အိပ်မက်လိုဘဝ
Vol. 106 Ch. 1457
“အပြာရောင်အမွှေးတိုင် စတင်မယ်…” ဟင်္သာငှက်အဘိုးအိုသည် သူ့လက်ကို ဝေ့ယမ်းလိုက်၏။ သူ၏အမူအရာမှာ လေးနက်လာ၏။ ဤအခိုက်တွင် သူ့ထံမှ နိုင်လိုမင်းထင်းလွှမ်းမိုးနိုင်သော ခံစားချက်နှင့်အတူ အစွမ်းထက်ခွန်အားတစ်ခု ထွက်ပေါ်လာချေပြီ။
သူ ပြောသမျှစကားသည် ဥပဒေသ ဖြစ်ရမည့်အလား။
တုန်ဟည်းသံများ ပဲ့တင်ထပ်လျက် ပေထောင်ချီထူထဲ၊ ပေသောင်းချီမြင့်မားသော အမွှေးတိုင်ကြီးသုံးခုသည် လိပ်ကြီး၏ကျောပေါ်တွင် ထွက်ပေါ်လာချေသည်။
ထိုအမွှေးတိုင်သုံးခုလုံးမှာ အပြာရင့်ရောင် ရှိပြီး မိုးထိမြင့်မား၏။ ဧရာမလိပ်ကြီးက စင်တစ်ခုအသွင် ပြောင်းလဲသွားသည့်အလား။ ၎င်း၏ကျောပေါ်ရှိ အမွှေးတိုင်ကြီးသုံးခု၏ မြင်ကွင်းကာ ထိတ်လန့်ဖွယ်ရာတည်း။
“အင်ပါယာငယ် စမ်းသပ်ချက်ဟာ အတော်လေး ရိုးရှင်းတယ်။ မင်းက လူသား၊ မြေကြီး၊ ကောင်းကင် ဆိုတဲ့ စိတ်ကူးယဉ်ကမ္ဘာသုံးခုထဲ ဝင်ရောက်မယ်။ အမွှေးတိုင်သုံးခုလုံးကို လင်းထင်း လောင်ကျွမ်းစေရမယ်။ ဒီစမ်းသပ်မှုမှာ အဓိကသော့ချက်နှစ်ခု ရှိတယ်…”
“ပထမတစ်ခုက အမွှေးတိုင်ကို လင်းထင်းစေဖို့ဟာ ခက်ခဲမယ်။ ဒုတိယတစ်ခုကတော့ အမွှေးတိုင်ကို လင်းစေပြီးတာနဲ့ ဒီအမွှေးတိုင်ဟာ ပေသောင်းချီရှည်တယ်ဆိုပေမယ့်လည်း ၎င်းရဲ့ လောင်ကျွမ်းမှုဟာလည်း မြန်လွန်းမှာ ဖြစ်တယ်။ ဒီလောင်ကျွမ်းမှုကို အရှိန်လျော့သွားအောင် မင်းတတ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်ရမယ်။ ဒါမှ မင်းရဲ့ စိတ်ဝိညာဉ်ဟာ စိတ်ကူးကမ္ဘာထဲကနေ ထွက်ခွာနိုင်ပြီး မင်းရဲ့ ခန္ဓာကိုယ်ထဲ ပြန်ဝင်ရောက်နိုင်မှာ…”
ဟင်္သာငှက်အဘိုးအို၏အမူအရာသည် အလွန်အလေးအနက် ဖြစ်လာ၏။ သူက ဝမ်လင်းကို ကြည့်သည်။
“စမ်းသပ်မှုတိုင်းမှာ အန္တရာယ်ဆိုတာ ရှိတယ်။ ငါ့ပြိုလဲကုန်းမြေရဲ့ အင်ပါယာငယ်စမ်းသပ်မှုဟာလည်း တူတူပဲ။ မင်း ဒါကို မီးမညှိနိုင်ဘူးဆိုရင် ဘာအကျိုးဆက်မှ ဖြစ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းက ဒါကို မီးညှိနိုင်တယ်ဆိုရင်တော့ မင်းသာ ထွက်မလာနိုင်ခဲ့ရင် မင်းရဲ့ စိတ်ဝိညာဉ်ဟာ ဒီအမွှေးတိုင်နဲ့အတူ သေဆုံးတဲ့အထိ လောင်ကျွမ်းခံရမှာ ဖြစ်တယ်။ ဒီအဘိုးအို ဒီမှာ ရှိနေတဲ့အတွက် မင်း အမှန်တကယ် မသေဘူးဆိုရင်တောင် အဲ့လိုသာ ဖြစ်လာခဲ့ရင် မင်းဟာ ဒီအဘိုးအိုကို စိတ်ပျက်သွားစေလိမ့်မယ်..."
“ရှေးဟောင်းအချိန်တွေထဲက လူနှစ်ယောက်သာ ဒါကို အောင်မြင်ခဲ့တယ်။ ဒီအဘိုးအိုကတော့ ပထမဆုံးပဲ။ မင်းမတိုင်ခင်က နောက်ထပ် တစ်ယောက် ရှိသေးတယ်။ ဒီလူကတော့ အတော့်ကို ပါရမီရှိတာ။ သူဟာ ပထမအမွှေးတိုင်ကို အသက်ရှုစာငါးကြိမ်အတွင်း စလောင်ကျွမ်းစေနိုင်ခဲ့ပြီး ဒုတိယအမွှေးတိုင်ကို ကိုးကြိမ်အတွင်း၊ တတိယတစ်ခုကိုတော့ ဆယ့်လေးကြိမ်မှာ လောင်ကျွမ်းအောင် လုပ်နိုင်ခဲ့တယ်။ ဒီအဘိုးအိုတောင် သူနဲ့ ယှဉ်ရင် ညံ့ဖျင်းသွားသေးတယ်…”
“မင်းကြိုးစား ကြည့်ရဲလား…။ ဖြေပါ…” အဘိုးအိုသည် ဝမ်လင်းကို တောက်ပစွာ ကြည့်နေ၏။
ဝမ်လင်းသည် တည်ငြိမ်လျက်ပင်။ သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ငါက ဘာကြောင့် မကြိုးစားကြည့်ရဲရမှာလဲ…”
“ကောင်းပြီ။ မင်းက တတိယအကြိမ်မြောက် ငါ့ကို အံ့အားသင့်စေဖို့ မျှော်လင့်ထား တယ်…” ဟင်္သာငှက်အဘိုးအိုသည် ရယ်မောကာ သူ့ညာလက်ကို ဝေ့ယမ်းလိုက်၏။ လေပြင်းတစ်ခုက ဝမ်လင်းကို ဝန်းရံကာ သူ့အား ပထမဆုံးအမွှေးတိုင်ထံသို့ လျှပ်စီးတန်းအလား ရွှေ့လျားသွားစေသည်။
အရှင်စစ်မို၏မျက်လုံးထဲတွင် ဖုန်းကွယ်ဝှက်ထားသော ရက်စက်လိုသည့်အကြည့်တစ်ခု ရှိနေ၏။ သူ့မျက်နှာမှာ ခရမ်းညိုရောင် ဖြစ်နေဆဲပင်။ သူသည် စောနက ရခဲ့သော ဒဏ်ရာကို အချိန်တိုအတွင်း ပြန်ကုစားနိုင်ခြင်း မရှိသေးပေ။ တကယ်တော့ ဟင်္သာငှက်အဘိုးအို၏ အနိုင်ကျင့်မှုကား သူ့ကို အရှက်ရစေရန် ရည်ရွယ်၍ ဖြစ်၏။
ခုချိန်တွင် အရှင်စစ်မိုသည် အစောကလောက် မမောက်ဝံ့တော့ပေ။ သို့သော် ဝမ်လင်းအပေါ် သူ့သတ်ဖြတ်လိုစိတ်ကမူ ပို၍ အားကောင်းလာခဲ့၏။
အရှင်စစ်မိုသည် အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။ “အုပ်စိုးသူကောင်စီဟာ ဒီပြိုလဲကုန်းမြေရဲ့ စမ်းသပ်မှုကို နက်နက်နဲနဲ လေ့လာခဲ့ပြီးပြီး။ ဒီခွေးကောင်လေးဟာ သူ့ရဲ့ကျင့်ကြံမှုအဆင့်နဲ့ ဒီစမ်းသပ်မှုကို အောင်မြင်နိုင်မှာ မဟုတ်ဘူး…”
သူ့ဘေးရှိ ဆရာသခင်ယွင်လောမှာလည်း သုန်မှုန်နေ၏။ သူမက တစ်ခုခုကို အာရုံခံကြိုမြင်အောင် ကြိုးစားနေသည့်အလား သူမ၏လက်ဖြင့် ချိပ်ဟန်အချို့ကို ဖြစ်စေလိုက်၏။ သို့သော် သူမ၏အကြည့်ကမူ တာအိုသခင်မြောင်ယင်ထံသို့ ဝေ့ခတ်ကျရောက်သွားသည်။
တာအိုသခင်မြောင်ယင်မှာ တိမ်စိုင်တစ်ခုပေါ်တွင် လဲလျောင်းနေလျက် သူ့မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်နေ၏။
“ဒီကောင်လေးဟာ တာအိုပညာရှင်ရေ သတင်းပို့ပေးခဲ့တဲ့ ဝမ်လင်းဆိုတဲ့သူ ဖြစ်ရမယ်။ ချိပ်ပိတ်နယ်မြေရဲ့ အရှင်သခင်ဟာလည်း မသေသေးဘူးတဲ့။ ဒီတာအိုပညာရှင်ရေကတော့ လိမ်ပြောဝံ့မှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါ ဒီကိစ္စနဲ့ ပတ်သတ်လို့ ဂရုစိုက်ရမယ်။ ငါ နောက်ဆုံးအကြိမ်ကျမှ လှုပ်ရှားမယ်။ ဘာလို့လဲဆိုတော့ အုပ်စိုးသူဟာ ငါ့ကို အကျိုးအမြတ်အများကြီး ပေးထားခဲ့လို့ပဲ။ ဒါပေမဲ့ သူတို့က ငါ့ကို လှုပ်ရှားစေချင်ရင် အုပ်စိုးသူကောင်စီက ဘယ်လိုသင့်တော်တဲ့ အကျိုးအမြတ်ကို ပေးချင်လဲအပေါ်တော့ မူတည်လိမ့်မယ်…”
တာအိုသခင်အိပ်မက်ပြာကမူ ဝမ်လင်းကို တည်ငြိမ်စွာ ကြည့်၏။ သူသည် စိတ်ထဲကနေ သက်ပြင်းချနေမိသည်။
“ဒီလောက်အချိန်တိုလေးအတွင်းမှာ ဒီကောင်လေးဟာ ပြန့်ကျဲမိုးကြိုးကလန်ကို ဖျက်စီးပစ်နိုင်စွမ်း ရှိခဲ့တဲ့အပြင် ပြိုလဲကုန်းမြေနဲ့လည်း နက်ရှိုင်းတဲ့ဆက်ဆံရေးတစ်ခု ရှိလာခဲ့ပြီ။ ငါ သူ့ကို တကယ်ပဲ လျှော့တွက်ခဲ့မိတာပဲ။ သခင်ငါးပါးထဲက တစ်ယောက်အနေနဲ့ ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းကို စောင့်ရှောက်ဖို့ ငါ့မှာ တာဝန်ရှိတယ်။ ဒါပေမဲ့ သူနဲ့ ယွဲ့အာကြားက ကိစ္စက ရှိသေးတယ်…”
တာအိုသခင်အိပ်မက်ပြာသည် သူ့သမီးကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်၏။
“ငါဟာ အုပ်စိုးသူကောင်စီကိုလည်း လစ်လျူရှုထားနိုင်တယ်။ အုပ်စိုးသူကိုယ်တိုင် တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာခဲ့ရင်တောင် ငါ ငြင်းဆိုနိုင်သေးတယ်။ ဒါပေမဲ့…မန်အာ ဖြစ်နေခဲ့ရင်ရော…။ ငါ ဘာလုပ်ရမလဲ…” သူ့ဇနီးအကြောင်း တွေးမိလိုက်သည့်အခါ တာအိုသခင်အိပ်မက်ပြာသည် သူ့စိတ်နှလုံးသား တင်းကြပ်သွားသလို ခံစားရ၏။ သူသည် သူ့ဇနီး သေဆုံးသွားသလို တစိမ်းတစ်ယောက် ဖြစ်သွားသည့် နှစ်ကို ဘယ်တော့မှ မေ့နိုင်လိမ့်မည် မဟုတ်ပေ။
သားရဲအရေပြားကို ဝတ်ဆင်ထားသော အဘိုးအိုကမူ မျက်လုံးမှိတ်ထားလျက်သာ ရှိ၏။ သူသည် အရာအားလုံးကို လစ်လျူရှုထားသည်။
သူ့အောက်ရှိ ဧရာမကင်းလိပ်ချောကြီးကလည်း လေပူစီးကြောင်းနှစ်ခုကို နှာမှုတ်ထုတ်လိုက်ပြီး ၎င်း၏အေးစက်စက်မျက်လုံးကို မှိတ်လိုက်၏။
ဧရာမလိပ်ကြီးပတ်လည်ရှိ ကျင့်ကြံသူတစ်ထောင်သည် ဝမ်လင်း ပထမဆုံးအမွှေးတိုင်နား ရောက်သွားသည်ကို စောင့်ကြည့်နေကြရင်း သူတို့၏စိတ်ထဲတွင် အတွေးအမျိုးမျိုး ဖြစ်ပေါ်နေကြသည်။
“ဟက်။ ဒီလူဟာ ကံကောင်းလို့ ပထမအင်ပါယာငယ်ရဲ့ သဘောကျတာကို ခံရတာ။ ဒါပေမဲ့ စမ်းသပ်မှုဟာ ခက်ခဲလွန်းတယ်။ သူ မအောင်မြင်နိုင်ဘူးဆိုတာ ငါ သေချာတယ်…”
“ပြိုလဲကုန်းမြေရဲ့ ပထမဆုံးအကြီးအကဲတောင် သူ့ရဲ့ ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့်နဲ့ ဒီအင်ပါယာငယ်ရာထူးကို ရဖို့ ကြိုးစားရဲမှာ မဟုတ်ဘူး။ ဒီလူဟာ မဟာအင်ပါယာနဲ့ ပထမအင်ပါယာငယ်တို့ရဲ့ မျက်နှာသာပေးတာ ခံရပေမယ့်လို့ သူ အောင်မြင်နိုင်ဖို့ အကြောင်း မရှိဘူး..."
ဝမ်လင်းသည် သည်ရွေးချယ်ပွဲဧရိယာပတ်လည်ရှိ ကျင့်ကြံသူတစ်သောင်း၏ အကြည့်အောက်တွင် ပထမဆုံးအမွှေးတိုင်ဘေးနားသို့ ရောက်သွားပြီး လိပ်ခွံပေါ်သို့ ခြေချလိုက်သည်။ အမွှေးတိုင်ကြီးနှင့် ယှဉ်လိုက်ပါက ဝမ်လင်း၏ပုံရိပ်သည် ပမွှားဖြစ်သွားချေသည်။
ထိုဧရာမအမွှေးတိုင်ကြီးသည် တောင်ကြီးတစ်ခုနှင့် တူလေ၏။ ၎င်းသည် ခပ်ဖျော့ဖျော့ မွှေးရနံ့ကို ထုတ်လွှတ်နေချေသည်။
ဝမ်လင်းက အသက်ဝဝရှုသွင်းကာ သူ့ညာလက်ကို ၎င်းအမွှေးတိုင်ကြီးပေါ်သို့ တင်လိုက်၏။ သူ အမွှေးတိုင်ကို ထိလိုက်သည်နှင့် မျက်လုံးမှိတ်သွားပြီး သူ၏ခန္ဓာကိုယ်သည် မလှုပ်မယှက် ဖြစ်သွားသည်။ သူ့စိတ်ဝိညာဉ်သည် ထိုအမွှေးတိုင်အတွင်းသို့ ဝင်ရောက်သွားသည်။
ပထမဆုံးစမ်းသပ်မှု၊ လူသားစိတ်ကူးလောက။
ကောင်းကင်သည် ပြာကြည်လျက် လှပသောပန်းချီကားတစ်ခုနှယ်။ ကောင်းကင်ထက်တွင် အဖြူရောင်တိမ်စိုင်များက ရစ်သိုင်းလျက်။
ဝမ်လင်းသည် တံတားတစ်ခုပေါ်တွင် ရပ်နေ၏။ သူ့အောက်ဘက်တွင် စီးဆင်းနေသောမြစ်တစ်စင်း ရှိသည်။ မြစ်ရေပြင်တွင် စုန်ချည်ဆန်ချည် သွားနေသော လှေအချို့ ရှိသည်။ တံတား၏ ဘေးတစ်ဖက်တစ်ချက်စီတွင် နယ်ခံများနှင့် ပြည့်နှက်နေသော ဆူသံညံသံအပြည့် လမ်းများ ရှိလေ၏။ သို့သော် ထိုသူတို့၏မျက်နှာကို မြင်ရဖို့မှာ မဖြစ်နိုင်ပေ။
ဝမ်လင်းသည် သူ့အကြည့်ကို ကောင်းကင်ထက်မှ ရုတ်သိမ်းလိုက်၏။ သူက အိပ်မက်ကမ္ဘာတစ်ခုသို့ ဝင်လာသည်ဟု ခံစားမိလိုက်သည်။ အရာအားလုံးသည် စစ်မှန်မှုမရှိဘဲ အတုအယောင်အလား။
သူ့အမြင်၌ တံတားသည်ပင် ဝေဝေဝါးဝါးသာ။ အချိန်မရွေး ပျောက်ကွယ်သွားမည့်အလား။ သူကိုယ်တိုင်ကလွဲ၍ ဤလောကရှိ အရာအားလုံးသည် အစစ်အမှန် မဟုတ်နေချေ။
သေမျိုးမြို့တစ်မြို့ ရှိလေ၏။ ထိုမြို့သည် မကြီးလွန်း။ သို့သော် လူများစွာ နေထိုင်ကြသည်။ ဆိုင်များလမ်း လမ်းတစ်လျှောက် စည်စည်ကားကား ရှိသည်။ လူများ၏ အသံဗလံတို့က အဆက်မပြတ်ချေ။
သို့ပေမည့် ထိုအရာများအားလုံးသည် ဝေဝါးလျက်သာ။ သူနှင့် မဆိုင်သည့်အလား။ “ဒါက ပထမဆုံးစမ်းသပ်မှုလား…” ဝမ်လင်းသည် စဉ်းစားနေ၏။ ထို့နောက် သူသည် နောက်လှည့်၍ တံတားပေါ်တွင် လျှောက်လိုက်ကာ ရုတ်တရက် မြစ်ရေပြင်ထံသို့ ကြည့်လိုက်၏။
မြစ်ထဲ၌ ကြီးမားသောလှေတစ်စင်းကား မျောနေ၏။ ထိုလှေပေါ်တွင် လူငယ်တစ်ယောက်ရှိကာ သူ့လက်ထဲတွင်လည်း အရက်ခွက်တစ်ခွက် ကိုင်ထားသည်။ လှေဦးပိုင်းတွင် ကပြသီဆိုနေသော အမျိုးသမီးအချို့လည်း ရှိ၏။ သူ့နောက်တွင်လည်း ရပ်နေသော အစေခံအချို့လည်း ရှိသည်။
ထိုစဉ် လူငယ်၏ မာန်အပြည့် စကားလုံးများ ထွက်ပေါ်လာ၏။ “
လောကဟာ သက်ရှိအားလုံး နားခိုရာသာ။ အချိန်ဟာ ခေတ်တွေရဲ့ ဧည့်သည်။ သေခြင်းရှင်ခြင်းကြား ကွာဟာမှုဟာ အိပ်မက်တစ်ခုကနေ နိုးထလာသလိုနဲ့ ဆင်တူလှတယ်…”
ထိုလူငယ်သည် အရက်ခွက်ကို ကိုင်ကာ တစ်ငုံသောက်၏။ ဝမ်လင်း သည်နေရာသို့ ရောက်လာခဲ့ပြီးသည့်နောက် သူကိုယ်တိုင်ကလွဲ၍ အရာအားလုံးမှာ ဝေဝေဝါးဝါးသာ။ သို့ပေမည့် ဤအခိုက်အတန့်တွင် လူငယ်၏ပုံပန်းသွင်ပြင်သည် ပို၍ ကြည်လင်လာခဲ့သည်။
ထိုအဖြစ်က ဝမ်လင်းက တဒင်္ဂ မင်သက်သွားစေ၏။ သူ့စိတ်သည် နှစ်ပိုင်းကွဲသွားသည့်အလား တုန်ဟည်းသွားချေသည်။ လှေပေါ်ရှိ လူငယ်၏ ရုပ်ပိုင်းအသွင်မှာ အလွန်တူ၏။ သူနှင့် အလွန်တူလေ၏။
***