အခန်း ၇၄၁
Vol. 55 Ch. 741
အပိုင်း ၇၄၁ - ပျက်သုဥ်းရေးတပ်ထဲ ဝင်ရောက်ခြင်း
"တော်တော် အစွမ်းထက်တာပဲ။ ဒီဆီထဲက ပျက်စီးအဆီအနှစ်တွေက ဘယ်အဆင့်လဲ မသိဘူး"
လနတ်သားသည် ပွက်ပွက်ဆူနေသော ဆီထဲတွင် စိမ်နေရင်း ပျက်စီးချီများ စုပ်ယူ၍ ခန္ဓာကိုယ်ကို သန့်စင်ရင်း ပျက်သုဥ်းရေးတပ်၏ လှုပ်ရှားမှုအားလည်း စောင့်ကြည့်နေခဲ့သည်။ တပ်သားများသည် ပျက်စီးအဆီအနှစ် စွမ်းအားကို ခံနိုင်ရည်ရှိသူများထံ အနက်ရောင် ပုတီးစေ့များ ယူဆောင်လာကြပြီး တုန်ခါမှုများလေလေ ပါရမီ မြင့်လေလေ ဖြစ်နိုင်၏။ အများစုက ၎င်းကို တုန်ခါအောင် မလုပ်နိုင်ဘဲ အနည်းငယ်သာလျှင် ညှင်သာစွာ တုန်ခါစေနိုင်ပြီး တပ်သားများက သူတို့ကို ပခုံးပုတ်၍ ခေါ်ဆောင်သွားကြသည်။ စမ်းသပ်မှုကို အောင်မြင်သော နတ်ဆိုးများသည် ဝမ်းသာလွန်းသဖြင့် မျက်ရည်ကျလာကာ စမ်းသပ်သူများအပေါ် အထပ်ထပ် အခါခါ ကျေးဇူးတင်လျက် ရှိသည်။
"မင်း"
လနတ်သားက ပတ်ဝန်းကျင်ကို စူးစမ်းနေစဥ် ခေါ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသဖြင့် စိတ်လေးသွားသည်။ တစ်စုံတစ်ယောက်က သူ သတိမထားနိုင်ခင် အနားသို့ ရောက်လာခြင်းမှာ ကြောက်စရာကောင်းသော ခွန်အား ပိုင်ဆိုင်ထား၍ ဖြစ်၏။ မော့ကြည့်လိုက်သောအခါ မြေခွေးနတ်ဆိုး ဖြစ်နေပြီး စိတ်ဝင်တစား စစ်ဆေးနေကာ တစ်ချက်ပြုံး၍ မေးခွန်းထုတ်လာသည်။
"မိန်းကလေးက ဘယ်ကနေ လာတာလဲ"
"အကြီးအကဲ၊ ကျုပ်က ယောကျ်ားလေးပါ"
လနတ်သား၏ အဖြေကြောင့် မြေခွေးနက်မှာ ကိုယ့်လျှာကိုယ် ကိုက်မတတ် ဖြစ်သွားကာ သူ၏ ပေါင်ကြားသို့ မယုံနိုင်စွာ လှမ်းကြည့်ရင်း မျက်နှာ ရှုံ့မဲ့သွားသည်။
"အတော်ထူးဆန်းတဲ့ ကောင်"
တစ်ဖက်လူက စိတ်ပျက်လက်ပျက်ဖြင့် လှည့်ထွက်သွားသဖြင့် သူသည် အခွင့်အရေးကို ဆုပ်ကိုင်ရန် တားမြစ်လိုက်၏။
"စမ်းသပ်မှု မပြီးသေးဘူးလေ"
သို့သော် မြေခွေးနက်က ဂရုမစိုက်ဘဲ လမ်းခြောက်သွယ်ဘုံ၏ လက်တွေ့တရား ဖြစ်သည်။ စွမ်းအား၊ အဆင့်အတန်း၊ သွေးမျိုးဆက်အပြင် ဆွဲဆောင်မှုကလည်း အချက်တစ်ခု ဖြစ်ပြီး ၎င်းတို့မရှိလျှင် အလေးထားခံရရန် ခက်ခဲပေသည်။ တစ်ဖက်လူ၏ အေးစက်စက် သဘောထားကြောင့် အခွင့်အရေး ပျောက်ကွယ်ကာနီး ဖြစ်နေသောအခါ လနတ်သားက စကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ စုပ်ယူမှုကို မြှင့်တင်လိုက်၏။ ဒယ်အိုးကြီးအတွင်း ဝဲတစ်ခုပမာ ဖြစ်တည်လာသောအခါ ဗဟိုချက်ရှိ သူ့ထံ အာရုံစိုက်မှုများ ကျရောက်လာခဲ့သည်။
မြေခွေးနက်က လှည့်ထွက်သွားပြီး ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးချိန်တွင် လက်ထဲရှိ ပုတီးစေ့သည် ပြင်းထန်စွာ တုန်ခါလာပြီး တစ်သက်လုံး မြင်ဖူးသမျှထက် သာလွန်နေ၏။
"ဒါက ပျက်နေတာလား"
သူက မျက်မှောင်ကြုတ်ရင်း လနတ်သားထံ လှည့်ကြည့်ပြီး နှာခေါင်းတစ်ချက်ရှုံ့၍ ဓားတစ်လက်ပမာ ချွန်ထက်သော လျှာကို ဆန့်ထုတ်ပြီး လည်ချောင်းထံ ချက်ချင်း ထိုးစိုက်ပစ်လိုက်သည်။
"သေစမ်း"
လည်ချောင်းမှ သွေးများ ပန်းထွက်လာသဖြင့် လနတ်သားက မင်သက်နေပြီး ဤကမ္ဘာကြီး၏ ရုန့်ရင်းကြမ်းတမ်းသော စည်းမျဥ်းကို နားလည်စပြုလာ၏။ ကောင်းကင်ရုံးတော်ကဲ့သို့ အပေါ်ယံ ဟန်ဆောင်မှုများ မရှိဘဲ အမှန်တကယ် ရက်စက်ကြမ်းကြုတ်လွန်းသည်။
"ပါရမီ မြင့်မားလွန်းနေတာလည်း ပြဿနာတစ်ခုပဲ"
လနတ်သား သေပြီဟု ထင်မှတ်ကာ မြေခွးနက် ထွက်ခွာသွားသောအခါ အနားရှိ ကျင့်ကြံသူများသည် ကျောရိုးအထိ စိမ့်တက်သွားကာ မနာလိုမှုအစား ကရုဏာသက်လာကြ၏။ မြေခွေးနက်က ပါရမီရှင်တစ်ယောက်ကို လူမသိသူမသိ သတ်ပစ်လိုက်နိုင်ပြီဟု ထင်မှတ်နေစဥ်မှာပင် အရိပ်မည်းကြီးတစ်ခု ထိုးကျလာသည်။
"စစ်သူကြီး"
မြင့်မားသော သံချပ်ကာဝတ် ဝက်ဝံကြီး၏ မျက်နှာက သူ့ကို အသက်ရှူရပ်မတတ် ထိတ်လန့်သွားစေကာ အသံပင် တုန်ယင်နေသည်။
"ပြဿနာ တစ်ခုခု ရှိနေတာလား"
"မရှိ.."
သူက အကြောင်းပြနေစဥ်မှာပင် လက်ထဲရှိ ပုတီးစေ့သည် နောက်တစ်ကြိမ် ပြင်းပြင်းထန်ထန် တုန်ခါလာပြန်၏။ ထို့ကြောင့် သူက အသက်ကို ပြင်းပြင်းရှူ၍ လှည့်ကြည့်လိုက်သောအခါ လနတ်သားသည် သေသွားရမည့်အစား ဒယ်အိုးအတွင်းရှိ ပျက်စီးအဆီအနှစ်များအား ဆက်လက်စုပ်ယူနေကြောင်း တွေ့လိုက်ရသည်။ လည်ပင်းတွင် သွေးစို့နေသော ဒဏ်ရာတစ်ခု ရှိသော်လည်း မျက်စိဖြင့် မြင်နိုင်လောက်သော အမြန်နှုန်းဖြင့် ပြန်လည်ကောင်းမွန်လာနေသည်။
"မဖြစ်နိုင်ဘူး"
အဆင့်နိမ့် နတ်ဆိုးသားရဲတစ်ကောင်သည် သူ၏ တိုက်ကွက်အောက်တွင် သေချာပေါက် သေဆုံးရပေလိမ့်မည်။ စစ်သူကြီးက ပုတီးစေ့ကို ဆွဲလုသွားပြီး လှပသော မျက်ဝန်းများဖြင့် လနတ်သားထံ ကြည့်လိုက်သောအခါ အနည်းငယ် တောက်ပသွားသည်။
"မင်းကို ပျက်သုဥ်းရေး တပ်ထဲ ဝင်ခွင့်ပေးမယ်။ မင်းရဲ့ ဆန္ဒက ဘာလဲ"
"သူ့ကို သတ်ပေးပါ"
လနတ်သားက ဒယ်အိုးအတွင်းမှ မတ်တပ်ထရပ်လာပြီး မြေခွေးနက်ကို လှောင်ပြုံးတစ်ချက် ပြုံးပြကာ ပြောလိုက်၏။
"စစ်သူကြီး"
မြေခွေးနက်က ကိုယ့်ကိုကိုယ် ခုခံပြောဆိုချင်သော်လည်း ရုတ်တရက် ကျဆင်းလာသော လက်ဝါးချက်အောက်တွင် ဦးခေါင်းမှာ ပြားကပ်သွား၏။
"အား"
အလောင်းက ဒယ်အိုးအတွင်း ဒလိမ့်ကောက်ကွေး ပြုတ်ကျ၍ အနက်ပိုင်းသို့ ထိုးဆင်းသွားကာ နောက်တစ်ကြိမ် ပြန်ပေါ်မလာတော့ပေ။
"စစ်သူကြီး"
ဝက်ဝံနတ်ဆိုးသည် လေပြင်းတစ်ချက်ပမာ ရောက်ရှိလာကာ လနတ်သားရှေ့တွင် ရပ်၍ ခေါင်းအစခြေအဆုံး စစ်ဆေးလိုက်သည်။ သူက စကားပြောရန် ပြင်နေစဥ်မှာပင် စွေ့ခနဲ ကောက်ချီခံလိုက်ရပြီး ပခုံးပေါ် ထမ်းလျက်သား ပါသွားတော့သည်။
"စစ်သူကြီးက အချောလေးတစ်ယောက် ရသွားပြီ"
"ဒီကောင့်ကို သနားတောင် သနားသွားပြီ"
"ဘယ်လောက်ကြာကြာခံမလဲ လောင်းကြမလား"
နတ်ဆိုးတပ်သားများအကြားတွင် စကားသံများ ပေါက်ကွဲ ထွက်ပေါ်လာသည်။ ထိုအခိုက်အတန့်တွင် ရေဘဝဲကြီးသည် ကြွပ်ရွနေပြီဖြစ်သော မြေခွေးနက်၏ အလောင်းကို ဆယ်ယူကာ အသားလုံးဖြစ်အောင် ထုထောင်းနေခဲ့လေသည်။
"ဟတ်ချိုး..."
မဟာတာအိုနယ်မြေတွင် ယွမ်ရှောင်သည် ဓားယာဥ်အတွင်း ကျင့်ကြံနေရင်း ထိန်းချုပ်မရဘဲ ကျယ်လောင်စွာ နှာချေလိုက်မိသောကြောင့် စစ်မင်းသမီးပင် ထိတ်လန့်သွားသည်။
"နင် ဘာလုပ်တာလဲ။ ငါ အဆင့်တက်မလို့ကို ပျက်စီးသွားပြီ"
"မင်းက အိပ်မက်ထဲမှာ အဆင့်တက်မလို့လား"
အမှန်တကယ်မှာ သူမသည် ကြိုးကြိုးစားစား ကျင့်ကြံနေသော ယွမ်ရှောင်အနားတွင် အိပ်ရာတစ်ခုခင်း၍ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခြင်း ဖြစ်သည်။ လှပသော ကောက်ကြောင်းနှင့် အမို့အမောက်များက အထင်းသား မြင်နေရရာ မည်သို့သော ယောကျ်ားသားက စိတ်ဖြောင့်ဖြောင့်နှင့် ကျင့်ကြံနိုင်ပါမည်နည်း။
"နင့်မျက်နှာက ဘာလို့ နီနေတာလဲ"
သူမက တစ်ခုခု သံသယဖြစ်စရာ တွေ့လိုက်ရဟန်ဖြင့် အနားကပ်လာပြီး မေးလိုက်သည်။ သို့သော် ယွမ်ရှောင်၏ အောက်ပိုင်းတွင် မြွေတစ်ကောင် အမောက်ထောင်နေသည်ကို မြင်လိုက်ရသဖြင့် ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် ကာရင်း ချက်ချင်း နောက်ဆုတ်သွားတော့၏။
"လုဖန်၊ မသေသေးဘူးနော်။ အချိန်မရွေး ရောက်လာနိုင်တယ်။ မဟုတ်တာတွေ မတွေးနဲ့"
"ဒါက မင်းနဲ့ ဘာမှမဆိုင်ဘူး"
"ဒီမှာ ငါတို့နှစ်ယောက်တည်း ရှိတာလေ"
နတ်ဆိုးကိုယ်ပွားက ဝက်ဝံနတ်ဆိုးထံ ရောက်နေကြောင်း ယွမ်ရှောင်အနေဖြင့် သူမကို မပြောလိုပေ။ သူတို့က ဝိညာဥ်တစ်ခုတည်းဖြင့် ချိတ်ဆက်ထားသောကြောင့် လနတ်သား ခံစားရသမျှ သူ သိနိုင်ပြီး အရိုက်ခံရလျှင် နာကျင်ပေလိမ့်မည်။ ထို့နောက် သူက သက်ပြင်းတစ်ချက်ချ၍ လမ်းခြောက်သွယ်ဘုံကို ခဏမေ့ထားကာ အဆင့်တက်ရန် ဆက်လက် ကျင့်ကြံလျက်ရှိသည်။ ထိုက်မင်းဆက်ကို ဖြုတ်ချပြီးနောက် ကောင်းကင်ရုံးတော်၏ အရင်းအမြစ် အားလုံးသည် သူ့အပိုင် ဖြစ်လာ၍ မိုးကြိုးဌာနတွင် ရှိသည်ထက် ဆယ်ဆမက များပြားနေ၏။ ထို့အပြင် တော်ဝင်သားတော်၏ သိုလှောင်အိတ်ထဲတွင်လည်း ရတနာများစွာ ရှိပြီး အနက်ရောင်သားရဲလေးကို ဝဝလင်လင် အစာကျွေးနိုင်ခဲ့သည်။
ယွမ်ရှောင်က ကျင့်ကြံခြင်းတွင် လျင်မြန်စွာ တိုးတက်နေပြီး လုဖန် ရောက်မလာခင် မူလကိုယ်နှင့်သွေးကျွန်ကို ညနတ်ဘုရားနယ်ပယ် အခြေတည်အဆင့်အထိ တွန်းတင်မည် ဖြစ်၏။ ကျင့်ကြံဆင့် ခိုင်မာအောင် လုပ်ရန် သူက အရင်းအမြစ် အားလုံးကို ဝါးမျိုခဲ့ပြီး ဖရိုဖရဲ မူလဝိညာဥ်နှင့် နောက်ဆုံးတိုက်ပွဲအတွက် ကြိုးစားပမ်းစား ပြင်ဆင်နေသည်။ ကျင့်ကြံပြီးနောက် သူက ယုံကြည်ချက်အပြည့်ဖြင့် ထရပ်လိုက်ပြီး တော်ဝင်နန်းတော်မှာ လက်ရှိတွင် လူသူလေးပါးကင်းမဲ့၍ တိတ်ဆိတ်သော ပတ်ဝန်းကျင်တစ်ခု ဖြစ်နေသည်။ သူက ရန်သူ ရောက်ရှိလာမည့် အချိန်ကို နန်းတော်အတွင်းမှ အေးအေးဆေးဆေး စောင့်ဆိုင်းလျက် ရှိလေသည်။