ဟင်္သာငှက်ဘိုးဘေး
Vol. 106 Ch. 1454
ထိုအဘိုးအိုသည် ခပ်တိုးတိုး ဆိုရင်း ခေါင်းယမ်းကာ ဝမ်လင်းကို မုန်းတီးဟန်ဖြင့် ကြည့်သည်။
“သူ့ရဲ့မူလစိတ်ဝိညာဉ်ယန်ဓာတ်ဟာ ပျက်စီးသွားခဲ့ပြီ ဆိုမှတော့ သူဟာ ဒီအဘိုးအိုရဲ့မန္တာန်တွေကို မကျင့်ကြံနိုင်တော့မယ့်အပြင် ယန်ဓာတ်ကို ထိန်းသိမ်းထားနိုင်တဲ့ သူတွေထက်လည်း သိမ်မွေ့ဆန်းကြယ်မီးနယ်ပယ်ကို ရောက်ဖို့ သူ့အတွက် အများကြီး ပိုခက်ခဲသွားပြီ။ ကံမကောင်းလိုက်တာ….ကံမကောင်းဘူး…”
ထိုအဘိုးအိုသည် ကျင့်ကြံနေသော ဝမ်လင်းကို ကြည့်ကာ သက်ပြင်းချသည်။ သို့ပေမည့် သူ ကြည့်နေရင်း သူ့မျက်လုံးမှာ ပြူးသွားကာ အလန့်တကြားဆိုသည်။
“တစ်ခုခုတော့ မှားနေပြီ။ ဒီကောင်လေးရဲ့ ခန္ဓာကိုယ်ဟာ…ဒါက…” ထိုအဘိုးအိုသည် မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် ဝမ်လင်းနား လျှောက်လာ၏။ သူ့မျက်လုံးထဲတွင် မယုံကြည်နိုင်မှု၊ စိတ်လှုပ်ရှားမှုတို့လည်း ရှိနေသည်။ သူသည် ဝမ်လင်း၏နဖူးထက်သို့ သူ့လက်ကို ရိုးစင်းစွာ ဖိနှိပ်ထားရန် ဆုံးဖြတ်လိုက်၏။
သူသည် ဝမ်လင်းကို လုံးဝ မနာကျင်စေပေ။ သို့သော် ဆန်းကြယ်သောအားတစ်ခုသည် ဝမ်လင်း၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာလေ၏။
ထိုအဘိုးအိုက သူ့ညာလက်ကို ပြန်ရုတ်သိမ်းလိုက်သည့်အခါ သူသည် မျက်လုံးအပြူးသားဖြင့် ဝမ်လင်း၏နဖူးကို စိုက်ကြည့်နေတော့သည်။
ထိုအခိုက်မျာ ဝမ်လင်း၏နဖူးထံမှ မမြင်ရသောမီးတစ်ခု ပျံသန်းထွက်လာ၏။ ထိုမီးပေါ်လာသည်နှင့် လောကတွင် ပြည့်နှက်ကာ အံ့မခန်းအတိုင်းမသိအပူဓာတ်ကို ပေးစွမ်းလေတော့၏။
ထိုအခိုက်တွင် မမြင်ရသောမီးသည် ရုတ်တရက် အားနည်းသောမီးတောက်တစ်ခုအဖြစ်သို့ ကြုံ့သွား၏။ ထိုမီးတောက်မှာ အားနည်းသော်လည်း ၎င်းအတွင်း၌ မွန်းကျပ်စေနိုင်သောအော်ရာတစ်ခု ရှိလို့နေလေ၏။
ယင်းကား ဝမ်လင်း၏ မီးအနှစ်သာရပင်။
အဘိုးအိုသည် ဝမ်လင်း၏မီးအနှစ်သာရကို တွေ့မြင်သည့်အခါ သူ့အမူအရာမှာ ပြောင်းလဲမသွားပေ။ သူက ၎င်းကို တင်ကြိုသိထားပြီး ဖြစ်သည့်အလား။
မီးအနှစ်သာရပြီးသည့်နောက် နောက်ထပ်အလင်းတစ်ခု ဝမ်လင်းနဖူးထံမှ ထွက်ပေါ်လာ၏။ ထိုအလင်းသည် အလွန်တရာ တောက်ပလွန်းသည်။ ဝမ်လင်း၏နဖူးထက်မှ မိုးကြိုးတန်းများ ထိုးထွက်လာကာ မိုးကြိုးသံများ တုန်ဟည်းသည်။
ထိုမိုးကြိုး ပေါ်လာသည်နှင့် ၎င်းသည် အမှတ်အသားအသွင်ဆောင်ကာ ၎င်းအား အတူတကွမိုးကြိုးကိုးမျိုးက လှည့်ပတ်လျက် တုန်လှုပ်ဖွယ်အားတစ်ခုကို ပေးစွမ်းနေလေသည်။
ကောင်းကင်သည် အရောင်များ ပြောင်းလဲ၏။ တိမ်များ ပြန့်ကျဲကုန်သည်။ မိုးကြိုးအနှစ်သာရမှာ အားကောင်းလွန်းလှ၏။
ယင်းကား ဝမ်လင်း၏ ဒုတိယမြောက်အနှစ်သာရပင်။
“ဘယ်လိုကောင်လဲဟ…။ ဟင်္သာငှက်အကြိမ်ရေအနည်းငယ် နိုးထခဲ့တဲ့နောက် သူ့မှာ မီးအနှစ်သာရ အပြင် ဒီမိုးကြိုးအနှစ်သာရပါ ပိုင်ဆိုင်ထားသေးတယ်။ ငါ ဒါကို အရင်ကတည်းက သတိပြုမိခဲ့ပေမဲ့လည်း အခု ဒီလိုတွေ့မြင်ရတော့ အံ့အားမသင့်မိဘဲ မနေနိုင် ဖြစ်ရတယ်။ ဒီမိုးကြိုးအနှစ်သာရဟာ ပြီးပြည့်စုံနေပြီပဲ။ ဒီအနှစ်သာရက လေဟာနယ်ဂိတ်တံခါးကို စိန်ခေါ်နိုင်တဲ့အဆင့်ထိ ရောက်နေခဲ့ပြီ။ သူ ဒါကို ဘယ်လိုများ ကျင့်ကြံခဲ့တာလဲ။ ဖြစ်နိုင်တာက သူဟာ ရှေးဟောင်းမိုးကြိုးနဂါးတစ်ကောင်ကို တကယ်ကြီးများ ဝါးမြိုပစ်ခဲ့တာများလား…” အဘိုးအိုသည် လေအေးတစ်ချက် ရှိုက်သွင်းလိုက်မိ၏။
သို့ရာတွင် ထိုအခိုက်တွင် ဝမ်လင်း၏နဖူးထက်မှ နောက်ထပ်အလင်းတန်းတစ်ခု လင်းလက်သွားသည်။ အဘိုးအို၏မျက်လုံးသည် ပြူးကျယ်သွား၏။ စိတ်လှုပ်ရှားဟန် အငွေ့အသက် ဖြစ်ပေါ်သည်။
“ဒါပဲကို။ ဒါကိုလည်း ငါ အရင်က တွေ့ခဲ့ပြီးပြီး။ ဒီကောင်လေးရဲ့ ခန္ဓာကိုယ်ဟာ…”
နောက်ထပ်အလင်းတန်းတစ်ခုလင်းလက်ကာ အဖြူနှင့်အနက်အလင်းသည် ဝမ်လင်း၏နဖူးထက်မှ တောက်ပလာ၏။ လောကသည် တုန်ဟည်းသည်။ ရှည်လျားသော ပုံရိပ်ယောင်မြစ်တစ်ခုသည် ကောင်းကင်ထက်တွင် ပေါ်လာ၏။
ထိုမြစ်သည် ဝမ်လင်း၏သေခြင်းရှင်ခြင်းအနှစ်သာရကြောင့် ဖြစ်ပေါ်လာသော မြေအောက်လောကမြစ်ပင်။
ထိုမြစ်သည် ကောင်းကင်အနှံ့ တည်ရှိကာ မြစ်ထိပ်နှင့်မြစ်အောက်ပိုင်းတို့မှာ ချိတ်ဆက်လို့ထား၏။ မြစ်အတွင်း၌ တိမ်မြူများ ရစ်သိုင်းလျက် ၎င်းထံမှ သေခြင်းနှင့်ရှင်ခြင်းအော်ရာတစ်ခု ပေါက်ကွဲထွက်လာသည်။
ယင်းကာ ဝမ်လင်း၏သေခြင်းရှင်ခြင်းနယ်ပယ်မှ ဖြစ်ပေါ်ခဲ့သော တတိယမြောက်အနှစ်သာရတည်း။
ထိုအဘိုးအိုသည် အတိုင်းမသိ စိတ်လှုပ်ရှားဟန် ပေါ်လာ၏။ သူ့မျက်နှာထက်တွင်လည်း နှစ်ထောင်ပေါင်းများစွာ မခံစားမိတော့သော ပျော်ရွှင်မှုတို့ လှစ်ပေါ်လေသည်။ သူသည် မျက်လုံးအပြူးသား ဖြစ်နေကာ ပြုံး၍ ဆို၏။ “ကောင်းတယ်…ကောင်းတယ်…ကောင်းတယ်…။ ဒါက တကယ့်ကို တတိယမြောက်အနှစ်သာရပဲ။ ဒီအဘိုးအိုက အရင်တုန်းက ဒါကို သေချာမကြည့်ခဲ့ရဘူး။ ဒီတော့ ဒါက ငါ မျှော်လင့်ထားသလိုမျိုး…”
သူ့စကားမဆုံးသေးခင်မှာပင် သူသည် တဒင်္ဂမင်သက်သွား၏။ နောက်ထပ်အလင်းတန်းတစ်ခု ဝမ်လင်း၏နဖူးထက်မှ လင်းလက်လာပြန်သည်။ သည့်နောက် ပုံရိပ်ယောင်ယင်နှင့်ယန်သင်္ကေတတစ်ခု ပျံသန်းထွက်လာချေ၏။
ထိုယင်နှင့်ယန်သင်္ကေတ၌ ကံမ္မ ပါဝင်၏။ ပေါ်လာသည်နှင့် ၎င်းမှာ လောကကို ဆုတ်ဖြဲဟန် ထင်ရသည်။ ကောင်းကင်နှင့်မြေကြီးသည် ရောယှက်ကာ ကံကြမ္မာစက်ဝန်းတစ်ခု ဖြစ်ပေါ်လေသည်။
ကံကောင်းသည်မှာ ဤအနီးအနား၌ တခြားမည်သည့်ကျင့်ကြံသူမှ ရှိမနေခြင်းပင်။ မဟုတ်ပါက ယင်းကံကြမ္မာစက်ဝန်းက သူတို့၏ အတွင်းစိတ်ရိုင်းကို ပေါက်ကွဲထွက်စေကာ သူတို့အား လွတ်မြောက်ဖို့ရာ ခက်ခဲစေပေလိမ့်မည်။ သူတို့စိုက်ပျိုးခဲ့သော ကံကြမ္မာအကြောင်းရင်းသည် သူတို့ကိုယ်သူတို့ ဖျက်စီးပစ်စေနိုင်လောက်သည့် ကံမ္မအကျိုးဆက် ဖြစ်လာနိုင်ချေသည်။
“နောက်ထပ် ရှိသေးတာလား…” ထိုအဘိုးအိုသည် လုံးဝ မင်သက်နေ၏။ သူ၏အမူအရာမှာ တုန်လှုပ်မှုတို့ ပြည့်နှက်နေသည်။
“အနှစ်သာရလေးခု…။ ဒါက…ဒီကောင်လေး အနှစ်သာရလေးခု ပိုင်ဆိုင်အောင် ဘယ်လိုများ ကျင့်ကြံခဲ့တာလဲ။ တကယ့်ကို အနှိုင်းမဲ့ပဲ…” အဘိုးအို၏မျက်လုံးသူငယ်အိမ်မှာ ထပ်မံ ကြုံ့သွား၏။ ထိုစဉ်မှာပင် ဝမ်လင်း၏နဖူးထက်မှ နောက်ထပ်လင်းလက်လာပြန်၏။
ဒီတစ်ကြိမ် အလင်းသည် အလွန်တရာ အံ့ချီးဖွယ်ဆန်၏။ ၎င်းသည် ရှိသည်ဟုလည်းထင်ရ၏။ သို့သော် မရှိဟုလည်း ထင်ရပြန်သည်။ ၎င်းသည် အမှန်နှင့်အမှားကြား အဆက်မပြတ် လှည့်ပြောင်းနေခြင်းတည်း။ အစစ်အမှန်နှင့် အတုအယောင် ပုံရိပ်များ စတင် ပေါ်လာကာ အကြည့်တစ်ချက်တည်းဖြင့် လူများအား ယင်းပုံရိပ်တို့ကို ခွဲခြားနိုင်ခြင်း မရှိ ဖြစ်စေသည်။
ထိုအဘိုးအိုသည် ဝမ်လင်းအထက်တွင် မြောလွင့်နေသော မတူညီသည့် အနှစ်သာရငါးခုကို စိုက်ကြည့်နေ၏။ သူသည် တံတွေးကို ခက်ခက်ခဲခဲ မြိုချမိ၏။ သူ ဘာပြောလို့ ပြောရမှန်းမသိပင် ဖြစ်နေသည်။ အနှစ်သာရငါးခု ဝမ်လင်း၏ ခန္ဓာကိုယ်အတွင်း ပြန်လည်ဝင်ရောက် ပျောက်ကွယ်မသွားမချင်း သူသည် သက်ပြင်းရှည်ကြီး ချမိတော့သည်။
“ထပ်မရှိတော့ဘူးလား။ ကောင်းတယ်…သိပ်ကောင်းတယ်…” ထိုအဘိုးအိုသည် ဝမ်လင်းကို မွန်းစတားတစ်ကောင်အလား ကြည့်နေမိ၏။
“အနှစ်သာရငါးခု…အနှစ်သာရငါးခု…သေစမ်း…ဒီကောင်လေးဟာ လေးဆက်မြောက်ဟင်္သာငှက်မျိုးဆက်ထက်တောင် ပိုပြီး မွန်းစတားဆန်နေသေးတယ်။ ဒီလောကမှာ ဘယ်လိုများ ဒီလိုမွန်းစတားမျိုး ပေါ်လာခဲ့ရတာလဲ…”
ထိုအဘိုးအိုသည် ထိုသို့ ပြောနေသော်ငြား သူ့မျက်လုံးထဲတွင်မူ စိတ်လှုပ်ရှားမှု ပြည့်နှက်နေ၏။
လရောင်သည် လင်းလင်းနေ၏။ လေပြေတို့က ဆက်လက် ကျီစယ်တိုက်ခတ်နေကာ အပင်များကို တချွတ်ချွတ် မြည်စေလေသည်။ ညသည် တဖြည်းဖြည်း ကုန်ဆုံးလာလျက် နေမင်းသည် ည၏အမှောင်နှင့်အေးစိမ့်မှုတို့ကို တဖြည်းဖြည်း လွင့်ပါးစေလေသည်။
တညတာ ကျင့်ကြံပြီးနောက် ဝမ်လင်း၏ခန္ဓာကိုယ်အတွင်းမှ မီးအနှစ်သာရသည် အတော်လေးကို သန်မာလာခဲ့၏။ သို့ပေမည့် သူသည် ဟင်္သာငှက်လေးကြိမ်မြောက်နိုးထခြင်းအတွက်မူ သူမချိုးဖျက်နိုင်သေးသော အရံအတားတစ်ခု ရှိနေသေးသည်သာ။
ပြိုလဲအကြီးအကဲရွေးချယ်ပွဲမှာ အာရုံဦးအစတွင် ကျင်းပနေခဲ့လေပြီ။
နေ့လယ်ခင်းမတိုင်ခင်မှာ ဝမ်လင်း ဝါးမြိုခဲ့သော နဂါးသွေးတို့သည် တဖြည်းဖြည်း ကွယ်ပျောက်လာခဲ့ချေပြီ။ ဝမ်လင်း၏မျက်နှာမှာလည်း ပုံမှန်အတိုင်းဖြစ်လာကာ သူသည် မျက်လုံး ဖွင့်လာ၏။
ဝမ်လင်းသည် ပါးစပ်အပြည့် လေများ မှုတ်ထုတ်လိုက်လေ၏။ ထိုလေသည် နက်မှောင်၏။ ၎င်းသည် မြေပြင်ထက်သို့ ကျဆင်းသွားသည့်အခါ အက်ကွဲသံတစ်ခုကို ဖန်တီးသည်။ မြေကြီးသည်ပင် ကျွမ်းလောင်ခြင်း ခံလိုက်ရချေသည်။
ဝမ်လင်း မျက်လုံးဖွင့်လာချိန်၌ သူက အဘိုးအိုကို မြင်သည်။ သူသည် အနည်းငယ် စဉ်းစားပြီးနောက် ထရပ်သည်။ ထို့နောက် သူက ဦးညွတ်ကာ တလေးတစား ပြောလိုက်၏။ “ဂျူနီယာဝမ်လင်းက…လေးဆက်မြောက်ဘိုးဘေးကို နှုတ်ဆက်ပါတယ်…”
ထိုအဘိုးအိုသည် ဝမ်လင်းကို ကြည့်နေ၏။ သူ၏မျက်လုံးထဲတွင်လည်း ထူးဆန်းသောအလင်းတစ်ခု ရှိနေသည်။ သူသည် ချောင်းဟန့်ကာ သူ့မျက်လုံးထဲရှိ ထူးဆန်းသောအလင်းကို ဖုံးကွယ်ပြီး ပြုံးသည်။ “ဒီအဘိုးအိုက လေးဆက်မြောက်မျိုးဆက်ဟင်္သာငှက် မဟုတ်ဘူး…”
ဝမ်လင်းသည် တဒင်္ဂမင်သက်သွားကာ အဘိုးအိုကို ကြည့်သည်။ ထို့နောက် သူ့စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
“သင်…သင်က ပထမဆုံးဟင်္သာငှက်မျိုးဆက်လား…”
အဘိုးအိုသည် ရယ်မောကာ ခေါင်းယမ်း၏။ “ဒီအဘိုးအိုက ပထမဆုံးမျိုးဆက် ဟင်္သာငှက်လည်း မဟုတ်ဘူး။ ဒါပေမဲ့ ဒုတိယဆိုရင်တော့ ဟုတ်တယ်။ အချိန်တွေ ကြာလွန်းခဲ့ပြီ။ တော်တော်များများ ကိစ္စရပ်တွေဟာလည်း ရှုပ်ထွေးလွန်းလှတ်။ လေးဆက်မြောက်ဟင်္သာငှက်လည်း ဒီမှာ ရှိနေတယ်။ မင်းကတော့ သူပြီးရင် ငါ တွေ့ရတဲ့ ဒုတိယမြောက် ကလန်ဝင်ပဲ…”
ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားသွား၏။ ထို့နောက် သူက မေးခွန်းထပ်မေးလိုက်ပြန်သည်။ “သင်က မဟာအင်ပါယာလား…”
“ငါလည်း မင်းလိုပဲ အင်ပါယာငယ်(သို့)လူငယ်အင်ပါယာပဲ ဖြစ်တယ်…” အဘိုးအိုသည် ပြုံးသည်။ သူသည် ဝမ်လင်း စဉ်းစားနေသည်ကို မြင်သည့်အခါ ရှင်းပြလာ၏။ ဒီအဘိုးအိုနဲ့ လေးဆက်မြောက်ဟင်္သာငှက်ကောင်လေးတို့ဟာ အင်ပါယာငယ်တွေသာ ဖြစ်ကြတယ်။ မဟာအင်ပါယာကတော့ အပြင်လူတွေအတွက် အသုံးပြုတဲ့ နာမည်သာ ဖြစ်တယ်။ ဟင်္သာငှက်ကလန်အတွက်တော့ သူဟာ နာမည်တစ်ခုတည်းဖြစ်တဲ့ ပထမဆုံးမျိုးဆက်ဟင်္သာငှက်ဘိုးဘေးပဲ…”
“သူဟာ ရှေးဟောင်းကောင်းကင်ဘုံအင်ပါယာရဲ့ လက်အောက်က အသန်မာဆုံးဗိုလ်ချုပ်လေးယောက်ထဲက တစ်ယောက်ဆိုလည်း ဟုတ်တယ်…”
ဝမ်လင်း၏စိတ်သည် တုန်ယင်သွား၏။ သူသည် ရုတ်တရက် မော့ကြည့်လိုက်သည်။
ထိုအဘိုးအိုသည် ပြုံး၍ ဆို၏။ “အသေးစိတ်ကိုတော့ မင်း ဟင်္သာငှက်နတ်စမ်းသပ်ချက်ကို ဖြတ်ကျော်ပြီးခဲ့ရင် မင်းအားလုံး သိလာလိမ့်မယ်…”
“ဒီစမ်းသပ်ချက်ဟာ မင်းလုပ်ကိုလုပ်ရမယ့်အရာပဲ။ မင်းအတွက် သိမ်မွေ့ဆန်းကြယ်မီးနယ်ပယ်ကို ချိုးဖျက်နိုင်မယ့် မဟာကံကောင်းမှုတစ်ခုလည်း ဖြစ်သွားနိုင်တယ်။ ဒါပေမဲ့ ဒါဟာ ခက်ခဲလွန်းလှတယ်။ ဒါ့ကြောင့် မင်းအများကြီး ဖိအားထား မနေနဲ့…”
ထိုအဘိုးအိုသည် အနောက်မြောက်ဘက်သို့ ကြည့်လိုက်၏။ အနည်းငယ် စဉ်းစားပြီးနောက် သူက မကျေမနပ်ဟန်စွက်သောသ အသံဖြင့် ပြောလာသည်။
“မင်းက အရှင်စစ်မိုရဲ့ စိန်ခေါ်မှုကို ဘာကြောင့် လက်မခံရဲခဲ့တာလဲ။ ငါတို့ ဟင်္သာငှက်ကလန်က လူတွေဟာ တိုက်ခိုက်ရမှာကို မကြောက်ကြဘူး။ မင်း စမ်းသပ်မှု ပြီးရင် သူ့ကို တိုက်ခိုက်ပြီး ရှုံးနိမ့်အောင် လုပ်လိုက်။ ဒီနေရာကို ဖိတ်ကြားထားတဲ့ သူတွေဟာ ဒီနေရာမှာဆို ဘာပြဿနာမှ ရှာနိုင်စွမ်း မရှိဘူး…”
“ပြိုလဲအကြီးအကဲရွေးချယ်ပွဲဟာ ကလေးကလားအဆင့်သာသာပဲ။ အဓိကအကြောင်းရင်းကတော့ တတိယအဆင့်ကျင့်ကြံသူ အတော်များများကို ဖိတ်ကြားပြီး သူတို့ကို ဒီပြိုလဲကုန်းမြေမှာ အင်ပါယာငယ်အသစ် ပေါ်လာပြီဆိုတာ သိစေချင်လို့ ဖြစ်တယ်…”
“မင်းဟာ ဟင်္သာငှက်ကလန်ဝင်လည်း ဟုတ်တယ်။ ဒါ့ကြောင့် မင်းက အတွင်းနယ်မြေ၊ အပြင်နယ်မြေ ဘယ်နေရာကနေပဲ လာခဲ့လာခဲ့ ဘာမှ ပြဿနာ မရှိဘူး။ မင်း ဒီနေရာက ထွက်သွားခဲ့ရင်တော့ ငါ မင်းကို ကာကွယ် မပေးနိုင်ဘူး။ ဒါပေမဲ့ မင်း ဒီမှာ ရှိနေရင်တော့ ဘယ်သူကများ မင်းကို နာကျင်အောင် လုပ်ရဲမလား ငါ မြင်ချင်မိတယ်…”
“မှတ်ထားပါ…ငါတို့ ဟင်္သာငှက်ကလန်ဟာ နိုင်လိုမင်းထက်ရှိပြီး ဘက်လိုက်တယ်။ ငါတို့ဟာ နိုင်လိုမင်းထက် ရှိခဲ့လို့ပဲ ဒီဗရမ်းဗတာခေတ်ကြီးမှာ အုတ်မြစ်ခိုင်ခိုင်မာမာ ခြေကုပ်ယူနိုင်ခဲ့တာ ဖြစ်တယ်။ ဒီလိုလုပ်မှသာ မင်းကို ဆန့်ကျင်မဲ့လူတွေကို ထိတ်လန့်သွားစေမှာ ဖြစ်တယ်…”
“ဒါ့ကြောင့် ပုန်းနေမယ့်အစား မင်းရဲ့ခွန်အားကို ပြလိုက်။ အရှင်စစ်မိုကတော့ မင်းရဲ့ ခွန်အား ထုတ်ပြနိုင်ဖို့အတွက် ပစ်မှတ်တစ်ခုပဲ။ သူက တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေတော့ရော ဘာဖြစ်သေးသလဲ။ သူ့ကို အသုံးချပြီး မင်းခွန်အားကို ပြသလိုက်ချေ…”
ထိုအဘိုးအို၏စကားလုံးများသည် အလွန်အမင်း နိုင်လိုမင်းထက်ရှိ၏။ ဝမ်လင်းသည် အနည်းငယ်စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။ သူ့မျက်လုံးထဲတွင်လည်း အေးစက်မှုတစ်ခု ဖြတ်ပြေးသွားလေ၏။
ဝမ်လင်း၏အမူအရာကို တွေ့မြင်သည့်အခါ ထိုအဘိုးအိုသည် အတော်လေး ကျေနပ်သွား၏။ သူသည် ရေကန်ကို ကြည့်ကာ အနည်းငယ် စဉ်းစား၍ ပြောလာ၏။ “စမ်းသပ်မှုအတွက် ဒီနဂါးသွေးကို သောက်ပါ။ မင်းဟာ ငါ့ရဲ့ ကျင့်ကြံမှုနည်းလမ်းကို မကျင့်ကြံနိုင်ဘူး။ ဒါပေမဲ့ ငါတို့ တွေ့ဆုံမှတော့ ငါ မင်းကို တစ်ခုခု လက်ဆောင်ပေးသင့်တယ်။ ဒီလိုလုပ်ကြရအောင်။ ဒီအဘိုးအိုက မင်းကို ကလန်ရဲ့ လျှို့ဝှက်မန္တာန်တစ်ခု မင်းရှိ လွှဲပေးလိုက်မယ်…”
အဘိုးအိုက လျှို့ဝှက်မန္တာန်ဟု ဆိုသည့်အချိန်၌ သူ၏အမူအရာသည် အတော်လေး ထူးဆန်းသွား၏။
“မင်းက ငါတို့ကလန်ဝင် ဖြစ်မှတော့ မင်းကို ပြောပြလိုက်လည်း ဘာမှ ပြဿနာ မရှိပါဘူးလေ။ ငါတို့ဟင်္သာငှက်ကလန်မှာ ဘယ်တော့မှ လျှို့ဝှက်မန္တာန်လို့ခေါ်တဲ့ မန္တာန်တွေ မရှိဘူး။ တကယ်တော့ လျှို့ဝှက်မန္တာန်ဆိုတာ အဇူရာနဂါး၊ အဖြူရောင်ကျားနဲ့ လိပ်နက်ကလန်တွေရှိကနေ ပထမဘိုးဘေး လှုပ်ရှားခဲ့စဉ်က ခိုးယူခဲ့တာပဲ ဖြစ်တယ်…”
“သူက ဒီမန္တာန်တွေကို ပြန်ယူလာတဲ့နောက် ဒါကို ကလန်ရဲ့ လျှို့ဝှက်မန္တာန်လို့ ခေါ်တွင်ခဲ့တာ ဖြစ်တယ်…”
“ကလန်သုံးခုကြားမှာ လိပ်နက်ကလန်ဟာ ခွန်အားအကြီးဆုံး။ ငါက မင်းရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ခဲ့ပြီးပြီး။ ဒီတော့ မင်းရဲ့ခန္ဓာကိုယ်ဟာ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ဆိုတာ ငါ သိပြီးပြီး။ ရှေးဟောင်းနတ်ဘုရားတွေရဲ့ စွမ်းအားနဲ့ဆို ဒီမန္တာန်ကို ပိုအားကောင်းအောင် လုပ်နိုင်လိမ့်မယ်…”
“ဒီမန္တာန်က မန္တာန်တစ်ခုတော့ မဟုတ်ဘူး။ ဒါပေမဲ့ ခွန်အားအသုံးချတဲ့ နည်းလမ်းပဲ။ သေချာကြည့်ပါ…” စကားဆုံးသည့်နောက် ထိုအဘိုးအိုသည် ရေကန်ထံသို့ လှမ်းလျှောက်သွား၏။ သူ့ညာလက်ကို ပင့်မြှောက်ကာ ကန်ထံသို့ ဝေ့ယမ်းလိုက်လေ၏။
ထိုလက်ဝါးချက်သည် ရေပြင်ကို ဖိနှိပ်ကာ ရိုက်ချသွားလေ၏။
***