← Chapters

နဂါးမျှားခြင်း

Vol. 106 Ch. 1453

နဂါးမျှားခြင်း

Vol. 106 Ch. 1453

ဝမ်လင်းသည် အရက်အိုးကို ကောက်ကိုင်လိုက်၏။ ကြည့်ပင်မကြည့်ဘဲ သူက တစ်ကျိုက်ကြီး မော့ချပစ်သည်။

သူ အရက်သောက်လိုက်ချိန်တွင် ၎င်းအရည်သည် ခပ်ပူပူခံစားချက်အဖြစ် ပြောင်းလဲကာ သူ့လည်ချောင်းမှသည် ဝမ်းဗိုက်ထိ လောင်ကျွမ်းစေသည်။ သူသည် နဂါးတစ်ကောင်ကို မြိုချလိုက်သည့်အလား။ သူ့နဖူးထက်မှ ချွေးများ ပြန်လာကာ ချက်ခြင်း အဖြူရောင်အခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲသည်။

လောင်ကျွမ်းခံစားချက်သည် ပျောက်ကွယ်မသွားသေး၊ ပို၍ပင် ပြင်းထန်လာကာ သူ့ခန္ဓာကိုယ်၌ ပြည့်နှက်သည်။ ဝမ်လင်းသည် သူ့ခန္ဓာကိုယ် လောင်ကျွမ်းခံရသည့်အလား ခံစားနေရ၏။ သူ့ထံမှ မီးစွမ်းအားသည် ပေါက်ကွဲထွက်လာတော့မည်ဟန်ပင်။

သူ့ခန္ဓာကိုယ်ထဲတွင် အပူသည် လှည့်ပတ်စီးဆင်းနေသည်။ အသက်ဓာတ်တစ်ခုကို သူ့မူလစွမ်းအင်အတွင်းသို့ ထိုးသွင်းလိုက်သည့်အလား။ သူ့မူလစွမ်းအင်သည် အသက်ဝင်လာဟန် ရ၏။ ခဏအကြာတွင် ဝမ်လင်းသည် သူ့မူလစွမ်းအင် တိုးပွားလာသည်ကို သတိပြုမိလိုက်သည်။

သူ့မူလစွမ်းအင် အနည်းငယ် တိုးပွားလာသည်နှင့် သူ၏ခန္ဓာကိုယ်အတွင်းမှ မီးသည်လည်း တိုးလာကာ သူ့ထံ၌ မြင့်တက်လာ၏။ သူ၏ခန္ဓာကိုယ်သည်ပင် စတင်လောင်ကျွမ်းသည်။ မီးသည် သူ့ဒွာရပေါက်များထံမှ စတင်ထိုးထွက်လာ၏။

မီးသည် ပိုပိုအားကောင်းလာကာ ဝမ်လင်း၏ဘယ်မျက်လုံးထဲ၌ ဟင်္သာငှက်အမှတ်အသားတစ်ခု ပေါ်လာချေသည်။ အပြာရောင်မီးသည် သူ့ဘယ်မျက်လုံးထံမှ ပေါက်ကွဲထွက်လာပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ မီးနှင့် ပေါင်းစပ်သည်။

ဟင်္သာငှက်တစ်ကောင်၏အော်မြည်သံ ပဲ့တင်ထပ်၏။ အပြာရောင်ဟင်္သာငှက်တစ်ကောင်သည် သူ့ဘယ်မျက်လုံးထံမှ ပျံသန်းထွက်လာ၏။ ၎င်းက ဝမ်လင်းကိကု ပတ်ကာ နှစ်သက်သည့်အမူအရာ ထုတ်ဖော်သည်။

ဆယ့်ငါးမိနစ်မပြည့်ခင်မှာပင် ထိုဟင်္သာငှက်က ဝမ်လင်း၏ဘယ်မျက်လုံးထဲသို့ ပြန်ဝင်ရောက်သွားသည်။ သူ၏ခန္ဓာကိုယ်ထဲရှိ အပူဓာတ်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားလေ၏။

ဝမ်လင်းသည် အသက်ဝဝရှုသွင်းကာ ပြောလိုက်၏။ “အရက်ကောင်းပဲ…”

အဘိုးအိုသည် ဝမ်လင်းကို ကြင်နာစွာ ကြည့်၏။ ထို့နောက် သူက ကန်မျက်နှာပြင်ထံ လှည့်ကာ မျက်နှာမူလိုက်၏။

“ဒီအရက်ကို လူတိုင်း မသောက်ဝံ့ကြဘူး။ တတိယအဆင့်ကျင့်ကြံသူတွေတောင် ချီတုံချတုံ ဖြစ်နိုင်တယ်။ ဒါတောင် မင်းက ဒီကို ရောက်လာပြီး တစ်ကျိုက်မော့ချလိုက်တယ်ပေါ့…”

“ဒါက ဘယ်လိုအရက်မျိုးလဲ…” ဝမ်လင်းသည် နှုတ်ခမ်းသပ်လိုက်၏။ ထိုအရက်ကို တစ်ကျိုက်သောက်လိုက်ရုံဖြင့် သူ့ခန္ဓာကိုယ်အတွင်းမှ မီးအနှစ်သာရသည် ပိုအားကောင်းလာချေ၏။ ဝမ်လင်းကို ပို၍ စိတ်လှုပ်ရှားစေသည်မှာ သူ့ဟင်္သာငှက်သည် နောက်ထပ်နိုးထမှုနှင့် နီးကပ်လာခြင်းတည်း။

“ဒါက အရက်မဟုတ်ဘူး။ သွေးပဲ…” အဘိုးအို၏အမူအရာသည် အလွန်တရာကြင်နာဟန် ပေါက်၏။ သူက ပြုံး၍ ဆိုသည်။

ဝမ်လင်း၏မျက်လုံးမှာ ကျဉ်းမြောင်းသွား၏။ ထိုအခိုက်တွင် ကန်ထံမှ ပြင်းထန်သောလှိုင်းတစ်ခု ပဲ့တင်ထပ်လာ၏။ ကန်အောက်ခြေမှ ခပ်အုပ်အုပ်ဟိန်းသံတစ်ခုလည်း ရှိလေသည်။

ဤအခိုက်တွင် ကြည်လင်နေသောရေကန်မှာ မြူဆိုင်းလာ၏။ နတ်ဘုရားအာရုံဖြင့်ပင် အတွင်းသို့ တစ်လက်မထက် ပိုမမြင်ရနိုင်တော့ပေ။

အဘိုးအိုကမူ ရယ်မောကာ သူ့ညာလက်ဖြင့် ငါးမျှားတံကို ကိုင်ထားပြီး နောက်သို့ ဆက်ခနဲ စောင့်ဆွဲလိုက်၏။ ငါးမျှားတံမှာ လရောင်အောက်၌ ငွေရောင်တောက်သွားကာ ချက်ခြင်းပင် တန်းခနဲ ဖြစ်သွားသည်။

ကန်အောက်ခြေမှ ဟိန်းသံသည် ပိုပြင်းထန်လာပြီး နီးသထက်နီးလာသည်။ သိပ်မကြာခင်တွင် ငါးမျှားတံမှာ ဆွဲငင်ပြီး ပေတစ်ထောင်ခန့်ဦးခေါင်းတစ်ခုသည် ရေကန်ထဲမှ ဆွဲထုတ်ခံရသည်။

ထိုဦးခေါင်းမှာ နဂါးတစ်ကောင်ပင်။ ထိုနဂါး၏ဦးခေါင်းထက်တွင် အဖုများ ရှိနေ၏။ ၎င်း၏အရောင်မှာ နီညိုရင့်ရောင် ရှိသည်။

ထိုအဘိုးအိုသည် တကယ်တော့ ငါးမျှား နေခြင်းမဟုတ်၊ နဂါးတစ်ကောင်ကို မျှားနေခြင်းသာ။

နဂါးဦးခေါင်းသည် ကြီးမားလှ၏။ ၎င်း၏ ပါးစပ်သည် ပွင့်ဟလျက်ရှိကာ ငါးမျှားတံ၌ ချိတ်နေသည်။ ထိုနဂါး၏ခန္ဓာကိုယ်သည် ရေကန်အတွင်းမှ ဆန့်ထွက်လာခဲ့ပြီ ဖြစ်ပြီး ပေတစ်သောင်းကျော် ရှည်လျားသည်။

ထိုရုတ်တရက်မြင်ကွင်းသည် ဝမ်လင်း၏အမူအရာကို ပြောင်းလဲသွားစေပြီး သူ့မျက်လုံးထဲ၌ တုန်လှုပ်မှု ဖြစ်ပေါ်စေ၏။ နဂါးရှေ့တွင် ဝမ်လင်းသည် ပုရွတ်ဆိတ်တစ်ကောင်အလား။ နီညိုရောင်နဂါးက ဟိန်းသံပြုကာ ၎င်း၏ခန္ဓာကိုယ်ကို ငါးမျှားတံမှ လွတ်ရန် ရုန်းကန်သည်။

သို့ပေမည့် ငါးမျှားတံမှာ အမည်မသိသတ္တုတစ်မျိုးနှင့် ပြုလုပ်ထားပြီး အလွန်အမင်း ခိုင်မာ၏။ နဂါး မည်မျှရုန်းကန်ပါစေ မလွတ်မြောက်နိုင်ပေ။ အဘိုးအိုသည် ပြုံး၍ ငါးမြှားတံကို ထပ်ဆွဲသည်။ နဂါးသည် အဆွဲခံရကာ ၎င်း၏ဟိန်းသံသည် ပို၍ ကျယ်လောင်လာ၏။

အဖြစ်အပျက်များမှာ မြန်ဆန်လွန်း၏။ စိတ်ကူးနိုင်သည်ထက် ပိုမြန်နေသည်။

ထိုအခိုက်အတန့်တွင် ရုန်းကန်နေရင်း မျှော်လင့်ချက်မဲ့ပြီကို သတိပြုမိ၏။ ၎င်းသည် ရုတ်တရက် ဟိန်းဟောက်ကာ အဘိုးအိုထံ တိုးဝင်လာတော့သည်။ ၎င်း နီးကပ်မလာခင်မှာပင် ငါးညှီနံ့သည် လှိုင်တက်လာ၏။

နဂါးတိုးဝင်လာရင်း အတိုင်းမသိအော်ရာတစ်ခု ရုတ်တရက် ၎င်းထံမှ ပေါက်ကွဲထွက်လာ၏။ ယင်းအော်ရာသည် အလွန်ပြင်းထန်သည်။

ထိုဖိအား သူ့ထံ ရိုက်ခတ်လာချိန်၌ ဝမ်လင်း၏အမူအရာသည် ဖြူရောသွား၏။ သူ့မျက်လုံးထဲတွင်လည်း ထိတ်လန့်မှု ဖြစ်ပေါ်သည်။ ဝမ်လင်းသည် နောက်သို့ပင် ခြေလှမ်းအနည်းငယ် အလိုလို ဆုတ်မိသွားသည်။

“တတိယအဆင့်…”

သူသည် ထိုဖိအားမှာ အတိတ်တုန်းက သူ တာအိုပညာရှင်ရေနှင့် ရင်ဆိုင်ခဲ့ရချိန်က ဖိအားထက် လုံးဝအားမနည်းသည်ကို ရှင်းလင်းစွာ ခံစားမိသည်။

“တတိယအဆင့်ကျင့်ကြံသူတွေနဲ့ ယှဉ်နိုင်တဲ့ အစွမ်းထက်သားရဲတစ်ကောင်…” ဝမ်လင်းသည် လေအေးတစ်ချက် ရှိုက်သွင်းမိ၏။ သူသည် မည်သို့ဖြစ်ပျက်နေသည်အား နားမလည်နိုင် ဖြစ်ရ၏။ အဘိုးအိုသည် နဂါးတစ်ကောင်ကို မျှားနေသည်ဆိုလျှင် တော်သေး၏။ သို့သော် သူက တတိယအဆင့်ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားပိုင်ဆိုင်ထားသော နဂါးကို မျှားနေခြင်း မဟုတ်လော။

အဘိုးအိုသည် ပြုံးလိုက်၏။ သူသည် ညာလက်တွင် ငါးမျှားတံကို ကိုင်ကာ လေထဲသို့ ပျံတက်၏။ ဘယ်လက်ကိုမူ နဂါးထံသို့ ဝေ့ယမ်းလိုက်သည်။ ဝမ်လင်းက ချက်ခြင်းပင် အဘိုးအို၏ဘယ်လက်တွင် မီးပေါ်လာသည်ကို မြင်သည်။

ထိုမီးသည် ပုံရိပ်ယောင်ဆန်လွန်းသည်။ မီးမြူတစ်ခုနှင့်ပင် သာ၍တူနေသေး၏။ ထို့နောက် အဘိုးအိုက လက်ဝေ့ယမ်းသည်။ သူသည် မန္တာန်တစ်ခုကို အသုံးပြုလိုက်ခြင်း မဟုတ်ပေ။ သို့သော် တုန်ဟည်းသံ မြည်ဟိန်းသွား၏။ နဂါးသည် နာကျင်စွာအော်ဟစ်လိုက်ရပြီး ၎င်း၏ဦးခေါင်းမှာ ဆက်ခနဲငုံ့သွား၏။ ၎င်းကို ပြင်းထန်သောအားတစ်ခုက ရိုက်ချလိုက်သည့်အလား။

နဂါး နောက်ပြန်ကန်သွားရင်း မီးမြူသည် နဂါး၏ခန္ဓာကိုအနှံ့တွင် ပျံ့နှံ့သည်။ အသွေးအသားလောင်ကျွမ်းသံများ လောကတခွင် ပဲ့တင်ထပ်၏။ နဂါး၏ နာကျင်စွာအော်ဟစ်သံသည် ပိုကျယ်လောင်လာသည်။ ၎င်းသည် ကန်အတွင်းသို့ ပြန်ဝင်တော့မည့်ဟန် ပြင်သည်။

အဘိုးအိုက သူ့လက်ထဲရှိ ငါးမျှားတံကို ဝေ့ယမ်းလိုက်ပြီး ထိုနဂါးကို နေရာတွင်ပင် တန့်နေစေသည်။ ကန်အတွင်းသို့ ပြန်တိုးဝင်ရန် ပြင်သော နဂါးသည် ကန်ထံမှ ပေရာချီထပ်မံ ဆွဲထုတ်ခံရသည်။

“ဒီ..မင်းလိုမီးနဂါးလေးကများ ဒီအဘိုးအိုလက်ထဲကနေ ထွက်ပြေးရဲတယ်လား…”

အဘိုးအိုသည် မာန်သွင်းအော်ဟစ်ကာ လေထဲသို့ ခုန်တက်သည်။ သူသည် နဂါးဦးခေါင်းထံသို့ ခြေချလိုက်ပြီး သူ့လက်ဖြင့် ကြမ်းတမ်းစွာ ဖိရိုက်ချလိုက်၏။

အဘိုးအိုက သူ့လက်ကို ပင့်မြှောက်လိုက်ချိန်၌ ဝမ်လင်း၏စိတ်သည် တုန်ဟည်းသွားသည်။ သူ့မျက်လုံးသူငယ်အိမ်မှာ တုန်လှုပ်လွန်း၍ ကြုံ့သွားမိ၏။ သူသည် အဘိုးအိုနောက်တွင် တစ်စုံတစ်ခု ပေါ်လာသည်ကို ရှင်းလင်းစွာ မြင်ရသည်။ ၎င်းမှာ ဧရာမဟင်္သာငှက်ကြီးပင်။

၎င်းဟင်္သာငှက်၏အရွယ်အစားမှာ ဝမ်လင်း၏ ဟင်္သာငှက်ထက် အဆများစွာ ကြီးမားပြီး ကောင်းကင်ကို ဖုံးလွှမ်းနေချေသည်။ ထိုဧရာမဟင်္သာငှက်ထံမှ ရှေးဟောင်းအော်ရာတစ်ခု ပျံ့လွင့်လာပြီး ဟင်္သာငှက်တစ်ခုလုံးကို သိမ်မွေ့သောမီးတောက်က ဖုံးလွှမ်းသွားသည်။

သိမ်မွေ့လေးနက်သောမီး။

ဟင်္သာငှက်ပေါ်လာသည်နှင့် ၎င်းက ကောင်းကင်တုန်လှုပ်ဖွယ်ဟိန်းမြည်သံကို ထုတ်ဖော်သည်။

ထိုမြင်ကွင်းသည် ဝမ်လင်းကို တုန်လှုပ်စေ၏။ ဟင်္သာငှက်၏အရွယ်အစား၊ မီး၏ပမာဏ၊ ၎င်း၏စွမ်းအားကလည်း ဟင်္သာငှက်နတ်အင်ပါယာဟောင်းထက် အဆများစွာ သန်မာနေသည်။ နှိုင်းယှဉ်၍ပင် မရချေ။

ငယ်ရွယ်သောဟင်္သာငှက်နှင့် ၎င်း၏ဘိုးဘေးကြား ကွာခြားမှုမျိုး ဖြစ်၏။

အဘိုးအို၏ဘယ်လက်သည် ရုတ်တရက် ကျရောက်လာ၏။ ထိုသို့ ကျရောက်သွားသည်နှင့် ဧရာမဟင်္သာငှက်ကြီးသည် လှုပ်ရှားလာကာ သူ၏လက်နှင့် ပေါင်းစပ်သည်။ ချက်ခြင်းပင် ဟင်္သာငှက်သည် အဘိုးအို၏ဘယ်လက်ဖြင့် တစ်သားတည်း ဖြစ်သွားသည်။ အဝေးမှ ကြည့်ပါက လူတစ်ယောက်သည် အဘိုးအို၏လက်ကို မြင်ရနိုင်တော့မည် မဟုတ်၊ ဟင်္သာငှက်ချွန်မြသောနှုတ်သီးကိုသာ မြင်နိုင်ပေလိမ့်မည်။

မျက်စိတစ်မှိတ်အတွင်း ထိုချွန်မြသောနှုတ်သီးသည် နဂါး၏ဦးခေါင်းပေါ်မှ အဖုကို ထွင်းဖောက်သွား၏။ သွေးများ ပန်းထွက်လေသည်။

“မင်း ဘာကြောင်ရီနေတာလဲ။ မြန်မြန် အရက်အိုးကို ကောက်ယူလိုက်။ ဒီအဘိုးအိုက ဒီလိုပုံစံအချိန်အကြာကြီး တောင့်ခံထားနိုင်မယ်များ တွေးနေတာလား…” အဘိုးအိုသည် မော့ကြည့်၏။ သူ့အသံသည် ဝမ်လင်းနားထံသို့ မိုးကြိုးသံအလား တိုးဝင်လာသည်။

ဝမ်လင်းသည် အရက်အိုးကို နှေးဖင့်ခြင်းမရှိ ဖမ်းယူ၍ နဂါးထံမှ ပန်းထွက်လာသော သွေးများကို ချက်ခြင်း စစုဆောင်းလေ၏။ သို့ရာတွင် ထိုအရက်အိုးမှာ အကန့်အသတ်ရှိ၍ သိပ်မကြာခင်တွင် ပြည့်သွားသည်။ နဂါးသွေးအချို့ ကျန်နေသေးသည်ကို တွေ့မြင်သည့်အခါ ဝမ်လင်းက ချက်ခြင်းပင် နောက်ထပ်ပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။

သို့ပေမည့် ထိုပုလင်းက သွေးနှင့်ထိသည်နှင့် ချက်ခြင်း အရည်ပျော်ကျသွား၏။ ၎င်းသည် သွေးကို တစ်စက်လေးပင် ခံနိုင်စွမ်း ရှိမနေပေ။

အဖြစ်အပျက်သည် မြန်လွန်းလှ၏။ သွေးကို စုဆောင်း၍ မရသည့်အခါ ၎င်းက ကန်အတွင်းသို့ ပြုတ်ကျတော့မည်ကို တွေ့မြင်သည်နှင့် ဝမ်လင်းသည် ရှေ့သို့ တိုးဝင်လာ၏။ သူသည် ထိုသွေးမှာ အဖိုးတန်သည်ကို သိ၏။ ထို့ကြောင့် ကန်အတွင်းသို့ ပြုတ်ကျနေသော သွေးထံ တရကြမ်းတိုးဝင်ကာ ရှိုက်သွင်းလိုက်ချေသည်။

ထိုသို့ဖြင့် သူသည် ကန်အတွင်း ကျရောက်တော့မည့် နဂါးသွေးကို ပါးစပ်ထဲသို့ ရှိုက်သွင်းလိုက်လေ၏။ ထိုသွေးပမာဏမှာ အစောပိုင်းက ဝမ်လင်း တစ်ကျိုက်မော့သောက်ခဲ့သည့်ပမာဏထက် သုံးဆများပြား၏။

အဘိုးအိုက ဝမ်လင်းလုပ်ဆောင်မှုကို မြင်သည့်အခါ သူသည် ပြုံးသည်။ သူက နဂါးဦးခေါင်းထက်မှ ခုန်ဆင်းကာ ငါးမျှားတံကိုလည်း ပြန်ရုတ်သိမ်းလိုက်၏။ ခုန်လိုက်စဉ်တွင် သူ့ညာခြေထောက်ဖြင့်လည်း နဂါးကို ဆောင့်နင်းခဲ့သေးသည်။

နဂါးသည် အလွန်တရာ ဒေါသပုန်ထနေလေပြီ။ သို့သော် ၎င်းသည် ဟိန်းသံပင် မပြုဝံ့တော့ပေ။ အဘိုးအို၏ ခြေစောင့်အားကို ငှားယမ်းကာ ၎င်းသည် ရေကန်အတွင်း မြန်ဆန်စွာ တူးဆွဝင်ရောက်ပြီး သဲလွန်စမရှိ ပျောက်ကွယ်သွားလေ၏။

“ကောင်းတယ်။ မင်းက ဟင်္သာငှက်ကလန်က တစ်စုံတစ်ယောက်ဖြစ်လာဖို့ တကယ့်ကို ထိုက်တန်တယ်။ မင်းက အချိန်ဖြုန်းတာဟာ ရှက်စရာဆိုတာ နားလည်သားပဲ…”

အဘိုးအိုသည် ပြုံး၍ ဝမ်လင်းဘေးသို့ ခြေချလိုက်သည်။

ဝမ်လင်းသည် နဂါးသွေးကို ဝါးမြိုပြီးသည့်နောက် သူ့ခန္ဓာကိုယ်အတွင်းမှ မီးသည် သာ၍ မွန်းစတားဆန်လာသည်။ သူ့မျက်နှာပါ နီမြန်းလာ၏။ သူသည် အဘိုးအိုကို အာရုံပြန်မစိုက်အားဘဲ ထိုင်ချကာ သူ၏မူလစွမ်းအင်ကို လှည့်လည်လိုက်သည်။

အဘိုးအိုက ဝမ်လင်းဘေးတွင် ရပ်နေပြီး သူ့ကို အစုန်အဆန်ကြည့်သည်။ သူ့ထံမှ ကျေနပ်သောအပြုံးတစ်ခု လှစ်ပေါ်နေ၏။

“နောက်ထပ် ဂျူနီယာတစ်ယောက်ကို ထပ်တွေ့ရလိမ့်မယ်လို့ ငါ လုံးဝ မမျှော်လင့်ထားခဲ့မိဘူး။ ဒီကောင်လေးရဲ့ ဟင်္သာငှက်နိုးထမှုဟာ သိမ်မွေ့ဆန်းကြယ်မီးနဲ့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ ဒီကောင်လေးဟာ မရိုးရှင်းဘူး…”

“သူဟာ ငါတို့ကလန်ရဲ့ ခြောက်ယောက်မြောက်ဟင်္သာငှက်အင်ပါယာ ဖြစ်လာသင့်တယ်။ မဆိုးဘူး…မဆိုးဘူး…” အဘိုးအိုသည် ဝမ်လင်းကို ပိုကြည့်မိလေလေ သူ ပိုပျော်လာလေပင်။ ထို့နောက် သူက ဝမ်လင်း၏ခန္ဓာကိုယ်ကို ဂရုတစိုက် ပုတ်လိုက်၏။

“ဟုတ်ပြီ…သူဟာ ငါ့ဟင်္သာငှက်ကလန်ဝင် တစ်ယောက်ဆိုတာ ကျိန်းသေတယ်။ ငါတို့ရန်သူက ပြုလုပ်ထားတဲ့သူ မဟုတ်ဘူး။ ဒါပေမဲ့ ဒီကောင်လေးရဲ့ ခန္ဓာကိုယ်ဟာ အစစ်အမှန် ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်နေတယ်။ ဟားဟား…မဆိုးဘူး…မဆိုးဘူး…” အဘိုးအို၏မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှု ရှိလာ၏။

“လေးဆက်မြောက်မျိုးဆက်ဟင်္သာငှက်ဟာ တကယ့်ကို ပေါ့ပြက်တဲ့သူ။ သူဟာ ငါ့မန္တာန်ကို မကျင့်ကြံနိုင်ဘူး။ ခြောက်ဆက်မြောက်မျိုးဆက်ကတော့ အတော်လေး အေးစက်တဲ့ပုံပဲ။ သူဟာ လုပ်နိုင်လောက်မလား…” အဘိုးအိုသည် ဝမ်လင်း၏ခန္ဓာကိုယ်ကို ပုတ်နေရင်း သူသည် မင်သက်သွား၏။

“သူ့မူလစိတ်ဝိညာဉ်ရဲ့ ယန်ဟာ ပျက်စီးနေခဲ့ပြီ။ ငါ…” အဘိုးအို၏မျက်လုံးထဲတွင် အမုန်းတရားတစ်ခု ပေါ်လာ၏။ သူသည် ဝမ်လင်းကို ပုတ်နေခြင်းအား ရပ်ကာ ထိုင်ချလိုက်သည်။

“အခုခေတ်ဂျူနီယာတွေ…သူတို့အားလုံးဟာ…အား…။ ဒီအဘိုးအိုကတော့ အခုချိန်ထိကို စိတ်အင်အား ကောင်းနေတုန်းပဲ။ ကနေ့ထိ ငါ့မူလစိတ်ဝိညာဉ်ရဲ့ ယန်ဓာတ်ဟာ ပကတိအတိုင်း ရှိနေတုန်းပဲ…”

(ဘာသာပြန်သူ၏အမြင်... မူလစိတ်ဝိညာဉ်၏ ယန်ဓာတ်ပျက်စီးခြင်းဟူသည်မှာ လူပျိုမဟုတ်တော့ဟု ဆိုလိုခြင်း ဖြစ်နိုင်လောက်မည်။ )

***

All Chapters