ်တရက် စိုးရိမ်သွားပြီး ဆင့်ခေါ်အမိန့်တော်၏ အစွမ်းမှာ သူထင်ထားသည်ထက် များစွာ ကျော်လွန်နေခဲ့လေသည်။

All Chapters