အခန်း ၇၄၀
Vol. 55 Ch. 740
အပိုင်း ၇၄၀ - ဝက်ဝံမကြီး
"ပျက်သုဥ်းရေးတပ် ဟုတ်လား"
ဝေးကွာသောနေရာမှ စစ်ချီစစ်မောင်းသံများ နားထဲ ရောက်လာချိန်တွင် လနတ်သားသည် ဒယ်အိုးကြီးအနား မရောက်သေးပေ။ ဟိန်းဟောက်သံများနှင့် တုန်ခါမှုများကြောင့် အနက်ရောင် ဆီပူများက ပြင်းထန်စွာ ဆူပွက်၍ လှိုင်းထသွားသည်။ သူက ကိုယ့်ကိုကိုယ် တည်ငြိမ်အောင် ထိန်းထားရင်း ထိုအရပ်သို့ ကြည့်လိုက်သောအခါ အနက်ရောင်မြူခိုးများအကြား ချီတက်လာသော စစ်တပ်ကြီးတစ်ခုကို မြင်လိုက်ရ၏။
"ဒဏ္ဍာရီလာ ပျက်သုဥ်းရေး တပ်ကြီး"
သူနှင့်အတူ ပြုတ်ကျလာသူများက ကြောက်ရွံ့နေသော်လည်း မနာလိုအားကျစွာ ရေရွတ်နေကြသည်။
"သက်တမ်းကန့်သတ်ချက်ကနေ ကျော်လွန်ပြီး ထာဝရ အသက်ရှင်နိုင်ဖို့ဆိုတာ ဒီအခွင့်အရေးအပေါ် မူတည်တယ်"
တက်ကြွ၍ စိတ်အားထက်သန်သော အလိုဆန္ဒများမှတစ်ဆင့် သူက အချက်တစ်ခု အတည်ပြုနိုင်ခဲ့သည်။
"လမ်းခြောက်သွယ်ဘုံမှာ နေထိုင်ရင် တကယ်ပဲ ထာဝရ အသက်ရှင်မှာလား"
၎င်းက ကျင့်ကြံသူတိုင်း ရှာဖွေနေသော မသေခြင်း ဖြစ်ကာ သက်တမ်းကုန်ဆုံးကာနီး သတ္တဝါများ အတွက် မက်လုံးဖြစ်၏။ အဖြူရောင်ဧကရာဇ် ထိုက်ဝေသည်လည်း သက်တမ်းကို ဆွဲဆန့်ရန် သေမျိုးများစွာကို အရင်းအမြစ်အဖြစ် ဝါးမျိုခဲ့သည် မဟုတ်ပါလော။ ထာဝရအသက်ဟူသော အရာက ဆွဲဆောင်မှုကြီးမားသော်လည်း ကျင့်ကြံရေး လမ်းကြောင်းပေါ်သို့ ရောက်လာသည်မှာ မကြာသေးသော ယွမ်ရှောင်အတွက်မူ စိတ်ပူစရာမလိုပေ။ သူက ငယ်ရွယ်ပြီး ကျန်ရစ်သော သက်တမ်းများကို မည်သို့ကုန်ဆုံးရမည်ကိုပင် တွေးမထားချေ။
"ငါ့နောက်လိုက်တွေက ပြန်ပေးဆွဲခံလိုက်ရပြီ။ ဒီကမ္ဘာက တတိယမြောက် တာအိုရင်းမြစ်ပဲ။ တကယ်လို့ ငါသာ သူတို့အတိုင်း အဆုံးမရှိ ပြန်လည်ဝင်စားနေရင် ဆုံးရှုံးမှုက ကြီးမားတယ်"
သူ၏ ဆုံးဖြတ်ချက်က ပြတ်သားခိုင်မာပြီး လမ်းခြောက်သွယ်ဘုံအကြောင်း စုံစမ်းရန် ဤအခွင့်အရေးကို မဖြစ်မနေ အသုံးချရမည်ဖြစ်ကြောင်း နားလည်သည်။
"ဝုန်း ဝုန်း ဝုန်း"
စစ်တပ် ရောက်ရှိလာသောအခါ သွေးဆာရိုင်းစိုင်းသည့် နတ်ဆိုးများဖြစ်ပြီး ဒယ်အိုးကြီး၏ အထက်တွင် ပေါ်ပေါက်လာကာ တစ်ကောင်ချင်းစီသည် ကြီးမားသန်စွမ်းလှသည်။
"ဒီတပ်ထဲမှာ နတ်ဆိုးအားလုံးက တာအိုကပ်ဘေး လေးဆင့်မြောက် ကျင့်ကြံသူတွေ ဖြစ်နေလောက်ပြီ"
ထိုအဆင့် ကျင့်ကြံသူများကို ရင်မဆိုင်ဖူးသော်လည်း ဤနတ်ဆိုးများသည် ပိုင်စုစုထက် များစွာသန်မာကြောင်း ယွမ်ရှောင် ခံစားမိသည်။ ထူးဆန်းသည်မှာ နတ်ဆိုးများ၏ ဦးခေါင်းတွင် တော်ဝင်သားတော်ကဲ့သို့ ရောင်ခြည်စက်ဝန်းများ မရှိပေ။ ထို့ကြောင့် ကျင့်ကြံဆင့် မြင့်မားသွားလျှင် လမ်းစဥ်များက သိသိသာသာ ကွဲပြားသွားကြောင်း ညွှန်ပြနေ၏။ ပျက်သုဥ်းရေးတပ်ကြီး ဖြတ်သန်းသွားသောအခါ အောက်ဘက်ရှိ သတ္တဝါများအပေါ် ဖိအားကြီးကြီးမားမား သက်ရောက်၍ ချွေးစေးများ ထွက်လာကုန်သည်။
လနတ်သား၏ ငွေရောင်မျက်လုံးများက ခေါင်းဆောင်ဖြစ်ဟန် တူသော ဧရာမနတ်ဆိုးကြီးထံ အကြည့်ရောက်သွား၏။ တစ်ကိုယ်လုံး မီးလျှံများ တဟုန်းဟုန်း တောက်လောင်၍ အကြီးမားဆုံးဖြစ်ကာ ရိုင်းစိုင်းခက်ထန်ပြီး စွမ်းအားတို့ ပြည့်နှက်နေသည်။ ၎င်းက ဝက်ဝံနတ်ဆိုးတစ်ကောင်ဖြစ်ပြီး သာမန်နတ်ဆိုးသားရဲ မဟုတ်ဘဲ သွေးမျိုးဆက် မြင့်မားမည်မှာ မလွဲဧကန်ပင်။ ၎င်း၏ ကြွက်သားများက ဖုထစ်ဖောင်းကြွ၍ လမ်းလျှောက်လိုက်တိုင်း မြေပြင်ကို ပြိုကျသွားစေနိုင်သကဲ့သို့ မာန်ပါလှသည်။ ဧရာမပါးစပ်ကြီး ပွင့်လာသောအခါ နောက်ထပ်ဒယ်အိုးကြီးပမာ ထင်ရပြီး အသက်ရှူထုတ်လိုက်တိုင်း မီးလျှံအခိုးများ တလူလူ ထွက်လာသည်။
"ပျက်သုဥ်းရေး တပ်ကြီးက တိရိစ္ဆာန်ဘုံရဲ့ နတ်ဆိုးစစ်တပ် များလား"
နတ်ဆိုး အကောင်ရေတစ်ထောင်သာ ရှိသော်လည်း နှိုင်းယှဥ်ရလျှင် မဟာတာအိုနယ်မြေ၏ စစ်အင်အားကို ခဏအတွင်း နင်းချေဖျက်ဆီးပစ်နိုင်သည်။ အရင်းအမြစ်နှင့် ချီစွမ်းအား သာလွန်သော ကမ္ဘာတစ်ခုသည် ရတနာများနှင့် ဆန်းပြားသော သက်ရှိပေါင်းစုံကို သဘာဝကျစွာ ဖြစ်ပေါ်စေနိုင်၏။
"ထိုက်မင်းဆက်ရဲ့ ဘိုးဘေးနယ်မြေနဲ့ လမ်းခြောက်သွယ်ဘုံ ယှဥ်လိုက်ရင် ဘယ်လိုနေမလဲ"
မူလကိုယ်က ကောင်းကင်ရုံးတော်တွင် ပိတ်မိနေဆဲဖြစ်သော်လည်း နတ်ဆိုးကိုယ်ပွားသည် အနာဂတ်အတွက် လမ်းကြောင်းခင်းရန် အရင်းအမြစ်များ စုဆောင်းရပေလိမ့်မည်။ အကယ်၍ သူသာ လွတ်မြောက်နိုင်လျှင် ယွမ်ရှောင်သည် ပန်းတိုင်တစ်ခုကို တိတိကျကျ သတ်မှတ်နိုင်ပေမည်။
ထိုအခိုက်အတန့်တွင် နတ်ဆိုးများက လူအသွင်ပြောင်းလိုက်ကြပြီး အနက်ရောင်သံချပ်ဝတ်ကိုယ်စီနှင့် စနစ်တကျရှိကာ အစွမ်းထက်လှသော စစ်တပ်ကြီး ပုံပေါ်လာခဲ့သည်။ ပျက်စီးချီအဆီအနှစ်၏ ကြမ်းကြုတ်သော စွမ်းအားများ စီးဆင်းနေသည့် ချပ်ဝတ်သည် သာမန်ချပ်ဝတ်များထက် သိသိသာသာ ပို၍ အစွမ်းထက်နေ၏။ ရင်ဘတ်ချပ်ကာများအထက်တွင် ခက်ထန်ရက်စက်သော ဝက်ဝံမျက်နှာကြီး ရေးထွင်းထားကာ ခေါင်းဆောင်ဖြစ်သူ၏ အာဏာ ပြယုဂ်ပင်။
"အမတစ်ကောင်လား"
လနတ်သားသည် တပ်မကြီး၏ ရှေ့တွင် နေရာယူထားသော ခေါင်းဆောင်၏ လူအသွင်သဏ္ဍာန်ကို မြင်လိုက်ရသောအခါ မင်သက်သွားကာ ရာနှုန်းပြည့် အာရုံစိုက်နေ၏။ သူမက လေထဲတွင် ရပ်နေပြီး အရပ်ကိုးပေကျော် မြင့်ကာ ပိုင်စုစုထက် ပို၍ ကြီးမားနေကာ ကြွက်သားအမြောင်းမြောင်း ထနေသော ခန္ဓာကိုယ်ကြောင့် ဖြစ်သည်။ ရုပ်ရည်က ဆွဲဆောင်မှုရှိသော်လည်း ကြွက်သားများကြောင့် ကောက်ကြောင်းလှပသကဲ့သို့ ကြောက်စရာလည်း ကောင်းနေသည်။ ဖြောင့်စင်းသော နှာတံ၊ တောက်ပသော အနီရောင် နှုတ်ခမ်းများနှင့် မျက်နှာဝိုင်းဝိုင်းလေးကမူ ဝက်ဝံနတ်ဆိုးတစ်ကောင်ဖြစ်ကြောင်း ယုံနိုင်စရာ မရှိပေ။
ဝက်ဝံနတ်ဆိုးကို စကားလုံးတစ်လုံးတည်းဖြင့် ဖော်ပြရလျှင် ပေါက်ကွဲအား ဖြစ်ပြီး အရာရာ လျှံထွက်နေသည်။ ရင်ဘတ်တွင်ဖြစ်စေ၊ အမို့အမောက် အကွေ့အကောက်များ ဖြစ်စေ ချပ်ဝတ်အောက်မှ ပေါက်ထွက်မတတ် ရုန်းကြွနေကာ မည်သူမဆို နှစ်ခါပြန် လှည့်ကြည့်မိပေလိမ့်မည်။
"သွားမကြည့်နဲ့။ မဟုတ်ရင် သူက မင်းကို အသားကြိတ်စက်လို နုတ်နုတ်စင်းပစ်လိုက်လိမ့်မယ်"
အနားရှိ သတ္တဝါအများစုက အကြည့်လွှဲလိုက်သော်လည်း လနတ်သား၏ မျက်လုံးများမှာ နေရာမရွေ့ပေ။
"ဝက်ဝံတစ်ကောင်ဖြစ်ပေမယ့် လူအသွင်ပြောင်းလိုက်ရင် လက်ခံနိုင်စရာ ရှိတယ်"
မူလကိုယ်က ဤသို့သော အကြိုက်မျိုး မရှိသော်လည်း မြေခွေးနတ်ဆိုးဖြစ်သည့် ကိုယ်ပွားအတွက် ရွံစရာ မဟုတ်ပေ။ သို့သော်လည်း ယွမ်ရှောင်က ချက်ချင်း သတိပြန်ဝင်လာပြီး စွမ်းအား ကွာခြားချက် အလွန်ကြီးမားနေချိန်တွင် လက်တွေ့မကျသော အတွေးများမှာ အန္တရာယ်ရှိ၍ ရပ်တန့်စေလိုက်သည်။
"စစ်သူကြီး"
ပျက်သုဥ်းရေး တပ်ကြီးအတွင်းမှ မြေခွေးအမြှီးကိုးချောင်း ပိုင်ရှင် လူငယ်တစ်ယောက် ထွက်ပေါ်လာကာ သံသယရှိစရာ မလိုလောက်အောင် အစွမ်းထက် မြေခွေးနတ်ဆိုးတစ်ကောင် ဖြစ်၏။ ၎င်း၏ ခန္ဓာကိုယ်က ပိန်ပိန်ပါးပါး ဖြစ်သော်လည်း တစ်မျိုးတစ်ဖုံ ခန့်ညားထည်ဝါ၍ ဝက်ဝံမကြီးထံ ရိုရိုသေသေ လျှောက်တင်လိုက်သည်။
"အခုပဲ ရွေးချယ်မှုကို စတင်လိုက်ရတော့မလားခင်ဗျာ"
"လုပ်လိုက်"
သူမ၏ အသံက ခန္ဓာကိုယ်ကြီးနှင့် မလိုက်အောင် သိမ်မွေ့ညင်သာ၍ ယောကျ်ားတိုင်း၏ ရင်ကို လှုပ်ခတ်သွားစေသည်။
"အမိန့်အတိုင်းပါ"
မြေခွေးနတ်ဆိုးက နောက်လိုက်တစ်စုကို ဦးဆောင်၍ ဒယ်အိုးကြီးထံ ဆင်းသက်လာသောအခါ အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်ကုန်သည်။
"သူတို့လာနေကြပြီ။ ဆီထဲကို အမြန်ဝင်စမ်း"
"အခွင့်အရေးကို မလွတ်စေနဲ့။ တောင့်ခံထား"
ဤအသံများကြောင့် လနတ်သားသည်လည်း နှစ်ခါပြန်မစဥ်းစားဘဲ ဒယ်အိုးအတွင်း ခုန်ချလိုက်တော့သည်။ ပျက်သုဥ်းရေးတပ်ကြီးက စစ်သည်အသစ်များ ခေါ်ယူရန် ရည်ရွယ်ကြောင်း ထင်ရှားပြီး ပျက်စီးအဆီအနှစ်နှင့် သက်ဆိုင်သော နတ်ဆိုးများကို ရွေးချယ်ပေလိမ့်မည်။ ၎င်းက အဆင့်အတန်းမျိုးစုံ နောက်ခံပေါင်းစုံ ရှိသော နတ်ဆိုးများအကြားတွင် ဘုံအရည်အချင်းတစ်မျိုး ဖြစ်သည်။ သွေးမျိုးဆက်နှင့် ပါရမီများက ကန့်သတ်ချက်တစ်ခု ဖြစ်သော်လည်း ၎င်းကို စုပ်ယူကျင့်ကြံရာတွင် အရှိန်နှုန်းမှာ အရေးပါလှ၏။
"ပျက်စီးနတ်ဆိုးခန္ဓာက သွေးမျိုးဆက်နဲ့ တခြားပါရမီတွေ မရှိရင်တောင် ပျက်စီးချီနဲ့ ပတ်သက်ရင် အမြင့်ဆုံးပဲ"
ပျက်သုဥ်းရေးတပ်အတွင်း ဝင်ခွင့်ရရေးအတွက် လနတ်သားက အရည်အချင်းတချို့ ပြသရန် ဆုံးဖြတ်ထား၏။ အားလုံးကို ပြသလိုက်လျှင်မူ ခြိမ်းခြောက်နိုင်စွမ်းကြောင့် အန္တရာယ်များပြီး ဝက်ဝံမကြီးသည် ယန်ဖူထန်ကဲ့သို့ လူစားမျိုး ဖြစ်နေလျှင် ချက်ချင်း အသတ်ခံလိုက်ရပေလိမ့်မည်။
"နှမြောစရာပဲ"
များပြားလှသော ပျက်စီးချီ အဆီအနှစ်များကို သူက စိတ်တိုင်းကျ ဝါးမျိုပစ်လိုက်ချင်သော်လည်း ရေဘဝဲကြီးနှင့် ပျက်သုဥ်းရေးတပ် ရှိနေသဖြင့် ထိန်းချုပ်ထားရန်မှတစ်ပါး ရွေးစရာ မရှိတော့ပေ။
ရေဘဝဲကြီးက လက်တံများ ဆန့်ထုတ်ပြီး ဆီများကို ဂရုတစိုက်ဖြင့် မွှေနှောက်နေကာ စစ်သူကြီးကိုယ်တိုင်ကမူ ၎င်းကို ဦးညွှတ်လျက် ရှိသည်။ အန္တရာယ်များလွန်းသော နေရာတွင် ပေါ်လွင်ထင်ရှားနေလျှင် ကိုယ့်သေတွင်းကိုယ် တူးသည်နှင့် မခြားပေ။ ပို၍ ထင်ရှာလေလေ၊ အန္တရာယ် များလေလေ ဖြစ်ကာ လနတ်သားသည် တည်ငြိမ်စွာဖြင့် ဒယ်အိုးအတွင်း ငုပ်လျှိုးလိုက်သည်။
"ရွှီ ရွှီ"
ဆီ၏ အပူချိန်က မြင့်လွန်းသောကြောင့် တစ်ကိုယ်လုံး တောက်လောင်နေ၍ အနီရောင်သန်းကာ ငွေရောင်ဆံပင်များ အထက်သို့ ထောင်သွားလေသည်။