အခန်း ၇၃၈
Vol. 55 Ch. 738
အပိုင်း ၇၃၈ - လက်ပံပွင့် သတို့သမီး
လျှို့ဝှက်ဆန်းကြယ်သော ကမ္ဘာရှိ အမည်မသိ အစီအရင်တစ်ခု၏ အထက်တွင် ထူးဆန်းပြီး သွေးကဲ့သို့ အနီရောင်တောက်နေသော နေမင်းပမာ စာလုံးကြီးများ တွဲလောင်းကျနေသည်။ အောက်ဘက်တွင် မည်းနက်၍ အစွန်အဖျားကို မမြင်နိုင်သော ခေါင်းတလားတစ်ခုသဏ္ဍာန် ပုံရိပ်တစ်ခု ရှိ၏။ လနတ်သား၊ ပိုင်အာနှင့် ပိုင်စုစုတို့ အနီးသို့ ချဥ်းကပ်လာသောအခါ ချီများက ငွေ့ရည်ဖွဲ့၍ လှိုင်းထန်နေကာ ချီပင်လယ်အတွင်း ကူးခတ်နေရသကဲ့သို့ သိပ်သည်းလာသည်။ လက်ဆန့်တန်းလိုက်လျှင် နှင်းပမာ တဖွဲဖွဲ ကျဆင်းလျက်ရှိသည့် ချီအဆီအနှစ်များ ကပ်တင်နေပေလိမ့်မည်။
"ကမ္ဘာတွေကြားထဲမှာ ကွာခြားချက်က အတော်ကြီးမားတာပဲ။ ဒီချီစွမ်းအင် တစ်စက်တည်းက သေမျိုးကမ္ဘာပေါ် ကျသွားရင် ဖျက်ဆီးပစ်နိုင်လောက်တယ်"
သေမျိုးများ၏ ဘဝက အမှန်တကယ် နိမ့်ကျလွန်းပြီး အမြင့်မြတ်ဆုံး ကမ္ဘာများတွင် မွေးဖွားလာသူများနှင့် နှိုင်းယှဥ်မရ ဟူသော အတွေးသည် လနတ်သားမှတဆင့် မြင်နေရသည့် ယွမ်ရှောင်၏ စိတ်ထဲတွင် ဖြစ်ပေါ်လာခဲ့သည်။ အားလုံးက အသက်ရှိကြပြီး ဘဝကိုယ်စီ ပိုင်ဆိုင်ထားသော်လည်း မွေးရာပါ အနေအထားချင်း ခြားနားလွန်း၏။ ငွေရောင်မျက်လုံးများက ကြီးမားလှသော ကမ္ဘာကို စောင့်ကြည့်နေပြီး အရွယ်အစားအရ နှိုင်းယှဥ်လျှင် လနတ်သားသည် ဖုန်မှုန့်ပမာ သေးငယ်နေသည်။ လက်ရှိရောက်နေသည်မှာ လနတ်သားဖြစ်သော်လည်း မူလကိုယ် ယွမ်ရှောင်က ထိုကမ္ဘာကြီး၏ ကျယ်ဝန်းမှုကို ခံစားလိုက်ရပြီး ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်ဘုံအား သိရှိခံစားမိစေရန် ကိုယ်တိုင်ရောက်နေသကဲ့သို့ ဖြစ်သည်။
"ဒီလောက်ကျယ်ဝန်းတဲ့ ကမ္ဘာမှာ အခွင့်အရေးတွေ ရှိသလို အန္တရာယ်တွေလည်း နည်းမှာ မဟုတ်ဘူး။ ဒါပေမယ့် ကိုယ်ပွားဆိုတော့ ပျက်စီးသွားလည်း အစားထိုးလိုက်ရုံပဲ"
ဤအချက်ကြောင့် ယွမ်ရှောင်သည် နတ်ဆိုးကိုယ်ပွားကို ထိန်းချုပ်ကာ ဖိတ်ခေါ်နေသော အရိပ်မည်းကြီးထံ လမ်းလျှောက်သွားစေလိုက်၏။ နီးကပ်လာသည်နှင့်အမျှ အခြားဖြစ်တည်မှုများ၏ အရှိန်အဝါကိုလည်း ခံစားလိုက်ရသည်။ အဝေးတစ်နေရာတွင် အဆုံးမရှိ ကြီးမားသော ဝဲကြီးခြောက်ခုသည် အရွယ်အစား မျိုးစုံရှိသော သတ္တဝါများကို အတွင်းပိုင်းသို့ ဆွဲခေါ်လျက်ရှိသည်။ လနတ်သားတို့သုံးယောက်သည် ဤနေရာတွင် အသေးအဖွဲမျှသာ ဖြစ်ပြီး ပိုင်စုစုက သတိပေးလာခဲ့သည်။
"ဒီသတ္တဝါတွေက တော်တော်လေး အစွမ်းထက်တယ်"
"ဒီကမ္ဘာက မှောင်မည်းပြီး ထူးဆန်းလွန်းတယ်။ အန္တရာယ်များလိုက်တာ"
ပိုင်အာကလည်း ထပ်လောင်း ပြောကြားလိုက်၏။
သူတို့က ဆက်၍ ရှေ့တိုးလာသောအခါ ဝဲများနှင့် နီးကပ်လာပြီး လျှို့ဝှက်ဆန်းကြယ် ဖြစ်တည်မှုများ ပို၍ ထင်ရှားကာ ရံဖန်ရံခါ အနီးမှပင် ဖြတ်သန်းသွားကြသည်။ ဤအတွေ့အကြုံသည် နေပြောက် မထိုးသော သစ်တောအတွင်း စမ်းတဝါးဝါး လျှောက်သွားနေရခြင်းနှင့် တူညီကာ မည်သည့်နေရာမှ သားရဲကောင်များ ထွက်လာမည်ကို မသိနိုင်ပေ။
"ရှူး"
လနတ်သား၏ မျက်လုံးက ရုတ်တရက် ပြူးကျယ်ပြီး ခြေလှမ်းများ ရပ်တန့်ကာ အလောင်းနတ်ဆိုးများကို အချက်ပြလိုက်ရာ အသက်ရှူအောင့်ထားလိုက်ကြ၏။
"ဝေါင်း ဝေါင်း"
ကောင်းကင်ရှိ အမည်းရောင်မြူခိုးများအတွင်းမှ ထူးဆန်းသော ဟိန်းဟောက်သံ နှစ်ခု ထွက်ပေါ်လာကာ နားမခံသာဘဲ ထာဝရ နှိပ်စက်ခံနေရသကဲ့သို့ ပင်ပန်းဆင်းရဲစွာ အော်ဟစ်နေပုံရပြီး ကြားရသူတိုင်း ကျောစိမ့်သွားပေလိမ့်မည်။ မြင်ကွင်းအတွင်း ထိုဖြစ်တည်မှုများ ဝင်ရောက်လာကာ တုတ်ခိုင်သန်မာပြီး ကြွက်သားအဖုအထစ်နှင့် ဧရာမဘီလူးကြီးများ ဖြစ်သည်။ ပို၍ထူးဆန်းသည်မှာ လူသားခန္ဓာကိုယ် ဖြစ်သော်လည်း နွားနှင့် မြင်းဦးခေါင်းများ ရှိကာ လခြမ်းသဏ္ဍာန် ဂျိုများ၊ အသက်ဓာတ်ကင်းမဲ့သော မျက်လုံးများ၊ ကျယ်ပြန့်သော နှာခေါင်းပေါက်များ ထင်ရှားနေ၏။ နှာခေါင်းတွင် သံကွင်းကြီးများ တပ်ဆင်ထားကာ ရှည်လျား၍ တချွင်ချွင် မြည်နေသော သံကြိုးကြီးနှစ်ချောင်းနှင့် ချိတ်ဆက်ထားသည်။ နှာခေါင်းပေါက်အတွင်းမှ အသက်ရှူလိုက်တိုင်း မီးတောက်များ ထွက်လာကာ ပြင်းထန်စွာ ဟိန်းဟောက်လျက် ရှိ၏။
"နွားခေါင်းနဲ့ မြင်းမျက်နှာ၊ သူတို့က လူလား၊ နတ်ဆိုးလား၊ မိစ္ဆာလား။ တစ်ခုခုကို ဆွဲလာတာ ထင်တယ်"
လနတ်သားက ဤသို့တွေးနေစဥ် သံကြိုးများတလျှောက် နှာခေါင်းတွင် ချိတ်ခံထားရသော နွားခေါင်းနှင့် မြင်းမျက်နှာ သတ္တဝါပေါင်း ထောင်ချီ ထွက်ပေါ်လာပြီ ဖြစ်၏။ သေခြင်းတရားနှင့် ပတ်သက်သော စွမ်းအားတစ်ခုက ကြောက်မက်ဖွယ် ထွက်ပေါ်လာပြီး လနတ်သားရှိနေသော ပတ်ဝန်းကျင်မှာ ဖိအားဒဏ် ခံလိုက်ရသည်။ သံကြိုးနှစ်ချောင်း၏ အဆုံးသတ်တွင် ကြက်သွေးရောင် ဝေါယာဥ်တစ်ခု ရှိပြီး ဖြတ်ခနဲ မြင်လိုက်ရခြင်းသာ ဖြစ်သော်လည်း သူက အလန့်တကြား ဖြစ်သွား၏။ ဝေါယာဥ်၏ ထောင့်လေးထောင့်တွင် လူခေါင်းခွံများဖြင့် ဖန်တီးထားသော ခေါင်းလောင်းကြီးများ ရှိပြီး တဒေါင်ဒေါင် မြည်သံသည် ငရဲသားများ အော်ဟစ်နေသည့်အလား နားဝင်ဆိုးလှသည်။
ဦးခေါင်းအထက်မှ ဖြတ်သန်းသွားသော ဝေါယာဥ်၏ လိုက်ကာစ လှစ်ခနဲ လွင့်ပျံသွားသောအခါ အတွင်း၌ အနီရောင်ဝတ် သတို့သမီးတစ်ယောက် ရှိနေသည်။ သူမက ရုတ်တရက် ခေါင်းငုံ့၍ ကြည့်လာသောအခါ သွေးထွက်နေသကဲ့သို့ အနီရောင် မျက်ဝန်းတစ်စုံသည် မီးတောက်ပမာ ပွင့်လာခဲ့၏။ မျက်ဝန်းအတွင်း၌ လက်ပံပွင့်များ ရှိနေပြီး ဝေါယာတစ်ခုလုံးတွင်လည်း ၎င်းတို့ကို ထုဆစ်ထားသည်။
"ငါတို့ကို မြင်သွားပြီ"
လနတ်သားက နိမိတ်မကောင်းကြောင်း ခံစားလိုက်ရသော အချိန်မှာပင် သံကြိုးများတလျှောက် အနက်ရောင်ချီတို့ ဖြတ်သန်းကာ နွားခေါင်းနှင့် မြင်းမျက်နှာတို့ထံ စီးဝင်ကုန်သည်။ သူတို့က အောက်သို့ နိမ့်ဆင်းလာသောအခါ အချင်းချင်း တိုက်မိသဖြင့် ဟိန်းဟောက်ရင်း ဝေါယာဥ်မှာ လေထဲတွင် တန့်ခနဲ ရပ်သွား၏။ ထိုသတ္တဝါများကလည်း ငုံ့ကြည့်လာပြီး လနတ်သားတို့ကို မြင်သောအခါ ပတ်ပတ်လည် ဝန်းရံလျက် ဆင်းသက်လိုက်ကြပြီး ထွက်ပြေးရန် လမ်းမရှိသည်အထိ ပိတ်ဆို့သွားသည်။ ထို့နောက် ၎င်းတို့က ဒူးထောက်လိုက်ကြပြီး လက်နှစ်ဖက်ကို လေထဲမြှောက်၍ ဝေါယာဥ်ကို ကိုးကွယ်ဆည်းကပ်နေသကဲ့သို့ အရိုအသေပေးခဲ့သည်။ ယွမ်ရှောင်ကိုယ်တိုင်ပင် လနတ်သား၏ မြင်ကွင်းမှတဆင့် ကြည့်နေရသော်လည်း ထူးခြားဆန်းကြယ်၍ ကြက်သီးထစရာကောင်းသော ဖြစ်တည်မှုများကြောင့် ချွေးပြန်လာ၏။
ဝေါယာဥ်၏ လိုက်ကာများ ပွင့်သွားကာ အတွင်းရှိ သတို့သမီးသည် ပေါင်ပေါ် လက်တင်၍ ထိုင်နေပြီး အနားတွင် မရေမတွက်နိုင်သော ဝိညာဥ်များ ငိုကြွေး၍ တစ္ဆေဂီတသံများ ပဲ့တင်ထပ်လျက်ရှိသည်။ သို့သော် လက်ပံပွင့် ပန်ထားသော အရိုးခေါင်းခွံပုံကို ပန်းထိုးစီခြယ်ထားသော သတို့သမီးပဝါဖြင့် ဖုံးကွယ်နေသောကြောင့် မျက်နှာကိုမူ မမြင်ရချေ။
"အလောင်းနတ်ဆိုးတွေ၊ လာကြစမ်း"
သူမက သာယာနူးညံ့စွာ ပြောလိုက်သော်လည်း အသေသတ်နိုင်သော ဖိအားတစ်မျိုး ဆောင်ကြဥ်းထားသည်။ ထိုစကားကြောင့် ပိုင်အာနှင့် ပိုင်စုစုသည် စိုးရိမ်ထိတ်လန့်နေကြပြီး အလောင်းနတ်ဆိုးဟူသော အမျိုးအစားကြောင့် တစ်ဖက်လူ၏ အာရုံစိုက်ခြင်း ခံလိုက်ရပုံပေါ်သည်။ အလောင်းနတ်ဆိုးများသည် သူ့ကို ကာကွယ်ရန်အတွက် ဤနေရာအထိ လိုက်ပါလာခြင်းဖြစ်ရာ တာဝန်ယူရမည်ဟု အသိရှိသော လနတ်သားက ရှေ့ထွက်လာကာ ရိုရိုသေသေ စကားဆိုလိုက်၏။
"ကျုပ်က လနတ်သားပါ။ တွေ့ရတာ ဝမ်းသာပါတယ် အကြီးအကဲ။ ဒီအလောင်းနတ်ဆိုးတွေက ကျုပ်ရဲ့ မိတ်ဆွေဖြစ်ပြီး အချင်းချင်း ကာကွယ်ပေးဖို့ ကတိပြုထားပါတယ်"
စကားအဆုံးတွင် သတို့သမီးက လက်ညှိုးတစ်ချက် တောက်လိုက်ရာ လက်ပံပွင့်တစ်ပွင့် အလွန်လျင်မြန်စွာ ထွက်ပေါ်လာကာ လနတ်သားကို ချက်ချင်း ထိမှန်သွားသည်။ ခန္ဓာကိုယ်က ခါးအထက်မှ ပြတ်တောက်၍ ကိုယ်တွင်းအင်္ဂါများ ပြုတ်ကျလာကာ သွေးအတွင်း လက်ပံပွင့်သဏ္ဍာန်များ ထင်ဟပ်ကုန်၏။
"သခင်လေးယွမ်"
ပိုင်အာနှင့် ပိုင်စုစုက အသံကုန်အော်ဟစ်လိုက်ပြီး မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်သွားကြသည်။ ဤကမ္ဘာရှိ ကျင့်ကြံသူတစ်ယောက်က ရက်ရက်စက်စက် တိုက်ခိုက်သတ်ဖြတ်မည် ဟု ထင်မထားကြပေ။ လနတ်သားက ယဥ်ကျေးစွာ နှုတ်ခွန်းဆက်ခဲ့သော်လည်း တစ်ဖက်လူသည် အရေးမစိုက်ဘဲ စိတ်ရှိတိုင်း သတ်ဖြတ်လိုက်သည် မဟုတ်ပါလော။
ထို့နောက် စွမ်းအင်စီးကြောင်းနှစ်ခုက ပိုင်အာနှင့် ပိုင်စုစုကို ရစ်ပတ်၍ မတုံ့ပြန်နိုင်ခင်မှာပင် ဝေါယာဥ်အတွင်း ဆွဲသွင်းသွားတော့သည်။ ထို့နောက် သူတို့ကို သွေးစက်များဖြစ်သည်အထိ ကြေမွသွားအောင် ရိုက်နှက်ကာ ထောင့်တစ်နေရာသို့ ပစ်ချလိုက်သောအခါ ပိုင်စုစုကို ဒေါသတကြီး ဖြစ်သွားစေ၏။
"နင့်ကို ငါ သတ်ပစ်မယ်"
"မင်းတို့က ကံကောင်းတယ်နော်။ လိမ္မာကြစမ်းပါ။ ဒါဆိုရင် ငါက အစေခံအဖြစ် လက်ခံပေးမယ်"
သတို့သမီးက ဝေါယာဥ်ကို ပြန်လည်ထွက်ခွာရန် လက်ပြနေစဥ် လနတ်သား၏ အထက်ပိုင်း ခန္ဓာကိုယ်သည် ရုတ်တရက် ထလာပြီး အေးစက်စက် စိုက်ကြည့်ခဲ့သည်။
"နေဦး။ နင့်နာမည်ကို ပြောစမ်း"
"မင်းက ဘာလို့ သိချင်ရတာလဲ"
သတို့သမီးက တန့်ခနဲ ဖြစ်သွားကာ နားမလည်နိုင်ဟန်ဖြင့် ပြန်လည် မေးခွန်းထုတ်လိုက်၏။
"တစ်နေ့ကျရင် ဒီအကြွေးကို အဆတစ်ရာလောက် ပြန်ဆပ်မလို့"
လနတ်သား၏ မျက်လုံးအတွင်းမှ သွေးများ စီးထွက်နေသော်လည်း နာကျင်ပုံမရချေ။
"ငါ့နာမည်က ယန်ဖူထန်။ ငါ့ကို တွေ့ချင်ရင် ကောင်းချီးပင်လယ်ဆီ လာခဲ့"
သတို့သမီးက ခစ်ခနဲ ရယ်မော၍ ညှင်သာစွာ ဖြေလိုက်ပြီး ယွမ်ရှောင်၏ ရန်ငြှိုးကို လက်ခံလိုက်လေသည်။
"ကောင်းပြီ။ ယန်ဖူထန်၊ မင်းကို မှတ်ထားလိုက်မယ်"