စင်စစ်တာအိုစွမ်းအားထံသို့ ခြေချခြင်း
Vol. 106 Ch. 1455
ဘန်းခနဲပေါက်ကွဲသံနှင့်အတူ ရေကန်သည် အပြင်းအထန် လှုပ်ခတ်လာသည်။ ရေလွှာတစ်ခုသည် ရုတ်တရက် ပျက်စီးသွားကာ မရေမတွက်နိုင်သော ရေစက်များ ပေါ်လာသည်။ ထို့နောက်မှာ နောက်ထပ်ရေလွှာတစ်ခု ရုတ်ချည်းထပ်မံ ပျက်စီးသည်။ ထိုသို့ဖြင့် သံသရာလည်နေ၏။ ချက်ခြင်းပင် ရေကန်ထက်မှ ရေလွှာများသည် ရေငွေ့များအဖြစ်သို့ လွင့်ပါး ပျောက်ကွယ်သွားပြီး လေထဲသို့ မြင့်တက်ကုန်သည်။
ချက်ခြင်းလိုလိုပင် ရေကန်၏ ရေပမာဏသည် ဆယ်ပေထိ လျော့ကျသွားလေ၏။
ထိုမြင်ကွင်းမှာ အတော်လေး သာမန်ဆန်၏။ အထူးအထွေ ရှိနေဟန် မပေါက်ပေ။ မန္တာန်တစ်ခုဆိုလျှင်ပင် ရေကန်ကို ရေငွေ့အဖြစ်သို့ ပြောင်းလဲခြင်းမှာ အတော်လေး ရိုးရှင်းလှ၏။
ထိုအဘိုးအိုမဆိုနှင့် ဝမ်လင်းသည်ပင် ရေကန်ကို ထိုသို့ဖြစ်သွားအောင် လုပ်ဆောင်နိုင်သည့် နည်းလမ်းဒါဇင်ချီ ရှိနေပေ၏။
“သာမန်ပဲ၊ ဘာမှ ထူးခြားတာ မရှိဘူး မဟုတ်လား…” အဘိုးအိုသည် ဝမ်လင်းကိုက လေးနက်သောအပြုံးဖြင့် ကြည့်၏။
ဝမ်လင်းသည် ရေကန်မျက်နှာပြင်ကို စိုက်ကြည့်နေလျက် သူ စောနလေးက တွေ့မြင်ခဲ့ရသည့်အရာများကို ပြန်စဉ်းစားကြည့်သည်။ သူ့မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ သူသည် ရေကန်ကို စိုက်ကြည့်နေလျက် စတင်စဉ်းစားတော့၏။
ဝမ်လင်း ထိုကဲ့သို့ ဖြစ်နေသည်ကို တွေ့မြင်သည့်အခါ ထိုအဘိုးအိုသည် အတော်လေး ပျော်ရွှင်လာသည်။ သူသည် ဝမ်လင်းကို မနှောက်ယှက်ပေ။ သူက ဝမ်လင်း၏နားလည်သဘောပေါက်နိုင်စွမ်း မည်မျှ ကောင်းမွန်သည်ကို မြင်လို၏။ ဝမ်လင်းသည် ဒီနည်းစနစ်၏နောက်ကွယ်မှ အဓိပ္ပာယ်ကို သဘောပေါက်မလား သူ မြင်ချင်မိသည်။
“အတိတ်တုန်းက ဘိုးဘေးရှိကနေ ငါ ဒီနည်းစနစ်ကို သင်ယူခဲ့ရတုန်းက ငါ့ဘာသာ ဒီနည်းစနစ်ရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကို မမြင်နိုင်ခဲ့ဘူး။ အံ့အားသင့်ဖွယ်ပါရမီရှိတဲ့ လေးဆက်မြောက်ဟင်္သာငှက်ဂျူနီယာတောင် အဓိကအချက်ကို နားမလည်နိုင်ခဲ့ပဲ သူဟာ အစွန်းအဖျားလောက်ကိုသာ ဖမ်းဆုပ်နိုင်ခဲ့တယ်။ ဘိုးဘေး မရှင်းပြခင်အချိန်ထိ ငါတို့ဟာ ဒီနည်းစနစ်ရဲ့ စစ်မှန်တဲ့အဓိပ္ပာယ်ကို သဘောမပေါက်နိုင်ခဲ့ကြဘူး။ ဒီခြောက်ဆက်မြောက်မျိုးဆက်ကကော ဘာလုပ်နိုင်မလဲ ကြည့်ရတာပေါ့…”
“ဒါပေမဲ့…ဒီကောင်လေးဟာ လေးဆက်မြောက်ဟင်္သာငှက်ရဲ့ ပါရမီကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ သူ့ခုလက်ရှိ ကျင့်ကြံမှုအဆင့်ဟာ သူ့အနေနဲ့ ကံကောင်းမှုတွေကြုံခဲ့ရလို့သာ ရောက်လာခဲ့တာ ဖြစ်ရမယ်…”
“မဟုတ်ရင် နှစ်ပေါင်းနှစ်ထောင်ကျော်လောက်လေးနဲ့ သိမ်မွေ့ဆန်းကြယ်မီးရဲ့ အစွန်းအဖျားနားကို ရောက်လာနိုင်တဲ့ ကြောက်မက်ဖွယ်ကျင့်ကြံမှုအဆင့်ကို ရောက်ဖို့ သူ့အတွက် နည်းလမ်းရှိမှာ မဟုတ်ဘူး။ ဘိုးဘေးတောင်မှ သူ့အသက်အရွယ်မှာ ဒီလောက် မလုပ်နိုင်ခဲ့ဘူး…”
ထိုစဉ်တွင် ထိုအဘိုးအိုသည် ရုတ်တရက် ဝမ်လင်း၏အနှစ်သာရငါးခုအကြောင်း တွေးမိသွားကာ သူသည် တဒင်္ဂ တန့်သွားမိ၏။
“ဖြစ်နိုင်တာက…ဒီကောင်လေးဟာ ဒီနည်းစနစ်ကို မြင်နိုင်လောက်မလား…” အဘိုးအိုသည် ဝမ်လင်းကို ကြည့်နေရင်း အနည်းငယ် သုန်မှုန်လာ၏။
ဝမ်လင်းကမူ မျက်မှောင်ကြုတ်နေသည်။ စောနက မြင်ကွင်းသည် သူ့စိတ်ထဲတွင် ထင်ဟပ်နေ၏။ အဘိုးအို၏ လက်ဝါးသည် အတော်လေးပုံမှန်ပင်။ ကန်ကို လှုပ်ခတ်လိုက်ရုံသာ ဖြစ်သည်။ ရေစက်များ ပျံတက်ကာ တစ်စက်နှင့်တစ်စက် ပွတ်တိုက်မှုပြီးနောက် ရေငွေ့အဖြစ်သို့ ပြောင်းသွားခြင်းသာ။
သို့ပေမည့် အဘိုးအို၏စကားအသွားအလားအရ ထိုမန္တာန်တွင် လေးနက်သောအမှန်တရားတစ်ခု ပါနေမည်သာ။ စဉ်းစားနေလျက် ဝမ်လင်းသည် ရေကန်နားသို့ လျှောက်လာပြီး ရေမျက်နှာပြင်ထံ ကုန်း၍ ငုံ့လိုက်သည်။ သူ့လက်ကိုလည်း ညင်သာစွာဖြင့် ကန်မျက်နှာပြင်ထံ ဖိကြည့်၏။ သူသည် မန္တာန်တစ်ခုကို အသုံးမပြု၊ သေမျိုးတစ်ယောက်ကဲ့သို့ ရေကို အသာလေး ရိုးစင်းစွာ ထိလိုက်ခြင်းသာ။
သူ့လက် ရေကန်မျက်နှာပြင်ထံ ကျဆင်းသွားသည်နှင့် ဝမ်လင်းသည် တန်ပြန်ကန်အားတစ်ခုကို ခံစားမိလိုက်၏။ ထိုကန်အားသည် အလွန်အမင်းအားနည်းသည်။
ရေမျက်နှာပြင်သည် ညင်သာပျော့ပျောင်းလွန်းသော်လည်း ၎င်းမှာ သစ်ရွက်များကို မြောနေစေနိုင်သည်သာ။ သူ့လက်ဝါးက ၎င်းမျက်နှာပြင်ကို ထိမိသည့်အခါ သူသည် တန်ပြန်ကန်အားတစ်ခုကို ခံစားမိသည်မှာ သဘာဝပင်။ အတိတ်တုန်းက ထိုကိစ္စသည် ဝမ်လင်း၏အာရုံကို ဘာမှ စွဲဆောင်နိုင်ခဲ့ခြင်း မရှိပေ။ ဘာကြောင့်ထိုကဲ့သို့ ဖြစ်ရသနည်းကိုလည်း အရင်တုန်းက သူ လုံးဝ မစဉ်းစားခဲ့ဖူးပေ။
သို့ပေမည့် ခုချိန်တွင်မူ ထိုတန်ပြန်အား ပေါ်လာသည်နှင့် ဝမ်လင်း၏မျက်လုံးသည် ကျဉ်းမြောင်းသွားလေ၏။
လှိုင်းဂယက်များ ကန်အနှံ့ ပျံ့နှံ့လာကာ ဝမ်လင်းလက်ဝါးထံသို့လည်း ပိုများသောလှိုင်းကယက်များ ပျံ့လွင့်လာ၏။ ကန်သည် သူ၏နှလုံးသားကဲ့သို့ ဖြစ်၏။ လှိုင်းဂယက်တစ်ခုသည် သူ့နှလုံးသားအတွင်း၌ အထိုင်ချသည့်အလား။
ဝမ်လင်းသည် တခြားသူများနှင့် မတူပေ။ သူသည် ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်၏။ ရှေးဟောင်းနတ်ဘုရားများသည် မန္တာန်များကို အသုံးမပြု၊ သို့သော် သူတို့၏ခန္ဓာကိုယ်များမှာ အလွန်အစွမ်းထက်၏။ လက်သီးတစ်ချက်ဖြင့်ပင် ကျင့်ကြံခြင်းဂြိုဟ်တစ်ခုကို မျိုးဖြုတ်ပစ်နိုင်သည်။ ယင်းကာ ရှေးဟောင်းနတ်ဘုရားများ ခွန်အား၏ ပဓာနအချက်ပင်။
ထို့အတွက်ကြောင့်လည်း ဝမ်လင်းသည် အားကို ဖမ်းဆုပ်မိခြင်းအရာ၌ တခြား မန္တာန်များ၊ ရတနာများအပေါ် မှီခိုသော ကျင့်ကြံသူများနှင့် အတော်လေးကို ကွာခြားသည်။
“ကလေးဘဝတုန်းက ငါ စာအုပ်တွေ ဖတ်ခဲ့တဲ့အချိန်မှာ ငါဟာ ရေစက်ရေပေါက်တွေဟာ ကျောက်တုံးတွေကို တူးဆွပစ်နိုင်တယ်လို့ သိကြားခဲ့ဖူးတယ်။ ရေဟာ နူးညံ့ပျော့ပြောင်းဟန် ပေါက်ပေမယ့်လို့ တကယ်တော့ အတော်လေးကို ကြမ်းလှတယ်။ ဒီရေဟာ ကျောက်တုံးတစ်ခုအပေါ် ကျရောက်တဲ့အခါ ဒီကျောက်တုံးဟာ ၎င်းဟာ တန်ပြန်ကန်အားကို တောင့်ခံရမှာပဲ ဖြစ်တယ်။ မရေမတွက်နိုင်တဲ့ ရေစက်တွေဟာ တန်ပြန်အားကို ဖန်တီးပြီး တဖြည်းဖြည်း ကျောက်တုံးကျောက်စိုင်တွေကို ထွင်းဖောက်သွားနိုင်တယ်…”
“ကျောက်တုံးတွေ မဆိုနဲ့အုံး၊ ရှေးဟောင်းနတ်ဘုရားတစ်ယောက်တောင် ကျောက်တုံးနေရာမှာဆို အချိန်အလွန်ကြာမြင့်လာရင် ရေစက်တွေရဲ့ ထွင်းဖောက်တာ ခံလိုက်ရမှာ ဖြစ်တယ်…” ဝမ်လင်း၏မျက်လုံးထဲတွင် ဉာဏ်အလင်း ပေါ်လာ၏။ သူသည် ထိုအဘိုးအိုကို ကြည့်သည်။
အဘိုးအို၏အမူအရာသည် အလေးအနက် ဖြစ်လာသည်။ တုန်လှုပ်ဟန် အရိပ်အမြွက်လည်း ပေါ်၏။ သူသည် ဝမ်လင်းကား ထိုမန္တာန် (ဝါ)နည်းစနစ်၏ အစွန်းအဖျားကို သူ့ဟာသူ ဖမ်းဆုပ်နိုင်လိမ့်မည်ဟု မထင်ထားမိခဲ့ပေ။
“ဒီကောင်လေးရဲ့ ပါရမီဟာ လေးဆက်မြောက်ဟင်္သာငှက်ကို မယှဉ်နိုင်ဘူး။ ဉာဏ်အလင်းရခြင်းဟာ အတော်လေးကို လန့်ဖို့ကောင်းတယ်။ သူဟာ သူ့ရဲ့ ပါရမီကင်းမဲ့မှုကို သူ့နားလည်နိုင်စွမ်းနဲ့ အစားထိုး အသုံးချပြီး လေးဆက်မြောက်မျိုးဆက်ဟင်္သာငှက် လုပ်နိုင်ခဲ့တဲ့ ဒီမန္တာန်အပေါ် နားလည်မှုအရာမှာ တူညီတဲ့အဆင့်ထိ ရောက်အောင် လုပ်နိုင်ခဲ့တယ်။ သူ့မှာ အနှစ်သာရငါးခု ရှိနေတာ အံ့အားသင့်စရာ မရှိတော့ဘူး။ ကြည့်ရတာ ဒီအနှစ်သာရငါးခုကို ပိုင်ဆိုင်တာ မတော်တဆ မဟုတ်လောက်ဘူး…”
ထိုအဘိုးအိုသည် အသက်ခပ်ဝဝရှုသွင်းကာ ဝမ်လင်းကို လေးစားဟန်ဖြင့် ကြည့်သည်။ သူသည် ပါးစပ်ဟကာ ဤနည်းစနစ်၏ ကျန်သည့်အပိုင်းကို ရှင်းပြရန် ဟန်ပြင်သည်။ သူ့အမြင်တွင် ဤမျှမှာ ဝမ်လင်း၏အကန့်အသတ်ဟု ထင်၏။ ဝမ်လင်းသည် ဒီမန္တာန်၏နောက်ကွယ် အဓိပ္ပာယ်ကို ဆက်၍ နားလည်နိုင်စွမ်း မရှိလောက်တော့ပေ။
သို့ပေမည့် သူ မပြောလိုက်နိုင်ခင်မှာပင် ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်ကာ သူက ပြောလိုက်၏။ .
“ဒါက ပဓာန မဟုတ်သေးဘူး…”
အဘိုးအိုသည် မင်သက်သွားမိ၏။
“ရေမှာ ပျော့ပြောင်းညင်သာမှုနဲ့ ကျားကုတ်ကျားခဲဇွဲသတ္တိတို့ ပါဝင်နေတယ်။ ရေကန် ဖြစ်ပေါ်လာတဲ့နောက် ၎င်းမှာလည်း တန်ပြန်ကန်အားတစ်ခု ပါဝင်လာခဲ့ပြီ။ ငါ့လက်ဝါးထဲမှာ စွမ်းအား ပိုပါဝင်လေလေ တန်ပြန်အားကလည်း ပိုပြင်းထန်လေ ဖြစ်မှာပဲ။ ဒီတန်ပြန်ကန်အားကလည်း ငါ ထိုးလိုက်တဲ့ လက်သီးချက်ထက် အားနည်းမှာ မဟုတ်လောက်ဘူး…”
“ဒါ့ကြောင့် အားအမျိုးအစားနှစ်ခုဟာ ရုတ်တရက် ပျံ့နှံ့သွားပြီး ပြင်းထန်တဲ့ထိတိုက်မှုတစ်ခုကို ဖန်တီးတော့တာ ။ စီနီယာရဲ့ လက်ဝါး ရေထဲ ကျရောက်သွားတဲ့အချိန်မှာ ရေစက်တွေဟာ မရေမတွက်နိုင်အောင် အကြိမ်များစွာ ထိတိုက်ပြီးတဲ့နောက် ရေကန်ရဲ့ ရေလွှာအစိတ်အပိုင်းတစ်ခုကို လွင့်ပါးပျောက်ကွယ်သွားစေတာပဲ ဖြစ်တယ်…”
“ဒီလိုအစိတ်စိတ်အမြွှာြမွှာ ဖြစ်တာဟာ ရေကို ရေငွေ့အဖြစ် ပြောင်းလဲသွားဖို့ ပြောင်းလဲတဲ့အခြေအနေတစ်ခုပဲ။ ဒါဟာ ရိုးရှင်းတယ်လို့ ထင်ရပေမယ့် ဒီထဲမှာ ကောင်းကင်တုန်လှုပ်ဖွယ်အားတစ်ခု ပါဝင်နေတယ်…”
“သက်ရှိအရာတွေရဲ့ အခြေအနေကို ပြောင်းလဲနိုင်တဲ့ စွမ်းအား…” ဝမ်လင်းသည် ထိုသို့ ပြောနေလျက် သူ့မျက်လုံးသည် တောက်ပသထက် တောက်ပလာ၏။ သူ့စိတ်မှာ ပိုရှင်းလင်းလာသည်။ သူ့စိတ်အတွင်းသို့ အကြံဉာဏ်များ ပိုမို ရောက်ရှိလာကာ သူသည် အစောပိုင်းက အဘိုးအိုလုပ်ဆောင်ခဲ့သောအရာကို အကြိမ်ထောင်ချီ စိတ်ထဲ၌ မြင်ယောင်ကြည့်နေ၏။
“ဒါက ဒီလိုပဲ ဖြစ်ပါလိမ့်မယ်။ စီနီယာရဲ့ လက်ဝါးထဲမှာ ဥပဒေတစ်ခု ပါဝင်နေတယ်။ လက်သီးတစ်ချက်ဟာ ကျင့်ကြံခြင်းဂြိုဟ်တစ်လုံးကိုတောင် ပျက်စီးစေနိုင်တယ်။ အဲ့ဒီအခါမှာ တန်ပြန်ကန်အား ရှိတယ်ဆိုပေမယ့်လည်း တန်ပြန်ကန်အား ပေါ်လာတာနဲ့ အဲ့ကျင့်ကြံခြင်းဂြိုဟ်ဟာ ပျက်စီးပြီး ဖြစ်နေလိမ့်မယ်…”
“ဒါပေမဲ့ ရေကတော့ မတူဘူး။ ရေရဲ့မာကြောမှုဟာ လျှော့တွက်လို့ မရနိုင်ဘူး။ လုံလောက်တဲ့ ရေပမာဏ စုဆောင်းမိတဲ့နောက် ၎င်းရဲ့ ခံနိုင်စွမ်းအားဟာ တုန်လှုပ်ဖွယ်ရာပဲ။ တူညီတဲ့လက်သီးချက်တစ်ချက်ဟာ ပင်လယ်ပြင်ထဲသာ ကျရောက်သွားခဲ့ရင် တန်ပြန်ကန်အားဟာလည်း လူတစ်ယောက်ကို ဖျက်စီးပစ်ဖို့ လုံလောက်သွားနိုင်တယ်…”
ဟင်္သာငှက်အဘိုးအိုသည် ဝမ်လင်းကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေ၏။ သူသည် ဝမ်လင်းထံမှ အနှစ်သာရငါးခု ပေါ်လာခဲ့ချိန်ကလည်း အတော်လေး အလန့်တကြား ဖြစ်နေခဲ့ပြီးပေပြီ။
“ဒီလိုမျိုး ကောင်းကင်နဲ့မြေကြီးအပေါ် နားလည်နိုင်စွမ်းကို ဒီအဘိုးအို အရင်က လုံးဝ မတွေ့ဖူးခဲ့ဘူး။ ဒီလိုနားလည်နိုင်စွမ်းဟာ ဘယ်လိုပါရမီမျိုးထက်မဆို ပိုအစွမ်းထက်တယ်။ ဒီကောင်လေး အနှစ်သာရတွေကို ပိုင်ဆိုင်ခဲ့တာဟာ ကြက်ကန်းဆန်အိုးတိုးခဲ့တာ မဟုတ်ပေဘူးပဲ…” ဟင်္သာငှက်အဘိုးအိုသည် အသက်ခပ်ပြင်းပြင်း ရှုသွင်းမိလိုက်၏။ ဝမ်လင်းအပေါ် သူ့အကြည့်မှာ သာ၍ ထူးဆန်းလာသည်။
ဤအခိုက်အတန့်တွင် ထိုအဘိုးအိုအနေဖြင့် ဝမ်လင်းသာ ရှေးဟောင်းစိတ်ဝိညာဉ်အတားအဆီးပညာရပ်ကို သင်ယူပြီးသည်နှင့် သူသည် အတားအဆီးများ၏အထွတ်အထိပ် လေဟာနယ်နယ်ပယ်ကို အောင်မြင်ကာ လေဟာနယ်အနှစ်သာရကို ပိုင်ဆိုင်နိုင်သည်ကိုကား သူ မနေပေ။
တကယ်တော့ ထိုအခွင့်အရေးသည် ဖြစ်နိုင်ချေ နည်းလွန်း၏။ သို့သော် ဖြစ်နိုင်သည်။ ။
“စီနီယာဟာ ဂျူနီယာ့ကို ဒီတန်ပြန်ကန်အားကို ဘယ်လိုအသုံးပြုရမလဲ သင်ပေးဖို့ ကြိုးစားနေတာမလား။ ဒါ့ကြောင့် ကျနော် လက်သီးတစ်ချက် ပစ်သွင်းလိုက်တဲ့အခါ ကျနော်ဟာ ဒီတန်ပြန်ကန်အားကို ငှားယမ်းအသုံးချပြီး ရန်သူကို သတ်နိုင်မယ်။ အဲ့အခါကျရင် ကျနော့်ရဲ့ ကိုယ်ပိုင်စွမ်းအားဟာလည်း အများကြီး တိုးပွားလာမှာ ဖြစ်တယ်။ ဒါက အရာဝတ္ထုတွေရဲ့ အခြေအနေကိုတောင် ပြောင်းလဲပစ်နိုင်လောက်တယ်။ ဒါက မန္တာန်တစ်ခု မဟုတ်ပေမယ့်လည်း မန္တာန်တစ်ခုလို့ ယူဆနိုင်တယ်။ စီနီယာက ဂျူနီယာ့ကို ဒီလိုမျိုး သင်ပေးချင်တာမလား…”
ဝမ်လင်း၏မျက်လုံးသည် တောက်ပနေ၏။ သူ၏မျက်လုံးထဲတွင်လည်း ကျေနပ်မှုတို့ ရှိနေသည်။ ကျင့်ကြံသူများကြား သာမန်တိုက်ပွဲများတွင် လက်သီးချက်၊ကန်ချက်များ မပါဝင်တတ်ပေ။ သို့ပေမည့် ဝမ်လင်းကမူ ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်ချေ၏။ ထို့ကြောင့် သူ၏လက်သီးချက်မှာ သူ့အတွက် မန္တာန်တစ်ခုလိုပင်။
ဝမ်လင်း၏ ရှေးဟောင်းနတ်ဘုရား မှတ်ဉာဏ်များထဲ၌ ထိုကဲ့သို့ အားအသုံးပြုပုံ နည်းလမ်း ရှိမနေခဲ့ပေ။ အခု ဒုတိယမြောက်ဟင်္သာငှက်မျိုးဆက်၏ သင်ခန်းစာသည် ဝမ်လင်းအတွက် အတော်လေး အဓိပ္ပာယ် ရှိလေ၏။
သူက သူနှင့်ထာဆန်တို့ကြား တိုက်ပွဲအကြောင်း ပြန်တွေးမိချိန်တိုင်း ထာဆန်သည် များစွာ ပိုသန်မာသည်မှာ ထင်ရှား၏။ အတိတ်တုန်းက သူတို့၏တိုက်ပွဲမှာ ကလေးနှင့်လူကြီး တိုက်ခိုက်နေသည့်သဘောမျိုး ဖြစ်ခဲ့သည်။
ထာဆန်က ရှေးဟောင်းနတ်ဘုရားများ၏ ခွန်အားကို မည်သို့အသုံးချရမည်အား သိထားသည်ကိုပင် အများကြီး ထည့်ပြောနေဖို့ပင် မလိုအပ်ချေ။
ဟင်္သာငှက်အဘိုးအိုက သတွေးမြိုချကာ စိတ်ထဲက သက်ပြင်းချမိ၏။ သူသည် အချိန်အကြာကြီး အသက်ရှင်နေထိုင်ခဲ့သော မွန်းစတားအိုကြီး ဖြစ်သည့်အတွက် သူ့အတွက် ချက်ခြင်း သရုပ်ဆောင်ကာ အမူအရာ ပြောင်းလဲဖို့မှာ မခက်ခဲလှပါ။ သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ကောင်းတယ်။ မင်း ပြောခဲ့တာအားလုံး အမှန်ပဲ ။ ငါ မင်းကို ပြောပြချင်တာနဲ့ ကွက်တိပဲ…”
ထိုအဘိုးအိုက ဤသို့ ပြောလိုက်သော်လည်း သူ့စိတ်ထဲကမူ တွေးနေ၏။ “သေစမ်း… ဒီကောင်လေး ငါ့ကို ဖြတ်မြင်မှာကို ငါ ခွင့်ပြုမပေးနိုင်ဘူး။ သူသာ ဒီအဘိုးအိုဟာ အတိတ်တုန်းက ဒီနည်းစနစ်ကို နားမလည်နိုင်ခဲ့တာကို သိသွားခဲ့ရင် အကြီးအကဲတစ်ယောက်ဆိုတဲ့ ငါ့မျက်နှာ ဘယ်နားသွားထားရမှန်းမသိ ဖြစ်လိမ့်မယ်။ ငါ ဒီလိုဖြစ်လာမှသာ သိခဲ့ရင် ငါ့အနေနဲ့ သူ့ကို အဖြူရောင်ကျားနဲ့ အဇူရာနဂါးကလန်တို့ရဲ့ လျှို့ဝှက်မန္တာန်တွေကို လက်ဆင့်ကမ်းပေးမိမှာ။ ဒီအရာတွေဟာ လူသားတွေ ကျင့်ကြံရင် အဓိပ္ပာယ် သိပ်မရှိလောက်တဲ့ဟာ။ ဒီမွန်းစတားလေးရဲ့ နားလည်နိုင်စွမ်းနဲ့ဆိုရင်တောင် သူက ဒီအရာတွေကို လေ့လာရလိမ့်အုံးမယ်…”
ဟင်္သာငှက်အဘိုးအိုသည် ခေါင်းစဉ်ပြောင်းရန် ခပ်သွက်သွက် ချောင်းဟန့်လိုက်၏။ သူက မျက်လုံးအပြူးသားဖြင့် ပြောလိုက်သည်။ “ကောင်းတယ်။ မင်းက ဒီလျှို့ဝှက်မန္တာန်ကို အခု သင်ယူနိုင်မှတော့ စမ်းသပ်မှုအတွက် ငါ့နောက်လိုက်ခဲ့တော့။ မင်း စမ်းသပ်မှု ပြီးမြောက်တာနဲ့ အရှင်စစ်မိုရှိသွားပြီး မင်းရဲ့ ခွန်အားကို ပြသချေ…”
ထိုသို့ပြောပြီးနောက် သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်၏။ သူတို့နှစ်ယောက်လုံးသည် ဆန်းကြယ်သိမ်မွေ့သောမီးအဖြစ်သို့ ပြောင်းလဲသွားလေ၏။ ထို့နောက် သူတို့သည် အနောက်မြောက်ထံသို့ ပျံသန်းသွားကြ၏။
ဝမ်လင်းသည် သိမ်မွေ့ဆန်းကြယ်သောမီးကို သေသေချာချာ ကြည့်၏။ သူသည် ကြိတ်၍ တုန်လှုပ်မိသွားသည်။
“ဒါက သိမ်မွေ့ဆန်းကြယ်မီးလား။ ဒါဟာ တစ်စက်လေးမှ မပူဘူး။ ဒါပေမဲ့ ငါ့စိတ်ဝိညာဉ်လောင်ကျွမ်းခံရသလို ပုံရိပ်ယောင်ကို ပေးစွမ်းနေတယ်…”
ဟင်္သာငှက်အဘိုးအို၏ ကျင့်ကြံမှုအဆင့်ဖြင့် သူသည် ဝမ်လင်းကို အနောက်မြောက်ဒေသရှိ ရွေးချယ်ပွဲဧရိယာအထက်သို့ ခေါ်ဆောင်လာလေ၏။ ခုချိန်၌ အကြီးအကဲနေရာအတွက် ကျင့်ကြံသူနှစ်ယောက် တိုက်ခိုက်နေကြသည်။
ထိုဧရိယာပတ်လည်တွင် သူတို့ကို လေ့လာစောင့်ကြည့်နေသော ကျင့်ကြံသူတစ်သောင်း ရှိလေ၏။ ကျင့်ကြံသူများ ချဉ်းကပ်မလာဝံ့သော တချို့နေရာများလည်း ရှိသည်။
ထိုနေရာများထဲမှ တစ်ခုမှာ အရှင်စစ်မိုနှင့် ဆရာသခင်ယွင်လောတို့ ရှိနေသောနေရာတည်း။
နောက်ထပ်နေရာတစ်ခုမှာ အဖေနှင့်သမီးတို့ ရှိနေပြီး ယင်းနေရာကို အပြာရောင်အလင်း ဖုံးလွှမ်းထားချေ၏။
တခြားနေရာတစ်ခုတွင်မူ လူတစ်ယောက်သာ ရှိ၏။ ထိုသူသည် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်ပင်။ သူသည် တိမ်စိုင်တစ်ခုပေါ်တွင် ပျင်းရိပျင်းတွဲ လှဲလျောင်းကာ အောက်ဘက်မှ တိုက်ခိုက်နေသော ကျင့်ကြံသူနှစ်ယောက်ကို ကြည့်နေသည်။ သူက သမ်းဝေလျက် မက်မွန်သီးတစ်လုံးကို ထုတ်ကာ တစ်ကိုက်ကိုက်လိုက်သည်။
နောက်ဆုံးနေရာတွင်မူ ဧရာမကင်းလိပ်ချောတစ်ကောင်သည် ခွေနေ၏။ ထိုသားရဲမှာ နက်မှောင်ပြီး လေထဲတွင် မြောလွင့်လျက် ကြမ်းကြုတ်ဟန် ပေါက်သည်။ ၎င်း၏ကျောပေါ်တွင်မူ တိရစ္ဆာန်အရေပြားကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက် ထိုင်နေသည်။
ထိုအဘိုးအို၏ မျက်နှာမှာ အဖုအပိတ်၊ချိုင့်ခွက်များဖြင့် ပြည့်နေ၏။ သူ့နားတစ်ဖက်စီတွင်လည်း လက်သီးစုပ်ခန့် နားကွင်းများ ရှိသည်။ သူ့နှုတ်ခမ်းနှစ်ခုကိုမူ အနီရောင်အပ်လေးခုဖြင့် ထိုးစိုက်ထား၏။ သူ၏ပါးစပ်ကို အပ်ဖြင့် ချိပ်ပိတ်ထားသည့်အလား။
ထိုအခိုက်အတန့်၌ သည်လူများ၏အမူအရာသည် ပြောင်းလဲသွားကာ သူတို့အားလုံးသည် အပေါ်သို့ မော့ကြည့်လိုက်ကြ၏။
***