အခန်း ၇၃၅
Vol. 55 Ch. 735
အပိုင်း ၇၃၅ - ကောင်းကင်အရှင်မ ဆင်းသက်လာပြီ
ဤတစ်ကြိမ်တွင် နေရာကူးပြောင်း အစီအရင်သည် တော်ဝင်သားတော် ရောက်ရှိလာစဥ်ကထက် ဆယ်ဆကျော် ပို၍ ကြီးမားနေပြီး ပုံရိပ်များ ဝေဝေဝါးဝါး ထွက်ပေါ်လာကာ ဗဟိုချက်တွင် စုစည်းလာကြသည်။ ထို့ကြောင့် ရောက်လာသူ၏ စွမ်းအားက တော်ဝင်သားတော်ထက် မြင့်မားနေမည်မှာ သေချာပြီး စောင့်ကြည့်နေသော ယွမ်ရှောင်က လျင်လျင်မြန်မြန် ဆုံးဖြတ်လိုက်၏။
"ငါတို့ သွားတော့မယ်"
"ငါကရော"
ရှန်ရီက ဇဝေဇဝါဖြင့် မေးသည်။
"ငါ ဘယ်တုန်းကမှ မရှိဖူးသလို သဘောထားလိုက်။ မလိုအပ်တဲ့ အရှုပ်အထွေးတွေ ဖြစ်မလာစေချင်ဘူး။ မစိုးရိမ်ပါနဲ့။ အရိပ်ထဲမှာဆိုရင် ငါက ထိထိရောက်ရောက် ကူညီပေးနိုင်တယ်။ ပြဿနာတစ်ခုခု ဖြစ်လာတာနဲ့ ချက်ချင်း ထွက်လာမယ်"
ယွမ်ရှောင်က သူမ၏ လက်ကလေးကို တင်းကြပ်စွာ ဆုပ်ကိုင်၍ ကတိပေးသည်။
"တော်ပါပြီ။ ဘာမှလာကယ်မနေနဲ့။ ငါ့ဘာသာ ဖြေရှင်းနိုင်တယ်"
ရှန်ရီက အနည်းငယ် စိတ်တိုနေသော လေသံဖြင့် ရေရွတ်နေသော်လည်း အချိန်လုနေရသဖြင့် သူ စကားမပြောတော့ပေ။ သူမကို တစ်ယောက်တည်း ထားရစ်ခဲ့ပြီး အားလုံးသည် တော်ဝင်နန်းတော်မှ ထွက်ခွာသွားကာ အဝေးမှ အခြေအနေ စောင့်ကြည့်ရန် မိစ္ဆာမျက်လုံးက တာဝန်ယူလိုက်သည်။
"နင် ဒီလိုလုပ်လိုက်လို့ အသစ်ရောက်လာသူတွေက ကြာပန်းဝိညာဥ်ကို ဖမ်းမိသွားရင် ရှန်ရီကိုလည်း ခေါ်သွားနိုင်တယ်နော်"
စစ်မင်းသမီးက ထူးထူးခြားခြား စိုးရိမ်ပူပန်နေပုံ ပေါ်သည်။
"ငါ့ကြောင့် သူမကို တစ်ခုခု မထိခိုက်စေချင်ဘူး။ ဘိုးဘေးနယ်မြေကို လိုက်သွားပြီး အနာဂတ် မြင့်မားလာရင်လည်း ကောင်းတာပါပဲ"
"တကယ်လို့ နင် လက်လှမ်းမမီတဲ့အထိ မြင့်မားသွားရင်ရော..."
သူမက ယွမ်ရှောင်ကို မျက်လုံးလှန်ကြည့်နေသည်။
"ငါ့မှာ ဓားပျံတစ်လက် ရှိတယ်။ ဘယ်လောက်မြင့်မြင့် ရောက်အောင် သွားနိုင်လိမ့်မယ်"
သူက ပေါ့ပေါ့ပါးပါး ပြန်ဖြေ၏။
ထိုအချိန်တွင် နေရာကူးပြောင်း အစီအရင်က အပြည့်အဝ ပုံပေါ်လာပြီး လူကိုးယောက် ရောက်ရှိလာကာ အရှိန်အဝါကို အဝေးမှပင် ခံစားမိသဖြင့် တော်ဝင်သားတော်ထက် သေချာပေါက် ပို၍ သန်မာပေသည်။ ဤမျှကြောက်စရာကောင်းသော ကျင့်ကြံသူများကို လုဖန်နှင့် ရန်တိုက်ပေးခြင်းကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပြီး တစ်ခုခု အမှားအယွင်း ဖြစ်မရချေ။
"ရှန်ရီ အန္တရာယ်ဖြစ်မှာကို မစိုးရိမ်ဘူးလား"
"သူ့ကို ငါ ယုံကြည်တယ်။ မင်းကသာ ပျင်းရိနေလို့ စိုးရိမ်စရာကောင်းတာလေ"
ယွမ်ရှောင်က စစ်မင်းသမီးကို တစ်ချက်ကြည့်၍ မှတ်ချက်ပေးလိုက်သောအခါ ချက်ချင်း ပြန်ပက်ခံလိုက်ရ၏။
"နင်က ငါ့ကို မတိုက်ခိုက်ခိုင်းတာလေ။ ဘယ်သူ့ အပြစ်လဲ"
ရှန်ရီကို အသစ်ရောက်လာသူများနှင့် တွေ့ဆုံရန် တာဝန်ပေးလိုက်ခြင်းသည် သူမ၏ စွမ်းဆောင်ရည်ကြောင့်သာ မဟုတ်ဘဲ ယွမ်ရှောင်ကိုယ်တိုင်လည်း ကြိုတင်တွက်ချက်ထားသောကြောင့် ဖြစ်သည်။ သူမအနားတွင် အနက်ရောင်သားရဲလေးကို ထားခဲ့ပြီး ချစ်သူအား တစ်ကိုယ်တော် စွန့်စားခိုင်းရန်အထိ သူက ကိုယ်လွတ်မရုန်းတတ်ပေ။
"သူတို့ ရောက်လာပြီ။ သတ္တမမင်းသမီးနဲ့ တွေ့နေကြပြီ"
အတန်ငယ် ဝေးကွာသောကြောင့် တစ်ဖက်လူကို သာမန်အမြင်ဖြင့် အစက်အပြောက် အဖြစ်သာ မြင်ရသောအခါ မိစ္ဆာမျက်လုံးက စောင့်ကြည့်ပေးနေသည်။
"သူတို့အပေါ် မင်း ဘယ်လိုထင်လဲ"
ယွမ်ရှောင်၏ လေသံက စိုးရိမ်မကင်း ဖြစ်လာသည်။
"တစ်ယောက်ချင်းစီက တော်ဝင်သားတော်ထက် စွမ်းအားရော သက်တမ်းပါ သာလွန်တယ်။ သူတို့ကို ဦးဆောင်လာတဲ့ မိန်းမက တော်တော်ကြောက်စရာကောင်းတယ်"
ထိုသတင်းကြောင့် သူက အားစိုက်ကြည့်လိုက်ပြီး ဝိညာဥ်ဖြင့် မထောက်လှမ်းရဲသဖြင့် မျက်လုံးကိုသာ အားပြုနေရ၏။ ရှန်ရီနှင့် အနီးဆုံးတွင် ငွေရောင်ပုံရိပ်တစ်ခု ရှိနေပြီး အရှိန်အဝါမှာ နတ်ဘုရားတစ်ပါးပမာ တောက်တောက်ပပ လင်းလက်လျက်ရှိကာ အဝေးမှပင် ဖိအားကို ခံစားမိသည်။
"ဒါက တော်ဝင်သားတော် ပြောတဲ့ အစွမ်းထက်ဒေါ်လေးများလား"
တစ်ဖက်လူကို ဤနေရာအထိ ခေါ်ဆောင်လာသည်မှာ ဆင့်ခေါ်အမိန့်တော်လား သို့မဟုတ် တော်ဝင်သားတော်၏ သေခြင်းလား မသေချာပေ။ ယွမ်ရှောင်၏ မြင်ကွင်းတွင် ရှန်ရီက သူမနှင့် ကောင်းကောင်းမွန်မွန် ဆက်ဆံနေပုံရပြီး အစောပိုင်း အဖြစ်အပျက်များကို သတင်းပို့နေသည်။ သူမက ခြင်္သေ့များအကြား ရောက်နေသော ယုန်သူငယ်ပမာ အားနည်းနေသဖြင့် စိုးရိမ်စရာကောင်းပြီး သူ့ကို ရတက်မအေး ဖြစ်စေ၏။
"သူ့ကို တကယ်ချစ်တယ်မလား"
စစ်မင်းသမီး၏ သဝန်တိုနေသော စကားသံက အချိန်အခါမသင့် ထွက်ပေါ်လာ၍ ယွမ်ရှောင် ချက်ချင်း ငေါက်ပစ်လိုက်သည်။
"တိတ်တိတ်နေစမ်း"
"စိတ်အေးအေးထားပါ။ သူတို့က သတ္တမမင်းသမီးကို ဒေါသထွက်နေပုံ မရဘူး။ သူမက တကယ့်ကို ဆွဲဆောင်မှုရှိပြီး ရိုးသားဖြူစင်တဲ့ လူသားမိန်းကလေးပဲ။ ဒီလိုလူတစ်ယောက် ပြောပြတဲ့ ဇာတ်လမ်းကို မယုံဖို့ဆိုတာ မဖြစ်နိုင်ဘူး"
မိစ္ဆာမျက်လုံးက ဖြောင်းဖြလိုက်ပြီး သူ့ကို စိတ်အေးစေမည့် သတင်းများ ဆက်တိုက် တင်ပြနေ၏။
"ဒါဆိုရင် မိစ္ဆာမျိုးနွယ် မင်းသမီးက မိုက်မဲပြီး ရိုင်းစိုင်းတယ်လို့ ထင်တာလား"
"အဲ့ဒီလို ပြောချင်တာ မဟုတ်ပါဘူး။ မင်းကလည်း ဆွဲဆောင်မှုရှိပြီး သခင်လေးယွမ် တန်ဖိုးထားရတဲ့ ချစ်သူတစ်ယောက်ပါ"
စစ်မင်းသမီးက မကျေမနပ် ဝင်ပြောလိုက်သဖြင့် မိစ္ဆာမျက်လုံးမှာ အနေခက်စွာ ပြုံးပြလိုက်ရသည်။
"သူ့ကို လျစ်လျူရှုပြီး စောင့်ကြည့်ထား"
အသုံးမဝင်သော စစ်မင်းသမီး၏ သဝန်တိုမှုများကို ဂရုမစိုက်ရန် ယွမ်ရှောင်က သတိပေးသည်။ ထိုအချိန်တွင် ပုံရိပ်များသည် အင်ပါယာနန်းဆောင်အတွင်း ဝင်ရောက်လိုက်ကြပြီး လေဟာနယ်လမ်းကြောင်းတစ်ခု ဖွင့်လှစ်နေခဲ့သည်။
"သူတို့ ထွက်သွားပြီ။ ဦးတည်နေတာက နယ်မြေဓာတ်လုံးရဲ့ ဗဟိုချက်ပဲ"
"ကောင်းပြီ"
ယွမ်ရှောင်က ခေါင်းတစ်ချက်ညိတ်၍ တစ်ယောက်တည်း ကျန်ရစ်ခဲ့သော ရှန်ရီထံ ပြေးထွက်သွား၏။
"မင်း လိုက်မသွားဘူးလား"
နေရာတွင် ကျန်ခဲ့သော စစ်မင်းသမီးကို မိစ္ဆာမျက်လုံးက ပြုံး၍ မေးသည်။
"သူ ငါ့ကို မချစ်ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် ကိစ္စမရှိဘူး။ အနားမှာ အဖော်ပြုပေးနိုင်ရုံလောက်ဆိုရင် ကျေနပ်ပါတယ်"
သူမ၏ မျက်ဝန်းလေးများက ခါတိုင်းနှင့် မတူဘဲ နူးညံ့သိမ်မွေ့နေ၏။
"အချစ်ဆိုတာက မြင်မြင်ချင်း ချစ်မိတာ ရှိသလို အချိန်ကြာလာတာနဲ့ ဖြစ်ပေါ်လာတတ်တာလည်း ရှိတယ်။ ခံစားချက်က ရိုးသားရင် ဘယ်အရာမဆို ဖန်တီးလို့ ရပါတယ်"
မိစ္ဆာမျက်လုံးက သူ့အတွေးကို ထုတ်ပြောသည်။
"ရိုးသားတာက အချစ်ကို ဝယ်လို့မရပါဘူး။ ရုပ်ရည်နဲ့ ဆွဲဆောင်မှုကမှ တကယ့်အချက်ပဲ"
ထိုစကားကြောင့် စစ်မင်းသမီးရော မိစ္ဆာမျက်လုံးပါ ရယ်မောလိုက်ကြသည်။
"လူသားတစ်ယောက်ရဲ့ လက်တွဲဖော် ဖြစ်တာလည်း ကောင်းပါတယ်။ သေမျိုးကမ္ဘာရဲ့ လူသားတစ်ယောက်က ခေါင်းဆောင်ဖြစ်လာရင် နောက်လိုက်တွေနဲ့ ဝေးကွာမနေတတ်ဘူး။ သူတို့က အားလုံးရဲ့ အခက်အခဲကို နားလည်တယ်"
"ဒီအတိုင်းလေးပဲ သူ့ကို သဘောကျတယ်။ သတ္တိရှိသလို ဒေါသထွက်တဲ့အတိုင်း လုပ်တတ်တယ်။ ပြဿနာရှာတတ်တဲ့ ကောင်ဆိုးလေးပေါ့။ ကံကောင်းချင်တော့ ငါနဲ့ စိတ်သဘောထားချင်လည်း ကိုက်ညီနေတယ်"
မိစ္ဆာမျက်လုံးက တွေးတွေးဆဆဖြင့် ယွမ်ရှောင်ကို ချီးကျူးလိုက်သကဲ့သို့ သူမကလည်း ထောက်ခံ၏။
ယွမ်ရှောင်သည် တော်ဝင်နန်းတော်အတွင်း ရောက်သောအခါ ရှန်ရီ၏ ခါးကို တင်းကြပ်စွာ ဖက်၍ မိုင်ရာချီအဝေးအထိ လျင်မြန်စွာ ပျံထွက်သွားခဲ့သည်။
"ဘာလုပ်တာလဲ။ လွှတ်၊ လွှတ်။ ငါ အသက်ရှူကြပ်နေပြီ"
သူမက လွတ်မြောက်အောင် ရုန်းထွက်ရင်း ရင်ဘတ်ကို တွန်းဖယ်လိုက်၏။
"ငါ အစိုးရိမ်ကြီးသွားလို့ပါ"
"ဘာစိုးရိမ်စရာရှိလဲ။ အရင်ကအတိုင်း လှည့်ကွက်သုံးလိုက်ရုံပဲ"
သို့သော်လည်း သူမ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်တည်လာပြီး ဂရုစိုက်ခံရသဖြင့် နှလုံးသားလေး နွေးထွေးသွားသည်။
"ဒီတစ်ခါက မတူဘူး။ သူတို့က ကိုးယောက်တောင်လေ။ တစ်ယောက်ယောက်က လှည့်စားတာကို သံသယဝင်သွားတာနဲ့ အကျိုးဆက် ဆိုးရွားနိုင်တယ်။ သူတို့ကို ဦးဆောင်လာတဲ့ မိန်းမကလည်း တော်တော် ကြောက်စရာကောင်းတယ်လေ"
ယွမ်ရှောင်က သူမကို လွှတ်မပေးဘဲ ဆက်၍ ဖက်ထားဆဲဖြစ်၏။
"သူက တကယ်ကို လန့်စရာပဲ။ ငါ့ရှေ့ကို ဧရာမတောင်ကြီး လာရပ်နေသလို ထင်ရပြီး လက်လှမ်းမမီဘူး။ တခြားသူတွေကတော့ ကောင်းကင်အရှင်မမုလို့ ခေါ်နေတာ ကြားလိုက်တယ်။ တော်ဝင်သားတော်ရဲ့ ဒေါ်လေး ဟုတ်မဟုတ်ကတော့ မသေချာဘူး"
"မင်းကို ယုံသွားလား"
"မယုံစရာအကြောင်း မရှိဘူး။ ငါ့ဇာတ်လမ်းက ယုတ္တိရှိတယ်လေ"
သူမက ထိုမေးခွန်းကို ချက်ချင်း ခေါင်းညိတ်ပြသည်။
"မင်းရဲ့ ပါရမီအကြောင်း မေးသေးလား"
ယွမ်ရှောင်က ရုတ်တရက် မျက်လုံးချင်း စိုက်ကြည့်ကာ အလေးအနက် မေးခွန်းထုတ်လိုက်၏။
"မမေးဘူး။ ဒါပေမယ့်..."
"ဒါပေမယ့် ဘာဖြစ်လဲ"
"သူတို့ လုဖန်ကို သတ်ပြီးရင် ငါ့ကို ဘိုးဘေးနယ်မြေဆီ ခေါ်သွားပြီး အရှင်မမုက တပည့်အဖြစ် သတ်မှတ်ချင်တယ်တဲ့"
ယခင်က တော်ဝင်သားတော်သည် ဤအခွင့်အရေးကို မရေမရာသာ ပြောပြခဲ့သော်လည်း အရှင်မမုသည် အပိုစကားမပြောဘဲ ရှန်ရီ၏ အနာဂတ်ကို သတ်မှတ်ပေးလိုက်ပြီဖြစ်သည်။ အခွင့်အရေး ရောက်လာသည်မှာ တိုက်ရိုက်ဆန်လွန်းပြီး ကြိုတင်စဥ်းစားမထားသော လမ်းကြောင်းကြောင့် သူမကို တွေဝေစေသည်။
"အစ်ကိုကြီး၊ ငါ..."
စကားဆက်မည့်ဆဲဆဲတွင် ယွမ်ရှောင်က လက်ဖြင့် အုပ်လိုက်ပြီး ပြုံးပြနေသည်။
"မင်း ငါ့ကို အဲ့လိုမခေါ်တာ တော်တော်ကြာပြီ။ တော်တော်လေး နားထောင်လို့ကောင်းတာပဲ"
"ဟွန့်၊ ငါကတော့ ပြောရတာ လျှာယားတယ်"
လန်ရီ၏ စရိုက်အစား ရှန်ရီက အစားထိုး ဝင်ရောက်လာပြန်သဖြင့် သူ့ကို စိတ်ညစ်သွားစေသည်။
"ငါတို့နှစ်ယောက်ရဲ့ အချိန်ကောင်းလေးကို မဖျက်ဆီးပါနဲ့။ မင်းရဲ့ အေးတိအေးစက် ဧကရီလိုမျိုး အမူအရာကို ခနလေး သိမ်းထားစမ်းပါ"
ထို့နောက် သူက ချစ်သူကို ဖက်ထားရင်း မျက်နှာချင်းဆိုင်ကာ လေးနက်သော စကားများကို တစ်လုံးချင်း ဆက်ပြောသည်။
"မင်းဆီက အနာဂတ်ဆိုတဲ့ စကားလုံး ထွက်လာတာ ငါ တော်တော် ပျော်သွားတယ်။ မင်းက လူတစ်ယောက်ပဲ။ တခြားတစ်ယောက်က အသုံးချဖို့ ဖန်တီးထားတဲ့ ကိုယ်ပွား မဟုတ်ဘူး။ မင်းမှာ အထက်ကို တက်ဖို့ အခွင့်အရေးရှိရင် ယူရမယ်။ ငါက အဟန့်အတား မဖြစ်စေချင်ဘူး။ မင်းရဲ့ ကိုယ်ပိုင်တန်ဖိုးကို ရှာတွေ့ရင် ဘဝရဲ့ အဓိပ္ပါယ်ကို နားလည်လာလိမ့်မယ်။ စကြဝဠာက ကျယ်ဝန်းပြီး ကျင့်ကြံရေးလမ်းကြောင်းကလည်း ရှည်တယ်။ မင်း ဘယ်လောက်အမြင့်ကို ရောက်သွားသွား၊ ငါက အမီလိုက်ဖို့ ယုံကြည်ချက်ရှိတယ်။ ငါ နောက်မှာ ကျန်ရစ်နေခဲ့မှာကို စိုးရိမ်စရာ မလိုဘူးနော်"
စကားအဆုံးတွင် သူမ၏ မျက်ဝန်းများတွင် ရုတ်တရက် မျက်ရည်စို့လာပြီး တီးတိုးရေရွတ်လိုက်သည်။
"ငါ့ကို စွန့်ပစ်ချင်နေတာလား။ နင့်အလိုဆန္ဒတွေကို စိတ်တိုင်းကျ ဖြည့်ဆည်းပေးမယ့် မိန်းမတွေနဲ့ ကျန်ခဲ့ချင်လို့မလား။ ဘာကိစ္စ ဒီလောက် ရှည်ရှည်ဝေးဝေး ပြောနေတာလဲ"
မိန်းကလေးများ၏ သဝန်တိုတတ်သော စိတ်ကြောင့် ယွမ်ရှောင်မှာ ကိုယ့်နဖူးကို လက်ဝါးဖြင့် ရိုက်မိလိုက်လေသည်။
"အခုချက်ချင်း မင်းကို ဖမ်းထားပြီး ဘယ်မှမသွားနိုင်အောင် လုပ်လိုက်ရမလား"