အခန်း ၇၄၂
Vol. 55 Ch. 742
အပိုင်း ၇၄၂ - ထိုက်ကျိတံခါး
ဝိညာဥ်နယ်မြေ၊ မရဏတံခါးအတွင်းပိုင်းတွင် ယွမ်ရှောင်သည် အတွေးရတနာ လူသားဝိညာဥ်နှင့် ကပ်ဘေးမိစ္ဆာဝိညာဥ်တို့ကို ထိန်းချုပ်၍ အသက်တံခါးထံ ခရီးနှင်လျက်ရှိသည်။ ၎င်းသည် နေတစ်စင်းပမာ တောက်ပ၍ အဖြူရောင်ထွန်းလင်းပြီး မည်းမှောင်နေသော ပတ်ဝန်းကျင်တစ်ခွင် မျှော်လင့်ချက် ရောင်ခြည်ကဲ့သို့ တည်ရှိသည်။ မဟာတာအိုနယ်မြေ၏ ဝိညာဥ်ကမ္ဘာသည် တစ်ချိန်က ထိုက်မင်းဆက်၏ လက်အောက်တွင် ရှိခဲ့သော်လည်း ထိုက်ဝေ သေဆုံးသွားသောအခါ မည်သူမဆို လွတ်လွတ်လပ်လပ် ကျင့်ကြံနိုင်လာ၏။ လက်ရှိတွင် သူက နားခိုရာ လက်နက် ကိုင်ဆောင်ထားသော ထိုက်ဝေကို တစ်ကိုယ်တော် အနိုင်ယူနိုင်ပြီ ဖြစ်သော်လည်း လုဖန်နှင့် ရင်ဆိုင်ရန် မလွယ်သေးပေ။
သူတို့က နောက်ဆုံးတိုက်ပွဲတွင် ပိတ်မိနေကြပြီး သေရေးရှင်ရေး အခိုက်အတန့်တွင် တစ်ယောက်ကို တစ်ယောက် ကျော်တက်ရန် အပြိုင်အဆိုင် ကြိုးစားနေကြသည်။ တိုးတက်ခြင်းသည် ရှင်သန်ရေးအတွက် အလိုအပ်ဆုံးဖြစ်ကာ အချိန်သာရလျှင် ယွမ်ရှောင်က မည်သူ့ကိုမှ မကြောက်ချေ။ သူက အဆင့်လေးဆင့်တိတိ ကျော်ဖြတ်ပြီး ညနတ်ဘုရားနယ်ပယ် ထိပ်ဆုံးသို့ ရောက်နေသော်လည်း လုဖန် ပျောက်ကွယ်၍ မည်သူမျှ ရှာမတွေ့နိုင်အောင် ပုန်းအောင်းနေဆဲ ဖြစ်သောကြောင့် လူလုံးထွက်ပြလိုက်သည်။
အသက်တံခါးရှေ့တွင် ယွမ်ရှောင်၏ ဝိညာဥ်များသည် တိုက်ပွဲဝင်ကာနီး စစ်သည်များပမာ အသင့် နေရာယူလိုက်ကြပြီး ၎င်းကို ကျော်ဖြတ်ရန် အကြိမ်ကြိမ် ကြိုးစားဖူးသော်လည်း ကျရှုံးနေရသည်။ သို့သော် သူက အရင်းအမြစ်များကို အသုံးပြု၍ ဝိညာဥ် အားကောင်းလာစေခဲ့ပြီး ကျရှုံးမှုတိုင်းတွင် အသိအမြင်အသစ်များ တိုးတက်လာ၏။ လူသားဝိညာဥ်က အသက်ပြင်းပြင်းရှူ၍ ကိုယ့်ကိုကိုယ် ဓားသွားပမာ ပြင်ဆင်ကာ အသက်တံခါးထံ ဦးဆောင်၍ ထိုးနှက်လိုက်သကဲ့သို့ မိစ္ဆာဝိညာဥ်မှာလည်း သွေးနဂါးအသွင်ဖြင့် လိုက်ပါလာခဲ့သည်။ သူတို့က အခွင့်အရေးအတွက် ပူးပေါင်းတိုက်ခိုက်နေရုံသာမကဘဲ ဝိညာဥ် ခိုင်မာစေရန် ဖြစ်ပြီး ဓားတစ်လက်နှင့် နဂါးတစ်ကောင်သည် အလျှော့မပေးစတမ်း တိုက်ခိုက်ကာ ဟိန်းဟောက်လျက် ရှိ၏။
ဘုန်းခနဲ မြည်သံနှင့်အတူ အသက်တံခါးကို ဆောင့်မိသောအခါ ဖိအားတစ်ခုသည် လက်ပေါင်းများစွာက ဝိညာဥ်ကို ဖမ်းချုပ်နေသကဲ့သို့ ကျရောက်လာပြီး လက်ရှိနယ်ပယ်အထက်သို့ မတက်နိုင်စေရန် တားဆီးနေခဲ့သည်။
"မရဏတံခါးကနေ အသက်တံခါးကို ဖောက်ထွက်ပြီး ဒီအဆင့်က ကျင့်ကြံရေးလမ်းကြောင်းမှာ သာမန်ပဲ မဟုတ်ဘူးလား။ ငါ့ကို မတားနိုင်စေရဘူး"
ယွမ်ရှောင်၏ ခိုင်မာပြတ်သားသော စိတ်ဆန္ဒက မြင့်တက်နေပြီး ဖန်ဆင်းရှင် အင်မော်တယ် လူဝင်စားဖြစ်သည့်အားလျော်စွာ အရာအားလုံးကို အထင်သေးစွာ သဘောထားနိုင်သည်။ တိုက်ခိုက်လိုစိတ်က ပင်လယ်သမုဒ္ဒရာ ပမာ ကြီးမား၍ မီးတောက်မီးလျှံကဲ့သို့ တောက်လောင်ပြီး လူသားဝိညာဥ်သည် စူးရှရှ ဓားမြည်ဟံ တစ်ခုနှင့်အတူ ရှေ့သို့ ပြင်းပြင်းထန်ထန် တိုးဝင်လိုက်သည်။ နောက်ဆုံးတွင် ၎င်းက အနှောင်အဖွဲ့ကို ဖောက်ထွက်နိုင်ခဲ့ပြီး အလင်းရောင်များ တောက်ပနေသော ဝိညာဥ်ကမ္ဘာတစ်ခုထံ ဝင်ရောက်သွားသဖြင့် သက်တောင့်သက်သာ ဖြစ်သွားလေ၏။
အသက်တံခါးအတွင်း၌ အဖြူရောင် မြူခိုးတို့ တည်ရှိပြီး အသက်ချီများ ဖြစ်သည်။ မရဏတံခါးသည် ဝိညာဥ်ကို တိုက်စား၍ ပုံသွင်းကာ အသက်တံခါးသည် ၎င်းကို ပြန်လည်ပျိုးထောင်ပေးခြင်းဖြင့် သန်မာစေသည်။ အသက်တံခါးအတွင်း၌ ယွမ်ရှောင်သည် ဝိညာဥ်ကို နွားနို့ဖြင့် ရေချိုးပေးလိုက်ရသကဲ့သို့ ဇိမ်ရှိရှိ ခံစားလိုက်ရပြီး အချိန်နှင့်အမျှ သန်မာလာပေလိမ့်မည်။ အမှန်တကယ်အားဖြင့် ဝိညာဥ် ဖျက်ဆီးခြင်းနှင့် ဖန်တီးခြင်းက မရှိမဖြစ် လိုအပ်ပြီး အခက်အခဲကို ကျော်လွန်ပြီးလျှင် ပြန်လည်သက်သာစေခြင်းဖြင့် အစစ်အမှန် အသွင်ပြောင်းစေသည်။ အတွေးရတနာ ဝိညာဥ် အောင်မြင်သွားသည်နှင့် တပြိုင်နက် မိစ္ဆာဝိညာဥ်ကလည်း အားကျမခံ လိုက်ပါလာခဲ့ပြီး အသက်တံခါးရှိ အဖြူရောင်မြူခိုးများထဲ နစ်မြုပ်နေသည်။
ထို့နောက် ဝိညာဥ်များသည် ရုန်းကန်စရာ မလိုအပ်တော့ဘဲ မြူခိုးများတလျှောက် မျောပါသွားပြီး အသက်တံခါး၏ အဆုံးသို့ ဖြည်းဖြည်းချင်း သွားနေခဲ့သည်။
"ဒီမှာ ဘယ်သူမှ မရှိဘူးလား"
မိစ္ဆာဝိညာဥ်ထံမှ စစ်မင်းသမီး၏ အသံ ထွက်ပေါ်လာခဲ့သည်။
"ရှိတယ်ဆိုရင်တောင် လုဖန်ပဲ နေမယ်"
"မရဏကနေ အသက်ဆီ ထိုက်ကျိကို ဖြတ်သန်းသွားလာခြင်းလို့ ကြားဖူးတယ်။ ဒါဆိုရင် ထိုက်ကျိက ဘယ်မှာလဲ"
သူမက စပ်စုလိုစိတ်ဖြင့် ကလေးတစ်ယောက်ပမာ အသက်တံခါး၏ နယ်မြေကို စေ့စေ့စပ်စပ် လိုက်လံကြည့်ရှုနေသည်။
"တွေ့ပြီ"
မကြာမီပင် ယွမ်ရှောင်က ၎င်းကို ရှာတွေ့ခဲ့ပြီး တိမ်များဖြင့် ဖွဲ့စည်းထားသော ငါးနှစ်ကောင်သည် တစ်ကောင်နှင့် တစ်ကောင် အမြှီးလိုက်ဖမ်းနေခြင်းဖြင့် ထိုက်ကျိစက်ဝိုင်း ဖြစ်တည်ကာ အဆင်မပြတ် လည်ပတ်လျက် ရှိ၏။
"ဒါကလည်း တံခါးတစ်ခုပဲ"
"ထိုက်ကျိတံခါးကို ဖြတ်ကျော်နိုင်ရင် ငါတို့က ကျင့်ကြံရေးလမ်းကြောင်းမှာ တာအိုဘေးဒုက္ခ အဆင့်သုံးကို ကျော်ဖြတ်ပြီးပြီပေါ့။ စတုတ္ထအဆင့်ကို ရောက်ရင် ခေါင်းအနောက်မှာ ရောင်ခြည်စက်ဝန်းတွေ ပေါ်လာနိုင်လား"
"ထင်ရတာပဲ"
ယွမ်ရှောင်က ခေါင်းညိတ်သည်။
"ဒီတံခါးကို ဝင်တိုက်ကြည့်ရမလား"
"ဘာလို့ ဒီလောက် အမေးအမြန်းထူနေရတာလဲ"
အဆက်မပြတ် မေးခွန်းထုတ်နေသော သူမကြောင့် ယွမ်ရှောင်က လှည့်ကြည့်လိုက်သည်။
"ဘာမှမဟုတ်ပါဘူး။ ငါလည်း ကျင့်ကြံချင်တယ်လေ"
"အဟက်"
ယွမ်ရှောင်က သူမကို ဂရုမစိုက်တော့ဘဲ ထိုက်ကျိတံခါးထံ ချဥ်းကပ်ရန် ကြိုးစားလိုက်သော်လည်း လက်တစ်ကမ်းအကွာသို့ ရောက်သောအခါ ကြောက်မက်ဖွယ် အင်အားတစ်ခုကြောင့် တွန်းထုတ်ခံလိုက်ရသည်။ အကြိမ်ပေါင်းများစွာ ကြိုးစားကြည့်သော်လည်း ရလဒ်က တူညီနေဆဲဖြစ်ပြီး ၎င်းကို ဖောက်ထွက်ရန် မဆိုထားနှင့်၊ ထိတွေ့နိုင်ရန်သည်ပင် စိန်ခေါ်မှုတစ်ခု ဖြစ်လာ၏။
"မင်း ကြိုးစားကြည့်ပါလား"
"အင်း"
မိစ္ဆာဝိညာဥ်က ခေါင်းညိတ်၍ ထိုက်ကျိတံခါးထံ ပြေးဝင်သွားသောအခါ လက်တစ်ကမ်းအကွာသို့ မရောက်နိုင်ခင်မှာပင် တံတိုင်းနှင့် ဆောင့်လိုက်မိသကဲ့သို့ ဒလိမ့်ကောက်ကွေး လွင့်ထွက်သွားသည်။
"ငါ ကောင်းကောင်း အာမရုံစိုက်မိလို့ပါ။ နောက်တစ်ခါ ကြိုးစားကြည့်မယ်"
"ထားလိုက်တော့"
မိစ္ဆာဝိညာဥ်က စောဒကတက်နေသဖြင့် ယွမ်ရှောင်က လက်ကာပြလိုက်ပြီး ကျင့်ကြံရာတွင် တချို့အခြေအနေများ၌ စိတ်ရှည်သည်းခံရန် လိုအပ်၏။
"နင် ကြားလိုက်လား။ တံခါးရဲ့ ဟိုဘက်မှာ တိုက်ခိုက်နေသလိုပဲ"
အဝေးမှပင် တိုက်ခိုက်နေသော အသံများကို ပီပီပြင်ပြင် ကြားလိုက်ရသဖြင့် သူမက မှတ်ချက်ပေးသည်။
"ဟုတ်တယ်။ ထိုက်ကျိတံခါးထဲကို လူတွေအများကြီး ဖြတ်သန်းနေသလိုပဲ"
ယွမ်ရှောင်၏ သိချင်စိတ်များ ရုတ်တရက် တက်ကြွလာပြီး တံခါးနှစ်ချပ်၏ နယ်မြေများတွင် မဟာတာအိုနယ်မြေနှင့် နာရကချောက်နက်၏ ကျင့်ကြံသူများသာ ရှိသော်လည်း ထိုက်ကျိတံခါးအလွန်တွင် မျိုးနွယ်ပေါင်းစုံ ရှိနေပုံပေါ်သည်။
"သူတို့က ဘယ်သူတွေလဲ။ ဘယ်ကမ္ဘာက လာကြတာလဲ"
သူက ထွက်ပေါ်လာသော အသံများကို နားစိုက်ထောင်ရင်း စဥ်းစားခန်းဝင်လျက် ရှိသည်။
"အစ်ကို၊ ငါ့ကို စောင့်ပါဦး"
"အင်မော်တယ်မိတ်ဆွေ၊ လေလှိုင်းခရိုင်ကို လမ်းညွှန်ပေးနိုင်မလား"
"အဖေ၊ ဟိုမှာ ဝိညာဥ်အရင်းအမြစ်တစ်ခု ရှိသလိုပဲ"
ဤအသံများသည် ထိုက်ကျိတံခါးအလွန်တွင် တိုက်ရိုက် ပြောဆိုနေခြင်း မဟုတ်ဘဲ နေရာဒေသအသီးသီးမှ စကားသံများ ရောယှက်နေခြင်း ဖြစ်ကြောင်း သူ သဘောပေါက်လိုက်၏။
"ဂိုဏ်းပေါင်းစုံ ညီလာခံကို သွားကြစို့"
ထိုနေရာတွင် ရပ်နေရင်း နောက်ဆုံး သိလိုက်ရသော အချက်အလက်မှာ ဂိုဏ်းပေါင်းစုံ ညီလာခံ ဖြစ်ပြီး စကားသံများက ပြတ်တောင်းပြတ်တောင်းဖြင့် မပြည့်စုံသဖြင့် အတိအကျ မသိနိုင်ခဲ့ပေ။
"ထိုက်ကျိတံခါးထဲမှာ ဘယ်လိုကမ္ဘာမျိုး ရှိနေတာလဲ။ ငါ ပိုပြီး သိချင်လေလေ၊ ဖောက်ထွက်ချင်လေလေပဲ"
"မကြာခင် ဖြစ်လာမှာပါ"
စိတ်မရှည် လက်မရှည် ဖြစ်နေသော မိစ္ဆာဝိညာဥ်ကို ယွမ်ရှောင်က နှစ်သိမ့်လိုက်သည်။ ဂိုဏ်းပေါင်းစုံ ညီလာခံ ကျင်းပမည်ဆိုသော နေရာမှာ ထိုက်မင်းဆက်၏ ဘိုးဘေးနယ်မြေလည်း ဖြစ်နိုင်ချေရှိသည်။ သို့သော် ဝိညာဥ်များအတွက် တံခါးတစ်ချပ်သာ ဖြစ်ပြီး ရုပ်ခန္ဓာဖြင့် မဝင်နိုင်သောကြောင့် ထိုသို့ဟုတ်ပုံလည်း မရချေ။
"ဘာဖြစ်ဖြစ် ဒီတံခါးက ငါ အပြင်ထွက်နိုင်ဖို့ လမ်းစတစ်ခု ပေးနေတယ်"
လုဖန်ကဲ့သို့ပင် လှောင်ချိုင့်ထဲမှ သားရဲတစ်ကောင်ပမာ ယွမ်ရှောင်လည်း ခံစားနေမိပြီး မဟာတာအိုနယ်မြေအတွင်း ကန့်သတ်ခံထားရသကဲ့သို့ စိတ်ကျဥ်းကြပ်လာ၏။
"သတ်ကွင်းထဲက သားရဲနှစ်ကောင်၊ တစ်ကောင်ပဲ အပြင်ထွက်နိုင်မယ်"
ယွမ်ရှောင်သည် ထိုက်ကျိတံခါးကို စိုက်ကြည့်နေရင်း မျက်လုံးများ တဖြတ်ဖြတ် လင်းလက်၍ တောက်ပလျက်ရှိသည်။
လမ်းခြောက်သွယ်ဘုံ၏ တိရိစ္ဆာန်ကမ္ဘာသို့ ပြန်သွားရလျှင် ဒယ်အိုးကြီးက ဆီများ ပွက်ပွက်ဆူနေဆဲ ဖြစ်ကာ ပျက်သုဥ်းရေးတပ်ကြီးလည်း ရပ်နားထားသည်။ အဝေးမှ ထွက်ပေါ်လာသော အသံများက အသစ်ရောက်လာသူများနှင့် တပ်သားများကို မကြည့်ဘဲ မနေနိုင်အောင် ဆွဲဆောင်ခဲ့ပြီး အသက်ရှူသံများ ပြင်းထန်ကုန်သည်။ တိရိစ္ဆာကမ္ဘာ၏ လွတ်လပ်ပွင့်လင်းသော နေထိုင်မှုများအနက် မိတ်လိုက်သော မြင်ကွင်းသည် စိတ်လှုပ်ရှားစရာ ကောင်းလှ၏။ အသားချင်း ထိခတ်သံနှင့် ကျယ်လောင်သော ညည်းသံများသည် သူတို့ကို စိတ်ကြွစေပြီး ကံဆိုးသူများမှာ ပျက်သုဥ်းရေးတပ်ကြီးအတွင်း ဆွဲခေါ်ခံလိုက်ရသည်။ အကယ်၍ မိတ်လိုက်နေသော နတ်ဆိုးသားရဲနှစ်ကောင်အနက် တစ်ကောင်က သူတို့ လက်လှမ်းမမီနိုင်သော အဆင့်မျိုးမဟုတ်လျှင် နတ်ဆိုးတပ်သားများက စိတ်မထိန်းနိုင်ဘဲ ပြေးဝင်သွားမိကြပေလိမ့်မည်။
"စစ်သူကြီးက ခပ်ချောချော မြေခွေးကို ကြိုက်မယ်လို့ ထင်မထားဘူး"
ပျက်သုဥ်းရေးတပ်ကြီး၏ တပ်သားများက ဤအရာကို နားမလည်နိုင်သလို လက်မခံချင်ကြပေ။
"အပေးအယူမျှနေသလိုပဲ။ မြေခွေးလေးက အကောင်သေးပေမယ့် တော်တော်လေး စွမ်းဆောင်ရည် ရှိမယ်ထင်တယ်။ စစ်သူကြီးက သာယာပြီး ညည်းတောင် ညည်းနေသေးတယ်"
ဆံပင်နီကြောင်ကြောင်နှင့် နတ်ဆိုးအဘိုးအိုတစ်ယောက်က မနေနိုင်တော့ဘဲ မှတ်ချက်ပြုလိုက်လေသည်။