အခန်း ၇၃၉
Vol. 55 Ch. 739
အပိုင်း ၇၃၉ - တမလွန်
ယန်ဖူထန်သည် အောက်ခြေရှိ အဆင့်နိမ့် ပိုးကောင်လေးတစ်ကောင်ကို အထင်အမြင်သေးစွာ ကြည့်နေသကဲ့သို့ ငုံ့ကြည့်လိုက်ပြီး လက်ဝါးဖြင့် ဖိချလိုက်သည်။
"ဂျွတ် ဂျွတ်"
လနတ်သား၏ အထက်ပိုင်း ခန္ဓာကိုယ်က ကြိတ်ဆုံအောက်ရှိ ပဲစေ့လေးပမာ ကြေမွပြီး တစ်ကိုယ်လုံး သွေးမှုန်များအဖြစ် ပေါက်ကွဲသွားတော့သည်။
"သခင်လေးယွမ်"
ဤကား နတ်ဆိုးကိုယ်ပွားသာ ဖြစ်ကြောင်း သိထားသော်လည်း အလောင်းနတ်ဆိုးများက ကာကွယ်မပေးနိုင်သည့်အတွက် ယူကြုံးမရဖြစ်ကုန်၏။ ယန်ဖူထန်က စကားရှည်ရှည်ဝေးဝေး မပြောဘဲ တိုက်ရိုက်သုတ်သင်လိုက်ခြင်းသည် ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်ဘုံ၏ တောဥပဒေကို သက်သေပြခဲ့သည်။ ထို့နောက် နှိပ်စက်ခံနေရသော နွားခေါင်းမြင်းမျက်နှာ သတ္တဝါကြီးများက ဝေါယာဥ်ကို ဆွဲ၍ ဝဲဂယက်တစ်ခုအတွင်း ထိုးဆင်းသွားကြရာ အလွန်အမင်း တိတ်ဆိတ်သွား၏။
"အင်း..."
တိုးညှင်းသော ညည်းသံများအောက်တွင် ကြေမွနေသော ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ပြန်လည် ပေါင်းစည်းခဲ့ပြီး အချိန်တစ်ခုကြာသောအခါ လနတ်သားသည် အံ့သြစရာကောင်းလောက်အောင် ပြန်လည် ရှင်သန်လာသည်။
"ပျက်စီးနတ်ဆိုးခန္ဓာက တကယ်အစွမ်းထက်တာပဲ။ ဒီလောက်ဖြစ်သွားတာတောင် မသေဘူး"
သူက အသက်ကို ပြင်းထန်စွာ ရှူနေရင်း ဘဝပေါင်းများစွာ ကျော်ဖြတ်လိုက်ရသကဲ့သို့ မောပန်းလျက်ရှိ၏။
"ငါ့ရဲ့ သက်စောင့်စွမ်းအင်သာ မရှိရင် မင်းသေတာ ကြာပြီ"
"အသားတွေ အရိုးတွေ ပြန်ဆက်နိုင်တာက ငါ့ကြောင့်ကွ"
အဝါရောင်မျက်လုံးတစ်စုံက မျက်နှာအထက်တွင် ပွင့်လာသကဲ့သို့ နဖူးတွင်လည်း အနီရောင် မျက်လုံးများ တိုးထွက်နေသည်။ ရှင်းရှင်းပြောရလျှင် ပျက်စီးနတ်ဆိုးခန္ဓာက အခြေခံဖြစ်ပြီး နီအန်နှင့် ရှောင်၏ စွမ်းရည်များက အထောက်အကူပစ္စည်းများ ဖြစ်ကြသည်။ မူလကိုယ်တွင်ပင် ဤသို့ ပြန်လည်ကောင်းမွန်နိုင်စွမ်း မရှိဘဲ နတ်ဆိုးကိုယ်ပွားနှင့် ပေါင်းစပ်လျှင်လည်း အသုံးချနိုင်မည် မဟုတ်ပေ။ လနတ်သားတစ်ယောက်တည်းသာလျှင် တစ်စစီ ချေမွခံလိုက်ရခြင်းမှ ပြန်လည် ရှင်သန်နိုင်သည်။
မည်သို့ပင်ဆိုစေကာမူ သူက အလွန်အားနည်းပြီး သွေးဆုတ်ကာ ဖြူဖပ်ဖြူရော်ဖြစ်နေသောကြောင့် စိတ်ထဲတွင် ဒေါသမီးများ အဆက်မပြတ် လောင်ကျွမ်းလာခဲ့သည်။
"ယန်ဖူထန်၊ ငါ့နောက်လိုက်တွေကို လုယူပြီး ငါ့ကိုပါ သတ်ရဲတယ်ဆိုတော့ သေဖို့သာ ပြင်ထား"
သူက တတိယမြောက် တာအိုရင်းမြစ် အနက်ရောင်ခေါင်းတလားကို နားလည်ရန် ဟူသော ရည်ရွယ်ချက်အပြင် လက်စားချေမည့် ဆန္ဒလည်း တိုးလာခဲ့သည်။ ထို့အပြင် ယန်ဖူထန်က အလောင်းနတ်ဆိုးများကို နှိပ်စက်ရခြင်းကို ပျော်မွေ့တတ်သူဖြစ်လျှင် သူတို့၏ အနာဂတ်မှာ မတွေးဝံ့စရာပင်။ လက်ထဲတွင် နားခိုရာလက်နက်နှင့် ကောင်းကင်ဒုစရိုက်နှစ်ပါး ပိုင်ဆိုင်ထားသောကြောင့် ထူးဆန်းသော ကမ္ဘာကြီးတွင် တစ်ကိုယ်တော် ရှေ့ဆက်ရလျှင်လည်း ထိန်းချုပ်စရာမလိုအပ်တော့ပေ။ နောက်ဆက်တွဲ အကျိုးဆက်များကလည်း သူ့ကို ခြိမ်းခြောက်နိုင်စွမ်း မရှိပေ။
"တစ်စစီကြေမွသွားတာတောင် အသက်ရှင်နိုင်မှတော့ ဘာကြောက်နေစရာ လိုသေးလဲ"
ဤကမ္ဘာကြီးက မည်မျှ ထူးဆန်းပါစေ၊ လနတ်သားက ဂရုမစိုက်တော့ဘဲ ဝဲဂယက်ခြောက်ခုထံ ခြေလှမ်းကျဲကျဲဖြင့် ပေါ်တင် ခရီးဆက်လိုက်သည်။ သူက ၎င်းတို့နှင့် နီးကပ်လာသောအခါ အခြားဖြစ်တည်မှုများနှင့်လည်း တွေ့ဆုံလာရပြီး လေးနက်သော မျက်နှာထားကိုယ်စီဖြင့် ခရီးနှင်နေကြ၏။ လူသားနှင့် နတ်ဆိုးမျိုးနွယ်ဝင်များ ပါဝင်ပြီး အသက်ကြီးပိုင်းက အများစု ဖြစ်ကာ မိစ္ဆာများ၊ မိစ္ဆာတစ်ပိုင်းသားရဲများ၊ ဘီလူးများ၊ မှင်စာများ စသဖြင့် စုံလင်လှရာ သူ့ကို အမြင်ကျယ်သွားစေသည်။
"ပြန်လည်ဝင်စားဖို့ အလျင်လိုနေတာလား"
လနတ်သားကို ဆံပင်ပါးပါးနှင့် အဘိုးအိုတစ်ယောက်က မတော်တဆ ဝင်တိုက်မိသွားသဖြင့် စကားစလိုက်ခြင်း ဖြစ်သည်။
"ကောင်းကင်ဘုံက ငါ့ကို တိရိစ္ဆာန်ဘုံထဲ မပို့ပါစေနဲ့"
အဘိုးအိုက ဆုတောင်းစာဆန်ဆန် ရွတ်ဆိုနေပြီး တစ်ချက်လှည့်ကြည့်လာသည်။
"တကယ် ပြန်လည်ဝင်စားမလို့လား။ ဒါပေမယ့် ခင်ဗျားက သေလွန်ဝိညာဥ် မဟုတ်ဘူး။ အသွေးအသားနဲ့ သက်ရှိတစ်ယောက်လေ"
ပြန်လည်ဝင်စားခြင်းဆိုသည်မှာ သေလွန်ပြီးနောက်မှ ဖြစ်လေ့ရှိသော်လည်း ဤခရီးသည်များတွင် မည်သူမျှ သေသွားပုံ မရချေ။
"မင်းက အရူးပဲ"
အဘိုးအိုက လနတ်သားကို စိတ်ပျက်လက်ပျက် စိုက်ကြည့်၍ ရှေ့သို့ ဆက်လျှောက်သွားသောအခါ ဝဲဂယက်များထံ ရောက်သွားတော့သည်။
"မျက်စိခြောက်လုံး မိစ္ဆာကြီး၊ ကျုပ် ထပ်ရောက်လာပါပြီ။ တတိယဘဝမှာ လမ်းစဥ်ကို ပြောင်းလဲချင်ပါတယ်။ ကျေးဇူးပြုပြီး လူ့ဘဝ ဝင်ခွင့်ပေးပါခင်ဗျာ"
ထို့နောက် သူက မျက်နှာချိုသွေးနေသော အပြုံးတစ်ခုဖြင့် ရိုသေစွာ လျှောက်တင်ရင်း သိုလှောင်အိတ်အတွင်းမှ မွှေးကြိုင်သော သစ်သီးအချို့ တင်မြှောက်လိုက်၏။
"ရှေ့မှာ ဘာရှိနေတာလဲ"
လနတ်သားက အစပိုင်းတွင် မည်သည်မျှ မမြင်ရသောကြောင့် ခြေလှမ်းအနည်းငယ် ထပ်တိုးလိုက်ရာ ဝဲဂယက်ခြောက်ခုအနားတွင် ဧရာမ သတ္တဝါကြီးတစ်ကောင်ကို မြင်လိုက်ရလေသည်။ ၎င်းသည် အလောင်းနတ်ဆိုးများထက်ပင် ကြီးမားပြီး ခေါင်းတလားပေါ်တွင် ကပ်တွယ်နေသော ပိုးကောင်ပမာ ရှိ၍ ခြေလက်အင်္ဂါများ မရှိဘဲ ဧရာမမျက်လုံး ခြောက်ခုသာ ပိုင်ဆိုင်၏။ ၎င်းက နတ်ဆိုး မဟုတ် မိစ္ဆာ မဟုတ်သောကြောင့် အထူးသက်ရှိတစ်ကောင် ဖြစ်နိုင်ပြီး နီအန်နှင့် ရှောင်ကဲ့သို့ ထူးဆန်းသော အရာမျိုး ဟုတ်မဟုတ်လည်း မသေချာပေ။ လက်ရှိတွင် မျက်လုံးကြီးများအတွင်းမှ အလင်းတန်းထောင်ပေါင်းများစွာ ထုတ်လွှတ်၍ ခရီးသည်များကို ဖမ်းဆွဲကာ ဝဲဂယက်များအတွင်း ပစ်ချနေသည်။
"တတိယအကြိမ်မှာတောင် ပူဇော်ပစ္စည်းက နည်းလှချည်လား။ အမြဲတမ်း ငတ်နေရမယ့် ပြိတ္တာသာ ဖြစ်လိုက်တော့"
အဘိုးအိုက မတားနိုင်ခင်မှာပင် ငါးခုမြောက် ဝဲအတွင်းသို့ ပစ်ပေါက်ခံလိုက်ရတော့သည်။ ၎င်းက ခရီးသည်များကို ဆက်တိုက် ပို့ဆောင်နေပြီး ယူဆောင်လာသော ပစ္စည်းများကို မျက်လုံးအတွင်း သွတ်သွင်းကာ အငမ်းမရ စားသောက်နေသဖြင့် စိတ်ညစ်ညူးစရာကောင်းလှသော မြင်ကွင်းပင်။
"ရိုင်းစိုင်းလှချည်လား။ မြေခွေးနတ်ဆိုး၊ မင်းရဲ့ ပူဇော်သက္ကာရက ဘယ်မှာလဲ"
အသံကြား၍ လနတ်သား မော့ကြည့်လိုက်သောအခါ မျက်လုံးခြောက်လုံး အနက် တစ်လုံးက အေးစက်စက် စိုက်ကြည့်နေကြောင်း တွေ့ခဲ့ရသည်။
"ငါ..."
"မင်းက ဆင်းရဲနေတာတောင် ပြန်လည်ဝင်စားချင်တာလား။ နောက်ဘဝကျရင် တိရိစ္ဆာန်သာ ဖြစ်ပေတော့"
သူက တွန့်ဆုတ်နေသဖြင့် ဤမကောင်းဆိုးဝါးကြီးကို ဒေါသထွက်သွားစေကာ အလင်းတန်းတစ်ခု ကျရောက်လာ၍ နောက်ဆုံး ဝဲဂယက်အတွင်း ဆွဲချခံလိုက်ရသည်။
"ဘာဖြစ်ဖြစ်၊ ဒီကမ္ဘာထဲကို ငါ ရောက်သွားပြီ"
ပတ်ဝန်းကျင်တွင် တောရိုင်းတိရိစ္ဆာန် အော်သံများ ပြည့်နှက်လာသော်လည်း ဤအရာများက အဓိပ္ပါယ်မရှိဟု ယွမ်ရှောင် ယူဆထား၏။ လနတ်သားနှင့်အတူ ကံဆိုးသူများလည်း ပါလာပြီး ရွှံ့နွံတောတစ်ခုအတွင်း ပြုတ်ကျလာခဲ့ကာ မြင်လေရာရာ အနက်ရောင်မြူခိုးများ သိပ်သည်းနေသည်။ ပတ်ဝန်းကျင်ကို သေချာစွာ မစစ်ဆေးရသေးခင်မှာပင် စူးရှရှ အသံတစ်ခု ဟိန်းထွက်လာ၍ နားစည်အတွင်း နာကျင်သွားစေသည်။
"ဝိညာဥ်သန့်စင်ရေး ဆေးအိုးထဲကို အမြန်ဝင်စမ်း။ ဒီနေရာမှာ အစွမ်းအစရှိရင် လမ်းခြောက်သွယ်ဘုံမှာ နေထိုင်ခွင့်ရပြီး ထာဝရ အသက်ရှင်လိမ့်မယ်"
ထို့နောက် တပွက်ပွက် မြည်နေသော ဆီပူအသံများ ကြားလိုက်ရပြီး ပတ်ဝန်းကျင် အပူချိန်လည်း ချက်ချင်း မြင့်မားလာ၏။ လနတ်သားက အရှေ့သို့ ကြည့်လိုက်သောအခါ ဧရာမ ဒယ်အိုးကြီးတစ်လုံး တွေ့လိုက်ရပြီး အနက်ရောင်မီးတောက်များဖြင့် ကောင်းကင်ထိမတတ် လောင်ကျွမ်းနေသည်။ မဟာတာအိုနယ်မြေတွင် ယွမ်ရှောင်က လုဖန်နှင့် နောက်ဆုံးတိုက်ပွဲအတွက် ပြင်ဆင်နေသော်လည်း လမ်းခြောက်သွယ်ဘုံ၌ နတ်ဆိုးကိုယ်ပွားသည် မသေချာမရောရာသော အရှုပ်အထွေးများအကြား ရောက်နေခဲ့သည်။
"ဒုန်း ဒုန်း ဒုန်း"
လနတ်သားက ကြီးမားလေးလံသော ရိုက်နှက်သံများကို ရုတ်တရက် ကြားလိုက်ရသဖြင့် ပတ်ဝန်းကျင်ကို အာရုံပြောင်းခဲ့သည်။ ဒယ်အိုးအနားတွင် မျက်စိခြောက်လုံး မိစ္ဆာ၏ ခြောက်ပုံတစ်ပုံ အရွယ်အစားရှိသော ရေဘဝဲတစ်ကောင် တည်ရှိကာ လက်တံမြောက်များစွာနှင့် လူသားဦးခေါင်းတစ်ခု ပိုင်ဆိုင်ထားသည်။ လူခေါင်းနှင့် ရေဘဝဲ ခန္ဓာ၊ ဤသတ္တဝါသည်လည်း ပဟေဠိဆန်၍ ထူးခြားဆန်းကြယ်လှ၏။
၎င်းက လက်တံများဖြင့် အဆက်မပြတ် တဒုန်းဒုန်း ထုနှက်နေပြီး အသားလုံးများ ပုံသွင်းနေခြင်း ဖြစ်သည်။ ရိုက်နှက်ခြင်းကြောင့် အသားလုံးများက ကျုံ့လွယ်ဆန့်လွယ် ဖြစ်လာပြီး ဆီပူပူနှင့် ကြော်လိုက်သောအခါ ထင်မထားလောက်အောင် အရသာရှိသော အနံ့များ လွင့်ပျံလာ၏။
"အသားလုံးကြော်က အကောင်းဆုံးပဲ"
ရေဘဝဲကြီးက ရွှေရောင် အသားလုံးကြော်တစ်ခု ဆယ်ယူကာ မြိုချလိုက်ပြီး အရသာခံ စားသောက်နေသည်။
"ဘာတွေ လာကြည့်နေတာလဲ။ မင်းတို့အားလုံး ဒယ်အိုးထဲ ဝင်ကြစမ်း"
အသားလုံးကြော်ကို အာသာငမ်းငမ်း စားသောက်ရင်းဖြင့် လက်တံများ ရှည်ထွက်လာကာ အသစ်ရောက်လာသူထောင်ချီကို ဒယ်အိုးကြီးအတွင်း တန်းတန်းမတ်မတ် ဆွဲချသွား၏။ ပတ်ဝန်းကျင်က ထူးဆန်းလှပြီး ရေဘဝဲသတ္တဝါကြီးတစ်ကောင်သည် မည်သည့်မျိုးနွယ်မဆို ထုထောင်းရိုက်နှက်၍ အသားလုံးအဖြစ် ပြောင်းကာ ကြော်စားနေသည်။ သို့သော် လနတ်သား၏ အမြင်တွင် အရာအားလုံးက အသေးအဖွဲသာ ဖြစ်သွားပြီး ဒယ်အိုးအတွင်း ပွက်ပွက်ဆူနေသော ဆီများမှာ ပျက်စီးချီအဆီအနှစ်ဖြစ်ကြောင်း သိလိုက်ရသောကြောင့်ပင်။
"ပျက်သုဥ်းရေးတပ်က လူသစ်စုနေပြီဟေ့"
ထိုအချိန်တွင် အနက်ရောင် မြူခိုးများ၏ အလွန်တွင် ဧရာမ စစ်တပ်ကြီးတစ်ခု၏ တံပိုးသံများ ကျယ်လောင်စွာ ထွက်ပေါ်လာကာ တစ်စုံတစ်ယောက်သည် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်လေသည်။